ကျနော် အဲ့ဒီစာလေးကို ရပ်ပစ်ခဲ့တာကြာဆိုကြာလှပါပြီ။ ပထမအချက်က ကျနော် အဆုံးသတ်ဖို့ ကြိုးစားရင်း ခက်ခဲနေလို့၊ နောက်တစ်ချက်က ခံစားချက်တွေ ပျောက်ကွယ်သွားလို့ပါ (စာရေးတဲ့သူတစ်ယောက် ခံစားချက်တွေမပါပဲ စာရေးရင် ဘယ်လိုမှ ဖတ်လို့မကောင်းပါဘူး။ ကိုယ့်စာကိုပြန်ဖတ်ရတာကို အားမရသလိုပါပဲ။ အခုစာက လူတစ်ယောက်ရဲ့ တကယ့်ဘ၀အမှန်ကို ရေးပြရတဲ့အတွက် အမှားတွေ မရှိချင်သလို ဖတ်တဲ့သူတွေကိုလည်း တစ်ခုခုရသွားစေချင်လို့ပါ)။ နောက်တော့ ကျနော်ကိုယ်တိုင်လည်း အမေ့မေ့အလျော့လျော့။ တကယ်က ကိုယ်ချင်းစာစိတ်မဲ့ခဲ့တာပါ ကိုယ်တိုင် အခန်းဆက်တွေ ဖတ်ရတုံးကဆို နောက်တစ်ခန်းကို အရမ်းမျှော်ရတာလေ။ အခုလို စောင့်ဖတ်နေသေးတယ်ဆိုတာလည်း ကျနော်လုံးဝမျှော်လင့်မထားလို့ပါဗျာ
shan said...
ဘယ်တော့ ဆက်ရေးမှာလဲ ... စောင့်နေတယ် နော်... ။ အမြဲ ၀င်ဖတ်ဖြစ်ပေမယ့်.. ခုတော့ ရေးချင်စိတ်ပေါက်လာလို့ပါ..။
June 3, 2009 1:40 PM
စာဖတ်သူတစ်ယောက်က ဒီနေ့ အထက်ပါ ကော့မန့်ကိုပေးခဲ့တာပါ။ ယောင်္ကျားလေး မိန်းကလေး ဘယ်လိုမှ မပါလို့ စာဖတ်သူရှမ်းလို့ပဲ ခေါ်ပါရစေ။ ကျနော့အကျင့်က (ငယ်ငယ် ကြီးကြီး) ကို,တွေ မ,တွေထည့်ခေါ်တတ်လို့ပါ။ တစ်ချို့လည်း ကျနော်က ငယ်ချင်တယ်လို့ထင်ကြပါတယ်။ တကယ်က ကျနော်လေးစားသမှုနဲ့ ခေါ်တာပါခင်ဗျာ။ ကျနော်တို့ အွန်လိုင်းမှာကလည်း အဲ့ဒီ ယောင်္ကျားလေး မိန်းကလေး ခွဲလို့မရတာလည်း ပြဿနာတစ်ခုပါပဲ။ မနန်းညီက ကိုနန်းညီဖြစ် မမိုးခါးက ကိုမိုးခါးဖြစ် ကိုဂျူလိုင်က မဂျူလိုင်ဖြစ်တတ်တယ်လေ။
ကော့မန့်တွေကို မပေးကြဘူးတဲ့။ စာတွေပဲဝင်ဖတ်ကြတယ်လို့ပြောပါတယ်။ သူငယ်ချင်းတစ်ချို့ကလည်း ကော့မန့်ပေးရင် သူတို့မေးလ်တွေ ပေးရလို့ သဘောမကျဘူးလို့ဆိုပါတယ်။ တစ်ခုတော့သိစေချင်ပါတယ်။ ကော့မန့်ပေးလိုက်လို့ ကော့မန့်ပေးသူရဲ့ မေးလ်ကို ကျနော်တို့ မသိလိုက်ရပါဘူး။ ကျနော်တို့ မမြင်ရပါဘူးခင်ဗျာ။ မေးလ်မှာ ပေါ်စေချင်တဲ့ နာမည်တစ်ခုကိုပဲ ကျနော်တို့မြင်ရပါတယ်။ ဘလော့ဆောက်ထားတဲ့ သူတွေကလွဲရင်ပေါ့ဗျာ။ ဘလော့ဆောက်ထားတဲ့သူတွေကတော့ သူတို့ရဲ့ Profile ကို ကျနော်တို့ရောက်သွားမှာပါ။ အထက်ပါ စာဖတ်သူရှမ်းရဲ့လင့်ကိုလိုက်ကြည့်ရင် ဘာမှတွေ့ရမှာမဟုတ်ပါဘူး။ Error page တစ်ခုကိုပဲ မြင်ရမှာပါ။ သူ မေးလ်ကိုသုံးပြီး ကော့မန့်ပေးခဲ့လို့ပါ ပြီးတော့ သူဒီမေးလ်နဲ့ ဘလော့မဆောက်ထားလို့ပါ။ ကိုယ့်ရဲ့မေးလ်လေးပေါ်သွားမှာ စိုးရိမ်ပြီး ကော့မန့်မပေးချင်ဘူးဆိုတဲ့ စာဖတ်သူတွေ အတွက်ပါဗျာ။
ခရေပန်းလေးရဲ့ ဘ၀ကို ပြန်ဆက်ပါမယ်။
သူ မန္တလေးကို ဒီတစ်ခေါက် ပြန်လာတော့ သူ့မှာ အတွေးတစ်စ ပါလာခဲ့ပါတယ်။ အဲ့ဒီအတွေးတစ်စကို သူမဆုံးဖြတ်နိုင်သေးဘူးပေါ့။ အတွေးတစ်စက သူ့မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ အဓိကပါ။ ချီတုံချတုံ လိပ်ခဲတည်းလည်း ဖြစ်စေတဲ့ ဆုံးဖြတ်ချက်ပါပဲ။
သူလက်ရှိ ဂေဟာမှာ ဆက်လက်နေထိုင်တုန်းပါပဲ။ ဂေဟာကနေ အိမ်ကိုထောက်ပံ့ဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲလှပါတယ်။ သူ့ရဲ့ လှမ်းချင်တဲ့ခြေလှမ်းတိုင်းကိုလည်း လှမ်းခွင့်မသာပါဘူး။ ဒီတော့ ဂေဟာက ဘယ်လိုထွက်ခွင့်ရမလဲ။
ဂေဟာက ချမှတ်ထားတဲ့ စည်းမျဉ်းက ဒီလိုပါ။ မိန်းကလေးရဲ့ မိသားစုဝင်အစစ်အမှန်များမှ ခိုင်လုံတဲ့အထောက်ထားပြပြီး ပြန်လည်ခေါ်ယူခြင်း။ ဒါကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူ့မိသားစုက မြန်မာနိုင်ငံသားတွေ မဟုတ်ကြဘူးလေ။ ဒုတိယတစ်ချက်ကတော့ အဲ့ဒီမိန်းကလေး အတည်တကျ အိုးအိမ်ထူထောင်ခြင်း။ သူ့အတွက် ဒီလမ်းကလွဲရင် ရွေးချယ်ခွင့်မှမရှိတော့တာ…..
သူသွားလုပ်ပေးနေတဲ့ စားသောက်ဆိုင်ရဲ့ ရှေ့မှာ နာရီပြင်ဆိုင်တစ်ဆိုင်ရှိပါတယ်။ အိပ်ငိုက်နေတတ်တဲ့ တရုတ်ကလေးတစ်ယောက်အမြဲ ရှိနေတတ်တယ်။ အဲ့ဒီဆိုင်လေးက ဆိုင်မှာရှိတဲ့ စာဖိုမှူးရဲ့ တူတစ်ယောက်ဖွင့်ထားတာပါ။ ယောင်းမကိုတိုင်ပင်ရင်း အိုးအိမ်ထူထောင်ဖို့ကိစ္စ ပြောဖြစ်ပါတော့တယ်။ နောက်တော့ လူကြီးချင်းညှိနှိုင်းပြီး ခရေပန်းလေးနဲ့ နာရီပြင်ဆိုင်လေးတို့ ပေါင်းစည်းသွားတယ်ဆိုပါတော့။ (အမှားပြင်ဆင်ချက် - တကယ့်အဖြစ်မှန်က ခရေပန်းလေးရဲ့ ယောင်းမနဲ့ စားဖိုမှူးတို့ နားချမှုကြောင့် အိမ်ထောင်ပြုဖြစ်သွားတာပါ ကျနော်အမှတ်လွဲသွားတယ်ဗျာ)
နာရီပြင်ဆိုင်လေးက နောက်တော့ သူ့အဖွားဖွင့်ထားတဲ့ ဈေးထဲက ခေါက်ဆွဲဆိုင်လေးကို ပြောင်းကြတယ်။ ဒိုးတူဘောင်ဖက် မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့။ အခက်အခဲတွေကိုလည်း အမျိုးမျိုးပေါ့။ ဂေဟာမှာနေခဲ့ဖူးတဲ့ မိန်းကလေးဆို အထင်သေးလွယ်တတ်ကြတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးမှာ ရင်ဆိုင်နိုင်အောင်ပေါ့။ ပြီးတော့ အိမ်ထောင်တစ်ဖက်နဲ့ မိဘတွေကိုထောက်ပံ့ဖို့ ရည်ရွယ်ရင်းကိုလည်း သူမအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခရေပန်းလေးဟာ နောက်ထပ်မျိုးဆက်သစ်သုံးယောက်ကိုမွေးဖွားပေးခဲ့နိုင်တယ်။
သူမ ပညာမတတ်ပါဘူး။ ဒါပေမယ့် အင်ဂျင်နီယာ သားသမီးနှစ်ယောက်နဲ့ ဘွဲ့ရပညာတတ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။ မိဘရဲ့ ပြုစုပျိုးထောင်မှုကြောင့် သားသမီးဆိုတာ အညွန့်တလူလူတက်ကြတာမျိုးပါ။ သားကောင်းသမီးမွန်တွေမွေးဖွားပေးတဲ့ မိဘမျိုးမို့ ဂုဏ်ပြုထိုက်ပါတယ်။
ခရေပန်းလေး အခုအချိန်အထိ မန္တလေးမှာ နေထိုင်နေဆဲပါ။ ပြီးတော့ သူမရဲ့ ကျေးဇူးရှင်တွေကိုလည်း စောင့်မျှော်လက်ရှိနေဆဲပါ။ အခါအခွင့်သင့်ရင်ဖြင့် တွေ့ဆုံပြီး ကျေးဇူးတရားတွေကို ဆပ်ခွင့်ရသွားချင်ပါတယ်……
ဒီပို့စ်လေးကို ကျနော်ရေးရတဲ့အကြောင်းတွေက
လူတစ်ချို့က ဘ၀ကံဆိုးတယ်ဆိုပြီး ရေစုန်မျောတတ်ကြပါတယ်။ မိမိတတ်နိုင်သလောက်ကြိုးစားအားထုတ်မယ်လို့ စိတ်မကူးတတ်ကြပါဘူး။ နောက်ခံဘ၀မကောင်းခဲ့ရလို့ ဆင်းရဲလို့ ပညာမတတ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေကို အသေဆုပ်ကိုင်ပြီး ကိုယ့်ရဲ့ ပျင်းရိမှု တွေကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ခရေပန်းလေးလို အားနွဲ့တဲ့မိန်းကလေးတောင် သူ့ဘ၀ကို ခါချဉ်ကောင် ခါးမသန်ပေမယ့် မာန်တင်းနိုင်သေးတာပဲ။ ကျနော်တို့ဘာအတွက်ကြောင့်မှ လွယ်လွယ်လက်မလျော့သင့်ပါဘူး။
မိန်းကလေးငယ်ငယ်တွေအတွက် ပတ်ဝန်းကျင်ကြောင့် ပျက်စီးလွယ်တဲ့ အကြောင်းတွေအများကြီး ရှိပါတယ်။ ဒါပေမယ့် လူတွင်ပါမှ နွားကျားကိုက်တယ်ဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ (မတရားအနိုင်ကျင့်ခံရခြင်းတွေကို မဆိုလိုပါ)။ မိမိတို့ထိန်းသိမ်းသင့်တဲ့ သိက္ခာကိုထိန်းသိမ်းရင်း တန်ဖိုးရှိတဲ့ မိခင်လောင်း မိခင်ကောင်းတွေ များပြားစေချင်ပါတယ်။
စာဖတ်သူရှမ်းနဲ့ စာဖတ်သူအားလုံးကို ကျနော့ရဲ့ တ၀က်တပျက်နဲ့ ရပ်တန့်နေတဲ့ ပျက်ကွက်မှုအတွက် အနူးအညွှတ်တောင်းပန်ပါတယ်။ နောင်ကို ပြောစရာ ဆိုစရာ ဆဲစရာ သွန်သင်စရာရှိရင် ဆုံးမသွားနိုင်ပါတယ်ဗျာ။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
4 months ago
