19 December 2013

သူငယ်ချင်းငပြည့်ဖတ်ဖို့



ငပြည့် မနေ့ကမှ ငါမင်းသတင်းကို သိရတယ်။ စိတ်မကောင်းဘူး သူငယ်ချင်း။ မင်းက ဒီစာကို ဖတ်နိုင်တော့မှာ မဟုတ်ဘူး ဒါပေမယ့် ငါက ဒီစာကို ရေးချင်တယ်။ ငါတို့နောက်ဆုံးဆုံဖြစ်တာ နိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ဂျပန်စာသင်တန်းရှေ့မှာ..အဲ့ဒီနေ့က ငါ့အမ အိုင်စီမေဂျာနဲ့ ဘွဲ့ယူတဲ့နေ့။

မင်းကို ပုံမှန်ဆို ငါက သတိမထားမိဘူး။ တခြားလူတွေရဲ့ စကားသံတချို့ရယ် အတန်းပြောင်းဖို့ လာတိုင်ပင်တဲ့အတွက် အတန်းခေါင်းဆောင်တယောက်အနေနဲ့  စကားစပြောဖြစ်တယ်။ မင်းအတန်းမပြောင်းဖြစ်ဘူး။ မင်းရယ် ငါရယ် ငရဲရယ် သချာင်္ချိန်တိုင်းပျော်ရတယ်။ စောစောပြီးတာချင်းတူတာမို့ စကားပြောဖြစ်သွားတာဖြစ်မယ်။ အစားကြိုက်တဲ့ငါ့အတွက် မင်းအမကြီးထည့်ပေးလိုက်တဲ့ Sandwich က ကုန်ကုန်သွားသလို၊ အိမ်ကိုဒီအတိုင်း ပြန်မပါသွားလို့ မင်းလည်း အဆူမခံရတော့ဘူး မဟုတ်လား။

ငါတို့ထဲက မောင်လူဆိုးကမင်းကိုကြိုက်တယ်ဆိုလာတယ်။ ကန့်ကွက်နေရအောင် ကလေးတွေမဟုတ်တာမို့ မင်းတို့ချင်း သဘောတူလက်ခံရင် ငါတို့ကလည်း လက်ခံမယ်။ ဒါပေမယ့် မောင်လူဆိုးကို မင်းလက်မခံနိုင်တာ ငါသိတယ်။ မင်းအနားက သကောင့်သားတွေကလည်း ခဏနေတယောက် ခဏနေတယောက်ပဲ။ မိန်းကလေးတွေဆိုတာ နားလည်ရခက်တယ်လို့ ငါမင်းကိုကြည့်ပြီး ပိုယုံကြည်လာတယ်။ ပြန်ကြိုက်တာလည်း မဟုတ်ပေမယ့် ကပ်လာတဲ့လူတိုင်းကို လက်ခံနေတာ ဘာကြောင့်လဲလို့ ငါမမေးခဲ့မိဘူး။ မင်းအကြောင်းနဲ့ မင်းရှိမှာပဲ။

မင်းအကြောင်းနဲ့တင် ရပ်မသွားတာ ငါနောက်ကျမှသိရတယ်။ မောင်လူဆိုးက ငါ့ကိုရန်ရှာတဲ့နေ့မှပါ။ ငါလည်းသတိမထားမိဘူး။ ဆရာ့ရှေ့မှာ ပရောဂျက်အတွက် ငါတို့နှစ်ယောက် အတူတူဖြေရတဲ့အခါ ငါ့လက်ကို မင်းဆုပ်ကိုင်ထားတာ မင်းကြောက်နေလို့လို့ပဲ ငါနားလည်တယ်။ ဖြစ်နိုင်ရင် ငါက အစ်ကိုတယောက်လိုပဲ စိတ်ထဲမှာရှိခဲ့တာ။ ဖြေပြီးနောက်တနေ့မှာ သူက ငါ့ကိုရန်လာစတာ။ မင်းကိုတော့ အဲ့ဒီအကြောင်းတွေ မပြောဖြစ်ဘူး။ ပြောစရာလည်း လိုတယ်လို့ကို မထင်တာ။

ဒါပေမယ့် မင်းသိနေခဲ့တယ်။ ပရောဂျက်လုပ်တဲ့အချိန် ဆရာ့ကို ဟိုကောင်ငိုပြပြီး ငါတို့နဲ့ တဖွဲ့တည်းလုပ်တဲ့အကြောင်းကိုပါ မင်းသိတယ်။ ဒါကြောင့်လည်း မင်းက အရှေ့လှေခါးကနေ အိမ်ပြန်ချင်ယောင်ဆောင်ပြီး အနောက်လှေခါးကနေ ပြန်ပြန်တက်ရင်း ဟိုကောင့်ကို အရူးလုပ်နေခဲ့တာ. အဲ့ဒီကောင်အကြောင်းကို ငါတို့နှစ်ယောက်စလုံး တခွန်းမှ မပြောခဲ့ကြဘူး။

မင့်ကို အမှတ်တရ အရှိဆုံးက ပရောဂျက်အတွက် လိုင်းကားစီးတဲ့နေ့ကိုပဲ။ ဘ၀မှာ လိုင်းကားမစီးဖူးဘူးဆိုတဲ့ လူစားမျိုး ငါ့တသက်မှာ တခါပဲတွေ့ဖူးတာ။ မင်းရှက်နေမှာစိုးလို့ တကယ်က ကားအလယ်ထိုင်ခုံမှာ ကိုးရိုးကားယားဖြစ်နေတဲ့ မင်းကို ငါရီချင်တယ်။ ဘ၀ဆိုတာ အမြဲတမ်းပြည့်စုံနေတတ်တာ မဟုတ်ဘူး။ ငါတို့တဖွဲ့လုံးသွားဖို့ တက္ကစီနဲ့လည်း မဆန့်ဘူးမဟုတ်လား။ အတွေ့အကြုံရတာပေါ့ကွာ.

မင့်ရဲ့ကိုးရိုးကားယားနိုင်မှုဟာ အဲ့ဒီမှာ မရပ်ဘူး။ နောက်တခါ ဆရာတွေကို ပရောဂျက် ရှင်းပြတဲ့နေ့မှာ ဆံပင်နှစ်ဖက်ခွဲပြီး အရုပ်တရုပ်လို ယိုင်ထိုးပြီးလျှောက်လာတဲ့တခါ ကျန်သေးတယ်။ အ၀ါရောင်တောက်တောက် ဖဲကြိုးနှစ်ချောင်းနဲ့  လွယ်နေကျ အရုပ်ကျောပိုးအိတ်နဲ့ တကယ့်ဟာသ။ 

ငါတို့အတန်းမပြီးခင် သူရိန်နဲ့ မင်းငြိနေတယ်လို့ ငါကြားတယ်။ မင်းရဲ့ ဇာတ်ထုပ်တွေက တရုပ်ကားတွေလို အတွဲလိုက်လာတာမဟုတ်လား။ ဟုတ်သည် မဟုတ်သည်တော့ မင်းကိုယ်တိုင်ပဲသိမပေါ့။ အရင်ဆုံး သြစတြေးလျကိုထွက်သွားတဲ့ ရှမ်းကလေး၊ နောက်တခါ ကိုလားရှိုး၊ ပြီးတော့ ကိုသင်္ဘော၊ ငါတို့ မောင်လူဆိုး နောက်မှာ သူရိန်ပေါ့။

အတန်းပြီးသွားတဲ့အခါ ငါတို့တွေ တယောက်စီ ကွဲသွားကြတယ်။ ငါလည်း ငရဲတို့အိမ် မရောက်ဖြစ်တော့ဘူး။ မာမားတို့နဲ့ သာမညကို တခေါက်တော့ အလည်လိုက်သွားသေးတယ်။ ငရဲဆီက မင့်ဖုံးနံပါတ်ရလို့ ငါဖုံးဆက်ဖြစ်တယ်။ အဲ့ဒီအချိန်ငါ ဂျမားမှာ တယောက်တည်းနေတယ်။ ဟင်းချက်ရင်း ဖုံးဆက်နေတာ။ နောက်ပိုင်းတော့ မဆက်ဖြစ်တော့ဘူးကွ။ အလုပ်မအားတာလည်း ပါတယ်။ မင့်အားမအားလည်း မသေချာလို့။

သိပ်မကြာခင် ငါ စင်္ကာပူကိုထွက်ခဲ့တယ်။ အတန်းထဲက ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရတော့ဘူး။ ငရဲတို့အိမ်နဲ့ရောပေါ့။ ဟိုတမြန်နှစ်က မြန်မာပြည်ပြန်တော့ ၁၃လမ်းအိမ်ရှေ့ကို ဖြတ်လျှောက်ဖြစ်သေးတယ်။ ငရဲတို့ မနေတော့သလိုပဲ။ ငါတို့နှစ်ယောက် စာအတူကျက်တဲ့ ထပ်ခိုးလေးကိုလွမ်းသွားတယ်။ မာမားရဲ့ တရုတ်ဆေးနဲ့ကြက်သားဟင်း အနံ့ကို ပြန်ရဦးမလား လက်ကိုနမ်းကြည့်မိသေးတယ်။

တကယ်ဆို ကြားရတဲ့ သတင်းကို ငါမယုံနိုင်ဘူး။ မင်းဆုံးသွားပြီဆိုတာ တကယ်မဟုတ်ဘူး။ မင်းဟာ ရှိနေတုန်းပဲ ငါတို့ သူငယ်ချင်းတွေ စိတ်ထဲမှာ ရှိနေတုန်းပဲ။ အရပ်ကြီးကလန်ကလားနဲ့ ကျောင်းရဲ့ ကော်ရီဒါတခုလုံးပြည့်အောင် ယိမ်းထိုးပြီး လမ်းလျှောက်တဲ့ မင်းကို ငါတခေါက်လောက် မြင်ချင်သေးတယ်။ မင်းစောင့်နေပါ ငါ ဒီပုစ္ဆာပြီးအောင် တွက်ပြီးရင် မင်းရှိတဲ့နေရာကို လာခဲ့မယ်။

သူငယ်ချင်း ငပြည့် ကောင်းရာသုဂတိ လားပါစေ….

10 December 2013

ညိုရောင်ဖျော့ဖျော့ ပတ်ချာလည်

လောကမှာ လက်သင့်မခံနိုင်ဆုံး အမှုကိစ္စမှာ လက်လွတ်ဆုံးရှုံးရခြင်းထက် အခြားရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မှတ်ထင်မထားခဲ့။ ကမ္ဘာကြီးက လုံးသည့်အလျောက် အဆုံးနှင့်အစမှာ အမြဲကပ်လျက်ရှိစတမ်းဟု တွေးမြင်ယူဆနေခဲ့ပါလျက်.....

အဲ့ဒီနေ့မနက်က သူရုံးနောက်မကျခဲ့လျှင်....အကယ်၍ ရုံးမတက်ခဲ့လျှင်..ဆိုသော ကြံမိကြံရာ အတွေးများဖြင့်သာ။ သူစီးနေကျ ၁၈၈ကိုမစီးဘဲ တခြားကားပြောင်းစီးဖို့ အကြောင်းသည် နောက်ကျခြင်းကြောင့်ပင် မဟုတ်လော။ နောက်ကျလက်စနဲ့ ရုံးမတက်ပဲရှိစေဟု စိတ်မပြောင်းပဲ ခိုင်ခိုင်ကျည်ကျည်ရုံးကို သွားနေမိသောကြောင့်လည်း ပါသည်။ 

ရုံးတက်ချိန်ဖြစ်၍ တိုးဝှေ့နေသော လူအုပ်ထဲတွင် ကျနော့ထက်အရပ်နိမ့်သောသူများ ပါလေ့ရှိသည်..

အဲ့ဒီ အဆိုပါနေ့တွင်တော့ လက်ကိုင်တန်းက ကွင်းကို မမှီမကမ်းလှမ်းနေသော အရပ်နိမ့်သူသည် ကျနော့ရှေ့ရှေ့တည့်တည့်...ထို့ထက်ပို၍ သူ့မျက်နှာ မော့ပြီး ကွင်းကို ကိုင်နေသောအခါ တန်းကိုလွတ်အောင် ခေါင်းငုံ့ထားသော ကျနော့မျက်နှာနှင့် တည့်မတ်စွာ....

ထိုအခါ အမည်းရောင်စက်ဝိုင်း၏ ပြင်ပရှိ အညိုရောင်ဖျော့ဖျော့စက်ဝိုင်းများသည် ကျနော့အား များစွာ ဒုက္ခပေးလေတော့သည်။ ငယ်ငယ်တုန်းက စွဲလမ်းဖူးသော ပြောင်ခေါင်းစိမ်းများပမာ အရည်ရွှမ်းလဲ့ ဝင်းစိုနေသော အညိုရောင်ဖျော့ဖျော့များသည် ကျနော့အား တစထက်တစ....

မျက်နှာလွှဲဖယ်ရန် ခက်ခဲသော နေရာအကျပ်အတည်းတွင် မေ့လျော့စွာ အားမနာပါးမနာ ငေးမောနေသော ကျနော့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ခြင်းဖြင့် ဆန့်ကျင်သည်။ ထိုအခါမှ မျက်တောင်များကို အနားသတ်ထားသော အမည်းရောင် စည်းမျဉ်းကို ကျနော်မြင်သည်.....ရပ်

သို့သော် အညိုရောင်ဖျော့ဖျော့သည် ကျနော့အနားတွင် ရစ်သီရစ်သီဖြင့်သာ။ သွားစမ်းကွာဟု ပါးစပ်က ပြောပြီး မောင်းမထုတ်ခဲ့သော်လည်း လက်ထဲတွင် အလုပ်မပြတ်စေခြင်းဖြင့် ကျနော့စိတ်ကို ချည်တုပ်သည်။ တရုံးလုံးက အရင်လို ပြောင်နောက်နေကြ ခပ်ရှုပ်ရှုပ်ကောင်ကလေး ငြိမ်သက်နေသည်ကို ထိုင်ပြီးကြည့်နေကြသည်။ သူအလွန်ကြိုက်သော ဘောလုံးအသင်း ရလာဒ်ကို တိတ်တဆိတ် စစ်ဆေးခြင်းဖြင့် သူ၏ငြိမ်သက်ခြင်းကို ဖော်ထုတ်လိုကြသည်။ မည်သူမျှ မသိနိုင်သော အကြောင်းအရာမို့ သူက သီချင်းတီးတိုးဆိုရင်း အလုပ်ကိုလုပ်မြဲ....

ထို့နောက်တွင် သူစီးနေကြ ၁၈၈ကားကြီးကိုသူမေ့လိုက်သည်။ ပြောင်းလဲလွယ်တတ်သည့် သဘောကို တရားသဘောလို့ ခပ်ပါးပါးပြောရင်း မနက်ခင်းတိုင်းကို အညိုရောင်ခြယ်သည်။ အနက်ရောင်စည်းမျဉ်းအထက်တွင် တခါတရံ မီးပွိုင့်များပါလာတတ်သလို ရံဖန်ရံခါ ကြယ်ပွင့်များလည်း ငြိတွယ်လာတတ်...

မီးပွိုင့် သင်္ကေတ အစိမ်းရောင်တချို့သည် ရော်ရွက်ဝါတို့ မကြွေခင် လင်းသည်။ အဆိုပါ ရွက်ဝါတို့ကို မြေပေါ်ကြွေသက်မဆင်းခင် ဖမ်းဆုပ်ရင်း ကျနော် လေထဲကို အားပါးတရ ခုန်ပစ်လိုက်သည်။ ထိုနေ့က တရုံးလုံး ကျနော့၏ အစ,အနောက်ကို ပြန်ရသွားကြလေသည်။ လွတ်မြောက်နေသော သူတို့ရက်များကို မေ့လျော့စွာ သူတို့အားလုံးကျနော်နဲ့အတူ အားပါးတရ ရီလိုက်ကြ......

တကယ်တမ်း မရီမောနိုင်သင့်ဆုံးသူမှာ ကျနော်ပင်ဖြစ်သည်။ သူကျနော့ကို အရူးလုပ်လိမ့်မည်ဟု ဘယ်တုန်းကမျှ မယုံကြည်။ သို့သော် သူလုပ်သွားခဲ့လေပြီ။ သူနဲ့အတူ တရုံးလုံးက ကျနော့ကို လက်ညှိုးထိုး ဝိုင်းဟားနေကြသည်ဟု မက်သော အိပ်မက်မှန်နေပါပေါ့။ သူ့သူငယ်ချင်းတွေကလည်း ကျနော့ကို လူညံ့တယောက်ဆိုပြီး ရယ်သွမ်းသွေးကြမည်။

လေတိုက်တိုင်း မုန်းသည်။ ၁၈၈ကားကိုလည်း မုန်းသည်။ ရုံးနောက်ကျသော အဆိုပါနေ့ကိုလည်း မုန်းသည်။ ယနေ့ တနင်္လာနေ့ကိုလည်း မုန်းသည်။ ကျနော့ကို ပိုမိုချစ်ခင်လိုပြီး သူတပ်လာခဲ့သော အပြာနုရောင်ဖျော့ဖျော့ မျက်ကပ်မှန်ကိုလည်း မုန်းသည်။ မျက်ကပ်မှန်ကို မျက်ကပ်မှန်မှန်းမသိသော ကျနော့ကို ကျနော်သာ၍ မုန်းသည်။ အညိုရောင်ဖျော့ဖျော့သည်လည်း မျက်ကပ်မှန်ဟု သိလိုက်သောအခါ ပို၍ပို၍မုန်းသည်...

သို့ဖြင့် အညိုရောင်ဖျော့ဖျော့များသည် ကျနော့အနားတွင် ပတ်ချာလည်, လည်လျက်သာ ရှိနေတော့သည်......

04 December 2013

မင်းမန်၊ ခိုင်ဒင်းနဲ့ အနှိပ်ခန်း



မနက်ကိုးနာရီလောက် လာခေါ်မယ်ဆိုတော့ ရှစ်နာရီလောက်မှာထတယ်။ ဟိုတယ်က ကျွေးတဲ့ မနက်စာပူပူနွေးနွေးကို အားရပါးရစားဖို့။ အကြိုက်ဆုံးက ခေါက်ဆွဲပါ။ ပန်းကန်လုံးလေးနဲ့ပေးတာမို့ နှစ်လုံးတောင်ဆွဲလိုက်တယ်။ လတ်ဆတ်တဲ့လေထုရယ် အသီးအနှံတွေရယ်နဲ့ မနက်ခင်းဟာ ဒွိယံဒွိယံဖြစ်လို့နေတယ်။

ဒီနေ့တော့ နာမည်ကျော် သချင်္ ိုင်းဂူခုနှစ်ခုထဲက နှစ်ခုကိုသွားမယ်။ ပထမဆုံးသွားဖြစ်တာ မင်းမန်ဘုရင်ရဲ့ သချင်္ ိုင်းတော်ပါ။ ငုယင်နန်းဆက်ရဲ့ ဒုတိယမြောက်ဆက်ခံသူဖြစ်ပြီး နန်းစံသက် ၂၁နှစ် အသက် ၅၀မှာ ကွယ်လွန်ခဲ့တယ်။ အိမ်ရှေ့စံသားတော်ကြီးကွယ်လွန်သွားတာကြောင့် မရွယ်ဘဲ စော်ကဲမင်းဖြစ်လာတဲ့ မင်းမန်ဟာ ကျူးကျော်လာသူ နယ်ချဲ့ ဥရောပသားတွေကို တွန်းလှန်လိုစိတ်ပြင်းပြတဲ့သူ တယောက်ပဲဖြစ်တယ်။


 


သချင်္ ိုင်းကိုရောက်သွားတဲ့အခါ သာယာလှပမှု၊ ရှုချင့်စဖွယ် ခမ်းနားလှပစွာ တည်နေတာကိုတွေ့ရတယ်။ ၁၈၄၁မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်နေဆဲကာလမှာ မင်းမန်သေဆုံးသွားခဲ့ပါတယ်။ အားလုံးပြီးစီးသွားချိန်က နှစ်နှစ်အကြာ ၁၈၄၃မှာပါ။




ဒီသချင်္ ိုင်းက ဒုတိယမြောက်ကျနော်ရောက်ဖြစ်တဲ့သချင်္ ိုင်းဖြစ်ပြီး သတိထားမိသလောက် သူတို့ရဲ့ တည်ဆောက်ပုံက အဝင်တံခါးအပြီးမှာ တောင်ကုန်းတခုကို တက် ပြန်ဆင်း နောက်တက်တောင်ကုန်းတခုကိုတခါပြန်တက် နောက်ဆုံးအတွင်းပိုင်းမှာ အုတ်ဂူတော်ရှိတာပါ။ ဒီသချင်္ ိုင်းမှာတော့ တောင်ကုန်းမြင့်တခုနဲ့တခုဟာ တညီတည်း ထပ်တူကျဆောက်လုပ်ထားတာကိုတွေ့ရတယ်။ အဝင်တံခါးဝတိုင်းရဲ့ အလယ်တံခါးပေါက်ကို ဘုရင်ကလွဲရင် ဘယ်သူမှ ဝင်ရောက်ခွင့်မရှိတာမို့ ပိတ်ထားတာပဲတွေ့ရတယ်။

သချင်္ ိုင်းထဲက ပန်းခြံထဲမှာ လိပ်ပြာတွေနဲ့ ပန်းတွေကိုလည်း ဓါတ်ပုံရိုက်မိပြန်တယ်။



သူ့အုတ်ဂူတော်ကိုရောက်ဖို့ လှေခါး ၃၃ထစ်ကို တက်ခိုင်းထားပြန်တယ်။ လခြမ်းပုံစံရေကန်တဲ့အတူ အေးမြတဲ့လေထုဟာ ပတ်ဝန်းကျင်တခုလုံးကို မေ့လျော့စေခဲ့ပါတယ်။


 သချင်္ ိုင်းတော်က အပြန် မြစ်ဘေးနားကနေ စိတ်ကူးယဉ်ပြီး လမ်းလျှောက်ခိုင်းခဲ့တာမို့ ကြည်နူးစရာ ရှုခင်းနဲ့အတူ အတွေးတွေဟာ ဖြန့်ကျက်လို့။နေ့လည်စာထမင်းကို သူတို့စီစဉ်ထားတဲ့ ဆိုင်မှာလိုက်ကျွေးပြီး နောက်တနေရာကိုကူးကြပြန်တယ်။ 








ဒီတခါသွားတဲ့နေရာက နောက်ဆုံးဘုရင်ဖြစ်တဲ့ ခိုင်ဒင်းရဲ့ သချင်္ ိုင်းတော်ပါ။ သချင်္ ိုင်းတော် အများစုဟာ မြစ်ရဲ့နံဘေးမှာ မြေပြန့်နေရာမျိုးမှာတည်ဆောက်ထားလေ့ရှိပြီး ခိုင်ဒင်းရဲ့ သချင်္ ိုင်းတော်ကိုတော့ တောင်စောင်းပေါ်မှာ ဆောက်ထားခဲ့တယ်။ ပြင်သစ်ကို ကိုယ်တိုင်သွားရောက်လေ့လာပြီး တည်ဆောက်ခဲ့တာမို့ ပြင်သစ်အငွေ့အသက်လွှမ်းမိုးမှုတွေ များတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။


photo credit to wikipedia

နန်းစံသက်ကိုးနှစ်နဲ့ ရုပ်သေးဘုရင်အဖြစ်နာမည်ကျော်ခဲ့တယ်။ သူ့အရှေ့ဘုရင်နှစ်ပါးလုံးကို ပြင်သစ်အုပ်ချုပ်သူတွေက ဖိအားပေး နန်းစွန့်ခိုင်းတာကြောင့် သူ့အဖြစ်ကလည်း ထီးနန်းဟာ ရုပ်ပြတခုသက်သက်ပါပဲ။ ပြင်သစ်တွေနဲ့ အဆင်ပြေအောင်နေထိုင်တာကြောင့် တိုင်းသူပြည်သားတွေက မကြည်ဖြူတာကိုလည်း ခံခဲ့ရတယ်။ ပိုဆိုးတာက သူ့သချင်္ ိုင်းတော်အတွက် အခွန် ၃၀ရာခိုင်နှုန်းပိုကောက်ခဲ့တာပါ။





 
 




သချင်္ ိုင်းတော် ဆောက်လုပ်တဲ့ အချိန် ၁၁နှစ်ကြာခဲ့တယ်။ ဗီယက်နမ်ရိုးရာအငွေ့အသက်တွေ ပျောက်ကုန်ပေမယ့် ထူးခြားတဲ့ တည်ဆောက်ပုံတခုတော့ ဖြစ်စေခဲ့ပါတယ်။ ထူးခြားတာက ကြီးမာတဲ့ နဂါးရုပ်ကြီးတွေ၊ နံရံတွေနဲ့ သူ့ရုပ်ကြွကို ခြယ်သထားတဲ့ ကြွေအတတ်ပညာ၊ မျက်နှာကြက်ပေါ်က နဂါးကိုးကောင်တို့ပါပဲ။

သချင်္ ိုင်းတော်တွေကို ကြည့်ပြီးတဲ့အခါ စိတ်ထဲမှာ ကဗျာတပိုဒ်ကို ရေရွတ်မိတယ်။ 
Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where i lie. 

ဒီလိုမျိုးကြီးကျယ်ခမ်းနားစွာ မှတ်ထင်ကျန်ရစ်ဖို့ထက် လူသေပေမယ့် နာမည်မသေပဲကျန်ရစ်ဖို့ကကော အရေးမကြီးဖူးလား။ ပြီးတော့ တခြားလူတွေရဲ့ ချွေးနည်းစာတွေကို အတင်းအဓမ္မယူပြီး အခုလို ဆောက်ရတာကို လိပ်ပြာသန့်နိုင်ပါ့မလား…တယောက်နဲ့တယောက် အတွေးအခေါ်အယူအဆခြင်း မတူညီနိုင်တာမို့ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲမဟုတ်ပါလား…
 
ပြန်အထွက်မှာ ကျနော့တိုးဂိုက်ရဲ့ သူငယ်ချင်းက ဗီယက်နမ်ဝတ်စုံကိုဝတ်လာတာမို့ သူ့ပုံကို ခွင့်တောင်းပြီး ရိုက်ယူခဲ့ပါတယ်။  

သချင်္ ိုင်းက ပြန်လာတဲ့အခါ ဟိုတယ်က အနှိပ်ခန်းမှာ အနှိပ်ခံမယ်ဆိုပြီး စိတ်ကူးတယ်။ လုပ်ဖော်ကိုင်ဖက်က သူတို့ ဗီယက်နမ်အနှိပ်ပညာကို စမ်းသပ်ပါလို့ မှာလိုက်တာကိုး။ ခက်တာက အနှိပ်ဆိုတာရုပ်ပြ နောက်ကွယ်က တခြားအမှောင်ကမ္ဘာ။ သူနှိပ်တာကနည်းနည်း စျေးခေါ်နေတာက များများ။ ငါ့မိန်းမနဲ့လာတယ်ဆိုတော့မှ ရပ်သွားတယ်။ တော်သေးတယ် အဲ့ဒီညက သန်းခေါင်လောက်မှာ ဟိုတယ်အခန်းတိုင်းကို ရဲကလာစစ်ပါတယ်။ ဘယ်တိုင်းပြည်မှာမှ အဲ့လိုမကြုံဖူးသေးဘူး။ အတွေ့အကြံုပေါ့…

အလုပ်ထဲက တယောက်ပြောဖူးသလို သူ့အမျိုးသားက တရုတ်ပြည်ကို အလုပ်နဲ့သွားတာမို့ သူလိုက်သွားခဲ့သတဲ့။ ညနေလောက်ရောက်တော့ အခန်းထဲက ဖုန်းမြည်လာပြီး သူတို့လာရတော့မလား လာလို့ရမလား ဘာညာလုပ်တော့ နေတော့နေတော့ မလာနဲ့တော့ ဒီမှာငါရောက်နှင့်နေပြီလို့ ပြန်ဖြေခဲ့တယ်လို့ ရီစရာပြောဖူးတာ အမှတ်ရမိတယ်။

ရာသီဥတု အေးအေးမှာ ကွေးကွေးလေး နှပ်လိုက်ဦးမယ်။ နောက်တနေ့မှ ဆက်တာပေါ့….

03 December 2013

ခရမ်းပြာတို့ရဲ့နန်းတော်ရှေ့



ခရမ်းရောင်နန်းတော်ကို ရောက်တဲ့အခါ နန်းတော်အဝင်တံခါးဟာ ခမ်းနားလွန်းနေတယ်။ ဒါတောင် ပြင်သစ် အမေရိကန်စစ်ပွဲတွေကြောင့် အပျက်အစီးတွေကြားထဲမှာ ကျန်ရစ်ခဲ့တာလေးတွေ။ တောင်ပိုင်းဗီယက်နမ်ရဲ့ ငုယင်နန်းဆက် ထီးနန်းစိုက်ရာ ခရမ်းရောင်နန်းတော်ဟာ ၁၈၀၄ခုနှစ် စတည်ဆောက်ချိန်ကနေ နှစ်ပေါင်း နှစ်ရာ့တဆယ်နီးပါးလောက်ကြာမြင့်နေခဲ့ပြီ။ ၁၉၉၃ခုနှစ်ကစပြီး ယူနက်စကိုရဲ့ ထိန်းသိမ်းမှုအောက်မှာ ဆက်လက်ရှင်သန်နေဆဲ..



Image Credit to Philippe Landfond








ဘေဂျင်းက နန်းတော်ရာကို တုပထားတယ်လို့လည်း ဆိုကြသလို၊ ဗီယက်နမ် ဗိသုကာပညာရှင်များရဲ့ ဒီဇိုင်းနဲ့ပဲတည်ဆောက်ထားတယ်လို့လည်း အငြင်းပွားစရာဖြစ်နေခဲ့ပါတယ်။ ဘေဂျင်းနန်းတော်ဟာ တောင်ဖက်ကိုမျက်နှာမူထားပြီး ခရမ်းရောင်နန်းတော်ကိုတော့ အရှေ့ဖက်ကို မျက်နှာမူထားတာမို့ တနည်းကွဲပြားလို့နေပါတယ်။ ကျုံးတွေ၊ ထူထည်းတဲ့ နံရံတွေနဲ့အတူ နန်းတော်ဟာ နှစ်ကီလိုမီတာခွဲလောက်တောင် ကျယ်ပြန့်တယ်။ အရင်တုန်းကတော့ မြေသားနံရံတွေဖြစ်ပြီး နောက်ပိုင်းမှာ လုပ်သားပေါင်း သောင်းဂဏန်းပမာဏနဲ့ ကျောက်သားနံရံကိုပြောင်းလဲပစ်ခဲ့တယ်။




၁၉၉၀နှစ်လယ်လောက်ပိုင်းအထိ နောက်ဆုံးမင်းဆက်စိုးစံခဲ့ရာ အခန်းဆောင်ပေါင်းရာနဲ့ချီပြီးရှိနေခဲ့လျက် သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်များကြောင့်ပြိုပျက်ခဲ့ပါပြီ။ အချို့အဆောင်များမှာ အရှေ့တိုင်းလက်ရာနဲ့ အနောက်တိုင်းပြင်သစ်လက်ရာများ ပေါင်းစပ်ရောထွေးနေတာတွေ့ရတယ်။





ငုယင်မင်းဆက်ပေါင်း ၁၃ဆက်နဲ့နှစ်ပေါင်း၁၈၄နှစ်ကြာေအာင် နန်းစိုက်ခဲ့တာမို့ ဒီနန်းတော်ဟာ ဗီယက်နမ်သမိုင်းမှာ အဓိကနေရာမှာ ပါဝင်တယ်။ ရှည်လျားခမ်းနားတဲ့ လျှောက်လမ်းတွေနဲ့ ဟိုအရင်တုန်းက စည်ကားနေမယ့် နန်းတော်ကြီးဟာ အခုအချိန်မှာတော့ ငြိမ်သက်တိတ်ဆိတ်လို့ ကြေကွဲစရာ ခံစားမှုကိုပဲပေးနိုင်တော့တယ်။






အာရှလူမျိုးတွေရဲ့ ရိုးရာဓလေ့စရိုက်တခုပေပဲလား ဘုရင်ဆိုရင် မိဖုရားပေါင်းများပြားစွာ ထားရှိပြီး တနိုင်ငံနဲ့တနိုင်ငံ လက်ဆောင်ပဏ္ဏာဆက်သကြတာလည်း သမီးတော်တွေဖြစ်နေတတ်တာ။ ဗီယက်နမ်ရဲ့ မိဖုရားဖြစ်မယ့်သူဟာ အမာရွတ်ကင်းစင်သူ၊ အရေပြားကြည်လင်လှပသူဖြစ်ရမယ်လို့ ဂိုက်ကရှင်းပြပါတယ်။ မိဖုရားကို အဝတ်မပါပဲ ကော်ဇောနဲ့လိပ်ပြီး ဘုရင့်ရှေ့မှောက်ကို ဆက်သရတယ်၊ ဒါမှသာ မိဖုရားရဲ့ ခြောက်ပစ်ကင်းအလှဟာ သိသာထင်ရှားမယ်တဲ့။ 


ဗီယက်နမ်မိဖုရား လှ မ လှကို နောက်ဆုံးမင်းရဲ့ မိဖုရားပုံနဲ့ နှိုင်းဆကြည့်နိုင်တယ်။ ပုံကို ဝီကီကနေယူထားတာပါ






နန်းတော်အထဲမှာ ဘုရားရှိခိုးကျောင်းဆောင်တွေကို အများအပြားတွေ့နိုင်တယ်။ ဒါ့အပြင် ဘုရင်ကိုးယောက်ကို ကိုယ်စားပြုတဲ့ ကြေးအိုးခြေထောက်ရှည်တွေဟာ ကိုယ်ပိုင် အရည်အသွေးကိုယ်စီနဲ့ တင့်တယ်လို့နေတယ်။







ဘုရင့်မယ်တော်ရဲ့ အဆောက်အဦးဟာ အရှေ့နဲ့အနောက် ယဉ်ကျေးမှုကို ရောစပ်ထားတဲ့ နေရာလို့ဆိုကြပါတယ်။


နန်းတွင်းအသုံးအဆောင်ပစ္စည်း အနည်းအကျဉ်းကို နန်းတော်ထဲမှာ ပြသထားပြီး





ဓါတ်ပုံဟောင်းများဖြင့် သမိုင်းကိုတဆင့် တူးဖော်ထားကြပြန်တယ်။
လျှောက်လမ်းကျယ်ကြီးတွေကနေ တဆင့် ဟိုအရင်အတိတ်ဆိုတဲ့ နန်းတော်ကို ပြန်လျှောက်ကြည့်ရင်း ခြေထောက်တွေ လေးသထက်လေးလံလာတယ်။ ညကလည်း အိပ်မထားတာမို့ ဟိုတယ်ကို လိုက်ပို့ပါဗျို့လုပ်လိုက်ပြီ.
နန်းတော်အပြင်ဖက်မှာ လမ်းတလျှောက်မှာ မီးပုံးတွေ ထွန်းပြီး အလှဆင်ထားတယ်။
ဟိုတယ်က အိပ်ရာကိုတွေ့တော့ ရေမိုးချိုးပြီး တုံးခနဲနေအောင်လှဲပစ်လိုက်မိတယ်။

နောက်နေ့မနက်ကို ဆက်ကြတာပေါ့နော့