30 August 2009

Yor are my number one

You're My No.1

I've kissed the moon a million times
Danced with angels in the sky
I've seen snowfall in the summertime
Felt the healing of the powers above

I've seen the world from the highest mountain
Tasted love from the purest fountain
I've seen lips that spark desire
Felt the butterflies a hundred times

I've even seen miracles
I've felt the pain disappear
But still haven't seen anything
That amazes me quite like you do

You bring me up when I'm feeling down
you touch me deep you touch me right
You do the things I've never done
You make me wicked you make me wild
'Cause baby, you're my #1

I've sailed in a perfect dream
I've seen the sun make love to the sea
I've kissed the moon a million times
Danced with angels in the sky

I've even seen miracles
I've seen the tears disappear
But I still haven't seen anything
That amazes me quite like you do

23 August 2009

မင်္ဂလာလှည်း မှသည် အုတ်တင်ပွဲ

ဆရာမခင်ခင်ထူးရဲ့ မင်္ဂလာလှည်းကို ကိုအောင်ဖြိုးရဲ့ အညွှန်း၊ ကိုရုပ်ဆိုး ကုသိုလ်ကောင်းမှုနဲ့ ဖတ်ခဲ့ရပါတယ်။ အညာဒေသရဲ့ အငွေ့အသက်တွေနဲ့အတူ ကျနော့ကြုံခဲ့ဖူးတဲ့ အုတ်တင်ပွဲလေးကိုလည်း အရိပ်ထင်လာမိခဲ့တယ်။

ကျနော်ခုနှစ်တန်းစာမေးပွဲဖြေအပြီးမှာပါ။ ဖေ့အလုပ်ထဲက ကိုရန်နောင်စိုး တစ်ယောက် စက်ရုံပေါင်းစုံအားကစားပြိုင်ပွဲကို သွားရင်းက ခြောက်မြို့သူတစ်ယောက်နဲ့ မေတ္တာမျှခဲ့ပါတယ်။ အဆိုပါမြို့သူကလည်း ဌာနထဲက ဦးတင်ဝင်း အမျိုးသမီးရဲ့ ညီမဖြစ်နေပြန်တယ်။ သွားရင်းလာရင်း ငြိစွန်းခဲ့ဟန်တူပါရဲ့။

မိသားဖသားပီပီ အုတ်တင်မင်္ဂလာနဲ့ လာရောက်တောင်းရမ်းပါဆိုတဲ့ ခွင့်ပြုချက်ကို ရခဲ့တဲ့နောက် ကိုရန်နောင်စိုးတစ်ယောက် တစ်ကယ့်ကို ပီတိတွေ ဂွမ်းဆီထိတော့တာပါပဲ။ အညာအရပ်မှာ ငှက်ပျောပွဲ အုန်းပွဲနဲ့ တင်တောင်းတာကို အုတ်တင်တယ်လို့ ခေါ်ကြပါတယ်။ အသေးစိတ်မရှင်းပြနိုင်တာကိုတော့ (ကျနော့ ဗဟုသုတ မပြည့်စုံမှုအဖြစ်)့ ခွင့်လွှတ်ပါခင်ဗျာ။ အစ်ကိုရော အစ်မရော လိုက်တောင်းပေးပါတဲ့။ အုတ်တင်အခန်းအနားကို လင်စုံမယားဖက် တက်ကြရတယ်တဲ့။ ဦးတင်ဝင်းတို့ တစ်စုံတွဲ၊ ဖေတို့မေတို့ တစ်စုံတွဲ ပေါင်းပြီးသွားရောက် တောင်းရမ်းကြမယ်ဆိုပါတယ်။ ဆိုတော့…

နွေရာသီကျောင်းပိတ်ရက်ကလည်း ဖြစ်ပြန် ခြောက်မြို့ကိုလည်း မရောက်ဖူးတာမို့ ကျနော်လည်း ကန့်လန့် ကန့်လန့်လိုက်ခဲ့တော့တာပါ။ စက်ရုံက ကားကြုံနဲ့ မကွေးကို လိုက်ဖို့ မနက်ငါးနာရီကို ဂဂျီဂဂျောင်နဲ့ ထခဲ့ရတယ်။ မနက်စောစောထဖို့ အမြဲပျင်းရိနေကြမို့ပါ။

မကွေးကနေ ခြောက်ကိုတော့ ထွက်ခါနီး ကားဂိတ်တစ်ခုကနေ ကမန်းကတန်း လက်မှတ်ဝယ်ပြီး ပြေးတက်ခဲ့ကြတယ်။ ဂွေးချိုအထိက မကွေး-ကျောက်ပန်းတောင်းလမ်းအပိုင်း ထဲပါနေတာမို့ ကျနော်သွားနေကြခရီးတစ်ခု ဖြစ်နေခဲ့ပြီ။ ဂွေးချို ဓါတ်ဆီဆိုင်လမ်းခွဲမှာ ကားခဏရပ်ပါတယ်။ ခြောက်၊စလေ သွားမယ့် လမ်းနဲ့ ကျောက်ပန်းတောင်းသွားမယ့် လမ်းအခွဲနေရာပေါ့။ ကြက်လည်ချောင်းရိုးကြော်တွေ ဝယ်စားခဲ့တာ အမှတ်ရမိပါရဲ့။

ဟိုဘက်လမ်းခွဲမှာတော့ အညာနွေပီသစွာ ခြောက်သယောင်းနေခဲ့ပြီ။ ထန်းပင်တွေနဲ့ ထန်းလျက်ကျိုတဲတွေဆီက မီးခိုးငွေ့တွေ တစ်ချက်တစ်ချက် လေနဲ့အတူပါလာတတ်တဲ့ ထန်းရည်အနံ့တွေ နဲ့ တစ်လမ်းလုံးပြည့်နှက်နေခဲ့သည်လေ။ လမ်းအပိုင်းကတော့ တကယ့် ပီဘိလမ်းကျဉ်းငယ်သာသာ။

ရောက်လိမ့်နိုး ရောက်လိမ့်နိုးနဲ့ ဟိုတစ်ကွေ့လည်း မရောက် ဒီတစ်ကွေ့လည်း မရောက်။ အေးစေတီအရင်လား GTI အရင်လား မမှတ်မိတော့ပါ။ ခြောက်မြို့ဆိုင်းဘုတ်ကို ကျော်တော့ မြို့ကြီးရယ်မို့ ညာဘက်ကြည့်လိုက် ဘယ်ဘက်ကြည့်လိုက် အလို တောင်ကုန်းတွေချည်းပါလား ဟရို့။ တောင်ကုန်လေးတွေရဲ့ ခပန်းလေးတွေမှာ အိမ်လေးတွေ ဟိုနားတစ်စု ဒီနားတစ်စု။ ချင်းပြည်နယ်လိုဘာလိုလို။

နောက်တော့ သတို့သမီးအိမ်ကို အရင်ဝင်ကြတယ်။ လူကြီးတွေတည်းဖို့ ဆိုပြီး တောင်ထိပ်ဆုံးက အိမ်လေးမှာ သီးသန့်ထားပါတယ်။ တကယ့်ကို အိမ်က ထိပ်ဆုံးမှာပါ။ အိမ်ကနေကြည့်ရင် ခြောက်စက်ရုံကိုတောင် မြင်ရသေးရဲ့။ ဟိုတစ်ဖက်ကမ်းလည်း လွမ်းမိခဲ့တယ်။

ညနေခင်းမှာတော့ ခြောက်မြို့ရဲ့ နာမည်ကျော် ခေါက်ဆွဲသုတ်ဆိုင်ကို ပို့ပေးတယ်။ ပြီးတော့ ဖေ့သူငယ်ချင်း ဦးမြင့်အောင်တို့ ဆီကို သွားလည်ကြတယ်။ ဦးမြင့်အောင်က နိုင်ငံခြားထွက်မယ်ဆိုပြီး အလုပ်က ထွက်သွားခဲ့တာ။ အဲ့ကတည်းက ကွဲသွားကြတဲ့သူတွေပေါ့။ နိုင်ငံခြားဆိုတာ လေယာဉ်ဂိတ်မှာ ခြေချပြီးပြန်လာခဲ့ရတဲ့ သူ့အတွေ့အကြုံကို ပြောရင်း တဝါးဝါး တဟားဟား ဖြစ်နေကြတာ။ အဲ့အိမ်က ပြန်တော့ မိုးအတော်ချုပ်နေပါပြီ။

နောက်နေ့မနက် မင်္ဂလာဆောင် အခမ်းအနားကို ပြင်ဆင်ကြပြီ။ သတို့သမီးရဲ့ အမျိုးတွေက အုတ်တင်မယ့် အုန်းပွဲငှက်ပျောပွဲတွေ ခေါင်းပေါ်မှာ ရွက်ပြီး ဝတ်ကောင်းစားလှတွေနဲ့။ အညာနွေပူပင်မယ့် သူတို့တွေကို မထိသလိုပါပဲ။ တန်းစီးပြီး ဝင်ကြဖို့ အရေး အပြင်ဖက်မှာလည်း တအုန်းအုန်းတရုန်းရုန်း။ အိမ်တွေကလည်း အသီးအသီး အသက ထွက်ကြည့်ကြလေရဲ့။

နောက်တော့ အထဲမှာ ဘိသိက်သွင်းမယ့် ဆရာနဲ့ ဖေ။ သူ့တပည့်တွေက ဘိသိက်ဆရာကို ပြောထားတယ်တဲ့ ဆရာက ဒေါသသိပ်ကြီးတာလို့။ ဘိသိက်ဆရာက ကြောက်ရွံ့ရွံ့နဲ့ ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့ဆရာ လုပ်နေတာ ကျနော်က ရယ်ချင်ပက်ကျိဖြစ်နေပြီ။ ဒါတောင်ဖေက ဘိသိက်ဆရာကို တစ်ခွန်းပဲ ပြောခဲ့တာ။ ခင်ဗျား သိပ်အရစ်မရှည်နဲ့ ကျုပ် မနေတတ်ဘူးတဲ့။ သူတစ်ခါမှ အဲ့လိုပွဲလမ်းသဘင်အခမ်းအနားတွေ မှာ စင်ပေါ်လိုနေရာကနေ မထိုင်ဖူးဘူးလေ။ အခုဟာက အုတ်တင်ပွဲတက်လာတဲ့ အထဲက ဖေတို့စုံတွဲက သတိုးသားဖက်က ထိုင် သတို့သမီးဖက်က သတို့သမီး မိဘများဆိုတော့ စင်ပေါ်တက်ရတော့တာပေါ့။ ဘိသိက်ဆရာက ကြောက်တတ်တယ်ထင်ပါရဲ့ အတိုဆုံးလေးတွေ ရွေးပြောရှာတယ်။ ပြောနေရင်း ဖေ့မျက်နှာတကြည့်ကြည့်လုပ်နေသေးတာ။ ပွဲပြီးပြီ ဆိုတော့ လာပြောသေးတယ် ကျနော် ပြောတာ တိုပါတယ်နော်ဆရာတဲ့။ ဖေရဲ့ ပြုံးစိစိ မျက်နှာကို သူက သူ့ဟောပြောချက်တွေ သဘောကျလို့ မှတ်ယူသွားလောက်တယ်ရယ်။

လက်ဖက်ရည်နဲ့ စမူဆာပဲကျွေးတဲ့ မင်္ဂလာပွဲလေးပါ။ သူတို့နိုင်သလောက်ပဲထင်ပါရဲ့။ သာမန်ဝန်ထမ်းမို့ ဇာပဝါ အနားတွေလည်း မချဲ့နိုင်တော့ဘူးလေ။ သူ့အိုး သူ့ဆန် တန်ရုံ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်တယ်ဆို ဗေဂျိဆိုပြီး ပွဲတစ်ခု ပြီးတာပါပဲ။

စိုင်းဘုန်းထူးတို့ ဝဏ္ဏခွာနီးတို့လည်းမပါ ဓါတ်ပုံလေး တစ်ပုံနှစ်ပုံရိုက်ပြီး ပတ်စာခွာ ဖျာသိမ်းလိုက်ကြပါတော့တယ်။ နေ့လည်ဆို ကျနော်တို့လည်း ပြန်ကြရတော့မယ်လေ။ သတို့သမီးအမေလည်း မျက်ရည်လည်နေလောက်ပြီ။

ခြောက်မြို့ကို မနှံ့စပ်ပဲ ပြန်ခဲ့ကြရတယ်။ မနက်ဖြန်ဆို ဖေက ရုံးပြန်တက်ရတော့မယ်။ တကယ်ဆို အနားတဝိုက်လည်ပတ်ချင်သေးရဲ့ စလေရုပ်စုံကျောင်းတော့ ရောက်ခဲ့ချင်သေးတယ်။ ဆိပ်ဖြူဘက်လည်း ကူးခဲ့ချင်သေးတယ်။


စိတ်သွားတိုင်းရယ် ကိုယ်ကလည်း ပါဦးမှလေ………….

21 August 2009

ချစ်ခြင်းမှ အပ

ပန်းနှင်းဆီရေ….

ကျနော့ရဲ့ ၀န်ခံခြင်းတွေပါ။ ရေတွက်လို့ မရနိုင်တဲ့ အကောင်အထည်ရယ် မရှိလေတဲ့ ဒီချစ်ခြင်းဆိုတာကို ကျနော် သက်ဝင်ယုံကြည်ခဲ့မိပြီ။ ဒီအငွေ့နဲ့မူးမေ့စေခဲ့တာလေ။ ဒီအတွေ့နဲ့ ရူးစေခဲ့တာတွေ။ အဲ့ဒီနေ့ကမှ ချစ်ခြင်းတွေနဲ့ တွေ့ကြုံခဲ့ရတာပါ။ မယုံဘူးလို့ ဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲနော်။




ပန်းနှင်းဆီရေ

ချစ်တတ်လာတဲ့နောက် ဖောက်ပြန်ခြင်းဆိုတဲ့ စကားလုံးကို ကြောက်ရွံ့လာခဲ့မိတယ်။ ချုပ်ချယ်ခြင်းမမြည်တဲ့ ချစ်ခြင်းတွေဖြစ်စေဖို့ ရည်ရွယ်ရင်း။ ဒါပေမယ့်လေ စက္ကန့်တစ်ချက်တစ်ချက်မှာတင် ပန်းအနားကပ်တဲ့လေကို ငြိုငြင်မိတယ်။ ဖြစ်နိုင်ရင် ထွက်သက်တိုင်းမှာ ကပ်လျက်ပါလို့ ဒီအပါးမှာပဲ အမြဲနေချင်မိတယ်။


ပန်းနှင်းဆီရေ

လေတိုးတာကို တစ်မျိုးထင်မိတယ်။ လေတိုက်လို့ ပွင့်ဖတ်တွေလှုပ်ရင် ပျော်ရွှင်နေသလား မေးချင်မိတယ်။ မရဲတရဲ လေတိုက်ရာ မပါစေကြောင်း လက်နှစ်ဖက်နဲ့ ကာကွယ်ပေမယ့် အရပ်ရယ် ရှစ်မျက်နှာမို့ မလုံခြုံစိတ်နဲ့ မချင့်မရဲ။


ပန်းနှင်းဆီရေ

ပင်ခြေရင်းကိုလည်း မကြည့်ချင်။ ပင်မြင့်ထက်ကိုလည်း မမော့ရဲ။ ရွက်စိမ်းစိမ်းတွေကိုတောင် သူတစ်စိမ်းရယ် စွပ်စွဲချင်လာတယ်။ စိတ္တဇဆန်တယ်ပြောချင်ပြောပါ တကယ့်ကို အရူးမီးဝိုင်း ဖြစ်နေခဲ့တာ။ သနားမငဲ့လို့ ထားခဲ့ရက်တယ်ဆိုပေမယ့် မဝေးရဲတဲ့သူဖြစ်နေပြန်တယ်။ အတွေးနဲ့တင် စိုးထိတ်လို့ တိုးတိုးတိတ်တိတ် ကြိုတင်ကြေကွဲဖူးတယ်လေ။


ပန်းနှင်းဆီရေ

ရက်သတ္တပတ်တွေမှာ တွေ့ရမယ့်ရက်ကို လက်ချိုးရေရင်း မျှော်လိုက်ရတာ။ အခွင့်မသာတဲ့ လမိုက်ညတွေကလည်းများ၊ ကံတရားအလှည့် ဆိုတာကလည်း ယုံတမ်းစကားလိုပါပဲလေ။ ဟင့်အင်းလို့ သူငြင်းရင် ရင်တွင်းမှာ မြှားအစင်းတစ်ရာ။ မရေရာလို့ သူဆိုရင် နေတစ်ရာပင် ပူသလိုထင်မိတယ်။


ပန်းနှင်းဆီရေ

သူတစ်ကာလို မူယာတွေလည်း မပိုတတ်ပါဘူး။ အချိုသတ်ပြီး အပျော့ဆွဲနဲ့ ချော့ပွဲတွေလည်း မခင်းတတ်။ ဥစ္စာရယ် ပစ္စည်းလည်း မရှိ။ ဆန္ဒရယ် ပြည့်စေတော့လို့ ဖြည့်နိုင်စွမ်းလည်း မရှိ။ ကျနော်ပိုင်ဆိုင်တဲ့ ချစ်ခြင်းဆိုတာ ကလွဲရင် ကျနော့မှာ အခြားမရှိတော့တာမို့ပါ……….

လက်ရှိ

လှိုက်ခနဲတက်လာတဲ့
ရှိုက်ငိုခြင်းဟာ
ငါ့ပျို့အန်ခြင်းတစ်ခုပါ

ဘယ်အရာမဆို
ရင်ဘတ်ထဲထည့်ဖို့
ငါကြိုးစားလို့
ရင်ပြည့်လွယ်သတဲ့လား

ဟုတ်ပါတယ်လေ
ဒီလမ်းကိုစခဲ့တာ
ငါ့ဖ၀ါးကိုယ်တိုင်ပါ

ယိုင်ခနဲမဖြစ်ခင်
အားအင်ရှိသလား
ငါပြန်မကြည့်ရဲဘူး

အခုတော့
တူရွင်းတစ်လက်နဲ့ ကိုယ်တိုင်တူးလျက်
ဒီတွင်းတစ်ဝက်လောက်ပြီးပါပြီ………

19 August 2009

နာကျင်ခြင်း

ထက်မြတဲ့ အသွားတွေ မလိုပါဘူး
အချွန်အထက်တွေမပါပေမယ့်
ရင်ဘတ်မှာ ထင်ကျန်ခဲ့တယ်

နားရှိပေမယ့်
မကြားရက်လို့ ပိတ်ချင်ခဲ့တယ်

မေ့ချင်ပေမယ့်
မမေ့တတ်လို့ သေမတတ်
အနေခက်တယ်

ခပ်ဖွဖွပါပဲ
ဒါပေမယ့်
တစ်..စ..စ နာကျင်နေမိတာ

ခွန်းတုံ့မပြန်နိုင်ဘူး
အားလုံးကို လက်သင့်ခံပါတယ်

အဆင်သင့်မဖြစ်သေးတဲ့
ဒီပြတင်းမှာ
မှန်တွေ မွမွကြေနေတာ
လေတိုက်လွန်းလို့မဟုတ်ပါဘူး

တံခါးချက် မတက်မိတဲ့
အမှားတစ်ချက်အတွက်
နာကျင်ခြင်းတွေက ဘ၀တစ်သက်တာ....

18 August 2009

ညနေနှစ်ခု

ညနေနှစ်ခု ဘာများကွဲပြားပါလိမ့်ရော………………


ကိုယ်လည်း ဒီကျွန်းတစ်နေရာ သူလည်းဒီကျွန်းတစ်နေရာ။ ဘာလို့များ ခြားနားပါလိမ့်ပဲ။


ကိုယ့်ရဲ့ညနေ

ညနေရုံးဆင်းရင် ကိုယ်က အပြင်ကို ငေးခနဲ ကြည့်စမြဲ။ ရုံးခန်းတစ်ခန်းကို ဖွင့်တော့မှ ပြင်ပလောကနဲ့ အဆက်အသွယ်ပြန်ရတတ်တာလေ။ ကိုယ့်ဘ၀က ထောင်နဲ့မခြားပါဆိုရင် ပြတင်းပေါက်လေးတောင် မရှိဘူးလို့ မေးကောင်းမေးနိုင်တယ်။ ပြတင်းပေါက်လေးတောင် လက်ထောက်ငေးစရာ မရှိတဲ့ဘ၀ပါလေ။

မှန်တံခါးပြီးလို့ အသားတံခါးကို ဖွင့်လိုက်ရင် ကိုယ့်အတွက် တစ်ခါတစ်ခါ သိပ်လှတဲ့တိမ်တွေ တစ်ခါတစ်ခါ မိုးသားတိမ်လိပ်တွေ တစ်ခါတစ်ခါ လျှပ်ပန်းလျှပ်နွယ်တွေ တစ်ခါတစ်ခါ မှုန်မှုန်မှိုင်းမှိုင်းတွေ တွေ့ရတတ်တယ်။ မနေ့ကဆို တိမ်တွေက သိပ်လှနေခဲ့တာ။

အိမ်ရောက်လို့ ပြတင်းပေါက်ကကြည့် မိပြန်တော့ မြက်ခင်းပြင်တစ်ခု။ အပေါ်ကိုမော့ကြည့်ရင် တစ်စင်းပြီးတစ်စင်း အတက်အဆင်းလုပ်နေတဲ့ လေယာဉ်ပျံတွေချည်း။ နေမကောင်းတဲ့ရက်ဆို အိမ်ပြန်ချင်စိတ်နဲ့ မြင်သမျှလေယာဉ်ပျံ ရွှေပြည်ကြီးကချည်းထင်နေမိတတ်တယ်။


သူ့ရဲ့ညနေ

ညနေဖက် အိမ်အပြန်လမ်းမှာ လှပတဲ့နေလုံးနီနီ။ နေ၀င်ချိန်ကောင်းကင်တစ်ခုမှာ သူတစ်လုံးတည်း ထင်တိုင်းကြဲနေတော့တာ။ မိုးသားကောင်းကင် အောက်မှာ ကျန်တဲ့အချိန်ဆို မကြည့်ရဲလို့ နေခဲ့သမျှ အတိုးချ ငေးမောရတော့တာ။ သိပ်ကိုလှတဲ့ ကောင်းကင်တစ်ခုပါလား။

ပြောမယ့်သာပြောတာပါ တစ်ချို့ရက်တွေ အိုတီဆင်းတဲ့အခါများ နေလုံးကြီးထားလို့ တိမ်မျှင်တစ်မျှင်တောင် မြင်ရဖို့ ခက်ခဲလွန်းတယ်။ ပင်ပန်းနွမ်းနယ်မှုနဲ့ ကောင်းကင်ပြင်ကိုတောင် မော့မကြည့်ဖြစ်တဲ့ နေ့တွေ ရှိကောင်းရှိရဲ့။


ညနေတွေသည် ကွဲပြားလျက်ရှိပေသည်။ ကိုယ့်ညနေသည် ကိုယ့်ညနေသာ ဖြစ်၍ သူ့ညနေသည် သူ့ညနေသာ ဖြစ်နေပြန်သည်။

17 August 2009

ဘူတာရုံ အရောင်များ

စာရေးဆရာမတစ်ယောက်က ရေးဖူးတယ် မြေအောက်ဘူတာရုံတွေကြောင့် ပတ်ဝန်းကျင်မြင်ကွင်းတွေကို ကြည့်ဖို့ အခွင့်အလမ်းဆုံးရှုံးသွားရသတဲ့။

မနေ့က တွေးနေမိခဲ့တယ်။ မြေအောက်ဘူတာရုံရဲ့ အပြင်အဆင်တွေကိုကော ကျနော် သတိထားကြည့်ခဲ့ဖူးပါသလား။

အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ လေ့ကျင့်ခန်းတစ်ခုလုပ်တဲ့အကြောင်းလေး အမှတ်ရမိသေးတယ်။ မေးခွန်းလေးတစ်ခုပါ မင်း ခရီးသွားရင် (ကား၊ ရထား ဒီနှစ်ခုက လူသုံးများတယ်) ၁။ မင်းစာဖတ်လေ့ရှိသလာ;။ ၂။ မင်းသီချင်းနားထောင်သလား ၃။ ပတ်ဝန်းကျင်ကို ကြည့်သလား။ ၄။ ဒါမှမဟုတ် မင်းအိပ်သလား။ ကျနော်တို့အားလုံးရဲ့ အဖြေက ဘယ်နံပါတ်မှာ များမယ်ထင်သလဲ။

စတင် သတိထားမိတာက အ၀ါရောင်ဘူတာရုံပါ။ ဘူတာရုံတစ်ခုလုံး အ၀ါရောင်သုတ်ထားခဲ့တယ်။ ဘာကြောင့်လဲ ဘာအတွက်လဲ ဒီအရောင်နဲ့ ဒီဘူတာရုံ ဘယ်လိုစပ်ဆက်သလဲ။ ဘူတာရုံ အ၀ါရောင်မှာ ကျနော်ဘယ်လိုခံစားမိခဲ့သလဲ။ ကျန်တဲ့သူတွေကော ဘယ်လိုခံစားမိသလဲ။ ကျနော်သိချင်မိတယ်။

ဒုတိယဘူတာရုံကတော့ အစိမ်းရောင်ဘူတာရုံပါ။ သူ့ကို အစိမ်းရောင်သုတ်ထားမထား ကျနော်မသေချာပေမယ့်။ ကျနော့စိတ်ထဲမှာ အစိမ်းရောင်လို့မှတ်ထားမိခဲ့တယ်။ အစိမ်းရောင်ဘူတာရုံကို မီးခိုးရောင်ကောင်းကင်နဲ့ ကြည့်ရတာ တစ်မျိုးတော့အဆန်းသား။

နောက်ထပ်မှတ်မှတ်ရရဖြစ်စေခဲ့တာ အဖြူရောင်ဘူတာရုံပါ။ သူ့ကိုတော့ ကျနော်သိပ်ကြိုက်တဲ့ လသာဆောင်လေးကနေ ထိုင်ကြည့်ဖြစ်ခဲ့တာ။ လူတွေ ရထားတွေ ၀င်လိုက်ထွက်လိုက်လုပ်နေသလို ကျနော့ကိုလည်း အတက်အကျခံစားမှုတွေ ပေးခဲ့တယ်လေ။ အဖြူရောင်ဘူတာရုံလေးက မိုးရေတွေကြားမှာ လွမ်းနေအောင် အချွဲပိုသွားခဲ့သေးတယ်။ ကျနော်လည်းချမ်းနေခဲ့တယ်။

ရထားသံလမ်းဘေးမှာ ရပ်နေရင်း စိတ်အာရုံတွေပျံ့လွင့်နေခဲ့တယ်။ တစ်စင်းပြီး တစ်စင်းဖြတ်သန်းသွားကြတဲ့ ရထားတွေကို တိုးသွားတဲ့လေအဟုန်နဲ့ တိုက်သွားတဲ့ လူတွေကြောင့်သာ သတိထားမိတယ်။

ကျနော့စိတ်ကတော့ အုတ်ခဲကျိုးရောင် ဘူတာရုံလေးမှာ ကျကျန်နေခဲ့တာ။

(ရောက်တတ်ရာရာ လျှောက်ရေးတာပါခင်ဗျာ..ပေါက်တတ်ကရတွေ တွေးကြဖို့ပါပဲ)

12 August 2009

အရောင်များနှင့် ကစားခြင်း

ညီရေ ဓါတ်ပုံတွေကြည့်ချင်တယ်ဆိုလို့ အရောင်နဲ့ပတ်သတ်ပြီး လက်တည့်စမ်းထားတာလေးတွေ တင်ပေးလိုက်ပါတယ်။ စာအနေနဲ့ ရေးဖြစ်မယ်ဆိုရင်တော့ နောက်များမှ ရေးပေးပါမယ်ခင်ဗျာ။

ကျနော့မှာ အရောင်စုံနဲ့ လက်သည်းနီပုလင်းတွေ မရှိတာမို့ ကင်မရာမှာပါတဲ့ user defined setting ထဲက WB shift/BKT Function သုံးပြီး အရောင်လေးတွေ ပြောင်းရိုက်ထားတာလေးတွေ တင်ပေးလိုက်ပါတယ်။

တစ်ခါတစ်ခါ အရာဝတ္ထုတစ်ခုတည်းအပေါ်မှာတင် ခံစားချက်တွေပြောင်းသွားစေတတ်တာ ဒီအရောင်တွေရဲ့ ညှို့ယူနိုင်စွမ်းတွေကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်



















ဘာရယ်မဟုတ်ပါဘူး အရောင်စုံ အရုပ်ကလေးတွေပါ....












ညီရေ ပျော်ရွှင်ကျေနပ်မယ်ထင်ပါတယ်ဗျာ


08 August 2009

လေလှိုင်း ပုစ္ဆာ


သူပြောသမျှတွေ ပို့စ်လေးတွေအဖြစ် အသက်သွင်းခဲ့တာ ကြာပါပြီ။ အခုလည်း အဖြေသိပါလျက် စာဖတ်သူတွေရဲ့ အယူအဆတွေကို သူသိချင်ပါသတဲ့လေ….

လေသံတိုးသဲ့သဲ့ကြားမှာ သူစပြောတယ်

ကိုယ်ပြောလည်းပြောချင်တယ် ပြောလို့လည်းမထွက်ဘူး။ ဒါပေမယ့် သူတစ်ပါးတွေရဲ့ အမြင်ကိုလည်း သိချင်တယ်။ ပြောတတ်သလိုပဲ ပြောပါတော့မယ်လေ…

အဲ့ဒီကစပျိုးတာပါခင်ဗျ

ကိုယ် သူ့ကို စတွေ့တာ ထုံးစံအတိုင်း Date လုပ်တဲ့ website တစ်ခုမှာပေါ့။ သူ့ရဲ့ ဓါတ်ပုံ တစ်ခုအောက် မှာ ကိုယ်ပေးခဲ့တဲ့ comment တစ်ခုကနေ စခဲ့တာပါ။ ပြောရရင် ကိုယ်ကပဲ စခဲ့တယ်ဆိုရမှာ။

ဒီယုံမြင်လို့ ဒီချုံထွင်တယ်ပဲဆိုဆို comment နောက်ကနေ လိုက်လာတဲ့ သူ့ရဲ့ contact တစ်ခုကနေ ကိုယ်တို့ဆက်သွယ်ခဲ့ကြတယ်။ ကိုယ့်အထင် အဲဒီညက မနက်၂နာရီထိုးသွားခဲ့တယ်။ အဲ့အချိန်ထိ သူဟာ ကိုယ့်မိတ်ဆွေအဆင့်မှာပဲ။ သူက ပြောတယ် ကိုယ်နဲ့စကားပြောရတာ သိပ်ပျော်ဖို့ကောင်းတာပဲတဲ့။ သူကပုံပြောသူတစ်ယောက်လား ကိုယ်က ပုံပြောသူတစ်ယောက်လား ဘယ်လိုမှကို မဆန်းစစ်နိုင်တော့ဘူးလေ။ အမှတ်ရမိတာက အဲ့ဒီညဟာ မတ်လရဲ့ ပူအိုက်တဲ့ ညတစ်ညပါပဲ။

သိပ်မကြာခင်မှာပဲ ကိုယ်တို့ ဆုံတွေ့ခဲ့တယ်ဆို ဒီခေတ်အမြင်နဲ့ကြည့်ရင် မစောလွန်းလောက်ပါဘူးနော်။ သူ့ကို ကိုယ် MRT မှာသွားခေါ်လာခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ငေးနေလိုက်တာများ ဒီအရပ်တွေအခုမှ ရောက်ဖူးတဲ့အရိုင်းအစိုင်းလေးလို။ မှေးမှေးမှိန်မှိန်လေးမို့ ဒါနဲ့ပဲ အကြင်နာပိုစေခဲ့လေသလား မစဉ်းစားတတ်ခဲ့ဘူး။

ကိုယ့်အိမ်ကိုရောက်တော့ သူက တရင်းတနှီးရှိလွန်းနေပြန်တယ်။ ချိုသက်ခြင်း ခါးသီးခြင်းတွေနဲ့ ညနေခင်းတစ်ခုကို ဖြတ်ကျော်ခဲ့ကြတယ်ဆိုပါတော့။ အဲ့အချိန်ထိ သူ့ဟာ ကိုယ့်အတွက် သာမာန်မိတ်ဆွေ တစ်ယောက်အဖြစ် စိတ်ထဲမှာ ရှိခဲ့သေးတယ်။

သူပြန်သွားပြီး မကြာမတင်မှာပဲ sms လေးတစ်ခု ၀င်လာတယ်။ သူကိုယ့်ကို ချစ်တယ်တဲ့။ ဟင့်အင်း မဖြစ်နိုင်ဘူး ဒီအချိန်တိုလေးတစ်ခုအတွင်းမှာ သူကိုယ့်ကို ချစ်တယ်ဆိုတဲ့ စကားပြောဖို့ မလွယ်ရဘူးလေ။ တစ်ကယ်ဆို သူကိုယ့်အကြောင်း သိသေးတာမှ မဟုတ်တာနော်။ ပြီးတော့ ကိုယ်လည်း သူ့အကြောင်းမသိသေးဘူးလေ။

နောက်ပိုင်းမှာတော့ သူတဖွဖွ ပြောတဲ့စကားက ကိုယ့်ကို ချစ်တယ်ဆိုတဲ့အကြောင်း။ ကိုယ်အမြဲပြန်ပြောဖြစ်တာက တကယ်ချစ်တာမဟုတ်နိုင်ဘူး။ ကိုယ်လည်း မင်းကိုမချစ်ဘူးဆိုတဲ့ အကြောင်းပါ။ ဒါပေမယ့် သူက မနားတမ်းဆက်ပြောနေတာပါပဲ။

နောက်တစ်ခေါက်ကိုတော့ အပြင်ဘက် တစ်နေရာမှာ တွေ့ဖြစ်ကြတယ်။ သူနဲ့ကိုယ်နဲ့ တော်တော်လေး ရင်းနီးသွားကြတယ်(ဒီ့ထက်ပိုပြီး ပြောစရာလိုမယ်မထင်ဘူးနော်)။ မနက်စာကို သူ့အတွက် Starbuck ဆိုင်မှာ ပဲ လိုက်ကျွေးဖြစ်တယ်။ သူ့ကိုတိုက်တဲ့ ကော်ဖီတစ်ခွက်က ချစ်ခြင်းတွေပါတယ်တဲ့။ ဒါသူ့အပြောပေါ့။ သူ့ကို ကိုယ်ရိုက်ပေးတဲ့ ဓါတ်ပုံလေးကို သူ့မှာ ကြိုက်လှချည်ရဲ့ဆိုပြီး ထုတ်ထားလိုက်တာ ပုံတွေမှ အများကြီး။ သူ့မျက်နှာတစ်ခုပဲကြည်ပြီး နောက်ခံတွေ ၀ါးနေလို့တဲ့လေ။

နောက်တော့ သူ့အလုပ်က ရုံးပိတ်ရက်တွေပါ ဆင်းရတာမို့ ကိုယ်တို့မတွေ့ဖြစ်ကြဘူး။ ဒါပေမယ့် ညတိုင်းဖုံးပြောဖြစ်ပါတယ်။ သူရဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားအဟောင်းကြီးကိုလည်း ဖွင့်နေလျက်ပေါ့။

အဲ့ဒီကြားထဲမှာ ကိုယ်အရင်တွဲနေလက်စ လူတစ်ယောက်နဲ့ တစ်ခေါက်လောက်တော့ တွေ့ဖြစ်ပါသေးတယ်။

မေလရဲ့ ပထမအပတ်နားမှာတော့ သူ့ဆီကို ကိုယ်ဖုံးခေါ်မိတယ်။ မကိုင်ပါလားလို့ နှစ်ကြိမ်သုံးကြိမ် ကိုယ်ဆက်တော့ ကိုယ်မကြားဘူးတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။ ကိုယ်ဘယ်သူလဲတဲ့ သူကများ။ ကိုယ်ကမေးတယ် သူဘယ်ရောက်နေလဲဆိုတော့ သူ့သူငယ်ချင်းပါတဲ့ မင်းဘယ်သူလဲ ပြောပြပါလို့မေးလာတယ်။ ကိုယ်ဒေါသတွေထွက်နေမိတယ်။ ကိုယ့်ကို ဒီမေးခွန်းမေးရလောက်အောင် မင်းတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုကဘာတဲ့လဲ။ ကိုယ့်ဒေါသကိုယ် ထိန်းပင်မယ့် မရတော့ဘူး။

မကြာခင်မှာ သူဖုံးပြန်ဆက်တယ် ကိုယ်သူ့ကိုမေးတော့ သူငယ်ချင်းပါတဲ့။ ဒါဆို သူငယ်ချင်းဆို ကိုယ့်ကို ဒီမေးခွန်းမေးစရာလားဆိုတော့ သူက ရိုးရိုးသားသားသူငယ်ချင်းပါတဲ့။ အဲ့မှာ ကိုယ့်ဒေါသ ပိုဆိုးသွားတယ်။ ဒေါသနောက်တရားပါ ဘာတွေ ပြောနေမိမှန်းမသိအောင် ပြောပစ်ခဲ့တာ။

နောက်တော့ သူခေါ်တဲ့ ဖုံးတွေကို မကိုင်ခဲ့ဘူး။ ဆယ်ကြိမ်မကအောင် သူခေါ်ခဲ့ပင်မယ့် ကိုယ်မကိုင်ခဲ့တော့ဘူး။ ကိုယ့်စိတ်ထဲမှာ သူမရှိအောင် အလုပ်တွေ ဖိလုပ်နေခဲ့တာ။

တွဲနေလက်စလူလည်း ဒီကို အလည်လာရင်း ကိုယ်နဲ့ဆုံဖြစ်တော့ ကိုယ်သူ့ကို မေးခွန်းတစ်ခုမေးဖြစ်တယ်။ လူတစ်ယောက်က ငါ့ကို ညာရင် ဘာလုပ်သင့်သလဲ။ ဖြေရှင်းခွင့်ပေးသင့်သလားဆိုတော့ လူတစ်ယောက်မှာ second chance ရှိသင့်တယ်တဲ့လေ။

ဒါနဲ့သူခေါ်တဲ့ ဖုံးတစ်ခုကို ကိုယ်လက်ခံခဲ့တယ်။ နောက်တော့ ဒီတစ်ပတ်ရုံးပိတ်ရက် ရုံးမပိတ်ပင်မယ့် သူကိုယ့်ဆီရောက်အောင်လာမတဲ့။ အဲ့ဒီညနေတစ်ခုကတော့ စိတ်ထဲစွဲထင်စေခဲ့တယ်။ ညနေစာမစားရသေးတဲ့ သူ့ကို ကိုယ်ညနေစာလိုက်ကျွေးရင် ကိုယ်တို့ တံတားတစ်ခုဆီကို ဦးတည်ခဲ့ကြတာပေါ့။ ညနေကပဲ လှသလား တံတားကပဲလှသလား ကိုယ့်အတွက် လှပခဲ့တာသေချာနေခဲ့တယ်။ ကိုယ်တို့ ဓါတ်ပုံတွေတွဲရိုက်ခဲ့ကြတယ်။

ပြီးတော့ ကိုယ်သူ့အတွက် အမှတ်တရလက်ဆောင် အင်္ကျီတစ်ထည်ကိုပေးရင်း ကိုယ်သူ့ကိုယ်ချစ်မိသွားပြီလို့ ပြန်ပြောခဲ့မိတယ်။ ကိုယ့်အတွက်တော့ သူ့ကို ချစ်တယ်ဆိုတဲ့ စကားပြောဖို့ တော်တော်လေး စဉ်းစားခဲ့ရတာပါ။ သူ့ကိုချစ်တယ်လို့ပြောပြီးတဲ့နောက် ကိုယ်ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ခဲ့ဘူး။ ဒီစကားလုံးတွေနောက်ကို ကိုယ်ထိန်းသိမ်းခဲ့ပါတယ်။

ဒါပေမယ့် မေလရဲ့ နောက်ဆုံးအပတ်နားမှာတော့ သူကိုယ့်အိမ်ကို လာမယ်ပြောရင်း ရောက်မလာခဲ့ဘူး။ သူသုံးနာရီလောက်ရောက်မယ်ပြောလို့ ကိုယ့်စောင့်ရင်း အဲ့ဒီညနေဟာ သိပ်ရှည်လျားလွန်းခဲ့တယ်။ မစောင့်နိုင်တဲ့အဆုံးမှာ Musical school ရဲ့ ဒေါင့်တစ်နေရာမှာ ကိုယ်ဟာ တစ်စုံတစ်ရာကို မျှော်လင့်စောင့်စားခဲ့ရတာ။ အသံမမြည်တဲ့ဖုံးလေးတစ်ခုက လက်ထဲမှာ အသက်မဲ့စွာ။ ဖုံးဘေးနားက ကြိုးတွေ ပြတ်သွားအောင် ရမ်းခါရင်း ဖုံးကိုပဲ မဲနေမိတော့တာ။

သူအဲ့ဒီတစ်ညလုံး ရောက်မလာခဲ့ဖူး။ နောက်နေ့မနက်ရောက်တော့ သူ သူငယ်ချင်းတစ်ယောက်အိမ်မှာ အိပ်ဖြစ်ခဲ့တယ်တဲ့။ အချိန်မတိကျလိုက်တာလို့ မလာနိုင်လည်း မလာနိုင်ကြောင်းပြောပါတော့လား။ ကိုယ့်ကို မလေးမစားဆက်ဆံတယ်ပြောရင်းက နောက်မှ ပြန်ဆက်မယ်ဆိုပြီး ဖုံးကိုချသွားခဲ့တယ်။ ရက်စက်လိုက်တာလို့ အော်မြည်ရင်း ရင်ဘတ်ကို ဖိမိတယ်။ နာကျင်လှချည်လို့ ငိုကြွေးနေမိတာပေါ့။

ဖုံးဆက်နိုးနဲ့ မျှော်မိလည်းအလကားပါပဲ။ နောက်တပတ်အင်္ဂါနေ့တစ်ရက်မှာတော့ ကိုယ်သူ့ကို ဖုံးဆက်တော့ သူက သူ့မှာ ချစ်သူတစ်ယောက်ရှိနေပြီတဲ့။ မြန်လှချည်လား။ အဲ့ဒီချစ်သူနဲ့ အဝေးတစ်မြေကိုသွားတော့မှာတဲ့။ သူ့ကို ကြိုးစားပြီးမေ့လိုက်ပါတဲ့။ ကိုယ်က သူ့အပေါ် အမြဲတမ်း အထက်စီးက အနိုင်ကျင့်ဆက်ဆံသတဲ့လေ။

သူရဲ့ချစ်သူဆိုတာ ဟိုတစ်လောက ကိုယ့်ကို ဘယ်သူလဲဆိုတာ ဖုံးထဲမှာ မေးတဲ့သူတစ်ယောက်ပေါ့။ ကိုယ့်ကိုချစ်တယ် ချစ်တယ် တဖွဖွပြောတဲ့သူတစ်ယောက်က ကိုယ့်နောက်ကွယ်မှာ နောက်ထပ်ချစ်သူတစ်ယောက်နဲ့ လျှောက်သွားနေတော့တာကိုး။ ကိုယ်ဘယ်လို နှလုံးသားနဲ့လက်ခံရမှာလဲ။ ဒါဆို သူကိုယ့်ကို ချစ်တယ်ဆိုတာကကော….

လက်လွတ်စပယ် မဆုံးဖြတ်ပဲ တကယ့်ချစ်ခြင်းကို နှလုံးသွင်းမိတဲ့ ကိုယ်။ အရူးတစ်ပိုင်းပါပဲ။ သေမတတ် အနေခက်လွန်းလို့ ဒီဘ၀ကိုဇွတ်သိမ်းပစ်မယ်လည်း ကြံမိပြန်တယ်။ ပစ်ပြေးသူက မေ့နိုင်ပေမယ့် ဒီတစ်ဖက်မှာတော့ မမေ့ရက်နိုင်သေးဘူးလေ။
ဝေဒနာတွေအပြည့်နဲ့ ဒီဘ၀မှာ ကိုယ်မပျော်နိုင်တော့ဘူး။

မေ့ပစ်ပါဆိုပေမယ့် ကိုယ်က ဒီအိပ်မက်မှာ ပျော်ပိုက်နေမိပြီလေ။ သူပြန်လာမယ်ဆို လက်ကမ်းလို့ကြိုချင်နေမိတယ်။

ဒီ ပုစ္ဆာမှာ အဖြေက မေ့ပစ်သင့်သတဲ့လား။ ကိုယ်ရော မှားခဲ့မိသလား။ ပြန်လာချိန်ကို မျှော်နေမိတဲ့ ကိုယ့်မှာ အပြစ်ရှိသတဲ့လား။

ကျနော့ စာဖတ်သူများ ဆွေးနွေးပေးကြပါဦးခင်ဗျာ။ အပြုသဘောဆောင်သော အကြံပြုချက်များ ပေးကြပါရန်မေတ္တာရပ်ခံပါတယ်။

06 August 2009

လရိပ်ချစ်သူ

ကျနော်လိုချင်တာက
ရေအိုင်ထဲကလရိပ်ပါ

ရေအိုင်ထဲက လရိပ်ဆိုတာ
ရေရှိတိုင်းတွေ့ရသတဲ့

ရှိသမျှရေအိုင်တွေ
ခမ်းဖို့ ဆုတောင်းရမလား
ဆုတောင်းမမှားချင်

လမင်းရယ်
ရေအိုင်တိုင်းမှာ
အရိပ်မထင်ပါနဲ့

လရိပ်တစ်ခုတည်း
လင်းပေးမယ့်
ရေအိုင်တစ်ခုဖန်ဆင်းပေးပါ…………

မဖြစ်နိုင်တဲ့ အရာတစ်ခုကို တောင်းဆိုမိပြန်ပါပြီ……စိတ်ဆိုတာလည်း အခက်သားလား

ဖျားနာနေခဲ့ပြီ

မှောင်သွားမဲ့
အချိန်ကာလအတွက်
အမှောင့်ပယောဂတွေ တွယ်လို့
သောကတွေ ပွေချက်တော့

ထောက်ခနဲ
မီးတစ်ချက်လင်းရင်တောင်
မျက်အရောင် တပြောင်ပြောင်
ညီးမိတယ်

ဆေးလိပ်ရယ်
မီးညှိတာပါတဲ့
ချွေးသိပ်တာ
ဖြေ မတတ်လို့
အခက်အခက်တွေပို
ထွက်သက်ရယ်
မမှန်ချင်တော့

ကိုယ်လည်းမပူ
ချောင်းလည်း မဆိုးပါပဲ
ဖျားနာမှုတစ်ခုကို
ကိုယ့်ဘာသာအတည်ပြုလိုက်တယ်
ဆေးမကုပါနဲ့…..

05 August 2009

ဂယက်

ကမ်းစပ်က
ခဲတစ်ခု
ရှပ်ကနဲ လှမ်းပစ်တယ်

တစ်ခေါက်
တစ်ခေါက် နှစ်ခေါက်
တစ်ခေါက် နှစ်ခေါက် သုံးခေါက်

ခဲပစ်သူရင်ထဲ
ဟေးခနဲ အော်မိတယ်

ခဲတစ်ချက်အရှပ်မှာတော့
ဂယက်တွေကျန်ခဲ့လေရဲ့

ခဲပစ်သူ
ကျောခိုင်းသွားတောင်
ဂယက်တွေငြိမ်နိုင်ပါ့မလား………..

ငယ်တုန်းက ဆော့ခဲ့ဖူးတာလေး ကို တွေးနေမိလို့ပါ

ပျောက်ဆုံးခြင်း

ဗြုန်းခနဲတချက်မှာ
အသိလက်လွတ်သွားခဲ့တာ

လက်နှစ်ဖက်ကို ဆုပ်ပေမယ့်
ရပ် ရပ်သွားတဲ့ နှလုံးသားကို
တားလို့ မှ မရပဲ

စိတ်စေတသိတ်နောက်မှာ
အရိပ်ပေါင်းများစွာ
ဇာတိ မရဏ ဗျာပါဒ
အလို…
ဘာကိုမှ နှလုံးမသွင်းနိုင်တော့

ပျောက်ဆုံးသွားတာက
အသိစိတ်တစ်ခု
ရှေ့ကိုလည်း မကြည့်နိုင်
နောက်ကိုလည်း မလှည့်နိုင်

ထိုင်ရက်နဲ့ကို
သေဆုံးသွားတဲ့ ခဏ………

04 August 2009

ဆူးတစ်ပင်အကြောင်း


ဒီအကြောင်းကို ရေးဖို့ တကယ့်ကို ချီတုံချတုံ ဖြစ်ရပါတယ်။ TAG တွေကို တာဝန်တစ်ခုလိုပဲ တတ်နိုင်သလောက် မြန်မြန်ရေးပေးနေကြလေ။ ကျနော်က အိမ်စာပါရင် မနေတတ်ဘူးခင်ဗျ။ ဒီပို့စ်ကို ရေးဖို့တော့ အတော် တွန့်ဆုတ်ပါတယ်။ ရေးဖို့ မရေးဖို့ ချိန်ဆရင်း တောင်းဆိုသူကလည်း အလေးထားရတဲ့ အစ်မတစ်ယောက်မို့ ရေးပေးလိုက်ပါတယ်ခင်ဗျာ…..

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဆူးတစ်ပင်အကြောင်းပါ။ ဆူးတစ်ပင်လုံးကို သူကိုယ်တိုင်ပဲ စိုက်ပျိုးမိခဲ့တာ။ အခုတော့ အမှတ်တရပေါ့…………………………………….

ကျောင်းစတက်တဲ့ သူငယ်တန်းမှာ သူ ဒုတိယဆု ရခဲ့တယ်။ နေကြာပန်းတံဆိပ်စောင်လေးတစ်ထည်၊ ရွှေဝါဆပ်ပြာ နှစ်တုံး၊ စက်မှု ၁ ထုတ် ကြွေ ပန်းကန် အ၀ါရောင် တစ်ချပ် ပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာ။ ကျောင်းအုပ်ဆရာမကြီးနာမည်က ဒေါ်သိန်းသိန်းဆွေ။ အခုအထိ အဲ့ဒီ နေကြာပန်း စောင်ကလေး ရှိသေးတယ်။

မေကပြောတယ် ဘာကြောင့် ပထမ မရသလဲတဲ့။ ငါ့သိက္ခာကျသတဲ့။ သူများလည်း ထမင်းစားတယ် နင်လည်း ထမင်းစားတယ်။ ဘာကြောင့် သူများရတဲ့ ပထမ နင်မရခဲ့သလဲ။ ဝေးပါသေးတယ် ဒါနဲ့များ ဆရာဝန်ဖြစ်ချင်သတဲ့။

ဆတ်ဆတ်ခါနာတဲ့ စိတ်နဲ့ ဆူးတစ်ပင်ကို စပျိုးခဲ့မိတာ။

နောက်တစ်နှစ်ကနေစပြီး နှစ်တိုင်းကို မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ။ သူက စကားလုံးတွေရဲ့ ထိရှမှုကို နှလုံးသားနဲ့နာကြားခဲ့တာ။ စကားလုံးတိုင်းကို အခုထက်ထိမှတ်မိနေအောင် နာကျင်ခဲ့ရတာပါ။

လေးတန်းနှစ်မှာ ဆူးပင်ပိုမိုရင့်သန်စေခဲ့တယ်။ အဲ့အကြောင်းကို ဒီမှာရေးခဲ့ဖူးပါတယ်။ ပြီးတော့ ဖေနဲ့မေက သူ့ကို ကတိတစ်ခုပေးခဲ့ဖူးတယ်။ သူက ကတိတွေပေးပြီး လုပ်မပေးခဲ့ရင်လည်း မကြိုက်တတ်ပါဘူး။ သူတို့အလိုဆန္ဒတွေကို နှစ်တိုင်းဖြည့်နိုင်ခဲ့ရင် အဲ့ဒီ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အသေအချာ ဘောင်ခတ်ပေးမတဲ့လေ။ ဒါပေမယ့် ယနေ့ထက်ထိ ယနေ့ထက်ထိ လုပ်မပေးခဲ့ကြပါဘူး။ သူ မကျေမနပ်ပြောတိုင်း အခုထိ မမေ့နိုင်သေးပဲကိုးဆိုပြီး ရယ်မောပစ်လိုက်ကြတယ်။

အထက်တန်းကျောင်းမရှိသေးတဲ့ စက်ရုံမြေမှာမို့ ကိုးတန်းကိုတော့ အထက်မင်းလှအထက်တန်းကျောင်းကို ပြောင်းခဲ့ရတယ်။ ကိုယ့်ရွာကြက်ဖ သူများရွာ ကြက်မတဲ့။ နှိမ်လိုက်ကြတာလည်း မပြောပါနဲ့တော့ဗျာ။ အစမ်းစာမေးပွဲ အမှတ်တွေ မထွက်ခင် အထိပေါ့။ အမှတ်ထွက်လာပြီးတဲ့နောက် မုန်းတီးတဲ့ မျက်လုံးတွေကို နေ့တိုင်း ရင်ဆိုင်ခဲ့ရတယ်။ အခန်းဝင်ဝင်ချင်း ဒေါင့်စွန်းမှာ ထိုင်တာမို့ လွယ်အိတ်နဲ့တစ်မျိုး စကားနဲ့တစ်သွယ် မျက်စောင်းနဲ့အမျိုးမျိုး ရန်စသွားခဲ့ကြတာ။ သူများရပ်ရွာ ကျောင်းတက်ရတာလည်း ဆူးပင်ကို ရင့်သန်စေခဲ့တာပါပဲလေ။

ကိုးတန်းစာမေးပွဲမဖြေခင် သင်္ချာဆရာမ ဒေါ်အေးအေးကျော်က သူ့ဇာတိမုံရွာမှာ ဆယ်တန်းတက်ဖို့ အိမ်ကို တိုက်တွန်းခဲ့တယ်။ ဒါနဲ့ ဆယ်တန်းကို သူ့ဇာတိမြို့မှာ တက်ခဲ့ရပြန်တယ်။ မေက အထက ၁ ထွက်မို့တစ်ကြောင်း၊ ကျောင်းအုပ်ကြီးကလည်း သူ့ကို ငယ်ကတည်းက ထိန်းကျောင်းခဲ့ဖူးတဲ့ ဦးဆန်းဖြစ်တာတစ်ကြောင်း အထက ၁မှာ ထားမယ်ပြောတယ်။ အဒေါ်အကြီးဆုံးကတော့ သူလက်ရှိအလုပ်လုပ်နေတဲ့ အထက ၃မှာပဲ ထားရမယ်တဲ့။ လက်ရှိသူငယ်ချင်းတွေနဲ့ တက်နေတဲ့ ၀ိုင်းက အထက ၂၀ိုင်း။ တော်သေးတယ် သုံးကျောင်းပဲရှိလို့။ တက်ဖြစ်ခဲ့တာ အထက ၃ပါ။

သူ့အသိုင်းအ၀ိုင်းက ဆရာမ အသိုင်းအ၀ိုင်း။ အတန်းထဲ ၀င်သမျှ ဆရာဆရာမတွေက သူ့နာမည်ကို မသိဘူး။ ဘယ်သူ့သားလေး ဘယ်သူ့တူလေး ထပါဦးဆိုပြီး စာမေးတော့တာ။ လူလည်ခေါင် အရှက်မကွဲချင်တာနဲ့ ကျက်လိုက်ရတဲ့ စာတွေ။ နေ့လည် အိမ်ပြန် ထမင်းစားရင် ပန်းကန်ရှေ့ချပြီးတော့ ကို ကျက်ခဲ့ရတာ။ ကျောင်းပြန်တက်ရင် ဖြေရဦးမှာလေ။

စာမေးပွဲကြီးနီးလာတဲ့ ဆောင်းတွင်းတစ်ခုမှာပဲ BIO ဆရာမအိမ်မှာ ပြဿနာတစ်ခုဖြစ်ခဲ့ရတယ်။ သူစာမေးပွဲဖြေဖို့ သီးသန့်ဝယ်ထားတဲ့ စာရွက်တွေကို သူငယ်ချင်းတွေက သုံးပစ်ခဲ့ကြတယ်။ စိတ်ဆိုးလွန်းမက စိတ်ဆိုးပြီး စာမေးပွဲမဖြေပဲ အိမ်ပြန်လာခဲ့တယ်။ နောက်တော့ အဲ့ဒီစာသင်ဝိုင်းက ထွက်ပစ်ခဲ့တဲ့အထိ။

နောက်တော့ နီးစပ်ရာ ဆရာတွေက ဟိုဝိုင်းလာပါ ဒီဝိုင်းလာပါခေါ်ကြပေမယ့် ၀ိုင်းခေါင်းဆောင် အတန်းသားတွေက သူ့ကိုလက်မခံကြဘူးတဲ့။ အဆိုးဆုံးဝိုင်းကဆို သူ့ကို လက်ခံရင် သူတို့ ဒီဝိုင်းက ထွက်ပါမယ်ဆိုပဲ။ သူ့အတွက် ဆူးပင်ကြီးကို အကြီးကြီး ဖြစ်စေခဲ့တာပေါ့။ သူရဲ့ စိတ်က သူ့ကို ကြည်ဖြူစွာ လက်သင့်မခံတဲ့ အရပ်ဆို တစက္ကန့်တောင် မနေချင်ခဲ့ဘူးလေ။

ပြီးတော့ အဲ့ဒီနှစ်က သူ့ကျန်းမာရေး။ မေ့ဆီက အမွေကို သူမတောင်းပဲ ရခဲ့တယ်ထင်ပါတယ်။ အိပ်ဆေးတွေနဲ့ အဲ့ဒီဆေးတွေသောက်ရင်း ဒီနှစ်ကို မုန်းတီးနေခဲ့မိတယ်။ သူ့ကိုယ့်သူ သိလို့မဖြေပါရစေနဲ့ဆိုတော့ မေက အိမ်ရဲ့စီးပွားရေးက နောက်တစ်နှစ်ကျောင်းမထားနိုင်တော့ဘူးတဲ့။ ကဲ………

ရသလောက်အမှတ်ကလေးနဲ့ နှစ်သိမ့်ခဲ့ပါတယ်။ သူ သူ့ပြိုင်ဘက်တွေကို အရှုံးမပေးချင်ဘူး ဆိုတဲ့ စိတ်နဲ့ ရန်ကုန်မြေကို ခြေချခဲ့တယ်။ နယ်မှာ မရှိသေးတဲ့ ကွန်ပြူတာသင်တန်းကို တက်ခဲ့တယ်။ မြန်မာ့ကွန်ပြူတာ စင်တာဆိုတဲ့ အရပ်မှာပါ။ ယောင်လည်လည် တောသားလေးမို့ အားလုံးကအထင်သေးကြမှာပါ။ ဒါပေမယ့် အဲ့ဒီနှစ်မှာ သူဆုရခဲ့ပါတယ်။ ရခဲ့တဲ့ ဆုက နောက်တစ်နှစ်သင်တန်းကြေးပေါ့။

သူနေတဲ့ အိမ်က သူ့ကိုပြောတယ် NCC သင်တန်းမှာ ဂုဏ်ထူးရဖို့ အတော်ခက်သတဲ့။ နင်လိုလူမျိုး ဘယ်ဖြစ်နိုင်မှာလဲ တော်တော်ကို ထူးချွန်မှ ထက်မြက်မှတဲ့။ ဆူးတွေကို ချွန်အောင်လာသွေးနေကြ ပြန်တယ်။ နောက်တစ်ခေါက် သင်တန်းမှာ ဆုထက်ရပြန်တော့ ဆူးပင်ကို ချိတ်မိပြန်ရော။ IDCS ဆိုတဲ့ ခြေလှမ်းကို စလှမ်းမိပြန်ရော။ နေတဲ့ အိမ်က ကောင်းချီးပေးပါတယ်။ အကျနာမယ်တဲ့။ အဲ့ဒီ IDCS သင်တန်းတွေ ဆုံးတဲ့အထိ ပညာသင်စရိတ်ထောက်ပံ့ကြေး သူရခဲ့တယ်။ အတန်းဆုံးအောင် တက်ဖြစ်ခဲ့ပါတယ်။

IDCS သင်တန်းတက်ပြန်တော့လည်း သင်္ချာဆရာက သင်ရိုးစာအုပ်အစား ရှေ့ batch က the whole burma တစ်ယောက်ရဲ့ စာအုပ်ကို ကိုင်တယ်။ အဲ့ဒီစာအုပ်နဲ့ မတူရင် အဖြေမှန်မဟုတ်ဘူးဆိုပဲ။ သူက လက်မခံဘူးဆိုတော့ ဆရာက ပြောတယ် အဲ့ဒီ ကောင်မလေးက ၉၃မှတ်နဲ့ လက်ရှိ အမှတ်အများဆုံးရထားတဲ့သူတဲ့။ ဒါနဲ့ လက်ခံရရောလား။ ဆူးတွေကလည်း များလှချည်လားကွယ်ရို့။ သူသိပ်ကြိုက်တဲ့ သင်္ချာကို ၉၅ မှတ်ရအောင် ဖြေပြီး ဆူးပင်ကြီးကို ဘွားခနဲပြခဲ့ဖူးတယ်။

သူနောက်ထပ်ကျောင်းတစ်ခု အပြိုင်တက်ရပြီဆိုတော့ သူ့မှာ ဆူးပင်ကြီးကို ကြည့်မနေအားတော့ပါဘူး။ ကျောင်းနှစ်ကျောင်းကြားမှာ ဆူးတွေကို မေ့နေခဲ့ပြီလေ။ နှစ်ကျောင်းလုံး အောင်ဖို့အရေးထက် ဆူးပင်ကြီးက အရာမတွင်တော့ဘူးပေါ့။

သူအခု ဆူးတွေကို မေ့ပျောက်နေခဲ့တာ ကြာလှပြီ။ ဆူးပင်ကြီးရဲ့ အရိပ်နဲ့ ဆူးတွေကို မေ့နေခဲ့ပြီလေ။ အခုတော့ ဆူးတစ်ပင်အကြောင်း အမှတ်တရပါ………..

ကျနော်နဲ့ လောလောလတ်လတ်

တွေးနေမိတာက
အတွေးတွေက မဆုံးနိုင်ဘူး။ ဟိုတစ်စ ဒီတစ်စထဲမှာ…
..

ဘာတွေကိုတွေးနေမိခဲ့သလဲ တွေးနေရင်း အတွေးတွေ ပတ်ချာလည်နေပြန်တယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ထိရှလွယ်လွန်းတယ်

ကျန်းမာရေး
အသံကြားတာနဲ့ MC ယူချင်နေမိတာ

ဟိုင်းဝေးလမ်းခရီးက ကျန်းမာရေးဆိုတာကို သတိရပြီး ပြုံးမိပြန်ရော

သာကေတက ကားမှတ်တိုင် မဟုတ်ဘူးနော်


ဖတ်ဖြစ်တဲ့စာအုပ်တွေက
တစ်အုပ်ထဲပါပဲ ဖတ်လို့မ၀သေးဘူး။ မဆုံးတဲ့ဇာတ်လမ်းဖြစ်စေချင်မိတာ မှားသလား


ရောက်နေဖြစ်တာက

စိတ်ရောက်နေတဲ့ နေရာက တစ်ခုတည်း

အပြင်မှာတော့ အရာပေါင်းထောင်သောင်းမက

ရေးဖြစ်နေတာက
အရည်မရ အဖတ်မရ

ကွမ်းစာလေးတွေပေါ့

တကယ်ရေးချင်တဲ့ စာမျက်နှာတစ်ခုက ဖွင့်လက်စ


နားထောင်ဖြစ်နေတာက
ပုံပြင်တစ်ပုဒ်ပါ

ပြောတဲ့သူက ပြောနေမှပဲဗျာ

ရွတ်နေမိတဲ့ကဗျာက
က ကဗျာလေး

ဘယ်လိုရေး

ဖြစ်ချင်နေတာက
ဖြစ်ချင်တိုင်းဖြစ်ခွင့်လေး ရချင်တယ်

စားဖြစ်နေတတ်တာက
ဖြိုသလစ်


သနားနေမိတာက
စိတ်ဆိုတဲ့ စကားလုံးကိုပါ

ဆန္ဒဆိုတဲ့ ဘောင်ထဲပိတ်မိနေလို့လေ

လွမ်းနေမိတာက
အသံတစ်ခုတည်းပါ စက္ကန့်မခြား ကြားနေချင်မိတာ

မေ့လျော့ပစ်နေမိတာက
ဘာလုပ်ရမယ်ဆိုတာကိုပါ

ခါးသက်နေမိတာက
ညဖက်အိပ်ချိန်တွေ (အိပ်ကို အိပ်ရမယ်လို့ ဘယ်သူသတ်မှတ်ခဲ့တာလဲ)

တမ်းတနေမိတာက
မနိုးတမ်းမက်ချင်မိတဲ့ အိပ်မက်တစ်ခုပါ

ကြိတ်ပြီးချီးကျူးနေမိတာက
မခံစားတတ်ဘူးဆိုတဲ့သူတွေ

ငါ့မှာတော့ အရာအရာတိုင်းအတွက် ရင်ဘတ်ကြီးဖွင့်လို့


ကြိတ်ပြီးအထင်သေးနေမိတာက

ခပ်ထူထူ ခပ်အအ ခပ်နန ခပ်နုံနုံ ကိုယ်လိုလူ (အဖြေမှန်သိလျက်နဲ့ ဒါမှားတယ်ဆိုရင်တောင် ယုံပါတယ်)


ဆန္ဒမရှိတဲ့နေရာ
ဆန္ဒရှိနေတဲ့နေရာ

ဆန္ဒရှိနေတဲ့ကိစ္စ
မျက်စိတစ်မှိတ်အတွင်း မေ့ပျောက်နိုင်စွမ်း (တစ်ချို့အရာတွေ လေးလံလွန်းတယ်)

မုန်းတီးနေမိတာက
အတ္တ

ချစ်နေတာက
ချစ်နေမိမှန်းမသိအောင် ချစ်နေတတ်တဲ့စိတ်ကလေး

စိတ်ပျက်နေမိတာက
အရာအားလုံးနောက်က မမြင်နိုင်တဲ့ အရာတွေ (မရှောင်နိုင်ခဲ့ဘူးလေ)

စွဲလန်းနေမိတာက
စွဲလန်းစေတဲ့အရာတွေပါ လောလောဆယ် သေချာတာက အပြာရောင်ပါ

လိုအပ်နေတာက

လိုအပ်တဲ့အရာက အနားမှာ ရှိမနေနိုင်ဘူးတဲ့ (အနားမှာ နေချင်တယ်လည်းဆိုပါလျက်....)

တောင်းနေမိတဲ့ဆု
မရှိခြင်းဆိုတဲ့ စကား မကြားပါရစေနဲ့

မဖြစ်နိုင်ဆိုတဲ့ အငြင်း မငြင်းပါရစေနဲ့

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ငါ့ကိုဖုံးခေါ်ပါ၊ ထပ်တလဲလဲပြောပါ ငါကြားချင်လို့


ဝန်ခံချင်တာက
ပေါက်တတ်ကရတွေ ရေးခဲ့တယ် ဆိုတာ ရိုးသားစွာဝန်ခံပါရစေ……………….

ကိုအောင်သာငယ်နဲ့ မကြေးမုံမှ ပြိုင်တူ TAG ၍ ရေးရပါသည်....

02 August 2009

အပြာရောင် အိပ်မက်


ဝိုးတ၀ါးပါပဲ
အပြာရောင်တွေက ဖမ်းစားစေခဲ့တယ်

မြူနှင်းကြားမှာလား
မြူမှုန်တွေကေ၀၀ါးစေသလား


ငါဟာ အပြာရောင်တွေကို
မက်မောတယ်

ဆက်မပြောပါနဲ့
ငါ အပြာရောင်တွေကို မက်မောတယ်

လွင့်နေတဲ့ အပြာတွေ
မြင်နေတဲ့ အပြာတွေ
အပြာရောင်တွေ အပြာရောင်တွေ
ဖိစီးနိုင်လွန်းတယ်

အိပ်မက်တဲ့
ဒါဟာ အိပ်မက်
သိပ်မက်မောစေတဲ့ အိပ်မက်တစ်ခုပါပဲ

တကယ်တော့ အပြာရောင်အိပ်မက် တစ်ခုသက်သက်ပဲ.......


မြှားတစ်စင်းတဲ့လား

ငါဟာမြှားတစ်စင်းတဲ့လား

လေးညှို့က လွှတ်ခွင်းပြီးတဲ့နောက်
လေထုကိုအန်တု
ပစ်မှတ်တစ်ခုဆီသို့
မမှိတ်မသုန်

ငါဟာမြှားတစ်စင်းတဲ့လား

မြှားတံမြှီးဖျားကို
ငါပြန်လှည့်ကြည့်လို့မှမရ
လားရာကိုသွားလေရော့ လဟယ်

ငါဟာမြှားတစ်စင်းတဲ့လား

လေးညှို့ကိုဆွဲစဉ်ကပင်
ညွှတ်ဝင်နေခဲ့ပြီးသား
ပစ်လိုက်ပါတော့လားလေ

ငါဟာမြှားတစ်စင်းတဲ့လား

မြှားတစ်စင်းဖြစ်တဲ့နောက်
မြှားတံသွားရာနောက်
ကောက်ကောက်ကိုပါလို့..............

01 August 2009

အလွမ်းပြေ ၂




ဒညင်းသီးရယ်



ဝက်သားနဲ့ချက်ပါလို့





လက်ဖက်ရယ်နယ်



အရွက်ရယ်မကြေစေကြောင်း



ရေနွေးရယ်ခါခါလောင်းပါလို့



ကြက်သွန်ဖြူပါးပါးရယ်



ငြုတ်သီးစိမ်းထည့်လို့နယ်



သံပုရာ ရှာမရတာမို့



သံပရိုနဲ့တွယ်



လက်ဖက်ကယ်နည်းသေးလား



ပြောပေးပါအုံး......




နှိပ်စက်တယ်မထင်ကြပါနဲ့ဗျာ အလွမ်းပြေ ၂ တင်ပေးပါလို့ တောင်းဆိုထားလို့ပါခင်ဗျာ

အကြွေစေ့များနဲ့ ကျနော်


အသားမကျ နေသေးတဲ့ ဒီအကြွေစေ့တွေ…………………….

တရင်းတနှီးရှိခဲ့ပါလျက် အခုအချိန်ထိ အကြွေစေ့တွေနဲ့ ဝေးကွာနေတုံး။ ဘာလို့များပါလိမ့်ပဲ ……..

ကျောင်းစတက်ရတော့ ကျနော်ရတဲ့ မုန့်ဖိုးက ၂၅ပြား။ အကုန်သုံးခွင့်မရခဲ့ဘူး။ ဆယ်ပြားတစ်ရက် ဆယ့်ငါးပြားတစ်ရက် တစ်လှည့်စီ စုဗူးထဲ မထည့်မနေရ။ စုဗူးဆိုတာကလည်း တရုတ်ကလာတဲ့ အအေးသံဗူးလေးပါပဲ။ ဆယ်ပြားရတဲ့ ရက် မန်ကျည်သီးလှော်ထုပ်လေးကိုင်ရမလို ဖွဲနုမုန့်လုံးလေးတွေပဲ ၀ယ်ရမလိုပေါ့။ ဆယ့်ငါးပြားရတဲ့နေ့ဆို အန်တီရွှေကြီးဆီက အုန်းနို့မုန့်လက်ဆောင်းအေးအေးလေး ဒါမှမဟုတ် အုန်းသီးသာကူမုန့်ဖက်ထုပ်ဆီကို ခြေလှမ်းမိစမြဲ။

ကျောင်းပိတ်ရက်စနေ တနင်္ဂနွေတွေဆို တစ်ရက်မဟုတ်တစ်ရက် စုဗူးထဲလက်နှိုက်ပြီး ရှိသမျှ အကြွေစေ့ထုတ်။ လက်တွေလည်း မည်းလို့။ ပြီးရင်တော့ စုထားတာ ဘယ်လောက်ရှိပြီ အင်းတွေးနေရင်း သူဌေးတောင် ဖြစ်မလိုလို။ နှစ်ထပ်စေ့လေး၊ မတ်စေ့အသစ်ကလေး၊ ရှေးဟောင်းစေ့လေး၊ ဘယ်ဟာက ဘယ်လိုနဲ့ ပျော်လို့။ မကြာပါဘူး နွေကျောင်းပိတ် မပြီးခင်မှာ စုဗူးက ခါလီပြန်ဖြစ်စမြဲ။ လွယ်အိတ်ဝယ်ဖို့ ဖိနပ်ပါးလို့ စာအုပ်များအတွက် စသည် စသည်ပေါ့။

အလယ်တန်းရောက်တော့ ငါးမူးပဲရခဲ့သေးတာ။ ရှစ်တန်းရောက်တော့ အကြွေစေ့တွေနဲ့ နေ့တိုင်းမတွေ့ဖြစ်တော့ဘူး။ မုန့်ဖိုးက တစ်ကျပ်စရပြီကိုး။ နောက်ပိုင်းအကြွေစေ့ဗူးလေးကို အမှတ်တရ သိမ်းထားခဲ့တယ်။ နယ်အိမ်မှာ အခုအထိ တစ်ဗူးရှိနေဦးမယ်။

အကြွေစေ့အသုံးတွေ ပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်းများစွာပေါ့။ တစ်လောက ငါးဆယ်တန်စေ့ တစ်ရာတန်စေ့တွေ ပေါ်ပင်မယ့် ခဏတစ်ဖြုတ်ပါပဲ။ အကြွေစေ့ယဉ်ကျေးမှုက ပျောက်ဆုံးနေဟန်တူရဲ့။

မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ အကြွေတွေကို စတွေ့တဲ့အချိန်မှာ သူတစ်စိမ်းဆန်လွန်းသလိုပဲ။ ပိုက်ဆံအိတ်ထဲကို ထည့်ရင် လေးနေသလားလို့။ ဒီမှာကလည်း အကြွေတွေက ဟောတစ်ဆုပ် ဟောတစ်ဆုပ်။ အသိမ်းအထုပ်ကောင်းတာ ပိုက်ဆံအိတ်ထဲ ထည့်လိုက်တိုင်း အိမ်ပြန်မပါဘူးလေ။ ပိုက်ဆံအိတ်နဲ့အဆင်မပြေဘူးဆိုတော့ ဘောင်းဘီအိတ်ထဲ ထည့်ပြန်တော့ ထိုင်ရာကထရင် ဘယ်နားလှိမ့်နေခဲ့တယ် မသိပြန်ဘူး။ လက်ထဲမှာ ကိုင်ရင်း စားပွဲပေါ်မှာ ကျန်ခဲ့ပေါင်းလည်း မရေမတွက်နိုင်တော့။

အဲဒီတော့ ပါလာသလောက် အကြွေစေ့တွေကို အိမ်မှာ ဗူးတစ်ခုတည်း ပစ်,ပစ်ထည့်နေမိတယ်။ လကုန်ပိုင်းလောက်ဆို အဲ့ဗူးလေးက ကျနော့မနက်စာလေးတွေပေါ့။ အကြွေစေ့တွေထဲက ၁ကျပ်စေ့ ငါးမူးစေ့ ပြားနှစ်ဆယ်စေ့လေးတွေထုတ်ပြီး မနက်စာစားနေကြလေ။

အရင်တုံးကတော့ ရုံးက တရုတ်မက သူ့တူတွေ တူမတွေ မုန့်ဖိုးပေးဖို့ အကြွေလဲနေကြ။ အခု သူအလုပ်ထွက်ပြီးတဲ့နောက် မနက်စာအသွင်ပဲပြောင်းဖြစ်ခဲ့တယ်။ ထမင်းဆိုင်က တရုတ်မကလည်း ကျနော့လက်ထဲ အကြွေတွေမြင်ရင် လဲပါ လဲပါချည်းဖြစ်နေတတ်တယ်။

စိတ်ထဲလည်း အကြွေတွေကို ရှုပ်တယ်ပဲထင်နေမိတယ်။ ဘယ်တော့မှ သွားလေရာမှာ အကြွေမဆောင်တတ်ဘူးလေ။ လေးတာရော အသံမြည်တာရော စုံလို့ပေါ့ဗျာ။

အကြွေမဆောင်တတ်ဘူးဆိုမှ ဟိုတစ်လောက ကားပေါ်မှာ အကြွေလိုက်လဲနေရှာတဲ့ သူကိုလည်း တွေ့ဖြစ်သေးတယ်။ ကျနော်လည်း ကဒ်မပါလာလို့ကတော့ အဲ့လိုလိုက်လဲနေရမှာပါလား တွေးမိပြန်တယ်။ ဒါပေမယ့် အကြွေဆောင်မယ်လို့တော့ အခုထိ စိတ်ကူးမရှိသေးဘူးဗျ။

ပိုက်ဆံအိတ်ထဲမှာ နှိပ်စိ အိတ်လေးနဲ့ တစ်မျိုး၊ ရှုံ့အိတ်ကလေးတွေနဲ့က တစ်သွယ် ပုံစုံအဖုံဖုံနဲ့ အကြွေတွေ သယ်ဆောင်ကြလေတယ်။ ကျနော်ကတော့ အခုထက်ထိ အကြွေတွေနဲ့ဝေးကွာနေဆဲ။

ငယ်ငယ်တုန်းက မက်မက်စက်စက် ကိုင်တွယ်ရေတွက်ဖူးတဲ့ အကြွေတွေ ဘာကြောင့်များ အခုမှ စိမ်းကားနေမိသလဲ။ အရင်းနှီးလွန်ခဲ့လို့များလား။ ဒါမှမဟုတ် အကြွေခေတ်ပဲ ကျော်လွန်ခဲ့လေသလား။ အကြွေတွေကို ကျနော်လက်မခံနိုင်တော့တာလား။ နှစ်ထပ်စေ့မဟုတ်လို့များလား။

အိမ်ကအကြွေပုံးကတော့ လခထုတ်ရက်ဆို သူ့ကို ဂရုစိုက်မယ့်သူမရှိ။

လကုန်ခါနီးမှ တစ်ခေါက်ပြန်လည်ဆုံတွေ့ကြတာပေါ့…………..


photo credit to Ko Phone...