တစ်ခါက ဤမဟာဘဒ္ဒ ကမ္ဘာရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့…..
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကိုတိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေများနေတယ်ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျော့ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ခိုက်ရတာ၊ ရုန်းကန်ရတာလည်း သမီးမှာမောလှပါပြီရှင်။ ပြဿနာတစ်ခုပြေလည်လို့မှမနားရသေးဘူး နောက်ထပ်ပြဿနာ တစ်ခုကထပ်တက်လာတာနဲ့ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ ဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊ သမီးတော့ စိတ်ညစ်တယ်၊ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။
ဖအေလုပ်တဲ့သူက စာဖိုမှူးကြီးပါ။
သမီးက အဲသလိုညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့မီးဖိုသုံးဖိုပေါ်မှာတင်လိုက်တယ်။ မကြာပါဘူး မီးတွေက ပြင်းတော့ အိုးသုံးလုံးစလုံးထဲက ရေတွေပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရောဖအေလုပ်တဲ့သူက တစ်အိုးထဲကိုမုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။
ပြီးတော့အိုးတွေကို သည်အတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။
သမီးလုပ်တဲ့သူက ဖေဖေနှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေအကြောင်းကို သိထားတော့ အံကလေးတင်းရင်းစိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။
ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်အိုးထဲက ကြက်ဥတွေကိုလည်းဆယ်ပြီး တခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက်လှည့်ပြီးမေးလိုက်တယ်။
“ကဲသမီးရေ…….ဒါတွေကဘာတွေလဲ”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါဖေဖေ”
သမီးကအဲလိုဖြေလိုက်တော့ ဖအေကသမီးကို သူနားလာပြီးမုံလာဥစမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ထိုးကြည့်လိုက်ပြီးတဲ့နောက် ဖေဖေမုန်လာဥတွေကလည်းပျော့ပြဲနေပြီ လို့ပြောလိုက်ပါတယ်။
ဖအေကသမီးစကားကို အမှုမထားပဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီးခွဲခိုင်းပြန်တယ်။ အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေဘာကိုပြောချင်တာလဲဟင် ?”
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ် ဆိုတဲ့မတူညီတဲ့အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တပြိုင်တည်းတညီတည်းထည့် အပြုတ်ခံရတာချင်းအတူတူ တုံ့ပြန်ပုံခြင်းကျတော့မတူဘူးလေသမီးရဲ့။ မုံလာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော့ သန်သန်မာမာတောင့်တောင့်တင်းတင်းကြီးရယ်။ အဲ…..အဲဒါပေမယ့် ရေနွေးနဲ့လည်းအပြုတ်ခံရရော တစ်ခါတည်းကို ပျော့ဖတ်ပြီးချိနဲ့သွားတော့တာပဲ။
ကြက်ဥကျတော့ ရေနွေးထဲမရောက်ခင်က အထိမခံဘူး။ ထိခိုက်လိုက်တာနဲ့ ဖတ်ခနဲကွဲသွားမှာ အသေအချာနော်။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေးနေလိုက်ရရော အဲဒီပျော့အိအိအတွင်းသားအားလုံးမာကုန်တာပဲမဟုတ်လား သမီးရဲ့။
အေးလက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်ရော အဲဒီပွက်ပွက်ဆူနေတဲ့ရေကို လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။
ကဲအဖေ့သမီးကရောဘာလဲ မုံလာဥလား ကြက်ဥလား လက်ဖက်ခြောက်လား။ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြတာပဲသမီး အဲဒီလောကဓံနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရတဲ့အခါ သမီးကဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလိုတုံ့ပြန်မလား ကြက်ဥလိုတုံ့ပြန်မလား လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်….”
ပုံပြင်လေးကတော့ ဒါပါပဲ
စာဖတ်သူလူကြီးမင်းရောဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလိုမာမာချာချာတောင့်တောင့်တင်းတင်းကြီးနဲ့၊ လောကဓံနဲ့တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်မယ့်လူစားမျိုးလား။
ဒါမှမဟုတ် ကြက်ဥလိုလူစားလား အစတုန်းကတော့ထိလွယ် ရှလွယ် စိတ်ကလည်းပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို ရှင်ကွဲကွဲတာလို ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့………လောကဓံကို တိုတဲ့စိတ်ဓာတ်ထီမထင်တဲ့စိတ်ဓာတ်နဲ့မာကျောကျော၊ တောင့်တောင့် ကြီးဖြစ်သွားမယ့်လူစားမျိုးလား၊ မပြုတ်ခင်ကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းက လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူပေမယ့် အသွင်ပြောင်းနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့၊ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုခတွေကို အရှိန်တက်လေလေ၊ အရည်အချင်းတွေပိုရှိလာလေလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်ပိုကောင်းတဲ့ အခြေ အနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။
ထုံးစံအတိုင်း forward email ကနေရတာပါ။ စာရေးတဲ့သူကို မသိရပါ။ စာရေးသူသိရင်လည်း ပြောပြပေးကြပါဗျာ။ တစ်ခြားလူတွေဝေမျှထားပြီး ဖတ်ပြီးသားလည်းဖြစ်နိုင်ပေမယ့် ကျနော့်လို အမြဲတန်း ဘာ့ကြောင့် ငါကျမှကံဆိုးရတာလဲလို့ Negative sense နဲ့ ကြည့်တတ်တဲ့လူအဖို့ ကိုယ့်ဘာသာ အမြဲဖတ်သင့်တယ်ဆိုပြီး စာတွေပြန်ရိုက်လိုက်တာပါ။ ဒါမှခေါင်းထဲဝင်မှာလေ။ ခုလောလောဆယ်တော့ ကိုယ်ကိုတိုင်က မုံလာဥပုံပေါက်လိုက် ကြက်ဥပုံပေါက်လိုက်ဖြစ်နေမယ်ထင်တယ်။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
-
ကျမ တရားစခန်းဝင်တယ်ဆိုတော့ အကြောင်းသိတချို့က အံ့ဩကြတာလည်း ရှိ..
သာဓုခေါ်ကြတာလည်း ရှိပါတယ်။
ဟုတ်တာပေါ့... ကျမက တရားထိုင်တယ်ဆိုတဲ့ ဘာဝနာကိစ္စနဲ့ အတော်အလ...
2 months ago
5 comments:
အင်း..မုန်လာဥဖြစ်မလား...ကြက်ဥဖြစ်မလား..
လားပေါင်းများစွာနဲ့ပြန်သွားကြောင်းပါ...??j
ကြက်ဥဖြစ်ရတာ ပင်ပန်းလိုက်တာ :(
အဓိပ္ပါယ်ရှိတဲ့ ပို့စ်ပါ ၊၊ဆိုလိုရင်း ရည်ရွယ်ချက်ကောင်းမွန်ပါတယ် ၊၊
သိပ်ကောင်းတဲ့ post ဘဲ ကောင်းတယ်ဗျာ ကျွန်တော်လည်း ဘယ်လိုလူလဲ လို့ပြန်စဉ်းစားရဦးမယ်
သင်ခန်းစာယူစရာ ပိုစ့်လေးပဲ ဥပမာလေးပြပြီး လောကသဘာဝက လူတွေရဲ့ ဖြစ်ပျက်မှုလေးတွေ ကို မြင်သာအောင်ပြောတတ်တဲ့ ပညာရှိတွေကို လေးစားမိ တယ် ကိုယ်တိုင်ကတော့ တခါတလေ မုန်လာဥဖြစ်လိုက် ကြက်ဥဖြစ်လိုက်နဲ့ ပဲ သေချာတာတော့ ရေနွေးကြမ်းဖြစ်မလာသေးတာပဲ
Post a Comment