24 July 2008

အမှတ်တရ ညနေ

အဲဒီညနေဟာ ဘာမှမထူးဆန်းပါ။ ပုံမှန်ဖြတ်ကျော်နေကြအတိုင်း ပုံမှန်။ ဂျူလိုင်လမို့ မိုးတွေကစွေရွာလို့ ပေါ့။ ဘာဆိုဘာမှမထူးဆန်းခဲ့………

မြေနီကုန်းနဲ့ မဟာမြိုင်မှတ်တိုင်ကြားက အလုပ်ကနေ ပြန်နေကြအတိုင်း မဟာမြိုင်ဘက် ကားမှတ်တိုင်ကိုပဲ ဦးတည်လိုက်မိတယ်။ ကားတွေကလည်း ထုံးစံအတိုင်းကြပ်ညပ်နေခဲ့တယ်။ ကိုယ်ကအဆောင်ကို ပြန်ရမှာဆိုတော့ ၅၁ ကားကိုပဲလည်ပင်းရှည်အောင်မျှော်ရတယ်။ မိုးတွေသည်းတတ်တဲ့ ဟောဒီနေ့မျိုးဆို လမ်းလျှောက်ဖို့မဖြစ်နိုင်တော့ ကျောင်းဝင်းထဲ ၀င်တတ်တဲ့ MICT Park ကိုသွားမယ့်ကားကို စောင့်စီးရတော့မှာ။

ဟော လာပြီလာပြီ ပေါ်လာခဲတဲ့ ကိုရွှေ၅၁ကားကို ကားခြေနင်းခုံအတက်လေးမှာ တိုးဝှေ့ပြီးစီးခဲ့ရတယ်။ ကားရွေး နေရာရွေးနေလို့ကတော့ နောက်နေ့ ရုံးကို ဒီနေရာက တက်ရဖို့သာပါပဲ။ အသက်ရှူကြပ်ပေမယ့် ထုသားပေသားကျနေပြီမို့ ဟန်မပျက်လိုက်ပါနေတာပေါ့။ ရေစိုနေတဲ့ထီးကို အိပ်ထဲထည့်လို့မရတာမို့ လက်တစ်ဖက်က ထမင်းချိုင့် လက်တစ်ဖက်ကထီးနဲ့ နေရာမှာ မယိုင်လဲအောင် ကြိုးစားရပ်တည်နေရသခိုက်။ တံတားဖြူမှာ အ၀တ်နွမ်းနွမ်းနဲ့ အဒေါ်ကြီးတစ်ယောက်တက်လာခဲ့ပါတယ်။ အပေါ်ကို တစ်ချက်တက်လှမ်းရင်း သူ့ကိုဖယ်ပေးမိတယ်။ တိုးဝှေ့ရင်း ကားရုတ်တရက်အရပ်မှာ ကျနော့လက်ထဲက ထီးက အဒေါ်ကြီးရဲ့ ခေါင်းပေါ်ကို တည့်တည့်မတ်ကျသွားတယ်။ အသံတောင်ကြားလိုက်မိသလိုပဲ။ သွားပြီ ငါတော့ အအော်ပဲခံရမလား အဆဲပဲခံရမလားဆိုပြီး မျက်စိစုံမှိတ်ထားလိုက်မိတယ်။ သေချာတာတော့ တစ်ခုခုပဲ။

မဟုတ်ခဲ့ဘူး ကျနော်ထင်တာတွေ တစ်ခုမှမဟုတ်ခဲ့ဘူး။ အဲဒီအဒေါ်ကြီးကလေ ပြုတ်ကျသွားတဲ့ ကျနော့ခေါက်ထီးလေးကို တယုတယ လေးကောက်ပြီး သူ့အင်္ကျီလေးနဲ့ သုတ်ပေးပြီး “ကလေးရယ် ထီးလေးပေသွားလားမသိဘူးတဲ့” ။ ကျနော်လေကြောက်နေတဲ့စိတ်ကို လှိုက်ခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့ လဲလိုက်ရတယ်။ တကယ်ကို မကြုံစဖူးအဖြစ်ရယ်ပါ။ ကျနော့ကို အဲလိုမျိုးကျကြည့်ပါလား အသံဗြဲကြီးနဲ့အော်ရင်အော် ရှက်နေတဲ့အချိန်(အနားမှာကောင်မလေးချောချောရှိချိန်) ဆိုရင်တော့ မှုန်သုန်နေတဲ့အချိုးနဲ့ ကျနော့ရဲ့နာမည်ကျော် သူ့ထမင်းစားရတဲ့အတိုင်းဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်ဖြစ်မှာအသေအချာ။ ကားပေါ်မှာ ခြေထောက်ကို အနင်းခံရတိုင်း (အထူးသဖြင့် ရွှံ့ပေနေတဲ့ ဖိနပ်ကြီးနဲ့နင်းခံရတိုင်း၊ နတ်စင်လမ်းက ငါးဗန်းတွေနဲ့တိုက်မိတိုင်း) နှုတ်ခမ်းဆူ ခြေဆောင့်ခဲ့တဲ့ ကျနော်။

အဲဒီညနေက ကျနော့စိတ်ဓာတ်တစ်ခုကို ပြုပြင်ပြောင်းလဲစေခဲ့ပါတယ်။ သည်းခံမှုဆိုတာ ကျနော့အဘိဓာန်မှာ မရှိသလောက်ပဲလေ။ ဆိုးတတ်ပေတတ်ဂျီကျတတ်တဲ့ ကျနော့အတွက် သင်ခန်းစာရခဲ့တဲ့ ညနေတစ်ခုဖြစ်ခဲ့တဲ့ အမှတ်တရညနေဆိုရင် မမှားနိုင်။

4 comments:

ကိုရုပ်ဆိုး said...

ရွာသားရေ ... action နဲ့ reaction တိုင်းက တူညီခဲ့ရင် သိပ်မသိသာလှပေမယ့်။ မတူညီခဲ့ရင် နောင်တတွေ၊ ဒေါသတွေ၊ မောဟတွေ ရတတ်တယ်ညီ။
သည်းခံခြင်းဆိုတာ ကောင်းသောအလေ့တစ်ခုလို့ ဆိုကြပေမယ့်၊ မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ပုထုဇဉ်တွေဆိုတော့ .....။ ပွင့်လင်းစွာ နှိုင်းယှဉ်ပြတဲ့အတွက် ဖတ်ရတာ လေးစားစရာပါ။

RePublic said...

ရပ်တည်မှုကိုယ်စီ မှာကွဲပြားတဲ့တုန့်ပြန်မှုတွေရှိတတ်ပါတယ် ၊၊ ပင်ကိုယ်စိတ်ထား ၊အခြေအနေ နဲ့ ပတ်
ဝန်းကျင်ပေါ်အများကြီးမူတည်ပါတယ် ..ဒါဟာ အားလုံးအတွက် ယေဘူယျအမြင်ပါပဲ ၊၊
ဖတ်ဖူးတာလေး ကို ရေးပေးလိုက်တာ ပါ ကိုရွှာသားလေးရေ .. ဆိုင်မဆိုင်တော့သိဝူးဂျ ၊၊ဟီး
ပို့စ်လေးက ဆင်ခြင်တွေးတောစရာလေးပါ၊၊
မင်္ဂလာပါနော်၊၊

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီးတော့ စိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တစ်ခု ရလိုက်တယ်။ ဟုတ်တယ်နော် ကိုရွာသားလေး... တခါတခါ အဲဒီလို အဖြစ်အပျက်တွေက ခေါင်းထဲမှာ ထာဝရ စွဲသွားတတ်ပါတယ်။ စကားမစပ် ကိုရွာသားလေး နှုတ်ခမ်းစူ ခြေဆောင့်တာကိုတော့ မြင်ဖူးချင်သားး))

Unknown said...

ကြောက်၂လန့် ၂နဲ့ မ၀ံ့မရဲမေးသွားတယ်
ခုရော အဲ့သင်ခန်းစာကိုယူပြီး သည်းခံစိတ် ရှိလားဟင်
(စိတ်ထဲမှာ နှုတ်ခမ်းဆူ ခြေဆောင့်နေတဲ့ပုံလေးကို မြင်ယောင်ပြီး မ၀ံ့မရဲ ရီသွားတယ်)