Showing posts with label Camobdia. Show all posts
Showing posts with label Camobdia. Show all posts

28 December 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၆)


ကာကေကနေ ပြန်လာတဲ့အခါ ပါရာကိုဆိုတဲ့ ဘုရားတွေဆီကို လိုက်ပို့ပါတယ်။ ပါရာကို ဘုရားတွေဟာ သဲကျောက်၊ ထုံးကျောက်တွေနဲ့မဟုတ်ပဲ အုတ်အနီရောင်တွေနဲ့ ဆောက်လုပ်ထားတယ်။ ရှီဗ နတ်ဘုရားကိုကိုးကွယ်ဖို့ ဆောက်လုပ်ထားပြီး ခေတ်ဦး ၉ ရာစုမှာ ပထမဆုံး တည်ဆောက်ထားတဲ့ စေတီရယ်လို့ သမိုင်းသုတေသီတွေက အတည်ပြုထားပါတယ်။
သဲကျောက်ပေါ်မှာ သုံးဆူတစ်တန်းနဲ့ နှစ်တန်းရှိကာ ခြောက်ဆူတိတိတည်ထားပြီး အလည်ရှေ့ဆုံးစေတီဟာ အမြင့်ဆုံးဖြစ်တယ်။ အရှေ့ဆုံးတန်းကတော့ တည်တဲ့ မင်း၊ သူ့အဖိုးနဲ့အဖေကို ကိုယ်စားပြုပြီး နောက်အတန်းဟာ သူတို့ရဲ့ ဇနီးကြင်ယာတွေအတွက်လို့ ရည်တယ်။ ပါရာကို စေတီတွေမှာ ဘန်တီဆာရီ ပြီးရင် အနုပညာလက်ရာတွေ ဒုတိယအရှိဆုံးနေရာပါ။



ပါရာကိုကနေ ထွက်လာတဲ့အခါ အနီးဆုံး ဘခုံး ဆိုတဲ့ ဒုတိယမြောက်တည်တဲ့ စေတီဆီကိုသွားကြတယ်။ ဘခုံးစေတီရဲ့ ကြီးမား ကျယ်ပြန့်မှုကတော့ အပေါ်ကို တက်ကြည့်လေ သိသာလေပါပဲ။ ဘခုံးစေတီဟာ ပိရမစ်ပုံ အခြေပြုထားပြီး အန်ကောဝပ်မှာ ရှိတဲ့စေတီတွေအတိုင်း တောင်မြင့်ပုံစံ ဆောက်လုပ်ထားပါတယ်။  ဘောရောဘုဒေါက တည်ဆောက်ပုံအတိုင်း အထပ်မြင့်တွေ၊ တံခါးတွေ တုပထားတယ်လို့လည်း ယူဆထားကြတယ်။

ဘခုံးစေတီမှာ အပျက်အစီးတွေ တော်တော်များပါတယ်။ ကျန်ရှိတဲ့ အနုလက်ရာလေးတွေ အမှတ်တရ ဓါတ်ပုံရိုက်ယူလာခဲ့တယ်။

အဲ့ဒီနေ့တနေ့လုံး ကုန်သွားပြီး အဲ့ဒီနေ့ညစာကို ကျနော့တိုးဂိုက်က ထမင်းလိုက်ကျွေးပါတယ်။ သူတို့ရဲ့ ရိုးရာဆိုင်မှာ တကယ်တမ်း စားရတော့ ငပိရည် တို့စရာကို သူတို့ဆီမှာ အဓိကဟင်းအနေနဲ့ စားကြတာတွေ့ရတယ်။ ငပိရည်မှာ ဝက်သား ကြက်သား စသည် ကိုယ်နှစ်သက်ရာ ထည့်ချက်ကြတယ်။ ပြီးတော့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေ နဲ့ စားခဲ့ရတာ အားရစရာပါပဲ။
နောက်တနေ့ မပြန်ခင် ကျနော် တောင်းဆိုထားတဲ့ မိုးပျံပူဖောင်းစီးဖို့ပါပဲ။ ပုဂံကလို ဂတ်စ်နဲ့ ဖြည့်ပြီး ရွှေ့လျားတဲ့ ပူဖောင်းမဟုတ်ပါဘူး။ စက်သီးနဲ့ တပ်ဆင်ထားတဲ့ အပေါ်တည့်တည့်ကိုပဲ တက်နိုင်တဲ့ ပူဖောင်းပါ။ ယူအက်စ် နှစ်ဆယ်ပေးရတယ်ထင်ပါတယ်။ ရောက်တုန်းရောက်ခိုက်လေး ဆိုပြီး လုပ်ချင်တာ လုပ်ခဲ့တယ်ဆိုပါတော့။
မနက်စောစောမို့ ထင်တယ်။ ကျနော်တယောက်တည်း စီးမယ့်သူ ရှိပါတယ်။ ရင်လိုက်သည်းဖို တက်သွားတာမျိုးမဟုတ်တော့ အေးအေးဆေးဆေး ဓါတ်ပုံ ရိုက်တော့တာပေါ့။ ကင်မရာအသေးလေးနဲ့မို့ ပုံတွေက စိတ်တိုင်းမကျပါဘူး။ 
ဟိုးအဝေးက အန်ကောဝပ်ကို ကျုံးနဲ့အတူမြင်လိုက်ရတဲ့အခါ ကျနော်တို့ မန်းနေပြည်တော်ကိုတောင် သွားသတိရမိတယ်။

တိုးဂိုက်က မပြန်ခင် မှတ်ချက်လေး ပေးပါဆိုတော့ တကယ်တမ်း ငါမပြန်ချင်ဘူးလို့၊ အကယ်၍များ ငါ့နိုင်ငံအပြင် တခြားနေချင်တဲ့ နိုင်ငံပြောပါဆိုရင် မင်းတို့နိုင်ငံနဲ့ ဟောဒီ ဆီရမ်ယိကိုပဲ လက်ညှိုးထိုးတော့မယ်လို့ ပြောလိုက်တယ်။ 

အချိန်တန်တော့လည်း အိမ်ပြန်ကြရတာပါပဲ။ နောက်တခေါက် ပြန်လာဦးမယ်လို့ ကျနော် ပြောခဲ့ပေမယ့် အခုထိတော့ ထပ်မရောက်ဖြစ်သေးဘူး။ တနေ့တလံပေါ့ အန်ကောဝပ်ရယ်........

30 November 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၅)


ဂိုက်က ရေတံခွန်နဲ့ ကာကေမြို့ဟောင်း တနေ့တာခရီးတခုခု ရွေးပါလို့ ပြောလာတဲ့အခါ ကာကေမြို့ဟောင်းကို ရွေးဖြစ်တယ်။ တကယ်တမ်းသွားချင်တာတော့ နှစ်နေရာလုံးပါ။ ကျနော်ပေးနိုင်တဲ့ ငွေကြေးပမာဏရယ်၊ ဂိုက်ပေးနိုင်တဲ့အချိန်ရယ်ပေါ်မှာ မူတည်ပြီး တခုကိုပဲ ရွေးခွင့်ရတယ်။ ကာကေကနေ ပါရပ်ဘီဟာဆီုတဲ့ နာမည်ကျော်ဘုရားကိုသွားချင်လှပါတယ်။ အခြေအနေမပေးတာက ယိုးဒယားနဲ့ စစ်ပွဲအသေးစား ဖြစ်နေတဲ့အချိန်မို့ သွားဖို့ အခွင့်မရခဲ့ပါဘူး။




မနက်စောစော ဟိုတယ်ကနေ ထွက်လာခဲ့တယ်။ ထုံးစံအတိုင်း သူတို့ဆီက လမ်းတွေဟာ ဖြောင့်ဖြူးလို့။ လမ်းဘေးက မြို့ငယ်၊ ရွာငယ်လေးတွေကို ဖြတ်တဲ့အခါ မြန်မာပြည်ကို လွမ်းဆွတ်ခြင်းက ပျံ့နှံ့စိမ့်ထွက်လာတယ်။ မွန်ပြည်နယ် ကျိုက်ထီးရိုးကိုသွားတဲ့ လမ်းနဲ့ အတော်လေးဆင်ပါတယ်။ ဈေးလေးတခုကိုပါ ဝင်ပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ ကျနော်တို့ ဆီက ဈေးနဲ့ တော်တော်လေးတူတာမို့ အိမ်ကို ပြန်ရောက်သွားသလားတောင် အောက်မေ့ရပါတယ်။

၁နာရီကျော်လောက်မောင်းတောက်လျှောက် မောင်းလာပြီးတဲ့နောက် ကားသမားနဲ့ ဂိုက် မနက်စာစားဖို့ လမ်းဘေးဆိုင်တခုမှာ ရပ်တယ်။ ဂိုက်က မင်း ကားပေါ်မှာ နေချင်နေခဲ့နိုင်တယ်ဆိုတယ်။ ကျနော်က ဒေသခံတွေနဲ့ ရောနှောရတာမျိုးကိုကြိုက်တယ်လို့ ပြောလိုက်တဲ့အခါ လိုက်ခဲ့ပါလို့ခေါ်တယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးမို့ သန့်ရှင်းရေး အဆင်မပြေဘူးလို့ ပြောတဲ့အခါ ကျနော်က ပြုံးလိုက်မိတယ်။ သိပ်မကွာပါဘူးကွာဆိုတဲ့ အပြုံးပေါ့။ သူတို့က မနက်စာစားကြမှာမို့ ကျနော်ရော တခုခုစားချင်သေးသလားဆိုတော့ ကွေ့သယိုနဲ့ကော်ဖီလို့ ပြောမိတယ်။ စားမှာသေချာတယ်နော်လို့ စိတ်မချတဲ့လေသံနဲ့ထပ်မေးတယ်။ အားရပါးရ စားပြတဲ့အခါမှ သူ့ခမျာ သူ့မနက်စာကို ကောင်းကောင်းစားတော့တယ်။ ဒီလေးနဘမ်းဆိုင်လောက်ကတော့…

တိုးဂိတ်တခုကိုဖြတ်တဲ့အခါ အပေါ့အပါးသွားချင်သွားလို့ ပြောတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်သာတွေဟာ ခရီးသွားလုပ်ငန်းအောင်မြင်နေတယ်ဆိုတဲ့ ပြယုဂ်တခုပဲ။ 
ကာကေဟာ အေဒီ၉ရာစုနှစ်က မြို့တော်တခုပါ။ စေတီပေါင်းများစွာ ဆောက်လုပ်ခဲ့ပေမယ့် စနစ်တကျပြုပြင်ထိန်းသိမ်းခြင်းမရှိတော့တဲ့ နေရာတခုဖြစ်နေခဲ့ပြီ။ ဂိုက်ရဲ့ရှင်းပြမှုအရဆို ဘာသာရေးစစ်ပွဲတွေနဲ့ မြို့တော်ကို ဆီယမ်ရိမရွှေ့ခင်မှာ ဖျက်ဆီးပစ်ခဲ့ပုံရတယ်လို့ ဆိုတယ်။ တကယ်လည်း အထည်အဝံ့ရှိခဲ့တဲ့ နေရာတခုဟာ အခုအချိန်မှာ မှေးမှိန်ပျောက်ကွယ်လို့နေခဲ့ပြီ။ စေတီပျက်များ ၊ မြေကြီးထဲမှာနစ်မြုပ်နေပြီး မမြင်တွေ့နိုင်သော ရှေးဟောင်းအမွေအနှစ်တွေ အများအပြားရှိနေဆဲ။ တချို့သောအဖိုးတန်အမွေအနှစ်တွေကတော့ တဦးတယောက်တည်းပိုင်ပြတိုက်တွေ၊ ကမ္ဘာအနှံ့မှာ ရောင်းချခြင်းခံရတဲ့ တရားမဝင် ကုန်ပစ္စည်းတွေဖြစ်လို့နေခဲ့ပြီ။
ဒါ့အပြင် အချို့သောနေရာတွေမှာ ပြည်တွင်းစစ်ရဲ့ အကြွင်းအကျန် မြေမြုပ်မိုင်းများ ကျန်ရှိနေသေးတယ်။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကာကေဟာ လာရောက်လည်ပတ်သူ နည်းပါးနေတတ်ပါတယ်။ အေးအေးဆေးဆေး လည်ပတ်လိုသူတွေအတွက်တော့ ကာကေဟာ လူစည်ကားတဲ့ အန်ကောဝပ်ကနေ ထွက်ပြေးလို့ရတဲ့ နှစ်နာရီကြာ အကွာအဝေး လက်တကမ်းမှာပါ။


ကာကေမှာ အထင်ကရ ကျန်နေသေးတာကတော့ ပါရာဆပ်သွန်နန်းဦးဘုရားပါ။ ကျုံးတွေမုခ်ဦးတွေကို ဖြတ်ပြီးတဲ့အခါ မြင်ရတဲ့အရာက ပိရမစ်ပုံစံ ခုနှစ်ဆင့်အဆောက်အဦးဖြစ်ပြီး အောက်ခြေအုတ်ဖိနပ်ကတင် ကျနော့တရပ်မက မြင့်နေခဲ့တယ်။ ကြီးမားတဲ့အခုလို အဆောက်အဦးကြီးကို ဆောက်လုပ်ခဲ့တဲ့ ရှေးဗိသုကာပညာရပ်ဟာ အံ့သြစရာမကောင်းဘူးလား။ ယခင်က အပေါ်ထိတက်လို့ ရပေမယ့် စနစ်တကျထိန်းသိမ်းပြုပြင်မှု မရှိတာကြောင့် ပျက်စီးသည်ထက်ပျက်စီးလာတာမို့ ယခုအခါအပေါ်ကိုတက်လို့ မရတော့ပါ။ တက်ပြီးကြည့်လိုက်ရင် ကာကေမြို့တခုလုံးကို အပေါ်စီးကနေ မြင်ရမှာ..အခုတော့....



တခြား ဘုရားငယ်လေးတွေကိုပါ လျှောက်ကြည့်ဖြစ်တယ်။ အပြိုအပျက်တွေကများသလို မြေမြုပ်မိုင်းသတိပေးဆိုင်းဘုတ်တွေလည်း ဟိုတစ ဒီတစ။

ပုဂံကလို ဈေးရောင်းသူတွေ အများကြီးရှိပါတယ်။ ဂိုက်ဆီကနေ ကျနော် သင်ထားတဲ့ စကားတခွန်းက " သေအော ကွန်" ကျေးဇူးတင်ပါတယ် မလိုပါဘူးလို့။ ပြီးတော့ ဒေသခံလို အယောင်ဆောင်နေလိုက်တဲ့အခါ သူတို့တွေ မသိလိုက်မသိဖါသာ လိုက်မရောင်းကြတော့ဘူး။ သူတို့ ဆီက ဘုရားပရဝုဏ်သန့်ရှင်းရေး လုပ်တဲ့သူတွေရဲ့ လစာဟာ တလကို ယူအက်စ် ၉၀ဆိုတယ်. လောက်ငှပါ့မလား မသိဘူးနော်။


ကာကေကနေ ပြန်ထွက်လာတဲ့အခါ ဘန်မီလာ (ကြာပန်းရေကန်)ဘုရားကို ဝင်တယ်။ အပြိုအပျက်တွေက များသလို ကြီးမားကျယ်ပြန့်တဲ ဘုရားပရဝုဏ်တလျှောက် သစ်သားလျှောက်လမ်းတခုကို စနစ်တကျ လုပ်ထားတာ ဧည့်သည်တွေအတွက် အတော်လေးကောင်းပါတယ်။ 
 

ဘန်မီလာဟာ အနုသုခုမစုဝေးရာနေရာတခုပါ။ ဗိရှနု၊ ရှိဗားနဲ့ ဗုဒ္ဓ ရုပ်ထုတွေကိုတွေ့နိုင်သလို ရာမယဏဇာတ်တော် အခင်းအကျင်းကိုလည်း တွေ့နိုင်ပါလိမ့်မယ်။ အပျက်အစီးတွေကြားကတောင် ဒီလောက် ခမ်းနားနိုင်သေးရင် ဟိုအရင်တချိန်ကဆိုတဲ့ အရာဟာ အရာအထောင်မကအောင် ကြီးကျယ်မှာ အသေအချာပါပဲ။


ဆီယမ်ရိမြို့တော် အန်ကောသွန်တည်ဆောက်စဉ် အသုံးပြုတဲ့ သဲကျောက်တုံးတွေကို ဘန်မီလာကနေ ရေမြောင်းတခု ဆောက်လုပ်ပြီး ပို့ဆောင်ခဲ့တယ်လို့ အထောက်အထားအများရ သိရှိရပါတယ်။ ဘန်မီလာဟာ နွံအိုင်ထဲက ကြာတပွင့်ပါ။ ပျက်စီးမှုတွေအများအပြားကြားကနေ သူ့အလှတရားကို ပွင့်ပြရင်း ခရီးသည်တွေရဲ့ စိတ်အာရုံကို ညှို့ယူထားနိုင်နေဆဲ.......

29 November 2014

ငယ်အိပ်မက်ထဲက မြို့ဟောင်းဆီသို့ (၄)






အန်ကောဝပ်ကနေထွက်လာတဲ့အခါ ဓါတ်ပုံတွေထဲမှာ အများအပြားတွေ့ရတဲ့ ဘေယွန်မျက်နှာများဆီကို သွားဖြစ်တယ်။ ၁၂ရာစုနှောင်းပိုင်း ၁၃ရာစု အစောပိုင်းမှာတည်ထားခဲ့တဲ့ ဘေယွန်က ဗုဒ္ဓဘာသာအဓိကဖြစ်ပေမယ့် နောက်ပိုင်းမှာ ဘာသာရေးရောယှက်မှုတွေ ဝင်လာခဲ့တယ်။


နံရံပန်းချီကားတွေအတွေနဲ့ အရှေ့ဖက်မှာ ကြည်းတပ်စစ်ချီလာတဲ့ပုံ တောင်ဖက်မှာ ရေတပ်ပုံစသည်ဖြင့် စစ်အင်အားကို ပြထားတာတွေ့ရတယ်။ ပန်းချီကားတွေကနေ ချမ်းပလူမျိုးတွေနဲ့ ကူးလူးဆက်ဆံနေပုံတွေ တွေ့ရခြင်းဖြင့် ဒီပန်းချီကားတွေဟာ တကယ့်သမိုင်းကို ပြောပြနေနိုင်ခဲ့တယ်။



မျက်နှာတွေကို နှစ်ဖက်ဒါမှမဟုတ် လေးဖက်လေးတန် တွေ့ရမှာဖြစ်ပြီး အဲ့လိုမျိုး ၄၉ခုရှိခဲ့ပုံရပေမယ့် အခုအခါ ၃၇ခုပဲ ကျန်ရစ်ပါတော့တယ်။ စုစုပေါင်း မျက်နှာအရေအတွက် ၂၀၀ရှိသော်လည်း တချို့မှာ အပြည့်အစုံအဖြစ် မရှိနိုင်တော့တာ နှမြောစရာပါ။ တဆက်တည်း ထုလုပ်ထားတာမျိုးမဟုတ်ပဲ အထပ်လိုက်ကျောက်တုံးတွေနဲ့ ဒီမျက်နှာ ၂၀၀ကို ဘယ်လိုများ ဆောက်လုပ်ခဲ့ပါလိမ့်…


ဘေယွန်ကနေကျော်လာတဲ့အခါ ဘဖွန်ဆိုတဲ့ တောင်ပုံစံစေတီကိုသွားဖြစ်တယ်။ အဆောက်အအုံကို ရောက်ဖို့ လျှောက်ရတဲ့ တံတားရှည်ရှည်ကနေတင် ဟိုအရင်တုန်းက ဆိုတဲ့အတွေးကို တွေးစေမိတယ်။ တံတားအောက်မှ ရေတွေနဲ့ ကြာမျိုးငါးပါးစုံတဲ့ မြင်ကွင်းမျိုးကို စိတ်အာရုံမှာ ဖြတ်ကနဲပေါ်တယ်။ ၂၀ရာစုလောက်ကစလို့ ပျက်စီးမှု ကြီးကြီးမားမားရှိနေခဲ့ပြီး ပြင်သစ်ပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ သေချာတက်ရောက်ကြည့်ရှုခွင့် ပိတ်ထားတာမို့ ရသလောက်တော့ တက်ကြည့်ခဲ့သေးတယ်။

အနားဝန်းကျင်က ဘုရင့်ပန်းခြံတော်ကိုလည်း ပတ်ကြည့်ဖြစ်တာပေါ့။ ရေကန်တွေနဲ့ ဘုရင်အပန်းဖြေတယ်ဆိုတဲ့ အဆောက်အဦးရဲ့ အပေါ်ဆုံးအထိကိုတက်ကြည့်ခဲ့သေးတယ်။ အပေါ်စီးကနေ လေသာပြတင်းကိုဖွင့်လိုက်တဲ့အခါ သားသမင်တွေ၊ ပန်းမာန်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံကို သူသေချာပေါက် ငေးနေခဲ့မှာပါ. 


ပန်းခြံကိုဖြတ်ပြီး ဗိုလ်ရှုသဘင်အဖြစ် ဆောက်ထားတဲ့ ဆင်ခံဗိုလ်ရှုသဘင်ကို သွားတယ်။ နှစ်မီတာခွဲအမြင့်နဲ့ မီတာသုံးရာကျော် ရှည်လျားတဲ့ ဒီဗိုလ်ရှုသဘင်တလျှောက်မှာ အရုပ်တွေအရုပ်တွေဆိုတာ တန်းစီနေတာပဲ။ ဘုရင်က အဲ့ဒီဗိုလ်ရှုသဘင်ကနေ တပ်တွေချီလာတာ၊ ကချေသည်တွေ ဖျော်ဖြေတာကို ကြည့်လေ့ရှိသတဲ့လေ။



ထမင်းစားနားပြီးတဲ့အခါ တုပ်တုပ်ဆရာနဲ့ ကျနော် နှစ်ယောက်တည်း မရောက်ဖြစ်သေးတဲ့ ဘုရားတွေကိုပတ်တယ်။ မိုးရွာလာတာမို့ ခဏပဲသွားနိုင်ပြီး ဟိုတယ်ကိုပဲပြန်နားဖြစ်ပါတယ်။ နောက်တနေ့  ကာကေမြို့ဟောင်းကို သွားဖို့ စောစောလာခေါ်မယ်လို့ပြောထားတာမို့ ညဖက် အပြင်မထွက်ဖြစ်တော့ပါ....