25 December 2017

ဆမာရမ် (၂)

မနက်နေမထွက်ခင် ဆမာရမ်ကို ထွက်လာကြတယ်။ ဆမာရမ် မရောက်ခင်လမ်းမှာ ကုန်းတွင်းရေကန်တခု ရှိတယ်။ အဲ့ဒီရေကန်မှာ လှေစီးပြီး အပန်းဖြေမယ် စီစဉ်ထားတယ်။ အင်းလေးကန် အလွမ်းပြေပေါ့။ အန်ရာဝါပီနင်းတဲ့...










ရေကန်ကိုရောက်တဲ့အခါ စောနေသေးလို့ လှေဂိတ်မဖွင့်သေးဘူး။ အနားက စပါးခင်းထဲကို လျှောက်သွားကြတယ်။ စက်လှေဂိတ်ဖွင့်တဲ့အချိန် ပြန်လာကြတယ်။ အေးနေတဲ့လေထုထဲမှာ ရေပြင်ကျယ်ထဲကို တိုးထွက်လာရတဲ့ အရသာက မင်္ဂလာရှိလိုက်တာ။ ဗျိုင်းဖြူတွေ ပျံတက်လာကြတာတွေ၊ ငါးဖမ်းပိုက်ကွန်ဖြန့်ကျက်တာတွေ၊ တခြားသူတို့ရိုးရာ ငါးဖမ်းနည်းတွေ စသည်ဖြင့် ကင်မရာထဲကနေ မှတ်တမ်းတင်နေမိတယ်။


ရေကန်ထဲကနေ ပြန်တက်လာတဲ့အခါ ဆမာရမ်ကို ဦးတည်သွားကြတယ်။ ဆမာရမ်မှာ ကျနော်သွားချင်တဲ့ နေရာက လာဝမ်ဆီဝူ (Lawang Sewu) ပါ။ တံခါးပေါင်း သောင်းခြောက်ထောင်လို့ ခေါ်တာဆိုပါတော့။ ဒတ်ခ်ျတွေအုပ်ချုပ်စဉ်က ရထားဌာနချုပ်ရုံးဖြစ်ခဲ့တယ်။ ၁၉၄၂ခုနှစ် ဂျပန်ဖက်ဆစ်လက်အောက် ကျရောက်ခဲ့စဉ်ကတော့ နှိပ်စက်တဲ့ ကင်ပေတိုင်အကျဉ်းစခန်း အဖြစ်အသွင်ပြောင်းခဲ့ရတယ်။ မြောက်အောက်ခန်းဟာ လူသတ်ကွင်းတခုဖြစ်ခဲ့ပြီး ဝိဥာဉ်တွေ ခြောက်လှန့်နေတုန်းလို့ ဒေသခံတွေက ယုံကြည်ကြတယ်။


ကံမကောင်းစွာပဲ ကျနော်တို့ ရောက်တဲ့အချိန်မှာ မြေအောက်ခန်းကို ပြင်ဆင်နေဆဲမို့ ဝင်ခွင့်မရခဲ့ပါဘူး။ တံခါးပေါင်းသောင်းခြောက်ထောင်ကို ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ရောင်စုံမှန်ချပ်တွေရှိတဲ့ နေရာကို ဓါတ်ပုံရိုက်တယ်။


လာဝမ်ဆီဝူကနေပြန်လာတဲ့အခါ နေ့လည်စာစားကြတယ်။ ပြီးတော့တရုတ်ဘုံကျောင်းကိုသွားဖြစ်တယ်။ ဘာသာပေါင်းစုံရောယှက် ကိုးကွယ်နေတဲ့ ဆန်းပေါခုံဆိုတဲ့ ဘုရားကျောင်းပါ။ ထူးတော့ထူးဆန်းတယ် မူဆလင်ဘာသာ ကိုးကွယ်မှုများတဲ့ အရပ်မှာ တရုတ်ဘုံကျောင်းတခု ခမ်းခမ်းနားနား ရှိနေတာမို့ပါ။ ၁၄ရာစုနှစ်ကတည်းက တရုတ်မူဆလင်ဘာသာဝင် ကျန်းဟိုက တည်ထားခဲ့တာလို့ သိရပါတယ်။



တရုတ်ဘုံကျောင်းကနေ နာမည်ကျော်တဲ့ Toko Oenမှာ ညစာစားဖို့သွားတယ်။ သိပ်မဆာသေးတာနဲ့ ဆိုင်ဘေးနားမှာ ကားရပ်ပြီး အနီးအနားမှာ လမ်းလျှောက်ဓါတ်ပုံရိုက်တယ်။ အနားတဝိုက်က ကုန်လှောင်ရုံ၊ ဈေးနဲ့ မြို့ဟောင်း အရိပ်အယောင်တွေပဲပေါ့။ ဆိုက္ကားဆရာတွေရဲ့ မင်္ဂလာဆောင်ကိုလည်း ကြုံကြိုက်တာနဲ့ ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ Toko Oen မှာ ညစာစားပြီးတဲ့အခါ တည်းမယ့် တောင်ပေါ်ဟိုတယ်ကို တက်သွားတယ်။


ဟိုတယ်က ရိုးရာ အဆောက်အအုံတွေအဖြစ် ဆောက်ထားပြီး စနစ်တကျ ထိန်းသိမ်းထားတာ တွေလို့ သဘောကျနေမိတယ်။ ဓါတ်ပုံရိုက်တာ ဝါသနာပါတယ်ဆိုလို့ မတူညီတဲ့ အခန်းဖွဲ့စည်းပုံတွေကို သေချာပြပြီး ရှင်းပြပေးပါတယ်။ ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ ညတညပေါ့....

17 December 2017

ဆမာရမ် (၁)

ဟိုတခေါက် ဆိုလိုက ပြန်လာတဲ့အခါ ဆိုလိုက ကားဆရာနဲ့ သူငယ်ချင်းဖြစ်သွားပြီ။ ကာရီမွန်ဂျာဝါ (Karimon Jawa) ကိုသွားချင်တဲ့အကြောင်း စကားစပ်မိတဲ့အခါ ပြောဖြစ်တယ်။ ဒီလိုနဲ့ ဆိုလိုကို နောက်တခေါက် ပြန်ရောက်ဖြစ်လာတယ်။ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဝယ်ပြီးမှ သိရတာက ကာရီမွန်ဂျာဝါကိုသွားဖို့ အစီအစဉ် မဖြစ်တော့ဘူးဆိုတာပါပဲ။  ကာရီမွန်ကိုသွားတဲ့ သင်္ဘောချိန်နဲ့ ကျနော့ ခရီးစဉ်ရက်တွေ လွဲနေတာကြောင့်ပါပဲ။ ဒါနဲ့ပဲ ဆမာရမ်ကို သွားမယ်ဆိုပြီး ခရီးစဉ်ပြောင်းသွားခဲ့တယ်။ 

ဆမာရမ်ဟာ အင်ဒိုရဲ့ ငါးခုမြောက်အကြီးဆုံးမြို့တော်ပါ။ ဆမာရမ်မှာ ဘာလုပ်မလဲ ဘယ်သွားမလဲ ဘာတွေစားမလဲဆိုတဲ့ လေ့လာရေးတွေလုပ်ခရီးစဉ်အတွက် စဉ်းစားရတယ်။ လေယာဉ်ကတော့ ဆိုလိုအထိပဲ ဝယ်ထားပြီးပြီဆိုတော့ကာ...







လေဆိပ်ရောက်တာနဲ့ ကားဆရာက လာကြိုတယ်။ ကျနော်သွားချင်တဲ့ နေဝင်ရှုခင်းကြည့်ဖို့ကားကိုခပ်သွက်သွက်မောင်းတယ်။ နေဝင်ရှုခင်းကြည့်မယ့်နေရာက ကမ်ဒီ ဘိုကိုဆိုတဲ့နေရာပါ။ ရောက်တဲ့အချိန်မှာ လူတွေတော်တော်များနေခဲ့ပြီ။ ပိတ်ရက်မို့ လူများတာထင်ပါတယ်။ ဓါတ်ပုံသေသေချာချာ ရိုက်လို့ မရခဲ့ပါဘူး။ ညနေ နေဝင်တာကြည့်ရင်း ဘိုကိုရဲ့ ဆွေးမြည့်ကြေကွဲဖွယ် ဇာတ်လမ်းကို နားထောင်လိုက်ရတယ်။ ဆိုလိုပြည်ရဲ့ မင်းသမီးလေး လိုရိုဂျုန်ဂရမ်ရဲ့ ကျောက်ဖြစ်နေတဲ့ ရုပ်ထုဟာ ပါရာဘန်နန်း ဘုရားကျောင်းထဲမှာ အခုထိ ရှိနေခဲ့တယ်တဲ့လေ။ ဘန်ဒုမ်ဘွန်ခိုဆိုရိုဆိုတဲ့ မင်းသားလေးက မင်းသမီးလေးရဲ့ခမည်းတော်ကို လုပ်ကြံပြီး မင်းသမီးလေးနဲ့လက်ဆက် ဆိုလိုပြည်ကြီးကို အုပ်ချုပ်လိုခဲ့တယ်။ နောက်ဆုံး ငြင်းမရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ မင်းသမီးလေးဟာ တောင်းဆိုမှုတခုနဲ့ လက်ခံသဘောတူခဲ့တယ်။ အဲ့ဒီတောင်းဆိုမှုက ဘုရားကျောင်းတထောင်ကို ညတွင်းချင်း တည်ပေးနိုင်ရမယ်ဆိုတာပါပဲ။ မင်းသားလေးကလည်း သူ့ရဲ့ တန်ခိုးစွမ်းအားနဲ့ နတ်တွေကို ပင့်ဖိတ်ပြီး တည်လိုက်တာ ဘုရားကျောင်းပေါင်း ၉ ၉ ၉ ဆူထိ ပြီးလာခဲ့တယ်။ ဥာဏ်ကြီးတဲ့ မင်းသမီးလေးက သူ့ရဲ့အချွေအရံတွေကို အရှေ့အရပ်ကနေ မီးထွန်းပြီး မောင်းထောင်းခိုင်းသတဲ့။ မောင်းထောင်းသံရယ် အလင်းရောင်ရယ်ကြောင့် မနက်မိုးလင်းပါပြီဆိုပြီး ကြက်ကထတွန်ခဲ့တယ်။ ကြက်တွန်သံကြားတဲ့အခါ နတ်တွေကလည်း မိုးစင်စင်လင်းပြီ ဆိုပြီးဆောက်လက်စ ဘုရားကျောင်းကို ရပ်ပြီး ပျောက်ကွယ်သွားကြတယ်။ မင်းသားလေးဟာ မင်းသမီးရဲ့ အကြံအစည်ကို သိသွားတဲ့အခါ စိတ်ဆိုးပြီး မင်းသမီးကို ကျောက်ရုပ်အဖြစ် ကျိန်စာတိုက်လိုက်ပြီး မပြီးသေးတဲ့ ကျောင်းထဲမှာ ထားခဲ့တယ်....မောင့်မရပီတောင်စွယ်မှာ နေကွယ်သွားတဲ့အခါ ဒီဇာတ်လမ်းကို အဆုံးသတ်သွားတာကြောင့် ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့တယ်။

ကားဆရာက ညစာကို ဘယ်မှာစားမလဲလို့မေးတဲ့အခါ ရိုးရာအစားအသောက်ကောင်းတဲ့ဆိုင်ကိုပဲ ပို့ပေးပါလို့ပြောတော့ အနီးအနား ဂျိုဂျကာတာက The house of Raminten ကိုလိုက်ပို့ပေးတယ်။ ဆိုင်မှာ လူတော်တော်များတာမို့ အလှည့်ရောက်ဖို့ မိနစ်လေးဆယ်လောက် စောင့်လိုက်ရတယ်။ ရိုးရာအစားအစာတွေပဲ မှာလိုက်တယ်။ ကင်မရာကျောပိုးအိတ်ထားစရာ နေရာမရှိတဲ့အပြင် ထိုင်ရတာ အတော်လေးအဆင်မပြေပါဘူး။ လူကလည်းများတော့ နေရာကို တတ်နိုင်သမျှ ချုံ့ထားဟန်တူပါတယ်။ ခပ်မြန်မြန်ပဲစားလိုက်တယ် ဒီညကိုတော့ ဆိုလိုမှာပဲပြန်အိပ်ခဲ့တယ်။ မနက်ကို အစောကြီးထပြီး ဆမာရမ်သွားမယ်....

14 December 2017

ဖယ်ခုံတဖြစ်လည်း ပုဂံဆီ (သိမ်း)

ခရီးတောက်လျှောက် မနားတမ်းထွက်လာပေမယ့် ထုံးစံအတိုင်း အိပ်ရာက မနက်ငါးနာရီလောက်မှာ စောစောစီးစီးနိုးနေခဲ့တယ်။ အခန်းရှေ့ကနေ တန့်ကြည့်တောင်ဘုရားကို ဦးချရင်း ဓါတ်ပုံရိုက်တယ်။ ပြီးတာနဲ့ ဟိုတယ်က E bike ကလေးငှားပြီး မနက်နေထွက်ကြည့်မယ်ဆိုပြီးထွက်လာကြတယ်...



ဒီလောက်စောစောလာတာတောင် ဘုရားပေါ်မှာ ထရိုင်ပေါ့တချောင်းစာ မနည်းရှာရပါတယ်။ ရောင်နီပျို့လာတဲ့ ကောင်းကင်ဟာ အားလုံးသော ပရိတ်သတ်ကို ကောင်းကောင်းကြီး ဖမ်းစားထားပါတယ်။ ရှေးဘုရားစေတီတွေနဲ့ နောက်ခံကောင်းကင်ဟာ သိပ်ကို လှပနေခဲ့ပါတယ်။ ဒါကြောင့်လည်း ပုဂံနေထွက်ချိန်ရှုခင်းကို အိပ်ရေးပျက်ခံ၊ ခြေတဖဝါးစာ လှေခါးထစ်သေးသေးလေးတွေကို ကျားကုတ်ကျားခဲ အပင်ပန်းခံ တက်ကြတာကိုး...








နေအတော်လေးတက်သွားပြီဆိုတော့ ဟိုတယ်ကို ပြန်ခဲ့ကြတယ်။ ဟိုတယ်မှာ ရေမိုးချိုး မနက်စာစားပြီးတာနဲ့ ပုပ္ဗါးဖက်သွားကြမယ်။ မသွားခင်မှာ ယွန်းထည်လုပ်ငန်းကို ဝင်ကြည့် အမှတ်တရလက်ဆောင်ဝယ်ရင်း တခါတည်း သူတို့လုပ်ငန်းခွင်ကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။ ပုဂံမြေကို လာတိုင်း အမြဲ တညအိပ်နှစ်ညအိပ်ပဲ ရောက်ဖြစ်တယ်။ ဖြစ်နိုင်ရင် တပတ်လောက်နေပြီး အေးအေးဆေးဆေး နောက်တခေါက်လာချင်ပါသေးတယ်။ အာနန္ဒာဘုရားပွဲတော့ တခါလောက် ကြုံကြိုက်အောင် ကြိုးစားဖို့ တွေးနေမိတယ်။







တောင်ပေါ်က ဟိုတယ်မှာ ရေကူးမယ် ဗိုက်ဆာရင် နေ့လည်စာစားရင်း တောင်မကြီးကို ငေးဖို့ပဲ။  တကယ်တမ်း ရေပဲကူးခဲ့ကြပြီး နေ့လည်စာ မစားဖြစ်ခဲ့ဘူး။ ရေကူးကန်မှာလည်း ရေကူးမှာလား ဓါတ်ပုံရိုက်မှာလား မသဲကွဲဘူး ဖြစ်သည်အထိ သောင်းကျန်းခဲ့ကြသေးတယ်။ ဟိုတယ်အထဲ ဝင်ကြည့်ရုံပဲဆို ယူအက်စ်ငါးကျပ်ပါ၊ ရေကူးမယ်ဆိုရင်တော့ ယူအက်စ်တဆယ်နဲ့ သောက်စရာတခွက်ပေးပါတယ်။ ဒါဆို ဝင်ကြေးငါးကျပ်ပေးစရာမလိုတော့ပါဘူး။ ကန်ထဲက ရေက မိုးတွင်းဖြစ်တာရယ် တောင်ထိပ်ကလေရယ်ကြောင့် အတော်လေးအေးပါတယ်။ ရေကူးကန်နားက ရေချိုးခန်းတွေမှာလည်း ရေနွေးနဲ့ ချိုးစရာ မရှိပါဘူး။ နာရီဝက်ကျော်ကျော်လောက် ရေဆော့ပြီးတဲ့အခါ ပြန်တက်လာကြတယ်။ 
တောင်မကြီးဖက်ကို ငေးလိုက်၊ ကြက်မောက်တောင်ဆည်ဖက်ကို ငမ်းလိုက်လည်း လုပ်ခဲ့ကြသေးတယ်။ လမ်းမှာပဲနေ့လည်စာ စားတော့မယ်ဆိုပြီး ဗျတ္တပန်းဆက်လမ်းကနေ ကျောက်ပန်းတောင်းကို ပြန်လာကြတယ်။

နေ့လည်စာကိုတော့ လမ်းက သူကြီးအိမ်မှာ ဝင်စားကြတယ်။ အညာကျေးလက် အိမ်လက်ရာတွေကို ချက်ထားတာလို့ဆိုပါတယ်။ သိပ်အကောင်းကြီးမဟုတ်ပေမယ့် မဆိုးလှပါဘူး။ မနေ့ညက ဆိုင်ထက်တော့ သာပါတယ်။ လက်ပံပျားအဖြတ်မှာ ကြက်သားကြော် ထပ်ဝယ်ခဲ့ကြသေးတယ်။ ညစာကို ကြက်သားကြော်နဲ့ပဲ စားကြမယ်။



နေပြည်တော် ပြန်တဲ့လမ်းမှာ မိုးကလည်း သည်းသည်းမည်းမည်း ရွာတယ်။ ကံကောင်းတာက ငလိုက်ကန်သာ မရောက်ခင်မှာ ပြန်တိတ်သွားတာပါ။ ငလိုက်ကန်သာ အပန်းဖြေစခန်းမှာ ရှိတဲ့ အလံနီဌာနချုပ်အိမ်ကို ကြည့်ချင်လို့ ဝင်ပါတယ်။ ရိုးမထဲကနေ အိမ်အလုံးလိုက်ရွှေ့လာတာဆိုတဲ့ အလံနီဌာနချုပ် သခင်သန်းထွန်းတို့ရဲ့ ရုံးအဆောက်အဦးပါ။ အဲ့ဒီအပန်းဖြေစခန်းမှာ အိမ်အလုံးလိုက် လုံးချင်းလေးတွေ ငှားပါတယ်။ အေးအေးဆေးဆေး အပန်းဖြေလိုသူတွေအတွက်တော့ အကြိုက်နေမှာပါပဲ။

ငလိုက်ကန်သာကနေ နေပြည်တော်ကို တောက်လျှောက်မောင်းတယ်။ နေပြည်တော်ရောက်ရင် ဒူးရင်းသီးစားမယ်ဆိုတာကိုလည်း တတွတ်တွတ်ရွတ်လာခဲ့သေးတယ်။ နေပြည်တော်ရောက်တာနဲ့ ညစာ ရှမ်းစာသွားဝယ်တဲ့သူတွေ ထွက်သွားတုန်း ရေနွေးကန်စိမ်တယ်။ ပြန်လာပြီဆိုတာနဲ့ ညစာဆွဲ ပြီးတော့ ဓါတ်ပုံတွေလဲကြရင်း လူက အိပ်ငိုက်လာတယ်။

လူက ပင်ပန်းပြီး အရှိန်ကုန်သွားတာနေမယ် အားရှိပါးရှိ အိပ်လိုက်ရတယ်။ မနက်လေယာဉ်နဲ့ ရန်ကုန်ကိုတက်တယ်။ လေယာဉ်တစင်းလုံးမှာ ခြောက်ယောက်လားပဲ ပါတယ်ထင်တယ်။ ရန်ကုန်ဆိုက်တာနဲ့ အစားအသောက်ကို အရင်ထိုင်တယ်။ လိုက်လာတဲ့ ခရီးဖော်က တာမင်နယ် ဝမ်းမှာ ချပေးခဲ့တယ်။ တာမင်နယ်ဝမ်းကနေပဲ စင်္ကာပူလေယာဉ်ကို စီးလာခဲ့တယ်။ ဒီတခေါက် ရန်ကုန်မြေကို မနင်းခဲ့ရတော့ဘူးပေါ့..............