စက်တင်ဘာလရဲ့ အိုက်စက်တဲ့ ညတစ်ညမှာ သူ့ကိုကျနော်တွေ့ရှိခဲ့တာပါ။ ပူလောင်နေတဲ့ အိမ်ရဲ့ အပြင်ဘက်ကို ကျနော်ဂရုမစိုက်နိုင်တော့ဘူး။ တကယ်ပါ အငမ်းမရ သူ့ကိုစိုက်ကြည့်နေမိတာကိုး။ သူ့ကိုနာမည်သာ ကြားဖူးခဲ့တာ တစ်ခါမှ မဆုံဖြစ်ခဲ့ဘူးလေ။ ရင်ဆိုင်အတွေ့မှာ ဖင်ထိုင်မေ့ခဲ့တယ်ဆိုပါတော့….အစောပိုင်းက ပို့စ်တွေမှာ ရေးခဲ့သလို woodland အိမ်ကိုပြောင်းရခြင်း အဓိကအချက်က စာအုပ်စင်။ စာအုပ်စင်ထဲက စာအုပ်တွေထဲမှာ ခင်ခင်ထူးရဲ့ အညာသူအညာသားဆွေမျိုးများ၊ နုနုရည်အင်းဝ ၂၈နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်အကြောင်း၊ အဏ္ဏ၀ါစိုးမိုးရဲ့ ပင်လယ်ပျော်တွေအကြောင်း စတာတွေကို ဒီစာအုပ်စင်က မိတ်ဆက်ပေးခဲ့တာတွေပါ။
သူ့ကိုလည်း အဲ့ဒီအောက်ဖက်ချောင်လေးထဲက ရှာတွေ့ခဲ့တာ။ ပြီးတော့ သူက clone လေးတစ်ယောက်ပဲ။ စိမ်းဝါရောင်လေးထဲမှာ သူ့ပုံလေးက အတိုင်းသား ထင်းလို့။ သူ့အကြောင်းကို ကျနော်သိခဲ့တာ နည်းနည်းလေးပဲ။ သိတယ်ဆိုရုံလောက်လေးပဲ။ ညံ့လိုက်တာများဗျာ။ တကယ်ဆို ဒီ့ထက်ပိုပြီး သိသင့်တယ်။ မြင်ဖူးတယ်ဆိုတာလည်း အိမ်အပေါ်ထပ် ထုပ်တန်းမှာ ခန့်ခန့်ကြီး ချိတ်ထားတဲ့ ဓါတ်ပုံတစ်ခုထက်မပို။
ကျနော်တွေ့ရှိခဲ့တဲ့ ကျနော်မသိသော သူ့အကြောင်းကတော့…
၁။မေးမြန်းစူးစမ်းတတ်ခြင်း
မိုးတွင်း ဆောင်းတွင်းဟု ခေါ်ကြသော်လည်း နွေရာသီကို အဘယ့်ကြောင့် နွေတွင်းဟု မခေါ်ကြသလဲ၊ ညီအစ်ကိုဝမ်းကွဲရှိသော်လည်း ဘာကြောင့် လင်မယားတစ်ဝမ်းကွဲမရှိသလဲ စသည့်မေးခွန်းများကို ငယ်ဘ၀ထဲက စဉ်းစားတွေးတော မေးမြန်းတတ်သည်။
၂။ ထူးချွန်ထက်မြက်ခြင်း
အတန်းတိုင်းတွင် ပထမရရှိခဲ့သူတစ်ဦး။ စကောလားရှစ်အပြင် ဦးရွှေခိုဆုကိုလည်း ချီးမြှင့်ခံရခဲ့သည်မှာ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်မှန်းသိသာထင်ရှားနေပါသည်။ ဘီအယ်လ် (ဥပဒေပညာ) ပထမနှစ်တွင် ကျောင်းသားကိစ္စ နိုင်ငံရေးကိစ္စ အချိန်ပြည့်ဆောင်ရွက်နေသဖြင့် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် စာမေးပွဲကျရှုံးဖူးခဲ့သည်။
၃။လေ့လာမှတ်သားဥာဏ်ကြီးခြင်း
အင်္ဂလိပ်ပါလီမန်မှ ထင်ရှားကျော်ကြားသူများ၏ မိန့်ခွန်းများကို အလွတ်ရသည်အထိ လေးနှစ်အတွင်း ဖတ်ပြီး မှတ်သားထားနိုင်သည်။ ထို့နောက်ထိရောက်စွာ အသုံးချခဲ့သည်။
၎။ ခြိုးခြံချွေတာနိုင်ခြင်း
အစားအစာ မစားပဲ နေနိုင်သည်၊ ဖြစ်သလိုနေထိုင်တတ်သည်၊ စောဒကတက်ခြင်း အလျဉ်းမရှိခဲ့သူဖြစ်သည်။ သူမတူအောင် ခြိုးခြံချွေတာပြီး သည်းခံနိုင်စွမ်းကြီးသူဖြစ်ပါသည်။
၅။ ရဲဝံ့စွန့်စားသူတစ်ယောက်ဖြစ်ခြင်း
ပန်းတိုင်အတွက် အသက်ပေးထားပြီး ဖြစ်သည့်အားလျော်စွာ သတ္တိအပြည့်ဖြင့် ရဲဝံ့စွာ တိုက်ပွဲဝင်သူတစ်ဦးအသေအချာပင် ဖြစ်ပါသည်။ ဘီအိုင်အေ အုပ်ချုပ်မှုလွှဲပြောင်းရေးနှင့် စပ်လျဉ်း၍ ဗိုလ်မိုးကြိုးနှင့် အချေအတင်စကားပြောကြရာ ဗိုလ်မိုးကြိုး ကဓါးကိုဆွဲလျှင် သူကလည်း ဓါးရိုးကိုင်၍ အဆင်သင့်ဖြစ်ကြောင်း သတ္တိပြောင်ခဲ့ခြင်း။ ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲတွင် သရက်ခရိုင်မင်းတုန်းနယ်တွင် ရှေ့တန်းတက်၍ မကြောက်မရွံ့ စီမံခန့်ခွဲခဲ့ခြင်း။
၆။ လူမျိုးမရွေးဘာသာမရွေးစည်းရုံးနိုင်သော သံတမန်ကောင်းဖြစ်ခြင်း
ထူးခြားသော အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။ ကရင်-ဗမာ၊ ကချင်-ဗမာ၊ ရှမ်းတောင်တန်း-ဗမာ ဆက်ဆံရေးအတွက် တကယ့် တံတားကြီးတစ်စင်းဖြစ်ခဲ့ပါသည်။ နောက်ထပ် သူလိုလူ တစ်ယောက် မရှိနိုင်တော့ပါ။
၇။ ရာထူးစည်းစိမ်မမက်မောခြင်း
ဘုရင်ခံက လိုချင်သောရာထူးပေးပါမည်ဆိုသည်ကိုတောင် ပန်းတိုင်ကိုမြဲမြဲစွဲကိုင်လျက် ငြင်းပယ်ခဲ့သူတစ်ဦးဖြစ်ပါသည်။
၈။ ပြတ်သားသူတစ်ယောက်ဖြစ်ခြင်း
အရာရာကိုပြတ်သားစွာ ဆုံးဖြတ်နိုင်သူဖြစ်ပါသည်။ “ယခုလို ကျွန်တော်အကြံပေးတာကိုမှ သဘောမတူပဲ အင်္ဂလိပ်လက်အောက်မှာ နေချင်သေးတယ်၊ သူတို့ပြုသမျှဘဲ ခံချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ သဘောအတိုင်းဘဲ။ သို့သော်နောင်ကို ကျွန်တော်တို့အဆိုးမဆိုပါနဲ့။ ကျွန်တော်တို့က နယ်ချဲ့သမားများကို အပြင်းအထန်ချရတော့မှာ ဖြစ်လို့ နယ်ချဲ့သမားနဲ့ပူးနေတဲ့ လူများကိုလည်း ချမှာဘဲ” စသဖြင့် ရှင်းလင်းစွာ ဝေဖန်ပိုင်းခြားပေးနိုင်သူတစ်ဦးပင်။
၉။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခြင်း
“ခေါင်းဆောင်လုပ်တဲ့သူလူတွေဟာ နောက်လိုက် လူတွေထက် ပိုပြီး အမြင်ကျယ်ရမယ်။ ခေါင်းဆောင်ဟာ ဟိုလူပြောဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ ယောင်ချာချာလုပ်နေရင် ခေါင်းဆောင်မဟုတ်ဖူး။ ခေါင်းဆောင်လုပ်တဲ့သူဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်၊ ရှင်းပြနိုင်ရမယ်၊ အသက်စွန့်သင့်တဲ့ နေရာမှာ စွန့်ရဲရမယ်။ ပရိယာယ်သုံးသင့်တဲ့နေရာမှာ သုံးရမယ်။ အချိန်အခါကိုလိုက်ပြီးလုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ် အမောင်တောင်မှန်းမြောက်မှန်း မသိဆိုရင် ခေါင်းဆောင်မဟုတ်ဖူး။”
အထက်ပါမိန့်ခွန်းကိုကြည့်ရင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မဖြစ်ဆိုတာ စီစစ်စရာလိုမယ်မထင်။
စသည်စသည်ဖြင့် သူ့ကိုကျနော်တွေ့မြင်ခဲ့ရပါသည်။ သူ့အကြောင်းကိုသိလျင်သိခြင်း ကြက်သီးမွေးညှင်းထသည်အထိ တုန်လှုပ်မိသည်။ ဓါတ်ပုံကိုကြည့်ပြီးမြင်ယောင်သည်။ လက်တွေ့များ မြင်ဖူးတွေ့ဖူးလျှင် မည်မျှနေမည်မသိ။
သူသည် ကျနော်တို့အတွက် မီးရှူးတန်ဆောင်တစ်ခုပင်။ ဟုန်းခနဲတောက်သော ကောက်ရိုးမီးများလို မဟုတ်။
ထာဝရလင်းနေသည်။ အမြဲလင်းနေသည်။ ထိန်ထိန်ညီးလင်းနေသည်။
ဘယ်တော့မှ မမေ့နိုင်၍ ယနေ့တိုင်လင်းလျက် ထာဝစဉ်လင်းနေမည့် မီးရှူးတိုင်ပင်ဖြစ်ပါတော့သည်။
ကိုးကား - အောင်သန်း၏ အောင်ဆန်း