Showing posts with label ရုပ်ရှင်ခံစားမှု. Show all posts
Showing posts with label ရုပ်ရှင်ခံစားမှု. Show all posts

04 March 2014

အချစ်အကြောင်းမပြောကြပါနဲ့တော့

"Celui qui passe a cote de la plus belle histoire de sa vie n'aura que l'age de ses regrets et tous les soupirs du monde ne sauraient bercer son ame..."

Yasmina Khadra

အချစ်ကို ဘ၀မှာ ရာသက်ပန်မြုပ်နှံလိုက်ပြီဖြစ်တဲ့ လူတယောက်အတွက် တဘ၀လုံးစာ နောင်တတွေနဲ့အတူ အရာရာတိုင်းဟာ သူ့ဝိညာဉ်ကို ဘယ်တော့မှ လွတ်မြောက်ခွင့်ပေးတော့မှာ မဟုတ်ဘူး……………………..

အချစ်ဆိုတာ ပျော်ရွှင်ခြင်း၊ ချိုမြိန်ခြင်း နိဗ္ဗာန်တခုဖြစ်သလို အချစ်ဆိုတာ ပူဆွေးခြင်း ကြေကွဲခြင်း ငရဲခန်းတခုလည်း ဖြစ်ပါတယ်။ စိတ်ထဲမှာ ကြေကြေကွဲကွဲရှိတုန်း ဒီဇာတ်ကားကို ကြည့်မိတဲ့အခါ နာကျင်ခံစားရတဲ့ အတိုင်းအဆဟာ ချပြလို့ မရနိုင်အောင်ပါပဲ။ မချိတင်ကဲဖြစ်ရင်း ဇာတ်လမ်းအဆုံးက အထက်ပါ စာသားလေးကို တဖြည်းဖြည်းချင်း ရေရွတ်နေမိတော့တယ်။

ဇာတ်ကားရဲ့ ကျောရိုးဟာ သမိုင်းနဲ့ အချစ်ကို ဒွေးယှက်ထားတာပါ။ မြောက်အာဖရိကရဲ့ အစိတ်အပိုင်းလေးဖြစ်တဲ့ အယ်လ်ဂျီးရီးယားနဲ့ နယ်ချဲ့ပြင်သစ်တွေရဲ့စစ်ပွဲတွေ။ နယ်ခံတွေရဲ့ မျိုးချစ်စိတ် ပြီးတော့ နယ်ခံလိုမျိုး အနယ်ထိုင်နေပြီဖြစ်တဲ့ ပြင်သစ်တွေရဲ့ နေရာချစ်စိတ်တွေကို သူ့နေရာနဲ့သူ အလင်းနဲ့အမှောင် အပိုင်းအခြားတွေနဲ့ တကန့်စီ..


အဓိကနေရာကတော့ Younes တဖြစ်လည်း Jonas ဆိုတဲ့ ကောင်လေးပါပဲ။ မြေပိုင်ရှင်အဖြစ်ကနေ မသမာသူလုပ်ငန်းရှင်ကြောင့် သီးနှံလည်းဆုံး ယာမြေလည်း ဆုံးခဲ့တဲ့ မိသားစုက ကောင်ကလေးဘ၀ကနေ စပါတယ်။ ဆင်းရဲသွားပေမယ့် မာနကို မချချင်တဲ့ ဖခင်၊ နောက်ဆုံးမှာ သားသမီးမရှိတဲ့ သူ့ဦးလေးရဲ့အိမ်မှာ မွေးစားဖို့ ဖြစ်လာတဲ့အခါ မိဘနဲ့သားသမီးကြားက ဖြတ်မရတဲ့ ချစ်ခြင်းမေတ္တာကြိုးဟာ အတိုင်းသား…


မျက်လုံးပြာပြာများကြောင့် ဥရောပဆန်ဖို့ အခွင့်အလန်းက ပိုများသလို၊ တဖြည်းဖြည်းနဲ့ အသိုင်းအ၀ိုင်းကြားမှာ ၀င်ဆန့်လာခဲ့ရင်း တမနက်မှာ အမ်မလီနဲ့ စတွေ့ဖြစ်တယ်။ အမ်မလီဟာ သူ့ကို ချည်မယ့် ကြိုးတကြိုးလို့ သူဘယ်တုန်းက မျှော်လင့်ထားမှာ မဟုတ်ဘူး။

အကြောင်းကြောင်းကြောင့် တမြို့တရွာကို ပြောင်းသွားတဲ့အခါ အမ်မလီနဲ့ သူ့ရဲ့ စန္ဒယားသံဟာ ပျောက်ကျ ကျန်ရစ်ခဲ့တယ်။ ဘ၀အသစ်၊ မြို့အသစ်မှာ ကျင်လည်ရင်း 
ဒီဥရောပအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်နေပေမယ့် သူ့စိတ်ထဲမှာ သူဟာ အဲ့ဒီလူတွေနဲ့ မတူဘူးဆိုတာပါပဲ။

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ကြီးပြင်းလူလားမြောက်လာခဲ့ပြီ။ ယောကျာ်းတယောက်အဖြစ် ပီပီပြင်ပြင်ရောက်ဖို့ ကမ်းခြေကနေ့ရက်တခုဟာ အမှတ်အသားတခုဖြစ်ခဲ့တယ်။ သိပ်လှတဲ့ မိန်းမတယောက်ပဲ။ ဟိုး ခပ်ဝေးဝေးက အိမ်ကြီးတလုံးမှာနေတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ သိပ်လှတဲ့ မျက်လုံးပြာတွေကြောင့် သူ့အနားကို အဲ့ဒီမိန်းမ တိုးဝင်လာခဲ့တယ်။ သူ့ဦးလေးဆေးခန်းကို ဥဒဟိုလာရင်း သူ့ရဲ့ စိတ်တွေကို တစစနဲ့ဆွပေးနေခဲ့တယ်။

တနေ့မှာတော့ သူ့စိတ်ကို လွှတ်ပေးလိုက်ပါပြီ။ အဲ့ဒီအမျိုးသမီးနဲ့ အတူ အိပ်စက်ခဲ့မိပြီ။ အဲ့ဒါဟာ အိပ်မက်ဆိုးတခုလို့ သူဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။ ကံကောင်းခြင်းတခုလို့လည်း သူမယူဆခဲ့ပါဘူး..
သူငယ်ချင်းတွေနဲ့ ဆုံဖြစ်တဲ့ ညနေတခုမှာ သူ့ရဲ့အတိတ်ဟာ သူ့ဆီကို ရောက်လာခဲ့တယ်။ ကောင်မလေး လှလှလေးတယောက် သူတို့ဝိုင်းကို ကြည့်နေခဲ့တယ်။ အဲ့ဒီကောင်မလေးဟာ အမ်မလီ ဟုတ်တယ် သူ့ဘ၀ရဲ့ နံနက်ခင်းတခုဖြစ်ခဲ့ဖူးတဲ့ အမ်မလီ.....

အမ်မလီကဖိတ်လို့ သူငယ်ချင်းတွေ အကုန်လုံး အမ်မလီအိမ်ကို သွားလည်ကြတဲ့အခါ….တခါတလေ စိတ်ခံစားမှုအတွက် အပျော်ရှာထားတဲ့ သူ့အရိပ်ဟာ သူ့ကို ပြန်ခြောက်လှန့်ခဲ့တယ်။ အမ်မလီ့ အမေဟာ သူဟိုတခါ အိပ်ခဲ့ဖူးတဲ့ အမျိုးသမီးဖြစ်နေခဲ့တယ်။ အမ်မလီ့အမေက သူ့နောက်ကို တကောက်ကောက်လိုက်ရင်း သူ့သမီးနဲ့ မပတ်သက်ပါဘူး၊ သူ့သမီးနဲ့ မအိပ်ပါဘူးဆိုတဲ့ ကတိကို သူ့ဆီကနေ ချွတ်ယူသွားလိုက်ပြီ။ သူ့မှာ ဘာမှ မကျန်ရစ်တော့ဘူး။

သူတို့တဖွဲ့လုံးဟာ အမ်မလီကြောင့် ရှုပ်ယှက်တွေခပ်ကုန်တယ်။ အမ်မလီဟာ သူ့ကိုရည်မှန်းသူသိတယ်။ အမ်မလီဟာ သူ့ကို အရွဲ့တိုက်တယ်။ အမ်မလီဟာ သူ့ကြောင့် အကုန်လုံးကို ကမောက်ကမလုပ်နေခဲ့တယ်။ သူသိပေမယ့် ကတိတလုံးကြောင့် သူဟာ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဘယ်လောက် စူးနက်တဲ့ ကျိန်စာတခုလဲ…

နာကျင်တဲ့ စိတ်နဲ့ အမ်မလီနဲ့ သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို တက်ခဲ့ရတယ်။ ထိခိုက်ကြေကွဲမှုဟာ သူ့တယောက်တည်းမှာ မဟုတ်ပါဘူး။ သူနဲ့အတူ အမ်မလီနဲ့ သူ့သူငယ်ချင်းပါ တပြိုင်နက်တည်း။ သူ့ကြောင့်ငါ့ကြောင့်တွေနဲ့ လုံးချာပတ်လည် လည်ရင်း..သူတို့ဘယ်လိုမှ မမျှော်လင့်ထားတဲ့ စစ်ပွဲဟာ အရာအားလုံးကို ဆုံးဖြတ်ပေးလိုက်တယ်။ အယ်လ်ဂျီးရီးယားလူမျိုးတွေကို စိတ်နာသွားတဲ့ အမ်မလီနဲ့ သူ…..

လေဆိပ်မှာ လာကြိုတဲ့သူက သူ့သူငယ်ချင်းတွေ သူ့ကို စောင့်နေကြတယ်လို့ ပြောတယ်။ သူ့နာမည်ကို ပြောပေမယ့် သူမကျက်မိဘူး။ သူနဲ့ အမ်မလီ ဒီတခါတော့ ဆုံကြပြီပေါ့။ ကားပေါ်ကနေ သူ့ကို ချန်ထားရစ်ခဲ့ဖူးတဲ့ အမ်မလီက သူ့ကို အခေါ်လွှတ်လိုက်ပါပြီ။

နာကျင်ကွဲအက်နေတဲ့ နှလုံးသားနဲ့အတူ အမ်မလီရဲ့ အုတ်ဂူရှေ့မှာ သူရပ်နေခဲ့တယ်။ အင်္ကျီထဲမှာပါတဲ့ စာတစောင်နဲ့အတူ…………..

တချို့အချစ်တွေဟာ ကျိန်စာတွေမိနေခဲ့တယ်။ သူကလည်း ချစ်တယ်၊ ကိုယ်လည်း ချစ်ပါရဲ့နဲ့ အကြောင်းကြောင်းတွေကြောင့် မဆုံဖြစ်ကြဘူး။ 


အချစ်ကို ဘ၀မှာ ရာသက်ပန်မြုပ်နှံလိုက်ပြီဖြစ်တဲ့ လူတယောက်အတွက် တဘ၀လုံးစာ နောင်တတွေနဲ့အတူ အရာရာတိုင်းဟာ သူ့ဝိညာဉ်ကို ဘယ်တော့မှလွတ်မြောက်ခွင့်ပေးတော့မှာ မဟုတ်ဘူး……………………..



အခုတလောလေးတော့ ကျနော့ကို အချစ်အကြောင်း မပြောကြပါနဲ့လားဗျာ…………..

Photo copy from Google

13 September 2010

ခရီးစဉ်တစ်ခု၏ အစ


ဟုတ်တယ် အဲ့ဒါ ခရီးစဉ်တစ်ခုရဲ့ အစပဲ။ ဘာလို့ ကောင်းသောခရီးဖြစ်ပါစေလို့ မပြောနိုင်ရမှာလဲ။ ငိုကြွေးနေရုံနဲ့ ဒီခရီးစဉ်ကို ပယ်ဖျက်ဖို့ ဘယ်သူကမှ မတတ်နိုင်ခဲ့ပဲ။ ဒါတကယ်တမ်းတော့ ခရီးစဉ်တစ်ခုရဲ့ အစပါပဲ……..

တို့ရဲ့ အလုပ်က ခရီးသွားလုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့် အလုပ်ခေါ်တဲ့ ကြော်ငြာမှာ စာလုံးပေါင်း မှားနေခဲ့တယ် ခရီးတော့ခရီးစဉ်ပဲ တကယ်က လူတယောက်ရဲ့ နောက်ဆုံးခရီးပါ…

လူတယောက်ရဲ့ နောက်ဆုံး shopping တစ်ခုကို ကျန်တဲ့သူတွေက ဘာလို့ မဖြည့်ဆည်းပေးလိုက်နိုင်ရမှာလဲ…

မင်းဘယ်လိုဖြစ်ပြီး ဒီလုပ်ငန်းထဲကို ဝင်ရောက်ခဲ့တာလဲ…အဲ့ဒီမေးခွန်းရဲ့ အဖြေကို သိပ်စိတ်ဝင်စားမိတယ်။ ငါ့ရှေ့မှာ လူတယောက်ရဲ့ နောက်ဆုံးခရီးကို သူဌေး ပြုလုပ်ပေးခဲ့တာကို မြင်လိုက်တယ်။ အဲ့ဒီအချိန်ကစပြီး ငါ့ရဲ့နောက်ဆုံးခရီးကိုလည်း သူပို့ပေးတာမျိုး ဖြစ်ချင်ခဲ့တယ်။ ဒါကြောင့်ဒီအလုပ်ထဲကို ရောက်နေခဲ့တာ…….

မကောင်းတဲ့အနံ့တွေ ရနေခဲ့တယ်။ နင်တို့ဘာတွေ စားထားလဲ။ ဟို အမည်းရောင်ဝတ်ထားတဲ့ လူဆီကနေ အနံ့တွေရနေခဲ့တယ်။

သူ့ကို နှုတ်မဆက်နဲ့….ငါနဲ့မဆိုင်ပေမယ့် မင်း တခြား အလုပ်တစ်ခုပြောင်းဖို့ အကြံပေးပါရစေ….

မကိုင်နဲ့ လူသေတွေကို ထိထားတဲ့လက်နဲ့ ငါ့အသားကိုမထိနဲ့………..အခုအလုပ်ကနေ ချက်ချင်း ထွက်မလား၊ ဒါမှ မဟုတ် ငါ့မိဘ အိမ်ကို ပြန်ရမလား…….

အခုငါ့မှာ ကိုယ်ဝန်ရှိနေပြီ။ သားသမီးကို ငါလုပ်တဲ့အလုပ်က ဒီအလုပ်ပါကွာလို့ နင်ပြောရဲမလား။ ဒီအလုပ်လုပ်တဲ့သူရဲ့ သားသမီး အဖြစ် ပတ်ဝန်းကျင်ကို ဘယ်လိုမျက်နှာပြမလဲ..

ဒါတွေအားလုံးက သူ့အတွက် ဘေးပတ်ဝန်းကျင်ရိုက်ခတ်မှုတွေပါပဲ။ ပတ်ဝန်းကျင်တစ်ခုမှာ ရိုက်ခတ်မှုတွေက မျိုးစုံနော်။ သူ့ကို နားလည်ပေးဖို့ကော ဘယ်သူတွေက ကြိုးစားခဲ့သလဲ။ ကျနော်တို့ လူတယောက်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး အဲ့လိုနားလည်ပေးရကောင်းတယ်လို့ စဉ်းမှ စဉ်းစားကြပါရဲ့လား။ သူရင်ဆိုင်နေရတဲ့ ခက်ခဲမှု အတိမ်အနက်ကိုကော ဘယ်သူတွေက တိုင်းတာပြီး စာနာပေးသင့်တယ်လို့ ယူဆခဲ့ဖူးသလဲ။ အပေါ်ယံရှပ်ပြီး သုံးသပ်နေကြ ဝေဖန်မှုတွေ အတွက် ကျနော် တကယ့်ကိုပဲ အရှက်ရမိစေခဲ့တယ်။ အဝတ်အစားကိုကြည့်ပြီး ဝေဖန်တာ၊ ပုံစံအနေအထားကို ကြည့်ပြီး စိတ်ချယုံကြည်လိုက်တာ ဘဝအတွေ့အကြုံတွေက ပေးတဲ့ သင်ခန်းစာတွေ အရဆို အဲ့ဒီဝေဖန်မှုတွေရဲ့ အနှစ်သာရက ကျီးအာသီးလိုပဲ။ တခဏအတွင်းမြင်ရတဲ့ အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်ရင် တကယ့် အစစ်အမှန်တွေ ပျောက်ဆုံးသွားတတ်တယ်လေ။

သူလုပ်နေတဲ့ အလုပ်အတွက် တကယ့်ကို နှစ်နှစ်ကာကာကြီးဖြစ်နေခဲ့တာ ကြည့်ပြီး ကြည်နူးမိပါတယ်။ လူတယောက်ရဲ့ နောက်ဆုံးခရီးမှာ သူနဲ့အတူ သူ့ပတ်ဝန်းကျင်က လူတွေ စိတ်ချမ်းသာတာကို မြင်ရတော့ ဒီခရီးစဉ်တစ်ခုကို ဖြောင့်ဖြူးစေမှာပါပဲ။

ဒီဇာတ်ကားမှာ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကို ချပြထားခဲ့တယ်။ လူတွေရဲ့အရှေ့မှာ အသက်မရှိတဲ့လူတယောက်ရဲ့ခန္ဓာကိုယ် သန့်ရှင်းခြင်း အဝတ်လဲခြင်းဆိုတာတွေကိုတောင် အရှက်ဆိုတဲ့အရာတွေ ဖုံးကွယ်ပြီး ပြသသွားခဲ့တာ။ အသက်ရှိလျက် အရှက်ဆိုတဲ့ စကားလုံးကို နားလည်ရကောင်းမှန်းမသိတဲ့ လူတွေအတွက် တကယ့်ကို အတုယူလေ့လာဖို့ကောင်းပါတယ်။ မိမိလူမျိုး ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာတွေ…စသည်ဖြင့်ပါ။

ပြီးတော့ မိဘနဲ့သားသမီးဆိုတဲ့ သံယောဇဉ်ကြိုးတွေ။ သူ့ဖခင်က တကယ်ပဲ တခြားမိန်းမတယောက်အတွက် သူတို့ကိုစွန့်ပစ်သွားခဲ့တာလား။ ယောက်ျားတယောက်ကို စိတ်ဝင်စားလို့ မိမိသားသမီးကို စွန့်ပစ်ခဲ့တဲ့ မိန်းမတယောက်ရဲ့နာကျင်မှု။ ငါလေ ငါလေသူ့ကို အရမ်းတွေ့ချင်ပါတယ်ဆိုပြီး အရုပ်ကြိုးပျက်ဖြစ်သွားတဲ့ ပုံစံတွေ။ သူ့အဖေ ကိုမြင်ရင်တောင် အဖေပါလို့ မမှတ်မိနိုင်တော့တဲ့ သားတယောက်ရဲ့ စိတ်ဒဏ်ရာ။ ပြီးတော့ အဆင့်ဆင့် ကူးသယ်လာခဲ့တဲ့ stone letter။

အတင်းဆုပ်ထားတဲ့ လက်ကိုဖြည်တဲ့အခန်းက ဇာတ်ရှိန်အမြင့်ဆုံးပဲဖြစ်မှာပါ။ သေခါနီးအထိ မလွှတ်တမ်းဆုတ်ကိုင်နေခဲ့တာ ဘာများပါလိမ့်။ လက်ကိုဖြည်နိုင်တဲ့ အခါမှာ လှိုက်ခနဲ ဖြစ်သွားတဲ့ စိတ်က roller coaster စီးတာထက် အဆပေါင်းများစွာသာနေခဲ့တယ်။ သူငယ်ငယ်တုန်းက သူ့အဖေကို ပေးခဲ့တဲ့ ကျောက်တုံးလေးတစ်ခု။ အဲ့ဒီတော့မှ သူရဲ့တင်းမာနေတဲ့ စိတ်တွေ အရည်ပျော်ကျလာပုံပါပဲ။

လူ့ဘဝကို ရောက်လာတုန်းက ကိုယ်ရဲ့ ငိုကြွေးခြင်းနဲ့ အစပြုခဲ့ရတယ်။ လူ့ဘဝက ပြန်ထွက်သွားတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ငိုကြွေးခြင်းနဲ့ အဆုံးသတ်ပြန်တယ်။ လူ့ဘဝဆိုတာ ငိုကြွေးခြင်းနဲ့ စပြီး ငိုကြွေးခြင်းနဲ့ ဆုံးတာပါပဲလား..

ပြီးတော့ နေရာတိုင်းမှာ ရှိနေတဲ့ လူတွေရဲ့ တန်ဖိုးတွေ။ သူတောင်းစားမို့ သုဘရာဇာမို့ လူတွေက အဖက်မလုပ်ချင် ဖြစ်တတ်ကြပြီး တနေ့ သူတို့ကို လိုအပ်လာဦးမှာဆိုတာကို မေ့လျော့နေခဲ့ကြပုံပဲ။ ငါ ဆရာဝန်ကြီး ငါ အင်ဂျင်နီယာကြီးဆိုပြီး ရာထူးဂုဏ်သိမ်တွေနဲ့ မောက်မာဝံ့ကြွားပြီး ကျန်တဲ့လူတွေကို လူမထင်ဘူးဆိုတဲ့ အမြင်တွေအတွက် သံဝေဂတွေ ရစေမယ်ထင်မိတယ်။

ဇာတ်ကားကြည့်ပြီးပြီးချင်း စိတ်ထဲ အဖြစ်ချင်းဆုံးတစ်ခုခုကိုပြောပါလို့ မေးလာခဲ့ရင် ကျနော့ ပတ်ဝန်းကျင်တစ်ခုလုံးက Have a nice trip လို့ လှိုက်လှိုက်လှဲလှဲပြောလာမယ့် ခရီးစဉ်တစ်ခု ကို အစပြုချင်လိုက်တာလို့ ဖြေမိမယ်ထင်ပါတယ်……………

11 September 2010

လျှောတံခါးတစ်ချပ်၏ နောက်ကွယ်


တကယ်တမ်းက တံခါးချပ်တွေ အများကြီး ကိုယ်စီကိုယ်ငှ ရှိနေကြတာပါ။ ကျနော်တိုးဝင်ကြည့်မိသွားတာက လျှောတံခါးတစ်ချပ်ရဲ့ နောက်ကွယ် ကိုပါပဲ……………..

ဒုတိယကမ္ဘာစစ်ပြီးကာစ ဂျပန်နိုင်ငံကို အခြေပြုထားတဲ့ ဇာတ်ကားတစ်ကားပါ။ အိမ်ထောင်ရှင် မိန်းမတစ်ယောက်ရယ် သူမရဲ့ ယောက်ျား စာရေးဆရာတစ်ယောက်ရယ် သူမရဲ့ အလှမှာ မူးယစ်နေတဲ့ ယောင်္ကျားနှစ်ယောက်ရယ် အကြောင်းလေးတစ်ခုပါ။

ဇာတ်လမ်းအစမှာ အရက်ဆိုင်က ငွေတွေကိုလုယက်ယူငင်လာတဲ့ စာရေးဆရာရဲ့ မောကြီးပန်းကြီး ပြေးလွှားတဲ့ ခြေသံတွေနဲ့ ညတစ်ညကို လှုပ်နိုးထားခဲ့တယ်။ ဆိုင်ရှင် အဘိုးကြီးအဘွားကြီးကို သုံးနှစ်တာ လှည့်စားထားခဲ့တဲ့ မိမိယောက်ျား ရဲ့ ပြစ်မှုအတွက် တိုးလျှိုးတောင်းပန်ရတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အခက်အခဲကို ဒီလျှောတံခါးတွေကနေတစ်ဆင့် မြင်လိုက်ရင်းက နေ လျှောတံခါးနောက်ကွယ်ကိုပါ ချောင်းကြည့်မိသွားခဲ့တာပါ။

မိမိယောက်ျားရဲ့ အကြွေးတွေကိုဆပ်ဖို့ အရက်ဆိုင်ငယ်လေးမှာ အလုပ်သမလေးအဖြစ် အမှတ်မထင် လုပ်လိုက်တဲ့ သူမလုပ်ရပ်အတွက် ဆိုင်ရှင်လင်မယားကို အံ့အားတသင့်ဖြစ်စေခဲ့ပါတယ်။ သူမရဲ့ အလှအပ ချက်ချက်ချာချာ ရှိမှုတွေကြောင့် ဆိုင်မှာ စားသုံးသူများလာတဲ့အတွက် ဆိုင်ရှင်လင်မယားက သူမကို လက်မလွတ်နိုင်ခဲ့သလို သူမကလည်း ဆုကြေးတွေရလာတဲ့ အတွက် အိမ်ရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးကို ကျားကန်လာနိုင်တယ်။ ဆုကြေးတွေကို ဆိုင်ရှင်အဘွားကြီးကိုပေးရမလားလို့ မေးလိုက်တဲ့အခန်းကတော့ သူမရဲ့ ရိုးသားမှုကို မှတ်တမ်းတင်လိုက်တာပဲဖြစ်မှာပါ။ ဆုကြေးတွေကို သူမပဲယူပါဆိုတာနဲ့ ပျော်သွားတဲ့အပျော်ကို ကြည့်နေတဲ့သူကို ကူးစက်စေတာမို့ သူမကို စွဲလမ်းမိတဲ့ စားသုံးသူ တွေကို အပြစ်မတင်မိတော့ဘူး။

ဒီဆိုင်လေးကိုကြည့်နေရင်း ရန်ကုန်က မြဆိုတဲ့ အရက်ဆိုင်လေးကို မြင်ယောင်လာမိစေတယ်။ အရက် ရောင်းရတဲ့ မိန်းမငယ်လေးတွေရဲ့ ဘဝကို မြင်ခဲ့စေတဲ့ အဲ့ဒီဆိုင်လေးကို သတိရသွားတယ်။ ရန်ကုန်မှာ ရောင်းအားအကောင်းဆုံး နံပါတ်တစ် ဆိုင်တစ်ခုက ခန့်ခန့်ညားညား ကြီးကြီးကျယ်ကျယ် မဟုတ်ပဲ ဆိုင်ကျဉ်းကျဉ်းလေးနဲ့ လမ်းကျဉ်းလေးတစ်ခုထဲမှာ ဖြစ်နေခဲ့တယ်။ မူးယစ်ပျော်ပါးနေတဲ့ ယောက်ျားတွေရဲ့ကြားမှာ ပွတ်သီးပွတ်သပ် အလုပ်လုပ်ရတဲ့ မိန်းမငယ်လေးတွေအတွက် အတော့ကို ခက်ခဲစေမှာ အမှန်ပါပဲ။

လုယူခဲ့တဲ့ ငွေကြွေးက မင်းတို့သားအမိကိုပေးဖို့ ဆိုတဲ့ စကားတစ်ခုနဲ့ သူမကို ကျေနပ်နှစ်သိမ့်စေပါ့မလား။ ဒါပေမယ့် ငွေတွေကို ဘားက ကောင်မလေးတွေကို ခရစ်စမတ်လက်ဆောင်ပေးဖြစ်ခဲ့တယ်ဆိုတာအထိကော ခွင့်လွှတ်နိုင်ရဲ့လား။ ကျနော်သာဆိုဘယ်လိုမှ ခွင့်မလွှတ်နိုင်တာကတော့ သူမရထားတဲ့ဆုကြွေးတွေ အကုန်လုံး ယူသွားပြီး ငါ အပြင်မှာ အလုပ်သွားလုပ်တော့မယ်ဆိုပြီးထွက်သွားတာကိုပါပဲ။ ဒါ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်ရဲ့ ရပ်တည်မှုတဲ့လား။

ကိုယ့်မိန်းမ မဟုတ်တဲ့ တခြားမိန်းမတွေနဲ့ အချစ်တွေ အများကြီး ဖြစ်တည်နေတဲ့ ယောက်ျားတစ်ယောက်က သူ့မိန်းမကို သူ့စိတ်နဲ့နှိုင်းယှဉ်ပြီး သံသယစိတ်တွေ ဝင်ခဲ့တဲ့အထိတော့ အတော်လေး လွန်နေခဲ့ပြီထင်တယ်။ မျောက်မထားတယ်ဆိုတဲ့ စွပ်စွဲချက်အပြီးမှာ သူမကိုစွဲလန်းနေတဲ့ မက်ကင်းနစ်လေးကို အိမ်ခေါ်ပြီး သူမရဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့အထိတော့ မဖြစ်စေသင့်ဘူးထင်တယ်။

သူမနဲ့ပတ်သက်ပြီးနောက်ထပ် ယောက်ျားနှစ်ယောက် အကြောင်းကို ပြသထားခဲ့တယ်။ တယောက်က ငယ်ရွယ်တဲ့ မက်ကင်းနစ်လူငယ်၊နောက်တစ်ယောက်က တော့ အရင်က ချစ်သူဟောင်း။ အဲ့ဒီနှစ်ယောက်လုံးရဲ့ အတ္တကိုလည်း ယှဉ်ပြီးချပြထားခဲ့တယ်။

ခင်ဗျားက ကျနော့အချစ်ဦးပါ၊ ကျနော့မှာ အမွေအနှစ်တွေ ရစရာရှိတယ် ၊ ကျနော်ခင်ဗျားကို ပျော်အောင်ထားနိုင်တယ် ခင်ဗျားကျနော့နောက်လိုက်ခဲ့ပါဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ရူးနှမ်းတဲ့အချစ်။ မြသန်းတင့်ရဲ့ မမကို သတိရမိစေတယ်။ သူ့ကို မမလို မမိုက်မဲပါစေနဲ့လို့ ဆုတောင်းမိတယ်။

ဘဏ်သူဌေးတစ်ယောက်ရဲ့ သမီးတစ်ယောက်နဲ့ ယူခါနီးအထိ သူမကို မမေ့နိုင် ပါဘူးဆိုတဲ့ ချစ်သူဟောင်း။ တကယ်က သူ့အတွက် ပုဝါလေး ခိုးယူမိတဲ့အတွက် ရဲစခန်းမှာ မိန်းမတန်မဲ့ ဖြေရှင်းနေတဲ့ အချိန် သူဟာ ဥပဒေကျောင်းသားမို့ ပြစ်မှုတွေနဲ့ မငြိစွန်းချင်ဘူး ဆိုတဲ့ တကိုယ်ကောင်းစိတ်နဲ့ ဥပေက္ခာပြု လျစ်လျူရှုရက်ခဲ့တဲ့သူ။ ပြီးတော့မှ သူ ဘယ်တော့မှ မေ့မရပါဘူးလို့ဆိုတဲ့ အချစ်က တကယ်တော့ ရီစရာသိပ်ကောင်းလွန်းပါတယ်။

သူမ ကံဆိုးလွန်းတယ်တဲ့။ ဟုတ်မှာပါပဲ။ သူမ ရဲ့ ယောက်ျားဖြစ်သူက တခြားမိန်းမတယောက်နဲ့ love suicide လုပ်သွားတယ်လို့ သိရတဲ့အချိန် တကယ့်ကို ပင်ပန်းစေခဲ့မှာ။ ချစ်သူဟောင်းက ရှေ့နေမို့ အားကိုးတကြီး ဖုံးဆက်မိခါမှ ငါရဲ့ ဝန်ဆောင်ခက သိပ်ဈေးကြီးတယ် မင်းတတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားက ကောက်ရိုးတစ်မျှင်ကိုပျောက်ဆုံးစေခဲ့မှာ အသေအချာ။

စိတ်အလှုပ်အရှားဆုံး ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းနှစ်ခန်းက သူမယောက်ျားကို ထောင်မှာသွားတွေ့တဲ့အခန်း။ အသက်ရှင်ကျန်ရစ်တဲ့အတွက် ဂုဏ်ယူရမှာလား၊ မင်းနဲ့အတူ လိုက်ပြီး စာနာနားလည်ပေးရမလား မသိနိုင်တော့ဘူးဆိုပြီး သူမရင်ဘတ်ကို ဖွင့်ပြခဲ့တယ်။ မိန်းမတယောက် နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေရင် မျောက်မထားတယ်ဆိုတဲ့ စကားလုံးနဲ့ပြောသလို ကိုယ့်ယောက်ျားကို တခြားမိန်းမက ခိုးယူခံသွားရရင်ကော ဘယ်လိုစကားလုံးပြောရမလဲ။ အစက ငါ့ကိုချစ်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူနေခဲ့မိတာ အခုတော့ လက်ထပ်ခဲ့တာ တစ်ခုကလွဲရင် ဘာမှ ငါ့မှာ မကျန်ရစ်တော့ပါလားဆိုတဲ့ မေးပြောလေး တွေနဲ့ပါ။

နောက်တစ်ခန်းကတော့ သူ့ယောက်ျားသောက်ခဲ့တဲ့ ဆေးပုလင်းကို ကိုင်လိုက်တဲ့အခန်း။ သေခြင်းတရားဆိုတာကို သူမကိုယ်တိုင်ရှာဖွေတော့မလို့။ လက်ထဲက ဆေးတွေ ပါးစပ်ထဲ မထည့်လိုက်ဖို့ ဖြစ်နိုင်ရင် လက်ကိုဆွဲထားချင်မိတယ်။

ဂျပန်ကားတွေကို ကြည့်ဖြစ်ရင် သူတို့ရဲ့ မျက်လုံးတွေနဲ့ သရုပ်ဆောင်မှုကို အဓိကထားကြည့်ဖြစ်တယ်။ မြန်မာဇာတ်ကားတွေလို မင်းသမီးက အတင်းလှပအောင် ပြုပြင်ထားတာမျိုးမဟုတ်ပဲ ရိုးရိုးလေးနဲ့ လှအောင် ရိုက်ထားတာကိုလည်း နှစ်ခြိုက်မိပါတယ်။ ပြီးတော့ မှန်တွေ မီးတွေထိုးထားတာ မဟုတ်ပဲ အလင်းအမှောင်တွေကို ကောင်းကောင်းနိုင်နင်းစွာ စီစဉ်ထားတာကိုလည်း သဘောကျမိတယ်။ ပြီးတော့ ဇာတ်ကားတစ်ခုလုံးမှာ သုံးသွားတဲ့အရောင်တွေ။ အရောင်တွေကနေ ဇာတ်ဝင်ခန်းတွေကို ပံ့ပိုးပေးနေသလို စိတ်ကို ဆွဲဆောင်နေကြသလားလို့။

ဇာတ်ကားသာ ပြီးသွားရော မင်းသမီးရဲ့ အနတ ဆိုတဲ့ သူမယောက်ျားကို ခေါ်တဲ့အသံလေးက စိတ်ထဲမှာ တသသ စွဲပြီးကျန်နေခဲ့တယ်။ မကောင်းဆိုးဝါးကြီးလို့ပဲထင်ထင် ငါတို့အားလုံး အတူတကွ နေရရင် တော်ပါပြီဆိုတာလေးနဲ့ ဇာတ်လမ်းကိုသိမ်းထားခဲ့တယ်။

တံခါးတွေ အများကြီးရှိမှာပါပဲ။ တံခါးတွေရဲ့ နောက်ကွယ်မှာ အခုလို အဖြစ်အပျက်တွေလည်း ရှိနေခဲ့မှာပါပဲ။ တံခါးတွေရဲ့ နောက်ကွယ် အကုန်လုံးကို လှပ်မကြည့်ချင်ခဲ့ပေမယ့် တံခါးချပ်တွေရဲ့နောက်ကွယ်တိုင်းမှာ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝတွေ ရှိနေစေချင်တဲ့ စိတ်တော့ ရှိနေခဲ့တယ်……………..

15 August 2010

သံစဉ်နဲ့သီတဲ့ကြိုး



Listen! Can you hear?

The Music!

I can hear everywhere in the Wind, in the Air, in the Light. It’s all around us.

Evan Taylor


နားထောင်ကြည့်ပါ၊ မင်းကြားရလား..

သီချင်းသံကိုလေ.

လေထဲမှာ အလင်းထဲမှာ အသက်ရှူသွင်းလိုက်တိုင်းမှာ နေရာတိုင်းမှာ ငါကြားနေရတယ်။ သူတို့ ငါတို့ ပတ်ဝန်းကျင်မှာ ရှိနေတယ်…

အီဗန်က ၁၂နှစ်သားအရွယ်ပါ။ ပြီးတော့ သူနေရတာ မိဘမဲ့ဂေဟာမှာ။ ဒါပေမယ့် သူဘယ်တုန်းကမှ သူ့မိဘတွေ သူ့ကို စွန့်ပစ်ခဲ့တယ်လို့ မယုံကြည်ခဲ့ဖူး။ သူ့မိဘတွေဆီက သံစဉ်တွေကို သူအမြဲကြားနေခဲ့တယ်။ သူ့ကို တနေ့သူတို့လာခေါ်ကြလိမ့်မယ်…..

ဒါကြောင့် မွေးစားဖို့ အစီအစဉ်ကို အီဗန်လက်မခံချင်ခဲ့ဘူး။ အဲ့ဒီအတွက် သူတို့ဆွေးနွေးတဲ့အခန်းမှာ အီဗန်မျက်ရည်တွေ ကျခဲ့ရတယ်။ ဒါဟာထိတ်လန့်စရာမဟုတ်ဘူးလို့ ဖြောင်းဖြခဲ့ပေမယ့် သူမှာ မိဘတွေရှိတယ်ဆိုတာ သူခံငြင်းနေခဲ့တယ်။ ဒါဆို မင်းမိဘတွေကမင်းကို ဘယ်လိုခေါ်သလဲ မင်းကို အမြဲလာတွေ့သလားဆိုတော့ သူ့မှာ အဖြေမရှိဘူး။

သူ့ဆီကိုရောက်မလာတဲ့ မိဘတွေဆီကို သူကိုယ်တိုင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ဒီသီချင်းတွေကနေ တဆင့် သူတို့တွေကို ခေါ်ယူမယ်လို့လည်း ယုံကြည်ခဲ့တယ်။ သူ့ဆက်သွယ်ရမယ့် လူရဲ့ လိပ်စာပျောက်သွားတဲ့နောက် ၀ါရှင်တန်မြို့မှာ သူအတွက် နားခိုရာ ပျောက်ပြီပေါ့။

မထင်မှတ်ပဲ လမ်းပေါ်မှာ ဂစ်တာတီးပြီးဖျော်ဖြေနေတဲ့ ကလေးတစ်ယောက်ကို မိတ်ဆွေဖွဲ့ခဲ့တယ်။ ပြီးတော့ သူ့အတွက် နားခိုရာတစ်ခု ဖန်တီးဖို့ပေါ့။ တကယ်တမ်း ဒီကလေးတွေရဲ့ နောက်ကွယ်မှာ သူတို့ကို သင်ကြားပေးပြီး လူညွှန့်ခူးစားနေတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။

အီဗန်ရဲ့ မွေးရာပါ အနုပညာအရည်အသွေးကို အဲ့ဒီလူတွေ့ရှိသွားတဲ့နောက် သူ့ဘဝပြောင်းလဲသွားခဲ့တယ်။ သူလည်း လမ်းပေါ်မှာ ဖျော်ဖြေရေးသမားတစ်ယောက် ဖြစ်ခဲ့ရပြီ။ နာမည်အရင်းကို ပြောရင် မူလ မိဘမဲ့ဂေဟာကို ပြန်ပို့ခံရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အီဗန်က နေ August Rush ဆိုတဲ့ နာမည်ကို တောင် ပြောင်းလဲပစ်ခဲ့ရတယ်။

နောက်တစ်ဆစ်ချိုးပြန်ပြီ။ ရှောင်တခွင်စစ်ဆေးရေး ရန်က ပုန်းရှောင်ရင်း အီဗန်တစ်ယောက် ဘုရားကျောင်းတစ်ခုရဲ့ အရိပ်မှာ ခိုလှုံခဲ့တယ်။ အီဗန့်ရဲ့ အနုပညာအရည်အသွေးကို အမှတ်မထင်တွေ့ရှိရာကစလို့ ဂျူးလိယက်ကျောင်းတော် ကြီးမှာ ပညာသင်ကြားခွင့်ကိုရခဲ့တယ်။

ပါရမီရှင် သူ့ရဲ့ သီချင်းကို ကျောင်းတော်ကိုယ်စားပြု ကျင်းပမယ့် Concert မှာ ထည့်သွင်း အသုံးပြုဖို့ အရွေးချယ်ခံရသည်အထိသူဟာ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ခြိမ်းခြောက်မယ့်သူ ပေါ်လာပြန်ပါရောလား။ လက်ဖျားငွေသီးစေတဲ့ အီဗန့်ကို ဘယ်လက်လွှတ်ချင်ပါ့မလဲ။

အီဗန်တစ်ယောက် ဘ၀ဟောင်းကို ပြန်မသွားချင်သော နုနယ်တဲ့ အသိစိတ်နဲ့ လမ်းဘေး ဖျော်ဖြေရေးသမားဘဝမှာပဲ နစ်မြုပ်မလား၊ မိဘတွေ ကို သူ့ရဲ့ဂီတသံစဉ်တွေနဲ့ သူ့ဆီကို ဆွဲခေါ်နိုင်မလားဆိုတာ သိချင်တဲ့စိတ်နဲ့ တစ်ကားလုံးမှာ ကျနော်လည်း လိုက်ပါနစ်ဝင်မိတယ်။

ပြီးတော့ အလေးအနက်ထားနေမိတာ မိဘနဲ့သားသမီးကြားမှာ ချည်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေရောပေါ့။ တကယ်ဆို ဘယ်သူဘယ်ဝါမှန်း မြင်ဖူးခဲ့တာ မဟုတ်ဘူးလေ။ အမေက မွေးပြီးကတည်းက မမြင်ဖူးလိုက်တာ အဖေကဆို ရှိနေတယ်ဆိုတာတောင် သိလိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ မသိစိတ်တွေချင်း ဆက်သွယ်နေကြတယ်။ မိဘတွေဆီက ဂီတကြိုးတွေက သားသမီးကိုပါ ချည်နှောင် ရစ်ပတ်ဆွဲငင်နေကြသတဲ့လေ။

အစကနေအဆုံး ကျနော့ကို ခေါ်သွားတာ အီဗန်ပါပဲ။ သူရီရင် ကျနော်လည်း ရီနေမိတယ်။ တခါတခါ ရီလိုက်ရင် သူ့ပါးက ပါးချိုင့်လေးနဲ့ ခပ်တည်တည်လေး သရုပ်ဆောင်သွားတာ တကယ့် ပါရမီရှင်ပါပဲ။ ဂစ်တာကို ပလက်ကင် ခေါက်တဲ့အခန်းမှာဆို သူ့လိုပဲ ကိုယ်လည်း တက်ကြွလို့။ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်တွေ့တဲ့အခန်းဆို ကျနော့မှာ အားမလိုအားမရတွေ ဖြစ်နေမိတာ။ နှုတ်ဆက်နေရင်းနဲ့ သိများသိကြတော့မလားလို့ စိတ်ထဲကနေ တွန်းအားတွေ ပေးနေမိတယ်။ ဘယ်သိနိုင်ပါ့မလဲ အဖေဆိုတာ ဘယ်သူမှန်းမသိတဲ့ကလေးရယ် သားဆိုတာရှိနေမှန်းမသိတဲ့ အဖေရယ်ကို ကျနော်က အတင်းဆုံပေးချင်နေမိတာ။

ထုံးစံအတိုင်းလူတွေရဲ့ အတ္တတွေ မိဘမဲ့ဂေဟာက ကလေးချင်းအတူတူ မင်းက ဘာလို့ မင်းမိဘတွေဆီက အသံကို ကြားနေရတာလဲဆိုတဲ့ မကျေမချမ်းအသံတွေ။ ပြီးတော့ သမီးကို အတင်းအောင်မြင်စေချင်တဲ့ လိုင်လာ့ရဲ့ အဖေရဲ့ အတ္တ။ ကလေးတွေကို သင်ကြားပေးပြီး သူ့စီးပွားရေးကို ရှာစားနေတဲ့ Wizard ရဲ့ ဝိသမလောဘ။

အရာအားလုံးကို ဖုံးလွှမ်းသွားတာတော့ တကယ့်သံစဉ်ဂီတတွေပါပဲ။ ဇာတ်ကားတစ်ခုလုံး နောက်ခံသီချင်းတွေနဲ့ ပြီးတော့ ရောစပ်ထားတဲ့ Rock နဲ့ Classical Music။ ဇာတ်ဝင်ခန်းတွေကို ပြိုင်ပြီးပြရင်း တီးလုံးတွေကို မသိမသာ ရောစပ်ထားတာလေးတွေ။ အသံကောင်းကောင်းထွက်တဲ့ ရုပ်ရှင်ရုံမှာ Digital system နဲ့ အဖန်ဖန် အထပ်ထပ် ပြန်ကြည့်ချင်စိတ်သာ ဖြစ်ပေါ်နေမိတော့တယ်။

ဒါပေမယ့် အီဗန်ကတော့ ပြောပါတယ်...

The Music is all around us. I have to do is Just listen.

သီချင်းတွေက ငါတို့ အနီးအနားမှာပါ။ ငါတို့ နားထောင်ဖို့ပဲလိုအပ်တာပါ….

31 July 2010

ဘ၀အတွင်း ကြီးပြင်းလာခြင်း ပါရာဒိုင်းများ……..


အခုတလော ရုပ်ရှင်တွေ အတော်လေးကြည့်ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကိုလည်း စူးစူးနစ်နစ် နှစ်သက်နေမိတာလည်းရှိတယ်။ The Sorcerer’s Apprentice ကြည့်တုန်းက ကြော်ငြာထိုးတဲ့ အဲ့ဒီကားကို ကြည့်ချင်မိသွားတယ်။ သူငယ်ချင်းတစ်ယောက်က မျှဝေပေးတာနဲ့ မနေ့ညက မိုးအလင်းကြည့်ဖြစ်သွားတယ်။ ဇာတ်ကားကို ကြည့်နေမိရင်း ကံကြမ္မာကို မယုံကြည်ကြသူများကို သွားသတိရမိသေးတယ်။

အချိန်ဆိုတဲ့ ရွေ့လျားမှုတွေထဲမှာ ကျနော်တို့ကြီးပြင်းလာခြင်းဆိုတဲ့ ပါရာဒိုင်းတွေ ရှိနေခဲ့တာကိုး။ ငါတို့ငယ်ငယ်တုန်းကလေ ဆိုတဲ့အတွေးတွေနဲ့ ငယ်မူငယ်သွေးတွေ ပြန်ပေါ်လာ၊ စိတ်တွေနုပျိုလာ တတ်တာမျိုးကိုး။ ပြန်မရနိုင်တဲ့ ငယ်ရွယ်စဉ်အတိတ် ဆိုတာ လူတိုင်းမှာ ရှိကြတယ်။ အဲ့ဒီလို ကြီးပြင်းလာပုံခြင်း ဘ၀တွေကို ဖြတ်သန်းလာကြတာခြင်း မတူညီကြသလို နောက်ခံအခြေအနေတွေကလည်း တမျိုးစီ။

ကြီးပြင်းလာတော့ သူငယ်ချင်းတွေ ပြန်တွေ့ အရင်တုန်းက အကြောင်းတွေ စားမြုံ့ပြန်။ ပြီးတော့ လက်တွေ့ဘ၀တွေကို ဖလှယ်။ အတော်လေး ပြောင်းလဲသွားကြတာကိုး။ ပြင်ပသွင်ပြင်လက္ခဏာတွေထက် စိတ်တွေ အမြင်တွေ အိုးး အတော်လေးပြောင်းသွားခဲ့တယ်။

ငယ်တုန်းက သူငယ်ချင်းတယောက်ကို တောင်ကြီးမှာ ပြန်တွေ့တော့ ဝဝတုတ်တုတ် နှုတ်ခမ်းထူထူနဲ့ ချစ်စရာရှမ်းကလေး မဟုတ်တော့ဘူး။ ဆေးလိပ်တွေ ခေါင်းတိုင်ဖြစ်အောင် သောက်ပြီး လက်ထဲက ပုလင်းတွေ တစ်လုံးပြီးတစ်လုံး။ ညမီးကျည်တွေ လွှတ်တော့ မီးပန်းတွေက ကွင်းထဲမှာ ဖြစ်ချင်းတိုင်းဖြစ်နေတော့ကာ မင်းဘာမှ မပူနဲ့ ငါ့ကျောနောက်မှာ နေဆိုပြီး ကွယ်ထားတဲ့ ငယ်သူငယ်ချင်း သံယောဇဉ်ကို လှိုက်ခနဲနေအောင် ခံစားမိသေးတယ်။ ဆိုင်ကယ်ကို အလယ်ကထိုင်လိုက်စေပြီး အရှေ့က သူ့သူငယ်ချင်းကို ဖြေးဖြေးမောင်း ငါ့သူငယ်ချင်းစီးရဲမှာ မဟုတ်ဘူးဆိုတော့ တစ်နှစ်လောက်ပဲကြီးတာကို လူတတ်ကြီးလုပ်နေတယ်လို့ ကျနော်ရယ်ချင် မိသွားတယ်။ နောက်တော့ အိမ်ကို ကျနော်မရှိတုန်း လာတယ်ပြောတယ်။ အတော်လေး ပြောင်းလဲသွားခဲ့ပြီ။ ငယ်တုန်းကလို ဖြူစင်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးတဲ့။ တာချီလိတ်နဲ့ ဖြူးကို ကူးချည်သန်းချည် လုပ်နေတဲ့ လူရည်လည် ကုန်သည်ကြီးဖြစ်လို့နေခဲ့ပြီ။

နောက်နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်ကို လွန်ခဲ့တဲ့လေးလလောက်က ပြန်တွေ့ဖြစ်တယ်။ သူလိုအပ်တာတွေ ကူညီပေးရင်း သူ့ရဲ့ပြောင်းလဲမှုတွေကို လေ့လာမှတ်သားမိတယ်။ သားတစ်ယောက်အဖေဖြစ်နေပြီတဲ့လေ။ သူ့သားလေး သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတင်ထားရလို့ ညတိုင်းကျနော့ဆီဖုန်းဆက်ပြီး သူဘယ်လောက်စိတ်ပူနေတယ်ဆိုတာ ညည်းညူရင်ဖွင့်တဲ့ မိဘမေတ္တာတွေနဲ့ အရင်တုန်းက လို ဂျစ်ကန်ကန် ခလေးဘဝကို ချန်ထားခဲ့ရပြီလေ။ ဘ၀ဆိုတဲ့ ကျောင်းထဲမှာ ကျောင်းသားဘဝကျော်လွန်ပြီး တကယ်ရုန်းကန်ရချိန်တွေ မှာ အားလုံး တကွဲစီ တနေရာစီ။ အချိန်တပတ်လည်တော့ ပြန်တွေ့ဖြစ်ကြပြန်ရော။

ဇာတ်ကားထဲမှာ သူငယ်ချင်း ငါးယောက်ပြန်လည် ဆုံဆည်းတဲ့အကြောင်းကို အခြေခံပြီး လူမှုစရိုက်တွေ လက်ရှိအခြေအနေတွေကို ပြသထားခဲ့တာ။ သူတို့ရဲ့ ဘတ်စကတ်ဘော နည်းပြ ရဲ့ နောက်ဆုံးခရီးမှာ အနှစ်သုံးဆယ် အကြာမှ ပြန်တွေ့ဖြစ်ကြတာပါ။ သားသမီးတွေ ကိုယ်စီ တယောက်နဲ့တယောက် နောက်ပြောင်ကျီစယ်ရင်း ငယ်မူငယ်သွေးတွေကြွနေတဲ့ သူတို့ရဲ့ စိတ်တွေကို အတိုင်းသား။

ပြီးတော့ သူတို့သားသမီးတွေနဲ့ သူတို့ခေတ်တွေရဲ့ ကွာဟချက်တွေ။ Dotta တွေ အသေအလဲခုတ်နေ၊ သေနတ်တွေ နင်းခွပစ်ပြီးဆော့ကစားတဲ့ ဂိမ်းတွေ၊ နည်းပညာတိုးတက်မှုတွေနဲ့ အိမ်ထဲကနေ အိမ်ပြင်မထွက် ကွန်ပြူတာ၊ တီဗီတွေရှေ့မှာ တချိန်လုံးဆော့ကစားနေတဲ့ သားသမီးတွေ။ အဖေတို့ခေတ်တုန်းက အံစာတုံးပစ်တဲ့ မြွေကစားနည်းက သိပ်စိတ်လှုပ်ရှားမှုပေးတာပဲဆိုတာနဲ့ ဆွဲဆောင်မှု မပေးစွမ်းတော့တာ အသေအချာ။ Navigation system တွေ၊ surfing လုပ်တာနဲ့ခဏအတွင်း ရနိုင်တဲ့ information system တွေကြားမှာ မွေ့ပျော်နေတဲ့ သားသမီးတွေကို တကယ့် ပြင်ပ ကိုယ်လက်လှုပ်ရှားမှုတွေ အဖြစ်ပြောင်းလဲပစ်ချင်တဲ့ Lenny ရဲ့ စိတ်ကို အတိုင်းသားမြင်လိုက်ရတယ်။ ကျောက်ခဲတစ်လုံးကို ကိုင်လိုက်တဲ့ သားငယ်ကို ပစ်လိုက်လေကွာလို့ စိတ်ထဲက မချင့်မရဲ တိုက်တွန်းနေကတည်းက သူဘယ်လောက်စိတ်အားထက်သန်စွာနဲ့ ဒီ lake house အစီအစဉ်ကို လုပ်ခဲ့တယ်ဆိုတာ သိသာစေတယ်။

လူမှုဘ၀အတွင်းက ခွဲခွာရခြင်းတွေ။ ချစ်သောသူတွေနဲ့ သေကွဲ ရှင်ကွဲ စတဲ့ ခွဲခွာခြင်းနည်းပေါင်းစုံ။ ဖြစ်ပျက်မှုပေါင်းစုံနဲ့ သူငယ်ချင်း ငါးယောက်။ အိမ်ထောင်သုံးဆက်ဖြစ်သွားတဲ့ Rob ရဲ့ ကြေကွဲဖွယ်တွေ။ ဘယ်သံယောဇဉ်တွေမှ မချည်နှောင်ပဲ အခုအချိန်အထိ လူပျိုကြီးအနေနဲ့ ရှုပ်ပွေနေတဲ့ Marcus ရဲ့ညတွေ။ အလုပ်မလုပ်ပဲ အိမ်မှာပဲ အိမ်ထောင်ထိန်းယောက်ျား တယောက်အဖြစ် ရပ်တည်နေတဲ့ Kurt ရဲ့ ဖြစ်တည်မှုတွေ။ ပရိဘောဂ လုပ်ငန်းရှင် သူဌေးကြီးအဖြစ် ကြွားကြွားဝံ့ဝံ့ မိတ်ဆက်တဲ့ Eric ရဲ့ လိမ်လည်မှုတွေ (တကယ်က သူငယ်ချင်းတွေကို ၀မ်းသာစေချင်လို့ လိမ်လည်ခဲ့တာဆိုတာ သူနောက်ဆုံးမှာ ဖွင့်ဟ၀န်ခံခဲ့တယ်၊ လိမ်လည်ခြင်းမှာလည်း မျိုးစုံရှိနေပေမယ့် ဒီလို လိမ်လည်ခြင်းကို စိတ်ထဲက မသိလိုက် မသိဖာသာ ခွင့်လွှတ်နေမိပြန်တယ်)။ ဒီ အစီအစဉ်မှာ မီလန်သွားမယ့် Flight ကို သူ့မိန်းမ မသိအောင် ကြိုတင် cancel လုပ်ထားတဲ့ Lenny က အဓိက ဖြစ်ပါတယ်။

အဓိက ခံစားမိတာက မိဘနဲ့သားသမီးကြားက အကြောင်းအရာတွေ။ စီးပွားအရှာကောင်းနေတဲ့ မိဘတွေ… ပြည့်စုံကြွယ်ဝအောင် လိုလေသေးမရှိထားနိုင်ရင် မိဘတာဝန်ကျေပွန်တယ်လို့ အထင်ရှိတတ်ပါတယ်။ အလုပ်တွေ အရမ်းပင်ပန်းလို့ အိမ်ပြန်ရောက်တာနဲ့ သားသမီးတွေအတွက်၊ မိသားစုအတွက် အချိန်မပေးနိုင်တဲ့သူတွေ ဒီခေတ်ကြီးမှာ အများကြီးပါ။ တကယ်တမ်း ဥစ္စာပစ္စည်းတွေ တင်မကပါပဲ မမြင်မတွေ့မထိနိုင်တဲ့ စစ်မှန်တဲ့ မေတ္တာတရားက လူသားတွေအဓိက အလိုအပ်ဆုံး အရာဆိုတာကို သူတို့ မေ့လျော့နေတတ်ကြပါတယ်။ သွားကျိုးသွားတဲ့ သမီးငယ်ကို ဖုံးတဖက်နဲ့ ပြီးစလွယ်ဖြေလိုက်တာမို့ သမီးလေး စိတ်ထိခိုက်သွားတဲ့ အဖြစ်နဲ့ ချိန်ထိုးပြထားခဲ့တယ်။ ပြောပြီးမှ နောင်တရ သွားတာမို့ မအိပ်နိုင်လောက်အောင် ခံစားရတဲ့ မိခင် မေတ္တာနဲ့ ပြန်လည် ဖြေသိမ့်ပေးခဲ့ပါတယ်။

ရန်ကြွေးရန်စတွေ၊ အမုန်းတွေ။ ငယ်တုန်းက ရှုံးခဲ့တဲ့ မကျေပွဲကို ပြန်လည် ဆင်နွှဲတဲ့ ပွဲလေး။ တခါတလေကျ အနိုင်ယူလိုက်မှ စိတ်ချမ်းသာ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ သူတပါးအတွက် ပျော်ရွှင်မှုကို မျှဝေပေးဖို့ ကိုယ့်ဖက်က အရှုံးပေးသင့်ရင် ပေးထိုက်တယ် ထင်ရင် ပေးလိုက်ကြတာမျိုးလို့ ခံစားမိတယ်။ ပြင်ပမှာတော့ အတော်လေး ခက်ခဲပါလိမ့်မယ်။ ငါ..ငါ…ငါဆိုတဲ့ ငါပြီးရင်း ငါ အတ္တတွေကြားထဲမှာ ငါနဲ့ငါသာ နှိုင်းစရာဖြစ်နေတတ်တာမို့ ဆင်ခြင်သတိကို ရရှိစေခဲ့တဲ့ ပြကွက်လေးပါ။

ဇာတ်ကားထဲက အမျိုးသားငါးယောက်ရဲ့ စကားဝိုင်းတွေတိုင်းမှာ ကံကြမ္မာကို မယုံကြည်ကြသူများထဲက အမျိုးသမီးတွေရဲ့ စကားဝိုင်းနဲ့ ချိန်ထိုးမိတယ်။ ဘဝကြီးပြင်းမှုတွေတိုင်းမှာ ငယ်ဘ၀ရဲ့ အရိပ်တွေ ကြီးစိုးလွန်းပါတယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် မဖြစ်မနေ ကြုံဆုံ ရဦးမှာပါပဲ။ အခက်အခဲတွေရှိမယ်။ ပျော်ရွှင်မှုတွေ ရှိမယ်။ ငိုယိုခြင်းတွေရှိမယ်။ အပြောင်းအလဲတွေရှိမယ်။ ခွဲခွာခြင်းတွေရှိမယ်။ အတိုက်အခိုက်တွေ ရှိမယ်။ တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန်၊ အကြောင်းအရာတခု နဲ့ တခု၊ ရပ်တည်မှုတွေ မတူ ဖြစ်တည်မှုတွေ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ ဒီပါရာဒိုင်းတွေကို ကျနော်ဘေးကနေ ဝင်ကြည့်နေမိတယ်။ ကျနော် ရဲ့ ကြီးပြင်းလာခြင်းနဲ့ နှိုင်းစာကြည့်တယ်။ နီးလာလိုက် ဝေးသွားလိုက် ကြီးသွားလိုက် ငယ်သွားလိုက်….

16 July 2010

အိပ်မက်လိုက်မုဆိုးများအကြောင်း


အိပ်မက်တွေ ပေါင်းစပ်ဖူးပါသလား။ သို့တည်းမဟုတ် အိပ်မက်တခုကို ပြိုင်တူမက်ဖို့ ကြိုးစားဖူးပါသလား။ ဖြစ်နိုင်မည် မဟုတ်ပါ။ သို့သော် ဒီတညတော့ အိပ်မက်လိုက် မုဆိုးများအကြောင်းကို ကျနော်လေ့လာခွင့် ရသွားခဲ့ပါသည်။ လူတယောက်၏ အိပ်မက်အတွင်း ဝင်ရောက်ခြင်း (ထိုအိပ်မက်ထဲတွင် နောက်ထပ်အိပ်မက်များ ထပ်ဆင့်မက်ခြင်း စသည်ဖြင့်) ဖြင့် အိပ်မက်မုဆိုးများအကြောင်းသည် အံ့သြထူးဆန်းမှုများဖြင့် ကျနော့ကို အိပ်ရေးပျက်စေပါတော့သည်…..

Cobb ဆိုသောသူသည် အိပ်မက်လိုက်မုဆိုး ခေါင်းဆောင်ပင် ဖြစ်သည်။ သူနှင့်အတူ အိပ်မက်ကမ္ဘာများ ဖန်ဆင်းနိုင်သူ အာခီတက်တယောက်၊ အိပ်မက်အတွင်း ရုပ်ပြောင်းရုပ်လွဲဖန်ဆင်းနိုင်သူတယောက်၊ အိပ်မက်ကမ္ဘာအဖြစ်ကို ဖြည့်စွမ်းပေးမည့် chemical အရည်များ တီထွင်ပေးသူတယောက်၊ နောက်ထပ်လူငယ် မိန်းမပျို အာခီတက်တယောက်တို့ဖြင့် အိပ်မက်မုဆိုးအဖွဲ့ကို ဖွဲ့စည်းထားခြင်းပင်။ အဓိက လုပ်ငန်းမှာ ဆာအိတိုဆိုသော ဂျပန်လုပ်ငန်းရှင်သူဌေးတယောက်၏ အိပ်မက်ထဲတွင် နောက်ထပ် အိပ်မက်များ ဖွဲ့တည်ခြင်းဖြင့် လုပ်ငန်းရှင် လိုအပ်သော အချက်အလက်များရှာဖွေခြင်း အစရှိသော ခိုင်းစေမှုများအတွက်ပင်ဖြစ်သည်။

မည်သည့်နေရာတွင်မဆို SOP (Standard Operating Procedure) များထားရှိရသလို rule & regulation များလည်း ရှိရသကဲ့သို့ အိပ်မက်ကမ္ဘာတွင်လည်း အဆိုပါ အချက်များဖြင့် ရှိနေပြန်သေးသည်။ အိပ်မက်ထဲတွင် နောက်ထပ်အိပ်မက်များ မက်ခြင်းသည် nested if ကဲ့သို့ပင် တွန့်ကွင်းများ များစွာပါဝင်နေပြန်၏်။ ပထမအိပ်မက်တွင် ဆယ်မိနစ်ကြာချိန်သည် နောက်အိပ်မက်တွင် တနာရီကြာမြင့်သည်ဖြစ်ရာ အိပ်မက်များ ထပ်ဆင့်မက်ခြင်းဖြင့် အချိန်သည်လည်း များစွာကြာမြင့်ပေမည်။ ထို့အတူ Limbo state ဆိုသော အခြေအနေတရပ်လည်း ရှိနေပြန်သေးသည်။ အိပ်မက်ကမ္ဘာအတွင်း လူတယောက်သည် အချိန် အကန့်အသတ်မရှိသော ထောင်ချောက်အတွင်း ကျရောက်တတ်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အိပ်မက်ကမ္ဘာအတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက လက်တွေ့ပြင်ပတွင်ထိခိုက်သလို ခံစားရမည်ဖြစ်သည်။ အကယ်၍ သေဆုံးသွားပါမူ လက်တွေ့ဘ၀တွင် ချက်ချင်းပြန်လည် နိုးထလာမည်ဖြစ်သည်။

ဆာအိတို၏ ပြိုင်ဘက်အဖွဲ့အစည်းမှ လူတယောက်သည် အိပ်မက်မုဆိုးများ၏ သားကောင်ဖြစ်ခဲ့သည်။ သူမသိအောင် ထိုလူ၏အိပ်မက်များအတွင်း ခုန်ဝင်လိုက်ကြခြင်းဖြင့် မိမိတို့လိုသော လမ်းကြောင်းကို ရောက်အောင် ခေါ်ဆောင်ဖို့ကြိုးစားကြသည်။ မထင်မှတ်သောအရာတို့ ဖြစ်ပျက်တတ်ခြင်းနှင့် လောကတွင် ဘယ်အရာမှ ကိုယ်ဖြစ်ချင်သလို မဖြစ်ကြခြင်းကို အိပ်မက်ကမ္ဘာတွင်လည်းတွေ့မြင်နိုင်ပါသည်။ အနှောင့်အယှက်များ ကြုံရသည်ထက် ဆာအိတို ထိခိုက်ဒဏ်ရာ ရသွားသည်ကလည်း ခရီးတာကို နှောင့်နှေးစေသောအချက်တခု ဖြစ်သည်။ လုပ်ငန်းကို ထိခိုက်စေသော အဓိက အချက်မှာ မုဆိုးခေါင်းဆောင် Cobb ၏ စိတ်ဒဏ်ရာ ကြောင့်ပင်။

Cobbနှင့် သူ၏ဇနီးတို့ အဆိုပါ အိပ်မက်လုပ်ငန်းကို ထူထောင်ရင်း ဇနီးဖြစ်သူ၏ အိပ်မက်ကမ္ဘာကို စွဲလမ်းမှုက ပိုမိုသွားခဲ့သည်။ စိတ်အခြေအနေမတည်ငြိမ်မှုကြောင့် တကယ့်လက်တွေ့နှင့် အိပ်မက်ကမ္ဘာကို ရောထွေးမှုများ ဖြစ်ပွားစေခဲ့သည်။ အဆိုးဆုံးက သူမ အသက်ဆုံးရှုံးရခြင်းနှင့် Cobb၏ အိပ်မက်များတွင် ၀င်ရောက်နှောင့်ယှက်ခြင်းပင်..

လက်တွေ့ဘ၀နှင့် အိပ်မက်ဘ၀ကို ခွဲခြားနိုင်သော ကရိယာမှာ ကျနော်တို့အလိုအရ လက်လှည့်ဂျင်လေးတလုံးပင်။ အိပ်မက်ထဲတွင် အဆိုပါဂျင်သည် မလည်ဟူဆိုပါသည်။

Cobb တယောက် သူလိုချင်သော လက်တွေ့ဘ၀ကို နောက်ဆုံး အလုပ်ဖြင့် အလျော်အစားလုပ်ခဲ့သည်။ သူ့ ပြင်ပလောကတွင် သားနှင့်သမီး အိမ်တွင် ကျန်ရစ်နေခဲ့သည်လေ။

မုဆိုးများက သားကောင်ကို အမှီလိုက်ရင်း ဒဏ်ရာရထားသော ဆာအိတိုတယောက် Limbo state ကိုရောက်သွားပြန်သည်။ ထပ်ဆင့်မက်ထားသော အိပ်မက်တို့တွင် အချိန်တို့ သိပ်မကျန်တော့။ ဆာအိတိုကိုလည်း Limbo state မှ ပြန်လည်နိုးဖို့ Cobb တယောက် နောက်ထပ် အိပ်ရဦးမည်။ သူတို့ အချိန်မှီ ပြန်လည်နိုးထ လာပါဦးမည်လော…

လက်လှည့်ဂျင်လေးတလုံး အဆုံးမသတ်အောင်လည်နေခဲ့ခြင်းဖြင့် ဇာတ်ကားကို အဆုံးသတ်ထားခဲ့သည်…

အိပ်မက်လိုက် မုဆိုးများဘ၀ကို အားကျစွာဖြင့် တခါတလေမှာ သူတပါးအိပ်မက်တွေကို သိလိုစိတ်ကြီးမားစွာဖြင့် ဝင်ရောက်ကြည့်ချင်မိသည်။ သို့သော် စေတလုံးပိုင်ရှင်လို ဖြစ်သွားမှာကိုလည်း ကြောက်လန့်မိပြန်ပါသည်။ လူတို့၏စိတ်တွင်းသဘောများကို ထိတွေ့ဖို့ရန် ထိတ်လန့်နေမိသည်မှာ အသေအချာပင်။ စိတ်ရင်းတွေကို သိဖို့ အိပ်မက်တွေထဲဝင်ရသော မုဆိုးဖြစ်ရဦးမည်ဆိုလျှင် ကျနော့အလိုအရ အဆိုပါ အလုပ်မျိုးကို မည်သည့်နည်းဖြင့်မဆို အပြင်းအထန် ငြင်းဆန်မိမှာ အမှန်ပင်ဖြစ်ပါတော့သည်………….

30 November 2009

ချစ်ခြင်း၌လောင်ကျွမ်းခြင်း……….


ချစ်ခြင်းဆိုတာ လောင်ကျွမ်းခြင်းတစ်ခုတဲ့လား……

အစပထမမှာတော့ ကြည်နူးရမယ်။ ပျော်ရွှင်ရမယ်။ ကျေနပ် နှစ်သိမ့်ရမယ်။ နောက်ပိုင်းမှာတော့ မုန်တိုင်းတွေလား ရွေးချယ်ခြင်းတွေ နာကျင်ခြင်းတွေ ဒါတွေက အချစ်ရဲ့ ရသတွေလား။

ဒါဆို ဘာကြောင့်ချစ်နေကြတာလဲ….

ဒီအတွေးတွေကို new moon ရုပ်ရှင်ကြည့်အပြီးမှာ ရလာခဲ့ပါတယ်။ မတူညီတဲ့ဘ၀နှစ်ခု ပေါင်းစပ်ဖို့ ဆိုတာ အချစ်တွေ မစခင်မှာ ဘယ်သူမှ သတိမ၀င်လောက်ပါဘူး။ အချစ်ဆိုတာက သိမ်မွေ့လွန်းစွာ ဖျားယောင်းတတ်ဟန် တူပါရဲ့။ အရာရာတိုင်းကို ကိုယ်တိုင်နဲ့ ချိန်ထိုးတတ်တာမို့ ကျနော်ဆိုရင်ကောဆိုတဲ့ မေးခွန်းတစ်ခု ကိုယ့်ကိုကိုယ် အရင်ဆုံး မေးကြည့်မိတယ်။ သေချာပါတယ် ချစ်မိသွားတဲ့နောက် ကျနော် နောက်ဆုတ်ဖို့ မဖြစ်နိုင်လောက်တော့ပါဘူး။ ကျွံဝင်သွားတဲ့ ချစ်ခြင်းတွေနောက်မှာ နောက်ဆုတ်ဖို့အတွက် ကျနော် မခံစားနိုင်တော့လို့ပါ။

ချစ်ခင်သူနဲ့ ခွဲခွာရခြင်းဆိုတဲ့ ခံစားချက်။ များသောအားဖြင့် ချစ်ခင်သူတွေနဲ့ ခွဲခွာခဲ့ဖူးသူတွေ ချည်းပါပဲ။ ဒါပေမယ့် အတိုင်းအဆ။ ဒီအတိုင်းအဆက ဘယ်လောက်အထိလေးနက်နိုင်မလဲ။ အချစ်က ဘ၀တစ်ခုလုံးမဖြစ်သင့်ဘူး အချစ်က ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်သင့်တယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဘ၀တစ်ခုလုံးစာ ချစ်ခဲ့တဲ့အချစ်ဆိုရင်ကော ဘယ်လိုဖြစ်သင့်သလဲ။ အတိမ်အနက်က စကားပြောမယ်ထင်ပါတယ်။

မတူညီတဲ့ဘ၀နှစ်ခုမို့ ချစ်လျက်နဲ့ ခွဲခွာဖို့ပြင်သူက ပြင်တယ်။ ကျွမ်းဝင်လျက်မို့ အသည်းတဆတ်ဆတ်နာ ဖျတ်ဖျတ်ခါလူးအောင် ခံစားသူက ခံစားတယ်။ ကောင်မလေးပြောသွားတဲ့ စကားလေးကို တဖွဖွခံစားရွတ်ကြည့်မိတယ်။ မင်းနဲ့အတူ အရာအားလုံး ပါသွားခဲ့ပြီတဲ့။ ဟုတ်မှာပါပဲ။ နေ့ရက်တိုင်းကို အကျိုးမဲ့ဖြတ်သန်းနေရမတဲ့လား။ ရူးမိုက်သူလို့ ဆိုချင်ဆိုပါတော့ ဒီနေရာမှာ သူမနဲ့ကျနော်ထပ်တူကျသွားခဲ့တယ်။

ထူးဆန်းတာက သူ့အရိပ် ဒီဝန်းကျင်ကနေ သူမ ထွက်ပြေးမသွားခဲ့တာပါ။ ကျနော်သာဆို ထွက်ပြေးမှာသေချာတယ်။ ဒီအငွေ့အသက် အရိပ်အယောင်တွေနဲ့ ဝေးတဲ့နေရာတစ်ခုမှာ အတတ်နိုင်ဆုံး မေ့ဖျောက်ဖို့ ကြိုးစားရမှာလေ။ ထားခဲ့သူကို တမ်းတပေမယ့် သူမှ ပြန်မလာချင်တော့ပဲ။

နောက်တော့ သူမအဖေနဲ့ ညှိနှိုင်းပြီး သူမရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ စတင်ခဲ့တယ်။ ဒါပေမယ့် သူမ မျှော်လင့်နေတာက သူ့အရိပ်အယောင်တွေပါပဲ။ အန္တရာယ် တစ်ခု မကျရောက်ခင်မှာ သူမကို သတိလာပေးမယ့် သူ့အရိပ်အယောင်တွေပါ။ အရိပ်အယောင်တွေရှာဖွေရင်း သူမ တစ်စုံတစ်ယောက်နဲ့ ဆုံတွေ့ပြန်ရော။ သူမကို မထိခိုက်အောင် ကာကွယ်ပေးမယ်ဆိုတဲ့ အဲ့ဒီတစ်စုံတစ်ယောက်ကလည်း ပျောက်သွားခဲ့ပြန်ရော။

တစ်ကယ်တမ်းသူမတို့ သုံးပွင့်ဆိုင်က မြို့လေးနဲ့အတူရှိနေခဲ့တဲ့ ပုံပြင်လေးတစ်ခုလိုပါပဲ။ နောက်တော့ မခံမရပ်နိုင်တဲ့အဆုံး သူမ ကျောက်ဆောင်ပေါ်ကနေ အဆုံးသတ်ဖို့ ကြိုးစားခဲ့တာပါ။ ကျနော်ဆိုရင်ကော အဖြေကို စာဖတ်သူတွေ သိနေလောက်ပြီထင်ပါတယ်။ ကျနော် မဖြေတော့ပါဘူး။

ချစ်သူသေဆုံးပြီလို့ ထင်ထားတဲ့နောက် မသေနိုင်တဲ့ဘ၀တစ်ခု အထူးသဖြင့် ၁၇နှစ်မှာ ထာဝရ ရပ်တန့်နေတဲ့ ဘ၀ကနေ သူလည်း ချစ်သူနောက်ကိုလိုက်ပါဖို့ အဆင်သင့်ပြင်နေခဲ့ပြီတဲ့။ သတင်းစကားက အမှန်ကို အတိအကျမသိရသေးပင်မယ့် ချစ်သူမရှိတဲ့ ဒီကမ္ဘာမှာ မနေလိုတော့ပြီတဲ့လေ။ ရုပ်ရှင်ထဲမှာမို့လား အပြင်မှာရော အခုလို ချစ်ခြင်းတွေ တည်ရှိနိုင်ပါ့မလား။

မတူညီတဲ့ ဘ၀နှစ်ခုကို တူညီအောင်လုပ်ဖို့ ဖြစ်လာပါတယ်။ ဒီလမ်းကိုရွေးချယ်သင့်ပါတယ်လေ။ ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ အတွက်ရွေးချယ်တယ်ဆိုတော့ သင့်မြတ်တယ်လို့ ထင်မိတယ်။ မဟုတ်ရင် ကျွမ်းလျက်ကွာရမယ် မဟုတ်ပါလား။

ဒါပေမယ့် ရွေးချယ်ဖို့ကလည်း ခက်ခဲနေပြန်ရော။

ချစ်ခြင်းဆိုတာ ပူလောင်လိုက်ပါဘိတော့။ သို့ပါသော်လည်း လောင်ကျွမ်းဖို့အတွက် အဆင်သင့်ဖြစ်နေကြပြန်တာမို့…………..

11 October 2009

အချစ်ဦးမို့…….


လူတိုင်းလူတိုင်း အချစ်ဦးဆိုတာ ရှိတတ်ကြမှာပါပဲ။ အချစ်ဦးဆိုတာ ဘာလဲ ဘယ်လိုလဲ ဖြေရှင်းစရာလိုမယ်မထင်ပါဘူး။ လူတစ်ယောက်ကတော့ ပြောဖူးတယ် အဲ့ဒီလူဟာ သူ့အချစ်ဦးပါတဲ့ အဲ့လူက လမ်းခွဲခဲ့တာတောင် သူအဆက်အသွယ်မဖြတ်နိုင်ဘူးတဲ့။ ဒါဆို ခင်ဗျားတို့ကော… ကျနော့ကိုယ်ကျနော်လည်း မေးနေမိပါတယ်……………


ဒီရက်ပိုင်းအတွင်းမှာ ရုပ်ရှင်တစ်ခုကို ကြည့်မိလိုက်တယ်။ ဇာတ်ကားအဟောင်းတစ်ခုပါပဲ။ စုထားတဲ့ ဇာတ်ကားထုပ်တွေ ဖုန်မတက်ခင်တစ်ချက်ဝင်ကြည့်ဖြစ်လိုက်တာ။ သုံးဆယ်ကျော်မိန်းမတစ်ယောက်နဲ့ ဆယ်ငါ့းနှစ်အရွယ် ကောင်လေး တစ်ယောက်ရဲ့ အကြောင်းပေါ့။ ဒါရိုက်တာ ပြချင်တဲ့အကြောင်းအရာက တစ်ခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့ရင်ထဲ ရောက်လာတာ အဲ့ဒီ အချစ်ဦးဆိုတဲ့ အကြောင်းအရာလေးဖြစ်နေလို့ပါ။

အတွေ့အကြုံမရှိသေးတဲ့ ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက် အတွက် ဒီလိုကိုယ်ခန္ဓာချင်း ရင်းနှီးတဲ့ ချစ်ခြင်းဆိုတာ ဘယ်လောက်များရူးသွပ်စေလိုက်မလဲ။ အဲ့ဒီမိန်းမတစ်ယောက်အနားကကို ခွာနိုင်မယ်မထင်ဘူး။ ဒါကြောင့်လည်း သူမက သူ့အတွက် အချစ်ဦးဖြစ်ခဲ့မှာပါပဲ။

ဒီအကြောင်းအရာကိုပဲ တွေးတောနေတတ်တဲ့ ကောင်လေးကို ထိန်းသိမ်းတဲ့ သူမရဲ့ ပညာကိုလည်း လေးစားမိတယ်။ သူမအတွက် စာဖတ်ကိုပြမှ သူလိုချင်တဲ့အရာ ရမယ်တဲ့လေ။ ကိုယ်တိုင်ဖတ်လို့ရရဲ့သားနဲ့ လို့ပြောတော့ ဟင့်အင်း မင်းဖတ်ပြတာ နားထောင်ချင်တာပါ ဆိုတဲ့ သူမပုံစံကို အတွေးထဲက မထွက်ဘူး။ ဒီလိုနဲ့ သူဖတ်ပြတဲ့ စာအုပ်တွေက နည်းမှ မနည်းတော့ပဲ။

သူစုဆောင်းထားတဲ့ တံဆိပ်ခေါင်းလေးတွေ ရောင်းပြီးတော့ ခရီးအတူထွက်ကြတယ်။ သူတို့နှစ်ယောက်လုံးပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် သူမတို့ နှစ်ယောက်ခွဲခွာကြရပြန်တယ်။ အချိန်တန်တော့ လူဆိုတာ ခွဲခွာရစမြဲပဲလေ။ သူမက သူ့ကို လုံးဝအသိမပေးခဲ့ဘူး။ သူဘယ်လောက်ခံစားလိုက်ရမလဲ။ သူမဟာ သူ့အတွက် အချစ်ဦးလေ။ ဘယ်လောက်ထိ ငိုကြွေးလိုက်မလဲ။ ဘယ်လောက် စိတ်ထိခိုက်လိုက်မလဲ။ ကျနော်ဆိုရင်ကော ခံနိုင်ရည် ရှိပါ့မလား။ တွေးရင်းတောင် တစ်ကိုယ်လုံး ပျော့ခွေချင်လာမိတယ်။

နောက်တော့ သူက ဥပဒေကိုသင်ယူလေ့လာတယ်။ သူတို့ လေ့လာတဲ့ အမှုတစ်ခုမှာ သူမနဲ့ ပြန်လည် ဆုံတွေ့ခဲ့ရတယ်။ ရင်နာစရာကောင်းတာက သူမက တရားခံလိုနေရာကပါ။ စစ်အတွင်းက အမှုကို ပြန်လည်ကြားနာ စစ်ဆေးတဲ့အမှုပေါ့။ သူမ စာမတတ်ဖူးဆိုတာ ဝန်ခံလိုက်ရင် အမှု ကလွတ်နိုင်ရက်နဲ့ သူမ တစ်သက်လုံး လျှို့ဝှက်လာခဲ့တာနဲ့အတူ သူမကို သူမ မြေမြုပ်ပစ်ခဲ့တယ်။ သူမ ထောင်ကျခဲ့တယ်။

သူမကို သွားတွေ့ဖို့ ကြိုးစားရင်း သူဘာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတာလဲ ကျနော်နားမလည်ခဲ့ဖူး။ သူမ ထောင်ထဲရောက်တော့ သူ စာအုပ်တွေကို ဖတ်ပြီး အသံသွင်းပေးခဲ့တယ်။ ပြီးတော့ သူမကို ပုံမှန် ပို့ပေးခဲ့တာ။ သူ့အတွက် ချစ်ဦးသူဆိုတာ တကယ့်ကို လေးနက်လွန်းပါလား။ ပေါ့ပျက်ပျက် အချစ်တွေ နဲ့ စာရင် သူ့အချစ်တွေကို မြင်ရတာ တကယ့်ကို ကြက်သီးထမိတယ်။

နောက်တော့ သူမရဲ့ သင်ယူခြင်း။ တိတ်ခွေတွေကို ဖွင့် စာအုပ်တွေမှာ စာလုံးတွေကို ခဲတံနဲ့ဝိုင်း။ ပြီးတော့ စကားလုံးကို မှတ်ရင်း စာတွေတတ်မြောက်လာခဲ့တယ်။ သူမ ပထမဆုံးရေးတဲ့စာက သူ့ကို ကျေးဇူးတင်တဲ့အကြောင်းလေးပါပဲ။ နောက်တစ်ခေါက် တိတ်တွေလာပို့တော့ သူမအတွက် စာများ ပါလာမလားဆိုတဲ့ စိတ်ကလေးကို မြင်လိုက်ရတာ စိတ်မကောင်းဖြစ်သွားမိတယ်။ ချစ်သူ ခင်သူ တစ်ယောက်ဆီက ကိုယ့်ကို ဆက်သွယ်ဖို့ စောင့်ရတာ သိပ်ပင်ပန်းလွန်းတယ်။ နောက်တော့ သူ့ကို အချစ်ဇာတ်လမ်းလေးတွေ ပို့ပေးဖို့ နောက်တစ်စောင်ပေးပြန်တယ်။ သူမ စာတွေ ဖတ်တတ်ရေးတတ်လာပြီလေ။

သူမလွတ်မြောက်ခါနီးတော့ သူမဆီကို တစ်ဦးတည်းသောဆက်သွယ်သူ သူ့ဆီကို ထောင်က ဖုံးဆက်လာပါတယ်။ သူမလွတ်မြောက်ရင် နေရေးထိုင်ရေး အလုပ်အကိုင် စီစဉ်ပေးဖို့ပါ။ သူမနဲ့တွေ့ဆုံဖို့ သူ ချီတုံချတုံ ဖြစ်နေခဲ့ပုံပါ။ အဲ့အချိန်မှာ သူလက်ထပ်ပြီး သမီးတစ်ယောက်အဖေ ဖြစ်နေခဲ့ပြီလေ။

Kid လို့ခေါ်လိုက်တာလေးကို နှစ်ခြိုက်သဘောကျဖြစ်မိသေးတယ်။ တကယ်တော့ သူမအတွက် သူက ပီဘိကလေးလေးလေ။ သူမအတွက် သူဘာတွေ လုပ်ထားတယ် သူမကို သူလာကြိုမယ်ဆိုတာကို ပြောပြီးအပြန် သစ်ပင်နားမှာ သူငိုတော့ ကိုယ်လည်း ငိုချင်လာမိတယ်။

သူမလွတ်မြောက်မယ့် ရက်မှာ သူလာကြိုပေမယ့် သူမကို မကြိုနိုင်တော့ပါဘူး။ အကြိုထောက်သူ နှောင့်ပူဗျာဝေရပြီ။ သူမ တစ်ခြားလမ်းတစ်ခုကို ရွေးချယ်ခဲ့ပြီ။ သူ့အတွက် ဟလို ဆိုတဲ့စကားလေးကလွဲရင် ဘာမှ မထားခဲ့ပါဘူး။ ဒါပေမယ့် သူဖတ်ပြလေ့ရှိတဲ့ စာအုပ်လေးထဲက စာကိုတော့ ကိုယ်တိုင်ရေးပြီး နံရံမှာကပ်ထားခဲ့ပါတယ်။ ငိုကြွေးနေရုံပေါ့ kid ရယ် သူကခွဲသွားရက်ပြီပဲ…………………

ချစ်ဦးသူဆိုတဲ့ စကားလုံးရဲ့နောက်ကို ဒီရုပ်ရှင်နဲ့အတူ လိုက်မိသွားတယ်။ ကိုယ့်အတွက် ခံစားချက်တစ်ခုနဲ့အတူ သူရဲ့ အချစ်ကို ချီးကျူးမိတယ်။ သူမရဲ့ ကြိုးစားမှုကို မြင်ယောင်မိတယ်။ တကယ်တမ်းတော့လည်း…………….

13 July 2009

ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံချက် နဲ့ လူတစ်ယောက်ရဲ့ ဘ၀အဆုံးသတ်


ကိုဖိုးသင်္ကြန်ရေ တဖွဖွခိုင်းလွန်းလို့ ရေးတော့ရေးလိုက်ပြီဗျ။ ကျနော်က အရေးလည်းမတတ် ဂီတကိုလည်း နားမလည်ပါးမလည် အကယ်၍ တစ်ခုခုများအမှားအယွင်းဖြစ်ပြီး လွဲချော်သွားခဲ့ရင် ခွင့်လွှတ်ပါဗျာ…..

…မိုးဇက်….မိုးဇက်…..

ဝုန်းခနဲ အသံက တံခါးရဲ့ နောက်ကွယ်မှာ။ ဘာများဖြစ်နေပါလိမ့်။

လူတစ်ယောက်လဲပြိုနေပါလား…ဟာ…လည်ပင်းမှာလည်း ဓါးနဲ့လှီးလို့။

နောက်တော့ ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံချက်တွေနဲ့ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုကို စတင်မြင်တွေ့ရပါတော့တယ်။

သူ့ဘ၀က ဒီဂီတတွေနဲ့ ယဉ်ပါးဖို့ ခဲယဉ်းပေစွ။ သူ့အဖေရဲ့ ဦးတည်ချက်တွေက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဲ့။ သူကတော့ သူဘ၀က ဂီတဖြစ်ရမယ်တဲ့။ သူဘာကိုပဲပေးဆပ်ရ ပေးဆပ်ရ။ ယုတ်စွအဆုံး ဘုရားသခင်ထံဆုတောင်းခဲ့တာသာ ကြည့်ပါတော့။

ဆုတောင်းပြည့်ခဲ့သလား (တကယ်ဆို ဒီဆုမျိုးမပြည့်သင့်ဘူးလေ) သူ့ကို ဂီတဖက်မလိုက်စေချင်တဲ့ အဖေ ရုတ်တရက်သေဆုံးရာကအစ သူဂီတ နယ်ကို ခြေစုံပစ်ဝင်နိုင်ခဲ့တယ်။

ဒါပေမယ့် မိုးဇက်နဲ့မဆုံခင်အထိပေါ့။

မိုးဇက်ကို စတွေ့တော့ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ဒါမိုးဇက်ပါလို့ ဘုရားစူးပြောရလောက်အောင်အထိ။ ကြမ်းပြင်ပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ ထွေးလား လုံးလားနဲ့။ မြင်ရတဲ့ပုံစံကို သူ့ရဲ့ ဂီတနဲ့ လုံးဝအပ်စပ်လို့ကို မရခဲ့ဘူး။

မိုးဇက်ရဲ့ ပါရမီကို မြင်ရတာကတော့ March of welcome ကနေ အစပြုခဲ့တာပါ။ သူကိုယ်တိုင်ရေးတဲ့ သီချင်းကို မိုးဇက်က နားထောင်ရုံမျှနဲ့ တစ်ပုဒ်လုံး ပြန်လည်တီးပြခဲ့ရုံမက အတီးအသော့လေးတွေနဲ့အပြင် ဆန်းသစ်မှုတွေနဲ့ပါလုပ်ပြနိုင်ခဲ့တာမို့ သူကိုယ်တိုင် တုန်လှုပ်ခဲ့ရတာပါ။

ဂီတတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သူသိပ်ချစ်တဲ့ လက်ဖျားနဲ့တောင်မထိရက်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကိုလည်း မိုးဇက်က ရရှိသွားခဲ့ပြန်တယ်။ ဘုရားသခင်ရက်စက်လွန်းလှတယ်။

မိုးဇက်ရေးတဲ့ ပြဇာတ်တွေ မိုးဇက်ရဲ့ အောင်မြင်မှုတွေ…ဒါတွေအားလုံးက သူ့ကိုလှောင်ပြောင်နေသလိုပဲ။ ဂီတက သူ့ဘ၀ ဒီဂီတအတွက် အရာအားလုံးကို သူစွန့်လွှတ်ဖို့အဆင်သင့်လေ။ ဒါပေမယ့် သူ့မှာပါရမီမပါခဲ့ဘူးထင်ပါတယ်။ သူအောင်မြင်သင့်သလောက် အောင်မြင်ပါရဲ့။ မိုးဇက်လောက်လူသိမများခဲ့ဘူး။ အခုသူ ၀န်ခံချက်ပြောနေတဲ့ တရားဟောဆရာတောင် သူ့သီချင်းကိုမသိဘူးတဲ့လေ။

အောင်မြင်မှုကို မက်မောတဲ့လူထဲက လူတစ်ယောက်၊ ပြီးတော့ ဂီတကိုအရူးအမူးဖက်တွယ်ထားတဲ့ လူတစ်ယောက် အတွက် မိုးဇက်ဟာ တကယ့်ကို နတ်ဆိုးတစ်ကောင် မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။

သူကိုယ်တိုင်ပဲ မမျှတတဲ့ ကောင်းချီးပေးခဲ့သူ ဘုရားသခင်ကို စွန့်လွှတ်လိုက်တယ်။ မိုးဇက်ပျက်စီးဖို့အရေး သူကြိုးစားလုပ်ကိုင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ခါးသီးတဲ့မုန်းတီးမှုတွေနဲ့ အရာရာကို စီမံဆောင်ရွက်ခဲ့တယ်။ အမုန်းတွေ သိပ်ကြောက်စရာကောင်းတဲ့အမုန်းတွေပေါ့။ ဒါတွေကို မိုးဇက်မသိခဲ့ဘူးလေ။

မိုးဇက်ရဲ့ တက်လမ်းတွေကို ပိတ်ဆို့ ခဲ့တာမို့ စီးပွားရေးကြပ်တည်းမှုတွေနဲ့ အကြပ်ရိုက်စေခဲ့တယ်။ မတရားသော ယှဉ်ပြိုင်မှုနဲ့ နည်းမျိုးစုံသုံးပြီး ကြိတ် အနိုင်ကျင့်ခဲ့တာ။

မိုးဇက်ကို ထိခိုက်ကြေကွဲပြီး ဘ၀ပျက်စေခဲ့တာ သူ့အဖေသေတဲ့ အချိန်ကစမယ်ထင်တယ်။ ပြီးတော့ သူကိုယ်တိုင် မိုးဇက်အဖေ၀တ်ခဲ့တဲ့ ရုပ်ဖျက်ဝတ်စုံနဲ့ မိုးဇက်ကို requiem mass ဆိုတဲ့ သီချင်းတစ်ပုဒ် ရေးစေခဲ့တယ်။ အဲ့ဒီသီချင်းနဲ့ မိုးဇက် ကိုထိုးနှက်ခဲ့တာ။ ငွေကြေးလိုအပ်နေတဲ့ မိုးဇက်ကို ဒီသီချင်းရေးဖို့ ငွေကြေးတွေနဲ့မြူဆွယ်ခဲ့တယ်။ ပြီးတော့ မိုးဇက်ကို အကြိမ်ကြိမ်တိုင် ခြောက်လှန့်သွေးပျက်စေခဲ့တာပါ။

တကယ်တမ်းတော့ မိုးဇက်ကို သူသတ်ခဲ့တာ။ သူမှားသွားခဲ့ပြီ။ ရလိုက်တဲ့နောင်တ ကြောင့် သူ့ကိုယ်သူ သတ်သေပြီး အပြစ်ကနေ ခွင့်လွှတ်ဖို့ကြိုးစားခဲ့တာတဲ့လေ…

ရှုံးနိမ့်သူတစ်ယောက်ရဲ့ ၀န်ခံခြင်းကတော့ မိုးဇက်ကို သူသတ်ခဲ့တာပါတဲ့။ သူရယ် ဘုရားသခင်ရယ်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူးတဲ့….

အောင်မြင်မှုဆိုတဲ့ နောက်ကို လူတိုင်းလိုက်နေမယ်ထင်တယ်။ ငွေကြေးလိုမက်မောတပ်မက်စေတဲ့ အရာတစ်ခုပါပဲ။ တစ်ချို့က ရိုးသားကြိုးစားပြီးအောင်မြင်တယ်။ တစ်ချို့က ဖြတ်လမ်းနည်းနဲ့အောင်မြင်တယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်ပါတယ်လို့ ကောက်ချက်ဆွဲလို့ရပေမယ့် မိမိရဲ့အောင်မြင်မှုဟာ လိပ်ပြာသန့်ရဲ့လား ဆိုတာကိုကော တွေးစေချင်မိတယ်။ ကိုယ့်အတွက် သူတစ်ပါးကို စတေးရမယ်။ အထူးသဖြင့် ဘ၀တွေ အသက်တွေ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေ(သူတစ်ပါး မို့ ကိုယ့်အတွက် တန်ဖိုးမရှိဘူးဖြစ်ချင်လည်းဖြစ်မှာပါ) စတေးရမယ်ဆိုရင်ကော အောင်မြင်ချင်သေးပါသလား။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့သူတွေလည်း ရှိမှာပါလေ။ ခံယူချက်ခြင်းမှ မတူနိုင်ပဲ။

နောက်တစ်ခုကတော့ အောင်မြင်မှုတွေ တစ်သီကြီးနဲ့ မိုးဇက်ရဲ့ ဘ၀ပါ…

ပါရမီကြောင့် လက်ချောင်းတွေ လှုပ်လိုက်တိုင်း လက်ခုပ်သံတွေ ဘ၀ဂ်ညံစေခဲ့တယ်။ သူအမြဲရွတ်တဲ့ စကားလိုပဲ ဒီမှာ လူတွေက သူ့ကိုချစ်ကြပါတယ်တဲ့လေ။ တကယ်တော့ သူ့ရဲ့ အောင်မြင်မှုကို မူးယစ်မနေသင့်ဘူးနော်။

တစ်ချိန်လုံးအောင်မြင်ခဲ့တဲ့ သူ့ဘ၀ နေ၀င်ချိန်ကတော့ သံဝေဂရစရာတွေနဲ့ပေါ့။ ငွေရေးကြေးရေးအခက်အခဲကြောင့် မာနတွေချခဲ့ရတာတွေ။ အနုပညာကို ဟင်းရွက်ကန်းစွန်းလိုရောင်းခဲ့ရတာတွေ။ ဘယ်လောက်အသည်းနာလိုက်မလဲ။

အဆိုးဆုံးကတော့ သူရေးခဲ့တဲ့ ဆင်ဖိုနီတွေ ကမ္ဘာကျော်ခဲ့ပေမယ့် မိုးဇက်တစ်ယောက် ဘယ်နားပျောက်မှန်းမသိအောင်ကို ပျောက်ဆုံးသွားခဲ့ရတာ။ ပိုက်ဆံမတတ်နိုင်လို့အုတ်ဂူသွင်းမထားနိုင်ခဲ့တဲ့အပြင် အများသူငှာနဲ့ ရောနှောပြီး mass grave မှာ မြုပ်နှံခံခဲ့ရတယ်။

ထိုက်တန်တဲ့အရာတစ်ခုကတော့ သူသေပေမယ့် သူ့သီချင်းတွေ မသေခဲ့ဘူး။ သူ့နာမည်မသေခဲ့ဘူးလေ။ ပတ္တမြားမှန်ရင် နွံမနစ်ဖူးထင်ပါရဲ့။

ဒီဇာတ်ကားကို ကြည့်ဖြစ်ခဲ့မယ်ဆိုရင် sound box ကိုတော့ ဖွင့်ရပါလိမ့်မယ်။ အတီးတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးက စွဲဆောင်မှုအပြည့်။ သူတို့ခေတ်ရဲ့ ပြဇာတ်ယဉ်ကျေးမှုကိုလည်း တစေ့တစောင်း မြင်ရပါလိမ့်မယ်။

အဆုံးသတ်မှာတော့ သူသိပ်မုန်းတယ်ဆိုတဲ့ မိုးဇက်ရဲ့ ရယ်သံဆန်းဆန်းကို မမေ့တော့ဘူးဆိုတာ အာမခံပါတယ်……

သူဆိုတာကတော့ Antonio Salieri ပါ........(အိပ်ချင်မူးတူးနဲ့ နာမည်မှားရေးထားပါတယ် :P)

10 July 2009

မြနှင်းဆီနဲ့ လီဆာ



လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က မြနှင်းဆီကို ကျနော်တွေ့ရှိခဲ့ပါတယ်။ လီဆာကိုတော့ တနေ့ကမှ တွေ့ရှိခဲ့တာပါ။ လီဆာကိုမြင်မြင်ချင်း မြနှင်းဆီကို ပြေးမြင်မိတယ်။ တကယ်တော့ မြနှင်းဆီဆိုတဲ့ မိန်းမတစ်ယောက်ကို ကျနော်မုန်းတီးခဲ့တာ ဆယ်နှစ်ကျော်ပြီပဲ။ လီဆာကိုကော…..

မြနှင်းဆီကိုဘယ်လောက်မုန်းလဲဆို အဲ့ဒီစာအုပ်ကိုမ၀ယ်ပဲ တမင်ချန်ထားခဲ့တာ။ စာအုပ်သွားဝယ်တိုင်း သူ့ကိုတွေ့တယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ တစ်ဖက်လှည့်မသိချင်ယောင်ဆောင်ခဲ့တာချည်းပဲ။ ဒါပေမယ့် ကိုရုပ်ဆိုးက ကျနော့စာအုပ်စာရင်းမှာ မပါတာမို့ မြနှင်းဆီကို ကျနော့ဆီ ပို့ခဲ့ပါတယ်။ မုန်းတီးစွာနဲ့ပဲ မြနှင်းဆီကို နောက်တစ်ခေါက်ပြန်ကြည့်မိပြန်ရော။

လီဆာကိုတော့ ရုံးက စီနီယာက ရုံမတင်ခင်မှာ ကြည့်ဖို့ပေးခဲ့တယ်။ သူပြောတာက သီချင်းတွေသိပ်ကောင်းတာပဲတဲ့။ ဟုတ်တယ် သီချင်းတွေသိပ်ကောင်းခဲ့တယ်။ ဒါပေမယ့် လီဆာကလည်း မုန်းတီးဖို့ကောင်းပြန်ပါရောလား။

မြတ်စုနဲ့ဖြူလေးကြားမှာ မြနှင်းဆီမရှိခဲ့ရင်ကောင်းမှာလို့ အကြိမ်ကြိမ်ရေရွတ်ခဲ့ဖူးတယ်။ ဒီမိန်းမကြီးကြောင့်ဆိုပြီး လက်ညိုးထိုးစွပ်စွဲချင်ခဲ့တယ်။ ဖြစ်နိုင်ရင် မြနှင်းဆီကို ဆွဲထုတ်ပစ်ချင်ခဲ့တာ။ သိပ်လှသလောက်မာယာများတဲ့ မိန်းမ။ ရှေ့အကြောင်းတွေသာမသိခဲ့ရင် ကျနော်ကိုယ်တိုင်တောင် သူ့ကိုသနားနေမိမှာ။

သာယာလှပတဲ့ ဒဲရစ်တို့ရဲ့ အိမ်ထောင်ပါပဲ။ သားကလေးမွေးတဲ့ အထိ တနင်္လာနေ့တိုင်း ချစ်ဇနီးဆီကို ပန်းတွေပို့တတ်တယ်။ အောင်မြင်တဲ့လူတစ်ယောက်ရဲ့ ဘယ်လောက်သာယာ ချမ်းမြေ့တဲ့ဘ၀လေးလဲ။ ကျနော်လည်း အဲ့လိုဘ၀မျိုးပိုင်ဆိုင်ချင်ပါတယ်။ လီဆာဆိုတဲ့ မိန်းမတစ်ယောက် မပေါ်ပေါက်ခင်အထိပေါ့။

မြနှင်းဆီက ပျော့ညံ့တဲ့ မြတ်စုဆိုတဲ့ ယောင်္ကျားတစ်ယောက်ကို မြူဆွယ်နိုင်ခဲ့တယ်။ မြတ်စုကို လက်ခုတ်ထဲကရေဖြစ်ဖို့ ကြိုးစားခဲ့တယ်။ လူပျိုလူလွတ်မြတ်စုတစ်ယောက် မြနှင်းဆီရဲ့ သွေးဆောင်ဖျားယောင်းမှုအောက်မှာ ကျရှုံးခဲ့ရတယ်။ အကျိုးဆက်ကတော့ ချစ်သူဖြူလေး နဲ့ ဝေးခဲ့ရတာပေါ့။

လီဆာက ဒဲရစ်ကိုနည်းအမျိုးမျိုးနဲ့ချဉ်းကပ်ခဲ့တယ်။ မရရအောင် ယူမယ်ဆိုပြီး ကြိုးစားခဲ့တာ။ ခရစ်စမတ်ညစာစားပွဲမှာ သူ့ကိုငြင်းပယ်ခဲ့တဲ့ ဒဲရစ်ကို အငြိုးနဲ့ပါ။ ဒဲရစ်နောက်က မိသားစုဆိုတာကို မထည့်တွက်ခဲ့ဘူး။ နောက်ဆုံး မိသားစုကိုပါ လိုက်နှောင့်ယှက် ဒုက္ခပေးခဲ့တဲ့အထိ။

မြနှင်းဆီနဲ့လီဆာ နှစ်ယောက်စလုံး ပိုင်ဆိုင်တာက ရူးသွပ်တဲ့စိတ်ခံစားချက်တွေပါပဲ။ သန့်စင်မွန်မြတ်တဲ့ချစ်ခြင်းမေတ္တာကို အရောင်စွန်းအောင်လုပ်ပစ်ခဲ့ကြတာ။ အဆုံးစွန်တဲ့ မှားယွင်းမှုတွေနဲ့ သူတို့လိုချင်တဲ့ ချစ်ခြင်းကို ရအောင်ယူဖို့ကြိုးစားခဲ့ကြတာ။ မိမိကြောင့် သူတစ်ပါးဒုက္ခရောက်ပါစေလို့ ရည်ရွယ်ပြီး မိမိကိုယ်ကို အသက်သေခံသည်အထိ လုပ်ခဲ့တယ်ဆိုမှတော့ ပြောမနေပါနဲ့တော့။ သူတို့ရဲ့ချစ်ခြင်းကကော ဘာများပါလိမ့်။ မိမိချစ်တဲ့သူ ဒုက္ခရောက်မယ့် အရေးလုပ်သင့်လုပ်ထိုက်ပါသလား။

မိန်းကလေးတွေကို ကာကွယ်တဲ့ ဥပဒေအပြင် ယောင်္ကျားလေးတွေကို ကာကွယ်တဲ့ ဥပဒေမရှိသင့်ဘူးလား တွေးနေမိတယ်။ ယောင်္ကျားရင့်မာကြီး တန်ပဲလို့ မပြောပါနဲ့ဗျာ။ ကျနော်တို့မှာလည်း ကျနော်တို့ အားနည်းချက်တွေရှိတတ်ပါတယ်။ အားနည်းချက်ကို ချက်ပိုင်ပိုင် အသုံးချတတ်တဲ့ မိန်းမတစ်ယောက် ဒါမှမဟုတ် လူတစ်ယောက်ကြောင့် ဘ၀တစ်ခု ဒါမှမဟုတ် ဘ၀တစ်ခုနောက်က ဘ၀များစွာ ပျက်စီးသွားရမယ်ဆိုရင်ကောဗျာ။

နောက်ဆုံး ကျနော်ရလိုက်တာကတော့ အစွန်းရောက် ၀ါဒတွေရဲ့ မကောင်းကျိုးပါပဲ။ ဘယ်အရာမဆို တစ်ဖက်စွန်းရောက်သွားရင် မကောင်းမှုတွေဖြစ်တတ်ပါတယ်။ ဘုရားဟော အလယ်အလတ်လမ်းစဉ်ကိုပဲ လိုက်နာကျင့်သုံးသင့်ပါတယ်။

ကျနော့စာရင်းမှာတော့ မြနှင်းဆီနဲ့ လီဆာဆိုပြီး တိုးသွားတာပေါ့ဗျာ….

21 June 2009

ချစ်ခြင်းမဲ့ စစ်ပွဲများနဲ့ အနုပညာ


ဒီတပတ် ကြည့်ဖြစ်တဲ့ ဇာတ်ကားအဟောင်းလေးပါ။

ပိုလန်နိုင်ငံကိုအခြေစိုက်ထားတဲ့ဇာတ်ကားလေး။ ၀ါဆော ရေဒီယိုအသံလွှင့်ခန်းမှာ စန္ဒရားတီးတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘ၀ကိုစစ်ပွဲတွေနဲ့ ယှဉ်ပြသထားခဲ့တာ။ ဒုတိယကမ္ဘာစစ်ရယ် နာဇီဝါဒရယ် ဂျူးလူမျိုးတွေရယ် တကယ့်သမိုင်းတွင် ပုံရိပ်တွေပါပဲ။ လူသားဆန်ခြင်းကင်းမဲ့တဲ့ စစ်ပွဲရဲ့ အရသာက ခါးသီးစက်ဆုပ်ဖို့ကောင်းလှပါလား။

ပိုက်ဆံလေးနှစ်ဆယ်နဲ့ ဘာဝယ်ရမလဲ။ ဂျူးမိသားစုတစ်စု လက်ဝယ်ထားရှိရမယ့် ငွေကြေးဟာ သိပ်နည်းလွန်းတယ်။ လူမျိုးလိုက် မျိုးဖြုတ်မယ့် အကြံကို ကြံရက်တဲ့သူကို မြင်ဖူးချင်မိတယ်။ မြတ်နိုးတဲ့ အဖိုးတန် စန္ဒရားကို ၂၀၀၀နဲ့ ချရောင်းလိုက်ရတာပေါ့ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာကိုး။

လမ်းမပေါ်မှာ အစာရေစာ ငတ်ပြတ်နေတာတွေ။ အစားအစာ ခိုးယူမှုနဲ့ ကလေးတစ်ယောက်ကို သတ်ဖြတ်နေတာတွေ။ အမယ်အိုဆီက လုယက်ပြီး လမ်းပေါ်မှာ ဖိတ်ကျတဲ့ အစားအစာတွေကို မိန်မိန်ယှက်ယှက် ကုန်းရက်နေတာတွေ။ အနိဌာရုံတွေပါပဲ။ စစ်ပွဲတိုင်းဒီမြင်ကွင်းတွေ ကြုံတွေ့ရမှာတဲ့လား။ ဘယ်သူကမှ မကူညီနိုင်ကြတော့ဘူးလား။ တိုးတိုးရေရွတ်မိတယ်….ဘုရားကယ်တော်မူပါဆိုတဲ့ စကားလုံးကို တိုးတိုးရေရွတ်မိတယ်။

ပြီးတော့ အာဏာရှင်ဆန်မှု။ လက်နက်ကိုင်ထားတဲ့သူတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း လူလူချင်းစော်ကား အနိုင်ကျင့်မှု။ သူတို့ကို ဘယ်နည်းနဲ့မှ မတွန်းလှန်နိုင်ကြတော့ဘူးတဲ့လား။ အာဏာဆိုတဲ့နောက်မှာ အနိုင်ကျင့်မှု ဆိုတဲ့ စကားလုံးပဲရှိတော့တာလား။ မျှတမှု စောင့်ရှောက်မှုဆိုတဲ့ စကားလုံးတွေ စာနာမှုအပြည့်နဲ့ တစ်ယောက်တည်းဖြည့်နေမိတယ်။

ဝှီးချဲနဲ့ အဖိုးအိုကို မတ်တပ်ရပ်နှုတ်မဆက်နိုင်လို့ တိုက်ပေါ်ကပစ်ချခဲ့တာတွေ။ ကိုယ်လိုသူလို လူတွေပါလားလို့ ထည့်မတွက်ပဲ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေ။ အဲ့ဒီကာလမှာနေရရင် ကျနော်ကိုယ်တိုင်လည်း ငိုးကြွေးမိမယ်ထင်ပါတယ်။

စန္ဒရားဆရာတစ်ယောက်ရဲ့ အနုပညာဟာ စစ်ပွဲတွင်းမှာပဲ ပျောက်ဆုံးခဲ့ရတယ်။ မိသားစုကိုလည်း ဆုံးရှုံးသွားခဲ့ရတာပါပဲ။ သူတို့ရဲ့ နောက်ဆုံးနေ့လည်စာစားပွဲလေးကို မြင်ယောင်ရင်း ရင်ထဲမှာ တနုံ့နုံ့ဖြစ်စေခဲ့တယ်။ မိသားစုနဲ့ ခွဲခွာရမယ်ဆို တော်တော်ကို ခက်ခဲလေးလံပါလား။ အစုအလိုက်အပြုံလိုက်သတ်ဖြတ်မယ့်နေရာကို သွားဖို့ တစ်ယောက်တစ်လက်ဆွဲလို့ အားကြိုးမာန်တက်သွားနေလိုက်ကြတာ။ ချစ်ခင်သူတွေနဲ့ ဝေးကွာမှာစိုးလို့ အော်လို့ ဟစ်လို့ ဆွဲလို့ လွှဲလို့။

သေတွင်းကိုပို့မယ့်အရေးက သီသီလေးလွဲခဲ့ပြန်တယ်။ ဒါပေမယ့် အကျဉ်းသားတစ်ယောက် ပြီးတော့ ဂျူးလူမျိုးတစ်ယောက်အတွက် ကျန်နေခဲ့တဲ့ နေ့ညတွေကလည်း အိပ်မက်ဆိုးတွေချည်းပါပဲလေ။ သေတွင်းနှုတ်ခမ်းဝမှာ ဓါးလည်ပင်းထမ်း ပြီးလျှောက်နေရသလိုပဲ။

ပြီးတော့ ခိုးကြောင်ခိုးဝှက် ပုန်းလျှိုးကွယ်လျှိုး ဘ၀။ စန္ဒရားမြင်ပါလျက် မတီးရတဲ့ဘ၀။ ဘယ်လောက်ဆိုးလိုက်သလဲ။ ကီးတွေအပေါ်မှာ လက်ကလေး လေထဲမြောက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် တီးနေလိုက်တာများ..နင့်နေအောင်ခံစားရပါတယ်။

အသက်တစ်ခုရှင်သန်ကျန်ရစ်ဖို့ ခက်ခဲပင်ပန်းလိုက်တာဗျာ။ ရေတစ်ပေါက်သောက်ရဖို့ အစာတစ်ခုစားရဖို့ အဲ့သလောက်တောင် ပါးရှားခဲ့တယ်တဲ့။ ဂျပန်စစ်ပွဲမှာ နေထိုင်ခဲ့ဖူးတဲ့ အဖိုးအဖွားတွေကိုမြင်ယောင်မိတယ်။ သူတို့ကော အဲ့လို ခံစားခဲ့ရမယ်ထင်တယ်။

စည်ကားလှပါတယ်ဆိုတဲ့ မြို့ကြီးတွေ အတုန်းအရုန်းပျက်စီးနေကြပြီ။ ဘယ်သူမှ မကျန်ရစ်တော့ဘူးဆိုရင် အထီးကျန်စွာရူးသွပ်သွားမယ်ထင်မိတယ်။ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ရှိမယ် ဆိုတာ သိပ်မသေချာဘူးလေ။

တစ်ခုတည်းသော စားစရာ သံဗူးကို ဖွင့်ဖို့ကြိုးစားရင်း ဂျာမန်စစ်ဗိုလ်နဲ့တွေ့တဲအခန်း။ စည်သွတ်ဗူးထဲက တစ်စိမ့်စိမ့်ထွက်ကျနေတဲ့ အရည်တွေကို နှမြောတသစွာထိုင်ကြည့်နေရုံပေါ့။ မင်းဘာအလုပ်လုပ်သလဲဆိုတော့ ငါ စန္ဒရားဆရာပါ ဆိုတဲ့ အဖြေရယ် နှစ်ရှည်လများ မတို့ထိခဲ့ရတဲ့ စန္ဒရားကို စမ်းတ၀ါးဝါးကနေ အားရှိပါးရှိတီးလိုက်တဲ့ အချိန်လေးရယ် သိင်္ဂါရ ရသကိုဖြစ်စေခဲ့တယ်။

မင်းသိပ်မစောင့်ရတော့ပါဘူး။ စစ်ပွဲပြီးရင်မင်းဘာလုပ်မလဲဆိုတော့ ၀ါဆောအသံလွှင့်ရုံမှာပဲ စန္ဒရားတီးမယ်တဲ့။ မင်းနာမည်ပြောပြပါ ငါစောင့်ပြီးနားထောင်ပါမယ် လို့ပြောပြီး တကယ်တမ်းတော့ နားထောင်ခွင့်မရသွားရှာဘူးနဲ့တူပါတယ်။ နွေးထွေးတဲ့ ကုတ်အင်္ကျီလေးတစ်ထည်နဲ့ အနုပညာကို နောက်ဆုံးပူဇော်ခဲ့တဲ့ပုံပါပဲ။ ဂျာမန်စစ်ဗိုလ်ခမျာ ဆိုဗီယက် သုံ့ပန်းစခန်းမှာပဲ ၁၉၅၂ခုနှစ်မှာ သေဆုံးသွားခဲ့တယ်။

ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ဆိုတဲ့ အတိုင်း အောင်နိုင်သူအဖြစ်ကနေ ရှုံးနိမ့်သူဖြစ်ရပြန်တယ်။ ရုရှားတွေအောက်မှာ စစ်သုံ့ပန်းဖြစ်သွားတဲ့ ဂျာမန်တွေကို ဂျူးတွေ ပိုလန်လူမျိုးတွေက သိပ်နာကျည်းကြမှာပဲ။ သူတို့ကိုယ်တိုင်မကျူးလွန်ပေမယ့် ဂျာမန်အများစုကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကျန်ရစ်တဲ့ ဂျာမန်တွေ ခါးစည်းခံရမှာသေချာပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးစု တစ်စုနဲ့ အခြားလူမျိုးတစ်စု အမုန်းတရားတွေ အခြေခံတဲ့ စစ်ပွဲတွေက သိပ်ကိုဆိုးဝါးလွန်းတယ်။ အာဏာရရှိဖို့အတွက် လူသားချင်းစာနာညှာတာမှုဆိုတာကို စတေးခဲ့ကြရမှာပါ။ ခွန်အားကြီးသူက ခွန်အားငယ်သူတွေကို နိုင်လိုမင်းထက်ပြုကျင့်လေ့ရှိတာ တိရိစ္ဆာန်စိတ်လို့ကျနော်တော့ ယူဆမိတယ်။ လူသားဆိုတာ အိပ်စားကာမသုံးမျိုးသာသိတဲ့ တိရိစ္ဆာန်ထက်သာတဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ဆိုတာ ရှိရမယ်လေ။ အတ္တတရားတွေများ သိပ်များလွန်းသွားလို့လား။ အမုန်းတရားတွေကပဲ တွန်းပို့လေသလား ဝေေ၀၀ါးဝါးပါပဲ။

လူမျိုးစုအလိုက်သတ်ဖြတ်မှုကို ဟိုတယ်ရ၀မ်ဒါ နောက်မှာ ကြည့်ဖြစ်တဲ့ ဒုတိယဇာတ်ကားပါ။ ကြိုက်လို့သိမ်းထားပါတယ် ဒါပေမယ့် နောက်ဘယ်တော့မှ မကြည့်တော့ဘူး………..

07 June 2009

ရွေးချယ်ခွင့်

သူမတစ်ခု,ခုကို ရွေးချယ်ရတော့မယ်။ သူမ ဘာကိုရွေးချယ်မလဲ……

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ရဲ့ဘ၀။ ဒီဘ၀ကိုရောက်ဖို့ သူမဘယ်လောက်ကြိုးစားခဲ့ရမလဲ။ ဘယ်လောက်ရင်းနှီး ပေးဆပ်ခဲ့ရမလဲ။ အောင်မြင်မှုဆိုတာတော့ လူတိုင်းတပ်မက်သည်ပေါ့။

အောင်မြင်တဲ့ ဘ၀တစ်ခုရဲ့ နောက်ကွယ်မှာ သမာရိုးကျ ဘ၀လေးတစ်ခုရှိနေသည်။ အဲ့ဒီဘ၀လေးထဲမှာ ကျေးလက်အိမ်ကလေးတစ်လုံးကအဆင်သင့်။ သိပ်ကိုပျော်ရွှင်ကျေနပ်ဖို့ ကောင်းတဲ့ မိသားစုကလေးနဲ့အတူ။ ပြီးတော့…….

ကျေးလက်က အဖွားမွေးနေ့ပွဲအတွက် ဈေးဝယ်ထွက်ရင်း လက်ရှိဘ၀ကို မပျော်ရွှင်နိုင်ဘူးလားဆိုတဲ့ မေးခွန်းတစ်ခုကို သူမရရှိလိုက်တယ်။ ဟုတ်တယ် သူမ ခဏပြောနေမိတဲ့စကားက ငါ့ဘ၀ကိုပြန်ပေးပါဆိုတဲ့စကားလေ။

ဖုံးကွယ်မှုဆိုတာကို ဖော်ထုတ်ဖို့လူတိုင်းက ကြိုးစားကြသည်။ အောင်မြင်သောသူတိုင်းရဲ့ လျှို့ဝှက်ချက်အတွက် အချိန်ကုန်လူပင်ပန်းခံတတ်တဲ့ လူစားတွေကလည်း အများသားလား။ ငယ်တုန်းက ကြားဖူးတဲ့ ပုံလေးတစ်ခုကို သတိရမိပြန်သည်။ တောကအဒေါ်ကြီးတစ်ယောက် မြို့ပေါ်အတက်မှာ ဇာတ်ခုံနောက်က မင်းသမီးအလှပြင်ရာကို အတင်းငေးရင်း မင်းသမီး နှာချေတာ ငါတို့လိုပါပဲလားဆိုတဲ့ ပုံလေးပါ။ တကယ်တော့ အောင်မြင်နေတဲ့သူတွေလည်း ကျနော်တို့လို သူလိုကိုယ်လိုပါပဲ။

အကယ်၍ မိမိရဲ့ဖုံးကွယ်ထားမှု (true identity hiding) တစ်ခုက ကျော်ကြားမှုတစ်ခု အတွက်သပ်သပ်ပဲ။ အဲ့ဒီအတွက် ကိုယ့်ကို ချစ်ခင်သူတွေအတွက် နာကျင်မှုတွေ ရှိနေမယ်ဆိုရင် အဲဒီထိန်ချန်မှုဟာ ထိုက်တန်ပါရဲ့လား။ ရိုးသားတယ်လို့ ထင်ပါသေးလား။ သူတို့အားလုံးဆီက ရိုးသားမှုတွေကို ရလိုက်ပြီး သူမကကော သူမကိုယ်တိုင်ကကော…

တစ်ခုခုကို စတင်လိမ်ညာပြီဆိုရင် နောက်ထပ်လိမ်ညာဖို့ အခွင့်အလမ်းတွေက အဖော်တွေနဲ့တပျော်တပါးရောက်လာတတ်စမြဲပါ။ ဘာဖြစ်လို့လဲဆိုတော့ လိမ်ညာခဲ့တယ်ဆိုတဲ့ အချက်တစ်ချက်ကို မသိအောင် နောက်ထပ် လူပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဆက်စပ်ပတ်သပ်လေသမျှ ဒေါင့်စေ့အောင် လိမ်ညာမှ ဖြစ်မှာပါ။ တစ်ခါပဲ လိမ်ညာခဲ့တာပါဆိုပြီးပေါ့ပေါ့ပါးပါး မနေလိုက်ပါနဲ့ အလိမ်မပေါ်အောင် လိမ်ရင်း လိမ်ရင်း ထောင်သောင်းမကတော့ပြီမို့ သန်းခေါက်ထက်ညဥ့်ဘယ်လောက်နက် နိုင်ဦးမလဲ။

ရိုးသားတဲ့သူတွေရဲ့ အရှေ့မှာ အားလုံးကို လိမ်ညာခဲ့တဲ့သူတစ်ယောက်က ရဲဝံ့စွာ ရပ်နေနိုင်သတဲ့လား။ မဟုတ်ဘူး…သူမ သီချင်းဆက်ဆိုလို့ မရတော့လောက်အောင်ကို တုန်လှုပ်သွားမိခဲ့တာပါ။

သူမဘယ်အရာကို ရွေးချယ်ခဲ့မလဲဆိုတာကိုတော့ Hannah Montana : The Movie ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။



ကျနော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးနှစ်ခန်း ကတော့

သူမ နာမည်ကျော် အဆိုတော်တစ်ယောက်အနေနဲ့ သူမရဲ့ ငယ်သူချင်းကို လိမ်ညာတဲ့အခန်းလေး။ ကောင်လေးကို စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ပါတယ်။ နှလုံးလှလူမိုက်ထဲက ခိုင်သင်းကြည့်ရဲ့ သစ်ငုတ်တို သီချင်းကိုပါ သတိရသွားမိစေခဲ့တယ်။

နောက်တစ်ခန်းက ဇာတ်စင်ပေါ်က သူမရဲ့ ကြေကွဲမှု။ မေတ္တာစူးတယ်ဆိုတာ ဒါမျိုးလားလို့ ပြန်တွေးနေမိတယ်။ ဖြစ်နိုင်တယ်။ လှိုက်ခနဲ ဖြစ်သွားအောင်အထိ ခေါ်သွားနိုင်ခဲ့တယ်။ အမြဲပြုံးရွှင်နေတယ်လို့ မြင်ရတဲ့ မြင်ကွင်းကနေ ရုတ်ချည်းပြောင်းသွားခဲ့နိုင်တယ်။

ပျော်ရွှင်ရယ်မောစရာတွေလည်း ပါတာမို့ ကြည့်ပျော်တယ်ဆိုလည်းမမှားပါဘူး။ တစ်ခြားရသလေးတွေပါ ဖြည့်စွက်ထားတာကလည်း ဒီဇာတ်ကားလေးကို ပြည့်စုံစေတယ်ထင်မိတယ်။ အကောင်းဆုံးကတော့ ကျနော်ကြိုက်တဲ့ သီချင်းလေးတွေပေါ့။

ထုံးစံအတိုင်း နောက်ဆုံးမှာ ကျန်နေရစ်တာက မေးခွန်းတစ်ခုပါပဲ

ကျနော့မှာရော ရွေးချယ်ခွင့်ရှိရင် ဘာကိုရွေးမလဲဆိုတာပါပဲ………..

18 May 2009

တရားကို နတ်စောင့်သတဲ့


ဒီတစ်ပတ် ကြည့်ဖြစ်တဲ့ ရုပ်ရှင်လေးတစ်ခုပါ။ မင်းသားကိုကြိုက်နှစ်သက်တာရယ်၊ ဒါဗင်ချီကုတ်ဆိုတဲ့ဇာတ်ကားကို ရေးတဲ့ စာရေးဆရာရဲ့ နာမည်ကြီးနောက်ထပ် ၀တ္ထုတစ်ပုဒ် ဖြစ်နေတာရယ်ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်လေးကြည့်နေတုန်းမှာတော့ လုံးချာကို ပတ်နေတော့တာ။ သိပ္ပံပညာရယ်၊ ခရစ်ယာန်ဘာသာရေး သမိုင်းကြောင်းရယ်၊ ဘာတီကန်ဆိုတဲ့ သမိုင်းတွေထဲက မြို့လေးရယ် နားလည်ရခက်စွာ နဲ့ပေါ့။ ရုပ်ရှင်ကြည့်ပြီးမှ ကိုသက်ပိုင်သူရဲ့ ဘာတီကန်စီးတီး ဆိုတဲ့ ပို့စ်လေးကိုဖတ်ရတယ်။ ဇာတ်ဝင်ခန်းတွေနဲ့ အဲဒီပို့စ်လေးကို ဖတ်ရင်း တကယ့်ကို အသက်ဝင်လာတော့တာပါပဲ။

လက်ရှိပုပ်ရဟန်းမင်းကြီး သေဆုံးသွားတဲ့ အခမ်းအနားနဲ့ စတင်ထားခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးတွေရဲ့ အရေးပါမှုကလည်း ဒီဘာသာရေး မှာတကယ့်ကို အရေးပါခဲ့တာကိုး။ ပုပ်ရဟန်းမင်းအသစ်ကို ဘယ်လိုရွေးချယ်သလဲဆိုတာလည်း ဒီဇာတ်လမ်းကို ကြည့်တော့မှ သိလာခဲ့ရတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းအသစ် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ လူလေးယောက်ဖြစ်ရတာလည်း မသက်သာပါဘူး။ သူတို့လေးယောက်ကို အီလူမီနတီဆိုတဲ့ လျှို့ဝှက်ဂိုဏ်းက ဖမ်းထားပြီး သူတို့ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရန်ကြွေးကိုဆပ်ဖို့ ဓါးစာခံဖမ်းဆီး ထားခဲ့တာကိုး။ ပြီးတော့သူတို့ တစ်ယောက်ချင်းဆီကို ကမ္ဘာ့အခြေခံအကျဆုံး အရာလေးခုနဲ့ ဆိုင်ရာ ဆိုင်ရာ တစ်လှည့်စီ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။

ပြီးတော့ ဂျနီဗာသုတေသနဓါတ်ခွဲခန်းထဲက ခိုးယူလာတဲ့ နယူကလီးယား လက်နက်ငယ်နဲ့ ဘာတီကန်စီးတီးကြီးတစ်ခုလုံးကို ဒီမြေပေါ်က ဖျောက်ဖျက်ပစ်မတဲ့။ အဲ့ဒီလက်နက်ကိုလည်း မြို့ရဲ့တစ်နေရာမှာ ထားရှိပြီးဖြစ်နေပြန်တယ်။

အီလူမီနတီ သင်္ကေတတွေကို အကျွမ်းကျင်ဆုံး ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ရယ်၊ သိပ္ပံပညာရှင်မလေးတစ်ယောက်ရယ် ရှုပ်ထွေးနေတဲ့ အရာအားလုံးထဲကနေ ဘာတီကန်စီးတီးကို ကယ်ဆယ်ဖို့ အလှည့်ကျတော့တာပါပဲ။

သတ်မှတ်ထားတဲ့ အချိန်တွေထဲမှာ အီလူမီနတီ ဂိုဏ်းရဲ့ လျှို့ဝှက်သင်္ကေတတွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းထဲကို ကျနော်ကိုယ်တိုင်ရောက်သွားပါတော့တယ်။ ဘုရားကျောင်းတွေရဲ့ သမိုင်းတွေရယ် နတ်သမီးတွေညွှန်ပြတဲ့ နေရာတွေ အိုး..အချိန်မှီကယ်တင်နိုင်ပါ့မလား။ ကြည့်နေရင်း မောပန်းလာမိတယ်။ ထိုင်ရမလား ထရမလား ဒါပေမယ့် ကိုယ်တိုင်က ဘာတွေဖြစ်နေမှန်းကို မသိသေး။ မခက်ဘူးလားဗျာ။ အသက်တွေတိုင်းကို နှမြောစွာ ကယ်တင်နေမိချင်ပေမယ့် အဖြစ်ကမရှိတော့ ဇာတ်လမ်းအပြင်ကို ပြန်ထွက်လာမိပြန်ရော။

နောက်ဆုံးမှာတော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ အဆိုကိုပဲ လက်ကိုင်ပြုရတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားက အချိန်တန်တော့ပေါ်တာပါပဲလေ။ ရှေ့ကဖုံးရင်း နောက်ကပေါ်ရင်းဆိုပါတော့။ အာဏာတွေ ရပိုင်ခွင့်တွေအတွက် လူသားအချင်းချင်းမစာနာရက်လိုက်တာလို့ အပြစ်တင်မိပြန်ရော။ စနစ်တကျ အကွက်ချ စီစဉ်ပေမယ့်လည်း ဟာကွက်တွေတော့ ရှိစမြဲပါ။

ရှေ့မှာဘာဖြစ်မလဲဆိုတဲ့ စိတ်နဲ့ စောင့်ကြည့်ရင်း သက်ပြင်းတွေလည်း ချမိတယ်။ မတရားမှုဆိုတာကို သိသိကြီးနဲ့ လက်ပိုက်ကြည့်နေရတာကလည်း လောလောလတ်လတ်လိုဖြစ်နေတော့ စပ်ဆက်ပြီး စဉ်းစားနေမိပြန်ရော။ နောက်တော့ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားလေးနဲ့ပဲ ဒီဇာတ်လမ်းကို ကြည့်ဖြစ်လိုက်ပါတယ်။

ဇာတ်ကားပြီးမှ ဘာတီကန်စီးတီးလေးကို စိတ်ဝင်စားလာပြန်ရော။ ရှေးဟောင်းအနုပညာတွေနဲ့ ပြည့်နေတဲ့ ဒီမြို့လေးက ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့မြို့လေး။ ကျနော်သိပ်ချစ်တဲ့ ပုဂံမြို့လေးလည်း အဲ့လိုဖြစ်ရင်ကောင်းမယ်လို့တွက်မိတယ်။ ပြီးတော့ သူတို့ရဲ့ ဘာတီကန်အာခိုက် တကယ့်ကို လေးစားချီးကျူးဖို့ကောင်းတယ်။ အခုအချိန်ထိအောင် စနစ်တကျ ထိန်းသိမ်းထားနိုင်ခဲ့တာကိုး။

အခါအခွင့်သင့်ခဲ့ရင်တော့ အဲ့ဒီမြို့လေးကို ရောက်ဖူးအောင် သွားချင်မိပြန်ရော။ အနုပညာတွေကို ကြည့်ရှုလေ့လာရင်း ဒီဇာတ်ကားလေးကို ပြန်တွေးကြည့်ချင်တယ်။ ဇာတ်ဝင်ခန်းထဲက နေရာလေးတွေရယ် အင်းပြီးတော့ မိုက်ကယ်အင်ဂျလိုရဲ့ ကမ္ဘာကျော် ပန်းချီကားတွေရယ်ကိုပေါ့။ တနေ့နေ့ပေါ့လေ…….အခုတော့……………..

18 April 2009

အိပ်မက်ချစ်သူ

ဒီရက်ထဲမှာ ဦးဇေယျာအောင်တစ်ယောက် ဂယောင်ခြောက်ခြားဖြစ်နေတာကြာပြီ။ ညတိုင်းနီးပါး အိပ်မက်တွေမက်နေခဲ့တယ်။ ဘေးနားက သက်ထားတစ်ယောက်လည်း ရိပ်မိ ပူပင်စေတဲ့အထိလေ။ ပြီးတော့ အိပ်မက်က ဒီတစ်ခုတည်းကို ပုံမှန်မက်နေခဲ့တာ။ ပြီးတော့ ပြီးတော့ အဲဒီအိပ်မက်ထဲမှာ အိပ်မက်ထဲမှာ………

ဆတ်ခနဲလန့်အနိုးမှာ အိပ်မက်ဆိုတာကို သိပင်မယ့် အပြင်မှာ ရှိနေသလိုလိုထင်နေခဲ့မိတာ။ ချွေးတွေ ရွှဲနစ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း ရေတစ်ခွက်ကို တစ်ရှိန်ထိုးမော့ချလိုက်တယ်။ အေးခနဲဖြစ်သွားပြီးနောက် ဒီနေ့ ရုံးမှာ အစည်းအဝေးရှိနေတာကို သတိရလိုက်မိတာမို့ ရေချိုးခန်းကို အပြေးအလွှားသွားမိပြန်တယ်။ ရေချိုးခန်းတံခါးအဖွင့်မှာ သူ တွေခနဲ တစ်ချက်ဖြစ်သွားတယ်။ ရေနွေးငွေ့တွေကြားထဲမှာ အိပ်မက်ထဲက မိန်းမပျို….အဲဒီမိန်းမပျိုကို ဒီရက်ပိုင်းမှာ သူဆက်တိုက်မက်နေခဲ့တာ။ သူမက်လိုက်တိုင်း ရှေးနှစ်ပေါင်းထောင်ချီနေတဲ့ ၀တ်စားဆင်ယင်မှုနဲ့ သူ့ကိုကြင်နာစွာ လက်ယက်ခေါ်နေမြဲ။ အခုလည်း ရေနွေးငွေ့တွေကြားထဲမှာ…။

အစ်ကို…ရေချိုးတော့လေ ဘာတွေဖြစ်နေတာလဲ ဆိုမှ သက်ထားကို ပြန်လည်တွေ့ရှိမိတယ်။ ကြောင်တောင်ငေးနေမိတဲ့အထိ သတိလက်လွတ်ကိုယ့် အဖြစ်လေ။ ရေချိုးအပြီး သက်ထားပြင်ဆင်ပေးထားတဲ့ အ၀တ်တွေကို စနစ်တကျ ၀တ်ဆင်ရင်း သက်ထားရေ အစ်ကို ဒီနေ့ မနက်စာမစားတော့ဘူး ရုံးက အစည်းအဝေးမမှီမှာစိုးလို့ ဆိုပြီး ကားဆီကို ခပ်သုတ်သုတ်နှင်ခဲ့တယ်။

ကားကို ခပ်မြန်မြန်မောင်းရင်း လမ်းဆုံတစ်ခုအရောက် လမ်းရဲ့တစ်ဖက်မှာ အိပ်မက်ထဲက အမျိုးသမီး သူပဲ ဟုတ်တယ် သူမှသူပါပဲ။ ကားကိုလမ်းဘေးကို အတင်းထိုးရပ်ပစ်လိုက်မိတယ်။ သူ့ကို မေးချင်တယ်။ ဘာအတွက် ဘာကြောင့် အိပ်မက်ထဲကို အမြဲလာလာနေရတာလည်းဆိုတာ။ ကားကိုရပ်ထားလိုက်ပြီး သူလမ်းမဘက်ကို အပြေးလိုက်ရှာမိတယ်။ ဟိုနားမှာလား ဒီနားမှာလား တစ်ချက်တစ်ချက် တွေ့ရတတ်တဲ့ အဲ့ဒီအမျိုးသမီးကို တွေ့လိုစိတ်နဲ့ လမ်းမထက်မှာ တစ်ယောက်တည်း ယောင်လည်လည်။

ကားဆီကို ပြန်ရောက်တော့ မော်တော်ပီကယ်က အသင့်စောင့်နေခဲ့ပြီ။ လူကြီးမင်း ဒီအမြန်ကားလမ်းမမှာ ဘယ်ယာဉ်မှ ရပ်နားခွင့်မရှိဘူးဆိုတာ သိပါသလားဆိုတဲ့ မေးခွန်းနဲ့စောင့်ကြိုနေတော့တာ။ ရှင်းစရာရှိတာကို ရှင်းလင်း အပြီး ရုံးက အစည်းအဝေးကို ပြန်သတိရမိပြန်တယ်။ ဒီတစ်ခါတော့ ရုံးကိုပဲ ဦးတည်ပြီး ပတ်ဝန်းကျင်ကို သတိမထားမိအောင် သီချင်းကို အကျယ်ကြီးဖွင့်ပစ်လိုက်တာပေါ့။

တစ်ခါမှ သီချင်းကို အဲ့ဒီလောက် အကျယ်ကြီးမဖွင့်ခဲ့ဘူးတာမို့ ကားကို တံခါးလာဖွင့်ပေးတဲ့ အတွင်းရေးမှူးမလေးတောင် သူ့ကို အထူးအဆန်းနဲ့ကြည့်နေခဲ့တာ လည်း သူသတိမထားမိတော့ပါဘူး။ အစည်းအဝေးခန်းမနားအရောက်မှာတော့ သူ့သူငယ်ချင်း ကျော်ကြီးက အစည်းအဝေးမှတ်တမ်းလေးနဲ့ ဟာဟေ့ကောင် မင်းတယ်နောက်ကျပါလားကွာ အခုတော့ အားလုံးသွားပြီတဲ့။ ဒီနေ့အစည်းအဝေးက နိုင်ငံခြားကုန်သည်တွေနဲ့ တွေ့ရမှာလေ။ ညှိနှိုင်းဆွေးနွေးလို့ အောင်မြင်ခဲ့ရင် လုပ်ငန်းအတွက် စာချုပ်ချုပ်မယ်။ ပြီးတော့ ဒီကုမ္ပဏီ ဆက်ခံမယ့် အုပ်ချုပ်သူရာထူးကို တစ်ခါတည်းကြေငြာမယ့် အစည်းအဝေး။ အခုတော့ သူလွဲသွားခဲ့ပြီ။ အုပ်ချုပ်သူရာထူးကိုလည်း သူငယ်ချင်းကျော်ကြီးက ရသွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့မို့ ငါခွင့်ရက်ရှည် ယူမယ်ကွာဆိုပြီး ပြန်လှည့်ထွက်ခဲ့မိတယ်။ ကျော်ကြီးတစ်ယောက်လည်း ကြောင်တောင်တောင်နဲ့ ကျန်ခဲ့မှာပါပဲ။

အိမ်ရောက်တော့ ကားသော့ကို ဒေါက်ကနဲနေအောင် ချလိုက်မိတယ်။ အခုတစ်လော သူ့အပြုအမူတွေအတွက် သက်ထားလည်း အထူးအဆန်းဖြစ်နေတယ်။ အားလုံးက ပြောင်းလဲနေတော့တာကိုး။ အရင်သူသိထားတဲ့ ဇေယျာအောင်ဆိုတာက ခပ်သွက်သွက် အလုပ်နဲ့ပတ်သတ်ရင် တိကျတယ်သေချာတယ် ပြီးတော့ သူ့အပေါ်မှာ ကြင်နာတယ်လေ။

အစ်ကို ထမင်းပွဲပြင်လိုက်ရမလားဆိုတော့ နေဦးဆိုပြီး သောက်လက်စ Chivas တစ်လုံးနဲ့ ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်သောက်နေလေရဲ့။ တစ်ခွက် နောက်တစ်ခွက်...လက်စကို မသတ်နိုင်အောင် ဆက်တိုက်သောက်နေမိတော့တယ်။ ယိုင်ပြိုလာတဲ့ ကိုယ်နဲ့အတူ လောကကို တခဏတော့ မေ့သွားပြန်ပြီပေါ့။

မေ့လည်းခဏပါပဲ။ ဒီတစ်ခါ အိပ်မက်ကတော့ တယ်ထူးဆန်းနေပြန်တယ်။ ကျနော်တို့နှစ်ယောက်လုံး တောအုပ်တစ်ခု အလယ်က ကျောက်ဂူလေးထဲမှာ။ အဲဒီမဟာဆန်ဆန် ချောမော လှပတဲ့ အမျိုးသမီးက ကျောက်ဂူထဲမှာ ကျနော့ကို ထမင်းပြင်ကျွေးနေတာကိုး။

အသံတစ်ခုကြောင့် ပြန်နိုးလာခဲ့တယ်။ ဒါပေမယ့် အပြင်ဘက် ရေကူးကန်ထိပ်မှာ အဲဒီအမျိုးသမီး ကျနော့ကို ခေါ်နေပြန်တယ်။ ကျနော် သူမရှိရာကို ကမူးရှူးထိုး ပြေးထွက်ပြီး အတင်းလိုက်ဖမ်းတယ်။ ဗွမ်းခနဲဆိုတဲ့ အသံနောက်မှာ ကျနော့ရဲ့ အသိစိတ်တွေ ပျောက်ဆုံးသွားပြန်တယ်။

ပြန်သတိရလာတော့ ဆရာဝန်တစ်ယောက်ရဲ့အရှေ့မှာ။ ဆရာဝန်က သူ့ကိုမေးခွန်းတွေမေးတယ်။ ဆရာဝန်နောက်က သူနာပြုဆရာမကလည်း အဲ့ဒီအမျိုးသမီးပါပဲလား။ သူဆရာမလက်ကို အတင်းဆွဲပြီး ဘာပြုလို့ သူ့ဆီခဏခဏလာရတာလဲ ဆိုတဲ့ မေးခွန်းကို တရစပ်မေးနေမိတော့တယ်။ ဆရာဝန်ခေါင်းခါတာကိုလည်း သူမမြင်ရတော့ဘူး သက်ထားငိုနေတာကိုလည်း သူသတိမထားမိတော့ပါဘူး။

ဆရာဝန်ရဲ့ လေ့လာတွေရှိချက်တွေနဲ့အတူ ဦးဇေယျာအောင် ရောက်ရှိသွားတဲ့ နေရာသစ်တစ်ခုကတော့ စိတ္တဇဝေဒနာရှင်များ အတွက်ကုသဆောင်တစ်ခုပါပဲ။ သူ့ပတ်ဝန်းကျင်မှာရှိသမျှလူတိုင်းရဲ့ ဝေဒနာအမျိုးမျိုးကလည်း စုံလင်စွာနဲ့ပေါ့။ သိပ်သီချင်းဆိုကောင်းတဲ့ အမကြီးတစ်ယောက်က အဆိုတော်ရူး ရူးနေရှာတာ။ အမျိုးအမျိုးအဖုံဖုံ သရုပ်ဆောင်ပြနေတတ်တဲ့ အစ်ကိုကြီးကတော့ မင်းသားရူး။ တစ်ချက်တစ်ချက် သူ ထ,ထ အော်နေတတ်တဲ့ မပေးပေး ပေး ပေးပေး ငါ့ရွှေခွက်ပေး ဒီဟာ ငါ့ရွှေ ငါပိုင်တဲ့ရွှေ ငါ့ရွှေ ဆိုတဲ့ အသံကလည်း မာန်အပြည့်နဲ့လေ။ ကလေးငယ်လေးသေသွားလို့ကလေးရူး ရူးနေရှာတဲ့ မိခင်ငယ်ကိုလည်း မြင်တွေ့ခဲ့တယ်။

သူနေရတဲ့ အခန်းငယ်ထဲမှာ သူတစ်ယောက်တည်းပါ။ ဟိုဘက်အခန်းကပ်ရပ်က တစ်ယောက်ကတော့ သူ့ကို ရန်သူတွေလိုက်လာလို့ ဆိုပြီး အမြဲ အော်ဟစ်ပြေးလွှားနေကြ။ သူ့ကိုတွေ့ရင်လည်း ရန်သူတွေတွေ့ရင် ပြောပါလို့ အမြဲမှာရှာတယ်။ ဒီအခန်းကိုရောက်ပြီးတဲ့နောက် သူ့စိတ်တွေ အရမ်းကို ကျဆုံးသွားတယ်ဆိုရမယ်။ အစားမစားနိုင် အိပ်ရေးတွေပျက်ခဲ့လေတော့ သက်ထားတစ်ယောက် ဒီတစ်ခေါက် ပြန်အတွေ့မှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားရှာတယ်။ နောက်တစ်ခေါက် အစ်ကိုစိတ်ချမ်းသာအောင် သက်ထားလုပ်ပေးမယ်ဆိုပြီး ပြောသွားလေရဲ့။

နောက်နှစ်ပတ်လောက်အကြာမှာတော့ သက်ထားတစ်ယောက် ကျီးကန်းတောင်းမှောက် မျက်လုံးအစုံနဲ့ ရောက်လာပါတယ်။ အစ်ကို အပြင်မှာ သားငယ်ကျော်ဇ တစ်ယောက်အဆင်သင့်စောင့်နေတယ်တဲ့။ သက်ထားတို့ ကြည့်ပြီးလှုပ်ရှားကြတာပေါ့ဆိုပဲ။ နောက်တော့ သက်ထားက သူနာပြုတစ်ယောက်ကို ကျွန်မ သူ့ကို ပြင်ပ လေထိတွေ့ခွင့်ရအောင် ပန်းခြံထဲ ခဏဆင်းခွင့်ပြုပါနော်လို့ တောင်းဆိုလိုက်တယ်။ ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ ဦးဇေယျာအောင်ကို ကြည့်ပြီး သူနာပြုကလည်း မငြင်းဆိုပဲ ခွင့်ပြုလိုက်ပါတယ်။

ပန်းခြံထဲ ရောက်တယ်ဆိုရင်ပဲ ကြိုတင်ကြံစည်လာတဲ့ သက်ထားက ဟိုဘက်နားမှာ လုံခြုံကင်မရာတွေရှိတယ်ဆိုပြီး ကင်မရာတွေရဲ့ ဝေးရာကို သူ့ကို တင်တဲ့ တွန်းလှည်းကို အတင်းတွန်းသွားခဲ့တယ်။ ပြီးတော့ ခြံစည်းရိုးခြုံတစ်ခုနားရောက်တော့ အစ်ကိုပြေး..ပြေးဆိုပြီး ကျနော့ကို တွန်းလွှတ်ခဲ့တာ။ သူကိုယ်တိုင်လည်း နောက်ကနေ အပြေးအလွှား။ ခြံစည်းရိုးအပြင်ဘက်မှာ တိတ်တိတ်ကလေး စောင့်နေတဲ့ ကျော်ဇကလည်း ဒီဘက်က လှုပ်ရှားမှုကို ရိုးတိုးရိပ်တိတ် မြင်တယ်ဆိုရင်ပဲ ကားစက်ကို အသင့် နှိုးထားခဲ့ပြီ။ သူတို့မိသားစုရဲ့ စွန့်စားခန်းကြီးက တကယ့်ကို ရင်တမမနဲ့ စိတ်လှုပ်ရှားစရာအပြည့်။

အိမ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ သက်ထားပြင်ထားပေးတဲ့ ခရီးဆောင်အိတ်ကိုဆွဲ ပြီး အဆင်သင့် စီစဉ်ထားတဲ့ လေယာဉ်လက်မှတ်တစ်ခုနဲ့ သူမန္တလေး ကိုဦးတည်ထွက်ခွာခဲ့တယ်။ ရန်ကုန် အဲယားဝေးလေယာဉ်က ညောင်ဦးကို ခဏဆင်းတော့ သူ့အတွေးတွေ ပြောင်းသွားပြန်တယ်။ ညောင်ဦးမှာ ဆင်းပြီး ပုဂံမြေကို သူသွားကြည့်စိတ်တွေပေါ်လာတယ်။ သူ ခရီးဆောင်အိတ်ကိုဆွဲရင်း လေယာဉ်မယ်လေးကို တစ်ချက်လှမ်းပြောလိုက်တယ် အရေးတကြီးကိစ္စပေါ်လာလို့ ညောင်ဦးမှာပဲ ဆင်းနေရစ်တော့မယ်ဆိုပြီး။

ညောင်ဦးရောက်တော့ သူတည်းနေကျ သီရိပစ္စယာဟိုတယ်မှာပဲ တည်းလိုက်တယ်။ အထုတ်တွေ ချအပြီးမှာတော့ သူနဲ့သိတဲ့ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးဌာနက ဒေါက်တာ ကျော်စွာကို သွားရောက်တွေ့ဆုံခဲ့တာပေါ့။ ဒေါက်တာရဲ့ ပုဂံမြို့ဟောင်းတူးဖော်ရေးတွေက အတော်ကို ပီပီပြင်ပြင်ရှိနေခဲ့ပြီ။ ရှင်းပြချက်တွေကို နားထောင်အပြီးမှာတော့ ခရီးပန်းလာတဲ့ အရှိန်နဲ့ ဟိုတယ်ပြန်အရောက် အိပ်ခန်းထဲမှာ တစ်ချိုးတည်း အိပ်ပျော်နေခဲ့ပြီလေ။

အိပ်မက်ထဲက မိန်းမပျိုက အခုဆို အရင်ကထက် သူ့အနားကို ပိုမိုနီးကပ်စွာ လာနေခဲ့ပြီ။ ပီပြင်လာတဲ့ ပုံရိပ်တွေထဲက အဲဒီမိန်းမပျိုကို သူ အသေအချာကို မှတ်မိနေခဲ့မိတော့တာပါပဲ။ မနက်ခင်းပေါင်းများစွာကို သူနိုးထခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတမနက်ခင်းကတော့ တစ်စုံတစ်ခုဖြစ်တော့မယ့်အလား သူ့စိတ်တွေလေးပင်နေခဲ့တယ်။

ဟိုတယ်အပြင်ဘက်ကို ခြေဆန့်လက်ဆန့်ထွက်ဖြစ်တယ်ဆိုရင်ပဲ ဟိုတယ်ရှေ့မှာ အဆင်သင့်စောင့်နေကြရှာတဲ့ Taxi ဆရာတွေက ၀ိုင်းဝန်း မိတ်ခေါ်ကြတယ်။ ဦးကြီး ရွှေစည်းခုံဘက်သွားမလား ဗူးဘုရားကို ဖူးမလားဆိုတာတွေနဲ့ပေါ့။ နောက်တော့ စိတ်ရူးပေါက်စွာပဲ Taxiဆရာတစ်ယောက်ကို ဦးတည်ပြီး ချောက်မြို့ဘက်ကို သွားတဲ့လမ်းက ထန်းလျက်ချက်တဲ့ဖိုတွေကြည့်ချင်တယ်လို့ သူပြောလိုက်မိတယ်။

Taxi ဆရာ မောင်းတဲ့ ဖုန်တထောင်းထောင်းလမ်းတွေတစ်လျှောက်မှာ အညာနွေရဲ့ ပူလောင်မှုကိုသူလည်း ခံစားရင်းပေါ့။ ထန်းပင်တွေ အစည်စည်ကြားထဲက တဲဟောင်းလေးတစ်ခုရှေ့နားမရောက်ခင် ကားလေးက ထိုးရပ်သွားခဲ့တယ်။ ကားက ဆက်သွားလို့မရတော့တာမို့ ကားဆရာကို ခဏဆိုပြီး ထန်းလျက်ကြိုတဲ့ဖိုဘက်ကို ထွက်လာခဲ့တယ်။ ထန်းလျက်လုပ်ငန်းကို လည်းလေ့လာချင်တာမို့ သူတို့တွေ အားသွန်ခွန်စိုက်ကျိုနေကြတဲ့ ပူပူလောင်လောင်တွေကြားထဲ တခဏ၀င်လိုက်တယ်။ ပြီးတော့ ဖိုကထွက်လာခါစ ပူပူနွေးနွေး ထန်းလျက်ခဲ ရှတတလေးကို ကြုံတုန်းကြုံခိုက်လေး မြည်းစမ်းနေမိတုန်း.. ကမန်းကတန်းမောင်းထွက်သွားလေတဲ့ ဂျစ်ကားတစ်စင်းပေါ်မှာ အိပ်မက်ထဲက မိန်းမပျိုက ကာကီရောင် ၀တ်စုံနဲ့ပါလား။

အမြန်ပြေးထွက်ပြီး Taxi ဆရာကို အဲ့ဒီကားနောက်ကို အမှီလိုက်ခိုင်းခဲ့တယ်။ ကားသွားတဲ့နေရာက တောအုပ်တစ်ခုထဲကို ခပ်နက်နက်သွားနေခဲ့တာကိုး။ တော်တော်လေးမောင်းမိတော့မှ ရှေ့မှာရပ်ထားတဲ့ ဂျစ်ကားနောက်မှာ ခပ်ခွာခွာရပ်ရင်း ကုန်းနိမ့်ဘက်ကို ဆင်းသွားတဲ့ အနှီမိန်းမပျိုကို မျက်စေ့တစ်ဆုံးစိုက်ကြည့်နေမိတော့တာ။

ဟိုးမြေနိမ့်တစ်နေရာမှာ ရှေးမြို့ဟောင်းတစ်ခု တူးဖော်နေကြတာပါလား။ မိန်းမပျိုကတော့ ခေါင်းဆောင်ဖြစ်ဟန်တူပါတယ်။ လူတွေကိုလိုက်လံညွှန်ကြားနေတာကို သူမြင်နေရတယ်။ သူ ဆက်နေချင်ပေမယ့် Taxi ဆရာက ညဘက် ကားပိုင်ရှင်ကို ကားပြန်အပ်ရမှာမို့ ပြန်ကြပါစို့ရယ် တပူပူတောင်းဆိုနေပြန်တယ်။ ခက်ပါတယ် စိတ်သွားတိုင်းကိုယ်မပါနိုင်ပြန်လေတော့ မပြန်ချင်ပါလျက် ပြန်ခဲ့ရပေမယ့် စိတ်ကတော့ ပြန်ပါမလာခဲ့တော့။

အဲဒီညက ထူးဆန်းစွာ အိပ်မက်တွေမရှိခဲ့။ မရှိဆို မိုးလင်းလိမ့်နိုးရယ် ထကြည့်လိုက် ပြန်အိပ်လိုက်လုပ်နေခဲ့မိတာကိုး။ မိုးလင်းတယ်ဆိုရင်ပဲ မနေ့က ကားဆရာကို ချိန်းထားတဲ့အချိန်ထက်စိတ်စောစွာ ထွက်စောင့်နေမိတယ်။ အဲဒီမြို့ဟောင်းနေရာကို ရောက်ဖို့အရေး မြန်လွန်းတဲ့ကားကိုတောင် နှေးတယ်ထင်နေမိတော့တာ။

လုပ်ငန်းခွင်စဖို့ပြင်ဆင်နေတဲ့လူတွေကို သူလိုက်လံငေးမောရင်း အိပ်မက်ရှင်အမျိုးသမီးလာမယ့်လမ်းကို စောင့်မျှော်နေခဲ့တာ။ လာပါပြီဆိုရင်ပဲ သူအပြေးအလွှားသွားရောက်ကြိုဆို မိတ်ဆက်မိတဲ့အထိ။ ခပ်ကြောင်ကြောင်လူတစ်ယောက်အဖြစ် ကြည့်တဲ့ မိန်းကလေးရဲ့ အကြည့်ကိုလည်း သူသတိမပြုနိုင်ခဲ့တော့။ တူတာတော့ တကယ့်ကို ချွတ်စွတ်တူနေခဲ့တာ။ ဘယ်လိုပဲကြည့်ကြည့် သူမှသူပါပဲ။ ဧကရီဆိုတဲ့ မိန်းကလေးက သူ့ကိုမေးတယ်ရှင်ဘာကြောင့် ဒီလုပ်ငန်းခွင်ထဲမှာ ၀င်နေတာလည်းဆိုတဲ့မေးခွန်းကို ကျနော် ရှေးဟောင်းမြို့ဟောင်းတူးဖော်ရေးလုပ်ငန်းကို စိတ်ဝင်စားလို့ပါလို့ ခပ်လွယ်လွယ်ပဲဖြေလိုက်တယ်။ နောက်ထပ်မေးခွန်းတစ်ခုမမေးခင်အထိတော့ ကိုယ်ဖြေလိုက်တဲ့ အဖြေကို ကျေနပ်နေမိတာ။ သူ့ကိုဆွံ့အသွားစေတဲ့ နောက်ထပ်မေးခွန်းက ဒါဆို ရှင်သမိုင်းအကြောင်းဘယ်လောက်သိလို့လဲတဲ့။

သူမသွားရာနောက်ကတစ်ကောက်ကောက်လိုက်နေတဲ့ လူတစ်ယောက်ကို ငြိုငြင်ပုံပြပေမယ့် သူကတော့ မသိချင်ယောင်ဆောင်နေလိုက်တယ်။ အဓိက သူသိချင်တာက အိပ်မက်ထဲက အမျိုးသမီးဟာ ဧကရီပဲလား ဆိုတာကိုပါ။ သူ့ပင်ကိုယ်ဗီဇအတိုင်း သိချင်တဲ့အရာတစ်ခုကို စိုက်လိုက်မတ်တပ်လုပ်လိုက်ပြန်ပြီပေါ့။

ဆရာမ…ဟောဒီမှာ ရှေးဟောင်းအုတ်ချပ်တစ်ပြား။ သူ့အပေါ်မှာ စာတွေရေးထားတယ် ဆိုပြီး အလုပ်သမားတစ်ယောက်က လာရောက်ပြတာကို သူတို့အပြေးအလွှား သွားရောက် ကြည့်ခဲ့ကြတယ်။ အုတ်ချပ်ကို တယုတယကိုင်ပြီး သန့်ရှင်းဖို့ ကြိုးစားနေတဲ့ ဧကရီ့ကို ကူညီဖို့ သူလက်အိတ်တွေကို စွပ်လိုက်တယ်။ ပြီးတော့ အုတ်ချက်တစ်ဖက်ကို ထိလိုက်တယ်ဆိုရင်ပဲ………..မိုက်ခနဲဖြစ်သွားတယ်။ ပြီးတော့ သူ့ပါးစပ်က စကားတွေ တတွတ်တွတ်ရွတ်နေမိတယ်။ ဖြည်းဖြည်းချင်းလဲကျသွားတဲ့ သူ့ကို ဧကရီလည်း အလန့်တကြား ကြည့်ရင်း အံသြမင်သက်နေခဲ့တယ်။

သူသတိရတဲ့အချိန်မှာတော့ ညောင်ဦးမြို့နယ်ဆေးရုံမှာ ရောက်နေခဲ့ပြီ။ ဆရာဝန်က အားနည်းလို့ ဆိုပြီး အားဆေးတွေသွင်းပေးနေလေရဲ့။ သူ့ဘေးနားက ဧကရီကတော့ သူ့ကိုအထူးအဆန်းသတ္တ၀ါတစ်ကောင်လို ငေးကြည့်ရင်း သူ့ကို အကဲခတ်နေခဲ့တယ်။ သူ့အခြေအနေက ပုံမှန်ဆိုတော့ မှ မေးခွန်းတစ်ခုကို မေးခဲ့တယ် ဦးဇေယျာအောင် ရှေးဟောင်း ပျူစာကို သင်ယူခဲ့ပါသလားတဲ့။ ဟင့်အင်း ကျနော်တစ်ခါမှ မသင်ကြားခဲ့ရပါဘူး။ ဘာဖြစ်လို့လဲ မဧကရီ ဆိုတော့ သူမက သူမရဲ့ လက်ကိုင်ဖုန်းထဲက သွင်းထားတဲ့ အသံတစ်ခုကို ဖွင့်ပြခဲ့တယ်။ ဘာသာစကားတစ်ခုကို သူ့အသံနဲ့ ရွတ်ဆိုနေခဲ့တာ။

“အချစ်
နှစ်ပေါင်းထောင်ချီ
ကြာညောင်းပါစီ
မပြောင်းမလဲ
ရွှေလက်တွဲမည်….”

နောက်တော့ သူမစာအုပ်တစ်အုပ်ကို ဖွင့်ပြခဲ့တယ်။ အဲဒီစာအုပ်ထဲက စာလုံးတွေနဲ့ ပြီးတော့ အုတ်ချပ်ပေါ်ကစာလုံးတွေကို သူမ ဖတ်ပြခဲ့တယ်။ သူရွတ်ဆိုတဲ့ စကားလုံးတွေနဲ့ ထပ်တူညီနေခဲ့တာ သူကိုယ်တိုင်တောင် ကြက်သီမွှေးညင်းထမိတဲ့အထိလေ။

အပြန်မှာတော့ သူ့ကို ဧကရီက သူမရဲ့ဂျစ်ကားလေးနဲ့ လိုက်ပို့ခဲ့တယ်။ လမ်းမှာ ဧကရီ့ကို သူစကားတစ်ချို့ တောက်ကြည့်ခဲ့မိတယ်။ ဧကရီဘယ်ဘာသာဝင်လည်း ကျနော်မသိပါဘူး။ ဒါပေမယ့် ရှေ့ဘ၀ နောက်ဘ၀တွေဆိုတာတွေ ဧကရီယုံကြည်လားဟင်ဆိုတဲ့ စကားကို ကျွန်မက လက်တွေ့ဆန်ပါတယ်။ အဲဒီလို အကြောင်းအရာတွေကို ဘယ်တုန်းကမှ လက်မခံခဲ့တဲ့သူတစ်ယောက်ဆိုတဲ့ စကားနဲ့ သူဆက်ပြောမယ့် စကားတွေ ရှေ့ဆက်ခွင့်မရခဲ့တော့ဘူးလေ။ နောက်တော့ ကောင်းသောညနေခင်းပါဆိုတဲ့ စကားတစ်ခွန်းနဲ့ သူဟိုတယ်အခန်းကို ပြန်လာခဲ့ရတယ်။

နောက်ထပ်နှစ်ရက်တိတိ သူ ဧကရီရှိတဲ့ နေရာကို မသွားခဲ့ဘူး။ အိပ်မက်တွေကို မေ့ပျောက်ချင်နေမိတယ်။ ဘုရားတွေရှိတဲ့ဖက်ကိုပဲ သူစက်ဘီးတစ်စင်းငှားပြီး လျှောက်လည်နေမိတယ်။ လောကနန္ဒာဆိပ်ကမ်းမှာ တညနေ၊ ပြီးတော့ ဗူးဘုရားဆိပ်ကမ်း ညနေ ဆည်းဆာတွေကို ယှဉ်ကြည့်ရင်း မင်္ဂလာစေတီပေါ်က ဆည်းဆာကိုလည်း နောက်နေ့သွားမယ်လို့ ဆုံးဖြတ်မိတယ်။

ဟိုတယ်ကို ပြန်ရောက်တော့ ဧည့်သည်တစ်ယောက်ရောက်နေတယ်တဲ့။ အင်းသူလိုက်လာပြီထင်တယ်ဆိုပြီး စိတ်တွေလှုပ်ရှားစွာ ဧည့်ခန်းဆောင်ဘက်ကို ခပ်သွက်သွက်လျှောက်မိပြန်တယ်။ မျှော်နေတုန်း ကျော့ဆုံးလာစေချင်ဆိုတဲ့ သီချင်းကိုတောင် တိုးတိုးညည်းမိသေးတယ်။ ဒါပေမယ့်……….ကျနော်တွေ့လိုက်ရတာက ကျနော့ကို ဆွေးဆွေးမြည့်မြည့် ကြည့်နေတဲ့ ကျနော့ကြင်သူ သက်ထားရယ်ပါလေ။ သက်ထားရယ်ပါ…….

အစ်ကိုအဆင်ပြေတယ်မဟုတ်လားတဲ့။ မန္တလေးအိမ်ကလူတွေ တံတားဦးလေဆိပ်မှာ အစ်ကို့ကို တစ်နေ့လုံးစောင့်နေကြတာ။ အစ်ကို့ကို သက်ထားတို့လိုက်ရှာနေကြတာလေ။ လေကြောင်းလိုင်းကို စုံစမ်းတော့မှ အစ်ကို ညောင်ဦးမှာဆင်းနေရစ်တယ်ဆိုလို့ သက်ထားဒီကိုပဲတန်းလိုက်လာခဲ့တာတဲ့။

အဆင်ပြေပါတယ်သက်ထားရယ်လို့ ခပ်ဖွဖွဆိုရင်း ခရီးပန်းလာတဲ့ ဇနီးသည်ကို ငေးမောနေမိပြန်တယ်။ ကိုယ်ဒီမှာ နှစ်ရက်သုံးရက်လောက်နေချင်တယ်။ ဓမ္မရံကြီးဘက်ကို ဒီနေ့သွားဖို့စီစဉ်ထားတယ် သက်ထားမပင်ပန်းဘူးဆိုရင်တော့ လိုက်ခဲ့လေ။ သက်ထား အစ်ကို့ကို လာကြည့်တာပါအစ်ကို အစ်ကိုပျော်ရွှင်ကျေနပ်တယ်ဆို အစ်ကိုနေချင်တဲ့နေရာမှာ နေပါ။ သက်ထား မနက်ဖြန် ဖလိုက်နဲ့ ရန်ကုန်ပြန်မယ်။ အစ်ကို ပြန်လာမယ့်နေ့ကို သက်ထားစောင့်နေမယ် အခုတော့ သက်ထားရေမိုးချိုးပြီးနားလိုက်ချင်တယ်။ ညစာ တိုးတိုးဝင်းမှာပဲ စားကြမယ်လေ ဆိုပြီး အခန်းဘက်ကို လှည့်ထွက်သွားတယ်။

ညနေဖက် ဓမ္မရံကြီးဘက်ကို သက်ထားနဲ့အတူထွက်လာခဲ့တယ်။ မှောင်နေတဲ့ ညဘက်ထဲမှာ ထုထည်ကြီးမားတဲ့ ဓမ္မရံကြီးကတော့ ခန့်ညားစွာ တည်ရှိနေပြန်တယ်။ ဘုရားပရ၀ဏ်ထဲမှာ ၄၅မိနစ်လောက်ထိုင်အပြီးမှာတော့ ထမင်းစားဖို့ တိုးတိုးဝင်းဘက်ကို မြင်းလှည်းနဲ့သွားဖို့ ကြိုးစားခဲ့တယ်။ မြင်းလှည်းဆရာက လမ်းတစ်လျှောက်မှာရှိတဲ့ ဘုရားသမိုင်းတွေကို သေချာရှင်းပြနေခဲ့တယ်။ တစ်နေရာရောက်တော့ ဘုရားတစ်ဆူကိုလက်ညိုးထိုးပြီး ဘာဘုရားလည်းဟင်လို့ သက်ထားက မေးတော့ လေးနဘန်းဘုရားတဲ့။ ရှင်.....ဆိုတော့မှ အမရေ လမ်းနဘေးမှာရှိတော့ လေးနဘန်းဘုရားပေါ့တဲ့။ ကြောင်သွားတဲ့ သက်ထားခမျာ မြင်းလှည်းဆရာရဲ့ ပြက်လုံးကိုတဖြည်းဖြည်းသဘောကျပြီး ရယ်နေလိုက်တာ အပူအပင်တွေခဏကင်းစင်သွားသလိုပဲ။ သက်ထားရယ်…

မနက်သက်ထားပြန်သွားတဲ့နောက် Taxiဆရာလာမယ့်အချိန်ကိုစောင့်နေမိတယ်။ သူဒီအတိုင်းမနေနိုင်ဘူးလေ။ လိပ်ခဲတည်းလည်းဖြစ်နေတာကို သူဖြေရှင်းနိုင်မှ ဘ၀င်ကျတော့မယ်။ ဧကရီတို့ရဲ့ တူးဖော်ရေးလုပ်ငန်းကို သူရောက်ရပြန်ပြီ။ ဒီတစ်ခါဧကရီ့ကိုတွေ့တော့ သူ့အိပ်မက်တွေရယ် ဖြစ်ကြောင်းရယ်ကုန်စင်ကို သူကရားရေလွှတ်တတွတ်တွတ်ပြောနေမိတယ်။ အားနာပါနာနဲ့ နားထောင်လေတဲ့ ဧကရီတစ်ယောက် ပြောသမျှနားထဲကိုမ၀င်သလိုပါပဲ။ အဲဒီနေ့က ဧကရီဂျစ်ကားမပါတာမို့ ဧကရီ့ကို အိမ်ပြန်လိုက်ပို့ဖို့တောင်းဆိုခဲ့တယ်။ အိမ်အထိလိုက်ပို့ခွင့်မရှိပဲ လမ်းထိပ်ကနေပဲလှည့်ပြန်ခဲ့ရတယ်။ ပြီးတော့ နောက်ထပ်သူမတို့ရဲ့တူးဖော်ရေးလုပ်ငန်းဆီကို မလာရောက်ဖို့ သူမအနူးအညွတ်တောင်းဆိုခဲ့တယ်။ လုပ်ငန်းခေါင်းဆောင်ပိုင်းတစ်ယောက်ဖြစ်တာမို့ အုပ်ချုပ်ရေးဆိုင်ရာလိုအပ်ချက်ကြောင့်လို့ သူမက အကြောင်းပြခဲ့ပါတယ်။ သူ့ဘက်ကလည်း နောက်တနေ့ နေ့လည်စာကျွေးခွင့် (ဆေးရုံကိုလိုက်ပြ စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ) ကို ပြန်လည်တောင်းဆိုခဲ့တယ်။ နောက်ဆုံးတွေ့ဆုံခြင်းအဖြစ်ပေါ့။

နောက်တစ်နေ့ နေ့လည်မှာ ဟိုတယ်က ကားကိုစင်းလုံးငှားပြီး ကိုယ်တိုင်မောင်းထွက်ခဲ့တယ်။ နာမည်မမှတ်မိတော့တဲ့ မြစ်ကမ်းဘေးက စားသောက်ဆိုင်လေးတစ်ခုကိုပဲဦးတည်လိုက်တယ်။ ဧကရီနဲ့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် ထမင်းအတူစားခဲ့တဲ့နေ့ပေါ့။ စားသောက်အပြီးမှာတော့ ဧကရီ့ကို ပုဂံမြို့တစ်ဝိုက် လည်ပတ်ရင်းရှင်းပြပေးပါလို့ အကူအညီတောင်းလိုက်တယ်။ သရပါတံခါးကြီးရဲ့ ကြီးကျယ်ခမ်းနားမှုက ပုဂံမြို့ကောင်းစားချိန်ကို ထင်ဟပ်ပေါ်လွင်စေတယ်။ ရွှေစည်းခုံစေတီဘေးက မင်းမိဖုရားလမ်းကိုတွေ့တော့ လူတန်းစားခွဲခြားမှုကို မြင်ရပြန်တယ်။ ပုဂံမြို့က ဘုရား အကုန်စေ့အောင် ဖူးချင်မိတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာက တွေးမိရင်း သက်ပြင်းချမိပြန်တယ်။

သူဦးတည်ပြီးမောင်းနေမိတာက ဗျတ္တပန်းဆက်လမ်းတစ်လျှောက်။ တော်တော်လေး ကျော်လာပြီးမှ ဧကရီက ဘယ်ကိုမောင်းနေတာလဲ ဦးဇေယျာအောင်ဆိုတဲ့ မေးခွန်းကို မေးတယ်။ ကျွန်မ ရှင့်ကိုယုံကြည်လို့ ဒီအစီအစဉ်ကိုလက်ခံခဲ့တာပါ လို့ပြောပြန်တယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်သလို မောင်းနေတဲ့ ဦးဇေယျာအောင်ကို ကြည့်ရင်း သူမကြောက်လန့်လာမိတယ်။ တစ်နေရာ အရောက်မှာတော့ ကားကိုထိုးရပ်လိုက်တယ်။

တောအုပ်တစ်ခုရဲ့ အစမှာပေါ့။ ခြုံနွယ်တွေရဲ့ အနောက်မှာတော့ သူအိပ်မက် မက်ခဲ့ဖူးတဲ့ ကျောက်ဂူ တစ်ခုကို တွေ့လိုက်ရတယ်။ လာဗျာ ကျနော်တို့ ၀င်ကြည့်ရအောင် ဒါကျနော်တို့ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိမ်လေးလေ။ ဦးဇေယျာအောင်ရဲ့ မျက်ဝန်းတွေက မှုန်မှိုင်းဝေသီနေတယ်။ တကယ်လေးနက်စွာ ပြောနေမှန်းခံစားလိုက်မိတော့ ငြင်းဆန်ဖို့ ဧကရီ ခက်ခဲနေပြန်တယ်။ ရောက်မှတော့ မထူးတော့ပါဘူးလေ ဆိုပြီး သူဦးဆောင်ခေါ်ရာနောက်ကို လိုက်လာမိပြန်တယ်။ သူတို့နှစ်ယောက် ဂူလေးနားအရောက်မှာ အလင်းတန်းတစ်ခုကို ဖျတ်ခနဲတွေ့လိုက်တယ်။

ဂူလေးက သန့်သန့်ရှင်းလေးနဲ့နေချင့်စဖွယ်ပုံစံလေး အဖြစ်အသွင်ပြောင်းသွားခဲ့တာကိုး။ အံ့သြစရာကောင်းလိုက်တာ။ သူတို့နှစ်ယောက် ဖြတ်သွားတဲ့ နေရာတိုင်းမှာ ဟိုးအရင်တုန်းက ပုံရိပ်လေးတွေ ပေါ်လာတယ်။ ဧကရီတစ်ယောက်လည်း အတိတ်ကို ပြန်သတိရမိသွားသလို ဦးဇေယျာအောင်ကို ချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းတွေနဲ့ ပြန်ကြည့်နေခဲ့တယ်။

ပြီးတော့ ဂူလေးထဲကို တဖြည်းဖြည်းချင်း တိုးဝင်သွားကြတယ်။ တစ်ယောက်လက်တစ်ယောက်ကို ဆွဲရင်းပေါ့။ ပြီးတော့ ကျောက်ဂူလေးထဲက ကျောက်စားပွဲလေးတစ်ခုနားမှာ ထိုင်လိုက်ကြတယ်။ စကားတစ်ခွန်းမှ မဆိုမိကြဘူး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အချိန်တွေကို ကုန်ဆုံးနေမိတယ်။

အသံတစ်ခုကြားလိုက်ရတယ်။ ပြီးတော့ မြူတွေဆိုင်းလာသလိုပဲ။ သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်မခွဲစတမ်း ဆုပ်ကိုင်ထားကြတယ်။ ဂူကြီးကလှုပ်လာသလိုပဲ။ မြုတွေကလည်း မည်းမှောင်လာသလိုပဲ။ အသက်ရှူကျပ်လာသလို တဖြည်းဖြည်းခံစားလာမိတယ်။ တွဲလက်တွေ မဖြုတ်တမ်းထားရင်က သူတို့နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက်ပျောက်ဆုံးသွားကြတယ်။

သူသတိရလာတော့ ညောင်ဦးမြို့နယ်ဆေးရုံမှာ။ ဘေးနားကလူတွေပြောကြတာတော့ သူတို့ ဗျတ္တပန်းဆက်လမ်းပေါ်မှာ တွေ့လို့ဆေးရုံကိုပို့ခဲ့ကြတာတဲ့။ ဧကရီဆိုတဲ့ မိန်းကလေးအကြောင်းကိုမေးတော့ ဘယ်သူမှ ဂဃနဏ မပြောနိုင်ကြဘူးတဲ့လေ။ စိတ်ပူပန်စွာနဲ့ သူကုတင်ပေါ်က ထမယ်ဆိုတော့ သူနာပြုကခွင့်မပြုခဲ့ဘူး။ ခဏအကြာမှာတော့ သက်ထားဝင်လာခဲ့တယ်။ အစ်ကို ဒီတစ်ခါတော့ သက်ထားနဲ့ အိမ်အတူပြန်ကြတာပေါ့တဲ့။

ရန်ကုန်အဲယားဝေးလေယာဉ်နဲ့ ပြန်ခဲ့တယ်။ ထူးဆန်းတိုက်ဆိုင်လှစွာ အသွားတုန်းက လေယာဉ်မယ်လေးပဲ ဖြစ်နေခဲ့တယ်လေ။ သတင်းစာတွေ ဝေနေတုန်းမှာ သူအောက်ငုံ့နေမိတာမို့ မရလိုက်ဘူး။ လျှောက်လမ်းတစ်ဖက်က လူဖတ်နေတဲ့သတင်းစာရဲ့ စာမျက်နှာတစ်ချို့မှာတော့ ရှေးဟောင်းသုတေသနဌာနမှ ဒေါက်တာ ဧကရီတစ်ယောက် မနေ့က လန်ဒန်မှာ ဒေါက်တာဘွဲ့ရယူခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း သူမဖတ်လိုက်ရတော့ပါဘူး……….

ရုပ်ရှင်ခံစားမှုဆိုပေမယ့် ဒီတစ်ခါ ၀တ္ထုလိုမျိုးရေးလိုက်မိတယ်။ ပြင်သစ်ရုပ်ရှင် ဆိုတော့ လူတိုင်းကြည့်မိမှာ မဟုတ်လို့ ပြီးတော့ ဇာတ်လမ်းလေးကိုလည်း ကြိုက်လို့ ရေးဖွဲ့မိလိုက်တာပါ။ ဇာတ်လမ်းကျောရိုးကိုပဲယူခဲ့ပြီး အကြောင်းအရာတွေ အဆာပလာတွေကတော့ ဖန်တီးမှုသက်သက်တွေပါပဲ။ ဇာတ်လမ်းပေါ့ပျက်သွားခဲ့တယ်ဆိုရင် ဖန်တီးတဲ့ ကျနော့ရဲ့ ညံ့ဖျင်းမှုများသာဖြစ်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းရှည်ပြီး အပိုင်းတွေ များသွားခဲ့ရတဲ့အတွက်
တောင်းပန်ပါတယ်ဗျာ။ စိတ်ရှည်လက်ရှည်စောင့်ဖတ်ကြသူများကိုလည်း ကျေးဇူးအထူးပါ။

ဒီဇာတ်ကားလေးကို ကြည့်နေတုန်းက ၀င်းဦးရဲ့မိန်းမလှအမုန်းကို အထူးသတိရမိတယ်။ ပြီးတော့ အလုပ်တွေများပြီး မွန်းကြပ်နေတဲ့ ကိုယ့်ဘ၀ကို ပြန်တွေးကြည့်မိတယ်။ စိတ်ပညာနဲ့ ပတ်သတ်လို့ သေချာမလေ့လာဘူးလို့ သရုပ်ခွဲမပြနိုင်ဘူး။ တကယ်တော့ လုပ်ငန်းခွင်မွန်းကြပ်မှုတွေကြားမှာ စိတ်ထွက်ပေါက်တွေ မြောက်မြားစွာ ရှိနိုင်ပါလားဆိုတာပါပဲ။

ကျေနပ်ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ

တနှစ်က TV5က ကြည့်ခဲ့ဖူးတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကို ပြန်လည်ခံစားရေးဖွဲ့ထားတာပါ။ ရုပ်ရှင်နာမည်ကို ဘယ်လိုမှ ဖော်လို့မရတော့တာမို့ ခွင့်လွတ်နားလည်ပေးပါခင်ဗျာ…

01 April 2009

ငြိုးမာန်ဖွဲ့ အမုန်း


ဒီရက်ပိုင်း စာတွေသိပ်မရေးချင်ဘူး။ စိတ်ထဲမှာလည်း တအုံ့နွေးနွေးနဲ့။ မနှစ်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားလေး တစ်ခုကို ပြန်သတိရနေမိတယ်။ အခွေဝယ်မယ်ဆိုပြီး ဆိုင်မှာကြည့်တော့ တရုတ်စာတန်းထိုးပဲ ရှိတယ်ဆိုလို့ ပြန်ချခဲ့ရတယ်။ ၂၀၀၆ခုနှစ်က ဇာတ်ကားအဟောင်းလေးပါ ပြီးတော့ ထိုင်ဝမ်ဇာတ်ကားတွဲလေးပါ။ ကြည့်ခဲ့တာ ကြာခဲ့ပြီဆိုတော့မှတ်မိသမျှလေးတွေကို ပြန်ချရေးလိုက်တာပါ။

မိသားစုတစ်စုရဲ့ ပျော်ရွှင်စရာ ခရီးတစ်ခုနဲ့ အစပြုထားခဲ့တယ်။ ဒါပေမယ့် သူတို့မှာ တစ်ခုခု စိုးထိတ်နေရတဲ့ပုံပါပဲ။ အမွှာညီအစ်မနှစ်ယောက်နဲ့ လူငယ်စရိုက်ကလေးတွေလည်း ပြထားပါသေးတယ်။ ညဘက်မှာတော့ အော်ခေါ်ပြီး အကူအညီတောင်းခံသံကို ကြားလိုက်ရတယ်။ အစ်မကြီးလည်း ပျောက်ဆုံးနေခဲ့တာပေါ့။ ရေအလယ်မှာ လှေတစ်စင်းနဲ့ အော်ဟစ် အကူအညီတောင်းနေတာက အစ်မကြီးကိုယ်တိုင်ပါပဲ။ သူက ရေကြောက်တတ်သူပါ။ သူအိပ်နေရာကနေ အိပ်ရာကနိုးတော့ အဲဒီရေလယ်ခေါင်က လှေထဲမှာ သူရောက်နေခဲ့တာတဲ့။ အားလုံးက တစ်စုံတစ်ယောက်လုပ်တယ် လို့ထင်နေကြတယ်။ အဲဒီတစ်စုံတစ်ယောက်က ဘယ်သူလဲ ဘာကြောင့်အဲ့ဒီလို လုပ်ရတာတဲ့လဲ။ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းက အဲဒီနေရာကနေ ကျနော့ကို ဆွဲခေါ်သွားတော့တာပါပဲ။

အမွှာညီအစ်မရဲ့ အမေက ကျောင်းအုပ်ဆရာမကြီးပေါ့။ သူတို့ရဲ့ အဖေက ဆောက်လုပ်ရေး အင်ဂျင်နီယာထင်ပါရဲ့။ သူတို့စိုးထိတ်နေတဲ့ တစ်ယောက်က သူတို့အမေ တစ်လောက ကျောင်းထုတ်လိုက်တဲ့ ကျောင်းဆရာတစ်ယောက်ပါ။ ဘာဖြစ်လို့ ကျောင်းထုတ်လိုက်တာလဲဆိုတော့ ခပ်အေးအေးနေတတ်ပြီးသိမ်မွေ့တဲ့ သမီးအကြီးကို ထိကပါးရိကပါးလုပ်လို့ပါ။ စည်းကမ်းကြီးတဲ့ ဆရာမကြီးက ဒါမျိုးဘယ်လက်ခံလိမ့်မလဲ။ သမီးကိုထိတာဆိုတော့ ပိုအရှက်ရ ပေါက်ကွဲတော့တာပါပဲ။

ကျောင်းဆရာအနေနဲ့ကလည်း သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိခဲ့တယ်။ ဒါကြောင့်လည်း ဒီကောင်မလေးကို သူထိကပါးရိကပါး လုပ်ရဲခဲ့တာ။ ဇာတ်လမ်းရဲ့ ဇာတ်အိမ်က အဲဒီလျှို့ဝှက်ချက်ပေါ်မှာ တည်နေခဲ့တာ။

ပြီးတော့ သူတို့အဖေ သူငယ်ချင်းမိသားစု။ သူငယ်ချင်းက ဆုံးသွားပြီဖြစ်တာမို့ ကျန်ခဲ့တဲ့ သားနဲ့ တီဗီသတင်းကြော်ငြာသူ မိခင်တို့ကို ကူညီစောင့်ရှောက်ထားခဲ့တာပါ။ ကြိုးချင်းထား ကြိုးချင်းငြိတာဆိုတော့ သမီးအကြီးနဲ့ အဲဒီသားတို့ မေတ္တာမျှနေကြပုံပါပဲ။

ဇာတ်လမ်းရဲ့ အမြင့်ဆုံးအပိုင်းကိုခေါ်သွားဖို့ သမီးအငယ်က အသစ်ဆောက်နေဆဲ ကျောင်း အဆောက်အဦးပေါ်ကနေ ခုန်ချသွားခဲ့တယ်။ မြို့မိမြို့ဖတွေရော အားလုံးအုတ်အော်သောင်းတင်း ဖြစ်သွားကြတယ်။ ကျောင်းအုပ်ကြီးသမီးက သတ်သေတယ်ဆိုတော့ သတင်းတွေ အတင်းတွေ အဖျင်းတွေနဲ့ ဗရပွပေါ့။ သမီးအတွက်ရတတ်ပွေနေတုန်း စုံးစမ်းရေး ဖြေရှင်းချက်တွေနဲ့ ကျောင်းအုပ်အမေရဲ့ ရင်ထဲကိုဝင်ကြည့်ရင် ဗလောင်ဆူပွက်နေမှာပါပဲ။

ညီမငယ်ရဲ့ ကျန်နေရစ်တဲ့ အခန်းထဲကို အလွမ်းပြေ၀င်ကြည့်ရင်း စိတ်ဝင်စားစရာတစ်ချို့ကို တွေ့ရှိသွားခဲ့တယ်။ သူ့ကို chat room တစ်ခုက စကားတွေပြောနေခဲ့တာ။ အဲဒီလူက အဖွဲ့အစည်းတစ်ခုနဲ့ ပတ်သတ်တဲ့ပုံပဲ။ သူ့ညီမနဲ့လည်း ပတ်သတ်ဟန်ရှိပါတယ်။ သူတို့ဘယ်သူတွေလည်း သိပ်သိချင်နေမိတယ်။ ကြည့်နေတဲ့ ကျနော်ကိုယ်တိုင်လည်း သိပ်သိချင်နေမိတော့တာ။ သူ့အတွက် အားကိုးရာဖြစ်တဲ့ သူ့ချစ်သူနဲ့ အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ကြိုးစားတော့တာပေါ့။

သူ့ညီမနဲ့ ပတ်သတ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်း နှစ်ယောက်ကို သူဆက်သွယ်ခဲ့တယ်။ တစ်ယောက်က ညီမငယ်အတွက် အသက်သေခံသွားတဲ့ ကောင်လေးရဲ့အစ်ကို။ နောက်တစ်ယောက်က ညီမငယ်ရဲ့ သူငယ်ချင်း။ အဲဒီကနေ ရနိုင်သလောက် သဲလွန်စတွေ သူစုဆောင်းခဲ့တယ်။ သူ့ညီမငယ်က သိပ်ဥာဏ်ကောင်းတယ်။ သဲလွန်စတွေကို လွယ်လွယ်ကူကူဖော်ထုတ်လို့ မရနိုင်အောင် သိုဝှက်သိမ်းဆည်းနိုင်ခဲ့တာ။

Chat room နဲ့ ပတ်သတ်လေတဲ့ အဖွဲ့အစည်းက နိုက်ကလပ်တစ်ခုနဲ့လည်း စပ်ဆက်နေပြန်တယ်။ ပြီးတော့ အဲ့ဒီနိုက်ကလပ်က လူတိုင်းဝင်ခွင့်မရှိပါဘူး။ သူတို့အသင်းဝင်တွေကိုသာ ၀င်ထွက်ခွင့်ရှိတဲ့ နိုက်ကလပ်ပေါ့။ အဲဒီနိုက်ကလပ်ကို သူဝင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်သေးဘူး။ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းတွေကို ကြည့်ရင်း ကိုယ်တိုင်ပါ ပါဝင်လှုပ်ရှားနေမိတော့တယ်။

အဲဒီအချိန်မှာ သမီးတွေကို အနှောင့်အယှက်ပေးနေတာ သူအလုပ်က ထုတ်ပစ်လိုက်တဲ့ ကျောင်းဆရာပါလို့ တစ်ထစ်ချ စွဲနေတဲ့ ကျောင်းအုပ်ဆရာမကြီးကလည်း အဲဒီကျောင်းဆရာကို သူ့နည်းသူ့ဟန်နဲ့ သတ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ကျောင်းဆရာသိထားတဲ့ လျှို့ဝှက်ချက်ကလည်း သူ့အတွက် အများကြီးအရှက်ရစေခဲ့ ခြောက်လှန့်ခဲ့တာကိုး။ မြေဖြူကိုင်တဲ့လက်က လူသတ်တော့ သူကိုယ်တိုင်လည်း လိပ်ပြာမလုံခဲ့ပါဘူးလေ။ သူ့အပြစ်အတွက် သူကိုယ်တိုင်ပဲ ဆေးကြောခဲ့တယ်ထင်ပါရဲ့။တုန်လှုပ်နေတဲ့ သူရဲ့ အမူအယာ၊ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်သူ (ပြိုကွဲလုနီးပါ အိမ်ထောင်ရေး)၊ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်တစ်ယောက်၊ မိသားစုအရှက် (အထူးသဖြင့် သူ့သမီးတွေရဲ့ အရှက်) အတွက် ကာကွယ်တဲ့သူ အဖြစ် သရုပ်ဆောင်ပီပြင်လွန်းခဲ့ပါတယ်။

သဲလွန်စတွေ ပေါ်လုလု အချိန်မှာတော့ နှလုံးသားတွေ နာကျင်စရာ အပြည့်နဲ့ပါပဲ။ ဘယ်သူတွေက ဘာအကြောင်းကြောင့် ဒီပြစ်မှုတွေကို လုပ်ခဲ့တယ်ဆိုတာ သိရတဲ့အချိန်မှာ အဲဒီအကြောင်းတွေ စုံစမ်းမှုမပြုခဲ့ရင် ကောင်းမှာဆိုတဲ့ ထိခိုက်နာကျင်ပြီးမှရတဲ့ နောင်တကို ရလိုက်မိတယ်။ ပြီးတော့ ကိုယ့်ဘေးနား ပတ်ဝန်းကျင်ကလူတွေ ဘယ်သူတွေက ကိုယ့်ကို စိတ်ရင်းစေတနာမှန်နဲ့ ဆက်ဆံနေခဲ့တာတဲ့လဲ။ ဘယ်လိုသိနိုင်ပါ့မလဲဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပေါ်လာမိတယ်။ လူမှုပတ်ဝန်းကျင်ထဲက မိသားစုတွေရဲ့ ကြုံဆုံလာရတတ်တဲ့ ပြဿနာတွေ သစ္စာဖောက်ဖျက်မှုတွေ နောင်တမဲ့ကျူးလွန်မှုတွေ ဒါတွေဟာ လူသားတွေရဲ့ ဓလေ့စရိုက်တဲ့လား။ လူတိုင်းမကြုံတွေ့နိုင်ပေမယ့် ဒီအဖြစ်အပျက်တွေ တကယ်ရှိခဲ့နိုင်ပါတယ်။

အရာအားလုံးရဲ့ အဆုံးသတ် တရားခံကတော့ အဲဒီ အမုန်းတွေပါပဲ။ ဆရာမဂျူးခေါင်းစဉ်တပ်ခဲ့သလို အမုန်းကြောင့်ဖြစ်တဲ့ စစ်ပွဲတွေပါ။ အမုန်းတရားတွေကနေ ရန်ငြိုးဖွဲ့ပြီး အစီအစဉ်တကျ လက်စားချေခဲ့တာတွေပေါ့။ ဖြစ်နိုင်ရင် ဘယ်ရန်ငြိုးမှ မရှိချင်ခဲ့သလို ဘယ်လိုအကြောင်းကြောင့်မှ ဒီကမ္ဘာမြေကို အဲဒီ အမုန်းတရားတွေနဲ့ မညစ်နွမ်းစေချင်ဘူး။ လူတိုင်း လူတိုင်း အမုန်းတရားတွေ ကင်းဝေးကြပါစေ။ ဘယ်သောအခါမှ ငြိုးမာန်ဖွဲ့အမုန်းတွေနဲ့ မကြုံကြ မဆုံကြပါစေနဲ့လို့…..

15 March 2009

မေးခွန်းများနှင့် ဘ၀မှတ်တိုင်များ



မနေ့ညက အပြင်ကပြန်အရောက် မှာ ရုံမှာသွားမကြည့်လိုက်ရတဲ့ ဇာတ်ကားလေးတစ်ခုကို အင်တာနက်ကနေ ကြည့်ဖို့ကြိုးစားမိတယ်။ သွားကြည့်မိတဲ့ နေရာက ဇာတ်ကားကို လေးပိုင်းခွဲထားတာ။ တစ်ပိုင်းအစကြည့်မှာပဲ ဇာတ်လမ်းခေါ်သွားတဲ့နောက်ကို တောက်လျှောက်ပါနေမိတော့တာ။ မနက်နှစ်နာရီခွဲအရောက် ဒုတိယအပိုင်း တ၀က်တပျက်မှာ အိမ်က အင်တာနက်က ဒေါင်းသွားပါလေရော။ သိချင်တဲ့စိတ်နဲ့ ဆက်ကြည့်ချင်ပေမယ့် အခြေအနေမပေးတာကြောင့် မအိပ်ချင်အိပ်ချင်နဲ့ အိပ်လိုက်ရပါတယ်။ ဒီမနက်တော့ ဆက်ကြည့်ရင်း ဆက်ကြည့်ရင်း အတွေးကမ္ဘာထဲမှာ ချာလည်နေပြန်ရော။ ဇာတ်ကားနဲ့အတူ အပြိုင်သတိရမိစေတဲ့ စာအုပ်နှစ်အုပ်ကတော့ မြသန်းတင့်ရဲ့ သုခမြို့တော်နဲ့ ဂျူးရဲ့ သူမင်းကို ဘယ်တော့မှ ဆိုတဲ့စာအုပ်နှစ်အုပ်ပါပဲ။

ဇာတ်လမ်းရဲ့ အစက မေးခွန်းတွေနဲ့ စတင်ခဲ့တာပါ။ jamal ဆိုတဲ့ ဇာတ်ကောင်ရဲ့ အလုပ်ကိုက မေးခွန်းတွေကို ဖြေတဲ့အလုပ်ဖြစ်ခဲ့မယ်။ သူ့အလုပ်က chaiwallah ဆိုတဲ့ လက်ဖက်ရည်စားပွဲထိုးအလုပ်လေးပေါ့။ ပညာမတတ် တဲ့ အဲလိုကောင်လေးတစ်ယောက်က အခုလို ဥာဏ်စမ်းမေးခွန်းတွေကို ဖြေနိုင်ခဲ့တယ်ဆိုတော့ မသင်္ကာစရာ သိပ်ကောင်းနေတော့တာ။ ဒါပေမယ့် မေးခွန်းတွေတိုင်းရဲ့ နောက်ကွယ်မှာ jamal ရဲ့ ဘ၀ပုံရိပ်တွေက အဖြေတွေကို ပြပေးနေလေတော့ မသင်္ကာဖြစ်မယ်ဆိုလည်း ဖြစ်စရာပါပဲ။ အဲဒီအကြောင်းအရာက သူမင်းကို ဘယ်တော့မှဆိုတဲ့ စာအုပ်ထဲက အင်တာဗျုးဖြေခြင်းတွေနဲ့ သိပ်နီးစပ်နေသလိုပဲ။ စိတ်ထင်တာလည်း ဖြစ်မှာပါ။

သုခမြို့တော်ထဲကလို jamal တို့ရဲ့ လူနေရပ်ကွက်ငယ်လေးကို မြင်ခဲ့ရတယ်။ လူမျိုးရေးစစ်ပွဲဆိုတာ မိဘမဲ့ကလေးတွေ များလာခြင်း အကြောင်းအရင်းခံတစ်ခုဖြစ်မှာပါ။ ညီအစ်ကိုနှစ်ယောက်ခက်ခဲကြမ်းတမ်းတဲ့ လူ့ဘ၀ခရီးမှာ အသက်ရှင်နေထိုင်ဖို့ကြိုးစားခဲ့တာပါ။

ပြင်ပလောကမှာ ကလေးတွေကို အသုံးချတဲ့ ၀ိသမလောဘသားတွေ ရှိနေပါတယ်။ ရန်ကုန်မှာလဲ ရှိတယ်လို့ ကြားဖူးတယ်။ အခုအချိန်ထိတော့ မီးပွိုင့်တွေမှာ ကလေးလက်ထဲပိုက်ပြီး တောင်းရမ်းနေကြတုန်းဆိုတော့ ဆက်လက်ရှိနေဆဲပေါ့။ သီချင်းအဆိုကောင်းတဲ့သူရဲ့ ချီးမြှောက်ခံရမှုက ကြောက်လန့်စရာ။ မျက်လုံးနှစ်လုံးစလုံး စွန့်ပစ်ခံရဖို့ သီချင်းဆိုကောင်းကြောင်း ပြရသတဲ့လေ။ အိုး….ရက်စက်ကြမ်းကြုတ်လိုက်ကြတာဗျာ။

ပြီးတော့ jamal ရဲ့ အချစ်။ ကလေးဘ၀ထဲက ချစ်ခင်စွဲလမ်းခဲ့တဲ့ ခိုင်မြဲ ငြိတွယ်လွန်းတဲ့ jamal ရဲ့ အချစ်။ အဲဒီအချစ်က ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်မယ်ထင်တယ်။ မတတ်သာလို့ ခွဲခဲ့ရတဲ့ ချစ်သူကို မရမက ပြန်လာရှာတဲ့ jamal ရဲ့ စိတ်ဓါတ်က လေးစားစရာကောင်းတယ်ထင်မိတယ်။ တကယ်ဆို ခက်ခဲမယ်ဆိုတာ ပြီးတော့ အဲဒီလူယုတ်မာတွေနဲ့ ပြန်တွေ့မယ်ဆိုတာ သိသိကြီးနဲ့ ပြန်လာရှာခဲ့တာလေ။

ဒါပေမယ့် ဒီတစ်ခေါက်လည်း jamal ချစ်သူနဲ့ လွဲခဲ့ပြန်ပါတယ်။ ချစ်သူကိုယ်တိုင်က နင်သွားတော့ လို့ပြောခံလိုက်ရတဲ့ jamal တစ်ယောက် ဝေးကွာတဲ့ အရပ်မှာ စားပွဲထိုးဘ၀လေးနဲ့နေထိုင်ခဲ့ရှာတယ်။ အားမလျော့တဲ့ jamal တစ်ယောက် သူ့ချစ်သူကို ပြန်ရှာတွေ့ခဲ့ပါတယ်။ ချစ်သူကို ဘူတာရုံမှာ နေ့တိုင်း ၀တ်မပျက်စောင့်နေရှာတယ်။ ဒါပေမယ့် လွဲခဲ့ပြန်ပါတယ်။

ဒီပြိုင်ပွဲကို ဘာဖြစ်လို့ဝင်ခဲ့တာလဲဆိုတော့ သန်းချီချမ်းသာချင်လို့မဟုတ်ပဲ ဒီအစီအစဉ်က သူ့ချစ်သူကြည့်နေကျမို့ ၀င်ပြိုင်ခဲ့တယ်ဆိုတဲ့ သူ့အဖြေကို သဘောကျမိတယ်။ တကယ်ချစ်တယ်ဆိုရင် ငွေကြေးတွေလည်း ဘာအရေးလဲနော့။

စိတ်ဝင်စားစရာ ဖြစ်အောင်ရိုက်တတ်လေတော့လည်း ဆုတွေရခဲ့တာဖြစ်မှာ။ Taj Mahal ထဲက သူ့ရဲ့ တိုးဂိုက်ဘ၀လေးကို ကြိုက်မိတယ်။ ခရီးသည်တွေရဲ့မေးခွန်းတွေကို ဥာဏ်စွမ်းလေးနဲ့ ဖြေခဲ့တဲ့ ဟာသဖြစ်ရပ်တွေလေ။ ပြီးတော့ ဧည့်သည်တွေကို သူပြောခဲ့တဲ့ တွေ့လား ဒါဟာမင်းတို့ သိပ်ကြည့်ချင်ပါတယ်ဆိုတဲ့ ငါတို့နိုင်ငံရဲ့ တကယ့်ပုံစံပဲဆိုတာလေး။

ပြီးတော့ သူ့ချစ်သူကို အဝေးကိုပြေးဖို့ ခေါ်တဲ့အခန်း။ ငါတို့ဘာအတွက်ပြေးမှာလဲဆိုတော့ အချစ်အတွက်လို့ ဖြေတဲ့အခန်းလေး။ ဒီဇာတ်ကားလေးထဲမှာ ရသတွေ အမြင်တွေ လူနေမှုစရိုက်တွေ စိတ်နေစိတ်ထားတွေကို ထင်ဟပ်ပေါ်လွင်စေခဲ့မယ်ထင်တယ်။

ကံဆိုတာအမြဲတန်းတော့ ဆိုးနေမယ်မထင်ပါဘူး။ တခါတလေတော့ ဒုက္ခတွေအားလုံးဟာ သုခတွေဖြစ်ဖို့ အစပျိုးတာမျိုးလည်းဖြစ်တတ်ပါတယ်။ အခုဆို သူကြုံဆုံလာရသမျှဟာ သူ့အတွက် မေးခွန်းတွေအားလုံးရဲ့ အဖြေတွေဖြစ်နေတယ်။ ကျနော်တို့တွေလည်း မေးခွန်းတွေနဲ့ မကြုံဖူးလို့ မပြောနိုင်ဘူးလေ။ အင်း ကံကောင်းတဲ့လူတွေဖြစ်ပြီး အဖြေတိုင်းကို စိတ်လက်ပေါ့ပါးစွာဖြေရင်း ဘ၀တွေ မြင့်သည်ထက်မြင့်မယ် ဆိုရင် ပိုကောင်းမှာပဲဗျာ…….

01 March 2009

နားလည်ရန်ခက်သော ချစ်ခြင်းတရားနဲ့ ကျနော်တို့




စနေနေ့ညက ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ He’s Just Not That Into You ဆိုတဲ့ကားလေးပါ။ ဇာတ်ကားကို လုံးစေ့ပတ်စေ့နားမလည်ပေမယ့် ပျော်စရာလေးတွေပါ ပါဝင်တဲ့ ကားလေးတစ်ခုပါ။ ဇာတ်ကားပြီးသွားတော့ ထုံးစံအတိုင်း အတွေးတွေက ကျန်နေခဲ့ပြန်ရော…..

ဖုံးခေါ်ခြင်းကို စောင့်နေရတဲ့ သူတစ်ယောက်ဘ၀ကို တကယ်စာနာမိပါတယ်။ ဖုံးခေါ်လေမလားရယ်လို့ ခဏခဏကြည့်ရတာအမော။ လာသမျှဖုန်းတွေက ကိုယ်မျှော်တဲ့ ဖုန်းမဖြစ်ရင် ခဲလေသမျှ သဲရေကျပြန်ရော။ မခေါ်ပဲ ရက်စက်စွာနေနိုင်တယ်လို့လည်း ပြောခွင့်က မသာပြန်ဘူး။ ကိုယ်ကစခေါ်ပြန်တော့လည်း တစ်မျိုးဖြစ်နေပြန်တယ်။ မ၀ံ့မရဲ တွန့်ဆုတ်နေရတာမျိုးပါ။ ခေါ်ချင်တာကတော့ တစ်ပိုင်းကို သေလို့ပေါ့။ သူဖုံးမခေါ်ဖြစ်တာ ဖုံးနံပါတ်ပျောက်သွားလို့ဖြစ်မှာပါ၊ အလုပ်မအားလို့ဖြစ်မှာပါ၊ အရေးတကြီးလုပ်စရာရှိလို့ဖြစ်မှာပါနဲ့ ဖြည့်တွေးရင်း ဗျိုင်းလည်ပင်းကို ဖြစ်လို့။

နောက်တစ်မျိုးက ကိုယ်ချစ်မိတဲ့သူက လိမ်ညာခြင်း။ ကျနော်လည်းလိမ်ညာခြင်းကို ဘယ်လိုမှ ခွင့်မလွှတ်ချင်တတ်ဘူး။ ချစ်တဲ့သူရဲ့ လိမ်ညာတာကို ခံရရင် ပိုပြီး ခံရခက်ပါတယ်။ ယုံကြည်ထားသမျှအတွက် လုပ်ရက်လေခြင်းဆိုတဲ့ နာကျင်ခြင်းက ဘယ်အရာနဲ့မှ ဖြေသိမ့်လို့မရဘူးလေ။ ချစ်ခြင်းရဲ့နောက်မှာ မျက်စိတွေကန်းသွားတတ်ကြတာကိုး။ ဖြစ်နိုင်ရင် ကိုယ်ချစ်တဲ့သူတွေကို မလိမ်ညာသင့်ဘူးထင်တယ်။ သူတို့ဘယ်လို အလေးအနက်ထားသလဲ ကိုယ်မှ မသိနိုင်တာ။ လိမ်ညာတဲ့သူဟာ ချစ်တဲ့သူတွေကို စော်ကားနေတယ်လို့ ကျနော်တော့ သတ်မှတ်မိမလားပဲ။ ကတိတွေပေးပြီး မသိမသာ ချိုးဖောက်နေရင်လည်း လက်မခံချင်တတ်ဘူး။ မဖြစ်နိုင်တဲ့ ကတိဆိုရင် ချစ်တဲ့သူကိုအစတည်းက မပေးကြပါနဲ့လား။

ချစ်တဲ့သူရဲ့ဖောက်ပြန်ခြင်း။ အပျော်ရှာတယ်ပဲပြောပြောလေ ဘယ်သူက လက်ခံနိုင်မလဲ။ ကိုယ့်ကိုတော့ ချစ်ပါတယ် ဒါပေမယ့် အပျော်လေးတော့ ရှာပါရစေ ဆိုတာမျိုးကို ဘယ်နှလုံးသားနဲ့ နာခံနိုင်မလဲ။ မင်းကိုလည်းမစွန့်လွှတ်ပါရစေနဲ့ အပျော်တွေကိုလည်း ဆက်ရှာပါရစေဆိုတဲ့ လူမျိုးကို ချစ်မိရင်တော့ တစ်သက်စာ စိတ်ဆင်းရဲနေမှာပဲ ထင်ပါရဲ့။ ချစ်ခြင်းရဲ့ နောက်က ရယူပိုင်ဆိုင်လိုခြင်းနဲ့ သ၀န်တိုခြင်းဆိုတာတွေကို ဘယ်လို ကျော်ဖြတ်နိုင်မှာတဲ့လဲ။

အပျော်ရှာတဲ့သူတွေကရော တကယ့်ချစ်တတ်တဲ့ နှလုံးသားမဲ့လေရော့သလား။ ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်တဲ့သူ ရှိပါလျက် ဘာအတွက်ရယ် စိတ်ကစားလေတယ်မသိ။ သူတို့မှာလည်း သူတို့အကြောင်းနဲ့ သူတို့တော့ ရှိရှာမယ်ထင်ပါတယ်။ ဒါပေမယ့် မဖြစ်သင့်ဘူးလေနော်။ ကိုယ်တစ်ကယ်ချစ်တယ်ဆိုရင် ချစ်တဲ့သူရဲ့ စိတ်ပင်ပန်းအောင်တော့ မလုပ်သင့်ဘူးထင်တာပါပဲ။ ချစ်သူကို စိတ်ချမ်းသာအောင်ထားခြင်းဖြင့် ကိုယ်တိုင်လည်း ရောင်ပြန်ဟပ်ပြီး စိတ်ချမ်းသာမှာပါ။

ကိုယ့်အိမ်ထောင်ဘက်က တစ်ခြားလူတစ်ယောက်နဲ့ အိပ်စက်ခဲ့မိပြီဆိုပါတော့။ ဘယ်လိုတုန့်ပြန်မလဲ။ လက်ခံမလား။ ဇာတ်ကားထဲမှာတော့ နင်ငါ့အသားကို မထိနဲ့ဆိုပြီး အော်မိတတ်ကြတာပါပဲ။ အနောက်နိုင်ငံအတွက် သိပ်မလေးနက်ပေမယ့် ကျနော်တို့အတွက်တော့ ကိုယ်ကျင့်သီလနဲ့ပါ ပတ်သတ်နေလေတော့ တကယ့်ကို မချိုးဖောက်သင့်ဘူးလေ။ အတွေ့ဆိုတာမျိုးကလည်း အခက်သားလား။ စံရှားတင်ရဲ့ သရုပ်ဆောင်မှုကိုတောင် ပြန်မြင်ယောင်မိတယ်။ ဆိုဖီယာလောရင်းကြီးဆိုလို့ပြောရင်း ပြန်ထိန်းချုပ်ရမှာတဲ့လား။ အခုခေတ်မှာတော့ သိပ်မထူးဆန်းတော့သလိုပါပဲ။ ဒီလူ့အပေါ်မှာလည်း ချစ်ခြင်းက ကျွံဝင်လျက် ပြီးတော့ သူရဲ့ ပြစ်မှုကိုလည်း လက်မခံနိုင် ဘယ်လောက်ပင်ပန်းတဲ့ စိတ်လွန်ဆွဲမှုကို ဖြစ်စေခဲ့မလဲ။

ချစ်ခြင်းဆိုတာက အဲ့ဒီလူကို အမြဲမပြတ်သတိရမိစေတာလား။ ဂရုစိုက်နေမိတတ်တာလား။ ဖုန်းတွေခေါ်နေမိတတ်တာလား။ ဇာတ်ကားထဲမှာတော့ ချစ်သူရဖို့အတွက် ဇွဲမလျော့လေတဲ့ ဂျီဂျီ့ကို ချစ်မိသွားပြီဆိုတာကို အဲလက်စ်က အဲဒီခံစားမှုတွေနဲ့ပြသသွားခဲ့ပါတယ်။

တကယ်တမ်းတော့ ချစ်ခြင်းတရားက နားလည်ရန်ခက်ခဲလွန်းပါတယ်။ မြုပ်ထားတဲ့ ဗုံးတစ်ခုလိုပဲ ဘယ်အချိန်ကွဲမလဲ ဘယ်လိုကွဲမလဲ ဘာအကြောင်းအရာနဲ့ ကွဲမလဲ မှန်းဆရခက်လွန်းတယ်။ မချစ်မိဖို့ကြိုးစားရင်း ချစ်မိသွားတတ်သလို မချစ်သင့်ဘူးဆိုတာသိသိကြီးနဲ့ ချစ်မိသွားတတ်တာမျိုးလေ။ အင်း..ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ ချစ်ခြင်းတရားတွေ ပိုင်ဆိုင်သူတွေဖြစ်ကြပါစေတော့ရယ်လို့သာ ဆုတောင်းနေမိတော့တာပါ….

10 January 2009

အနီရောင်ကျောက်ဆောင် ဇာတ်သိမ်း


အစရှိရင် အဆုံးရှိရသတဲ့။ ကိုယ်ကစမိပြီဆိုတော့ အဆုံးတော့သတ်ပေးရဦးမှာပေါ့။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာတာပါ။ တစ်ကယ်တမ်းက ဒီကားကိုမလာခင်ကတည်းကို ကြည့်ချင်နေတာ။ အဲဒီလို စိတ်နဲ့တော့ ခက်ပါသေးတယ်။




ဒီအပိုင်းမှာတော့ ၀ူဘုရင်ငယ်ရဲ့ ညီမက အများကြီး ဇာတ်သယ်သွားခဲ့တာ။ ရန်သူ့စခန်းမှာ သူလျှိုလုပ်ပြီး တကယ့်အရေးကြီးတဲ့ စစ်စခန်းမြေပုံကို သူဆွဲပေးနိုင်ခဲ့တာလေ။ တကယ်ကို အသုံးဝင်တဲ့ မိန်းမဥာဏ်လေးနဲ့ မကြောက်မရွံ့ သူမို့ တတ်လည်းတတ်နိုင်ပါပေတယ်။

စစ်ဖြစ်လာရင် တရားမျှတသော စစ်ဆင်နွှဲတဲ့သူရှိသလို အနိုင်ရရေး ဦးစားပေးတဲ့ သူတွေလည်း ရှိတတ်တာကိုး။ ကိုယ့်ဘက်က အားနည်းချက်ကို သူများဘက်ကိုလည်း ရောက်ရအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံစည်တတ်ကြတယ်လေ။

လောကမှာ လူဆိုတဲ့ အသိနဲ့ ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် အတိဒုက္ခရောက်လာရင် ကိုယ်လက်မလောင်ပင်မယ့် ၀င်ရောက်ပူဆွေးခံစားတတ်သူတွေ ရှိသေးတယ်ဆိုတာကိုလည်း ကျိုးယုရဲ့ ဇနီးက ပြသခဲ့ပါတယ်။ လက်သည်းဆိတ်မှ လက်ထိပ်နာတတ်ကြတာက များတယ်လေနော်။ လူ့အသက်တစ်ချောင်းရယ်မို့ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရမယ်ဆိုရင် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကျနော်တော့ နှမြောမိတာပါပဲ။ အသက်တစ်ချောင်းနောက်မှာ အသက်ပေါင်းများစွာက ပူဆွေးနေရမှာလေ။ အများအတွက်အသက်စွန့်သွားလို့၊ ဘယ်လို လောကကိုကောင်းကျိုးပြုသွားလို့ ဆိုတဲ့ ကန့်သတ်ချက်တွေကို မေ့ထားပြီးမှပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်လောက်ဆိုးသွမ်းတဲ့လူပဲ ဖြစ်ဖြစ် သူ့မှာကောင်းမွန်တဲ့ အရာတစ်ခု သူ့အတွက် အသုံးဝင်တဲ့နေရာတစ်ခု မလွဲမသွေ ရှိကိုရှိနေလို့ပါပဲ။

ရိုးသားတဲ့လူဆိုတာလည်း ရှိနေတတ်တာပဲနော်။ ဘယ်လောက်တောင် ရိုးအ,သလဲဆို သူလျှိုကိုတောင်မှ သူငယ်ချင်းကောင်းလို့ထင်နေတဲ့အထိလေ။ နောက်ဆုံးအဲဒီရိုးအ,မှုနဲ့ပဲ သူ့အသက်ကို လွယ်လွယ်စွန့်လွှတ်သွားခဲ့ရတာ။ ဒါပေမယ့် သူ့မျက်နှာလေးက အမြဲအေးချမ်းနေတာပဲ။ သေတာတောင် ပြုံးပြုံးလေး သေသွားခဲ့တာလေ။

မိတ်ဆွေအတုအယောင်တွေကလည်း ပေါမှပေါပဲ။ ရာထူးဂုဏ်ရှိန်ဝါအတွက် မိတ်ဆွေဆိုတဲ့ အဆင့်ကို လွယ်လွယ်လေးဖျက်နေကြပါကလား။ တစ်ယောက်နဲ့တစ်ယောက်ပြန်လည် အသုံးချနေကြတဲ့သူတွေကို မိတ်ဆွေတွေလို့ ခေါ်သင့်ရဲ့လားဟင်။ ဖြစ်နိုင်ရင်တော့ အဲလိုမိတ်ဆွေတုဆိုရင် မတွေ့ချင် မဆုံချင်မိဘူး။ ဆုတောင်းတိုင်းကလည်း ပြည့်မှာမှ မဟုတ်ပဲ။

အသိဥာဏ်ပညာ က အရာရာမှာ တကယ့်တန်ဖိုးအစစ်အမှန်။ မိမိမှာရှိတဲ့ အသိကြောင့် တစ်ချို့ အခက်အခဲကြီးကြီးမားမားတွေ လွယ်လွယ်ကူကူ အောင်မြင်သွားတတ်ကြတယ်လေ။ ကျူးလျန်ဆိုတဲ့ ပညာရှိကြောင့် လွယ်လင့်တကူရလိုက်တဲ့ မျှားတွေက လိုတာထက်တောင်ပိုနေသေးတာကိုး။

ပြီးတော့ လောကကြီးရဲ့ ပြောင်းလဲတတ်တဲ့ သဘောသဘာဝ။ အခုရှိနေပင်မယ့် နောင်ရှိချင်မှ ရှိတတ်တာမျိုး။ အခြေအနေ အချိန်အခါကို လိုက်ပြီးပြောင်းလဲနေတဲ့ သဘာဝကို အလိုက်အထိုက်နေတတ်အောင် တော်တော်လေး လေ့ကျင့်ယူရပါလိမ့်မယ်။

နောက်ထပ်အရေးကြီးတာက သေနင်္ဂဗျူဟာ။ ဘယ်လိုနည်းနဲ့ ဘယ်လိုစနစ်တကျ လုပ်ဆောင်မယ်ဆိုတဲ့ နည်းပညာ အုပ်ချုပ်မှု သေ၀ပ်မှု စသည် စသည်။ ချောင်ချောင်းရဲ့ နေမကောင်းတဲ့ သူ့လူတွေကို လှုံဆော်တဲ့ အခန်းလေးကိုလည်း တော်တော်လေး သဘောကျမိတယ်။ ခေါင်းဆောင်ပီပီ ကိုယ်လိုချင်တဲ့ အရာကို မရောက်ရောက်အောင် ငါခေါင်းဆောင်ပဲ ငါပြောတာလုပ်ဆိုပြီး ဇွတ်အတင်းသွတ်သွင်းတာမဟုတ်ပဲ စိတ်လိုလက်ရအင်တိုက်အားတိုက် ဖြစ်အောင်လှုံ့ဆော်တဲ့နည်းလမ်းကိုပါ။

ဒီစစ်ပွဲရဲ့ ဦးတည်ချက်ကိုက မိန်းမတစ်ယောက်အတွက်တဲ့။ အခုလည်း ဒီမိန်းမချောတစ်ယောက်ရဲ့ လှည့်ဖျားမှု အောက်မှာ ချောင်ချောင်းတစ်ယောက် ရှုံးနိမ့်ခဲ့ရတာပါပဲ။ သူသောက်ခဲ့မိတဲ့ ရေနွေးကြမ်းတစ်ခွက်ရဲ့ တန်ဖိုးက သိပ်ကိုကြီးမားလွန်းတယ်။

စွန့်လွှတ်အနစ်နာခံခြင်း။ သိပ်ကို ကြီးကျယ်မြင့်မြတ်တဲ့ စကားလုံးပေါ့။ ပြည်သူပြည်သားတွေအတွက် စွန်လွှတ်အနစ်နာခံဖို့ ကိုယ့်အသက်ကို စတေးရဲတဲ့ မိန်းမတစ်ယောက်ကိုတော့ ချီးကျူးသင့်တယ်။ ဒါပေမယ့် သူ့ကို နှစ်ဖက်အမြင်နဲ့သုံးသပ်ရမယ်ဆိုရင် တစ်ဖက်က ပြည်သူပြည်သားတွေကိုကယ်ခဲ့တဲ့ မြင့်မြတ်သူတစ်ယောက်။ နောက်တစ်ဖက်က ချစ်ခြင်းမေတ္တာတရားကို အသုံးချပြီး လှည့်စားခဲ့သူတစ်ယောက်။ လောကကြီးမှာ အမြင်တွေက များကိုများတယ်လေ။

စစ်ပွဲဆိုတာနဲ့ သူရဲကောင်းဆိုတာတွေက အမြဲပါနေကျ။ အသေအပျောက် ဆုံးရှူံးမှု ဒဏ်ရာအနာတစ်ရဆိုတာ ကလည်း ဒုနဲ့ဒေး။ အောင်နိုင်သူတွေကကော အဲဒါတွေကြည့်ပြီး ပျော်နိုင်ကြရဲ့လား။ စစ်ပွဲဆင်နွှဲတဲ့သူတိုင်းကို အသောကလို သံဝေဂတွေ ရစေချင်ပါတယ်။ အခုလက်ရှိ ဂါဇာစစ်ပွဲ တစ်ပွဲတော့နွှဲနေကြပြန်ပြီလေ။

ချစ်ခြင်းမုန်းခြင်းတွေရဲ့ အကျိုးဆက်ကြောင့် စစ်ပွဲတွေ ဖြစ်တည်ခဲ့ကြတာတဲ့။ ဒီလောကကြီးမှာ ချစ်ခြင်းမုန်းခြင်းတွေကလည်း မကင်းနိုင်လေတော့ အိမ်တွင်းစစ် ပြည်တွင်းစစ် ကမ္ဘာ့စစ်အထိ ရှိနေကြတုန်းပဲ။ ငြိမ်းအေးတဲ့ သာယာလှပတဲ့ ကမ္ဘာကြီးဖြစ်ဖို့ ဘာတွေများပေးဆပ်ကြရဦးမှာပါလိမ့်။ လူ့အသက်တွေ ဘယ်လောက်များများ ထပ်ပြီး စတေးရဦးမှာပါလိမ့်………………