Showing posts with label ပေးစာ. Show all posts
Showing posts with label ပေးစာ. Show all posts

11 October 2010

မိနီ နေမကောင်းသည့်အကြောင်း အမေသိစေလိုသည်

မနေ့က အမေနဲ့ဖုန်းပြောဖြစ်သည်။ သားကို လာရောက်ပြုစုလိုသောအမေ့ဆန္ဒကို နားလည်လက်ခံပါသည်။ သို့သော် လက်ရှိရပ်တည်မှုတခုဖြင့် ခေါင်းငြိမ့်ချရန်လည်း မလွယ်။ အဆိုပါအဖြစ်အပျက်သည် အဖေ့ထံ ရောက်သွားသောအခါ တော့သားက ကျုပ်ကို မခေါ်ချင်ဘူးတော့ ဆိုတာနဲ့ အဆုံးသတ်သွားသည်။ သူက ပုဒ်မနှစ်ချောင်းကို အလွယ်တကူ ချသွားသော်လည်း ကျနော့နားစည်တွင်တော့ စည်ကွဲမတတ် ကျန်နေရစ်ပါသည်..

ယနေ့ သူငယ်ချင်းအိမ်ကို ပုံမှန် တနင်္ဂနွေ စိတ်ကျောင်းထွက်နေကြအတိုင်း သွားဖြစ်သည်။ ပြီးခဲ့တဲ့ တနင်္ဂနွေက သွားသောအခါ အံ့သြစရာနဲ့ ကြုံခဲ့ပါသည်။ အံ့သြစရာဆိုတာက မိနီ (Minnie)။ တံခါးအဝင်ဝမှာ ခုန်ပေါက်ပြေးလွှားရင်း မြူးထူးနေသော မိနီ။ ချစ်စရာမိနီပါတကား။ ချွဲတတ်သည် မြူတတ်သည် ကလူတတ်သည်။ သူ့ကို စမည့် ကစားမည့်သူများ ဆိုပါက ပက်လက်ကလေးလှန်ပေးပြီး မျက်လုံးလေး ပေကလပ်ပေကလပ် ကြည့်တတ်ပေသည်။ သူနှင့် ဆော့မည်ဆိုရင်လည်း တောင်ခုန်မြောက်ခုန်နဲ့ တကယ့် ပီဘိ သမီးငယ်လေးတယောက်လို တီတီတာတာ လုပ်တတ်ပေသည့် မရွှေမိနီ။ ကိုယ်လုံးက ကစ်တုတ်နေပြီး ခြေချောင်းတိုများဖြင့် ဖွဲ့စည်းထားသော မိနီအလှ။

ဒီတပတ် တံခါးဖွင့်မယ်ပြင်တော့ မိနီက လာနှုတ်ဆက်ခြင်းမရှိ။ ဟယ် ဒီခလေး ဘယ်များ ပြေးလွှားနေပါလိမ့် စိတ်ထဲစွဲမိသည်။ အင်း လမ်းလျှောက် အောက်ဖက်ဆင်းတာလည်း ဖြစ်နိုင်မည်ဟု ယူဆလိုက်သေးသည်။

သူငယ်ချင်းနဲ့တွေ့တော့ မိနီ နေမကောင်းသည့် သတင်းကြားပြီးပြီလား ဟုဆိုလာသည်။ ဟေ ဟိုရက်က ငါနဲ့ဆော့နေတာ အကောင်းပါ မိနီဘာဖြစ်တာလဲလို့ အံအားတသင့်နဲ့ မေးမိပြန်သည်။ မိနီနေမကောင်းလို့ ဆေးခန်းသွားပြတာ ဗိုက်ထဲက တခုခုဖြစ်တယ်လို့ ပြောလိုက်တယ်ဟု ပြန်ပြောသည်။ မိနီဆေးရုံ တက်ရမည်တဲ့လေ။ ယနေ့ မိနီ ဆေးခန်းပြစရိတ် ငါးရာကျော်ကျတယ်လို့လည်း တခုတ်တရပြောလာသည်။ ခွဲမယ်စိတ်မယ်ဆိုရင် ဒီ့ထက်ပိုကုန်ကျမယ်လို့လည်း ဆရာဝန်က ကြိုအသိပေးလိုက်ပါသည်တဲ့။

တကယ်က မိနီက အဲ့ဒီအိမ်မှာ ဧည့်သည်။ သူ့အရှင်တွေ ခရီးသွားလို့ ခဏထားခဲ့တာလို့ဆိုတယ်။ အရင်အခေါက်တွေကလည်း မိနီက လာနေကြတဲ့။ ဒီ့အရင်က မိနီနဲ့ ကျနော်မဆုံဖြစ်တာနေမှာပါ။ အခုက အရှင်တွေလည်း မရှိဆိုတော့ မိနီကို ထိန်းသိမ်းစောင့်ရှောက်သူတွေက အရင်စိုက်ပြီး ကုသပေးထားသည်တဲ့။

မိနီကို ဆေးရုံတင်လိုက်ရသည်။ ဆေးရုံတင်စရိတ် တရက်ကို တထောင်ကျော်။ ယနေ့နဲ့ဆို သုံးရက်ရှိသွားပြီတဲ့။ မိနီလေး ပထမအကြိမ်ဆေးကုသမှုခံယူအပြီးမှာ ဗိုက်ကြီးကယ်လာပြီး အခြေအနေမကောင်းပါတဲ့။ အခု ကျောက်ကပ်တွေ အလုပ်မလုပ်တော့လို့ ဆရာဝန်က ပြောလာခဲ့ပြီ။ ခွဲစိတ်မယ်ဆို တစ်သောင်းကျော်ကျော်ကုန်မယ်လို့လည်း ပြောလာခဲ့ပြီ။ ပြန်ကောင်းလာဖို့လည်း အာမ မခံသေး။

မိနီအရှင်တွေကို ဆက်သွယ်လို့လည်း မရသေး။ ဆေးဆက်ကုရမလား ဒါမှ မဟုတ် ဆရာဝန်တွေပြောသလို မိနီလေး ခံစားမှုကနေ ကင်းဝေးဖို့ ဆေးပဲထိုးလိုက်ရမလား ခေတ္တအုပ်ထိန်းသူတွေမှာလည်း ဆုံးဖြတ်ရခက်နေပြန်သည်။ ကုန်ပြီးငွေသုံးထောင့်ငါးရာအပြင် နောက်ထပ် မည်မျှ ထပ်လိုက်ရမည်ကိုလည်း ဘယ်သူမှ အတပ်မပြောနိုင်။

မိနီလေးရဲ့ အရှင်တွေကို ဖုန်းလိုက်ဆက်သော်လည်း ဆက်သွယ်မှု ပြင်ပကိုရောက်နေပြန်သည်။ မေးလ်ပို့တော့လည်း မေးဖွင့်စစ်ဟန်မတူ။ မိနီလေးကို ဘယ်လိုလုပ်ရမလဲ…

မိနီလေးသည် မိနီလေးသာ ဖြစ်ပါသည်။ မိနီလေးကိုမွေးမြူထားသူတွေ အတွက် မိသားစုဝင်တဦးအဖြစ်လည်း အလေးအနက်ဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ခေတ္တအုပ်ထိန်းသူတွေက မိနီလေးအတွက်ဆုံးဖြတ်ဖို့ ဆုပ်လည်းစူး စားလည်းရူးဖြစ်နေပြန်ပါသည်။

ကျနော့အမေသည် ကျန်းမာရေးမကောင်းပါ။ မွေးရာပါ နှလုံးရောဂါ ရှိပြီး၊ မျိုးရိုးအမွေ သွေးတိုး နှင့် နောက်ဆုံးပေါ် ဆီးချိုတို့ကို ရတနာတိုက်တခုလို တရှိုက်မက်မက် မွေးမြူထားရသူသာ ဖြစ်ပါသည်။ ထိုအထဲကမှ ခေါင်းနာ သွားနာ မျက်စိနာတို့သည်လည်း မကြာမကြာ ဖြစ်တတ်၍ အနာရောဂါဟူသမျှတို့ကို သူမှမစလျှင် မည်သူမျှ မပေါက်ရအောင်အထိ ဆုတောင်းကောင်းသူ တယောက်ဖြစ်ပါသည်။ ဆေးရုံဆေးခန်းများမှာ သူနဲ့ အကျွမ်းတဝင်ရှိလွန်းလှပါသည်။ ဆရာဝန်အားလုံးနှင့်ရင်းနှီးပြီး တိုကင်ယူစရာမလိုပဲ ဆေးခန်းထဲ တိုက်ရိုက်ဝင်သွားနိုင်သည့် လက်မှတ် ရရှိထားသူလည်း ဖြစ်ပါသည်။

သို့ဖြစ်ရာ အထက်ပါ မိနီလေး နေမကောင်းသည့် အဖြစ်အပျက်တို့ကို သားကိုကျွေးမွေးပြုစုလိုသော စိတ်ဖြင့် ခြောက်လ တနှစ်လာနေမည်တကဲကဲ ဖြစ်နေသော ကျနော့မွေးသမိခင် ကျေးဇူးရှင်အား သိစေလိုပါသည်…………….အမေ့ကို သားချစ်ပါသည်။

26 February 2010

အတိုင်းမသိ

အတိုင်းမသိရယ်မို့
မှုန်မှိုင်းလို့နက်ရောင်ခြယ်
လျှပ်ရောင်တစ်ချက်ပေးရင်
ငိုဆွေးလို့ပူမိတယ်
အရေးဆို အတွေးပို
ဒီအကျင့်တွေကြောင့်
အမျက်ရယ်မသိုစေကြောင်း
ထပ်လောင်းကာပြောပါရစေတော့
အတိုင်းမသိ ဒီဝန်မို့………

14 November 2008

ငမိုးသို့



ငမိုး နှစ်ရက်ရှိပြီဟာ ဒီမှာမိုးရွာနေတာ။ နင့်ဆီမှာကော ရွာနေတာပဲလား။ ငါတို့စတွေ့တော့ မိုးတွေ ရွာနေတဲ့ ဂျူလိုင်လနော်။ အဲလက်စ်တို့ရဲ့ မိုးသီချင်းခွေလေးကလည်း အမှတ်တရ ထွက်လိုက်သေးတယ်။ မှတ်မှတ်ရရ ၁၉၉၉ ဂျူလိုင်လနော်။

နင်အရင်လို ဆံပင်နှစ်ဖက်ကို ခွဲပြီး တရမ်းရမ်းနဲ့ လျှောက်သွားနေတုန်းပဲလား။ ကလေးလို လော်လီပေါ့တွေစားနေတုန်းပဲလား။ မကြီးအိမ်ကထည့်ပေးလိုက်တဲ့ Sandwichတွေ ကူစားပေးမယ့် ငါမရှိတော့ဘူးနော်။ ကျောပိုးအိတ်လေးကော ပြောင်းသွားပြီလား။ ငမိုး ငမိုး နင်ဘယ်ကိုရောက်နေတာပါလိမ့်။

တစ်ချက်တစ်ချက် နင့်ဇာတ်လမ်းတွေ ငါကြားပါတယ်။ ထွင်လည်းထွင်နိုင်ပါပေတယ်။ သင်္ချာပုစ္ဆာတွေ တွက်သလို အဖြေမရတာနဲ့ နောက်တစ်ပုဒ်ပြောင်းတွက်ကြည့်တာမျိုးလား။ သီအိုရီတော့ တော်တော်ပိုင်နေပြီဆိုပါတော့။

နင်မှတ်မိသေးလား UFL မှာတွေ့တဲ့ ညနေလေ အဲဒီညနေက နောက်ဆုံးပဲထင်တယ်။ အဲဒီနေ့က ငါ့အစ်မ ဘွဲ့ယူလို့ ဓါတ်ပုံလာရိုက်ပေးတာဟ။ ကြုံလည်းကြုံ ပုဂံလမ်းကိုလည်း လွမ်းတာနဲ့ လမ်းလျှောက်ရင်း နင်ရှိနေမယ့် အတန်းကို ခြေထောက်တွေလှမ်းမိတာ။ သိပ်အံသြဖို့ကောင်းတာပဲ နင့်ရဲ့ ကြိုဆိုမှုအတွက် နောက်ထပ်ဘယ်ခြေလှမ်းမှ မလှမ်းမိတော့လောက်အောင်လေ။

မေ့တော့မလို့ BC က လိုင်ဘရီထဲမှာ အမှတ်မထင်ဆုံဖြစ်သေးတာပဲ။ ပြုံးပြပြီး နှုတ်ဆက်ခဲ့ကြရုံပေါ့။ ဒါပေမယ့် ဒါကိုငါစာရင်းထဲမသွင်းချင်ဘူးလေ။ အရင်လိုပဲနော်ဆိုတဲ့ စကားကို ဟန်ပါပါပြောခဲ့ပေမယ့် အရင်လိုမဟုတ်ဘူးဆိုတာ အသိသာကြီးပါ။

ဖုံးတခါတော့ ဆက်ဖြစ်သေးတယ်။ ဟင်းချက်နေရင်း Handfree နဲ့ခေါ်လိုက်တာ။ စကားမပြောဖြစ်တာကြာပြီလေ။ ဘာတွေဖြစ်နေတယ် ဘယ်လိုဖြစ်နေတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မသိတော့လောက်အောင်ပေါ့။

ခဏဆိုတဲ့ အချိန်လေးအတွင်းမှာ အရာအားလုံးဖြစ်ပျက်ခဲ့ကြတယ်။ လိုင်းကားမစီးဘူးတဲ့ နင်တောင် ငါတို့နဲ့ပေါင်းပြီးလိုင်းကားစီးဖြစ်ခဲ့သေးတယ်။ ငါမှတ်မိသေးတယ် အဲဒီအချိန်တုန်း အနှောင့်အယှက်တစ်ခုအတွက် အိမ်ပြန်ချင်ယောင်ဆောင်ပြီး ကျောင်းအနောက်ပေါက်ကနေ ပြန်ရောက်ရောက်လာတတ်တဲ့ နင့်ကိုပေါ့။

ဆရာ့ကျူရှင်ပြီးလို့ အိမ်ကကားလာမခေါ်ခင် နင်မှီစရာနံရံတစ်ခုကကော ရှိသေးရဲ့လား။ စာတွေစွတ်ကျက် စာမရဘူးလို့ညည်းညူတတ်တဲ့ အကျင့်ကော စွဲနေတုန်းပဲလား။ အရိုးပွရောဂါကော အရှင်းပျောက်ပြီလား။ အင်းလေ အရိုးမကောင်းလို့အမှီရှာနေရတာနေမှာပါ။

ငယ်တုန်းဘ၀က တက်ခဲ့တဲ့ ပြဿနာတွေကို အခုပြန်စဉ်းစားကြည့်ရင် ရီချင်တယ်ဟာ။ ကျောင်းဆက်တိုက်တယ်မယ်ဆိုတဲ့ နင်က ရပ်သွားပြီး။ အိမ်ပြန်မယ်ဆိုတဲ့ ငါက ကျောင်းပြီးအောင်တက်ခဲ့တယ်။ အေးလေ နင်သင်ချင်တဲ့ အာခီပညာကိုတောင် နင်သင်ခွင့်မှမရခဲ့တာ။ ရောက်တဲ့အရပ်မှာပျော်အောင်နေပေါ့ဟာ။

ဒါနဲ့ အခုမိုးတိတ်သွားပြီဟ။ အသံတွေမကြားရတော့ဘူး။ ငါက မိုးရွာနေတာကို မမြင်ရဘူးလေ။ နားစွင့်ပြီး မိုးစက်ကျတာကို ခံစားနေမိတာ။ ကဲ ဘာရယ်ညာရယ်မဟုတ်ဘူး မိုးရွာနေတာနဲ့ ငမိုးကိုသတိရနေမိပြန်ပြီ။ စာဖတ်ဖြစ်တယ်ဆိုလည်း ပြန်တော့ပြောဦးနော်။ ယုတ်စွအဆုံး နင်ဘယ်ရောက်နေတယ်ဆိုတာကိုပေါ့…….