20 March 2019

ပီဇာနဲ့ လုကာ

ဖီရန့်ဇေကနေ စောင်းနေတဲ့ မျှော်စင်ကြီးရှိတဲ့ မြို့ကိုသွားကြတယ်။ ဒီမျှော်စင်နဲ့ စရင်းနှီးတာကတော့ ဆယ်တန်းကျောင်းပိတ်ရက် စာအုပ်ချုပ်တဲ့ဆီမှာ အလုပ်ဝင်တုန်းကပါ။ စာအုပ်တွေဖုံးမယ့် မဂ္ဂဇင်းတွေ စာမျက်နှာတွေမှာ တွေ့ခဲ့ဖူးတာ။ ရထားပေါ်မှာ အင်တာနက်သုံးနေတုန်း မိတ်ဆွေတချို့က စစ္စလီကျွန်းဖက် ငလျင်လှုပ်တာရယ်၊ ဗင်းနစ်မြို့ ရေမြုပ်တာရယ် သတင်းလှမ်းမေးကြတယ်။ ဗင်းနစ်က လက်မတင်လေး လွတ်လာတယ် ဆိုနိုင်တယ်၊ ကျနော်တို့သွားခဲ့တဲ့ စိန့်မာကိုရင်ပြင်ဟာ ဒူးဆစ်ကျော်အောင် ရေမြုပ်နေခဲ့ပြီ.... ရထားမှန်ပြတင်းကနေ မည်းနေတဲ့ ကောင်းကင်ရယ် မိုးစက်တွေရယ်ကိုလည်း မြင်နေရပြီ...အီတလီကို မုန်တိုင်းဝင်ပြီ....

ပီဇာဘူတာရုံကနေ ဟိုတယ်ကို ကားငှားသွားကြတယ်။ ဟိုတယ်က မျှော်စင်နဲ့နီးနီးနားနားကို ရွေးထားတယ်။ ဟိုတယ်ချက်ကင် ဝင်ဖို့ စောနေသေးတာမို့ အထုတ်တွေထားခဲ့ပြီး မျှော်စင်ကြီးရှိရာကိုထွက်လာကြတယ်။ သဘောကောင်းတဲ့ ဟိုတယ်က ထီးတွေပါ တခါတည်းငှားပေးလိုက်ပါတယ်။ 
သွားတဲ့လမ်းတလျှောက်ကလည်း ဓါတ်ပုံရိုက်ချင်စရာကောင်းအောင် လှပါတယ်။ တော့စကားနားနယ်မြေဖြစ်တာကြောင့် အဆောက်အဦးအားလုံးရဲ့ အရောင်ဟာ အဝါရောင်တွေချည်း...




စောင်းနေတဲ့ မျှော်စင်ကို တည့်မတ်ဖို့ ကြိုးစားနေသူတွေ တလှေချည်း။ ထူးထူးခြားခြား မြန်မာစကားပြောသံလည်း ကြားမိတယ်။ မျှော်စင်ဘေးနားက ဘုရားကျောင်းတလျှောက်လမ်းလျှောက်သွားပြီး သူ့အနားက မြို့ရိုးတဆုံး လျှောက်ကြမယ်ဆိုပြီး တက်လာတယ်။ တခြမ်းတောင် မကုန်သေးခင် ဗိုက်ဆာတာနဲ့ပြန်ဆင်းလာကြတယ်။ လျှပ်တပြတ်ကြုံတာက လေထီးခုန်လေ့ကျင့်နေကြတာကိုပါ။ အီတလီအလံတလွှင့်လွှင့်နဲ့ ဆင်းလာတာကို ခဏပဲ ရိုက်လိုက်ရတယ်...

စားလို့ကောင်းမယ့် ဆိုင်ကိုရှာရင်း မြို့ရိုးဒေါင့်စွန်းက တရုတ်ဆိုင်ကို ရှာတွေ့သွားတယ်။ အီတလီမှာ တရုတ်ဆိုင်တွေ အားလုံးက ကျယ်ကျယ်ပြန့်ပြန့် ခမ်းခမ်းနားနားတွေချည်းပဲ။ စားလို့ တဝက်လောက်ရောက်တော့ အမျိုးတွေ အုပ်လိုက်ကျလာတယ်။ ဒါကြောင့်လည်း သူတို့ဆိုင်တွေ အောင်မြင်တာလို့ တွေးမိတယ်။

ထမင်းစားပြီးတာနဲ့ ပီဇာကနေ လုကာကိုသွားဖို့ ဘတ်စ်ကားဂိတ်ရှာကြတယ်။ လမ်းမှာတွေ့တဲ့သူတယောက်ကို မေးတော့ အရှေ့နားမှာလေလို့ လက်ညှိုးထိုးနေတုန်း ဘေးနားက ကားဖြတ်သွားလို့ ပြေးလိုက်ကြရတယ်။ နောက်တစင်းဟာ နောက်တနာရီလောက်မှ လာမှာဆိုတော့  ပြေးနိုင်မှ တော်ကာကျမယ်။
ကားထွက်လာတာနဲ့ လမ်းတလျှောက်လုံးဟာ မျက်စိမှိတ်ရက်စရာ မရှိအောင်ကိုလှနေခဲ့တယ်။ အချိန်များပိုလို့ကတော့ တနေရာဆင်း ဓါတ်ပုံစိတ်ကြိုက်ရိုက်နဲ့ နေမိမယ်လို့တောင် ပြောဖြစ်ခဲ့ကြသေးတယ်။






လုကာဟာ မြို့ ရိုးအခိုင်အခန့်နဲ့ တော့စကားနားရဲ့ ခံတပ်မြို့အဖြစ် ထင်ရှားတယ်။ ထုထည်ကြီးမား ကျယ်ပြောလှတဲ့ မြို့ရိုးဟာ စစ်မက်မရှိတော့တဲ့ ဒီအချိန်မှာ လမ်းလျှောက်သူ၊ ပြေးသူ၊ စက်ဘီးစီးသူတွေနဲ့ စည်ကားလို့နေပါတယ်။ မိုးကတော့ ရွာလိုက် တိတ်လိုက်ပဲ။

သမိုင်းထဲက လုကာပါ။ ဘီစီ ၅၆ကနေစပြီး အထင်ကရရှိခဲ့တယ်။ ဂျူးလိယက်ဆီဇာ ခေတ်ကနေ နပိုလီယန်လက်အောက်လည်း ကျရောက်ခဲ့ဖူးတဲ့ မြို့ပါ။
ခံတပ်မြို့အပြင် မျှော်စင်တွေ အများအပြားရှိပြီး လမ်းကျဉ်းကျဉ်းလေးတွေကြောင့်လည်း ကျော်ကြားတယ်။ ကျနော်သဘောကျတာကတော့ ခရီးသွားဧည့်သည်တွေ ပြွတ်သိပ်မနေတာကိုပါ။ လမ်းကျဉ်းလေးတွေထဲ အေးအေးညောင်းညောင်းလမ်းလျှောက်သွားရတာကို အတော်လေး စိတ်ချမ်းမြေ့စေပါတယ်။

ဒီနေ့ အစီအစဉ်အဖြစ် ဘာမှ ရေးဆွဲမထားပါဘူး။ Just explore the lucca ဆိုတော့ ခြေဦးနဲ့ဒူးတည့်ရာ လျှောက်သွားကြတယ်။ ဆိုင်လေးတွေထဲ ဝင်ကြည့်လိုက် ကော်ဖီဆိုင်ထိုင်လိုက်နဲ့အတော်လေး ငြိမ့်။ သွားရင်းလာရင်းကမှ မရွယ်ပဲ ပလာဇိုပြတိုက်ရှေ့ကို ရောက်သွားကြတယ်။ တယောက်ကို ဝင်ကြေး ၆ယူရို ပေးပြီး ဝင်ကြည့်ကြတယ်။ 





အီတလီပန်းခြံ အခြေခံကို ဒီပလာဇိုက ပန်းခြံမှာ လေ့လာနိုင်တယ်။ အိမ်ကတော့ ရှေးခတ်အီတလီတော်ဝင် လူမျိုးတွေ နေထိုင်လေ့ရှိတဲ့ အခင်းအကျင်းတွေနဲ့ ပြင်ဆင်ထားတယ်။ အိမ်ပိုင်ရှင်မျိုးနွယ်စုရဲ့ ဆေးပညာပစ္စည်းပစ္စယတွေလည်း ပြသထားရှိပါတယ်။ 



ပလာဇိုကအထွက်မှာ မိုးက နည်းနည်း ပြန်ရွာလာသလို စိမ့်နေအောင်လည်း အေးလာတယ်။ မှောင်ပြီဆိုတော့ ကားဂိတ်ကို ပြန်လျှောက်ရင်း လမ်းတလျှောက်က သစ်ရွက်တွေကို ဓါတ်ပုံရိုက်ကြတယ်.

ကားဂိတ်ရောက်တော့ ကားသမားတွေ သပိတ်မှောက်လို့ ကားထွက်ချိန်နောက်ကျမယ်လို့ စာကပ်ထားတာ တွေ့ရတယ်။ မိုးလည်း နည်းနည်းသည်းလာတာကြောင့် ကားဂိတ်ရုံးအဆောက်အဦးထဲမှာ ဝင်စောင့်ကြတယ်။ လေးဆယ့်ငါးမိနစ်လောက်နေမှ Business dress အပြည့်ဝတ်ထားတဲ့သူက လာခေါ်တယ်။ ကားသမားတွေ မလာတာကြောင့် အရာရှိတွေ ကားလာမောင်းပေးတာလား သူဌေးကိုယ်တိုင်လားတောင် အောက်မေ့မိတယ်။ ပီဇာကို ပြန်ရောက်တော့ မှောင်ပိန်းနေပြီ။

ဟိုတယ်မှာ ကိုယ်လက်သန့်စင်ပြီး ဟိုတယ်ကနေ ဘယ်မှာ အစားအသောက်ကောင်းလည်း မေးပြီး ညစာထွက်စားကြတယ်။ ပီဇာမှာ အမှတ်တရအဖြစ် ပီဇာစားကြတယ်လေ....စားလို့အတော်ကောင်းပါတယ် ပီဇာမကြိုက်တဲ့ ကျနော်တောင် သဘောကျသွားတယ်
စားသောက်ပြီး အေးဆေးပြန်လာကြတယ်။ ညမအိပ်ချင်သေးတဲ့ ကျနော်က စောင်းနေတဲ့ မျှော်စင်ဖက်ကို ဓါတ်ပုံထွက်ရိုက်တယ်။ ညဖက်ဓါတ်ပုံရိုက်တတ်လေ့မရှိတာကြောင့် စမ်းရိုက်ချင်တာရော၊ မီးထိုးထားတဲ့ မျှော်စင်ရဲ့ နောက်ထပ် ရှုခင်းကို ကြည့်ချင်တာရော ကြောင့်ပါ။ လေးငါးပုံရိုက်ပြီးတဲ့အခါ မိုးက သည်းသည်းမည်းမည်းရွာတယ်။ မိုးတိတ်အောင်စောင့်လိုက် ခဏရိုက်လိုက်နဲ့ နောက်ဆုံး လက်တွေ ထုံလာတာမို့ ဟိုတယ် ပြန်လာခဲ့လိုက်တော့တယ်.......

17 March 2019

ရှင်သန်ခြင်း၊ သေဆုံးခြင်းနှင့်အသစ်တဖန်

ဒီခေါင်းစဉ်က ဂျပန်တွေ ချယ်ရီပန်းကြည့်ခြင်းရဲ့ အနှစ်သာရပါ။ ဂျပန်လူမျိုးတွေ ချယ်ရီပန်းပွင့်ချိန်ရောက်တိုင်း သူငယ်ချင်းမိတ်ဆွေ မိသားစုတွေနဲ့ပန်းကြည့်ပွဲ တခုတ်တရ အစဉ်အမြဲ လုပ်ကြတယ်။ အဲ့ဒါ ဓါတ်ပုံရိုက်ဖို့ ချယ်ရီတွေနဲ့ ဆယ်လ်ဖီ ဆွဲဖို့ချည်း မဟုတ်ဘူးတဲ့။ သူတို့ရဲ့ ဦးတည်ချက်က ရှင်သန်ခြင်း၊ သေဆုံးခြင်းနှင့် အသစ်တဖန်မွေးဖွားခြင်းဆိုတဲ့ လေးနက်မှုကို ခံစားကြဖို့တဲ့လေ.




ရှင်သန်ခြင်းဆိုတာ လက်ရှိရှင်သန်နေတဲ့ ဘဝရဲ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်ဖို့၊ ဖြစ်ပျက်နေတုန်း အဖြစ်အပျက်တွေ (မိသားစု တယောက်နဲ့ တယောက်ကြား ခံစားသက်ဝင်မှု၊ ကလေးငယ်တွေရဲ့ ချစ်စဖွယ်ကောင်းတဲ့ အပြုံးအရယ်၊ မိတ်ဆွေ သူငယ်ချင်း လူသားတွေကြားက ချစ်ခြင်းမေတ္တာတွေ စသည်...) အလုပ်တွေကြောင့် မေ့ထားသမျှကို ခဏတာ ပြန်လည်သုံးသပ်ခြင်းတဲ့လေ....





သေဆုံးခြင်းဆိုတာကတော့ ချယ်ရီပွင့်ဖတ်တွေ ကြွေတာကို ရည်ညွှန်းတာတဲ့။ ပွင့်ချိန်ကနေ နှစ်ပတ်လောက်ပဲ ခံတဲ့ ချယ်ရီတွေဟာ လေအတိုးမှာ ဝှေ့ဝိုက်ကြွေကြတယ်။ တနေ့က လှနေတဲ့ ပန်းဟာ သိပ်မကြာခင်ပဲ ပွင့်ဖတ်ကြွေတာကို မြင်ရမယ်။ ဂျပန်ဆာမူရိုင်းတွေရဲ့ တိုက်ပွဲဝင်တဲ့ ဘဝလိုပဲတဲ့ တိုတောင်းလိုက်ပါဘိ။ ဒုတိယကမ္ဘာစစ်က ကာမိကာဇေ လေယာဉ်ကိုယ်ထည်မှာ ချယ်ရီပန်းတွေ ရေးဆွဲထားကြတာ ချယ်ရီပွင့်ဖတ်လေးတွေ ကြွေသလို သူတို့ ဘုရင်အတွက် တိုင်းပြည်အတွက် အသက်ကို စတေးလိုက်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့တဲ့လေ....



အသစ်တဖန်မွေးဖွားခြင်း ကတော့ ဂျပန်ရဲ့ နွေဦးရာသီ ပြီးတော့ နှစ်ဦးပဲပေါ့။ ချယ်ရီပွင့်ချိန်ဟာ နှစ်တနှစ်ရဲ့ အစကို သတိပေးတာပဲ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့မွေးဖွားဖို့တဲ့။ ရောက်လာမယ့် နှစ်သစ်မှာ မျှော်လင့်ခြင်းတွေ ဘဝလင်းရောင်ခြည်တွေ ဘယ်လောက်များ ပါဝင်တောက်ပနေမလဲဆိုတာ ဒီချယ်ရီပန်းတွေ ကြည့်ရင်း မြင်ယောင်ခံစားကြတာတဲ့လေ.....
နှစ်တိုင်း ဒီအချိန်ဆို Flower dome ထဲမှာ ဂျပန်က ချယ်ရီတွေ လာပြလေ့ရှိပါတယ်။ လူတိုင်းလူတိုင်း ကြုံကြိုက်လို့ ဝင်ကြည့်ဖြစ်ကြရင် ရှင်သန်ခြင်း၊ သေဆုံးခြင်းနဲ့ အသစ်တဖန်မွေးဖွားခြင်းဆိုတဲ့ ချယ်ရီတွေကို ခံစားကြည့်ဖြစ်ကြပါစေလို့ ဆန္ဒပြုလျက်..........

10 March 2019

ဖီရန့်ဇေနဲ့ တွေ့ဆုံခြင်း ဒုတိယရက်



မနက်စောစောနိုးတာနဲ့ တည်းတဲ့အိမ်ကနေ ဒူရိုမိုကိုလမ်းလျှောက်လာကြတယ်။ လူသိပ်မရှုပ်သေးတဲ့ ဒူရိုမိုရှေ့မှာ ဓါတ်ပုံရိုက်ပြီး ဖွင့်တဲ့ ကော်ဖီဆိုင်မှာ မနက်စာစားကြတယ်။ အီတလီမှာ နောက်ထပ်ထူးခြားတာတချက်က ကော်ဖီကို ကောင်တာမှာ သောက်တာနဲ့ စားပွဲမှာ သေချာထိုင်စားတာ ဈေးမတူဘူးဆိုတာပါပဲ။

တိုးဂိုက်ချိန်းထားတဲ့ အချိန် ချိန်းထားတဲ့ နေရာကို အရောက်သွားကြတယ်။ ရောက်နှင့်နေတဲ့ တိုးဂိုက်က လတ်မှတ်တွေ ထုတ်ပေးပြီး နောက်ကျနေတဲ့ အဖွဲ့တဖွဲ့ကို ထပ်စောင့်ရတယ်။ လူစုံပြီဆိုတာနဲ့ ဆန်တာမာရီယာလို့ အမည်တွင်တဲ့ ဘုရားကျောင်းထဲကို ခေါ်ဆောင်သွားပါတော့တယ်။ သမိုင်းကြောင်းတလျှောက်ရှည်လျားကြာမြင့်စွာ ရှိခဲ့တဲ့ ဒီဘုရားကျောင်းဟာ ဖီရန့်ဇေမြို့မှာ ဒုတိယမြောက်တည်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုတွေနဲ့ ယနေ့ထက်တိုင် တခမ်းတနား တည်ရှိနေခဲ့တာ.








ဒူရိုမိုထဲမှာ တိုးဂိုက်ရှင်းပြပြီးတာနဲ့ ဓါတ်ပုံတွေရိုက်တယ်။ သူနဲ့ ဝင်လာတာမို့ ကန့်သတ်နယ်မြေတွေကို ဝင်ခွင့်ရတယ်။ ဘုရားကျောင်းရှေ့မှာ တန်းစီတဲ့ လူတန်းရှည်ကို ကျော်ဝင်လာရတာဆိုတော့ ငွေပိုကုန်ပေမယ့် ကုန်ရကျိုးနပ်တယ်လို့ ယူဆပါတယ်။ ကျနော့လို ရက်တိုလေးပဲ လာလည်တဲ့သူအတွက်ကတော့ အချိန်က ရွှေထပ်ရှားတယ် မဟုတ်လား။

ဒူရိုမိုကနေ နောက်ထပ်ကြည့်မယ့် အူဖိဇီ ပြတိုက်ကို သွားကြတယ်။ လမ်းမှာ ပလာဇို ဘက်ချီယိုကိုဝင်ကြည့်ကြတယ်။ နာမည်ကျော် နတ်သူငယ်တော်လေးကိုလည်း ဓါတ်ပုံရိုက်ခဲ့တယ်။
ပြတိုက်ကိုဝင်မယ့်လက်မှတ်နဲ့ တိုးဂိုက်ကို သူတို့ရုံးမှာသွားရှာရတယ်။ လမ်းမှာရှိတဲ့ အရုပ်တွေလည်း ဓါတ်ပုံရိုက်ပစ်ခဲ့တယ်။ ပစ္စည်းထုတ်တချို့ကို ရုံးမှာ အပ်ထားခဲ့ကြတယ်။ ဒီအူဖိဇီပြတိုက်ဟာ ကမ္ဘာမှာ ကျော်ကြားတဲ့ တန်ဖိုးကြီး အနုသုခုမလက်ရာတွေကို တစုတစည်းတည်းထားတာမို့ တနှစ်ကို ခရီးသွားဧည့်သည်နှစ်သန်းလောက် ဝင်ရောက်ကြည့်ရှုကြတယ်လို့ စစ်တမ်းများကဆိုပါတယ်။
ကြီးကျယ်ခမ်းနားလှတဲ့ ဒီအနုပညာတွေအားလုံးကို ပိုင်ဆိုင်ခဲ့တာ Medici လို့ခေါ်တဲ့ မိသားစု တစုတည်းကပါ။ ဆရာဝန်မျိုးနွယ်စုဖြစ်ပေမယ့် အီတလီမှာ မက်ဒီဆီဆိုတဲ့ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ရာကနေ တော့စကားနားနယ်မြေရဲ့ အရှင်သခင် အုပ်ချုပ်သူ တွေဖြစ်လာကြတာတဲ့လေ။ ပြတိုက်လေ့လာဖို့ ကျနော် သတ်မှတ်ထားတဲ့ အချိန်က သုံးနာရီ တကယ် ပြတိုက်ထဲကိုရောက်တဲ့အခါ သုံးရက်လေးရက်လောက် ကြည့်မကုန်နိုင်တဲ့ အရာတွေကို တွေ့ခဲ့ရတယ်။

ပြတိုက်ကြီးရဲ့ အဆုံးနားမှာ ဒီမိသားစုပိုင်ပစ္စည်းတွေကို တော့စကားနယ်မြေတခုလုံးအတွက် လှူဒါန်းခဲ့သူ အန်နာမာရီယာရဲ့ ပန်းချီကားရှိပါတယ်။ မက်ဒီဆီမိသားစုရဲ့ နောက်ဆုံးမျိုးဆက် အမွေခံသူ ဒီအမျိုးသမီးရဲ့ စိတ်စေတနာကြောင့်သာ ဒီတန်ဖိုးကြီးမားတဲ့အရာတွေကို တနေရာတည်းမှာ လေ့လာခွင့် ကြည့်ခွင့်ရတာပါ။ နောက်ထပ်တရားကျစရာအကောင်းဆုံးက ဒီလောက် အထိအောင် ချမ်းသာတန်ခိုးထွားခဲ့တဲ့ မိသားစုမျိုးနွယ်စုကြီး ဘာမှယူဆောင်မသွားနိုင်ပဲ နောက်ဆုံးမျိုးဆက်ပါ ပြတ်သွားခဲ့တာကိုပါပဲ။

ဂိုက်အမျိုးသမီးက ကိုယ်ပိုင်အချိန်လို့ ပြောလိုက်တဲ့အခါမှာ တနာရီကျော်ကျော်ကြာသွားခဲ့ပြီ။ ဒါတောင်သူက အရေးပါတဲ့ အရာလေးတွေကိုပြသွားခဲ့တာ။ လွတ်လွတ်လပ်လပ် ပြတိုက်ထဲ ကြည့်တော့ ဆိုတော့ ဘယ်ကနေ စကြည့်ရမလဲ တွေဝေစေတယ်။ ကြည့်ချင်တဲ့ ပန်းချီကားတွေကြည့်ပြီးရင် ထွက်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ ခြေထောက်တွေလည်း တောင့်နေပြီလေ...

ဒီနေ့နောက်ဆုံးကြည့်မယ့် အရာကတော့ ဒေးဗစ်ပဲ။ ဒေးဗစ်ဆီမရောက်ခင် ဟာနေတဲ့ ဝမ်းကို ဖြည့်ရတယ်။ ပြတိုက်နဲ့ တလမ်းကျော်က ခေါက်ဆွဲပြုတ်ဆိုင် ရာမင်တွေ့တာနဲ့ဝင်စားကြတယ်။ တကယ်က တရုတ်တွေဖွင့်ထားတဲ့ စားသောက်ဆိုင်....

အကေဒါးမီးယားပြတိုက်ရှေ့ရောက်တော့ ပြတိုက်ဝင်ရမယ့်အချိန် စောနေသေးတယ် ခဏစောင့်ပါဆိုလို့ စောင့်နေရသေးတယ်။  ပြတိုက်ချိန် အနားနီးတော့မှပဲ လက်မှတ်ထုတ်ပေးပါတယ်။ ပြတိုက်ထဲက ဧည့်သည်အရေအတွက်ကို ကန့်သတ်ချင်လို့နဲ့ တူပါတယ်။



ဒီပြတိုက်ထဲမှာတော့ မိုက်ကယ်အန်ဂျလိုရဲ့ လက်ရာအတော်များများကို ထားရှိပါတယ်။ တချို့တဝက် မပြီးပြတ်သေးတာတွေလည်း ရှိနေတယ်။ ဒေးဗစ်ကတော့ လူအကြည့်များဆုံးဆိုပါတော့. လူသားတယောက်ရဲ့  ခန္ဓာကိုယ်နဲ့ အနီးစပ်ဆုံး ထုဆစ်ထားတဲ့ အတတ်ပညာကိုတော့ ဘယ်သူမဆို မချီးကျူးပဲ မနေနိုင်ကြပါဘူး။

ညာဖက်လက်က သွေးကြောမျှင်တွေအထိ အသက်ပါအောင် ထုဆစ်ထားတဲ့ မိုက်ကယ်အန်ဂျလိုရဲ့ ဖန်တီးမှု အနုပညာကတော့ အခုထိတိုင် စွဲဆောင်နေခဲ့တုန်း...

ဒေးဗစ်ကနေ ပြန်လာတော့ မှောင်နေပြီ။ ဖီရန့်ဇေကို နှုတ်ဆက်ဖို့ အထုတ်တွေ သိမ်းဆည်းကြ၊ သူတို့ဆီက အံ့ချီးမကုန်တဲ့ အနုပညာအကြောင်းတွေ ပြောကြရင်း.......