Showing posts with label Indonesia. Show all posts
Showing posts with label Indonesia. Show all posts

07 January 2018

ဆမာရမ် (သိမ်း)







နောက်နေ့မနက်မှာ မနက်စာကို အခန်းရှေ့မှာ လာပို့ပေးပါတယ်။ အင်ဒို ထမင်းကြော်နဲ့ကော်ဖီတခွက်စီပါ။ ဟိုတယ်ကနေ Check out လုပ်ပြီး Gedong Songo ဆိုတဲ့ ဘုရားကိုးကဆူကိုသွားတယ်။ ဂျာဗာကျွန်းမှာ ပထမဆုံးတည်ဆောက်ခဲ့ပုံတွေရပြီး ဟိန္ဒူဘာသာစိမ့်ဝင်မှုကို မြင်ရစေတယ်။ ဘုရားကျောင်းတွေက တစုတဝေးတည်းမဟုတ်ပဲ တောင်ကုန်းတခုစီမှာ တဆူစီ အဆင့်လိုက်တည်ထားတာ ထူးခြားမှုပါပဲ။ တဆူနဲ့တဆူကြားမှာ တောင်တက်တောင်ဆင်း မသွားနိုင်ဖူးဆိုရင် မြင်းပုလေးတွေ စီးပြီးသွားလို့ရပါတယ်။ ကျနော်တို့ကတော့ ခြေထောက်နဲ့ပဲ တက်ခဲ့တယ်။


ဘုရားကအပြန် နောက်တနေရာအဖြစ် Umbul Sidomukit ကိုသွားတယ်။ Adventure Sport တွေရှိတဲ့နေရာပါ။ Flying Fox/Zip Line ကိုပထမဆုံးစ စီးဖူးခြင်းပါပဲ။ တောင်ကုန်းနှစ်ခုကြားမှာ ကြိုးတန်းပြီး အမြင့်ကနေ အနိမ့်ကို ဆင်းသွားတာ အသည်းယားစရာပါ။ နောက်တခုအဖြစ် ကြိုးတန်းလျှောက်ကစားတယ်။ ကောင်းကောင်းမွန်လျှောက်ရင်း အပေါ်ကလက်နဲ့ ဆွဲထားတဲ့ ကြိုးကို နောက်ကနေ လှုပ်လိုက်တဲ့အခါ လူက လဲကျသွားရင်း ပြန်ထရင်းနဲ့ လူ့ဘဝ အဖြစ်အပျက်တွေကို အမှတ်ရစေတဲ့ ကစားနည်းပါပဲ။
ကစားနည်းအစုံကစားပြီးတဲ့အခါ ရှုခင်းလှတဲ့ တောင်ပေါ်က ကော်ဖီဆိုင်မှာ နေ့လည်စာစားရင်း ကော်ဖီသောက်နားတယ်။ ပြီးရင် တောင်ထိပ်ပေါ်က ရေကူးကန်ကိုသွားမယ်လို့စီစဉ်ထားတယ်။ တကယ်တမ်း ရေကန်ထဲကို ဆင်းတဲ့အခါ ရေပူစမ်းမဟုတ်ပဲ ရိုးရိုးရေကူးကန်ဆိုတာ သိရတယ်။ ဟူးဟူးရားရားတိုက်နေတဲ့ လေ၊ အေးနေတဲ့ ရေ ဘယ်လိုမှ မကူးနိုင်ဘူး။ နှစ်ခေါက်လောက်ကူးပြီးတဲ့အခါ လူက တုန်တက်နေပြီ။ မေးရိုက်လာတာနဲ့ ချက်ချင်း ပြန်တက်လာကြတယ်။ အဲ့ဒီကနေ ဆိုလိုကို တိုက်ရိုက်မောင်းပြီးပြန်လာတယ်။ ဆိုလိုမှာ တညအိပ်မယ်။






နောက်တနေ့မနက်မှာ ဟိုတခေါက်က မဝင်လိုက်ရတဲ့ မန်ကူနဂါရမ်နန်းတော်ကိုဝင်တယ်။ ဒီနန်းတော်ကို ၁၇၅၇ခုနှစ်က တည်ဆောက်ထားတာဖြစ်ပြီး ဒတ်ခ်ျလက်အောက်ခံဖြစ်လို့ အနောက်တိုင်းနဲ့ အရှေ့တိုင်းဟန်တွေ ကူးလူးနေတာတွေ့ရပါတယ်။ ဒေသခံကျောင်းသူလေးက တိုးဂိုက်အဖြစ်လိုက်ပါပို့ဆောင်ရင်း သန့်ရှင်းသပ်ရပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ နန်းတော်အဆောင်ဆောင်ကို ကြည့်ခွင့်ရခဲ့တယ်။ ဆူရာကာတာ နန်းတော်ထက် စနစ်တကျထိမ်းသိမ်းထားတာကို တွေ့ရပါတယ်။


နန်းတော်အပြန် ရိုးရာထမင်းဆိုင်မှာ နေ့လည်စာစားတယ်။ အကောင်ပလောင် အဆန်းတကြယ်တွေတော့ မစားဖြစ်ခဲ့ဘူးပေါ့။ ထမင်းဆိုင်ကလည်း ခေတ်အဆက်ဆက် ရပ်တည်ခဲ့တာမို့ သမိုင်းဝင် အဆောက်အဦး တခုလိုပါ။

ဒီလိုနဲ့ပဲ ဆိုလိုကနေ နောက်တခေါက် ပြန်ခဲ့တယ်....

25 December 2017

ဆမာရမ် (၂)

မနက်နေမထွက်ခင် ဆမာရမ်ကို ထွက်လာကြတယ်။ ဆမာရမ် မရောက်ခင်လမ်းမှာ ကုန်းတွင်းရေကန်တခု ရှိတယ်။ အဲ့ဒီရေကန်မှာ လှေစီးပြီး အပန်းဖြေမယ် စီစဉ်ထားတယ်။ အင်းလေးကန် အလွမ်းပြေပေါ့။ အန်ရာဝါပီနင်းတဲ့...










ရေကန်ကိုရောက်တဲ့အခါ စောနေသေးလို့ လှေဂိတ်မဖွင့်သေးဘူး။ အနားက စပါးခင်းထဲကို လျှောက်သွားကြတယ်။ စက်လှေဂိတ်ဖွင့်တဲ့အချိန် ပြန်လာကြတယ်။ အေးနေတဲ့လေထုထဲမှာ ရေပြင်ကျယ်ထဲကို တိုးထွက်လာရတဲ့ အရသာက မင်္ဂလာရှိလိုက်တာ။ ဗျိုင်းဖြူတွေ ပျံတက်လာကြတာတွေ၊ ငါးဖမ်းပိုက်ကွန်ဖြန့်ကျက်တာတွေ၊ တခြားသူတို့ရိုးရာ ငါးဖမ်းနည်းတွေ စသည်ဖြင့် ကင်မရာထဲကနေ မှတ်တမ်းတင်နေမိတယ်။


ရေကန်ထဲကနေ ပြန်တက်လာတဲ့အခါ ဆမာရမ်ကို ဦးတည်သွားကြတယ်။ ဆမာရမ်မှာ ကျနော်သွားချင်တဲ့ နေရာက လာဝမ်ဆီဝူ (Lawang Sewu) ပါ။ တံခါးပေါင်း သောင်းခြောက်ထောင်လို့ ခေါ်တာဆိုပါတော့။ ဒတ်ခ်ျတွေအုပ်ချုပ်စဉ်က ရထားဌာနချုပ်ရုံးဖြစ်ခဲ့တယ်။ ၁၉၄၂ခုနှစ် ဂျပန်ဖက်ဆစ်လက်အောက် ကျရောက်ခဲ့စဉ်ကတော့ နှိပ်စက်တဲ့ ကင်ပေတိုင်အကျဉ်းစခန်း အဖြစ်အသွင်ပြောင်းခဲ့ရတယ်။ မြောက်အောက်ခန်းဟာ လူသတ်ကွင်းတခုဖြစ်ခဲ့ပြီး ဝိဥာဉ်တွေ ခြောက်လှန့်နေတုန်းလို့ ဒေသခံတွေက ယုံကြည်ကြတယ်။


ကံမကောင်းစွာပဲ ကျနော်တို့ ရောက်တဲ့အချိန်မှာ မြေအောက်ခန်းကို ပြင်ဆင်နေဆဲမို့ ဝင်ခွင့်မရခဲ့ပါဘူး။ တံခါးပေါင်းသောင်းခြောက်ထောင်ကို ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ရောင်စုံမှန်ချပ်တွေရှိတဲ့ နေရာကို ဓါတ်ပုံရိုက်တယ်။


လာဝမ်ဆီဝူကနေပြန်လာတဲ့အခါ နေ့လည်စာစားကြတယ်။ ပြီးတော့တရုတ်ဘုံကျောင်းကိုသွားဖြစ်တယ်။ ဘာသာပေါင်းစုံရောယှက် ကိုးကွယ်နေတဲ့ ဆန်းပေါခုံဆိုတဲ့ ဘုရားကျောင်းပါ။ ထူးတော့ထူးဆန်းတယ် မူဆလင်ဘာသာ ကိုးကွယ်မှုများတဲ့ အရပ်မှာ တရုတ်ဘုံကျောင်းတခု ခမ်းခမ်းနားနား ရှိနေတာမို့ပါ။ ၁၄ရာစုနှစ်ကတည်းက တရုတ်မူဆလင်ဘာသာဝင် ကျန်းဟိုက တည်ထားခဲ့တာလို့ သိရပါတယ်။



တရုတ်ဘုံကျောင်းကနေ နာမည်ကျော်တဲ့ Toko Oenမှာ ညစာစားဖို့သွားတယ်။ သိပ်မဆာသေးတာနဲ့ ဆိုင်ဘေးနားမှာ ကားရပ်ပြီး အနီးအနားမှာ လမ်းလျှောက်ဓါတ်ပုံရိုက်တယ်။ အနားတဝိုက်က ကုန်လှောင်ရုံ၊ ဈေးနဲ့ မြို့ဟောင်း အရိပ်အယောင်တွေပဲပေါ့။ ဆိုက္ကားဆရာတွေရဲ့ မင်္ဂလာဆောင်ကိုလည်း ကြုံကြိုက်တာနဲ့ ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တယ်။ Toko Oen မှာ ညစာစားပြီးတဲ့အခါ တည်းမယ့် တောင်ပေါ်ဟိုတယ်ကို တက်သွားတယ်။


ဟိုတယ်က ရိုးရာ အဆောက်အအုံတွေအဖြစ် ဆောက်ထားပြီး စနစ်တကျ ထိန်းသိမ်းထားတာ တွေလို့ သဘောကျနေမိတယ်။ ဓါတ်ပုံရိုက်တာ ဝါသနာပါတယ်ဆိုလို့ မတူညီတဲ့ အခန်းဖွဲ့စည်းပုံတွေကို သေချာပြပြီး ရှင်းပြပေးပါတယ်။ ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ ညတညပေါ့....

17 December 2017

ဆမာရမ် (၁)

ဟိုတခေါက် ဆိုလိုက ပြန်လာတဲ့အခါ ဆိုလိုက ကားဆရာနဲ့ သူငယ်ချင်းဖြစ်သွားပြီ။ ကာရီမွန်ဂျာဝါ (Karimon Jawa) ကိုသွားချင်တဲ့အကြောင်း စကားစပ်မိတဲ့အခါ ပြောဖြစ်တယ်။ ဒီလိုနဲ့ ဆိုလိုကို နောက်တခေါက် ပြန်ရောက်ဖြစ်လာတယ်။ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဝယ်ပြီးမှ သိရတာက ကာရီမွန်ဂျာဝါကိုသွားဖို့ အစီအစဉ် မဖြစ်တော့ဘူးဆိုတာပါပဲ။  ကာရီမွန်ကိုသွားတဲ့ သင်္ဘောချိန်နဲ့ ကျနော့ ခရီးစဉ်ရက်တွေ လွဲနေတာကြောင့်ပါပဲ။ ဒါနဲ့ပဲ ဆမာရမ်ကို သွားမယ်ဆိုပြီး ခရီးစဉ်ပြောင်းသွားခဲ့တယ်။ 

ဆမာရမ်ဟာ အင်ဒိုရဲ့ ငါးခုမြောက်အကြီးဆုံးမြို့တော်ပါ။ ဆမာရမ်မှာ ဘာလုပ်မလဲ ဘယ်သွားမလဲ ဘာတွေစားမလဲဆိုတဲ့ လေ့လာရေးတွေလုပ်ခရီးစဉ်အတွက် စဉ်းစားရတယ်။ လေယာဉ်ကတော့ ဆိုလိုအထိပဲ ဝယ်ထားပြီးပြီဆိုတော့ကာ...







လေဆိပ်ရောက်တာနဲ့ ကားဆရာက လာကြိုတယ်။ ကျနော်သွားချင်တဲ့ နေဝင်ရှုခင်းကြည့်ဖို့ကားကိုခပ်သွက်သွက်မောင်းတယ်။ နေဝင်ရှုခင်းကြည့်မယ့်နေရာက ကမ်ဒီ ဘိုကိုဆိုတဲ့နေရာပါ။ ရောက်တဲ့အချိန်မှာ လူတွေတော်တော်များနေခဲ့ပြီ။ ပိတ်ရက်မို့ လူများတာထင်ပါတယ်။ ဓါတ်ပုံသေသေချာချာ ရိုက်လို့ မရခဲ့ပါဘူး။ ညနေ နေဝင်တာကြည့်ရင်း ဘိုကိုရဲ့ ဆွေးမြည့်ကြေကွဲဖွယ် ဇာတ်လမ်းကို နားထောင်လိုက်ရတယ်။ ဆိုလိုပြည်ရဲ့ မင်းသမီးလေး လိုရိုဂျုန်ဂရမ်ရဲ့ ကျောက်ဖြစ်နေတဲ့ ရုပ်ထုဟာ ပါရာဘန်နန်း ဘုရားကျောင်းထဲမှာ အခုထိ ရှိနေခဲ့တယ်တဲ့လေ။ ဘန်ဒုမ်ဘွန်ခိုဆိုရိုဆိုတဲ့ မင်းသားလေးက မင်းသမီးလေးရဲ့ခမည်းတော်ကို လုပ်ကြံပြီး မင်းသမီးလေးနဲ့လက်ဆက် ဆိုလိုပြည်ကြီးကို အုပ်ချုပ်လိုခဲ့တယ်။ နောက်ဆုံး ငြင်းမရတဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ မင်းသမီးလေးဟာ တောင်းဆိုမှုတခုနဲ့ လက်ခံသဘောတူခဲ့တယ်။ အဲ့ဒီတောင်းဆိုမှုက ဘုရားကျောင်းတထောင်ကို ညတွင်းချင်း တည်ပေးနိုင်ရမယ်ဆိုတာပါပဲ။ မင်းသားလေးကလည်း သူ့ရဲ့ တန်ခိုးစွမ်းအားနဲ့ နတ်တွေကို ပင့်ဖိတ်ပြီး တည်လိုက်တာ ဘုရားကျောင်းပေါင်း ၉ ၉ ၉ ဆူထိ ပြီးလာခဲ့တယ်။ ဥာဏ်ကြီးတဲ့ မင်းသမီးလေးက သူ့ရဲ့အချွေအရံတွေကို အရှေ့အရပ်ကနေ မီးထွန်းပြီး မောင်းထောင်းခိုင်းသတဲ့။ မောင်းထောင်းသံရယ် အလင်းရောင်ရယ်ကြောင့် မနက်မိုးလင်းပါပြီဆိုပြီး ကြက်ကထတွန်ခဲ့တယ်။ ကြက်တွန်သံကြားတဲ့အခါ နတ်တွေကလည်း မိုးစင်စင်လင်းပြီ ဆိုပြီးဆောက်လက်စ ဘုရားကျောင်းကို ရပ်ပြီး ပျောက်ကွယ်သွားကြတယ်။ မင်းသားလေးဟာ မင်းသမီးရဲ့ အကြံအစည်ကို သိသွားတဲ့အခါ စိတ်ဆိုးပြီး မင်းသမီးကို ကျောက်ရုပ်အဖြစ် ကျိန်စာတိုက်လိုက်ပြီး မပြီးသေးတဲ့ ကျောင်းထဲမှာ ထားခဲ့တယ်....မောင့်မရပီတောင်စွယ်မှာ နေကွယ်သွားတဲ့အခါ ဒီဇာတ်လမ်းကို အဆုံးသတ်သွားတာကြောင့် ရင်ထဲမှာ ဟာပြီး ကျန်ရစ်ခဲ့တယ်။

ကားဆရာက ညစာကို ဘယ်မှာစားမလဲလို့မေးတဲ့အခါ ရိုးရာအစားအသောက်ကောင်းတဲ့ဆိုင်ကိုပဲ ပို့ပေးပါလို့ပြောတော့ အနီးအနား ဂျိုဂျကာတာက The house of Raminten ကိုလိုက်ပို့ပေးတယ်။ ဆိုင်မှာ လူတော်တော်များတာမို့ အလှည့်ရောက်ဖို့ မိနစ်လေးဆယ်လောက် စောင့်လိုက်ရတယ်။ ရိုးရာအစားအစာတွေပဲ မှာလိုက်တယ်။ ကင်မရာကျောပိုးအိတ်ထားစရာ နေရာမရှိတဲ့အပြင် ထိုင်ရတာ အတော်လေးအဆင်မပြေပါဘူး။ လူကလည်းများတော့ နေရာကို တတ်နိုင်သမျှ ချုံ့ထားဟန်တူပါတယ်။ ခပ်မြန်မြန်ပဲစားလိုက်တယ် ဒီညကိုတော့ ဆိုလိုမှာပဲပြန်အိပ်ခဲ့တယ်။ မနက်ကို အစောကြီးထပြီး ဆမာရမ်သွားမယ်....

09 November 2017

လွန်ဘော့ခရီးစဉ် (၅၊ ၆)






မနက်မိုးလင်းနေထွက်တာ ကြည့်ကြတယ်။  ရောင်နီပျို့တာပဲ မြင်လိုက်ရပြီး နေကို မမြင်လိုက်ရပါဘူး။ မိုးလင်းကာစ တချိန်ပဲရင်ဂျာနီက ကိုယ်ထင်ပြတယ်။ သိပ်မကြာခင်မှာ မြူပုဝါကို လွှမ်းခြုံရင်း ပုန်းနေပါတော့တယ်။

မနက်စာစားပြီးတာနဲ့ ဟိုတယ်ရေချိုးခန်း ပန်းခြံမှာ ဓါတ်ပုံရိုက်ဖြစ်တယ်။ သစ်ပင်တွေစိုက်ထားတာမို့ အနံ့အသက်တွေကင်းပြီး မျက်စိလည်းအေးစေတယ်။ ဘယ်လောက်ကောင်းတဲ့ အကြံလဲနော်။



မိုနီကာက ဖုန်းခေါ်တယ်။ သူနည်းနည်းနောက်ကျမယ် အေးအေးဆေးဆေးနေကြပါတဲ့။ တခြားဧည့်သည်တဖွဲ့ကို ရေတံခွန်ပို့ပေးရမှာမို့ အဒီးကပဲ ကျနော်တို့ကို နောက်တည်းမယ့် ဟိုတယ်ကို ပြန်ပို့ပေးမယ်တဲ့လေ။ အပြန်လမ်းမှာ အုန်းခွံနဲ့ ကင်တဲ့ငါးကင်ဆိုင်မှာ နေ့လည်စာဝင်စားကြတယ်။ ဒေသခံရိုးရာမင်္ဂလာဆောင်တခုကိုလည်း ဓါတ်ပုံရိုက်ချင်လို့ အခွင့်တောင်းပြီး ဝင်ရိုက်ကြတယ်။ အရမ်းဖော်ရွေပြီး ဝင်စားခိုင်းနေကြတာ ဝင်မစားဘူးလို့ငြင်းကြတာကြောင့် ပါဆယ်ထုတ်ပြီးပေးလိုက်ကြတယ်။ သူတို့ကလည်း တပြန် ဓါတ်ပုံတွဲရိုက်ကြသေးတယ်။



နှစ်တနှစ်ရဲ့ နောက်ဆုံးနေ့ကိုတော့ တိတ်တိတ်ဆိတ်ဆိတ်လေး ကုန်ဆုံးချင်ကြတယ်။ ဆူဆူညံညံမရှိတဲ့ Mama Bella ကိုရွေးထားခဲ့တယ်။ ဒီခရီးတခုလုံးမှာ သူ့ဟိုတယ်က ဈေးအချိုဆုံး။ အခန်းသိပ်များများမရှိတဲ့အပြင် အခန်းတိုင်းဟာ သပ်သပ်ရပ်ရပ်ပဲ။ လာတည်းတဲ့ ဧည့်သည်တွေရဲ့ မြို့ကို မြေပုံပေါ်မှာ အလံစိုက်ခိုင်းတဲ့အခါ မြန်မာပြည်မှာ အလံတခုမှ မရှိခဲ့ဘူးလေ။ ပထမဆုံး ဧည့်သည်တွေဖြစ်ခဲ့တယ်ဆိုပါတော့။

နှစ်သစ်ကူးည Senggigi မှာ စည်ကားနေပါတယ်။ လမ်းလျှောက် ဈေးနည်းနည်းပါးပါး ဝယ်ရင်း ညစာစားတယ်။ ပြီးတော့ ကော်ဖီသောက် သီချင်းနားထောင်ရင်း ၂၀၁၇ နှစ်သစ်ကို ကြိုခဲ့ကြတယ်။ မိုနီကာတို့ဆီက နှစ်သစ်ဆုတောင်း မက်ဆေ့ကိုရတယ်။ ဒီလိုနဲ့ ၂၀၁၆ဟာ တဖြည်းဖြည်း ကုန်ဆုံးသွားတော့တယ်။

နှစ်သစ်မှာ ခွန်အားအပြည့်နဲ့ နိုးထတယ်။ မင်္ဂလာနှစ်သစ်ပါလို့ အားလုံးကို နှုတ်ဆက်ရင်း မနက်စာစားတယ်။ မိုနီကာက လာနေပြီလို့ဆိုတယ်။ တကယ်တမ်း ရောက်လာတာက ခရစ်စ်ပါ။ မနေ့က Snorkeling trip မှာ အပူရှပ်ပြီး မိုနီကာ ဖျားနေတဲ့အတွက် ဒီနေ့ကို ခရစ်စ်က တာဝန်ယူထားကြောင်းရှင်းပြပါတယ်။ ဟိုတယ်ကနေ Check out လုပ်ပြီး မရောက်ဖြစ်သေးတဲ့ ကမ်းခြေတွေကို သွားကြမယ်။


ပထမဆုံး Selong Belanak ကမ်းခြေဟိုတယ်တခုကို လိုက်ပို့ပေးပါတယ်။ ကော်ဖီသောက်ရင်း Private beach မှာ ဓါတ်ပုံရိုက်ကြတယ်။ ခရစ်စ်ကတော့ ဟိုတယ်ရဲ့ အခြားတခြမ်းကို အညိုရောင်နယ်မြေ အဖြစ်သတ်မှတ်ထားပြီး ဒေသခံတွေရဲ့ ကမ်းခြေလို့ ပြတယ်။ အမှိုက်တွေ စနစ်တကျ မထိန်းသိမ်းတာကြောင့် ကမ်းခြေနဲ့ပင်လယ်ကို ပျက်စီးစေတဲ့ အတွက် စိတ်ညစ်ရတယ်တဲ့လေ။

ကမ်းခြေဟိုတယ် ကနေ ထွက်လာတော့ လမ်းတဝက်မှာ နေ့လည်စားဖို့ ရှုခင်းကောင်းတဲ့ နေရာမှာ ရပ်ပေးပါတယ်။ ရှုခင်းက လှတာကြောင့် ဓါတ်ပုံရိုက်ဖို့ကို အရင်လုပ်ကြတယ် ပြီးမှ အစားကိုမှာမယ်လို့ သေချာပြောခဲ့တယ်။ ဆိုင်ရှေ့မှာ ဆိုင်းဘုတ်က ပြူးနေအောင် တပ်ထားပါတယ် မစားသောက်ပဲ ဓါတ်ပုံရိုက်တာသပ်သပ်ဆို ဆိုင်ထဲ မဝင်ပါနဲ့တဲ့။ ဒါကြောင့် သေချာ စားပါမယ့် အကြောင်းပြောထားခဲ့ပါရဲ့ စားပွဲထိုးက ဓါတ်ပုံရိုက်နေတဲ့ဆီလာပြီး သုံးကြိမ်လောက်လာမေးနေတော့ ဓါတ်ပုံရိုက်တာ အာရုံပျက်ပါတယ်။ အစားအသောက်က အရသာမဆိုးပေမယ့် အစောက စိတ်အစာမကြေတာကြောင့် စားရတာ အဆင်မပြေပါဘူး။







နောက်တနေရာကတော့ Kuta Beach ပါ။ အသွားသင့်ဆုံးနေရာတခုပါ။ ကမ်းခြေတွေအားလုံးထဲမှာ သူ့ကိုအကြိုက်ဆုံးပါပဲ။ ၁ရက်နေ့မို့ ဒေသခံတွေပါ လည်ပတ်တာကြောင့် လူတွေ ဘယ်လောက်များသလဲဆို ကားလမ်းတောင် ပိတ်သွားပါတယ်။ တောင်ကုန်းနှစ်ခုကို နေပူကျဲကျဲမှာ တက်ကြတယ်။ ဓါတ်ပုံရိုက်ရင်း အချိန်ကလည်း ကုန်တာမြန်ပါတယ်။ 

Kuta Beach ကနေ လေဆိပ်ကိုပြန်တော့ လမ်းမှာ ကားလမ်းစပိတ်ပါတယ်။သုံးနာရီမှာ ပြန်လာခဲ့တယ် ဖြစ်ပြီး ငါးနာရီမှာ Check in ဝင်ဖို့ပါ။ ခရစ်စ်ကတော့ စိတ်တွေလောပြီး ပူပန်နေပါတယ်။ ကျနော်ကတော့ မှီတယ်လို့ စိတ်ချထားပြီး ခပ်အေးအေးပဲလိုက်လာတယ်။ ဘတ်ဂျက်အဲဆိုရင်တော့ ကောင်တာက စောစောပိတ်တတ်တာမို့ စိတ်ပူရမယ်။ အခုက Silk Air ဆိုတော့ မထွက်ခင် နာရီဝက်လောက်အထိ ရောက်ရင်ရသေးတာမို့ စိတ်ကို ဖျော့ထားတယ်။ လမ်းပိတ်ရခြင်း အဓိက အကြောင်းအရင်းက Sasak village အရှေ့ မှာ တိုးကားအကြီးတွေ ပိတ်ပြီး ထပ်ဆင့် ရပ်ထားလို့ပါပဲ။ ခရစ်စ်ကတော့ မော်တော်ပီကယ်ကို ဒီလို မရပ်ရဘူးဆိုတာ နားမလည်ဘူးလား ကားတွေ ပိတ်ကုန်ပြီနဲ့ ရန်လုပ်နေသေးတယ်။ အဲ့ဒီပိတ်တာ ကျော်တာနဲ့ လမ်းက ဖြူးနေတာပါပဲ။ 

သွားခဲ့သမျှ ခရီးသွားအေးဂျန့်တွေထဲမှာ ဒီအေးဂျန့်က ငွေပေးရ အခက်ဆုံးပဲ။ စရန်ငွေလည်း တပြားမှ မတောင်းပါဘူး။ တချို့ အေးဂျန့်တွေက ရောက်တဲ့နေ့မှာ ငွေအကြေ ချေရပါတယ်။ ဒီအေးဂျန့်ကတော့ ရာသီဥတုပေါ်မူတည်ပြီး ခရီးစဉ်ပြောင်းနိုင်တာမို့ဆိုပြီး ပိုက်ဆံ မတောင်းပါဘူး။ ဒီမနက် ပေးမယ်ပြောတော့လည်း ပြန်ခါနီးမှ အေးဆေးပေးပါတဲ့။ အခုလေဆိပ်ထဲရောက်တော့မှ ဘယ်လောက်ပေးရမယ်ဆိုတာ အတင်းမေးပြီး ပေးရပါတယ်။

အချိန်မှီတယ်ဆိုတော့ လေဆိပ်ထဲမှာ ကော်ဖီ အေးအေးဆေးဆေးသောက်ရင်း အမှတ်တရလက်ဆောင်တွေ ကြည့်ကြတယ်။ ဒီမှာ ပုဝါဝယ်တဲ့သူရဲ့ ဟာသကို အမြဲ သတိရမိတယ်။ ပုဝါတွေက ယူအက်စ် ၅၀လောက်မို့ ဈေးကြီးတယ်လို့ ပြောတာကို အင်ဒိုပိုက်ဆံနဲ့ ဘယ်လိုတွက်တယ်မသိဘူး ယူအက်စ် ၅ကျပ် ၁၀ပဲဆိုပြီး ငါးထည်လောက်ယူနေတယ်။ တားတဲ့သူကို ကြိုက်လို့ဝယ်တာ အေးဆေးပဲဆိုပြီး လုပ်နေတာနဲ့ အင်းလေ သူတကယ် ကြိုက်လို့နေမှာပါဆိုပြီးထား ထားလိုက်တယ်။ တကယ်တမ်း ငွေရှင်းတဲ့အချိန်မှ ယူအက်စ် ၃၀၀ကျော်လောက် ကျသွားတယ်။ ပြောပြောပြီး ရီလိုက်ရတာဆိုတာလေ....

လွန်ဘော့က ဘာလီလောက် စီးပွားရေး မဆန်သေးဘူး။ ကမ်းခြေတွေကလည်း အရိုင်းဆန်နေတုန်း ဒေသခံတွေကလည်း အရိုးခံအတိုင်းရှိနေတုန်းပဲ။ ဒီတခေါက် မရောက်ဖြစ်ခဲ့တဲ့ ကမ်းခြေတွေကို ရေရွတ်ရင်း နောက်တခေါက် သွားကြရအောင်လို့ ပြောရင်း လွန်ဘော့ကနေ ပြန်လာခဲ့ရတယ်.....