Credit: photo is from Lovinghugs.comMoney train ဆိုတဲ့ ဇာတ်ကားကို ကြည့်ပြီး ငယ်ဘ၀တလျောက်လုံး သိပ်စွဲလမ်းခဲ့တာပါ။ တယောက် ကိုတယောက် သစ္စာ စောင့်သိပြီး အသက်ပေးချစ်တဲ့ သူငယ်ချင်း မိတ်ဆွေဆိုတဲ့ ချစ်ခင်ခြင်းကို ကိုးကွယ်မိခဲ့တယ်။ ဇာတ်ကားဆိုတာ ဇာတ်ကားတခုပဲဖြစ်တာမို့ (ပြင်ပဘဝမှာ ရှိကောင်းရှိနိုင်ပါတယ် ဒါပေမယ့် ရှိခဲပါဘိခြင်း)။ ယုံမယ့်သာယုံနေတာ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀နဲ့စာတော့ ဘယ်လိုမှ မအပ်စပ် မဖြစ်ပျက်နိုင်ဘူးဆိုတာကို အတိုင်းသား မြင်နိုင်တယ်။ ဒါပေမယ့် ယုံကြည်နေတုန်းပဲ တနေ့တလံပေါ့……………
အိမ်က အဖိုးအဖွားက သားသမီး ၁၃ယောက်ပွားစီးပါတယ်။ ဒါပေမယ့် ၅ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။ အကြီးတွေ အကုန်လုံး ရောဂါမျိုးစုံနဲ့ ကုန်လွန်ကြတော့ အဖိုးအဖွားတို့မှာ အားကိုးအားထားရယ်လို့ မရှိရှာဘူးပေါ့။ အဲ့ဒီတော့ နီးစပ်ရာ တူမောင်သားချင်းတွေကို သားသမီးအဖြစ်မွေးစားခဲ့တယ်ဆိုတယ်။ ပထမ မွေးစားသားက အတော်လေး လုပ်တတ်ကိုင်တတ်တယ်တဲ့။ ဒါပေမယ့် မုံရွာမြို့မီးဘေးကြီး ဖြစ်တော့ ကမ်းနားလမ်း အိမ်ကြီးကနေ ခွေးပြေးဝက်ပြေး ပြေးကြရတယ်။ မွေးစားသားက အဖေတို့အမေတို့ ပြေးနှင့်ကြတော့ သား မီးခံသေတ္တာကို မပါ, ပါအောင် သယ်ခဲ့မယ် ဆိုတာနဲ့ အသက်ဘေးက ဝေးအောင် ပြေးကြရတယ်။ မီးခံသေတ္တာကိုတော့ ချောင်းဦးနားမှာ ဟောင်းလောင်း ပြန်ရတော့မှ ကျောချတဲ့အခါ အိုဓါးပြရယ် အိုဓါးပြရယ်လို့သာ ငိုညည်းနိုင်ရှာတော့တယ်။
မွေးစားသားသမီး ဆိုတာကို ရပ်တန့်ပြန်တော့ အကြီးဆုံး သမီးကြီးရဲ့ သားသမက်အလှည့်ပေါ့။ ရုပ်ချော အရာရှိ အသက်ကလည်း ငယ်ပြန်တော့ ရှင်းလိုက်ရတဲ့ အရှုပ်ထုပ်တွေ ငွေထုပ်ပိုက်ပြီး တောလိုက်လိုလိုက် တောင်လိုက်လိုလိုက်။ မိမိသမီးကြီး မျက်နှာမငယ်ရေး အတွက် စီးပွားရေးပျက်ချင်ပျက်ပါစေပေါ့။ သမီးကြီး ဆုံးသွားမှပဲ တစခန်းရပ်တော့တယ်။ ဒါတောင် အဖိုးအဖွားဆုံးတော့ အမွေဆိုင်ပါ လုပ်ပြီး တရားစွဲမယ် ဘာမယ် ထလုပ်သေးတယ်။
နောက်တယောက်ကတော့ နှစ်ဖက်စလုံးကို ဒုက္ခလှလှပေးခဲ့တာပေါ့။ ဟိုးတောထဲမှာ စားစရာ မရှိလို့ အိမ်မှာ လက်တိုလက်တောင်းရ၊ ကျောင်းလေးဘာလေးလည်း ထားပေးရအောင် ခေါ်လာခဲ့တာ။ သွားတိုက်တံဆိုတာ ဒီလိုတိုက်ရတယ်လို့ လက်ထဲက တိုက်လက်စ မီးသွေးခဲကို ဆွဲယူပြီး သင်ပြပေးခဲ့ရတာ။ ဇွန်းခက်ရင်း ကိုင်တာက ဒီလိုကွ။ ထမင်းစားရင် ဒီလိုပုံ ဆိုပြီး အိမ်က ပုံသွင်းပေးခဲ့တာ။ ရည်ရည်မွန်မွန်ဖြစ်လာတော့ တောင်အိမ် (ဖေတို့ အိမ်က) တွင်ခုံမှာ လုပ်ငန်းသင်ပေးခဲ့တယ်။ လုပ်တတ်ကိုင်တတ်ဖြစ်လာတော့ မဆိုးဘူးရယ်လို့ မှတ်ချက်ပေးကြတယ်။ လုပ်ငန်းကိုင်ငန်းတွေ မျက်နှာလွှဲပေးကြတယ်။
ကျေးဇူးဆိုတာရှိမနေခဲ့ရင် ကျေးဇူးစွပ်စရာမလိုဘူးတဲ့။ ဟုတ်တယ် ကျေးဇူးဆိုတာ မရှိခဲ့ရင်ကောင်းမယ်လို့ တွေးမိတယ်။ အတွင်းရေး အတော်များများ သိသွားပြီးတဲ့နောက် နောက်ကျောက ဓါးနဲ့ထိုးမယ်လို့လည်း ဘယ်သူက ထင်မှာလဲ။ ယုံကြည်ထားပြီးသားမို့ မဟုတ်မဟတ် အကြံတွေနဲ့ ဘ၀ပျက်အောင် လုပ်လိမ့်မယ်လို့ ဘယ်သူ ကြိုသိမှာလဲ။
လုပ်ခဲ့တယ် လုပ်ပစ်ခဲ့ပါတယ်။ အိမ်မှာရှိသမျှ အ၀တ်တထည် ကိုယ်တခုနဲ့ ဆင်းခဲ့ရလောက်အောင် ကို လုပ်ပစ်ခဲ့တာ။ တောင်အိမ်က အခုထိရှိနေတုန်း။ ခြံဝန်းကို ပိုင်းပြီးတော့ ရောင်းလိုက်ကြပါပြီ။ နှစ်ဖက်ဆွေမျိုးတွေ အကုန်စိတ်နာခဲ့ကြတယ်။ ဖေ့ဦးလေးဆို အဲ့ဒီစိတ်နဲ့ သေရာပါ။ ပျက်သွားတဲ့ ဘ၀တွေက အများကြီး။ ဦးလေးတွေဆို အခုထိ ဘ၀ပျက်နေကြတုန်း။ အဲ့ဒီလူကိုတွေ့ရင် အော့နှလုံးနာလွန်းလို့ မျက်နှာကို လွှဲပစ်ကြတယ်။ သူ့ဆီမှာ အဖိုးလေးတို့ ရစရာရှိတာတွေ တပုံကြီးကျန်သေးတယ်။ ဒါတောင်မှ သူက မြို့မျက်နှာဖုံးအဖြစ် ဟန်မပျက် ပြုံးပြုံးလေး နေနိုင်သတဲ့။ လူများနော်….
ယုံကြည်မှုဆိုတဲ့ အတိုင်းအတာက မိတ်ဆွေ သူငယ်ချင်းတွေကြားမှာ အတော်လေး တာသွားပါတယ်။ ပေါင်းသင်းရင်း ကြာရှည်လာတဲ့ ကာလတစ်ခုမှာမှ ဒီယုံကြည်မှုဆိုတာ ဖြစ်တည်လာတာပါ။ ဘယ်သူကမှ တွေ့တွေ့ချင်း ယုံကြည်လိုက်တာလို့ မပြောတတ်သလို၊ ငါ့ကို ယုံကြည်ပါကွာလို့လည်း ပြောကြမှာမဟုတ်ပါဘူး။ ထုံးစံအတိုင်း ကျနော်ကောဆိုရင်တော့ ကျနော်က လူတွေကို ယုံကြည်ခဲပါတယ် (အရင့်အရင် အတွေ့အကြုံတွေအရ ကျနော်ပြောင်းလဲသွားတာပါဆိုတာကို လူတွေကလည်း မယုံကြည်ကြပါဘူး)။ အကြွင်းမဲ့ယုံကြည်အောင်လည်း ကြိုးစားပါတယ်။ ယုံကြည်မိပြီးပြီဆိုလည်း စုံလုံကန်းယုံသွားတတ်လွန်းလို့ ခံရပေါင်းလည်း များပါပြီ။ အသိအစ်ကို တယောက်ပြောသလို တခါခံလိုက်ရတိုင်း ဘ၀သင်ခန်းစာတစ်ခုတိုးတယ်လို့ မှတ်ယူထားပါတယ်။
သူငယ်ချင်းမိတ်ဆွေဆိုတဲ့ လူမှုပတ်ဝန်းကျင် တစ်ခုမှာ အဲ့ဒီယုံကြည်မှုကို ဘယ်လိုတည်ဆောက်ကြမလဲ။ ကျနော့ကို ရော ဘယ်သူတွေက ယုံကြည်ပြီးတော့ ဘယ်သူတွေက မယုံကြည်ကြဘူးလဲ။ ကျနော်က မိတ်ဆွေအရင်းတွေလို့ ဆက်ဆံရင်းနှီးခဲ့သူတွေကရော တကယ်ပဲ ယုံကြည်လောက်ရဲ့လား။ စတဲ့ မေးခွန်းတွေနဲ့ ကျနော် ပိတ်မိနေပြန်ပြီပေါ့………..