29 April 2013

ပိတ်ပင်ထားခြင်း ခံရသော ပုံပြင်ဖြင့်

သူငယ်စဉ်ကတည်းက ပိတ်ပင်မှုများ စတင်ခဲ့သည်ဆို ပို၍ မှန်မည်။ ညနေ မှောင်လာရင် လေမချွန်ရ၊ သစ်ပင်ကြီးများ အောက်တွင် အပေါ့အပါးကို မတ်တပ်မသွားရ၊ အင်္ကျီကိုပြောင်းပြန်မဝတ်ရ၊ ထမင်းလုံးကို တက်မနင်းရ၊ စားသောက်စဉ် ဇွန်းသံပန်းကန်သံ မမြည်ရ၊ ဈေးဆိုင်အရှေ့ ကျောပေး မထိုင်ရ၊ အချို့သော နေရာများတွင် ဆဲဆိုခြင်း မပြုရ၊ ပြောင်ပြက်ခြင်း လုံးဝမလုပ်ရ စသည်ဖြင့် စည်းမျဉ်းစည်းကမ်းများဖြင့် ကြီးပြင်းလာရသည်။ အမည်းရောင် မဝတ်ရဆိုတုန်းကလည်း သူအတိုက်အခံ လုပ်ခဲ့ဖူးသည်။ ခိုက်တတ်သည်၊ နတ်ကိုင်လိမ့်မည် ဆိုသော စကားလုံးများဖြင့် သူ့အားပိတ်ပင်ကြမြဲ။ ထိုအထဲကမှ ပုံပြင် အချို့သည် ပိတ်ပင်ခြင်းခံရသည်ဆိုသောအခါ….

မပြောကောင်းဆိုသော စကားကို သူ့ဘဝမှာ ခါးသက် မုန်းတီးနေမိသည်။ ကလေး အရာလားဆိုသော ကန့်ကွက်သံများကိုလည်း နားခါးလှသည်။ ကျနော် လူကြီးဖြစ်ပြီဟု သူပြောချင်လှသည်။ ကြုံတွေ့ရသမျှ အကြောင်းအရာမျိုးစုံမှာ မေးခွန်းတွေ တသီချည်း ရှိတတ်သော သူ့အတွက် အဆိုပါ ပိတ်ပင်ထားသော ပတ်ဝန်းကျင်ဖြင့် မဆီလျော်။ ၁၈နှစ်ပြည့်လျှင် ရုပ်ရှင်ထဲကလို စာချုပ်အတိုင်း သူ့အားပေးသိမည့် အကြောင်းအရာများ ရှိလာမည်ဟု သူမျှော်လင့်လျှက် ကြီးပြင်းခဲ့သည်။ တကယ်က သူထင်သလို မဟုတ်ခဲ့။
ထို့ထက်ဆိုးဝါးစွာ သူကိုယ်တိုင် ပင် ပုံပြင်တပုဒ်ကို မထင်မှတ်ပဲပိတ်ပင်ပစ်လိုက်မိသည်။ အဆိုပါ ပုံပြင်ကို သူကိုယ်တိုင်ပင် အစပြုဖန်ဆင်းသည်။ လွန်ခဲ့သော ခြောက်နှစ်ကျော် ခုနှစ်နှစ် နီးပါးက ဖြစ်ပင်မယ့် ပုံပြင်ရဲ့ အသေးစိတ်တိုင်းကို သူမှတ်မိသည်။ အလွန်သာယာသော နေ့တနေ့မှာ စိတ်လက်ပေါ့ပါး ကြည်လင်စွာ ထိုပုံပြင်ကို အစပြုရန် သူခြေလှမ်းခဲ့သည်။ 

သူသည် အစပြုသူသက်သက်သာ ဖြစ်သည်။ ထို့ထက်ပို၍ ဆက်ရန် သူ့မှာ ခွန်အားမရှိ။ သို့သော် သူထိုပုံပြင်ကို နောကျေအောင် အလွတ်ရသည်။ သူလိုချင်သော ဇာတ်ကောင် ဇာတ်ကွက်များဖြင့် သူဖန်ဆင်းထားသည် မဟုတ်လော။ ကြားဖူးကြမည် ထင်သည် ဇာတ်ကောင်ကို ဇာတ်လမ်းဆရာက မနိုင်တော့သော ဇာတ်လမ်းများအကြောင်းကို။ သူသည် ထိုသို့သော ဇာတ်လမ်းဆရာတယောက်ပင်။ ဇာတ်ကောင်များကို သနားလာလိုက်ရင်း ထိုပုံပြင်ကို ပိတ်ပင်လိုစိတ်သာ ကြီးစိုးလာတော့သည်။

အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဆိုသော စကားလုံးနှင့် သူသည် လိုက်ဖက်လွန်းလှသည်။ ဇာတ်ကောင်တကောင်၏ တုန့်ပြန်မှုတခုကို (တကယ်က သူမျှော်လင့်ထားပြီးဖြစ်သော်လည်း ဘယ်လို ရင်ဆိုင်မလဲဆိုတာ အဆင်သင့်မဖြစ်ခင်) သူရလိုက်သော နေ့တွင် သူအသက်ရှူရပ်မတတ် ခံစားသွားရသည်။ လုပ်နေလက်စ အလုပ်များ၊ ပြောလက်စ စကားများ အားလုံးကို မေ့လျော့သွားစေခဲ့သည်။ သူ့ဘဝတွင် ထိုအကြိမ်သည် ပထမဆုံးပင်။ ဇာတ်လမ်းဆရာပီပီ သူက ဟန်ဆောင်ကောင်းခဲ့ပြန်သည်။ သူ့တုန်လှုပ်မှုကို တဖက်လူမသိအောင် သူပြနိုင်ခဲ့သည်။ သူကောင်းကောင်းသိနေသည်မှာ တဖက်လူက အဲ့ဒီတုန်လှုပ်မှုကို အငိုက်ဖမ်းလိုခြင်းဆိုတာပင်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်သောအခါ ဇာတ်ကောင်က မသိမသာ ငုပ်လျှိုးသွားခဲ့သည်။

သို့ရာတွင် ဇာတ်ကောင်သည် ခေတ္တ ငြိမ်နေခြင်းလည်း ဖြစ်နိုင်သည်။ ရှေ့တိုးမည့် ဆင် နောက်တလှမ်းဆုတ်နေခြင်းလည်း ဖြစ်နိုင်သည်။ သူကလည်း ငြိမ်နေလိုက်သည်။ ဇာတ်ကောင်သွားလိုသော အသွားနောက်ကို အေးငြိမ့်ညင်သာစွာ သူလိုက်နေခဲ့သည်။ 

ထင်သည့်အတိုင်းပင်။ ဇာတ်ကောင်မှာ မကြာမတင်မှာပင် တစခန်းပြန်ထလာခဲ့ပြီ။ ဇာတ်ကောင်၏ လိုအပ်ချက်ကို သူကောင်းကောင်းသိပါသည်။ သို့ရာတွင် ဇာတ်လမ်းက ခင်းကျင်းနှင့်ပြီးဖြစ်နေသည်။ ဇာတ်ကွက်ကို အဆိုပါဇာတ်ကောင်အတွက် ချိုးချလိုက်ဖို့ သူ့လိပ်ပြာ မလုံပါ။ တခြား ထိခိုက် နစ်နာမည့်သူ ကို သူစာနာရမည်။ သူ့စိတ်ချမ်းသာမှု အတွက် တခြားသူများ၏ စိတ်ဆင်းရဲမှုများကို သူမလဲလို။ လုံးလုံးပစ်ခွာလိုက်ရန် မဖြစ်နိုင်သော ဇာတ်ကောင်ကို ပူးတုံခွာတုံဖြင့်သာ သူကြည့်နေရသည်။
သူတတ်နိုင်သော နည်းလမ်းတခုကို သူ့ငယ်ဘဝ အတွေ့အကြုံဖြင့် ဖြေရှင်းပစ်လိုက်သည်။ ထိုနည်းမှာ ပိတ်ပင်ပစ်လိုက်ခြင်းကလွဲ၍ တခြားမရှိ။ ဇာတ်ကောင်များကို တဖြည်းဖြည်းနှင့် အနည်ထိုင်အေးခဲသွားစေခြင်းဖြင့် သူကိုယ်တိုင်ပဲ အေးစက်မေ့လျော့သွားစေခဲ့သည်။ မည်သူ့ကိုမှ ပြန်ပြောပြမည် မဟုတ်တော့သော ပုံပြင်တပုဒ်အဖြစ် အတိတ်မှာ ထားရစ်ခဲ့သည်။ 

ထိုအခါတွင် သူငယ်စဉ် လူကြီးများ ပိတ်ပင်ခဲ့သည်ကို သွားသတိရသည်။ ငယ်ဘဝတုန်းက ပိတ်ပင်စရာ မရှိပဲ ပွင့်လင်းနိုင်ခဲ့သလောက် ကြီးပြင်းလာသောအခါ စည်းများစွာဖြင့် ချည်နှောင်လျက် ပိတ်ပင်စရာများစွာတို့ကို သူတွေ့လာရသည်။ သူ့ကိုယ်သူကြည့်ရင်း ပိတ်ပင်မှုများကို မုန်းတီးသူဖြစ်လျက် သူကိုယ်တိုင်ကပင် ပိတ်ပင်သူတယောက်ဖြစ်မှန်းမသိ ဖြစ်လာနေသည်။ မှန်ထဲက အရိပ်ကို သူမဟုတ်သလို ပြန်ကြည့်နေမိသည်။ ကျနော် လူကြီးဖြစ်ပြီဟု ပြောချင်သည့် ကာလကို ပြန်တွေးကာ နောင်တတွေ အထွေးလိုက်ရနေပြန်သည်။ အဲ့ဒီကာလကို မရောက်ခဲ့ရင် ငါဟာ ပုံပြင်တွေကို လက်လွတ်စပယ် ပြောနိုင်ဆိုနိုင်ခွင့် ရှိနေဦးမှာပါလားလို့ တွေးစေခဲ့သည်။

ငယ်ငယ်က ကြားနားခဲ့ဖူးသော စဥ့်အိုးများအား သူ့လျှို့ဝှက်ချက်များ ဖွင့်အံလေ့ရှိသော ဘုရင်ကြီးကဲ့သို့ ဘယ်နေရာမှာမှ လုံခြုံမှု အပြည့်မရှိသောလောကကို အရှိအတိုင်းမြင်၍ ပိတ်ပင်ထားသော ပုံပြင်ကို မည်သူ့ကိုမျှ ဘယ်အကြောင်းကြောင့်ဖြင့် ပြောဖြစ်တော့မည် မဟုတ်တော့။ 

အဆိုပါ ပိတ်ပင်ထားခြင်း ခံရသော ပုံပြင်နှင့် သူသည် ရာသက်ပန် မိတ်ဆွေပြုကာ သူသွားရာ နောက်သို့ အပါခေါ်ဆောင်သွားတော့မည်ပင်ဖြစ်သည်။ ကြားနာခြင်း မရှိလိုက်ရသူတို့သည်လည်း ဝမ်းနည်းခြင်း မရှိကြလေကုန်။ သူ့ရင်ကိုခွဲသည့်တိုင် မည်သို့မျှ မြင်ရမည် မဟုတ်သော ပုံပြင်တပုဒ်ကို အနှေးနဲ့ အမြန် မေ့လိုက်ကြရုံသာ ရှိတော့သည် မဟုတ်ပါလား။

26 April 2013

မြန်မာစာသတ်ပုံနှင့် ခေတ်လူငယ်တို့

မြန်မာစာကို စသင်သည်မှာ သူငယ်တန်းမှပင်ဖြစ်သည်။ ကကြီးရေးက ကနေ အ, အမေ တို့တိုင်းပြည် အထိ။ အ,အမေ တို့တိုင်းပြည် ငါတို့ချစ်တဲ့မြေ ဆိုခဲ့သည်မှာ ကြာပြီ။ ချစ်သည်ဆိုသည်မှာ အမျိုးကိုချစ်သော ၀ံသာနုရက္ခိတ တရားဖြင့် ယှဉ်ရာ၏။ အမျိုးကိုစောင့်ရှောက်ခြင်း၊ စာပေယဉ်ကျေးမှုကို စောင့်ရှောက်ခြင်းဖြင့် ကျနော်တို့ လူမျိုးကို မပျောက်ပျက်စေခြင်းငှာ လူတိုင်းမှာပင် တာဝန်ရှိသည်။ ခေတ်လူငယ်တို့ဆိုသည်မှာ လူကြီးတို့၏ တာဝန်များကို ပုခုံးပြောင်းယူရစမြဲ ဖြစ်ရာ အမျိုးကိုစောင့်ရှောက်သော လူငယ်များ သာပင် ဖြစ်သင့်သည် မဟုတ်လော။


အက္ခရာကူးပြောင်းပုံမှ စ၍ ကျနော်တို့ လေ့လာမှတ်သားဖူးပြီးဖြစ်သည်။ မြန်မာစာသည် သူ့နေရာ သူ့စည်း သူ့ကမ်းနှင့်ပင်ရှိပါသည်။ တခြားဘာသာစကားများဖြင့် နှိုင်းယှဉ်လျှင် စကားလုံးကြွယ်ပိုးကြွယ်ဝနိုင်ခြင်းကပင် အတော်လေး အားသာလှသည်။ သတ်ပုံသတ်ရာများကိုလည်း ရှေးလူတို့ ပြဌာန်းထားကြသည်။ မြန်မာသဒ္ဒါကိုလည်း ပဉ္စမတန်းမှ စ၍ပင် သင်ကြားခဲ့ရသည်။ နာမ်ဖြစ်သည် ကြိယာဖြစ်သည် နာမ၀ိသေသနဖြစ်သည်မှအစ ပုဒ်အထားအသို အဆုံး သင်ခဲ့ဖူးသည်။

သို့ပါသော်လည်း လမ်းလွယ်၍လား၊ သင်ကြားမှုစနစ်များကြောင့်လား ခေတ်လူငယ်တို့၏ သတ်ပုံများမှာ မှားသည်ထက်မှားနေသည်ကို တွေ့နေရသည်။ အသို့ဆိုလျှင် ကျနော်ကော မမှားဘူးလားလို့ မေးစရာရှိပါသည်။ ကျနော်လည်း မှားပါသည် မှားတတ်၍ ပိုမမှားအောင် ဂရုစိုက်ရင်း အမှားနည်းဖို့ အားထုတ်နေပါသည်ဟု ဖြေလိုသည်။ ဆရာကြီးလုပ်ချင်၍လည်းကောင်း၊ လူပေါ်လူဇော် လုပ်ချင်၍လည်းကောင်း ရေးခြင်း မဟုတ်ကြောင်းသိစေလိုသည်။

အများအားဖြင့် တသတ်နှင့် ကသတ် အသုံးကို မကွဲသူများ တွေ့ရဖန်များလာသောအခါ ယခုစာကို ရေးမိသည်။ ကျောင်းတက် နှင့် ကျောင်းတတ်၊ စာတက်နှင့် စာတတ်၊ စာဖတ်နှင့် စာဖက် အသံသာတူ၍ စာလုံးပေါင်း မတူကြောင်းကို သတိမမူမိသော ခေတ်လူငယ်တို့ကို ပြုပြင်စေလိုပါသည်။ တက်ကို အမြင့်တက်သော နေရာမျိုးမှာ သုံး၍၊ တတ်ကို တတ်မြောက်ခြင်းဆိုသော နေရာမျိုးမှာ သုံးပါသည်။

အခြားသော သတ်ပုံအမှားများ၊ ပုဒ်အထားအသို အမှားများကိုလည်း တွေ့နေဆဲဖြစ်သည်။ အမှားများကို မြင်ဖန်များလာသော အခါ အမှန်ထင်ပြီး နောက်ပိုင်း အမှန်တွေ အမှားဖြစ်လာမှာကို ကြောက်ပါသည်။ အမှားကို သိသူသည် အမှန်ပြင်ဖို့၊ အမှားကိုမြင်လျှက် ထောက်ပြပေးရဲသူများဖြစ်ဖို့ ကျနော်တို့ လိုအပ်နေသည်။

မြန်မာပြည်ချစ်ကြောင်းကို Facebook ပေါ်မှာ စာတကြောင်း ချရေးမယ့်အစား၊ ထုတ်ဖော်ပြောပြစရာ မလိုပဲ တကယ့် ရင်ထဲက ချစ်ခြင်းမေတ္တာကို တည်ဆောက်ဖို့လိုပါသည်။ အမျိုးကိုချစ်သူ အမျိုးကို စောင့်ထိန်းသူ ခေတ်လူငယ်များ တိုးတက်များပြားစေခြင်းငှာ ဒီစာဖြင့် နှိုးဆော်လိုက်ရပါတော့သည်။

သတ်ပုံများအကြောင်း လိုက်ရှာသောအခါ စိတ်ဝင်စားစရာ စာလေးတပုဒ်ကိုတွေ့ခဲ့ရပါသည်။ အောက်မှာ မူရင်းလင့်နဲ့တကွ ကျနော် ဖော်ပြပေးထားပါတယ်။ အားလုံးပဲ မြန်မာမှန်ကြပါစေ…

မမှားစေလို သတ်ပုံကို ရွတ်ဆို မှတ်သားလိုက်နာမည်

- ဂ ငယ်သံပါ ကရုဏာ ကကြီး နဲ့ပဲ ရေးရသည်။

- သစ်ပင် ချုံနွယ်၊ ချင့်ချိန်တွယ်၊ ချီးကျူးကိုလည်း ပင့်ရသည်။

- စောင်ခြုံကွေးတယ်၊ ခြယ်မှုန်းတယ်၊ ခြယ်လှယ်ကိုလည်း ရစ်ရသည်။

- င ရရစ်မှာ ဟထိုးမပါ၊ ရန်ငြိုးတစ်ချောင်းငင် ရေးရသည်။

- မကြာမီမှာ ဟထိုးမပါ၊ မှီခိုမှာတော့ ရေးရသည်။

- မ ရရစ်မှာ ဟထိုးမပါ၊ မျှားကို မြားလို့ ရေးရသည်။

- လေပြည်ညင်းမှာ ဟထိုးမပါ ပြေကို ပြည်လို့ ရေးရသည်။

- ညည်းညူ ညည်းတွား အရေးအသား ညများနဲ့ပဲ ရေးရသည်။

- ယောက်ျား ရေးရာ ငသတ်မပါ ကကြီးမှာပဲ အသတ်တင်သည်။

- ပစ်လွှတ်၊ ပစ်ခွာ၊ အမှိုက်ပစ်ရာ၊ ရ ရစ်မပါဘဲ ရေးရသည်။

- ဟထိုး ဘယ်မှာ တစ်ချောင်းငင်ညာ လှည့်ကာဆွဲလို့ ရေးရသည်။

- အဆို အမှာ နောက်ဝှိက်မှာ အဆံနဲ့လည်း ရေးရသည်။

- ရ ဆို အဆံနဲ့ပဲ ရစ်ကာဆွဲ ရနှင့် ၇ (ခုနှစ်) ကွဲရမည်။

- ‘မ’ ပါလျှင် ဘဲ၊ မပါပဲ၊ ပဲနှင့်ဘဲတို့ ကွဲပြားသည်။

- လူအချင်းချင်း ချစ်ခင်ခြင်း၊ ချင်းနှင့်ခြင်း တို့ ကွဲပြားသည်။

- တောတောင် စိမ်းလန်း၊ စိတ်စွဲလမ်း၊ စိမ်းလန်း စွဲလမ်း ကွဲပြားသည်။

- တသတ် ကသတ်၊ ထိုနှစ်ရပ်၊ ပညာတတ်မှာ ရောတတ်သည်။

- အပေါ်ကိုတက်၊ တတ်မြောက်လျက်၊ တက်နှင့် တတ်တို့ ကွဲပါသည်။

- ဒေါသ သိမ်းဆည်း၊ အမျက်မကြီး၊ သည်းခံကိုလည်း ‘ည’ သတ်သည်။

- င ရရစ်မှာ ကြော်ငြာလာ၊ ညနဲ့ရေးတော့ သတင်းကြေညာ။

- ကျေးငှက်တွန်ကျူး၊ ယပင့်ကျူး၊ လွန်ကြူးကိုတော့ ရရစ်သည်။

– အကျိုးရလာဒ် ‘ဒ’ ဒွေးသတ်၊ ဆုလာဘ်ကိုတော့ ‘ဘ’ သတ်သည်။

- ဂဏန်းရေတွက် ‘စ’ သတ်ထည့် တစ် နှစ် တ လည်း ကွဲပါသည်။

- ရေးတော့အမှန် ဖတ်အသံ မြန်မာမှန်က သိရမည်။

အထက်ပါ ကဗျာရဲ့ မူရင်းလင့်ပါ https://mandalaygazette.com/135694

23 April 2013

လျှို့ဝှက်သောရဲတိုက်




  
တကယ့်ကို စိတ်ဝင်စားမှုတွေနဲ့ အတိပြီးတဲ့ ရဲတိုက်တခုပါ။ ဒီရဲတိုက်ရဲ့ သမိုင်းကြောင်းတွေကိုက ပါးစပ်ရာဇဝင်တွေနဲ့အတူ အမှန်တရားဟာ ဘယ်ဟာဖြစ်မလဲလို့ ဆုံးဖြတ်ရခက်စေခဲ့တယ်။ နောက်တခုဖြစ်နိုင်တာတော့ ဒီရဲတိုက်ကို လူတွေစိတ်ဝင်စားလာအောင် တစုံတယောက်က ပြုလုပ်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။

ဒီရဲတိုက်ကို သူ့ဇနီးအတွက် ဆောက်ခဲ့တာလို့လည်း ပြောကြတယ်။ အိန္ဒိယက တပ်ဂျ်မဟာလိုမျိုး သူ့ရဲ့အချစ်တွေ သက်သေပြဖို့လို့ဆိုတယ်။ အင်္ဂလန်က ဇနီးကို မလေးရှားကို စွဲဆောင်ခေါ်ယူဖို့ ဆောက်လုပ်တာလည်း ဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီရဲတိုက်ကကြီးကျယ်ခမ်းနားပြီး  ပြီးပြည့်စုံလွန်းနေလို့ပါပဲ။



နောက်ထပ် ယူဆစရာတခုကတော့ သူ့သားအန်ထော်နီအတွက်တဲ့။ ကြွယ်ဝချမ်းသာသူလုပ်ငန်းရှင် တယောက်အဖို့ သူရဲ့အရိုက်အရာကို ခံယူမယ့် သားတယောက် ပြင်းပြစွာ လိုချင်နေခဲ့မှာပါပဲ။ သူတို့ရဲ့ သမီးဦး ဟယ်လင်ရှိပေမယ့် သားယောကျ်ားလေးကိုပဲ လိုချင်နေခဲ့တာ သူ့ရဲ့ရာဘာလုပ်ငန်းခွင်အတွက် အဓိကဖြစ်မှာ။ သားဆုပန်ဖို့ ဟိန္ဒူဘုရားကျောင်းတခုကိုပါ တည်ထားကိုးကွယ်ခဲ့တဲ့အထိ သူ့မှာ ပြင်းပြနေခဲ့လိုက်တာ။ သူ့အပေါ်မှာ လက်အောက်ခံ အိန္ဒိယလုပ်သားတွေရဲ့ ချစ်ကြည်လွှမ်းမိုးမှုကိုလည်း အဲ့ဒီရဲတိုက်ရဲ့ ဗိသုကာလက်ရာကိုကြည့်ရင် အထင်သားမြင်နိုင်တယ်။ သားလေးအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာလို့လည်း ယနေ့ထိ ပြောလို့မဆုံးတဲ့ ရဲတိုက်။


ရဲတိုက်တည်နေရာက ကုန်းမြေမြင့်၊ စမ်းချောင်းလေးက ရစ်ခွေသိုင်းဖွဲ့လို့၊ လမ်းကလည်းသာပါရဲ့။ လက်ရာမှာတော့ အိန္ဒိယ အငွေ့အသက်တွေနဲ့ လွှမ်းခြုံလို့။ ပြတင်းပေါက်ဘောင်တွေ၊ နံရံပေါ်က ပန်းကပ်ပန်းနွယ်ကနုတ်ပန်းတွေကအစ။ အဆောင်ဆောင် အခန်းခန်းတွေနဲ့ဧည့်သည်တွေအတွက် အခန်းတွေ၊ ထမင်းစားခန်း၊ စာကြည့်ခန်း၊ အိပ်ရာအသုံးအဆောင်တွေ ထားသိုရာအခန်း၊ ဝိုင်အရက်အတွက် မြေအောက်ခန်းတွေကအစ စေ့စပ်သေချာတဲ့ ဆောက်လုပ်ခြင်းပါ။ ပိုပြီးဖြည့်စွက်ထားတာက အခန်းတိုင်းမှာ ရှိတဲ့ အရေးပေါ်လှေခါးတွေ၊ ထူးဆန်းလွန်းလှတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်းတွေနဲ့။ ဒီ့ထက်ပိုပြည့်စုံသွားတာက ဓါတ်လှေခါးတပ်ဆင်ထားမှုပါပဲ။ အဲ့ဒီ ခေတ်ကာလ ၁၉ရာစုမှာဓါတ်လှေခါးတပ်ဆင်ဖို့လောက်အထိ ခေတ်မှီလွန်းတဲ့ စိတ်ကူးကိုသူမို့ ရတတ်ပါပေတယ်။
 
ကောင်းလွန်းသွားလို့ပေလား၊ ကျိန်စာများ ရှိသလား မဆိုတတ်နိုင်ဘူး။ ဆောက်နေတုန်းတန်းလန်းမှာပဲ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေ ဖျားနာကြတယ်။ စစ်ကြီးနဲ့အတူ ကပ်ဘေးဆိုက်တယ်လို့လည်း ဆိုနိုင်မလား။ ဝန်ထမ်းကောင်းများစွာကို သူလက်လွတ်ဆုံးရှုံးလိုက်ရတော့တာပါပဲ။ နောက်ဆုံးမှာ ဆောက်လက်စကနေရပ်တန့်ဆဲ ရဲတိုက်ကြီးကို အဆုံးသတ်မသွားနိုင်သူကလည်း သူကိုယ်တိုင်ပဲဖြစ်နေခဲ့ပြန်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်္ဂလန်ကို ခဏပြန်သွားတဲ့ ခရီးမှာ သူဟာ သူ့ရဲ့ ဆောက်လက်စ ရဲတိုက်ကို ဘယ်တော့ မှ ပြန်ရောက်မလာတော့လို့ပါပဲ။ ဟုတ်ပါတယ် နမိုးနီးယားရောဂါနဲ့အတူ သူသေဆုံးသွားခဲ့တယ်။



ဒါပေမယ့် သူဟာ ရဲတိုက်ကြီးရဲ့ ဒုတိယအထပ် ဝရန်တာမှာ ယနေ့ထက်ထိ အမြဲလမ်းလျှောက်နေလေ့ရှိတယ်လို့ တွေ့မြင်ကြသူမြို့ခံတချို့ကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ စိတ်အားထက်သန်စွာ သူဆောက်လုပ်နေတဲ့ ရဲတိုက်ကြီးမပြီးဆုံးခင် သေဆုံးသွားတဲ့အတွက် ဗုဒ္ဓဘာသာ အယူအဆအရဆိုရင် ကျွတ်လွတ်သေးဟန် မတူဘူးထင်ပါရဲ့။
 
နောက်ထပ်ထူးဆန်းတာ တခုက သမီးဟယ်လင်။ ဟယ်လင်ရဲ့ အကြောင်းကို ဘယ်နေရာမှာမှ ဖတ်ယူလေ့လာလို့ မရသေးပါဘူး။ ရဲတိုက်ကြီးတခုလုံးမှာ ဟင်လင်ရဲ့ အခန်းပဲ ပြီးလုနီးနီးရှိတာ။ အဖြူရောင် အခန်းလေးထဲက ဟယ်လင့်ကို သူဝတ်နေကျဂါဝန်လေးနဲ့ ပြတင်းပေါက်မှာ ရပ်နေတတ်တယ်လို့ လူအများက မြင်ဖူးကြတယ်။ ဟယ်လင် ဘာတွေဖြစ်ခဲ့သလဲ။ အသက်ခြောက်နှစ်အရွယ် မိန်းမငယ်လေးအဖြစ်နဲ့ပဲ ဟယ်လင် သေဆုံးခဲ့သလား ဆိုတာ အခုအချိန်ထိ ဒွိဟဖြစ်နေဆဲပါပဲ။
 
ရဲတိုက်ကြီးက မပြီးသေးပါဘူး။ ပြီးသလောက်နေရာကနေ ခမ်းနားမှုကို အတိုင်းသား မြင်နေရရင် အပြီးများသတ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ အလည်ရောက်လာသူအားလုံးကို ဖမ်းစားနေတုန်းပါပဲ။ ပါးစပ်ရာဇဝင်တွေပဲ ဖြစ်ဖြစ်၊ တကယ့်ဖြစ်ရပ်မှန်တွေပဲ ဖြစ်ဖြစ်၊ လုပ်ကြံဇာတ်လမ်းတွေပဲ ဖြစ်ဖြစ်၊ ဗိသုကာအနုပညာများနဲ့ ဒီရဲတိုက်ကတော့ ယနေ့ထက်တိုင် မပြီးဆုံးသေးတဲ့ ပုံပြင်ထဲမှာ ကျကျန်ရစ်ခဲ့တယ်...

22 April 2013

စာမျက်နှာ


ဒီနေ့တနေ့လုံး ကျနော် စာအုပ်တအုပ်ကို သည်းကြီးမည်းကြီးဖတ်နေခဲ့တယ်။ မိုးကလည်း အေးတာမို့ ကော်ဖီတခွက်ရယ် စာအုပ်တအုပ်ရယ်က ရာသီစာ။ ဖတ်တာ ဖတ်နေတာ စာအုပ်ထဲက စာတွေက ဝေးသွားလိုက် နီးသွားလိုက်။ အကြောင်းအရာတွေက ပျော်ရလိုက် ငိုရလိုက်။ ခက်တာက စာအုပ်မှာ အဆုံးသတ်မပါသေးတာ..

အစကတော့ ယဉ်သကို လိုပါ။ စာအုပ်တွေရဲ့ ကျင့်ဝတ်အောက်မှာ ပိပြားလို့။ တချို့စာမျက်နှာတွေက အထပ်ထပ် ပြန်ဖတ်ထားလို့ ညစ်ပတ်ပေတွန့်နေသလို။ တချို့နေရာတွေမှာကျ မျက်ရည်တွေဖိတ်စင်ထားခဲ့ဖူးသလိုလို ရေစိုတဲ့စာရွက် ပြန်ခြောက်ပေမယ့် ကော့နေတဲ့ပုံ။ တနေရာများဆို ဆုတ်ဖြဲထားချင်သလို ဖြစ်နေတဲ့ပုံနဲ့ ကြေမွလို့။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ကျနော်ဖတ်နေဖြစ်ခဲ့တယ်။

ဇာတ်လမ်းဇာတ်ကောင်တွေကို ကျနော်တွေးမိတဲ့အခါ ရုပ်ရှင်ပိတ်ကားတခုလို မြင်ယောင်တယ်။ အသံတွေကိုပါ နားထဲက ကြားယောင်ကြည့်တယ်။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခိုက်အတန့်ဆို ကျနော့လက်နှစ်ဖက်ကိုပါ အမှတ်တမဲ့ ဆုပ်ကိုင်နေလျှက်။ စာအုပ်တခုထဲမှာ ပျော်စရာ ငိုစရာတွေ တင်မဟုတ်ပဲ စိတ်လှုပ်ရှားစရာ ထိတ်လန့်စရာတွေလည်း ပါစမြဲပဲမဟုတ်လား။ အထူးသဖြင့် ကျနော် ဖတ်နေမိတဲ့ စာအုပ်ဆိုပါတော့.

စာတပုဒ်ရဲ့ ဂုဏ်နဲ့လိုက်အောင် အကောင်းအဆိုး အချိုအခါးတွေကိုပါ ထည့်သွင်းထားတယ်။ စာဖတ်တဲ့နေရာမှာ ကျော်ဖတ်လို့ ရပေမယ့် ကျနော် စာရွက်တွေကို ကျော်မဖတ်ခဲ့ဘူး။ ဝါကျတကြောင်းခြင်းရဲ့ နောက်ကို ကျနော် လိုက်နေမိတယ်။ စာမျက်နှာတချို့ဟာ မှားယွင်းခြင်းဆိုတဲ့ အရာကို ထောက်ပြနေတယ်။ ဒီစာအုပ်ကို ဟိုအရင်တချိန်ဖတ်ခဲ့တုန်းက မှားတယ်လို့ မသတ်မှတ်ပေမယ့် နောက်တခေါက်ဖတ်တဲ့အခါ ကျနော်မြင်တဲ့ ရှုဒေါင့်ကြောင့်သော်လည်းကောင်း၊ ကျနော်ကျော်ဖြတ်မိတဲ့ အတွေ့အကြုံတခုကြောင့်သော်လည်းကောင်း အမြင်ပြောင်းလဲစေခဲ့တယ်။ သတ်ပုံမှားတဲ့ စာပိုဒ်တွေ၊ သဒ္ဒါမမှန်တဲ့ စာပိုဒ်တွေကို မြင်တဲ့အခါ ရှေ့ဖတ်ရမယ့် စာတွေအတွက် ရင်လေးလာမိတယ်။ ဒီနေရာလေး အချိုးလေးပြောင်းရေးရင် အတော်လေးကောင်းမှာလို့ တွေးမိပေမယ့် ဒီစာကို ကျနော်ပြင်ခွင့် မရှိပါ။ ကျနော်သည် ဖတ်ရှုရမည့် သူသက်သက်သာ။ ကျနော့အတွက်ပေးထားတဲ့အခွင့်က Read only။

ကျနော့အကျင့်အတိုင်း စာအုပ်ထဲက ပျော်ရွှင်စရာတွေ ဖတ်ရတဲ့အခါ အပြင်ဘက်မှာပါ တချက်တချက် ရီမိတယ်။ အိမ်မှာစာအုပ်ဖတ်ရင် မေက နင်ရူးနေသလား တယောက်တည်း ရီလိုက်မောလိုက်လုပ်နေတယ်လို့ ပြောနေကြ။ ကိုထီးသီချင်းထဲကလို တခါငိုဖူးရင် တခါမက ပြုံးခဲ့ဖူးတာကို မင်းမမေ့လိုက်နဲ့ဦးဆိုတာ ကိုပြေးမြင်မိတယ်။ ဟုတ်တယ်လေ ကျနော်တို့ဆီမှာ ငိုခြင်းရီခြင်းတွေက တသမတ်တည်း ဖြစ်ပေါ်နေတတ်တာမျိုးမှ မဟုတ်တာ။ ရီတခါ ငိုတလှည့် မှောင်တခါ လင်းတလှည့်နဲ့ ကမ္ဘာကြီး ပတ်ချာလည်ခြင်းပဲပေါ့။ အဲ့ဒါ သံသရာတဲ့..

စာအုပ်ထက်ဝက် မကျိုးခင်မှာ ကျနော်ငိုင်ဆင်းသွားပြီ။ ဒီအပိုင်းမှာ အမှောင်ပိုင်းတွေ ပြည့်နှက်လာ။ လူ့စရိုက်တွေကို ပီပြင်အောင် ရေးဖွဲ့ထားတာမို့ အတ္တဆိုတဲ့ အရာတွေကို ပြက်ပြက်ထင်ထင် မြင်ရတဲ့အခါ စိတ်နှလုံးကို တလှပ်လှပ်နေအောင် ခြောက်လှန့်လို့။ တယောက်နဲ့တယောက်ဆိုတဲ့ အရာတွေရဲ့ အရှေ့မျက်နှာစာ ကခုန်မှုတွေနဲ့အတူ နောက်မှာ မမြင်သာတဲ့အရိပ်တွေက ယိမ်းထိုး။ ဟဲ့ ဟိုမှာ ဓါးနဲ့ထိုးတော့မယ် လို့ နှုတ်က မရွတ်မိ,ခင်လေး ဟော ဇာတ်ကောင်တကောင်တော့ ကိစ္စချောရှာပြီ။ ငါနဲ့ငါသာ နှိုင်းစရာဆိုတဲ့ စိတ်တွေကို လိုက်ဖတ်ကြည့်မိရင်း ဟိုးမိုးကောင်းကင်တခုလုံး မည်းမှောင်လေးလံပိန်းပိတ်လို့။

စာပိုဒ်တွေမှာလည်း ပုဒ်ထီးနဲ့ ပုဒ်မ မှားချထားသလား အောက်မေ့ရတယ်။ အမြန်အဆုံးသတ်ချင်လို့ ပုဒ်မ ကမန်းကတမ်း ချထားတာမျိုးဆို ဖတ်ရသူမှာလည်း တကယ့်ကို ကမူးရှူးထိုးနိုင်လှတယ်။ အရမ်းဆွဲဆန့်ချင်တဲ့ အပိုင်းမျိုးကျ ပုဒ်ထီးလေးတွေ မတန်တဆသုံးပြီး ပွတ်ကာသီကာနဲ့။ စာတကြောင်းတည်းကနေ စာပိုဒ်တခုလုံးဖွဲ့မလား ထင်ရအောင် စကားဆက်တွေနဲ့ သိုင်းဝိုင်း။

စာမျက်နှာ တချို့မှာ စာတွေက မှုန်ဝါးဝေသီလို့။ စာလုံးတွေကို ထင်ထင်ရိုက်ပါလို့ ဘေးနားမှာ တေးထားတယ်။ စိတ်ဝင်တစား ရှိနေတုန်းမှာ စာရွက်ကပ်နေတာ၊ ရွက်ကျော်သွားတာမျိုးဆို ဖတ်ရသူအတွက် အတော်လေး ကသိကအောင့်ဖြစ်ပါတယ်။ တော်ပါသေးတယ် ဒီစာအုပ်မှာ ဖတ်မိသလောက် ခုထိတော့ ရွက်ကျော် တခုမှ မပါသေးဘူး။

အတွေ့အကြုံ စွန့်စားခန်း ဆိုတဲ့ အစိတ်အပိုင်းကို ဖတ်ရတဲ့အခါများမတော့  ငါ့တုန်းက ဘယ်လို ဖြတ်ကျော်ခဲ့တာ၊ ငါသာဆို ဘယ်လိုလေး လုပ်လိုက်မှာပဲလို့ ယှဉ်တွေးလေး တွေးနေမိတယ်။ အားမလိုအားမရ မချင့်မရဲ ဖြစ်နေရတာလည်း ပါရဲ့။ ဘောလုံးပွဲကို ဘေးနားက ကြည့်သူတယောက် လက်သီးလက်မောင်းတန်းပြီး ဟိုလို လုပ်လိုက် ဒီလို ကန်လိုက် ဝေဖန်အကြံပေးတတ်ပေမယ့် ကွင်းထဲ ချကြည့် အမောင်တောင်မှန်းမြောက်မှန်း မသိဖြစ်မယ်ဆိုတာ ကျနော့လို လူမျိုးကိုပြောတာပါ။

ကော်ဖီတွေလည်း အေးစက်နေခဲ့ပြီ။ စာမျက်နှာ ကုန်လုနီးပါပေါ့။ ထုံးစံအတိုင်း အခန်းဆက်ဝတ္ထုရှည်ကို စောင့်ဖတ်ရတာမျိုးဆို ကျနော်က စိတ်လက်သိပ်မရှည်ချင်။ ဇာတ်သိမ်းခန်းက ကျနော် လိုချင်သလို ဖြစ်ပါ့မလားရယ်လည်း စိတ်စောနေမိပြန်။ အင်း စာမျက်နှာ တရွက်တော့ လှန်ရပြန်ပေမပေါ့….

14 April 2013

နံရံကြားက မြခြူသံ






မြို့နာမည်ကိုက နံရံတွေနဲ့မြို့ဖြစ်နေခဲ့သည်။  ပတ်ပတ်လည် အရပ်တိုင်းမှာ ကြီးမားမြင့်မားလှတဲ့ နံရံတွေကြောင့် ဖြစ်မည်။ ဟိုးရှေးယခင်က အတော်ပင် စည်ကားသည့်မြို့တော်။ ထူးခြားသည်က ရောက်သည့်နေ့မှစပြီး ကြားနေရသည့် မြခြူသံ။ စည်းချက်နဲ့ အညီ နားမှာ ကပ်ငြိနေသည် မြခြူသံများ…

ဆာရီလှလှ လေးနဲ့ မိန်းမပျိုတွေ့တိုင်း သတိထားကြည့်မိသည်က ခြေထောက်ကိုပင်။ ဘယ်သူ့ခြေထောက်မှာမှ ခြူတို့ အလျဉ်း တပ်ဆင်ခြင်းမရှိကြ။ လက်ကောက်တတောင်ဆစ် ဖုံးအောင်ဝတ်ထားသည်သာ ရှိမည်။ အဆိုပါ မြခြူသံသည် မည်သည့်အရပ်က ထွက်ပေါ်လာသနည်း။ ရောက်စ ညက အိပ်မရမယ့် အတူတူ မထူးဘူးဆိုပြီး ထိုင်စဉ်းစားနေမိသည်။



နာကျင်ဆွတ်ပျံ့ဖွယ်ကောင်းသော အတိတ်သည် အတိတ်ပဲ ဖြစ်သင့်သည် မဟုတ်ပါလား။ စိတ်နှလုံးမှာ တွယ်တာ မက်မောနေဖို့မကောင်း။ အမှန်က နားမှာ ကြားနေရသည်ထက် မသိသည့် အာရုံမှာ ခံစားနေရသည်က ပိုသည်။ ဒဏ္ဍာရီပုံပြင်တို့ကို မိန်းမူးတမ်းမက် ခဲ့သည့် ကျနော့အတွက် တကယ့်ကို မလွယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကို အသက်သွင်း ချင်စိတ်က အခုထက်ထိ ရှိနေဆဲ။



အုတ်နံရံတွေကို မြင်တိုင်း နားထဲမှာ အစဉ်တစိုက် ကြားယောင်နေတာက မြခြူသံနဲ့ သူ့ရဲ့ သနားစဖွယ် အသံ။ သဘင်သည်ဖက်ခွက်စားနဲ့ အရှင့်သား၊ အနူလက်ရယ် ရွှေခွက်ကိုမှ အားမနာဆိုတဲ့ ရှေးခေတ်က သမရိုးကျ အချစ်ဇာတ်လမ်း။ ဒီဇာတ်လမ်းမှာတော့ ပုံမှန်ထက်ပိုနေခဲ့သည်။ ဇာတ်သိမ်းက အထိနာသည့်ဖြစ်ခြင်း။ ကြားလိုက်သည့် ညကစ၍ပင် သနားစိတ်တွေဝင်ပြီး အခုချိန်မှာ မြခြူသံတွေ ထွက်ပေါ်လာတဲ့အထိ စွဲလမ်းနေမိခဲ့တာ။

သူမနာမည်က အန်နကာလီ။ သလဲသီးမှည့်လေးလို ရွှန်းစိုနေတဲ့အလှ။ ဒီအလှကို မှ တပ်မက်သူက အိမ်ရှေ့စံမင်းသား။ ချစ်ခင်နှစ်သက်လွန်းလှလို့ ဧကရီအဖြစ်တောင် မြှောက်စားဦးမယ်ဆိုတဲ့အထိ။ အရပ်ရပ်နဲ့မှအပြည်ပြည် ကြားလို့မှမသင့်တော် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားလွန်းတဲ့ ဒီတိုင်းပြည်မှာမှ ကျွန်ကို ဧကရီမြှောက်မယ်ဆိုတဲ့ အဖြစ်ဟာ ဘယ်လို့မှ မဖြစ်နိုင်။ ခမည်းတော် ဘုရင်မင်းမြတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အပြင် အန်နကာလီကို ထောင်သွင်းအကျဉ်းချပြီး ဖြေရှင်းခဲ့တယ်။

ရလာဒ်ကတော့ ချစ်သူကိုကယ်ထုတ်ပြီး ခမည်းတော်ကို ပုန်ကန်ထောင်ထားခြားနားခြင်းပဲပေါ့။ ငယ်ရွယ်နုပျိုတဲ့သူတိုင်း အချစ်ဆိုတဲ့ အရာတခုနဲ့အတွေ့မှာ အမှားတွေက ထောင်လိုပုံ။ ဖားတုလို့ ခရုခုန်တဲ့အဖြစ်ပါပဲ။ အင်အားကြီးတဲ့ ဘုရင်က အင်အားနည်းတဲ့ အိမ်ရှေ့မင်းသားတပ်ကို အနိုင်ရလိုက်တာပါ။ သားတော်ကို ရွေးချယ်စရာ နှစ်ခုပေးခဲ့တယ်။ ချစ်သူကို အပ်မလား၊ အသက်ကို စွန့်မလားပေ့ါ။ သွေးပူနေတဲ့ လူငယ်အတွေးမှာ ဘာရေးမှ ထည့်မတွက်ခဲ့။ မိမိအသက်ကိုပဲ စွန့်မယ်ဆိုတဲ့ အိမ်ရှေ့စံ။

အချစ်ဆိုတာ ရယူခြင်းလား ပေးဆပ်ခြင်းလား ဘာလား ညာလား အငြင်းပွားစရာပါပဲ။ အန်နကာလီကတော့ ရဲရဲဝံ့ဝံ့ ရှေ့ကိုထွက်လာခဲ့တယ်။ မင်းသားနဲ့ တညတာ အချိန်ကုန်ဆုံးခွင့် နောက်ဆုံးအခွင့်အရေးအဖြစ်တောင်းဆိုပြီး မင်းသားအသက်ကို ကယ်တင်ခဲ့တယ်။

နောက်ဆုံးဆိုတဲ့ အသိက ချစ်သူနှစ်ယောက်ကို အတော်လေး တုန်လှုပ်စေခဲ့မှာပါ။ မျက်ရည်တွေဆိုတာ ခမ်းလောက်အောင် ငိုခဲ့ကြမှာပဲ။ မနက်ရောက်ရင် ထာဝရ ခွဲကြရမယ် ဆိုတာက တညလုံးကို ခြောက်လှန့်နေမှာပါ။

အန်နကာလီရဲ့ ဇာတ်သိမ်းက အတော်လေးကို ဆိုးပါတယ်။ သူ့ကို အုတ်နံရံတွေကြားမှာ……………………အရှင်လတ်လတ် မြုပ်ပစ်ခဲ့တာ။ ရင်နင့်စရာ အန်နကာလီပါပဲ။ အခွင့်များရှိရင် မချစ်ပါနဲ့လား အန်နကာလီရယ်လို့ စိတ်ထဲက တိုက်တွန်းချင်မိတယ်။

အုတ်နံရံတွေကြားမှာ တယောက်တည်း။ ငိုလို့လည်း ဘယ်သူမှ မကြားနိုင်တော့။ အဆိုအကတွေလည်း ပျောက်ကွယ်ကုန်တော့မယ်။

ရှင်ကွဲ ကွဲမယ်ဆိုတာထက် သေသွားတာက ကောင်းပါတယ်လို့လည်း တဖတ်သက် ဆုံးဖြတ်ပေးမိသေးတယ်။ တသက်လုံး ဝေဒနာကို ပိုက်ပြီး တနုံ့နုံ့ နာကျင်နေမှာထက် သေသွားတော့လည်း မေ့သွားတာပါပဲလို့ ဖြေပေးနေမိတယ်။


နံရံတွေကို ထိတိုင်း အန်နကာလီ ဒီနေရာမှာများလား လို့တွေးမိတယ်။ သူ့ဝိဉာဉ်ရှိနေသေးရင် ဆိုတဲ့အသိနဲ့ မြခြူသံတွေကို  စိတ်ထဲမှာ လွှင့်ပေးနေခဲ့မိတာ..အန်နကာလီတယောက် နံရံတွေကြားမှာ ဘယ်လောက်အထိ…..

10 April 2013

ကော်ဖီရနံ့သင်းသော ညနေခင်းတခုဆီသို့

ကော်ဖီကို ငယ်ငယ်တုန်းက ရှိုက်မက်စွဲလမ်းခဲ့ရကောင်းမှန်းမသိခဲ့။ ဘမျိုးဘိုးတူလာခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဖွားက တနေ့ကိုကော်ဖီ ဆယ်ခွက်အထက်ကို သောက်တတ်သည်။ နို့မှုန့်ပုလင်းနဲ့ ကော်ဖီမှုန့်သည် အိမ်မှာပြတ်လပ်သည် မရှိခဲ့။ ရှိလို့လည်း မဖြစ်။ အဲ့ဒီအချိန်တုန်းကတော့ ကော်ဖီကို မက်မက်စက်စက်မရှိပဲ နို့မှုန့််ထဲ သကြားထည့် လျက်နေဖို့လောက်သာ စိတ်သန်နေခဲ့သည်။ ကော်ဖီတပ်မက်မှုသည် ဘယ်အချိန်က ဝင်လာမှန်းမသိလိုက်နိုင်တဲ့ ကုလားအုတ်တကောင်…..



ခေါင်းကလေး ၀င်ပါရစေဦးဆိုပြီး ဝင်လာခဲ့သူမှာလည်း ကော်ဖီမဟုတ်ပြန်။ ကော်ဖီနဲ့ ဆွေမျိုးနီးစပ်တော်သော လက်ဖက်ရည်သာဖြစ်သည်။ နေထိုင်ရာဝန်းကျင်တွင် လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ကြီးတိတိတောင် ရှိခဲ့သည်။ အဲ့ဒီအထဲကမှ လွင်ကဖီး။ မှတ်မှတ်ရရ အတန်းထဲက သူငယ်ချင်း ဇော်သက်တို့ အဖေဆိုင်။ သူငယ်ချင်းဆိုင်မို့ သောက်ရတာ ပိုအားရှိလာသလားမသိ။ စသောက်ဖူးတော့ ချိုဆိမ့်။ လျှာဖျားမှာ စွဲကျန်ရစ်တဲ့ အဲ့ဒီလက်ဖက်ရည်ကို တပ်မက်မိသည်။ နောက်တခေါက် သောက်ချင်တယ် ပြောမိတော့ အိမ်မှာ ဆုံးမပွဲတခု ဖြစ်လိုက်သေးတာ မှတ်မိ၏။ လက်ဖက်ရည်သောက်ခြင်းဆိုတာကို အိမ်မှာ မြင်တဲ့အမြင်က အနုတ်လက္ခဏာအသွင်။ အချိန်ကုန်စေသည် ငွေကုန်စေသည် ကျန်းမာရေးထိခိုက်သည်ပေါ့။

မေ့လောက်ရှိတော့မှ ဦးဘထုံးလက်ဖက်ရည်၊ ပင်လုံလက်ဖက်ရည်တွေနဲ့ တစခန်းပြန်ထသည်။ လူငယ်ဘဝ လက်ဖက်ရည်ဆိုင်နဲ့ ခွေးခြေပုများ၊ ဆိုင်ကဖွင့်တဲ့ ရော့ခ်သီချင်းတွေ။ ပြီးတော့ လမ်းပေါ်မှာ ရာလေးစပေါ့တွေ၊ ပန်းဘိန်းတွေနဲ့ ခြေချင်းလိမ်နေတဲ့ အပျိုမတွေ။ တဆိုင်ပြီး တဆိုင်ထိုင်ရင်း လက်ဖက်ရည်ဆိုင်ထိုင်တဲ့အရသာကို တွယ်ငြိလာခဲ့မိ။ တခါတခါ ဘဝရှေ့ရေးလမ်းကြောင်းတွေ၊ တခါတခါ ဖြစ်ပျက်နေတဲ့ လက်ရှိပစ္စက္ခ။ လက်ဖက်ရည်ကိုတပ်မက်ခြင်းလား ဝိုင်းဖွဲ့ဆွေးနွေးခြင်းကို တပ်မက်ခြင်းလား ဝေခွဲလို့မရတဲ့နေ့ရက်တွေ။

ကျောင်းသားဘ၀တခုလုံးမှာ လက်ဖက်ရည်ကို အချိန်ယူသောက်တာ ရှားပါးစွာ။ သေချာတာတော့ ကော်ဖီမစ်တွေ စလာပြီ။ တနေ့မှာ ငါးထုတ်မကတဲ့ ကော်ဖီမစ်တွေကို ကျနော် ငြိတွယ်နေပြီပေါ့။ ပေါင်ကြော်နဲ့ စူပါက အဲ့ဒီကာလတလျှောက်လုံး ထည်လဲသုံးဖြစ်တဲ့ စကားတွေ။ MCC အောက်က ဆိုင်မှာ မထိုင်ဖြစ်လိုက်နဲ့ ထိုင်တာနဲ့ စူပါမှ စူပါ ပါပဲ။ မှော်ဘီက ၀ါးရုံရိပ်မှာ ထိုင်ဖြစ်တော့လည်း ထမင်းကြော်နဲ့ ကော်ဖီမစ်။ လှိုင်သာယာရောက်တဲ့ အထိ ကော်ဖီမစ်က ပါနေတုန်း။

ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ ၀င်တဲ့အခါ မနက်စာနဲ့ ညလယ်စာတိုင်းမှာ ဒီကော်ဖီမစ်တထုပ်ဟာ မပါမဖြစ်ပါမြဲ။ အလုပ်ထဲက ညီမငယ်တယောက်ကတော့ ကျနော်သွားမစားဖြစ်တဲ့ ကူပွန်တွေကို သူက ကော်ဖီမစ်တွေ ထုတ်ပြီး ရောင်းစားသတဲ့။

ပြင်သစ်စာ သင်တန်းတက်တဲ့အခါ ကျနော်တို့ အတန်းက လူတွေ အတန်းပြီးရင် အိမ်ကို ပြန်လေ့မရှိပါ။ မဟာမြိုင်ကနေ မြေနီကုန်းကို လျှောက်ပြီး ရွှေမှာ ခွေနေတတ်ပါတယ်။ ပြီးရင် တယောက်က အစတခုဆွဲထုတ်ပြီး ၀ိုင်းကြဆွေးနွေးကြ ဝေဖန်ကြနဲ့ တကယ့်ကို ကိုယ်မလုပ်ဖူး၊ မကြုံဖူးပေမယ့် ကြားအသိနဲ့တင် အသိပညာတွေကို အတော်လေးရလိုက်ပါတယ်။ အတွေ့အကြုံဆိုတာမျိုးက ရေနွေးကြမ်းဆယ်အိုးလောက်ကုန်သည်အထိ မပြီးဘူး မဟုတ်လား။

ကော်ဖီဆိုတဲ့ အရာ ပီပီပြင်ပြင် မရောက်ခင်ပျိုးနေတာက အတော်လေးကြာ။ ဒီရောက်တော့ ကျနော့မှာ ကော်ဖီဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု အတော်လေး ကူးစက်နေပါပြီ။ ကျနော်နဲ့ ရင်းနှီးတဲ့သူများက ကျနော်နဲ့ ကော်ဖီဆိုင် မထိုင်ဖူးဘူးဆိုတာ မရှိသလောက်ရှားတယ်။ ကော်ဖီဆိုင်တွေဟာ ဟော်ကာစင်တာတွေလို မဆူညံနေတာကိုက ကျနော့ကို ပိုထိုင်ဖြစ်စေတာပါပဲ။ နောက်ပိုင်း ကျန်းမာရေးအရ လက်ဖက်ရည်ထက် ကော်ဖီဖက်ကို ကျနော် ရောက်သွားတာလည်း တပိုင်း။ ဒီက လက်ဖက်ရည်တွေက ပေါ့ရွှတ်ရွှတ်နဲ့မို့ သောက်လို့ အဆင်မပြေတာလည်း အဓိကပေါ့။

အခုကနေစရင်တော့ ရက်များအတော်ကြာကြာကပေါ့။ ကျနော်တို့ သူငယ်ချင်းလေးယောက် ကော်ဖီဆိုင်တခုမှာ ထိုင်ဖြစ်တယ်။ တယောက်က အမြီးတန်းလန်းနဲ့။ တယောက်ကတော့ အမြီးရှိမရှိ မသေချာ။ တယောက်ကတော့ အမြီးပြတ်။ နောက်တယောက်ကတော့ သူအမြီးနဲ့ကို တွဲလာပါတယ်။ အဲ့ဒီကော်ဖီဝိုင်းလေးမှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အမှုကိစ္စကို ဆွေးနွေးကြတယ်။ တယောက်ကထိုးတော့ တယောက်က ပြန်ကာတယ်။ နောက်တခါ ကန့်ကွက်ကြပြန်တော့ နောက်တမျိုး အဆိုပြုတယ်။ တကယ်တမ်း အိမ်ထောင်ပြုဖို့ အသေချာဆုံးက အမြီးနဲ့လာတဲ့ သူငယ်ချင်း။ မင်္ဂလာဆောင်ဆိုတဲ့ ကုန်ကျစရိတ်တွေကို တွက်ရင်း အဲ့ဒီသူငယ်ချင်းကတော့ ပျော်ကောင်းပျော်နေပေမယ့် ကျန်တဲ့ သုံးယောက်က သက်ပြင်းတချချ ရင်တမမ။

အကျဉ်းရုံး မင်္ဂလာဆောင်ကနေ၊ အကျယ်ကြီးဖြစ်တဲ့ ဆီဒိုးနား၊ ထရိတ်ဒါးတွေအထိ စကားတွေချဲ့ခဲ့ကြသည်။ ဓါတ်ပုံ ဗီဒီယိုတွေက အစ ဘယ်သူရိုက်ထားတာဖြင့် ဘယ်နားလေးလိုတယ်အဆုံး။ မိတ်ကပ်တွေ အဖွေးသားနဲ့ လူမမာရုပ်ဆိုတာမျိုးအထိ ကဲ့ရဲ့တာလည်းပါသည်။ သာစေနာစေရယ်လည်း မဟုတ်ပဲ စိတ်လိုလက်ရရှိတုန်း၊ တွန်းပြောနေကြတာအမှန်။ မိန်းကလေးတွေအတွက် တဘ၀စာအတွင်း ခဏတာ ကြီးကျယ်ခမ်းနားလိုတဲ့  မင်္ဂလာပွဲတွေ အကြောင်းလည်း ပါသည်။

ဒီနိုင်ငံရောက်ပြီးမှ ကျနော်တို့ သူငယ်ချင်းတွေ အားလုံး ဆုံဖြစ်တယ်ဆိုတာ အတော်လေး ပါးရှားလာသည်။ တယောက်နဲ့တယောက် ရထားအ၀င်အထွက်မှာ တိုက်မိဖို့တောင် မလွယ်။ အရှေ့မှာ နေတဲ့သူ၊ အနောက်မှာနေတဲ့သူနဲ့ အလုပ်အားတဲ့အချိန်တွေမှာလည်း ဆိုင်ရာဆိုင်ရာ ကိုယ်စီကိုယ်ငှ အကြောင်းတွေနဲ့ မတွေ့ဖြစ်ကြ။ အခုလို ညနေခင်းဆိုတာမျိုးဟာ ရှားပါး ပါဘိခြင်း။

ကျနော့ ရင်ထဲမတော့ အဲ့ဒီညနေခင်းက ကော်ဖီရနံ့လေးဟာ အခုထိ သင်းနေတုန်းပဲဆိုတာ သူငယ်ချင်းတွေကို သိစေလိုသည်။ အမှတ်ရစေလိုသည်။ ဒီ့အတွက် အဆိုပါညနေခင်းတခုဆီကို ရည်ကာ နောက်ထပ် ကော်ဖီညနေခင်းများ ဆီသို့.....

08 April 2013

ရက်စက်သော အသက်ရှင်နေထိုင်မှုများနှင့် ကျနော်တို့

လူ့ဘ၀အတွင်း သက်ရှင်နေထိုင်ရခြင်းဆိုတာ ရက်စက်မှုတခုနဲ့ ရင်ဆိုင်နေခြင်းပင်။ သူ့အတ္တ ကိုယ့်အတ္တတွေနဲ့အတူ မတူညီတဲ့ ယုံကြည်ချက်တွေနဲ့ ကိုယ်ထင်ရာအမှန်အဟုတ်လုပ်ပြီး သူတပါးကို ရန်လုပ်ပုတ်ခတ်နေကြတဲ့ ယနေ့ လက်ရှိလောကကြီးမှာ အသက်ရှင်ရခြင်းက မိမိကိုယ်ကိုမိမိ ရက်စက်စွာ ဒဏ်ခတ်ခြင်းပင်ဖြစ်မည်။ အားလပ်ရက်တခုမှာ ကြည့်ဖြစ်သော ရုပ်ရှင်တခုက အဆိုပါအချက်ကို ပိုပြီး အတည်ပြုနေခဲ့သည်မှာ အမှန်ပင်။



အိမ်ထောင်နဲ့ကွဲနေလို့ သားကို ရပိုင်ခွင့်တရားရင်ဆိုင်နေတဲ့ လူးကပ်စ်ရဲ့ ထီးတည်းကျန်မှုကနေ စပြီးဇာတ်လမ်းကို သရုပ်ဖော်ခဲ့တယ်။ မူကြိုကျောင်းမှာ အလုပ်လုပ်နေတဲ့ လူးကပ်စ်နဲ့ ခလေးသူငယ်များရဲ့ ဆက်ဆံရေးကို သူတို့ရဲ့ နောက်ပြောင်ရီမောနေခြင်းတွေနဲ့ ဖွဲ့သီတယ်။ အဲ့ဒီအချိန်ထိ လူးကပ်စ်ခေါင်းပေါ်က တိမ်တွေက မည်းမှောင်မလာသေး။

ခလေးတွေအားလုံးထဲမှာမှ လူးကပ်စ်ကို ပိုမိုတွယ်တာနေတာက ကလာရာ။ မိဘနှစ်ပါးရဲ့ လျစ်လျူရှုခြင်းကို ဒီခလေးမဟာ အသက်အရွယ်နဲ့မမျှ အတော်လေးခံရတယ်။ ကလာရာရဲ့ ဖခင်သီယိုကိုယ်တိုင်ကလည်း လူးကပ်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်းတယောက် ဖြစ်နေတာမို့ မေတ္တာငတ်မွတ်နေသူ ကလာရာနဲ့လူးကပ်စ် ဒီနှစ်ယောက်ရဲ့ ကြားမှာ သံယောဇဉ်ဆိုတဲ့ ကြိုးက ပိုပိုပြီး ထင်လာတယ်။

ငယ်ရွယ်နုနယ်တဲ့ ဘ၀မှာ ပတ်ဝန်းကျင်ဆိုတဲ့ အရိပ်က စိုးမိုးပါတယ်။ ပတ်ဝန်းကျင်မှာ ကြားရ မြင်ရတဲ့ အရာတွေဟာ ဒီခလေးငယ်တွေ အားလုံးကို အတုမြင် အတတ်သင်ဖို့ပဲ။ ကလာရာရဲ့ ပတ်ဝန်းကျင်က အရွယ်ရောက်စ အကိုနှစ်ယောက်ဆိုတော့ ကလာရာ ကြားရမြင်ရသမျှဟာ သူ့အသက်အရွယ်နဲ့ မမျှတဲ့ စကားလုံးတွေပါ။

အရိပ်ဆိုတာနဲ့တင် ရပ်တန့်နေရင် ကောင်းပေမယ့် အရိပ်ကနေ သွေးထိုးလှုံ့ဆော်ပြီး စိတ်တွေ ပြောင်းသွားတဲ့အခါ ကောင်းတဲ့အရိပ်ဆိုရင် မထောင်းသာ၊ ဆိုးတဲ့အရိပ်များကြတော့ မီးလောင်ရာလေပင့်သလို အရပ်မျက်နှာအားလုံးကို ဆတူပူစေတော့တာပါပဲ။ အခုလည်း ကလာရာရဲ့ စကားတခုကနေ မူကြိုကျောင်းတခုလုံး မိုးမီးလောင်နေခဲ့ပြီ။ လူးကပ်စ်က ကလာရာ့ကို သူရဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေ ပြခဲ့တယ်ဆိုတဲ့ စကားတခုကနေ မီးခိုးကြွက်လျှောက်ဖြစ်တော့တယ်။ ကလေးဆိုတာမျိုးက တယောက်က ဒါဆို နောက်တယောက်ကလည်း ထပ်တူ လိုက်လုပ်ချင်တာမဟုတ်လား။ ကလေးများအားလုံးက သူတို့ကိုလည်း ပြတယ်လို့ ဆိုကုန်တယ်။

ကလာရာ့အမေကို မူကြိုကျောင်းဆရာမကနေ ခေါ်ပြီးဆွေးနွေးတယ်။ ပြီးတော့ ကျန်တဲ့ ခလေးမိဘတွေတိုင်းကိုရောပေါ့။ သားသမီးဆိုတာနဲ့တင် မိဘတွေက ခေါင်းနားပန်းကြီးသွားပြီ။ ငါ့သားသမီးဆိုတဲ့ အတ္တနဲ့ အရာအားလုံးကို ရင်ဆိုင်မယ်ပေါ့။ တမြို့လုံးက ကလေးမိဘတွေရော ကျောင်းက ၀န်ထမ်းတွေအားလုံးရဲ့ စိတ်ထဲမှာ လူးကပ်စ်ဟာ ရွံ့ရှာစက်ဆုပ်စရာအဖြစ်ကို တမုဟုတ်ချင်း ပြောင်းလဲပစ်လိုက်ကြတယ်။

လူးကပ်စ်က ဘယ်သူ့ကိုမှ လိုက်လံဖြေရှင်းမနေခဲ့ဘူး။ သူ့ရဲ့ အမှန်တရားကို သူရဲရဲကိုင်ထားတယ်။ သူ့လိပ်ပြာသူလုံခဲ့တယ်။ ဒါပေမယ့် သူပထမဆုံး သူ့သူငယ်ချင်း သီယိုရဲ့ ယုံကြည်မှုကို သွားရှာတယ်။ မျှော်လင့်ထားတာနဲ့ တခြားစီပါပဲ။ ပြန်ရလိုက်တဲ့ အရာတွေက နာကျင်ခြင်းသက်သက်တွေ။ ဒါပေမယ့် သူလက်မလျော့ဘူး။

ကမ်းတခုပြိုပြီဆိုရင် အနီးနားက ကမ်းတွေပါ တဖြည်းဖြည်းပြိုလာကြတာမြင်ဖူးတယ်။ အခုလည်း လူတယောက် မကောင်းဘူးလို့ဆိုလိုက်ရင် အဲ့ဒီလူကို ပတ်ဝန်းကျင်တခုလုံးကပါ ၀ိုင်းကျဉ်ကြတယ်။ မကောင်းဘူးဆိုတဲ့ အကြောင်းအရာက မှန်သလား မှားသလားဆိုတာကို ဘယ်သူကမှ မဆန်းစစ်ကြတော့ဘူး။ အဲ့ဒီလူက သူတို့အပေါ်ကောင်းခဲ့သလားဆိုတာတောင်မှ ပြန်လည်သုံးသပ်ဖို့ ဆင်ခြင်တုံတရား မရှိခဲ့ကြ။ ဒီထက်ဆိုးဝါးစွာ အမှားကျူးလွန်သူဖြစ်ခဲ့သည်တိုင် လူလူချင်း စာနာထောက်ထားဖေးမကူညီရမည့်အစား အလုပ်ကရပ်စဲခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းများဖြင့် အသီးသီးအသက ကျူးလွန်ကြပြန်တယ်။

လူးကပ်စ်ရဲ့ ယုံကြည်ချက်က အတော်လေးကို ခေါင်းမာတဲ့ ရပ်တည်မှုလို့ ပြောလို့ရတယ်။ ချစ်တဲ့သူကတောင် ထင်ယောင်ထင်မှား ဖြစ်လာတဲ့အထိ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက အတော်လေးပြင်းထန်နေတာ။ ဒါပေမယ့် လူးကပ်စ်က ကလာရာ့အပေါ်မှာ ထားတဲ့ မေတ္တာကို မလျှော့ခဲ့ဘူး။ သူ့နေရာမှာ ကျနော်သာဆို အတော် ဂြိုလ်မွှေတဲ့ ကလေးဆိုပြီး ဆဲဆိုလွှတ်မိမှာ။

သူဆုံဆည်းဖို့ မျှော်လင့်နေတဲ့ သားပြန်အလာ။ သားကတော့ လူငယ်ဆိုတော့ သည်းခံနိုင်စွမ်း သူ့လောက် မကြီးမား။ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုဆိုတဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်းမဲ့စွာ။ ကလာရာကို သွားပြီး ချဲလင့်လုပ်သည်အထိ သူ့ရဲ့ မကျေနပ်မှုကို မမြိုသိပ်နိုင်ခဲ့။ သူ့ရဲ့မွေးစားအဖေ ဖြစ်သူကတော့ လူးကပ်စ်ရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်မှု အပြည့်အ၀ရှိခဲ့တယ်။ တော်ပါသေးရဲ့ အဲ့ဒီလိုလူ ရှိနေသေးလို့ မဟုတ်ရင် အခုလိုရှင်သန်နေရတဲ့ဘ၀ဟာ သေတာထက် ဘာထူးဦးတော့မှာလဲ။

ကျနော့စိတ်နှလုံးမှာ အနာကျင်ဆုံး အခန်းနှစ်ခန်းရှိတယ်။ တခန်းကတော့ supermarket မှာဈေးဝယ်တဲ့အခန်းပါ။ လူးကပ်စ်လို လူယုတ်မာကို မရောင်းချင်ဘူးဆိုပြီး ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြတာများ၊ ကျနော်သာ ဇာတ်လမ်းထဲဝင်လို့ရရင် အဲ့ဒီလူတွေကို ၀င်ပြီး တခုခုလုပ်ချင်စိတ်တောင်ပေါက်လာတဲ့အထိ။ နောက်တခန်းကတော့ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်တဲ့ လူးကပ်စ်ရဲ့ အဖော် ခွေးကလေးကို သတ်ပစ်ကြတဲ့အခန်းပါ။ တကယ့်ကို ဆိုးဝါးရက်စက်လွန်းတဲ့ ပတ်ဝန်းကျင်ပါပဲ။

အကျေနပ်ရဆုံး အခန်းကတော့ ဘုရားကျောင်းမှာ သီယို့ကို စိုက်ကြည့်နေတဲ့ အခန်း။ အပြစ်မဲ့တဲ့သူတွေဟာ ဘယ်သူနဲ့မဆို မျက်ဝန်းချင်း ရင်ဆိုင်ဖို့ မကြောက်ဝံ့ကြပါဘူး။ လူးကပ်စ်ရဲ့ မျက်ဝန်းကို ရင်ဆိုင်ဖို့ လွဲလို့ သူ့ခေါင်းကို ထုနှက်တာတောင်မှ ပြန်မလုပ်ဝံ့တဲ့ သီယို့ရဲ့လိပ်ပြာမသန့်မှုကို မြင်ရတဲ့အခါ တကယ့်ကို နှစ်ထောင်းအားရဖြစ်မိစေတယ်။

လူ့လောကဆိုတာ အခုလိုမျိုး ရှုပ်ထွေးပွေလီနေတတ်ပါတယ်။ အသက်တရာမနေရပေမယ့် အမှုတရာပွေရတတ်တယ်။ တရားခြင်း မတရားခြင်းဆိုတာ မိမိလက်ထဲမှာထက် တခြားလူတွေရဲ့ လက်ထဲမှာ ရှိနေတတ်တာမျိုး။ ကိုယ်ချင်းစာတယ်ဆိုတာ နှုတ်ဖျားက မိတ်ဖြစ်ဆွေဖြစ်စကားမဖြစ်သင့်ဘူး၊ သူ့ရဲ့ဖိနပ်ကို ၀င်စီး၊ သူ့ရဲ့ ရင်ဘတ်ကို ခဏ၀င်ပြီး အပူအအေးဟူသမျှကို ထပ်တူဝေမျှခံစားကြဖို့ပါ။ လူးကပ်စ်ရဲ့ အမှုကို စာဖတ်သူတွေကရော ဘယ်လို ဆုံးဖြတ်ပေးကြမလဲ။ ကျနော်ရေးတဲ့အပေါ်ပဲမူတည်ပြီး လူးကပ်စ်ဖက်က လိုက်မလား။

ဇာတ်ကားအဆုံးမှာ ကျနော့စိတ်ထဲကျန်ရစ်ခဲ့တာတော့ ကျနော်တို့ အသက်ရှင်နေထိုင်နေတာ ရက်စက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောကတခုဆိုတာပါပဲ…

07 April 2013

မြို့ဟောင်းတနေရာ


"နန်းရတုကို ၊ ဇမ္ဗူသခင် ၊ မရွှင်တင့်တောင်း ၊ ရန်ညောင်းပယ်နွံ ၊ သိကြားစံသို့ ၊ မင်းဝံရွှေတောင် ၊ တပြောင်သည် ၊ ဖြာရောင်မကျွန်းလှည့်လေသလော….."


တံတားများကိုကျော်ဖြတ်ပြီးသကာလ ဒီမြို့ဟောင်းကို ရောက်ဖြစ်တယ်။ အဟောင်းအမြင်းတွေနဲ့အတူ နာကျင်စရာအကြောင်းတွေဟာ တိုက်ခတ်တဲ့လေမှာ ကပ်ကပ်ပြီးပါလာဆဲ။ သမိုင်းဆိုတဲ့ အရိပ်ထဲမှာ ဒီမြို့ဟောင်းဟာ ယနေ့တိုင် ကြွင်းကျန်ရစ်လျက်။







ပထမဆုံး လေးထပ်ကျောင်းက ကျနော့ကို စတင်နှုတ်ခွန်းဆက်တယ်။ ပြိုကျ ပျက်စီးနေပေမယ့် ခမ်းနားခဲ့တဲ့ အတိတ်ကို မဖုံးဖိနိုင်ခဲ့ဘူး။ သာသနာရောင်ဝါ နေလိုလလိုထွန်းလင်းခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ သက်သေကောင်းတွေပါပဲ။






ရှေးတုန်းက အခုခေတ်ကျနော်တို့လို စာသင်ကျောင်းတွေ မရှိတဲ့အခါ ဘုန်းကြီးကျောင်းတိုက်တွေဟာ စာသင်ရာ၊ စာအံရာ အရပ်ဖြစ်ခဲ့တယ်။ မင်းကစလို့ လေးစားကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတွေဟာ အမွမ်းအပြောက်တွေနဲ့ လူတဖက်စာမကတဲ့ ကျွန်းတိုင်တွေနဲ့ ယခုထက်တိုင် ဟိတ်ဟန်ကြီးမားစွာ။

နာမည်ကျော်ဗားကရာကျောင်းကို သွားဖို့ အခုလို မြင်းလှည်းတွေနဲ့ မြိုင်ဆိုင်စွာ။ ဝင်္ကဘာအစရှိတဲ့ ဘုရားတွေဟာ ရေဝန်းဝိုင်းလို့ ဧည့်သည်တွေကို အလည်လာဖို့ ဟန့်တားထားကြသလို၊ ဗားကရာသွားတဲ့ လမ်းဟာလည်း ရေကျော်ပြီး ဖြစ်လို့ နွံက တတောင်လောက်မကတဲ့ နေရာတွေမှအများကြီး။ လမ်းကလေးများ ဖြောင့်အောင် ဆောက်ပေးရင် ကျောင်းအဝင်ဝမှာ ကောက်တဲ့ ဝင်ကြေးတွေ အများကြီး ပိုရလာမယ်ဆိုတာ မသိလေသရော့လား။





ဧရာဝတီမှာ မေးတင်ထားတဲ့ ဆင်ကျုံးကို ရောက်တယ်။ အမြှောက်နှစ်လက်ဟာ အသုံးမပြုရပါပဲ အရှံုးပေးလိုက်ရတဲ့အတွက် အံကြိတ်လျက်ရှိကြတယ်။ ကတော့တွေထိုးနေတဲ့ ဧရာဝတီကို ငေးမိတယ်။ ကျံုးကြီးကတော့ ရေခပ်ဆင်းတဲ့သူတွေအတွက် ရွှံ့ဗွက်ထဲကနေ ရှောင်ဖယ်ဖို့ ကယ်တင်ရှင်ဖြစ်နေမြဲ။

မြို့ရိုးကို မြင်တဲ့အခါ မြို့ဟောင်းတခုမှ ဟုတ်ပါလေစရယ် မှတ်တယ်။ နီလျက် ခိုင်လျက် ထုနဲ့ထည်နဲ့။




မြို့ဟောင်းတခုလုံးမှာ စိတ်အဝင်စားဆုံးက မဟာအောင်မြေဘုံစံ။ ပန်းရံပန်းတမော့ ဆိုတဲ့ မြန်မာ့အနုပညာတွေကို တွေ့မြင်ရမယ်။ ကျောင်းပြင်ပ အရောင်ဟာ အဝါရောင်ပြေပြေ။






ကျောင်းတွင်းနံရံတွေကတော့ ဖြူလွလွ။






သမိုင်းမှာ မှတ်တိုင်လိုဖြစ်ကျန်ခဲ့တဲ့ အလင်းခန်း အမှောင်ခန်းတွေဟာ မဟာအောင်မြေဘုံစံရဲ့ အနှစ်သာရ။ မယ်နုနဲ့မောင်အိုရဲ့ ဖောက်ပြန်တဲ့နေရာတွေလို့ ပြောလိုပြော၊ မင်းညီမင်းသားတွေကို လုပ်ကြံသတ်ဖြတ်တဲ့ နေရာတွေလို့လည်း ဆိုကြတယ်။


အကြိုက်ဆုံးက တံတားနှစ်ခုကို ယှဉ်ပြီး မြင်ရတဲ့ မြင်ကွင်း။ အဟောင်းနဲ့ အသစ်ဟာ အခုလို လှပစွာ ရှိကြတယ်။

အရိပ်ထိုးနေတဲ့ အုတ်ကျောင်းကို မြင်ရတော့ နေဝင်သွားတဲ့ မယ်နုရဲ့ နောက်ဆုံးခရီးကို အမှတ်ရတယ်။ ဆရာတော်ဘုရားရဲ့ ဆုံးမသြဝါဒကို ခံယူရင်း ခြေလှမ်းတွေကို တရားနဲ့ လှမ်းသွားတာပဲဖြစ်မှာပါ။





နောက်ဆုံးကြည့်စရာအဖြစ် နန်းမြင့်မျှော်စင်ကိုပဲ ရွေးထားတယ်။ ဧည့်သည်တွေအတွက် လုံခြုံမှု မရှိလောက်အောင် ကြံ့ခိုင်မှုများ ပျက်ယွင်းနေခဲ့တာမို့ အပေါ်ကို တက်ပြီး မြို့ဟောင်းတခုလုံးကို ကြည့်ခွင့် မရခဲ့ဘူး။ နောက်တချိန်တော့ တက်ခွင့်ရတန်ကောင်းရဲ့။

ချစ်ခြင်းငယ်ပြိုင်၊ မြစ်မင်းပိုင် အဏ္ဏဝါက၊ ပြန်တရာကဲ။

ယွန်းစေဝသုန်၊ ငွေဝန်းသော်တာယုန်သို့၊ ကမ္ဘာကုန် ကျယ်သရွေ့ငယ်မှာ၊ ဘယ်မေ့လိမ့်လည်း”….ဆိုတဲ့ မမြလေးရဲ့ အသံဟာ နာကြည်းစရာ အတိတ်တွေနဲ့အတူ ကျနော့ကို မြို့ဟောင်းကနေ နှင်ထုတ်ခဲ့ပါတော့တယ်…

04 April 2013

ဘ၀



ခါးသက်ခြင်းဆိုတဲ့ အသီးတွေစားရင်း

တနေ့တခြား ကြီးပြင်းနေခဲ့တယ်

မိုင်တွေဟာ ရှည်သလောက်

လမ်းမီးတိုင်က မလောက်ငှ

လမ်းညွှန်ဆိုင်းဘုတ်တွေနောက်မှာ

ဖိနပ်ပါးအောင်လျှောက်လိုက်ရင်း

ပါးတွေဟာ ဖောင်းလာလိုက် ပြားသွားလိုက်

အချိုဆုံးဆိုတဲ့ တဒင်္ဂကိုရဖို့

ရင်းလိုက်ရတဲ့ အရာတွေက

ပင်လယ်တခုထက် မကတော့

လေမလာတဲ့အရပ်မှာ

ရွက်တွေကိုလွှင့်ရင်း

ခရီးအကြုံ မေခလာဆိုတာ မလာရင်တောင်

အိပ်နေတဲ့ ကျောက်ဖျာ အမှန်ဖြစ်ဖို့ထက်

လာရပ်တဲ့ ရထား ဖုတ်သွင်းမသွင်းက

အခုအချိန်မှာ အဓိက

အဲ့ဒါတကယ့် ဘ၀ပဲ…..

01 April 2013

ဟင်းလင်းပြင်တခုအကြောင်း

လက်တကမ်းမှာမရှိပေမယ့် နီးနေကြမှန်းသိပါတယ်။ မှန်တချပ်တောင် ကာထားတာမရှိလည်း ကျနော်တို့တွေကြားမှာ ဟင်းလင်းပြင်တခုရှိနေခဲ့တယ်။ ခင်ဗျားသိပါတယ် အဲ့ဒီဟင်းလင်းပြင်အကြောင်းကို…

အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ ဒီဇာတ်လမ်းကို စခဲ့တာ ကျနော်ဆိုပါတော့။ ဟုတ်တယ် ခင်ဗျားဘက်က ယိုင်နဲ့မှုပမာဏကို ကျနော် မပြောလိုဘူး။ ပြောလည်း မပြောသင့်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားဟာ ကျနော်မဟုတ်လို့ပဲ။ တခါတလေ ကျနော်က စကားအပြော မတတ်ဘူး။ ပြောနေရင်းနဲ့ ပတ်ချာတွေ လည်နေတယ်။ ကျနော်ပြောချင်တာက ကျနော့အကြောင်းပဲ။ ဒါမှ ပြည့်စုံတိကျမှုရှိမယ်။

ဆိုပါတော့ ဟင်းလင်းပြင်တခုရှိတယ်။ ကျနော်က ဟင်းလင်းပြင်ထဲကို ရောက်သွားတာ။ မဟုတ်သေးဘူး ကျနော်က ၀င်သွားခဲ့လိုက်တာပါ။ ကျနော်ကလွဲရင် ဘာဆိုဘာမှ မရှိတဲ့နေရာတခုပေါ့။ ကျနော်ပျော်ပါတယ်။ သေချာတယ် ခင်ဗျားတို့ ပျော်မှာမဟုတ်ဘူး။ ကျနော့လိုလူမျိုးက ကျရာရောက်ရာအရပ်မှာ အပင်ပေါက်တတ်တဲ့ ရွက်ကျပင်မျိုးပါ။ အမှီအတွယ်နဲ့တွေ့ရင် အမှီအတွယ်နဲ့ပျော်တတ်သလို၊ တပင်တည်းဆိုတော့လည်း တပင်တည်းကျဲတတ်တာမျိုး။ ဘာမှမရှိတော့လည်း ဘာမှ မရှိတာမျိုးကို ပျော်နေပြန်ရော။ ခင်ဗျားတို့ရော အဲ့လို့အခြေအနေမှာ ပျော်မယ်ထင်သလား။

အဲ့ဒီဟင်းလင်းပြင်တခုမှာ ကျနော်နေတယ်။ ဘာဆိုဘာမှမရှိသလို ဘယ်သူဆို ဘယ်သူမှလည်း မရှိဘူး။ ကျနော်ပျော်နေတုန်းပဲ။ မရှိခြင်းဆိုတဲ့ အရသာက အတော်လေး နေသာထိုင်သာရှိတယ်။ ရှိခြင်းဆိုတဲ့ ဒုက္ခကို ခံစားပြီးရင် မရှိခြင်းရဲ့ ရသကိုခံစားကြည့်ပါ။ အချိန်ဆိုတဲ့ကန့်သတ်ချက်တွေ၊ တိုင်းတာမှုပုံစံတွေပါ မရှိတဲ့အခါ ကျနော်ဘယ်လောက်ကြာကြာ နေခဲ့မှန်း သတိမထားခဲ့မိဘူး။ နှိုးစက်တွေ၊ သတိပေးအတိုင်းအတာတွေနဲ့ လွတ်ကင်းတဲ့ဘောင်တခုထဲမှာ စိတ်ရှိတိုင်း မျောနေခဲ့တယ်။

တကယ်က အားလုံးကို မေ့သွားတာ။ စိတ်မရှိနဲ့နော်။ ခင်ဗျားကိုလည်း ကျနော်မေ့သွားတယ်။ ခင်ဗျား ဘယ်သူလဲလို့ ကျနော် ပြန်မမေးချင်ဘူး။ အသိတယောက်ပေါ့။ ဟိုတုန်းက သိခဲ့ဖူးတယ်။ လုံလောက်ပြီ။ ခင်ဗျားကို ခင်ဗျားသေချာသိတယ်ဆို ကျနော့ကို မိတ်ဆက်မပေးပါနဲ့။ ဒီနည်းက အခင်အမင်ပြတ်စေတယ်။

မရီနဲ့။ ဟာသမဟုတ်ဘူးဗျ။ အတည် အတည်။ စိတ်ရှိတဲ့အတိုင်း ပြောပါ။ ခင်ဗျားတို့ ဟင်းလင်းပြင်ကို ကြိုက်သလား။ ကျနော်ကရော ဟင်းလင်းပြင်မှာပဲ ပျော်နေသင့်တယ်မဟုတ်လား။ ခင်ဗျားလည်း မရှိဘူး။ ကျနော်လည်း မရှိဘူး။ ကဲ ဘယ့်နှယ့်လဲ…