Showing posts with label Sri Lanka. Show all posts
Showing posts with label Sri Lanka. Show all posts

05 April 2020

လင်္ကာဒီပ, နီဂွန်ဘို



နေ့လည်စာစားပြီးတာနဲ့ နီဂွန်ဘိုဆိုတဲ့ နောက်ထပ်ကမ်းခြေတခုကို ဦးတည်လာကြတယ်။ ကိုလံဘိုနဲ့ မနီးမဝေး လေဆိပ်နဲ့ မိနစ်နှစ်ဆယ်အဝေးဆိုတော့ ဒီကမ်းခြေဟာ ခရီးစဉ် အဆုံးသတ်သူတိုင်းရဲ့ တညနားခိုရာပါပဲ။


နီဂွန်ဘိုမရောက်ခင် လမ်းမှာ ကာကာဝင်ဆွဲကြသေးတယ်။ အဆောက်အဦးပုံစံ ကြည့်ရင် အနောက်တိုင်းများ ရောက်နေသလားပါပဲ။ ဝန်ထမ်းနဲ့ ဆားဗစ်ကတော့ အတူတူူပါပဲ လူများပြီးပွဲမစည်တဲ့ ဆိုင်ပါ။ မှာတာရော ပိုက်ဆံရှင်းတာရော အတော်လေးကြာပါတယ်။ 

ကော်ဖီသောက်ပြီးတာနဲ့ ဟိုတယ််ကိုတန်းပို့တယ်။ ခရီးရှည်တောက်လျှောက်မို့ ဘယ်မှ ထပ်မသွားချင်တော့ပဲ ဒီနေ့ကိုတော့ ကောင်းကောင်း အနားယူကြမယ်။ လင်္ကာဒီပက ဟိုတယ်တွေဟာ တခုခုတော့ တခုခုပဲ။ အခန်းဘွတ်ကင် တင်ထားတာကို မပေးပဲ သူတို့ ပေးချင်တဲ့ အခန်းကို ပေးတယ်။ ဟိုတယ်က အိမ်လိုလို အဆောင်လိုလိုပါ။ အခန်းကတော့ သုံးယောက်ခန်းမို့ အတော်လေးကို ကျယ်ပါတယ်။ ရေချိုးခန်းတခန်းတင် ကျနော့အိပ်ခန်း တခန်းစာလောက်ရှိမယ်။

ညနေ နေစောင်းတာနဲ့ နီဂွန်ဘို ကမ်းခြေကို ရေသွားကူးကြတယ်။ ဟိုတယ်လမ်းကြားထဲကနေ လမ်းမပေါ်ကို ဖြတ်ပြီး ဖိုက်စတား ရီဆော့တွေရဲ့ နောက်ကို လျှောက်သွားရင် ကမ်းခြေကို ရောက်တယ်။ ကမ်းခြေမှာ ရေကူးတဲ့သူ ဆော့ကစားနေတဲ့ သူတွေနဲ့ အပြည့်။ စပိဘုတ်တွေကို ရေထဲကနေ သဲသောင်ပေါ်အထိ အရှိန်နဲ့ ထိုးတက်တာကို တအံ့တဩကြည့်ငေးကြရတယ်။



နေမဝင်ခင် ရေကူးတယ်။ နေစကျလာတာနဲ့ ထိုင်ပြီး နေဝင်တာကိုဓါတ်ဆွဲတယ်။ ရိုက်နေရင်းနဲ့မှ ရဲဘော်ရဲဘက် ၇၅-၃၀၀ မရှိတော့ကို တမ်းတမိပြန်ရော။ နေဝင်ပြီးသွားရင် အရောင်ပြောင်းသွားတဲ့ ကောင်းကင်ဟာ သိပ်ကို လှပတယ်။ အနီကနေ လိမ္မော်၊ လိမ္မော်ကနေ ခရမ်းနု၊ ခရမ်းနုကနေ အပြာရင့် အဖြူဖျော့ စသည်ဖြင့် တဖြည်းဖြည်း ဆေးစပ်ချသွားတာ သဘာဝအလှတရားပါ.

လမ်းတဖက်ကို ပြန်လာတော့ လမ်းထိပ်က စားသောက်ဆိုင်မှာ စနည်းနာတယ်။ ဆိုင်ခပ်သေးသေးလေးပဲ စားတဲ့သူက ကျနော်တို့ပဲရှိတယ်။ ဂဏန်းထပ်စားချင်တာနဲ့ မှာတယ်။ အသွားတုန်းက မေးထားတာမို့ ချက်တဲ့သူလည်း သူတယောက်တည်းပဲဆိုတာ သိရတယ်။ ခပ်ပြည့်ပြည့် အပြုံးချိုချိုဆိုတော့ ယုံယုံကြည်ကြည်နဲ့ ထိုင်စောင့်ကြတယ်။ တကယ်တမ်း ဟင်းတွေလာတဲ့အခါ တကယ့်ကို အံ့ဩစရာ။ လမ်းဘေးဆိုင်သေးသေးလေးက ဟင်းချက်တဲ့သူလက်ရာဟာ ဟိုတယ်က ဟင်းချက်တဲ့လက်ရာ ဟင်းပွဲပြင်တဲ့ အခင်းအကျင်းနဲ့ပါ။

ဟိုတယ်ပြန်ရောက်တော့ ဓါတ်ပုံတွေကူးရင်း ကျနော် အတော်လေး အိပ်ငိုက်နေပြီ။ မကြာခင်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တာ။ မနက်မိုးလင်းတာနဲ့ မနက်စာစားပြီး ကားဆရာကို စောင့်ကြတယ်။ ကားဆရာလာတာနဲ့ လေဆိပ်ကို ဆင်းတယ်။ လေဆိပ်တန်းစီရတာ အချိန်နည်းနည်းယူတာမို့ ခပ်စောစောဆင်းကြတယ်။ လေဆိပ်ထဲက ဆိုင်တွေမှာ စျေးဝယ်ရင်း သပ္ပါယ်ဖို့ကောင်းတဲ့ ဘုရားတဆူပင့်လာတယ်။

ဒီခရီးဟာ ကျနော်ကြိုက်နှစ်သက်တဲ့ ရှေးဟောင်းမြို့တွေ၊ ဘာသာရေးဆိုင်ရာတွေ၊ တောင်တက်ခရီး၊ ပင်လယ်ကမ်းခြေ စသည်ဖြင့် ပြည့်စုံတဲ့ ခရီးတခုဖြစ်ခဲ့တယ်။ အရသာရှိတဲ့ အစားအသောက်တွေလည်း ထပ်မံဖြည့်စွက်တော့ အရမ်းကို နှစ်ခြိုက်နေခဲ့ပြီလေ။ အခုအချိန်ထိ ပြန်တွေးရင် နောက်တခေါက်ထပ်ပြီး သွားဦးမယ် စားဦးမယ်လို့ တေးထားမိနေခဲ့တာ....

စာကြွင်း။ ။ကျနော်တို့ ပြန်ပြီး သိပ်မကြာခင် သီရိလင်္ကာ ဗုန်းခွဲတိုက်ခိုက်မှု ဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အဦးများနဲ့ လူသူအများအပြား သေကြေပျက်စီးခဲ့ကြရတယ်။ ခရီးသွားလုပ်ငန်းလည်း အတော်အတန်ကို ထိခိုက်စေခဲ့တယ်။ သိပ်လှတဲ့ အေးချမ်းတဲ့ ဒီနိုင်ငံမှာ ရုပ်ဆိုး အကျည်းတန်စေတဲ့ အဖြစ်အပျက်တွေ ဖန်တီးတဲ့ တယူသန်တိုက်ခိုက်သူတွေကို ဒီပို့စ်ကနေ လုံးဝဆန့်ကျင်ရှုံ့ချပါတယ်။

02 April 2020

လင်္ကာဒီပ, တန်ဂါလီနဲ့ ဂေါ


တည်းတဲ့ နေရာကနေ check out လုပ်ပြီးတဲ့အထိ ကားသမားက ရောက်မလာသေးဘူး။ သူနောက်ကျမယ်ဆိုတာ နောက်ထပ်တနာရီခွဲလောက်ကြာမှ ရောက်လာတော့တယ်။ မနေ့ညက ဧည့်သည်ကို ကိုလံဘိုလေဆိပ်ပို့ပြီး ကိုလံဘိုကနေ မနက်အစောကြီးအယ်လာကို ပြန်မောင်းလာတာတဲ့လေ။ ဒီကားသမားက ယဉ်ကျေးပုံရသလို စကားပြောလည်း ရည်မွန်ချေငံတယ်။

အထုတ်တွေတင်ပြီးတာနဲ့ ခရီးစဉ်စတယ်။ မနေ့က မသွားဖြစ်တဲ့ ရေတံခွန်ကို မဝင်ဖြစ်တော့ဘူူး။ အချိန်က မလောက်တော့ဘူး။ ကားသမားက ကျနော့ခရီးစဉ်ထဲ မပါတဲ့ ရေပူစမ်းတခုကို လိုက်ပို့ပေးတယ်။ ဝင်လေ့လာရင်း ခြေလက်ဆေးဖြစ်ကြတယ်။ ဒေသခံတွေကတော့ အပြိုင်အဆိုင် ရေချိုးနေကြတာမြင်တော့ ထားဝယ်တုန်းက ရေပူတွင်းကိုပြန်အောက်မေ့မိတယ်။





ခရီးတော်တော်ဝေးဝေးသွားပြီးတဲ့အခါ တန်ဂါလီကိုရောက်တယ်။ နေ့လည်စာကို တန်ဂါလီရောက်မှ စားကြမယ်ဆိုပြီး နောက်ကျခံစောင့်လာကြတာ။ တန်ဂါလီမှာ ရှားရှားဆိုတဲ့ ဆိုင်ကို လိုက်ပို့ခိုင်းတယ်။ ရီဆော့တခုရဲ့ ဘေးနားမှာ လမ်းကဆုံးသွားတယ်။ ဘယ်ဆက်သွားရမလဲ မသိ ဆိုင်လည်း မတွေ့ဖြစ်နေတာနဲ့ ကားသမားက ဆိုင်ကို ဖုံးလှမ်းဆက်တဲ့အခါ ဆိုင်က ခဏစောင့် သူတို့လာကြိုမယ်တဲ့။ တကယ်လာခေါ်တော့ ဆိုင်ကိုသွားဖို့ ဖိုင်ဘာလှေနဲ့ လာခေါ်တယ်။ အတွေ့အကြုံအသစ်ပေါ့။ ဆိုင်က ခပ်သေးသေးပဲ ရတဲ့ မီနူးက ဒီနေ့ရတဲ့ ပင်လယ်စာပေါ်မှာပဲ အခြေခံထားတယ်။ အကြွေးဝယ်ကဒ်နဲ့တော့ ရှင်းလို့မရဘူး ငွေသားပဲ လက်ခံပါတယ်။ ပုဇွန်ငါးနဲ့ ကင်းမွန်မှာ ပြီးတဲ့အခါ ဆိုင်အရှေ့က ကမ်းခြေမှာ ဓါတ်ပုံဆင်းရိုက်တယ်။ လူသိပ်မများဘူး။ ကမ်းခြေက အတော်လေး လှပသာယာတယ်။ မောလည်း မော ဗိုက်လည်း ဆာတော့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ ဟင်းတွေဟာ အရသာပိုရှိနေသလား မသိပါဘူး။ ခံတွင်းတွေ့တွေ့နဲ့ အပီအပြင် တွယ်ကြတယ်။

တန်ဂါလီကနေ ဂေါကို အတော်လေး မောင်းရတယ်။ လမ်းတလျှောက် အိမ်တွေရွာတွေ မြို့တွေဟာလည်း သေသေသပ်သပ်ပဲ။ လမ်းမှာလင်္ကာဒီပရဲ့  အမှတ်အသားဖြစ်တဲ့ ငါးမျှားပုံဆန်းဆန်း ကိုဓါတ်ပုံဆင်းရိုက်ကြတယ်။ အင်းလေးက ငါးဖမ်းသူ ငွေရှာသမားတွေလိုပါပဲ သူတို့တွေလည်း ဟန်ပြသပ်သပ် ငွေတောင်းတဲ့သူတွေ။ ငါးရာလား တထောင်လား ဓါတ်ပုံရိုက်ဖို့ ပေးရပါတယ်။


ဂေါဟာ ရှေ့ဟောင်းဆိပ်ကမ်းမြို့ တမြို့ဖြစ်ပြီး ဒတ်ချ်ယဉ်ကျေးမှု ဖုံးလွှမ်းခဲ့တဲ့ အဆောက်အဦးဟောင်းတွေကြောင့် ခရီးသွားတွေကို စွဲဆောင်ထားတာပဲဖြစ်တယ်။ မှောင်ရီမပျိုးခင် တည်းမယ့် ဟိုတယ်ကို ရောက်တယ်။ ဝန်ထမ်းတယောက်ပဲရှိပြီး ကျနော်ယူထားတဲ့ အခန်းကို မရပဲ တခြားအခန်းတခုပေးတာကို ဖြေရှင်းမပေးနိုင်ပဲဖြစ်နေခဲ့တယ်။ ခဏပဲ အိပ်မှာပဲလေဆိုပြီး လက်သင့်ခံလိုက်ပါတယ်။ ရေမိုးချိုးပြီးတာနဲ့ ညစာစားဖို့ ထွက်လာကြတယ်။ ကိုလံဘိုမှာ မစားခဲ့ရတဲ့ နာမည်ကျော် ဂဏန်းဆိုင်ရဲ့  ဆိုင်ခွဲတခုကို သွားစားကြတယ်။ စားဖူးသမျှထဲမှာ ဒီဂဏန်းဟာ အသားအပြည့်ဆုံးပါပဲ။ စလုံးထက် အများကြီးသက်သာပါတယ်။













မနက် အစောနိုးတာနဲ့ ဂေါဆိပ်ကမ်းရဲ့ နေထွက်အလှကို စောင့်ကြည့်ကြတယ်။ကြည်နေတဲ့ ရေအလျဉ်နဲ့ နေအရောင်ဟာ လက်ခနဲ ပေါ်လာတယ်။  မြို့ဟောင်း ဂေါရဲ့ အလှကို မနက်နေရောင်နုနုမှာ ဓါတ်ပုံလျှောက်ရိုက်ကြတယ်။ နေမြင့်လာတာနဲ့ အပူရှိန်ကလည်း မြင့်သထက်မြင့်လာတာပဲ။ မနက်စာကို အပြင်က ဟိုတယ်တခုမှာပဲ ဝင်စားဖြစ်လိုက်တယ်။ ဟိုတယ်ပြန်ရောက်တာနဲ့ ကားဆရာကို မက်ဆေ့ပို့ပြီး နောက်ခရီးစဉ်တခုစဖို့ ပြင်ဆင်ကြတယ်။ ဟိုတယ်က ညွှန်လိုက်တဲ့ စားသောက်ဆိုင်မှာ နေ့လည်စာ စားပြီးတာနဲ့ ဂေါဆိပ်ကမ်းကနေ ခွာခဲ့ပြန်ရော......

29 March 2020

လင်္ကာဒီပ, အယ်လာ


ရထားလက်မှတ်ကို ကားကုမ္ပဏီကပဲဝယ်ပေးမယ်။ ထိုင်ခုံအတွက် မပူနဲ့လို့ ဆိုတယ်။ တကယ်က ထိုင်ခုံနဲ့လက်မှတ်ကို ကိုယ့်ဖာသာ မှောင်ခိုနဲ့ ဝယ်ဖို့ လုပ်သေးတယ်။ ကျေးဇူးရှင် ကားဆရာက မလိုဘူး မဝယ်နဲ့ သူတာဝန်ယူတယ် လုပ်တာ။ ရထားဘူတာက နာနျူအိုယ ဆိုတဲ့ နေရာပါ။ ကားဆရာက ရထားလက်မှတ်ဝယ်ပေးပြီး အထဲကို လိုက်မပို့ဘူး။ ကိုယ့်ဟာကို သွားကြတဲ့ အယ်လာကနေ စောင့်နေမယ်လို့ မှာလိုက်တယ်။ ဝင်တော့မယ်ဆိုမှ ပြောသွားတယ် အပြာရောင်ရထားဆို ကံကောင်းမယ် အနီရောင်ဆိုရင်တော့ အဆင်မပြေလောက်ဘူးတဲ့....

ရထားကတော့ အာရှစံတော်ချိန်ပေါ့။ နောက်ကျပြီးမှ ရောက်လာမယ်။ ကံဆိုးစွာပဲ ရထားက အနီရောင်ပါ။ ရထားပေါ်ကို ရောက်ဖို့ ပလက်ဖောင်းပေါ်က လူအုပ်ကြီးတစုလုံး ပြုံတက်တယ်။ တွဲသုံးတွဲနဲ့ ပလက်ဖောင်းအပြည့်လူအုပ်ဟာ ရထားထဲမှာ ငပိသိပ် ငချဉ်သိပ်ဖြစ်ကုန်ကြတယ်။ ခြေချပြီး မတ်တပ်ရပ်ဖို့တောင် မနည်းကြိုးစားကြရတယ်။ တချို့တိုးတွေက ခုံတွေဦးပေးထားတာ တွေ့ရတယ်။ ရထားထွက်ပြီဆိုတော့ မတ်တပ်ရပ်တဲ့နေရာကနေ ခဲလေသမျှ ပဲရေပွကို လက်ထဲ ကင်မရာကိုင်ရင်း စိတ်တိုရတယ်။ ဖြစ်သမျှအကြောင်း အကောင်းဆိုတဲ့ စိတ်နဲ့ပဲ ဖြေတွေးရတယ်။



အံ့ဩစရာကောင်းတဲ့ ဒေသခံကလေးတွေကို တွေ့မြင်ရပါတယ်။ သူတို့နေရာကို ဖယ်ပေးပြီး ကျနော်တို့ကို ပေးတယ်။ သူတို့က သုံးလေးယောက် တယောက်ကိုတယောက်ထပ်ထိုင်ကြတယ်။ တိုးကပ်ထိုင်ရင်းကနေ မူရင်းရည်ရွယ်တဲ့ ရထားလမ်းဘေးတလျှောက် ဗီဒီယိုရိုက် ဓါတ်ပုံ တလမ်းလုံး ရိုက်ဖြစ်ခဲ့ပါတယ်။ ကံဆိုးထဲက ကံကောင်းလို့ ဆိုရမယ်။

အယ်လာကို ရောက်တော့ ဗိုက်ဆာနေပြီ။ ကားဆရာက ဘယ်နားရောက်နေမှန်း မသိသေးဘူး မက်ဆေ့ပို့ပြီး ခေါ်တော့ ထုံးစံအတိုင်း မိနစ်နှစ်ဆယ်လောက်မှ ရောက်လာတယ်။ တည်းမယ့် Airbnb မှာ အိတ်တွေချပြီး ထမင်းထွက်စားဖို့ပါ။ တည်းမယ့်နေရာက တောင်ကုန်းထိပ်မှာမို့ ကားဆရာက မဝင်ချင်ဘူး၊ လမ်းကလည်း မတ်တော့ မတ်ပါတယ်။
ကားဆရာက ထမင်းဆိုင်ကို အရင်ပို့ပေးမယ် ပြီးမှ တည်းမယ့်နေရာ ပြန်ပို့ပေးမယ်လို့ဆိုတယ်။ ဗိုက်ကလည်းဆာနေတော့ ခပ်သွက်သွက်ပဲ သဘောတူလိုက်တယ်။ လိုက်ပို့တဲ့ဆိုင်က အတော်လေးစားကောင်းတယ်။ ဖျော်ရည်ကအစ အတော်လေး အဆင်ပြေတယ်။ စားပြီးတာနဲ့ တည်းမယ့်နေရာကို လိုက်ပို့တဲ့အခါ လမ်းပေါ်ကနေတောင်ပေါ်လမ်းကို တုပ်တုပ်နဲ့ ထည့်ပေးလိုက်တယ်။ သူ့ကားတက်လို့မရလို့ဆိုပဲ။

တည်းတဲ့အိမ်ရှေ့ရောက်တော့ သူ့လိုကား ရပ်ထားတာ တွေ့တော့ စိတ်တိုသွားတယ်။ သူများကားတောင် တက်လာလို့ရတယ် သူ့ကားက ဘယ်လိုလုပ်တက်လာလို့ မရတာလဲဆိုပြီး ဓါတ်ပုံရိုက်ပြီး မက်ဆေ့ပို့လိုက်တယ်။ ပြန်လာတဲ့ မက်ဆေ့က သူ့ကားတော့ တက်လို့မရဘူး ခေါင်းမရှိတဲ့ ကားဆရာတွေပဲ တက်တာတဲ့လေ။ စိတ်ထဲ မကြည်တာနဲ့ ဒီနေ့ခရီးစဉ်ကဒါပဲ နောက်နေ့မနက်လည်း ကိုယ့်ဟာကိုသွားရမယ်။ ရေတံခွန်တွေသွားဖို့ ဆယ်နာရီလောက်လာခေါ်ပါလို့ပဲ ထပ်ပို့လိုက်တယ်။
တည်းတဲ့နေရာက အယ်လာရဲ့ နာမည်ကျော် 9 arch bridge နားမှာပါ။ ခဏနားပြီးတာနဲ့ တံတားဆီကို ဆင်းလာကြတယ်။ ရထားမလာခင် တံတားပေါ်မှာ ဓါတ်ပုံရိုက်သူတွေ အပြည့်ပေါ့။ ရထားလာတော့လည်း ရထားနဲ့ တံတားကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ကြပြန်ရော။ အေးဆေးရိုက်ရင်း နည်းနည်းမှောင်မှ ပြန်တက်လာတယ်။  အတက်နားက မုန့်ဆိုင်မှာ ရေဝယ်သောက်ရင်း ခေါက်ဆွဲပြုတ်ပါ ဝင်စားဖြစ်တယ်။ ရောင်းတဲ့ ကလေးရဲ့ ဝန်ဆောင်မှုစကေး နဲ့ အရောင်းစကေးက တကယ့်ကို ကြောက်စရာကောင်းအောင်တော်တယ်။ တည်းတဲ့နေရာရောက်တော့ ခရီးပန်းပြီး တချိုးတည်း အိပ်ပျော်သွားတယ်။

နောက်နေ့မနက် အစောကြီး ထလာကြတယ်။ တောင်ပေါ်ကနေ နေထွက်ရှုခင်းကြည့်ဖို့ပါ။နာမည်ကျော် အဒမ်ပိလို မျိုး ဆင်တူဖြစ်နေတဲ့ အဒမ်ပိလေးပါ။ မှောင်မှောင်မည်းမည်းထဲမှာ လမ်းရှာကြရသေးတယ်။ ဟိုတယ်ကို ဖြတ်ဝင်သွားရ မသွားရ ချီတုံချတုံ ဖြစ်နေပြန်တယ်။ နောက်တော့ တခြားသူတွေလည်း ဖြတ်သန်းသွားတာနဲ့ သူတို့နောက်က လိုက်ကြတယ်။ လမ်းမှားပြီးဟိုတယ်ထဲက Spa အခန်းဖက်ကို ရောက်သွားသေးတယ်။




နောက်တခေါက်ပြန်လှည့် လမ်းမှန်ကနေ ပြန်လျှောက်ကြတယ်။ တောင်ပေါ်ရောက်ဖို့ အတော်လေးလျှောက်ကြရတယ်။ တောင်ထိပ်မှာ ကိုယ်လိုလူတွေ အများကြီးရောက်နှင့်နေပြီ။ နေတဖြည်းဖြည်းထွက်လာတာကို ကြည့်ရင်း ဓါတ်ပုံစောင့်ရိုက်တယ်။ ကျောက်တုံးတွေပေါ်ကနေ ဟိုးတဖက် ကားလမ်းကိုလည်း ဓါတ်ပုံရိုက်တယ်။တောင်ကြောတလျှောက်ဆင်းလိုက်တက်လိုက်နဲ့ အလုပ်တွေကို ရှုပ်နေတာပါပဲ။
အားရပါးရ သဘာဝကိုခံစားပြီးတဲ့အခါမှ ပြန်လာကြတယ်။ တည်းမယ့်အိမ်က မနက်စာကို ဗိုက်အပြည့်တွယ်ကြတယ်။ မနက်စာစားရင်း အရှေ့က တောင်တန်းကို တစိမ့်စိမ့်ထိုင်ကြည့်တယ်။ ဒီလိို အခြေအနေမျိုးက စင်္ကာပူမှာ ရခဲဘိခြင်း။ ကားဆရာလာခေါ်တော့ ဒီနေ့ ရေတံခွန်တွေကြည့်မယ့် အစီအစဉ်စပြီ။

ပထမဆုံး ရာဝဏ္ဏရေတံခွန်ကိုသွားတယ်။ ဒီရေတံခွန်ဟာ ဘုံအဆင့်ဆင့်နဲ့ ကောင်းကင်ဘုံက ဆင်းလာတဲ့ မြစ်တစင်းလိုပဲ လှပါတယ်။ ရေတံခွန်ရဲ့ အထက်တနေရာက ကျောက်ဂူထဲမှာ မယ်သီတာကို ဖွက်ထားခဲ့တာလို့ အရပ်ရာဇဝင်က ဆိုပါတယ်။ ရေချိုးနေတဲ့ သူအတော်များများကို တွေ့ပါတယ်။ အတော်အေးတဲ့ ရာသီဥတုမို့ ရေချိုးဖို့ စိတ်မဝင်စားပဲ ကျောက်တုံးအပေါ်ကနေပဲ ရှုခင်းကို ထိုင်ကြည့်နေမိတယ်။




ပြဿနာက ရေတံခွန်က အပြန်မှာ စပါတယ်။ ခရီးသွားလာဖူးသမျှ ဒီလိုမျိုး တွေ့ကြုံရတာ ပထမဆုံးပါပဲ။ ရေတံခွန်ကနေ နောက်ထပ်ရေတံခွန်တခုကို မသွားပဲ အယ်လာကို ပြန်တက်လာတယ်။ နေ့လည်စာလည်းစားချိန် မရောက်သေးတာမို့ ကျနော်တို့ ရေတံခွန်နောက်တခု သွားပြီးမှ နေ့လည်စာစားမယ် မဟုတ်လားလို့ ပြောတဲ့အခါ ကျေးဇူးရှင် ကားဆရာက နောက်ရေတံခွန်တခုက နောက်နေ့မှလိုက်ပို့မယ် အခုတော့ အယ်လာက ပန်းခြံ ဒါမှ မဟုတ် နောက်ထပ်တောင်တခုခုကို တက်ပါတဲ့။  တကယ်တမ်း ဒီနေ့ ရေတံခွန်နှစ်ခုသွားမယ်ဆိုတာ စီစဉ်ထားပြီးသား မဟုတ်လားဆို​တော့ အဲ့ဒီရေတံခွန်က နောက်နေ့သွားတဲ့ လမ်းပေါ်မှာမို့ ဒီနေ့ လိုက်မပို့နိုင်ဘူးတဲ့။ ကားက တနေ့လုံးစာ ငှားထားတာ ပို့ပေးမယ် မပို့ပေးမယ် ဆုံးဖြတ်ခွင့်က သူတို့ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ ခရီးစဥ် ဆွဲတာ ကျနော် လိုက်ပို့ရမှာ သူတို့တာဝန်။ စိတ်က အတော်လေး တိုနေခဲ့ပြီ။ ခရီးသွားဖေါ်က စိတ်မတိုအောင် ထိန်းပြောတယ် တောင်ပေါ် ဘုရားတခုကို လိုက်ပို့ခိုင်းတယ်။ ဒါလည်း မြင့်တယ်ဆိုပြီး အပေါ်ထိလိုက်မပို့ပဲ နေပူကြဲကြဲထဲမှာ ကျနော်တို့ကို လမ်းလျှောက်ခိုင်းတယ်။ ဘုရားပေါ်မှာ စိတ်အေးအောင် ခဏထိုင်ပြီး သူတို့ ကုမ္ပဏီကိုကားသမား ပြောင်းပေးဖို့ လှမ်းပြောလိုက်တယ်။ သူတို့စီစဉ်ပေးမယ် ခဏစောင့်ပါဆိုတာနဲ့ နေ့လည်စာ စားဖို့ မနေ့ကဆိုင်ကို ပြန်လိုက်ပို့ခိုင်းလိုက်တယ်။ ပြီးတာနဲ့ ကိုယ့်အစီအစဉ်နဲ့ ပြန်မယ်ဆိုပြီးကျေးဇူးရှင်ကို ပြန်လွှတ်လိုက်တယ်။ ကားသမား အစားပြန်ရမယ် ဒါပေမယ့် နောက်နေ့မှာ ခဏတော့ စောင့်ရမယ်လို့ အကြောင်းပြန်လာတယ်။ ပြီးတော့ ဒီနေ့ နစ်နာမှုအတွက် ဒီနေ့ ကားခကို ပေးစရာမလိုဘူးလို့တော့ ဝန်ဆောင်မှုပေးတယ်။ ငွေကြေးအရနစ်နာမှု ဖြေသိမ့်ပေမယ့် ကျနော်တို့ခရီးစဉ် နစ်နာမှုကတော့ ဘာမှ အစားထိုးလို့ မရနိုင်တော့ဘူး။

စားသောက်ပြီး တည်းတဲ့ဆီကို တုပ်တုပ်နဲ့ ပြန်တယ်။ ပြီးတော့ 9 Arch bridge ကို တခေါက်ပြန်သွားကြတယ်။ ရထားအစင်းပေါင်းများစွာ ဖြတ်လာတာကို ဓါတ်ပုံစောင့်ရိုက်တယ်။ ပြီးတော့ မနေ့က ဆိုင်မှာပဲ ခေါက်ဆွဲတခေါက်ပြန်စားကြတယ်။ ဂျာမဏီက ခရီးသည် မိန်းမပျိုတယောက်နဲ့လည်း စကားလက်ဆုံကျကြတယ်။ အသက်နှစ်ဆယ်ကျော်နဲ့ တယောက်တည်း ခရီးသွားနေတဲ့ မိန်းမပျိုတယောက်ဆိုတော့ ကျနော်တို့ မြန်မာမိန်းခလေးတွေ အတုယူသင့်လောက်မယ်ထင်တယ်။ မြန်မာပြည်ကို လာလည်ချင်တယ်ဆိုလို့ သူ့မေးခွန်းတွေကို ဖြေကြတယ်။ 

စကားစမြည်ပြောဆိုပြီးတဲ့အခါ အခန်းပြန်လာနားကြတယ်။ မနက်စောစောထထားတာရယ်၊ တောင်တွေ တက်ထားတာရယ်နဲ့ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့တယ်...