Showing posts with label ပြန်လည်ခံစားဆန်းသစ်ခြင်း. Show all posts
Showing posts with label ပြန်လည်ခံစားဆန်းသစ်ခြင်း. Show all posts

17 March 2009

မမေ့နိုင်သော ထပ်တလဲလဲ ခရီးစဉ်


ကိုဂျူလိုင်က ပုံတွေဆက်တိုက်တင်တော့ ကျနော်လည်း ဆက်တိုက်လွမ်းရတော့တာပေါ့။ အခုပုံလေးက နောက်ဆုံးအခေါက်မှာ ရိုက်ဖြစ်ခဲ့တဲ့ နေ၀င်ချိန်ရှုခင်းလေးပါဗျာ။

ထပ်တလဲလဲ သွားခဲ့ဖူးတယ်။ ဒါပေမယ့် မေ့လို့မရသလို နောက်ထပ်သွားခွင့်ရရင် ရသလောက် သွားဖို့ အဆင်သင့်။ ငယ်ငယ်တုန်းက ခရီးတွေ မသွားခဲ့ရသမျှ အတိုးချလည်ဖို့ ကြိုးစားနေမိတော့တာ။ အဲဒီနေရာကို ခြောက်ခေါက်တိတိ ရောက်ဖူးခဲ့တာ။ နည်းသေးတယ်ထင်ပါရဲ့။

ပထမဆုံး အဲဒီခရီးကို သွားရတော့မယ်ဆိုတော့ ရင်တွေခုန်လို့။ မေ့ဆီက ကြားဖူးတဲ့အတွေ့အကြုံတွေ ရုပ်မြင်သံကြားက ကြည့်ထားဖူးတဲ့ အဲဒီခရီးသွားဇာတ်ကားတွေ ပြန်လှန်တွေးရင်း စိတ်ကူးတွေယဉ်။

သူငယ်ချင်းအိမ်ကနေ မနက်ငါးနာရီမှာ စထွက်ဖြစ်ပါတယ်။ သူငယ်ချင်းအိမ်က ကျောင်းထဲက ပုဂံလမ်း မှာ။ မိသားစု ကားငှားပြီးသွားကြတာမို့ ကျနော်တို့ သူငယ်ချင်းသုံးယောက်က ကပ်လိုက်ခဲ့ကြတာ။ တလမ်းလုံးဆော့ရင်း ကစားရင်း မောပြီဆိုစားလိုက်သောက်လိုက် တကယ့် ပျော်ရွှင်စရာ။ ကားပေါ်မှာဆိုတော့ လေးတန်းတုန်းက ဆရာမဒေါ်ခင်ဌေးမူသင်ပေးတဲ့ meaning game ဆော့ဖို့အကြံပေးမိသည်။ မီးနင်းတစ်လုံးရဲ့ အဆုံးမှာ ရှိတဲ့ alphabet ကို အစပြုပြီး ပြန်ရွတ်ပြရတဲ့ မီးနင်းဂိမ်း။ x တို့ z တို့နဲ့ အဆုံးသတ်လို့ကတော့ စာလုံးတွေ ရှာမရတော့။ လိုရာခရီးကို ရောက်တော့ ညနေမစောင်းခင်။ နောက်နေ့မနက် ပြန်ထွက်ရမှာမို့ ခြေလျင်ခရီးကို တက်ခွင့်မရ။ အပြန်အဆင်းကိုတော့ မနက်စောစော ထဆင်းခွင့်ပြုမယ်ဆိုလို့ ၀မ်းသာမိခဲ့တယ်။ တောင်တွေ တောင်တွေ ကွေ့ရင်းပတ်ရင်း ဘွားကနဲ ဘုရားကို မြင်လိုက်ရတော့ ရင်ထဲမှာ အေးမြသွားလိုက်တာ ဘယ်ကြည်နူးမှုနဲ့မှ မလဲနိုင်။ အဲဒီတုန်းက ခရီးတစ်ဝက် ရသေ့တောင်အထိသာ ကားတက်ခွင့်ရှိခဲ့တာ။ ရေတစ်ပုံးတန်ဖိုးကလည်းမနည်း။ ရေနွေးများဆို ပိုတောင်ပေးရသေးသတဲ့။ သူတို့ချိုးရေပေးတဲ့ ရေပုံးလေးနဲ့ဆို ရေသုံးကြမ်းတဲ့ကျနော့အတွက် တိုင်ကီတစ်ဝက်လောက်ဆို အမလေး ပိုက်ဆံမလောက်ဘူးဆိုပြီး ရေမချိုးခဲ့ရပါ။ တောင်ပေါ်က ဆိုင်ရာ ဓမ္မာရုံတစ်ခု အခန်းကျဉ်းထဲမှာ ရှစ်ယောက် မလှုပ်သာမလွန့်သာ။ တစ်ညလုံး အိပ်မပျော်ခဲ့။ ရင်ပြင်တော်ပေါ်က အောင်မြေနင်းနည်းဆိုပြီး အပြောင်အပြက်နင်းရတဲ့ နည်းလေးကိုလည်း သတိရမိသေးတယ်။ ပြီးတော့ ဓါတ်ပုံအဖွဲ့ရဲ့ ဘုရားကို အပြိုင်အဆိုင် ရိုက်နေကြတော့ ကျနော်တို့လည်း မနေသာ ကျနော်တို့သူငယ်ချင်းတွေကို သူတို့ရဲ့ professional ကင်မရာနဲ့ ရိုက်ပေးဖို့ ၀ိုင်းပြောကြရင်း သူတို့တွေကလည်း ပြောင်နောက်နေတော့တာ။ ရန်ကုန်ရောက်တော့ ဓါတ်ပုံအသင်းမှာ ပုံသွားရွေးရပါတယ်။ ကျနော်တို့နဲ့ပါတွဲရိုက်ခဲ့တဲ့ ဓါတ်ပုံဆရာက ညောင်ဦးဖိုးချိုဆိုတာ အဲဒီတော့မှ သိရတာ။ မနက်လေးနာရီ အာရုဏ်ဆွမ်းကပ်အပြီး မီးတုတ်တွေလက်ဆွဲလို့ တောင်အောက်ကိုဆင်း။ အားပါးပါး များပြားလှတဲ့ အလှူခံပုံးတွေပါလား။ ဆင်းရင်းဆင်းရင်း ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အနွေးထည်တွေ အဆင့်ဆင့် ချွတ်ရင်း တောင်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့်။ ကင်ပွန်းစခန်းကိုရောက်တော့မယ်ဆိုတော့ ကျနော် အသင့်ပြင်။ သူများတွေက တစ်ဆင့်ကြားဖူးပါတယ် ဆွဲလားရမ်းလား သိပ်လုပ်တာပဲဆိုပါတယ် (ဆိုင်ဧည့်သည် အပြိုင်လုကြတာပါ)။ ဘေးနားကပ်လာရင် မလာနဲ့အော်ရင်း လက်နှစ်ဖက်ကို ပိုက်။ ဒါပေမယ့် ကျနော့သူငယ်ချင်းညီငယ်ခမျာ ပါသွားရှာပါတော့တယ်။ သူပါသွားမှတော့ ကျနော်တို့လည်း အဲဒီဆိုင်မှာပဲ မထူးဇာတ်ခင်းလိုက်ရတာပေါ့ဗျာ။ အင်း ဆွဲတဲ့သူတွေက အပိန်ဆုံးကောင်လေးကိုမှ ရွေးဆွဲသွားတယ် ပိုင်တယ်ဗျာ။ တောင်ခြေရောက်ရောက်ခြင်း ကားပေါ်ကိုတက် ကားထွက်ခဲ့လေသတည်း ထင်ထားတာ ဝေါအလွန်မှာ ကားပျက်ပါလေရော။ မှောင်ကလည်းမှောင် ကားကလည်း ပြင်မပြီးသေး။ မနက်ဖြန်သူငယ်ချင်း အဖေကရုံးပြန်တက်ရမှာမို့ နောက်ဆုံးတော့ ပဲခူးကားတစ်စီးကို လက်ပြ။ လူကြီးတွေကို ကားအလယ်ခုံမှာပေးထိုင် ကျနော်တို့တွေက ကားခေါင်မိုးပေါ်မှာ။ အစကတော့ ပျော်သလို။ နောက်တော့ ခြေထောက်တွေကျဉ်။ လေတွေကလည်း တဟူးဟူး အေးလိုက်တာလည်း ခိုက်ခိုက်တုန်။ အနွေးထည်တွေက ကားထဲမှာ။ ကားအရှိန်ကလည်းမသေး။ ရောက်ပါစေပဲဆုတောင်းနေမိတော့တာ။ ပဲခူးရောက်တော့ ရန်ကုန်ကားမှ ကျန်သေးရဲ့လား ပူရသေးတယ်။ နောက်ကားပေါ်တက်မှပဲ ဟင်းချနိုင်တော့တယ်။ လှည်းတန်းရောက်တော့ အိပ်ငိုက်နေရာက ပြန်နိုးလာခဲ့တာ။ ၁၁နာရီခွဲပြီလေ။ ပုဂံလမ်းအိမ်မှာပဲ တစ်ညအိပ် မိုးလင်း။

ပထမဆုံးရောက်ဖူးလေတဲ့ ကျိုက်ထီးရိုးအတွေ့အကြုံက အဲလို ဗရုတ်ဗရက်အမှတ်တရဗျ



ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကတော့ ဆက်တိုက်ဖြစ်သွားခဲ့ပါတယ် ဒုတိယအကြိမ်အကြောင်းကို ဂျုံးဂျုံးကျသို့မတော်တဆ ဆိုတဲ့ ပို့စ်ထဲမှာ ရေးဖြစ်ခဲ့တယ်။ ဒုတိယအခေါက်အထိ ဘုရားပေါ်မှာ အေးအေးဆေးဆေး နေခဲ့ရတယ်ဆိုတာ မရှိခဲ့သေးဘူး။ ကျောက်ထပ်ကြီးကိုတော့ ရောက်ဖြစ်ခဲ့ပါတယ်။ ၀ါးလုံးတန်းပေါ်ကနေ ဘုရားထီးတော်ကို တက်တဲ့ လူတွေကိုလည်း တအံ့တသြ ငေးမောခဲ့သေးတာပေါ့။ ပြီးတော့ ကျိုက္ခမီအထိ ခြေဆန့်ဖြစ်ခဲ့တဲ့ ခရီးလေ။ အဲဒီခရီးကလည်း ကမောက်ကမပါ။

ဒုတိယအကြိမ်ကနေ အိမ်ပြန်ရောက်ပြီး နောက်တနေ့ညမှာ တတိယအကြိမ်ကို ပြန်သွားဖြစ်ခဲ့တယ်။ နောင်ပိုအောင် ရွာသူကြီးနဲ့ သူ့ဇနီးတို့ကို လိုက်ပို့တဲ့ခရီးစဉ်ပေါ့။ ဒီတစ်ခေါက်တော့ ဧည့်သည်တွေက ညအိပ်မယ်တဲ့ အေးအေးဆေးဆေး ဘုရားဖူးဖြစ်ခဲ့တာ။ ကျိုက်ထိုဟိုတယ်မှာ ပထမဆုံးတည်းခဲ့ဖူးတာပါ။

တောင်ပေါ်ရောက်တော့ ရေနွေးလေးနဲ့ ရေချိုးရင်း ပြီးခဲ့တဲ့နှစ်ခေါက်က ရေမချိုးရတဲ့ အဖြစ်ကို ပြန်တွေးနေမိတယ်။ ဘုရားပေါ်မှာ ကြာကြာနေခွင့်ရလိုက်တယ်။ ပြီးတော့ ကျီးကန်းပါးစပ်နဲ့ လေယာဉ်ကွင်းအနား အထိ။ လမ်းတစ်လျှောက် အလှူခံတွေနဲ့ အညာသားဦးကြီးရဲ့ ဒေါသကို ဖြေရှင်းပေးရသေးတယ်။ လှူဖို့တန်းဖို့ ငါတို့ သဒ္ဒါပါတယ်ကွာ ဒါပေမယ့် လွန်ကိုလွန်လွန်းတယ်ဆိုပြီး အော်တော့တာကိုး။ ဟိုဖက်ကိုလည်း မျက်နှာပူ ဒီဖက်ကိုလည်း မျက်နှာနာနဲ့ အင်းတိုးဂိုက်လုပ်လို့တော့ မဖြစ်တော့ပါဘူး။ ဦးရီးရာ စိတ်လျှော့ပါဗျာဆိုပြီး ကိုယ်နိုင်တဲ့ သူကိုပဲဆွဲခေါ်ခဲ့ရတော့တာ။

မနက်လေးနာရီထ ရေမိုးချိုးပြီး ဘုရားကို ဆွမ်းတော်ကပ်။ ရှစ်နာရီလောက်မှာ တောင်အောက်ပြန်ဆင်းခဲ့ရတယ်။ တောင်ခြေက ထမင်းဆိုင်ကလည်း ထမင်းမစားမချင်း အနားကပ်ပြီးတော့ကို အော်နေတော့တာ။ ထမင်းစားလို့ရပြီဆိုတာက ထမင်းမစားသေးတဲ့ အဖွဲ့ ထမစားမချင်း ၅မိနစ်ခြားတစ်ခါ အော်နေတာလေ။ နောက်တော့ ဆာ, ဆာ မဆာ, ဆာ နားအေးပြီးရော ဆို စားလိုက်မှ တစ်ခြားနေရာရွှေ့သွားတော့တာ။ ချဉ်ပေါင်ကျော်က စားကောင်းလို့ ထပ်တောင်းပြန်တော့ ရန်ဖြစ်ရပြန်ရော။ ထမင်းဆိုင်ဆိုတာ စေတနာလေးပါ ထည့်ရင် ကုသိုလ်လည်းရ ၀မ်းလည်းဝမယ့်အလုပ်မျိုးပါ။ ကိုယ်တိုင်ဆိုင်မဖွင့်ရသေးလို့ ထင်ပါရဲ့ ဆိုင်ဖက်က တွေးမိရင် ဘယ်လိုနေမလဲမသိ။

စတုတ္ထအကြိမ်ကတော့ အလုပ်ဟောင်းက လုပ်ဖော်ကိုင်ဖက်များနဲ့ပါ။ သူတို့နဲ့ ပထမဆုံး ပဲခူးခရီးအပြီး ကျိုက်ထီးရိုး ခရီးစဉ်လိုက်ဖြစ်ခဲ့တယ်။ တောင်ပေါ်ကို ဒီတစ်ခါတော့ ခြေလျင်တက်မဟဲ့ ဆိုပြီး အားခဲထားတာ လွဲပြန်ပါလေရော။ လူကြီးတစ်ယောက်ပါတာရယ် ဟိုမှာတည်းခိုဖို့ စီစဉ်ရမှာရယ်မို့ အနစ်နာခံပါတဲ့။ ကဲလေ ကုသိုလ်ရပါတယ်ပေါ့ ကားနဲ့တက်ခဲ့ရပြန်ရော။ တောင်ပေါ်ရောက်တော့ ရုံးပိတ်ရက်ရယ် ပွဲတော်ရက်ရယ်မို့ စည်ကားနေတယ်။ ရင်ပြင်တော်ပေါ်မှာတင်အိပ်တဲ့ အဖွဲ့တွေက အိပ်စက်ကြတယ်။ အခန်းတစ်ခန်းရဖို့အရေး ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်။ အားလုံးက ခေါင်းခါကြတာကိုး။ ဈေးကလည်း ခေါ်နိုင်တဲ့အချိန်ဆိုတော့ လာသမျှ လူအရေအတွက်နဲ့ ပြန်စားရင်း ဦးနှောက်ကို ခြောက်ရော။ ထမင်းဆိုင်တွေရဲ့ နောက်ဖက်မှာ အခန်းလေးတစ်ခန်းရလိုက်တယ်။ အခန်းရှေ့မှာ ရေတိုင်ကီလေးပါ ထည့်ပေးထားတာမို့ ရေပါဝယ်ရင်း အားလုံး စီစဉ်အပြီး တောင်တက်အဖွဲ့တွေလည်းအရောက်။ မောတယ်မောတယ်ဆိုပြီး ဖဲထိုင်ရိုက်လိုက်ကြတာ ညနေဖက်အထိ သူတို့မထကြ။ ဘယ်သူ့ကိုမှ ခေါ်မရ။ လူစုပြီးဖဲထိုင်အရိုက်ခိုင်းသလား အောက်မေ့ရတယ်။ အစတော့ အပျော်ဆိုပြီး ၀င်ကစားလိုက်ပါသေးတယ်။ နောက်တော့ တော်တော်နဲ့ မရပ် ပြောလို့ကလည်း မရ ဒါနဲ့ ဘုရားပေါ်တစ်ယောက်တည်း တက်ရင်း ဘုံကျောင်းက အစ်ကိုကြီးတွေနဲ့တစ်ခေါက်။ သူငယ်ချင်းစုံတွဲနဲ့ တစ်ခေါက် ဆုံဖြစ်ခဲ့တယ်။ ဘုံကျောင်းက အစ်ကိုကြီးတွေနဲ့ နောက်ထပ် ကျောက်ထပ်ကြီးကိုရောက်ခဲ့ပြန်တယ်။

ကျောက်ထပ်ကြီးက ပြန်လာတော့ ဖဲနိုင်တဲ့ သူငယ်ချင်းက အမိုးဆိုင်မှာ တောဝက်သားနဲ့ တာလပေါဟင်း ကျွေးမယ်ဆိုပြီး ခေါ်သွားပြန်ရော။ အမိုးနဲ့ ဖထီးရန်ဖြစ်တဲ့ ပုံလေးကို အမှတ်ရမိတယ်။ ဖထီးက နားညည်းတယ် နင့်ဟာနင်လုပ်တော့ ဆိုပြီး ထွက်သွားလို့လေ။

အဆင်းမှာတော့ ခြေလျင်အဖွဲ့နဲ့ လိုက်ခွင့်ရခဲ့တယ်လေ။ ဓါတ်ပုံတွေရိုက်ရင်း ကင်မရာအိတ်ကလေး တောင်အောက် ပြုတ်ကျသွားတာကို နှမြောတသ ကြည့်နေခဲ့ရတာ။ တကယ်က ဆင်းကောက်ချင်သေးတာပါ။ အစောကြီးဆင်းသွားတဲ့ အဖွဲ့ တောင်ခြေထန်းရည်ဆိုင်မှာ သူငယ်ချင်းတွေတစ်ဖွဲ့ကြီး သောက်နေကြလေရဲ့။

ထမင်းဆိုင်မှာစောင့်ရင်း ပေါ်မလာ ပေါ်မလာနဲ့ သွားခေါ်တဲ့ ကောင်မလေးပါ ငိုပြီးပြန်လာခဲ့တာ။ စလွှတ်လိုက်ကြတယ်ထင်တယ်။ မကြာပါဘူး ကျနော့သူငယ်ချင်းဦးဆောင်တဲ့ ထန်းရည်မူးတပ်ဖွဲ့ကြီး ဆိုင်ရောက်လာခဲ့တာ။ ရောက်လာတယ်ဆိုကတည်းက အတုံးအရုံး တန်းစီအိပ်ကြတယ်။ သူငယ်ချင်းကလည်း အန်၊ ဘေးကလူတွေကလည်း နှာခေါင်းရှုံ့။ နောက်တစ်ခေါက် သူတို့မန္တလေးသင်္ကြန်သွားတော့ ကျနော် နောက်ချန်နေရစ်ခဲ့တော့တဲ့အထိ။ ကျိုက်ထီးရိုးဆိုတာ ဖဲရိုက်ဖို့နဲ့ ထန်းရည်သောက်ဖို့ ခရီးစဉ်တစ်ခုလို့ မှတ်သွားမိတဲ့ အခေါက်ပေါ့…..


ပဉ္စမမြောက်အခေါက်ကိုတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မိသားစုနဲ့လိုက်ဖြစ်ခဲ့တာပါ။ အလုပ်တစ်ဖက်နဲ့ နေ့တ၀က်ခွင့်ယူပြီး လိုက်သွားခဲ့တာ။ အမှတ်မမှားဘူးဆိုရင်တော့ ရွှေအိုးကြီးထမင်းဆိုင်မှာပဲ တည်းခဲ့တာ။ အဲဒီအခေါက်မှာတော့ မီးလောင်ပြီးသွားပြီမို့ ထမင်းဆိုင်တွေက တိုက်တွေဖြစ်သွားခဲ့ပြီ။ အားလုံးက တိုက်တန်းတွေလေ။

တည်းခိုခတော့ ပေးစရာမလို ဧည့်စာရင်းတိုင်ခတော့ ပေးလိုက်ရတယ်ထင်တယ်။ ညဖက် ဘေးပတ်လည်အခန်းတွေက ဂီတာတီး သီချင်းဆိုကြတာမို့ မြေအောက်ထပ်လေးမှာ ဆူညံလို့။ ညတာရှည်လွန်းလိုက်တာလို့ စိတ်ထဲမှာမှတ်ထင်စေခဲ့တာ။

ညဦးပိုင်းကတော့ ကျောက်သမ္မာန်ပေါ်မှာ သွားထိုင်နေခဲ့ကြတာ။ တစ်ခြားအဖွဲ့တွေက ဂစ်တာတီး သီချင်းဆိုရင် အဖွဲ့သုံးဖွဲ့လောက်ကနေ တစ်ဖွဲ့တည်းကိုဖြစ်သွားတော့တာ။ ကျိုက်ထီးရိုးရဲ့ ရသအစစ်အမှန်က အဲ့လိုဗျ။ မသိသေးတဲ့သူတွေ ဒီခရီးမှာရင်းနှီးလွယ်စေသတဲ့လေ။ အဲဒီညက မဖြူဆိုတဲ့ အစ်မကြီးကို အခုအထိအမှတ်ရတုန်း။ သူတို့တည်းတဲ့ဓမ္မာရုံက အနီးဆုံးဆိုတော့ လက်ဖက်သုတ်တွေ ဇလုံကြီးနဲ့ သုတ်လာပြီး အားလုံးကို အားရပါးရခွံ့ကျွေးခဲ့တာ။ တကယ်ဆို တစ်ခါမှမတွေ့ဖူးကြတဲ့ တစ်စိမ်းပြင်ပြင်တွေလေ။ ကျနော်တို့မြန်မာတွေရဲ့ ခင်မင်ရင်းနှီးလွယ်တဲ့ စိတ်ဓါတ်က အတိုင်းသားနော်။ အခုပြင်ပမှာတော့ မမျှော်လေနဲ့။

အဲဒီအခေါက်ကတော့ သမရိုးကျပုံမှန်လေးပေါ့။ ပြန်လာကာစ ရုံးပြန်အတက်မှာ ရုံးက ကျိုက်ထီးရိုးခရီးစဉ်တစ်ခုနဲ့ ကြုံပြန်ပါတယ်။ ဒီတစ်ခါတော့ အားနာနာနဲ့ပဲ ငြင်းလိုက်ရတယ်။ ကံတော့ အတော်စပ်တယ်ဆိုရမယ်ဗျ။

နောက်ဆုံးရောက်ဖြစ်တဲ့အခေါက်က ဖေနဲ့မေကိုလိုက်ပို့ခဲ့တာ။ ကျနော်ဆုကြေးရတဲ့ပိုက်ဆံထဲက သူတို့နှစ်ယောက်ကို ကုသိုလ်ဖြစ်ဘုရားဖူးလိုက်ပို့ခဲ့တာ။ ဝေါကိုခဏခဏလာရတဲ့ ဖေက ကျိုက်ထီးရိုးကို တစ်ခါမှမရောက်ဖူးခဲ့ပါဘူး။ ရန်ကုန်မှာ ကျောင်းတက်တဲ့ မေက ကျိုက်ထီးရိုးကို တစ်နှစ်တစ်ခေါက်တဲ့။ အဲဒီတော့ ကျနော်တို့သားအမိ ကျိုက်ထီးရိုးအကြောင်း ပြောကြရင် သူ့ခမျာ သနားစရာ။ အဓိက သူရောက်ဖူးတယ်ရှိအောင်လိုက်ပို့ကြတာပါ။ ရန်ကုန်ကနေ အဲယားကွန်းလေအိတ်ကားဆိုတဲ့ လက်မှတ်ဝယ်ပြီး ကြေးသွန်းဘုရားကြီးနားက စောင့်နေခဲ့တာ။ မလာ မလာနဲ့ ခရီးသည်မပြည့်လို့ တစ်ခြားကားဂိတ်တစ်ခုကို အကူအညီတောင်းပြီး ခုံနေရာတောင်းပြီး အကြုံတင်ခိုင်းခဲ့တယ်တဲ့။ အဲဒီကားကလည်း ကျနော်တို့ကို မမေး ငုတ်တုပ်၊ ကျနော်တို့ကလည်း ကားမလာပါဘူးဆိုပြီး စောင့်နေ။ နောက်တော့ဂိတ်စာရေးက အသိမို့ မနေနိုင်ပဲမေးတော့မှ နှစ်ဦးနှစ်ဖက် စောင့်နေကြတာကို သိတော့တယ်။ အဲယားကွန်းကားမို့ မှန်ချပ်တွေကို မရှိတော့ ကားဝမ်းဗိုက်ကလည်း ဟိုတစ်ပေါက် ဒီတစ်ပေါက်။ ထွက်လာမှတော့ မထူးတော့ပါဘူးဆိုပြီး လိုက်ခဲ့တော့တာပါပဲ။ အဲလိုမျိုး ခဏခဏကြုံရတယ်လို့ အသိတွေက ပြန်လာတော့ ပြောပါတယ်။

ဆောင်းတွင်းကြီးတက်ခဲ့တာမို့ တောင်ခြေမှာတင် တော်တော်အေးနေခဲ့ပြီ။ တောင်ပေါ်အထိ ကားတက်ခွင့်မရှိတော့တာမို့ ရသေ့တောင်ကနေ ခြေလျင်တက်ခဲ့ရတယ်။ ဘုရားနဲ့နီးတဲ့ နေရာမှာ တည်းစေချင်လို့ တိဿဆောင်မှာပဲ တည်းဖို့ စီစဉ်ခဲ့ပါတယ်။ သေသပ်တဲ့အခန်းတစ်ခန်းတော့ ရခဲ့တယ်။ ရေပူတော့မရဘူးပေါ့ဗျာ။

ဘုရားပေါ်မှာရွှေသင်္ကန်းကပ်တော့ ဘုရားလူကြီး ဘကြီးတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ အဘရယ် ကြက်မတစ်ဝပ်စာနေရာလေးပြပါ ကျနော့အဖေကိုဖူးစေချင်လို့ပါဆိုတော့ သူကပြပေးတဲ့အပြင် ဘုရားကိုတိုင်တည်ပြီး ကျောက်တုံးကြီးကိုလှုပ်ပြခဲ့ပါတယ်။ ကျောက်တုံးအလှုပ်ကို အောက်မှာထောက်ထားလေးတဲ့ ၀ါးခြမ်းလေးတွေအညွှတ်က သက်သေပြခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း လှုပ်ဖို့ကြိုးစားပေမယ့် လုံးဝမလှုပ်ခဲ့ပါဘူး။ သမာဓိ သီလတွေ သစ္စာတရားတွေလိုအပ်သေးတယ်လို့ဆိုပါတယ်။ ကြက်သီးတဖြန်းဖြန်းထရင်း ဘုရားရဲ့ အံထူးဖွယ်ကို ဖူးတွေ့ခဲ့ရပါတယ်။

ဝေးဝေးလံလံမသွားနိုင်တဲ့နောက် တောင်ပေါ်မှာ တစ်ညအိပ်ပြီး နောက်နေ့မှာ ပြန်ဆင်းခဲ့ပါတယ်။

ခြောက်ခေါက်သာရောက်ဖူးခဲ့တယ် တစ်ခေါက်မှ ခြေလျင် တက်ဖူးခဲ့တာမရှိခဲ့သေးဘူး။ ငယ်တုန်းလေး သန်တုန်းလေး တက်ချင်ပေမယ့် အခွင့်မရခဲ့သေး။ အင်း နောက်တစ်ခေါက်ဆိုတာ များရှိခဲ့ရင် ခြေလျင်တက်ပြီး နောက်တစ်ခေါက်ထပ်လွမ်းချင်ပါသေးတယ်။ အခုတော့ အလွမ်းတွေ ကုန်သွားအောင် သွားခဲ့သမျှ အခေါက်တိုင်းကို လွမ်းထည့်လိုက်ပါပြီ။

13 October 2008

တတိယအချီတောင်ကြီးဆီသို့

စောစောကပြောခဲ့ပါပကော နောက်တစ်ခေါက်သွားလည်း အိုကေပါဆို။ ပြန်လာတာမှ မကြာသေး။ ကျောင်းက ဒီနှစ်ခရီးစဉ်က တောင်ကြီးပါ။ အားလုံးက မလိုက်မနေရဆိုပြန်တော့ ကြက်တူရွေးကတော်တော် မယ်ဘော်ကခပ်ကဲကဲ၊ မပင့်ခင်က အရင်ကြွချင်တဲ့ ကိုယ့်အတွက် ဖိုးကျိုင်းတုတ်ပေါ့။

ဒီတစ်ခေါက်တော့ ကျနော်အရင်က သိပ်စီးချင်နေတဲ့ တိုးကား အပြာရောင်တွေနဲ့ပါ။ ကားနှစ်စီးထဲဖြစ်ပြီး သူငယ်ချင်းတွေ မဆုံခဲ့တာအမှတ်တရ။ ဆရာမတွေကားခွဲလိုက်ရတာမို့ ကျနော့ဆရာမက အသက်ကလည်းကြီးပြီ ကျနော့ကိုလည်း သူနဲ့လိုက်စေချင်၊ သူငယ်ချင်းတွေနဲ့ခွဲစီးရမှာမို့ သူ့မလဲအားနာ။ နောက်တော့ ဆရာမတို့ကားနဲ့ပဲလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ မမယု၊ မမဆုတို့နဲ့တော့ တစ်ကားတည်းပေါ့။

ကားစထွက်တော့ ကျနော်ပေးဖွင့်ခိုင်းလိုက်တာ Banquet။ မင်းသမီးသိပ်ကြိုက်လို့ပါ။ ကားက တစ်စင်းကိုတစ်စင်းစောင့်ရင်း တော်တော်နောက်ကျမှထွက်ဖြစ်တယ်။ နေ့လည်စာကို မင်္ဂလာဒုံက Million coin မှာ။ တိုးကားကြီးနှစ်စီးဆိုတော့ ဆိုင်တစ်ခုလုံးကို ပြည့်နှက်သွားတော့တာ။ မှာရင်းအော်ရင်း ရှုပ်ယှပ်ခက်နေတဲ့ နေ့လည်ခင်းတစ်ခုပေါ့။ စားပြီးသောက်ပြီး ကားပေါ်ပြန်တက်တော့ ကားပေါ်မှာ တောင်းဆိုမှုတွေက နှစ်ခုဖြစ်နေခဲ့ပြီ။ ဇာတ်ကားပြန်ကြည့်ချင်တဲ့လူနဲ့ သီချင်းနားထောင်ချင်တဲ့လူဆိုပြီး။ နောက်ဆုံးတော့ ဆရာနီကိုလာ စကားနဲ့ ဇာတ်ကားကိုပဲဆက်ကြည့်ဖြစ်တယ်။ ကျနော်က မင်းသားနဲ့မင်းသမီး ဓားသိုင်းဆော့တဲ့အခန်းကို အရမ်းကြိုက်တယ်လေ။

လမ်းမှာတော့ ကျနော်တို့အားလုံး သိပ်မသိကြသေးတာမို့ အားလုံး ငြိမ်သက်နေတာပေါ့။ ပဲခူးရောက်သည်အထိ မလှုပ်ကြသေး။ နောက်ခုံက အစ်မတစ်ယောက်ဆို တိုးဂိုက်မို့ ခရီးအပြန်နောက်တစ်ခေါက်လိုက်ပါလာတာ။ အိပ်ရေးပျက်လာပုံပါပဲ အိပ်လိုက်တာ တော်တော်နဲ့မနိုး။ လမ်းတစ်ဝက်ရောက်တော့ ကျနောတို့ စလှုပ်လာပါပြီ။ သီချင်းတွေလည်း ဆို။ နောက်တော့ မေးကြည့်ဖြေကြည့်ဆော့ဖြစ်ကြပါတယ်။ တော်တော်ကို ရီရတဲ့ ကစားနည်းတစ်ခုပါပဲ။ အစ်မလတ်တို့နဲ့ ရင်းနှီးခဲ့တာပေါ့။ သီချင်းအဆိုကောင်းလေတဲ့ မမေ၊ အပြောင်အနောက်မှာဘုရင် မစု၊ တစ်ချိန်လုံးအိပ်နေပြီး ဟာသတွေပြောတဲ့ မသန္တာ၊ ပုံပြင်တွေပြောပြတဲ့ ဆရာအောင်စံဖြိုး။ တစ်ကားလုံးကို ဆူညံနေတော့တာ။

ကားရဲ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်းနှစ်ခြမ်းခွဲ မြို့နာမည်တွေ ရုပ်ရှင်နာမည်တွေ ဖွက်ကြတော့တာ။ နိုင်ချင်ဇောနဲ့ ပြလေတဲ့ ဟန်ပန်တွေ ဖော်မရလို့စိတ်ညစ်ညူးတဲ့ပုံတွေ တလွဲတွေ ဖော်လို့ တစ်ကားလုံး ၀ါးလုံးကွဲတဲ့အဖြစ်တွေပေါ့။ ကစားနည်းလည်း ပြီးရော နာမည်အသစ်တွေကို ရလို့ ဂွေးချို တို့ ဖာပွန်တို့ကိုဖြစ်ကရော။

ညစာကိုဘယ်မှာစားပါလိမ့်။ ကျနော်တို့ကားက နောက်ကျနေတာမို့ အတော်လေးဆာနေပြီ။ စားပြီးထွက်လာတော့ ကျနော့အစ်ကိုတွေက ထုံးစံအတိုင်းအသောက်ဇယားဆွဲနေလေရဲ့။ ဒီခရီးက ရန်ကုန်ကမို့ထင်ပါရဲ့ တော်တော်လေးကြာကြာမောင်းရတယ်။ ခရီးပန်းပြီးလမ်းမှာ မမူးစဖူးခေါင်းတွေမူးနေခဲ့တယ်။ သောက်ရတဲ့ဆေးတွေကြောင့်လည်းထင်ပါတယ်။ ခန္ဓာရှိတော့ ဝေဒနာကရှိမှာပါပဲ။ ဆရာဝန်ဖြစ်တဲ့ ဆရာအောင်စံဖြိုးကလည်း ဂရုစိုက်ရှာပါတယ်။ တစ်လမ်းလုံးအမ်းနေတဲ့ မျက်နှာနဲ့မို့ပါ။

အင်းထဲကို တိုက်ရိုက်ချီတက်ခဲ့တယ်။ ဒီတစ်ခါတော့ အင်းထဲက ချည်ဦးထုပ်လေးဆောင်းရင်းပေါ့။ မြူတွေသိပ်မကျတော့တာမို့ အင်းလေးက သိပ်လှနေပြန်ရော။ မရောက်ဖူးတဲ့သူငယ်ချင်းတွေက တစ်အားကိုသဘောကျပြီး တစ်ဖျတ်ဖျတ်ရိုက်နေတာ ဓါတ်ပုံက memory ဘယ်တော့ကုန်မယ်မသိ။ နေ့လည်စာကို အင်းထဲမှာစား ဆိုင်မှာလူကျတာမို့ စားပွဲလည်းကူထိုးပေးလိုက်သေးတယ်။ အမြတ်အဖြစ်က အရင်ရတဲ့စားပွဲတွေမှာ အရမ်းခင်တယ်ဆိုပြီး နည်းနည်းချင်းကပ်စားခဲ့တာ။ သတိတော့ထားသင့်တယ်နော်။

ဘုရားကနှစ်ဆူကိုဖူးအပြီး ဒီတစ်ခေါက်တိုးတာ ချည်ထည်ရက်လုပ်နေတဲ့ နေရာတွေ၊ ငွေထည်ဆိုင်တွေ တိုးလာတာပါပဲ။ လိုက်သာလျှောက်ကြည့်နေမိတာ ဘာတစ်ခုမှ မယ်မယ်ရရမ၀ယ်ဖြစ်ခဲ့ဖူး။

ဝယ်ဖြစ်ခဲ့တာက လိမ္မော်သီးသည်။ အရွယ်ကငယ်ငယ်။ ကျောင်းတက်လားဆိုတော့ လေးတန်းခင်ဗျတဲ့။ ငါးလုံးကို ဘယ်လောက်လဲဆိုတော့ ပေးချင်သလောက်သာပေးသွားပါခင်ဗျတဲ့။ ရော် ခက်ပြီကော။ နှစ်ရာတန်တစ်ရွက်ပေးပြီး ဆက်မေးနေမိတယ်။ ကျောင်းကောမှန်မှန်တက်ရဲ့လားလို့။






ဒီတစ်ခါတည်းဖြစ်တာက အေးသာယာမှာပါ။ အရင်အခေါက်တွေတုန်းက အခွင့်မကြုံလိုက်ရတဲ့ အေးသာယာပေါ့။ သိပ်လှတယ်လေ။ ကျနော်တို့သူငယ်ချင်းသုံးယောက်ကို တစ်ခန်းပေးပါတယ်။ သော့ရရခြင်းအပြေးအလွှား အခန်းရှာရပါသေးတယ်။ အခန်းရောက်ဖို့တော်တော်လျှောက်ရသေးတယ်။ မမယုတို့ မမဆုတို့ကတော့ တော်တော်လေးအဝေးမှာ တည်းရပါတယ်။ အဝေးကလူတွေကို ကားတွေနဲ့လိုက်ပို့ပေးတာတွေ့ရတယ်။



ရေချိုးပြီး ယောက်ဖုကိုဖုန်းခေါ်ဖြစ်တယ်။ သူနဲ့က မင်္ဂလာဆောင်မှာပဲတွေ့ဖြစ်ခဲ့တာလေ။ ရိုးသားတဲ့ကျနော့ယောက်ဖုက သူ့ရုံးက ဗန်ကားလေးနဲ့ ဧည့်ကြိုရှေ့မှာလာစောင့်နေရှာတယ်။ ညစာစားဖို့ သူ့ကို အပြေးအလွှားနှုတ်ဆက်ပြီး Dinning Room ထဲမှာနေရာယူမိတယ်။ တန်းစီနေတဲ့ လူတွေကို ဓါတ်ပုံလိုက်ရိုက်ဖြစ်တာမို့ အားလုံးက အော်ဟစ်နေတော့တာ။ ကိုယ်တိုင်လည်းတန်းစီရတော့ လူတန်းကြီးကရှည်လိုက်တာ။ အကြိုက်ဆုံးက စတော်ဗယ်ရီနဲ့ နွားနို့နဲ့ ချထားတာကိုပါ။ သုံးခွက်လောက်သောက်ဖြစ်ခဲ့တယ်။ အရက်ပုလင်းဖွင့်ပြန်တဲ့ တို့အစ်ကိုကြီးတော့ ဒီတစ်ခါ ရေခဲတုံးကို ဒေါ်လာနှစ်ဆယ်လား တစ်ဆယ်လားပေးပြီးသောက်ခဲ့ရတယ်။ ပြန်လာတဲ့အထိ တစ်ဖျစ်တောက်တောက်နဲ့။ စောင့်နေတဲ့ ယောက်ဖုကို အားနာနာနဲ့ပြန်လွှတ်လိုက်ရတယ် တောင်ပေါ်မတက်ဖြစ်တော့ဘူးပေါ့။

တစ်ချို့က Crispy ဆော့မယ်ဆိုပြီးလူစုနေပေမယ့် ခရီးပန်းနေတဲ့ ကျနော်တော့ အေးသာယာရဲ့ ညကို ၀ယ်လာတဲ့ အာလူးကြော်တစ်ထုပ်နဲ့ ၀ိုင်နဲ့ တစ်ကိုယ်တော်ဖြတ်ကျော်မိတော့တယ်။ သူငယ်ချင်းတွေ ပြန်လာတော့ အိပ်နေမိပြီလားမသိ။ အရှေ့က ထိုင်ခုံမှာသူတို့တွေ စကားပြောနေကြတယ်ထင်ပါရဲ့။ အေးလိုက်တာနော်။



နောက်တစ်နေ့မနက်စုရပ်မှာ အားလုံးစုံပြီးဓါတ်ပုံရိုက်ကြတယ်။ တန်းခွဲအလိုက်ဆိုပေမယ့် ပြောင်နောက်နေတာမို့ ဆရာမတွေလည်း မနိုင်တော့ပါဘူး။ တစ်ခါတည်း ဟိုတယ်က Check out လုပ်ပြီး ကက္ကူကိုသွားဖြစ်တယ်။ ပအို့အမျိုးသားနေ့လည်းဖြစ်ပြန် ဘုရားပွဲလည်းဖြစ်ပြန်ဆိုတော့ တစ်လမ်းလုံးကို စည်ကားနေတော့တာ။ ပါလာတဲ့ နိုင်ငံခြားသားနှစ်ယောက်အတွက် ပအို့တိုးဂိုက်နှစ်ယောက်ခေါ်ရမယ်တဲ့။ စောင့် တစောင့်နဲ့စောင့်လိုက်ရတာ တစ်နာရီကျော်လောက်ကြာထင်ပ။








ကက္ကူကိုရောက်တော့ အားလုံးပျော်သွားကြတယ်။ ဘုရားပွဲဈေးတန်းက အတော်စည်နေပြီလေ။ ဓါတ်ပုံတွေအသီးသီးရိုက် ဘုရားတွေ အလီလီ ဖူးပြီး ပွဲဈေးတန်းဖက်လျှောက်ဖြစ်တယ်။ ပအို့ဝတ်စုံတွေ့တာမို့ တိုက်ပုံတစ်ထည်မေးကြည့်တော့ သုံးသောင်းဆိုပါလား။ ခဏ၀တ်ကြည့်မယ်ပြောပြီး ဓါတ်ပုံအမှတ်တရရိုက်မိတယ်။ ဆိုင်က တဘက်ပါပေါင်းခိုင်းနေတယ် နင်ရှမ်းနဲ့တူတယ်ဆိုပဲ။

ကက္ကူကပြန်ထွက်လာတော့ လမ်းမှာ ဗြောင်တောင်တောင်ပေပေကျိချကြတယ်။ ပင်းတယသွားချင်တယ် မသွားချင်ဘူးဖြစ်နေတာမို့။ ပင်းတယကလည်း ဘုရားပွဲရှိတယ်လေ။ ပိုက်ဆံထပ်တိုးပေးပြီး ပင်းတယကို သွားဖြစ်ခဲ့တယ်။ တကယ်တမ်းမသွားသင့်ဘူးဆိုတာ နောက်မှသိလိုက်တာ။ တစ်လမ်းလုံးကားတွေကို တန်းစီနေတာကိုး။

တောင်ကြီးမှာ နေ့လည်စာစားရင်း ဈေးအမြန်ဝယ်ရတယ်။ ထုံးစံအတိုင်း စတော်ဗယ်ရီတစ်ခြင်းနဲ့ ခေါပုပ်ပေါ့။ အဲဒီကခေါပုပ်က ပိုမွှေးတာကိုနော့။

ပင်းတယမှာရတဲ့ အချိန်က သိပ်ကိုနည်းတယ်။ ကားပေါ်ကဆင်းပွဲဈေးတန်းထဲခဏလျှောက်ခဲ့တာပါ။ ဘုရားက တံခါးပိတ်သွားခဲ့ပြီလေ။ မြင်းလှည်းနဲ့ ဓါတ်ပုံရိုက်ချင်တဲ့ မမယုရဲ့ ဒုက္ခကလည်းမသေး။ အစကတော့ သဘောကောင်းမလိုလိုနဲ့ ရိုက်ပြီးတော့မှ ပိုက်ဆံတောင်းလေတယ်။ ရိုးသားတယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်လိုလုပ်ပေးရပါ့။

ပင်းတယကနေ အပြန် ကလောက မြင်းမထိဂူကိုတစ်ခေါက်။ ကျနော့အထင်ရေစက်များပါသလားပဲနော်။ မြင်းမထိဂူအရှေ့က ဆိုင်လေးမှာ ရှမ်းခေါက်ဆွဲနဲ့တို့ဗူးကြော်ကို ရေနွေးပူပူလေးနဲ့ပေါ့။

ကလောကနေ တောက်လျှောက် ပြန်ဆင်းလာခဲ့တာပါပဲ။ လမ်းတစ်လျှောက် ဘယ်လောက်ကဲခဲ့မယ်ဆိုတာတော့ ပြောမနေတော့ပါဘူး။ အားလုံးပျော်ရွှင်ခဲ့ကြတယ်ဆိုတာတော့ သေချာပါတယ်။

တော်တော်များက အလုပ်ကိုယ်စီနဲ့လေ။ ဘ၀အမော အလုပ်ခွင်ထဲက အမောတွေကို ခဏမေ့ပြီး မြို့ပြနဲ့ဝေးတဲ့ ဟောဒီအပန်းဖြေခရီးကို လိုက်ခဲ့ကြတာ။ မေ့မေ့ပျောက်ပျောက်ပျော်ပျော်ရွှင်ရွှင် ဆိုတော့ ဒီခရီးအောင်မြင်တာပေါ့။ နောက်တစ်ခေါက်ဆိုတာတော့ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ မသေချာတော့။

ရေးစေချင်တဲ့အကြောင်းလေးတွေ ရေးပေးလိုက်ပါပြီ ကိုရုပ်ဆိုးနဲ့ Petite ရေ။ လိုအပ်တာတွေရှိရင် ထပ်ဖြည့်ပေးကြပါလို့….

12 October 2008

ဒုတိယမြောက် တောင်ကြီးဆီသို့


ဒီတစ်ခေါက်က အပျော်မဟုတ်သလို အလုပ်ကနေသွားခဲ့ရတဲ့ ခရီးတစ်ခု။ ဒါပေမယ့် ၂၀၀၆ ခုရဲ့ နှစ်အကုန် ၂၀၀၇နှစ်အသစ်ကို တောင်ကြီးမှာကြိုခဲ့တာပေါ့။

အလုပ်ကနေ မန္တလေးနဲ့ တောင်ကြီး စတိုတွေကို ပစ္စည်းစစ်ဆေးဖို့တာဝန်ပေးလိုက်တယ်။ ဌာနအလိုက် သုံးယောက်ရွေးလွှတ်လိုက်တာပါ။ ရုံးက ယာလည်းညက်စေ ထွန်လည်းမောစေဆိုပြီး သောကြာနေ့မှရန်ကုန်ကခွာ တနင်္လာနေ့ရုံးပြန်အတက်ဆိုပြီး လွှတ်လိုက်တာပါ။

ပြည်တွင်းလေယာဉ်ခရီးစဉ် အဖြစ် Air Mandalay နဲ့စတင်ကြုံရတာပါ။ ညောင်ဦးမှာ လေယာဉ်ဆင်းတော့ ကိုယ်လည်းလိုက်ဆင်းချင်လိုက်တာ။ ပုဂံမြေကိုလည်း ကျနော်ချစ်တာကိုး။ မန္တလေး တံတားဦးကို သိပ်မကြာဖူးရောက်ပါတယ်။ တံတားဦးကနေ မန္တလေး ကိုတော်တော်သွားရသေးတာပါကလား။ မန္တလေး လေဆိပ်ကြီးကိုလေ့လာချိန်မရပါဘူး။ မန္တလေး မှာ ဒီနေ့ညလုပ်စရာရှိတာလုပ် တစ်ညအိပ် မနက်ဟဲဟိုးကိုပြန်တက်ရမယ်လေ။

မန္တလေး စတိုကိုတန်းသွားပါတယ်။ စတိုဌာနကလူတွေလည်း ရုံးပိတ်ရက်ပေမယ့် ကျနော်တို့ကို စောင့်နေရရှာတယ်။ စစ်စရာရှိတာတွေစစ်ရင်း မရောက်ဖူးတဲ့ မန္တလေးရုံးကို တစ်ခေါက်တော့ လှည့်ကြည့်မိခဲ့သေးတယ်။ အားလုံးလက်စသိမ်းတော့ တော်တော်လေးမှောင်နေခဲ့ပြီ။ ကူညီညာဝိုင်းကြတဲ့လူတွေကို ညစာကျွေးအပြီး ဟိုတယ်ကို ရောက်တော့ မိုးချုပ်နေခဲ့ပေမယ့် မရပ်နိုင်ကြသေးပါဘူး။ မန္တလေးက ဆိုင်တစ်ဆိုင်ကို အော့ဒစ်ဝင်ရင်း ညစာစားခဲ့ကြတယ်။ နောက်တော့ မန္တလေးအိမ်ကို သတိရတာမို့ ဆိုက်ကားဆရာတစ်ယောက်ကို မေးတော့ သူလိုက်ပို့ပေးမယ်တဲ့။ အတူလာတဲ့ လူတွေကို ပြေးပြေးပြောပြော လုပ်ပြီး မန္တလာဆောင်းကို အန်တုပြီး ဆိုက်ကားတစ်စီးနဲ့ ၃၆လမ်းအိမ်ကို သွားဖြစ်ခဲ့တယ်။ မောင်နှမတွေ မတွေ့တာကြာပြီမို့ အိပ်နေတဲ့လူတွေအားလုံးတန်းစီးနိုးခဲ့ရတာ။ နောက်တစ်ခေါက် ပြန်ဆုံဖို့ဆိုတာ ဘယ်တော့လဲမှ မသိနိုင်တာ။ ဟိုတယ်ကို ပြန်ရောက်တော့ ၁၂နာရီထိုးနေခဲ့ပြီ။ ကျောချလိုက်ရုံပဲရှိသေး မောနင်းကောကခေါ်နေပြီ။ ဘုရားကြီးကိုလည်း ဖူးခဲ့ချင်တယ်လေ။ ဘုရားကြီးကို ဦးချရင်း မျက်နှာတော်သစ်နေတာနဲ့လွှဲသွားပါလားလို့ သတိထားမိလိုက်တယ်။ နောက်တော့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်တယ်။ လမ်းဖြတ်သွားတဲ့ လူတစ်ယောက်ကို အကူအညီတောင်းကာမှ တော်တော်ရီစရာကောင်းတဲ့ အဖြစ်ဖြစ်ခဲ့သေးတယ်။ သူက ဗေဒင်ဆရာပါတဲ့ ပထမဆုံး ၃ယောက်ကို အလကားဟောပေးပါတယ်တဲ့။ လက်ဆွဲပြီးခေါ်သွားတာမို့ တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြရင်းလိုက်ခဲ့ကြတယ်။ ပထမဆုံးကတော့ ကျနော်ပေါ့။ ဟောရှာပါတယ်။ အဟောခံနေတဲ့ လူရဲ့ စိတ်မရှည်မှု မယုံကြည်မှုတွေကို မြင်ဟန်တူပါတယ်။ နောက်တော့ ကျန်တဲ့ လူကြီးနှစ်ယောက်။ သူတို့နှစ်ယောက်ကိုတော့ ဘာဖြစ်မယ် ညာဖြစ်မယ် နဲ့ ယတြာချေဖို့ ၅ထောင်ဆီလောက် တောင်းထားလိုက်တယ်လေ။ အဲလိုမျိုး။ သိပ်မများဖူးဆိုပြီး ပေးပစ်ခဲ့တဲ့ သူတို့ကို အငယ်ဖြစ်တဲ့ကိုယ့်မှာ ဆူရအခက် တားရအခက်။ ဓါတ်ပုံရိုက်ရင် သတိထားကြပေါ့ဗျာ။

တံတားဦးလေဆိပ်ကို အခုမှပြန်လေ့လာမိတယ်။ တော်တော်လေးကြီးကျယ်ပါပေတယ်။ အဲဒီတုန်းက ရန်ကုန်လေဆိပ်သစ်ကြီး မဖွင့်သေးဘူးလေ။ ကော်ဖီဆိုင်ရဲ့နာမည်ကိုက ကမ္ဘာကျော် နာမည်ဆိုပါလား။ မနက်စာကို လေဆိပ်က ရောင်းတဲ့ ခေါက်ဆွဲဗူးနဲ့ပေါ့။ ဆွမ်းခံရင်းငှက်သင့်တာက ကိုစန်းထွဋ်။ ဒီနှစ်ပွဲမှာသူ့ကို တင်ဆက်သူအဖြစ်ငှားချင်တာမို့ လေဆိပ်မှာပဲ စကားပြောရင်းဖုံးနံပါတ်တောင်းခဲ့တယ်။ Dreamboard က ကိုမောင်မောင်အေးပါပါလေရဲ့။ အဆင်သင့်တာတော့ အဲလို လိုက်ရှာစရာမလိုခဲ့ဖူး။ ဒီတစ်ခါတော့ Air Bagan နဲ့ဗျ။ ဟဲဟိုးကို ဆင်းဖို့တော်တော်ခက်ပါတယ်။ မြူတွေဆိုင်း နှင်းတွေဝိုင်းနေတာမို့ မဟုတ်ရင် မန္တလေးပြန်ရောက်တတ်ပါတယ်။ ကံကောင်းတော့ ဆင်းလို့ရသွားပါတယ်။ ဟဲဟိုးလေဆိပ်ဆိုလို့ အကြီးကြီးမထင်လိုက်ပါနဲ့။ နယ်မြို့က ဘူတာရုံသာသာပါ။ နိုင်ငံခြားသားတွေ တော်တော်များပါတယ်။ ဆောင်းတွင်းမို့ထင်ပါရဲ့။ အင်းလေးကို ဆင်းမယ် ပြီးရင်တောင်ကြီးတက်မယ်ဆိုပြီး ကားငှားလိုက်ပါတယ်။ ညောင်ရွှေမှရောက်မယ်မကြံသေး တယ်လီဖုန်းကလိုက်လာပါပြီ။ နောက်လထဲမှာ ကျနော်တို့ကုမ္ပဏီက တစ်နိုင်ငံလုံးက ၀န်ထမ်းတွေအတွက် နှစ်ပတ်လည် ညစာစားပွဲရှိပါတယ်။ အဲဒီပွဲအတွက် ကျနော်စီစဉ်ပေးရမှာက ၀န်ထမ်းတွေနဲ့ အကဖျော်ဖြေမှုပါ။ အခု လူစာရင်းလှမ်းတောင်းတာတဲ့။ ကဲ အဲလောက်ထိ။ ဘယ်သူမှမကရင် ကျနော် ချိုမိုင်မိုင်တက်က ပေးမယ်ပြောလိုက်မှ ဖုံးချသွားတော့တယ်။ အင်းထဲကိုလည်း နောက်တစ်ခေါက်ရောက်ခဲ့ပြန်ပေါ့။ မစိမ်းလေတဲ့ အင်းလေးက အရင်လိုသာယာစွာဆီးကြိုပြန်တယ်။ ဒီတစ်ခေါက်တော့ ပတ်ဝန်းကျင်ကို မမြင်ရအောင် မြူတွေဆိုင်းနေခဲ့တာ။ အင်းထဲမှာပဲ နေ့လည်စာစားဖြစ်တယ်။ ပြီးမှဖူးနေကျဘုရားနှစ်ဆူကိုဖူးပြီး ပြန်လှည့်ခဲ့ရတယ်။

တောင်ကြီးကို ရောက်တော့ ၂နာရီလောက်ရှိပါပြီ။ တောင်ကြီးရုံးက တောင်ကြီးဟိုတယ်မှာစီစဉ်ထားတာမို့ ဟိုတယ်ပြန်ရေမိုးချိုးပြီး အမြန်ပြန်ထွက်ခဲ့ရတယ်။ အနွေးထည်နှစ်ထပ်တော့ဝတ်ခဲ့တာပဲ။ ရုံးမှာလုပ်စရာတွေ အားလုံးပြီးတော့ မိုးချုပ်နေပြီ။ ညစာကို နီးတဲ့ဆိုင်မှာစားလိုက်တယ်။ ရုံးကမှာလိုက်တဲ့ ပစ္စည်းပစ္စယတွေလည်းဝယ်ဖြစ်တယ်။ ကလေးတစ်ယောက်က သူ့အမေအတွက် ဆွယ်တာဆိုလို့ ခေါင်းခြောက်အောင်ရှာခဲ့ရသေးတယ်။ ပြီးတော့ တောင်ကြီးက ဆိုင်တစ်ဆိုင်ကို အောဒစ်ဝင်ရပြန်ရော။ အဲဒီဆိုင်က တောင်ပေါ်မှာ ဆိုင်သစ်ဖွင့်ထားတာနဲ့ တောင်ပေါ်ဆိုင်ကို သွားခဲ့ကြရပြန်တယ်။ ဆိုင်မှာ အဆိုနဲ့ဖျော်ဖြေကြပါတယ်။ အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာမို့ မချီးကျူးပဲမနေနိုင်။ နှစ်သစ်ကူးကို အဲဒီဆိုင်မှာပဲကြိုခဲ့ရတာ။ အရိုးကွဲအောင်ချမ်းတယ်ဆိုတာ အဲဒီမှာထင်တာပဲ။ ဂျင်းဘောင်းဘီ ကိုတိုးလာတဲ့လေက သိပ်အေးလွန်းတယ်။ အအေးကြောက်တဲ့ကိုယ့်အတွက် ခေါင်းဆောင်းတွေ အနွေးထည်တွေပါပေမယ့် မလုံဖူးထင်နေမိတယ်။ ဟိုတယ်ရောက်မှပဲ နွေးနိုင်တော့တယ်။ ဟိုတယ်မှာ မေစပယ်ညိုတို့ကို တွေ့သေးတယ်။ အေးသာယာမှာပွဲလာလုပ်တာပါ။ ကျနော်တို့တော့ မနွှဲနိုင်တော့ပြီပေါ့။

ဟိုတယ်ကို မနက်၆နာရီထိုး ကားခေါ်ခိုင်းထားတယ်။ ဟဲဟိုးကိုပြန်ဆင်းရမယ်လေ။ လေယာဉ်က ကိုးနာရီထင်ပါရဲ့။ မပွင့်တပွင့်မနက်ခင်းမှာ ဈေးကိုဝင် စတော်ဘယ်ရီ ခြင်းပက်ပက်ကို ဖက်နဲ့ထုပ်လို့ ၀ယ်ခဲ့သေးတယ်။ လေဆိပ်ကိုရောက်တော့ ထုံးစံအတိုင်းစောင့်ပေါ့။ လေယာဉ်လိုင်းသိပ်အများကြီးမရှိလို့သာ။ ရင်ဘတ်မှာကပ်ထားတဲ့ စတစ်ကာကိုကြည့်ပြီး ကိုယ့်ဧည့်သည်ကိုခေါ် ပြီးတော့ အော်လံလေးနဲ့ အော် အင်းဧည့်သွားဧည့်လာများတဲ့ ဒီလေဆိပ်ကို တိုးတက်အောင်လုပ်သင့်တယ်ထင်မိတယ်။ ဧည့်လမ်းညွှန်တွေကိုလည်းတွေ့မိတယ်။ လေယာဉ်တွေနောက်ကျမှာမို့ သူတို့လည်း ရောက်ယက်ခပ်နေပါတယ်။

နောက်ဆုံးဆိုက်တာက Air Bagan ပါ။ နှစ်သစ်ပါလို့ကြိုရင်း စာအုပ်လေးတစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဆီလက်ဆောင်ပေးပါတယ်။ ဒီလေယာဉ်က နည်းနည်းကြီးတာမို့ အလာထက်စာရင်လူနည်းနည်းသက်သာတယ်ထင်ရတယ်။ ပုဂံကို ပြန်ဝင်ပြီး မကြာခင်မှာ ရန်ကုန်ကိုရောက်ပါတယ်။

ဒီတစ်ခေါက်က အပန်းဖြေခရီးမဟုတ်ပဲ တာဝန်တွေနဲ့ဆိုတော့ မွန်းကြပ်မိတယ်။ ဒါပေမယ့် သက်တောင့်သက်သာသွားခဲ့ရတဲ့ ခရီးတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ ပင်ပန်းတယ်ဆိုပေမယ့်လည်း နောက်တစ်ခေါက်သွားမလားမေးရင်တော့ အိုကေ………….

10 October 2008

တောင်ကြီး (၃)

အင်းထဲမဆင်းခင် ညောင်ရွှေက အန်တီချိုတို့ဆီအလည်သွားဖြစ်တယ်။ ကျိုင်းတုံမှာ မိသားစုတဝက်လောက်ရောက်နေကြတာလေ။ အမေရိကားက အမျိုးတွေလာပြီး အလှူလုပ်မှာမို့ တောင်ကြီးကို စျေးဝယ်ထွက်ကြတာ အိမ်လုံးကျွတ်။ တအိမ်လုံးကို ဘယ်သူမှမရှိတော့။ အညာက ဧည့်သည်တွေလာသွားတယ်ပြောပြီး နောက်တစ်အိမ်ပြောင်းကြပြန်ရော။ ပညာရေးမှူးအပျိုကြီးတွေ အိမ်ဆိုပဲ။ ကြွေမုန့်ကင်နေတာနဲ့ အတော်ပဲဖြစ်သွားတယ်။ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ ခရမ်းချဉ်သီးတွေကို ကြွေမုန့်နဲ့ တို့စား၊ အသားပက်လို့ ကွဲအက်နေတဲ့ ပါးနှစ်ဖက်နဲ့မို့ နင်တော့ အင်းသားဖြစ်နေပြီလို့စနေတဲ့ ဒေါ်လေးနီကို သတိရမိတယ်။ အင်းသူလေးတစ်ယောက်လောက် ကောက်ခဲ့ရအကောင်းသားနော်။


စီစဉ်ထားတဲ့ စက်လှေနဲ့ အင်းထဲကိုထွက်ခဲ့ကြတယ်။ သိပ်ကိုလှတဲ့ ကုန်းတွင်းကန်တစ်ခုပါပဲ။ တွင်းတောင်ကိုမရောက်ဖူးပေမယ့် အင်းလေးလှတယ်ဆိုတာ တကယ်ရောက်တော့ ပိုသေချာသွားပြီ။ ဇင်ယော်တွေအစာကျွေးရင်း ကိုယ်တိုင်လည်းခိုးစားနေမိတယ်။ လက်မြှောက်ပစ်ရတာ ကြာတော့ညောင်းတာကိုးဗျ။ လှေဦးမှာမတ်တပ်ရပ်ပြီး ကောင်းကင်ပြာနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့သေးတယ်။


ရောက်ပါပြီ ဖောင်တော်ဦးစေတီ။ ရွှေသင်္ကန်းတွေ အပြေးအလွှား လာရောင်းကြပြန်ရော။ အပေါ်က ဂေါပကဆီက ရွှေနဲ့ သူတို့ရွှေဘာကွာတယ်တော့မသိ။ ညီလေးအားပေးအုံးနော်ဆိုတဲ့ အသံတွေကြားမှာ တကယ်ကိုဘာလုပ်ရမှန်းမသိတော့။ သနားတဲ့စိတ်ရယ် အကျင့်မပါအောင်လုပ်ရမယ်ဆိုတဲ့ စိတ်တွေကြားမှာ ဒွိဟဖြစ်နေခဲ့တာပါ။

အရင်ကမျက်နှာတော် ဘယ်လိုရှိလေတယ် မသိရတော့အောင် ရွှေတုံးကြီးတွေဖြစ်နေတဲ့ ဘုရားငါးဆူကို ဖူးရပါတယ်။ မန္တလေးက ဘုရားကြီးလို မျက်နှာကို ရွှေချခြင်းကန့်သတ်ခဲ့ရင်ကောင်းမယ်လို့စဉ်းစားမိတယ်။ တန်ခိုးကြီးတဲ့ ဘုရားငါးဆူပါ။ ဘုရားလှည့်တဲ့အချိန်ရောက်လို့ ဘုရားငါးဆူလုံးများပင့်မိခဲ့ရင် တစ်ဆူက ရေထဲမှာ ပြုတ်ကျပြီး မူလကျောင်းဆောင်ပေါ်ပြန်ရောက်ရောက်နေတတ်တယ်တဲ့။ အကယ်၍ ဧည့်ဘုရားဖူးများ မူလကျောင်းဆောင်လာရောက်ဖူးမျှော်ရင် မဖူးရမရှိလေအောင် ပြန်လည်ကြွချီတာလို့ ဘုရားအံံံ့ချီးဖွယ်အဖြစ် ဒေသခံတွေက ပြောကြတယ်။



ဖောင်တော်ဦးပြီးတော့ ပေါ်တော်မူ ရန်အောင်မြင်ဘက်ကို လှည့်ဖြစ်တယ်။ တကယ့်ကိုပုဂံက ဘုရားတွေ အတိုင်းပဲ။ ဒီဘုရားရဲ့ထူးခြားချက်က နားတောင်းကအရှင်နဲ့။ နားတောင်းအစစ်ကို သိမ်းဆည်းထားတယ်လို့ပြောပါတယ်။ ပဲခူးငလျင်ဒဏ်ကြောင့် ကွယ်သွားရာကနေ အိပ်မက်ပေးပြီး ပြန်ပေါ်လာတယ်လို့ပြောပါတယ်။ ရေပေါ်စျေးကို မရောက်ဖြစ်ပင်မယ့် ဒီဘုရားဝန်းကျင်မှာ အသီးအနှံတွေလာရောင်းတဲ့ လှေတွေဝိုင်းနေတာမို့ ရေပေါ်စျေးလေးလိုပါပဲ။


ကျွန်းမြောတွေပေါ်က အသီးအနှံတွေစိုက်ထားတာ အောင်မြင်မယ်ထင်ပါတယ်။ အပြင်မှာမမြင်ဖူးတဲ့ လက်နဲ့မလှော်ခြေနဲ့လှော်တဲ့ အင်းသားတို့ရဲ့ရိုးရာကိုလည်း လေ့လာခဲ့မိပြန်တယ်။ ကျနော်သာဆို လှေပေါ်ကနေ အခေါက်တရာလောက်ပြုတ်ကျတောင် လှော်တတ်မယ်မထင်ဘူး။ အင်းလေးမှာရွာတဲ့ မိုးဆိုတဲ့ ဇာတ်ကားကိုပြန်လွမ်းနေမိလိုက်တာ ရေတွေစင်မှ သတိရမိတယ် မကြာခင်ညောင်ရွှေပြန်ရောက်တော့မယ်။

ညောင်ရွှေကနေ တောင်ကြီးကို ပြန်တက်တော့ နေခဲ့ချင်မိတယ်။ အင်းလေးက သိပ်ဆွဲဆောင်ထားတာပါလား။ နောက်တခေါက် နောက်တခေါက်နဲ့ အခေါက်ပေါင်းများစွာ လာလည်ချင်တဲ့အထိပါ။

တောင်ကြီးကိုရောက်တော့ မှောင်စပြုနေပြီ။ ဒီနေ့တော့ မောခမ်းကို မှီလိုက်တယ်။ လူ ၈ယောက်စားတာကို ၄၀၀၀ လောက်ပဲကျတာမို့ အားလုံးအံ့အားသင့်နေကြတာ။ လိုက်လာတဲ့ ဖေ့တပည့်ကျော်တွေက မုန့်ဟင်းခါ ၂ပိဿာလောက်ကို တစ်ထိုင်တည်းစားနိုင်ကြတာဆိုတော့ သူတို့ စားအားကိုစဉ်းစားကြည့်ပေါ့ဗျာ။

ဧည့်ဂေဟာပြန်ရောက်တော့ အခန်းရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ်။ အမှောင်ထဲမှာမို့ မသဲကွဲဘူးဖြစ်နေတာ။ နောက်တော့ ကျနော့ဆီလျှောက်လာတယ်။ ကျနော့နာမည်ကိုခေါ်တော့ သေချာသွားပြီ ဒါကျနော့ ကလေးဘဝတုန်းက သူငယ်ချင်း စိုးမိုး။ ၆တန်းလောက်ကတည်းက ကွဲသွားကြတာ။ ပိန်သွားတယ်သူငယ်ချင်း။ ညောင်ရွှေမှာ အသံကြားလို့ တောင်ကြီးထိတက်လာတဲ့ သူငယ်ချင်း တသက်တာ ပြန်မတွေ့တော့ဘူးထင်ထားတာ တခေါက်တော့ တွေ့ဖြစ်ကြသေးတယ်ကွာ။

လူကြီးတွေပင်ပန်းလို့နားပြီဆိုတော့ ကျနော်နဲ့စိုးမိုးက ဆိုင်ကယ်တစ်စင်းနဲ့ မီးပုံပျံပွဲဆီကိုပါ။ ဘောလုံးကွင်းထဲမှာလွင့်လွင့်ကျယ်ကျယ် ပျော်ဖို့လည်း ကောင်းသလို စိုးထိတ်စရာလည်းကောင်းပါတယ်။ ညမီးကျည်တွေက မတော်ရင်အန္တရာယ်ဖြစ်စေနိုင်တယ်။ မီးလောင်သွားလေတဲ့ ညမီးကျည်ကြောင့် ဂျူးရဲ့ ညမီးကျည် ၀တ္ထုကို သတိရမိပြန်ရော။ အင်းတကယ်ငိုကြတာပါ။ အားထည့်ပြီးလုပ်ထားကြတာဆိုတော့လေ။ တကယ်အောင်မြင်သွားပြီဆိုရင်လည်း အရမ်းကို တက်ကြွပျော်ရွှင်စရာကောင်းပါတယ်။ အားလုံးစိတ်လွတ်ကိုယ််လွတ် ပျော်ကြရတာ။ နတ်သမီးကို ဘာဖြစ်မယ်မီးပုံးပျံဆိုလား အော်ကြသေးတယ်။ အိမ်ကမိုးမချုပ်စေနဲ့လို့မှာလိုက်တာမို့ ၁၂နာရီမထိုးခင်မှာ ပြန်ပို့ပေးကြတယ်။ တကယ်တန်းတော့ မပြန်ချင်သေးဘူး။ စိတ်ကူးကောင်းတဲ့လူတွေရဲ့ မိုးပေါ်ကျမှ နောက်ထပ်မီးပုံးလေးတွေ အောက်ကို ပွင့်ထွက်ကျလာတာမျိုးတွေ အထိ တီထွင်ဉာဏ်ကောင်းကြပါပေတယ်။ သူ့ထက်သူလူစွမ်းကောင်းတွေရဲ့ တစ်လုံးပြီးတစ်လုံးအတက်ကို ဖြစ်နိုင်ရင်မိုးလင်းပေါက် ကြည့်လိုက်ချင်တယ်။ ဒါပေမယ့် အချိန်တန်ရင် အိမ်ပြန်ရတယ်မဟုတ်လား။ ခရီးက ဆက်ရဦးမယ်လေနော့။

နောက်နေ့အထိ တောင်ကြီးစျေးက မဖွင့်သေးဘူး။ ရက်ရှည်ပိတ်ထားတာကိုး။ ဘေးနားပတ်ပတ်လည်က ဆိုင်တွေမှာပဲ လိုတာတွေဝယ်ပြီး တောင်ကြီးကို ခွာခဲ့တယ်။ သိပ်ကြိုက်တဲ့လိမ္မော်သီးကိုတော့ တစ်ခြင်းပါအောင်ဝယ်ခဲ့တယ်။ စျေးဝယ်တဲ့ခြင်းတောင်းသေးသေးလေး မဟုတ်ပါဘူး။ ခါးတဝက်လောက် ခြင်းတောင်းရယ်ပါ။


တောင်ကြီးကနေစျေးဝယ်ပြီး ပြန်ဆင်းသာဆင်းခဲ့ရတယ်။ စိတ်က မီးပုံပျံတွေကို မပြတ်သေးဘူး။ အောင်ပန်းစျေးနေ့ကြုံလို့ တခါတခေါက် ဝင်နွှဲဖြစ်သေးတယ်။ အသွားတုန်းက နှုတ်ဆက်ထားခဲ့တဲ့ ကလောကို ပြန်တောင်းပန်ရသေးတယ်။ နှစ်တွေကြာပေမယ့် မပျက်စီးသေးတဲ့ နှီးဘုရားရဲ့ အံ့သြဖွယ်ကိုလည်း ဖူးခဲ့ပါသေးတယ်။ နောက်တော့ မြင်းမထိဂူ။ သာသနာပြုနေတဲ့ ဘကြီးကို တွေ့ရတာ ကျက်သရေရှိလိုက်တာ။ အေးချမ်းနေတဲ့ သူ့မျက်နှာရိပ်က သိပ်နှစ်လိုဖွယ်ကောင်းတာပါပဲ။ ဓါတ်မီးလေး ထိုးရင်းအသေအချာလိုက်ရှင်းပြနေလေရဲ့။ အကြိုက်ဆုံးနေရာကတော့ မောင်းတွေ တီးလို့ရတဲ့ ကျောက်ခက်ဆွဲတွေလေ။ သူ့ဟာနဲ့သူကို ဟုတ်လို့။ အသံစုံသားဗျ။ သဘာဝတရားပဲလား ဆန်းကြယ်သားနော်။ သေချာလိုက်ပြပေးတဲ့ အဘကို အမေက ငွေကန်တော့ ရင်း တစ်မိသားစုလုံး ဝိုင်းကန်တော့ကြတော့ ပေးလိုက်တဲ့ဆုတွေ မနည်းမနော။ နေ့လည်စာထမင်းကိုတော့ ကလောက သုမောင်ထမင်းဆိုင်မှာပါ။

ကလောကပြန်လာအပြီးမှာတော့ တလမ်းလုံး မလှုပ်နိုင်ကြတော့။ ညစာထမင်းစားအပြီးမှာ ကားအပြင်းမောင်းရင်း ပြန်လာကြတယ်။ အိမ်ပြန်ရောက်တော့ ည ၁၂နာရီထိုးနေခဲ့ပြီ။ ဖေက မနက်ဆိုရုံးပြန်တက်ရမယ်။ သားအမိနှစ်ယောက်တော့ လိမ္မော်သီးဝေခြမ်းရေးလုပ်တုန်း။ တွက်ရေးက စက်သူဌေး တွက်ကြည့်တော့ စက်မရှိဆိုသလို အိမ််အတွက်သိပ်မကျန်တော့ဘူးလေ။

လူကသာအိမ်ရောက်နေတာ တစ်အိမ်လုံးက နောက်တစ်လလောက်ထိ တောင်ကြီးမှာ ကျန်နေတုန်း။ တောင်ကြီးကဘယ်လို ကလောက ဘယ်ပုံ ပင်းတယက ဘယ်သို့ဆိုပြီးလေ……

တောင်ကြီး ပထမခရီးစဉ် အပြီး….

09 October 2008

တောင်ကြီး (၂)

ပင်းတယကနေ မေက သူ့ရဲ့ ဝါသနာသစ်ခွတွေ ဝယ်ဖြစ်အောင်ဝယ်ခဲ့သေးတယ်။ အခုဆို အိမ်က သရက်ပင်မှာ ပွင့်နေလောက်ရောပေါ့။ မနက်စာစားရင် ရန်ကုန်ကညီလေးတို့ နဲ့ အမှတ်မထင်ဆုံကြတယ်။ အန်တီခင်အေးတို့မိသားစုတွေ ပျော်ပျော်ပါး ဘုရားဖူးထွက်လာတာတဲ့။ အရင်တုန်းက ကျနော်ထိန်းခဲ့ရတဲ့ နိုနိုတို့ ဇိုဇိုတို့တောင် အရွယ်ရောက်နေပြီပဲ။ အင်းလေကိုယ်တိုင်တောင် ငယ်တော့တာမှမဟုတ်တာနော်။

ပင်းတယကပြန်ဆင်းလာပြီး တောင်ကြီးကို တက်ခဲ့ကြတယ်။ ဒီနေ့မီးပုံပျံပွဲစမယ်လေ။ ညက မမြင်ရလေတဲ့ ရှုခင်းကို မနက်အပြန်ခရီးမှာ ငေးရတော့တာပဲ။ ဟိုနေရာလေး ဓါတ်ပုံရိုက်မယ် ဒီနေရာလေးဓါတ်ပုံရိုက်မယ်နဲ့ ရှုခင်းတွေလှလေသမျှ ကားပေါ်မှာ ဂျီကျမိတော့တာ။ တောင်ကြီးကို ရောက်တော့ ၃နာရီထိုးပြီထင်ပါရဲ့။ ဦးသင်းတို့ အမတွေဆီကိုပဲတိုက်ရိုက်သွားမိတယ်။ လူအလာများတဲ့ ရက်မို့ ဟိုတယ်က သုံးယောက်စာပဲ စီစဉ်ပေးနိုင်တယ်တဲ့။ အတူတူလာလူ ရှစ်ယောက်မို့ အားလုံးတည်းဖို့ အဲဒီဗိုလ်ချုပ်လမ်းပေါ်က စိုက်ပျိုးရေးရုံး ဧည့်ဂေဟာမှာပဲ တည်းဖို့ဆုံးဖြတ်လိုက်တယ်။ တောင်ကြီးအိမ်မှာ ဘွားပုရောက်နေတာမို့ ကျနော်တို့ သားအမိတွေပျော်လိုက်ကြတာ။ ဟိုမှာ ဘွားပုလာလည်တုန်းက ဟင်းပေါင်း မုန်ညင်းစော ကင်ပေါင်းကြော်တို့ဆိုတာ နေ့စဉ်ရက်ဆက် စားရင်းဘွားပုလက်ရာ ရှမ်းစာက စွဲနေမိခဲ့ပြီ။

အဲဒီညနေမှာပဲ နာမည်ကျော်တဲ့ ကက္ကူကိုသွားဖြစ်ခဲ့တယ်။ အရင်တုန်းကလို အညိုရောင်နယ်မြေမဟုတ်တော့တာမို့ သွားရေးလာရေးအဆင်ပြေနေခဲ့တာ။ လမ်းတစ်လျှောက်ကရွာတွေကို ကြည့်ရင်း ဆရာမြသန်းတင့်ရဲ့ ကမ္ဘောဇအကြောင်းရေးထားတဲ့ စာအုပ်လေးကို သတိရမိတယ်။




ကက္ကူကိုရောက်တော့ နေစောင်းနေပြီ။ ဘုရားပွဲမှာ ရှမ်းအငြိမ့်တွေ ဇာတ်တွေကဖို့ ပြင်ဆင်နေကြပြီ။ သစ်ပင်ဝိုင်းကြီတွေအောက်မှာ ရွာနီးချုပ်စပ်က ဘုရားပွဲတက်စတိုင်က ကျနော်တို့ အညာအတိုင်းပဲနော်။ ဘွားပုပွဲခင်းထဲစျေးဝယ်နေတုန်း ကင်မရာတစ်လုံးနဲ့ ကျနော်ကတော့ ထုံးစံအတိုင်း ငြမ်းစင်ထားတဲ့ စင်ပေါ်ကို တက်နေမိပြီ။ အနောက်ဘက်ချောင်းကလေးကလည်း လွမ်းစရာတော့ အကောင်းသား။ ငါးရယ် ခဲတံချောင်းရယ်ဝယ်လာပြီး မနက်ဖြန်ငါးထမင်းနယ်ကျွေးမယ်တဲ့ အိုးပျော်စရာကောင်းလိုက်တာ။

အဲဒီညက အပြန်မောခမ်းမှာထမင်းသွားစားမယ်ဆိုပြီး အားကြိုးမာန်တက်ချီတက်ခဲ့တယ်။ အဝင်မှာပဲ စားပွဲထိုးလေးတွေက ကုန်ပြီတဲ့ ပြန်တော့တဲ့။ အရိုးခံတိုင်းရင်းသားတွေရဲ့ အရှိကိုအရှိတိုင်းပြောလိုက်တာ ဆာနေတဲ့ ဗိုက်တောင်မေ့သွားစေတယ်လေ။ လမ်းမထက်မှာတော့ မီးပုံးတွေနဲ့ အလှပြနေကြပြီ။ ကားနဲ့မဟုတ်ဘူးနော် လူတန်းကြီးက တန်းစီရွှေ့လျားနေတာ။ အားလုံးက စူဠာမဏိကို ဦးတည်နေကြတာထင်ပါရဲ့။









ကားဆက်မသွားနိုင်တာနဲ့ ကားကိုရပ်ပြီး လမ်းဆင်းလျှောက်ကြတယ်။ ဘုရားရောက်ဖို့တော်တော်လိုသေးတယ်။ အင်း လောင်းကစားဝိုင်းတွေက အများသား။ အမျိုးသာတွေတင်မက အမျိုးသမီးတစ်ချို့တောင်ပါသေးတယ်။ ဘုရားထိရောက်ဖို့ တော်တော်လျှောက်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေရယ် မြို့ခံတွေရယ် ဘုရားရင်ပြင်တော်ပေါ်မှာ အပြည့်။ ဘုရားတန်ခိုးကြောင့်ထင်ပါရဲ့ ပြွတ်သိပ်နေတဲ့ မွန်းကြပ်မှုကို မခံစားလိုက်ရဘူး။ ဘုရားရှိခိုးပြီး ပြန်ထွက်လာတော့ မှည်းနက်တဲ့ ကောင်းကင်ယံမှာ အလှတွေဆင်နေကြပြီ။ ခဏတစ်ဖြုတ်ဆိုပြီး ငေးနေလိုက်ကြတာ အအေးဒဏ်ခံရတော့မှ အိမ်ပြန်ဖို့သတိရကြတော့တာ။ ဒါတောင်လမ်းတဝက်မှာ ကားရပ်ပြီးကြည့်နေမိတဲ့အထိ နောက်ဆံကတင်းနေခဲ့တယ်။ ပင်ပန်းမှုအပြည့်နဲ့ အိပ်ပျော်သွားခဲ့တဲ့ ညတစ်ညပေါ့။

မနက်မိုးလင်းတော့ ရေချိုးဖို့ကြိုးစားရတယ်။ မချိုးဖြစ်တာ နှစ်ရက်ရှိပြီလေ။ မနက်စာစားအပြီးမှာတော့ အင်းထဲဆင်းဖို့ပြင်ကြရတယ်။ ကျောက်မဲက ဧည့်သည်တွေနဲ့ ကားနှစ်စီးပြိုင်ထွက်ခဲ့ကြတာ။ အင်းထဲမှာ စက်လှေမကျန်တော့တာမို့ ညောင်ရွှေက အမျိုးတွေကို စီစဉ်ခိုင်းလိုက်ရတယ်။ အင်းလေးကို ရောက်ရဦးမှာပေါ့……..

08 October 2008

တောင်ကြီး (၁)


“ သူ့အတွက်အလွမ်းပြေ ပန်းတွေတစ်ပွင့်ဆီ ခြွေကာမြေမှာ စုထားရရင်ကွယ် ခုများဆို စကားဥပမာပြောလို့နှိုင်းတယ် မောတို့တိုင်းရဲ့ရှမ်းတောင်တန်းသဖွယ် ဖြစ်နေမယ်ထင်တယ်” ဆိုတဲ့ သီချင်းလေးကြားတိုင်း အဲဒီမရောက်ဖူးလေတဲ့ အလွမ်းတောင်တန်းတွေဆီကို သွားချင်နေမိတယ်။ တခါတခေါက် အရောက်သွားချင်စိတ်က တစ်ဘဝလုံးစာကို ကြီးစိုးနေတော့တာ။ ငယ်တုန်းကတော့ မေက လူရည်ချွန်ဆိုတဲ့ စကားလုံးနဲ့ ဖြားယောင်းဖူးတယ်။ ညီလင်းညိုတို့ အမာညိုတို့ လိုပေါ့ အင်းလေးတို့ ငပလီတို့ကို လူရည်ချွန်ဆိုတဲ့ အိပ်မက်နဲ့ မက်ခဲ့ကြသလိုပေါ့။ တစ်မျိုးတော့ တစ်မျိုးပဲနော် သမဝါယမမှာ ပစ္စည်းထုတ်သလိုမျိုး ဒီတစ်မျိုးယူမှ နောက်တစ်မျိုးပေးမယ်ဆိုတာမျိုးလေဗျာ။

ကျောင်းသင်ခန်းစာတွေ အားလုံးပြီးတဲ့နေ့မှာ အိမ်ကိုခဏအပြန်။ နဂိုတည်းက ရောဂါပေါတဲ့ မေ့မှာ နောက်ထပ်အသစ်နှစ်မျိုးရှိနေပြန်ပြီတဲ့။ ဆရာဝန်က စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ပြောတော့ အဲဒီတောင်ကြီးဆိုတဲ့အရပ်ကို ဦးတည်ခဲ့ကြတယ်။ အားလုံးစီစဉ်ပြီးတဲ့နောက်မှာတော့ ခရီးတစ်ခုစဖြစ်ခဲ့တယ်။ ကမ်းတစ်ဖက်အကူးမှ သတိရတာက ဦးတိကျဖေရယ် သူ့မှတ်ပုံတင်မပါလာခဲ့ဖူး။ ကားလိုင်စင်တော့ ပါတာမို့ ပြန်မလှည့်တော့ပဲ မကွေးဖက်မှာပဲ မနက်စာစားဖြစ်ခဲ့တယ်။ တရွေ့ရွေ့မောင်းလာလေတဲ့ ကားနဲ့ ကျောက်ပန်းတောင်းက ဖိုးပြုံးချိုမှာပဲ ထမင်းစားမယ်ထင်ခဲ့တာ တကယ်တော့ လဘက်ပြားရောက်မှာစားဖြစ်တော့တယ်။ ငါးသေတ္တောကို ခရမ်းချဉ်သီးနဲ့ ကြက်သွန်နိုင်နိုင်သုပ်လေတဲ့ ဒီဟင်းအမည်က အသစ်ဖြစ်စေခဲ့တယ်။ ကြက်သားကြော်မှာ နာမည်ကျော်တဲ့ အရပ်မို့ မဝယ်မဖြစ်ကြက်သားကြော်လည်းပါတာပေါ့။ ဝယ်လာတဲ့ ကြက်သားကျော်ကို တစ်လမ်းလုံးစားသွားလိုက်တာ ပါးကိုညောင်းယူရော။ ဘယ်လောက်ဝယ်ခဲ့လဲဆိုတော့ အသည်နှစ်သည်ကို အားနာတာနဲ့ နှစ်ဗန်းထဲရယ်ပါ။ 

အမှတ်မထင် ကားသမား အစ်ကိုကြီးနဲ့ လဘက်ပြားသူလေးရဲ့ဇာတ်လမ်းလေး ကိုလည်း ကြုံခဲ့ရသေးတယ်။ ခရီးသွားလာရင်းအကြံုကြိုက်ပေမယ့် တစွဲတလမ်းရှိတဲ့ အစ်ကိုကြီး အိမ်က သဘောမတူတာမို့ နှစ်ယောက်သားဝေးနေလိုက်ကြတာ။ ကိုသက်အောင်ခမျာ ဆုံးသာသွားရော ပေါင်းမသွားရဖူးထင်ပါရဲ့။ အချစ်စစ်တို့သည်လည်း ဆုံနိုင်ခွင့် ကြံုခဲတတ်ဘိခြင်း။

သာစည်နည်းနည်းကျော်တော့ မြင်ကွင်းတွေက ပြောင်းစပြုလာပြီ။ လမ်းကတော့ ကျဉ်းသေးတယ်။ ဖုံထူတဲ့ အညာမြေနဲ့ မောမြေတံခါးဝက စတင်ကွာခြားစပြုလာပြီ။ လမ်းဘေးတစ်ဖက်တစ်ချက်ကလည်း ကုက္ကိုပင်ကြီးတွေထင်ပါရဲ့။ တစ်ချို့ဆို လက်နှစ်ဖက်စာတောင် မလောက်နိုင်တော့လောက်အောင် ကြီးမားနေပြီ။ ဒါပေမယ့်ရာသီဥတုကတော့ ပူနွေးဆဲ။

တရစ်ပြီးတစ်ရစ် တက်လာပြီးတဲ့နောက်မှာ ရေဖြူလား ဝက်ဖြူလားမမှတ်မိတော့ပါ။ တောင်တွေပေါ်ကို တက်လာနေပြီဆိုတာ သတိထားမိတယ်။ လိမ္မော်သီးကင်းတွေမြင်တော့ ငေးလိုက်ကြတာ။ ကလောကို မကြာခင်ဝင်တော့မယ်။ မြေနီတွေ မြင်နေရပြီ။ ကောင်းကင်ကလည်း ပြာလိုက်တာနော်။ မြို့အဝင်မှာတော့ ထုံးစံအတိုင်း အညောင်းပြေအညာပြေ လမ်းဆင်းလျှောက်ရပါသေးတယ်။ ကလောမြို့လေးလှပင်မယ့် နေရစ်ဦးပေါ့။

ကလောပြီးတော့ အောင်ပန်းထင်ပါရဲ့။ မှတ်ဉာဏ်တွေလည်း ချို့တဲ့နေခဲ့ပြီ။ အောင်ပန်းမှာ ကားခဏရပ်တော့ ပြေးလာလိုက်တဲ့ လိမ္မော်သီးသည်တွေ မနည်းပါလား။ ကျောင်းသားအရွယ် လိမ္မော်သီးသည်လည်းတွေ့ပါရဲ့ ကျောင်းမှတက်ရဲ့လားမသိ။

အောင်ပန်းကအထွက်မှာ ပင်းတယကိုသွားဖို့ ရှမ်းပျိုနှစ်ယောက်က အကူတောင်းတာမို့ နောက်ခန်းမှာခေါ်တင်ရင်း သူတို့ရဲ့ ဘဝကို မေးနေမိတယ်။ ပင်းတယမရောက်ခင် ရွာကြီးတစ်ရွာကပါ။ အခုလည်းကုန်သွားသွင်းပြီးပြန်လာတာတဲ့။ ထုံထုံနဲ့မောင်းနေတဲ့ ထော်လာဂျီတွေမစီးဖူးလားဆိုတော့ ရီပြီးဖြေတယ် နှေးလို့မစီးချင်ဘူးတဲ့။ မြေပြန့်မှာအလုပ်ရှိရင် ခေါ်ပါဆိုလို့ရီခဲ့ကြသေးတယ်။ အခုဒီမှာတစ်နေ့ ငါးဆယ်ပဲရတာ တနေကုန်အောင်လုပ်ရတာဆိုမှ အရယ်မျက်နာတွေ ငိုမဲ့မဲ့ဖြစ်ခဲ့ရတယ်။ ဟုတ်မယ် ရှမ်းမတွေဆိုပေမယ့် မဖြူကြရှာပါဘူး။ အပြန်ကြဝင်ပါရှင့် ဂေါ်ဖီတွေတင်တဲ့ကား ကိုမြင်ရင် ဝေးလို့သာ အော်လိုက် လာခေါ်မယ်ရှင့်တဲ့။ တရှင့်ရှင့်ပြောတတ်တဲ့ ရှမ်းပြည်ရဲ့ စကားသံကနားထဲကို စိမ့်ဝင်လွယ်တယ်နော်။

ပင်းတယရောက်တော့ အမှောင်လုနေပြီ။ ထမင်းဆိုင်တွေ အားလုံးပိတ်နေပြီ။ ကြံလိုက်တစ်ဆိုင်တော့ မီးမပိတ်သေးတာမို့ အပြေးအလွှား သွားစားရတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကြောင့်လား ရှမ်းပြည်မှာ ထမင်းစားရတာ မြိန်လိုက်တာ။ ထမင်းစားပြီးရင် ကုံလုံကို ချီတက်ခဲ့ကြတယ်။ လမ်းတစ်လျှောက် တောင်းနေတဲ့ ကလေးတွေက ပစ်ချသူတွေကြောင့်လား အကျင့်တွေပါကုန်ကြပြီထင်ပါရဲ့။ ချိုချဉ်တွေ ကလွဲရင် ပိုက်ဆံပစ်မချချင်ခဲ့တဲ့ ကျနော့စိတ်က အဆန်းသား။

ကျောင်းရောက်တော့ မိုးချုပ်နေပြီ။ တခြားဘယ်မှာမှ မရှိတဲ့ ဧည့်စာရင်းကိုတိုင်ရင်း မနက်စာ အာရုံဆွမ်းကပ်ဖို့ လျှောက်ဖြစ်တယ်။ မနက်လေးနာရီမှာ မျက်နှာသစ်တော့ ခွက်ကိုတောင် ကောင်းကောင်းမကိုင်နိုင်တော့ အေးစက်လို့ကျင်တက်နေခဲ့ပြီ။ ခေါင်းလျှော်မယ်ဆိုတဲ့ အသံကြားမှာ ရေချိုးဖို့တောင် အားမမွေးရဲတဲ့ ကျနော်တို့တစ်တွေ ရီနေကြရတာပေါ့။ မနက်ငါးနာရီထရင်း ရှမ်းကိုရင်တွေကို ဆွမ်းလောင်းကြရတယ်။ သက်သက်လွတ်ပဲပုပ်ချက်နဲ့ အသီးအရွက်ပါပဲ။ တစ်ပါးချင်းရဲ့ သပိတ်ထဲကိုလောင်းထည့်ရင်း ကုသိုလ်တစ်ရားတွေပဲ ပွားနေမိတော့တယ်။ ပြီးတော့ ကုံလုံဆရာတော် အဖူးအမြော်ခံတဲ့ ဓမ္မာရုံကိုပေါ့။ ဆရာတော်ကို ဖူးအပြီး ပြန်ဆင်းလာခဲ့ကြတယ်။ ပင်းတယ ရွှေဥမင်ကို ဝင်ရင်းပါ။ တောင်ပေါ်မတက်ခင် လက်ဖက်တွေမြည်းရတာ ပျော်ဖို့ကောင်းတယ်။ ဝါးဆစ်ထဲက လက်ဖက်တွေက ဘာကြောင့်အရသာပိုရတာပါလိမ့်။ များပြားလှတဲ့ ဘုရားတွေကြားမှာ တကယ့်ကို ကြည်ညိုဖို့ကောင်းလိုက်တာ။ တောင်ပေါ်က အမြန်ဆင်းပြီး ပုတ်တလုပ်ကန်ရေပြင်ကိုငေးရသေးတယ်။ ကြီးမားလှပတဲ့ သစ်ပင်တွေကလည်း အပြိုင်းအရိုင်းဆိုတော့ ရှမ်းပြည်လှတာ တကယ်ပါပဲပေါ့ဗျာ။

ဆက်ပါဦးမယ်


ဓာတ်ပုံလေးက ဒီကယူပါတယ် http://i.pbase.com/g6/48/734148/2/73669869.NSRVzay4.jpg

28 September 2008

မှော်ဇာကအပြန်


Bonjour လို့နှုက်ဆက်ရပါတဲ့ ဒီသင်တန်းကို တက်ဖြစ်ခဲ့တာ ဘာကြောင့်ပါလိမ့်။ မူလဦးတည်ချက်တွေနဲ့ အကွဲကွဲအလွဲလွဲဆိုတော့ လုပ်သလိုမဖြစ်တော့လည်း ဖြစ်သလိုလုပ်လိုက်ဟန်တူပါရဲ့။ အတန်းထဲကစာတွေကို မမှတ်မိနိုင်တော့ပေမယ့် ဒီမှော်ဇာခရီးစဉ်လေးကတော့…

A1 အတန်းရဲ့ w1/2 section တွေရဲ့ လေ့လာရေးခရီးစဉ်လေးပါ။ တစ်နှစ်လုံးကျောင်းကို မှန်အောင်မတက်ခဲ့ပေမယ့် ဒီခရီးစဉ်ကိုတော့ သူငယ်ချင်းတွေ အစီအစဉ်နဲ့လိုက်ဖြစ်ခဲ့တယ်။ မနက် ၇နာရီလောက် ကျောင်းရှေ့မှာလူတွေပုံနေပြီ။ ကိုယ့်အဖွဲ့နဲ့ကိုယ် စကားတွေဖောင်ဖွဲ့နေကြပြီ။ ကားကမလာသေး။ ကားရောက်တော့တော်တော်နောက်ကျနေပါပြီ။ ဆရာ၊ ဆရာမတွေအပြင် ကျောင်းက အုပ်ချုပ်သူတစ်ချို့ပါလိုက်ပါလာတယ်။ မူကြိုကလေးတွေ အပြင်ထွက်သလို ရှေ့ဆုံးကနေပြီး တစ်နှစ်သုံးလူရေ။ မပြည့်မချင်းကားမထွက်တာမို့ တကယ့်ကို ရီစရာဖြစ်ခဲ့တဲ့ ခရီးစဉ်ပါ။ လမ်းမှာမှောက်အိပ်တဲ့လူတစ်ယောက်ကို ကျော်ရီသွားပြီး လူလိုသေးတယ်နှဲ့ ကားမထွက်ပဲထိုင်စောင့်နေတာကိုတော်တော်ကြာမှသိကြလို့ လူပြည့်ပါတယ်ဆိုပြီး အော်ကြရတဲ့အဖြစ်တွေပေါ့။ အင်ဒရေထင်ပါရဲ့ နာမည်တောင်မေ့လုလု။

လမ်းမှာခဏရပ်ပြီး လက်ဖက်ရည်သောက်ဆင်းကြတယ်။ ကျနော်တို့ပြည်မှာ လိုအပ်နေသေးတာက သပ်ရပ်တဲ့အိမ်သာလေးတွေ။ တန်းစီပြီးစောင့်နေရတဲ့ မဖြစ်ညစ်ကျယ် အဖြစ်ဆောက်ထားတဲ့ အိမ်သာလေးတွေမှာ နိုင်ငံခြားသားတွေကလည်း အလိုက်သင့် တန်းစီနေတာ တွေ့ရတော့ စိတ်တော့အေးသွားပါတယ်။ တိုးတက်စေချင်လိုက်တာလို့ တစ်ချိန်လုံးအော်နေတဲ့လူတွေ ဘယ်တွေရောက်နေပါလိမ့်။

ပြည်ကိုသွားတဲ့ ခရီးစဉ်တစ်လျှောက် ဖဲရိုက်သွားကြပါတယ်။ တလွဲမထင်ပါနဲ့ ဖဲဗေဒင်လည်း မေးကြပါသေးတယ်။ ငွေကြေးလောင်းကစားမဟုတ်ပဲ ဆရာခေါ်ကြေးလား နဖူးတောက်ကြေးလားရယ်ပါ။ ဖဲလိမ်ရိုက်လေတဲ့ မမစုတို့ မမယုတို့ကျေနပ်အောင်လည်း အရှုံးပေးလိုက်ပါသေးတယ်။

ကားပေါ်မှာကစားတဲ့ ဂိမ်းလေးတစ်ခုကလည်း ရခဲ့တဲ့ တီရှပ်တစ်ထည်အတွက်ပျော်ရွှင်ဖွယ်။ ကားရဲ့ဘယ်ဘက်ခြမ်းကနေ ညာဘက်ခြမ်းအထိ တစ်ယောက်စီရဲ့ နာမည်တိုင်းကို လက်ညှိုးထိုးပြီး ရွတ်ပြရတဲ့ ကစားနည်းပါ။ ပြီးရင်ရှေ့ထွက်အားလုံးကို တန်းစီလက်ညှိုးထိုး မှားသွားလို့ကတော့ မရ။ နာမည်ပြောင်တွေ နာမည်အမှားတွေထွက်လာတာမို့ တော်တော်လေးကို ပျော်စရာကောင်းခဲ့တယ်။ အမှားမပါအောင်ရွတ်နိုင်တဲ့အတွက် ကျောင်းတံဆိပ်နဲ့ တီရှပ်တစ်ထည်လက်ဆောင်ရခဲ့ပါတယ်။

လမ်းမှာ ဘုရားတစ်ဆူဝင်ခဲ့တယ်။ နာမည်ကျော်ဘုရားပေမယ့် ကျနော့မှတ်ဉာဏ်မကောင်းတာမို့ ဘွဲ့နာမည်မေ့နေပြီ။ (ရွှေဘုံသာမုနိပါတဲ့)ဖြတ်ရမယ့်တံတားကြိုးသွားတာမို့ လမ်းလျှောက်ရင်း ဘုရားကိုဖူးကြရတယ်။ အမောအပန်းတွေက ပြောင်းဖူးပြုတ်စားရတာနဲ့ ကျေပါတယ်။ ပြောင်းဖူးပြုတ် အင်းပြောရင်းနဲ့တောင်စားချင်လာပြီ စီးစီးလေးပေါ့။

ပြည်ကိုရောက်တော့ ဗိုက်ကဆာလောင်နေပါပြီ။ ဟိုတယ်မှာ check in ဝင်ရင်း တန်းစီရပြန်ရော။ ဒါတောင်ကား ၂စီးစာမို့သာပဲ။ ကျနော်တို့ သူငယ်ချင်းသုံးယောက်ကို တစ်ခန်းကျပါတယ်။ သုံးယောက်လုံးနာမည်တွေက လေးလုံးစီပြီးတော့ ဆင်တူတွေမို့အာလုံးက ရီနေကြပြန်ရော။ တဟားဟားနဲ့တစ်ချိန်လုံး ရီနေကြတာမို့ ကျောင်းအုပ်ချုပ်သူက သူတို့တွေဘာတွေဒီလောက်ပျော်စရာကောင်းနေပါလိမ့်ဆိုပြီး ပြောနေသမျှစကားတိုင်းကို ဆရာမကို ဘာသာပြန်ခိုင်းတဲ့အထိစိတ်ဝင်စားစေခဲ့တာ။

ဟိုတယ်အခန်းလေးက ကျဉ်းပေမယ့် တော်တော်လေး စီစဉ်တကျလုပ်ထားတဲ့ မင်္ဂလာဟိုတယ်ကို ဖြစ်နိုင်ရင် နောက်တစ်ခေါက်အေးအေးလူလူ သွားနားချင်မိတယ်။ ပစ္စည်းတွေချပြီး ကားပေါ်မှာအဆင်သင့်စောင့် လူစုံပြီဆိုတော့ ရွှေဆံတော်ဘက်ကို ဦးလှည့်ခဲ့ကြတယ်။ ကျနော်အရမ်းကြိုက်တဲ့ ချဉ်ပေါင်ဖူးယိုကိုလည်း မှတ်မှတ်ရရဝယ်ခဲ့ပါတယ်။ ဘုရားကအဆင်းမှာ တောင်းရမ်းလေတဲ့ ကလေးတွေ လူကြီးတွေကို ကြည့်ရင်း ရင်ဘတ်တွေကိုတင်းကြပ်စေခဲ့တဲ့ ညနေခင်းပါ။ တကယ်တမ်းတော့ ပြည်က ကျနော်နဲ့မစိမ်းပါဘူး။ ပြည်မှာ ငယ်တုန်းက တလကိုးသီတင်းနေခဲ့ဖူးတယ်တဲ့။ ကျနော့ခြုံစောင်လေးပျောက်သွားဖူးတဲ့ ပြည်ကိုမမေ့သင့်ပါဘူး။

အညာဘုရားပွဲကို ပတ်ရင်း တကယ့်ကို နှစ်ထောင်းအားရရှိလှပါတယ်။ ရုပ်ရှင်ရုံထောင့်က ကြံရည်ဆိုင်မှာထိုင်ရင်း အားလုံးပျော်ပျော်ပါးပါး ထိုင်ခဲ့ကြတယ်။

ညဘက်ဒင်နာကို ဟိုတယ်ကကျွေးပါတယ်။ ပြည်မှာဆောင်းဆိုတဲ့အတိုင်းတော်တော်လေး အအေးဓါတ်ဝင်နေပြီ။ ထုံးစံအတိုင်း အရေပြားပါးတဲ့ ကျနော့ပါးနှစ်ဖက်ကတော့ ဆောင်းတွင်းအသားပတ်နေခဲ့ပြီ။ ဒီတညပဲတည်းရမှာဖြစ်တဲ့အတွက် ကျနော်တို့တော့ ဟိုတယ်တစ်ခုလုံးလျှောက်လည် ဓါတ်ပုံရိုက်။ ကျောင်းသားရေးရာက အမကြီးကို အကောက်တောင်လိုက်ပို့ဖို့ အရေးဆိုမိကြတယ်။ အမကြီးလည်း ကြောက်ကြောက်နဲ့ ကျမဆီးစဉ်ပေးပါ့မယ်အထိ စကားမှားသွားလို့ ရယ်ချင်ပက်ကျိဖြစ်ကြရတယ်။ ဒါပေမယ့် မသွားဖြစ်ခဲ့ဘူး အကောက်တောင်ဆီကို။


ပြီးတော့ ဘောလုံးပွဲတစ်ပွဲကြည့်ကြတယ် (ဘာပွဲလဲတော့မမှတ်မိတော့ဘူး)။ ဆရာမသားလည်းလာရင်း မမယု မမစုမှသည် တော်တော်များများက ကျနော်တို့အခန်းထဲမှာ။ ညဉ့်အတော်နက်မှ ပြန်သွားကြသည်လေ။ ကျနော်တို့ရဲ့ တစ်ယောက်တည်းစွမ်းတဲ့ အစ်ကိုကြီးကတော့ ရွှေပတ်တစ်လုံးကို တစ်ယောက်တည်းသောက်ရင်း ကုတင်ပေါ်ကိုလေးဘက်ထောက်တက်ခဲ့တယ်ဆိုတာ မသိတော့အောင် အိပ်ပျော်သွားခဲ့တယ်။

မနက်မိုးလင်းတော့ ဖုန်းတွေကိုပြောင်နောက်ရင်း မောနင်းကောခေါ်တယ်ဆိုပြီး ရှိသမျှ အခန်းတိုင်းကို ကျနော်တို့သုံးယောက်ပေါင်းပြီး လိုက်နိုးကြတယ်။ တကယ်ထင်တဲ့လူတွေကတော့ ဧည့်ကြိုကောင်တာမှာစောင့်နေတဲ့အထိ။ အဲလိုက်ဆိုးခဲ့တာ။ မနက်စာကို ကမန်းကတမ်းစား ဟိုတယ်ကစီစဉ်ပေးတဲ့ B600 လေးထဲကို ရှိသမျှသူငယ်ချင်းတွေ အကုန်ထည့် အပြင်ဘက်မှာ တွယ်စီးရင်း ရန်ကုန်ဘတ်စ်ကားစီးရတဲ့ အရသာကို အလွမ်းပြေပေါ့။

ပြည်မှာနာမည်ကျော်လေတဲ့ ထမင်းသုတ်ကိုလည်း စားဖူးတယ်ရှိအောင် သွားစားတော့ ဆိုင်ကဖွင့်ကာစ ကိုယ်တိုင်စားပွဲထိုးပြီးစားခဲ့ကြတယ်။ ဆိတ်သားကျော်မွမွရယ်နဲ့ တကယ့်ကို အရသာရှိခဲ့ပါတယ်။ကမ်းနားဘက်လမ်းလျှောက်ရင်း နွားလှည်းမမြင်ဘူးလေတဲ့ ရန်ကုန်သူတွေ ဓါတ်ပုံရိုက်နေကြလေရဲ့။ ပြီးတော့ နာမည်ကျော်လေတဲ့ နဝဒေးတံတား။ တံတားအောက်က အအေးဆိုင်လေးမှာ စိတ်ရှိလက်ရှိမြစ်ပြင်ကြီးကို ကြည့်ပြီး လွမ်းချင်တဲ့ စိတ်ကို ကန့်သတ်ထားတဲ့ အချိန်ကခွင့်မပြုပြန်ဘူး။

ဟိုတယ်ကိုပြန်ရောက်တော့ ကမန်းကတမ်းပစ္စည်းတွေကိုသိမ်း Check out လုပ်ပြီးတော့ မှော်ဇာမြို့ဟောင်းကို ဦးတည်ခဲ့ကြတယ်။ ပြတိုက်အထိပဲ ကားကသွားနိုင်ပြီး သရေခေတ္တရာမြို့ဟောင်းဆီကို နွားလှည်းတွေနဲ့ သွားကြရတယ်။ ခိုင်ခန့်တဲ့ မြို့ရိုးကြီးအနောက်မှာ ဘာဆိုဘာမှမမြင်ရအောင် ခြုံနွယ်ပိတ်ပေါင်းတွေ ကြီးစိုးနေတာတော့ နှမြောစရာ။ တကယ်ဆိုသေသပ်စွာ ဖော်ထုတ်သင့်တယ်နော်။ တစ်လမ်းလုံးလည်း နွားလှည်းဆရာရဲ့ ထန်းလုံးလောက်မြွေကြီးတွေ အကြောင်းရယ် အညာစကားလုံးအသစ်အဆန်းတွေက အားလုံးကို ဖမ်းစားထားတာပါပဲ။

တည်ထားတဲ့ ဘုရားရဲ့ ဒီဇိုင်းတွေကို ဆောက်လုပ်မယ့်သူတွေက မိဖုရားကို သွားမေးလို့ မိဖုရားပြတဲ့ အတိုင်းတည်ထားတဲ့ ဘုရားပုံတွေလို့ပြောကြတယ်။ ဟုတ်မဟုတ်တော့ မသိပါ အပြောင်အပြက်လဲဖြစ်နိုင်တယ်လေနော်။ ငြမ်းဆင်ထားတဲ့ ဘုရားပေါ်ကိုထုံးစံအတိုင်း မြန်ဆန်တဲ့ ခြေထောက်တွေနဲ့ အပေါ်ဆုံးအထိတက်သွားမိတယ်။ ကျောင်းအုပ်ချုပ်သူက စိုးရိမ်မှုကြီးစွာနဲ့ ပြန်ခေါ်မှပဲ ပြန်ဆင်းလာခဲ့တယ်။ နိုင်ငံခြားသူကလည်း ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတာ အဲဒီကျမှ အံသြတကြီးသိလိုက်ရတယ်။

ပြန်လာတဲ့လမ်းတစ်လျှောက်မှာ အညာမြေကို လွမ်းစိတ်တွေကြီးစိုးနေမိတယ်။ ဖုန်တွေကထူ လှည်းတန်းကြီးနဲ့ဆိုတော့ ငယ်တုန်းက ကျောက္ကာဘုရားဖူးသွားကြတဲ့ ပုံတွေကို ပြန်မြင်ယောင်နေမိတော့တာ။

အပြန်လမ်းမှာတော့ ရွှေမျက်မှန်ဘုရားကိုလည်း ဝင်ခဲ့ပါသေးတယ်။ ရွှေတောင်တိုက်ပွဲဆိုတာလည်း ဘယ်လောက်များကြီးကျယ်ခဲ့ပါလိမ့်နော်။ ရန်ကုန်ကိုပြန်ရောက်တော့ တော်တော်လေး အမှောင်လုနေပြီ။ မြို့ပြဆန်လွန်းတဲ့ ရန်ကုန်မြို့ဟာ ပြည်မြို့လောက် မအေးဆေးပြန်ဘူး။

မှော်ဇာမြို့အပြန်မှာ အတွေးတွေ အဆွေးတွေ အလွမ်းတွေ အပြင် ဒီလောက်ခိုင်ခံ့တဲ့ မြို့ကြီးတွေတောင် ပျက်စီးခဲ့သေးတာပဲ တစ်နေ့ကျ အရာအားလုံးဟာ ပျက်စီးကြအုံးမှာပါလားဆိုတဲ့ အသိက ရင်ထဲမှာ……

20 September 2008

ကုန်စည်ဒိုင်မြင်ကွင်း

ကုန်စည်ဒိုင်ဆိုတဲ့စကားကို ကျနော်တို့အရပ်သားမဟုတ်ရင် စိမ်းနေပါလိမ့်မယ်။ ကုန်စည်ဒိုင်ဆိုတာ ကုန်သည်တွေကို စုဝေးထားတဲ့ အရပ်ပေါ့။ ရန်ကုန်သားတွေ မြင်လွယ်အောင်ပြောရရင် ကားပွဲစားတန်းလိုပေါ့ဗျာ..

အဲဒီကုန်စည်ဒိုင်က ကျနော်တို့အိမ်နဲ့မျက်စောင်းထိုးမှာပါ။ အခုတော့ ရွှေ့သွားကြပြီ။ နွေအဖွားအိမ်ပြန်တိုင်း ဒီကုန်စည်ဒိုင်ပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ရတာ။ ကျနော်တို့ရဲ့ ကစားကွင်းကြီးပေါ့။

အိပ်ရာကမျက်လုံးဖွင့်တာနဲ့ အသံတွေက ဆူညံနေပြီ။ မျက်နှာသစ်ရင်း စဉ်းစားမိတာက ဒီနေ့မနက်စာ ဘာစားရင်ကောင်းမလဲ။ အန်တီဒေါ်မြသီရဲ့ ငါ့တူကြီးအတွက် စပယ်ရှယ်ဆိုတဲ့ အသုတ်စားရင်ကောင်းမယ်။ ဟာဒီနေ့ အကြော်မှမစုံတာ မဖြစ်သေးပါဘူးပေါ့။ နောက်ထပ် ဦးတူးရဲ့ရွှေညာမြေဆီချက်။ ကောင်လေးလူကျနေလို့ စားပွဲကူထိုးပေးပါဦးဆို မှဗိုက်ပိုဆာနေဦးမယ်။ မီးအတွက် ထူးရှယ် မြင်လုံးဆိုပြီး ကျွေးတတ်တဲ့ ဦးတရုတ်ကြီး ထုတ်ထိုးစားရင်ကော။ ထုတ်ထိုးက ဗိုက်မှမ၀တာ။ ၀အောင်စားရင်လည်း တစ်ဗန်းလုံးသာပြောင်သွားမှာ အသေချာ။ ဒါမှမဟုတ် ဟိုညားခါစ လင်မယားရောင်းတဲ့ မြီးရှည်ပဲစားဖို့ကောင်းတယ်။ မြီးရှည် မှာ အီကြာကွေးလေးတွေထည့်မယ်။ အာလုံးကို မိုးလင်းတိုင်းစိတ်ကူးယဉ်ခဲ့ရပေမယ့် နောက်ဆုံးမှ ဆနွင်းဝါ၀ါလေးနဲ့ကြော်လေတဲ့ အိမ်က ထမင်းကြော်ကို ကော်ဖီနဲ့စိမ်ပြီးသောက်ခဲ့ရတဲ့ မနက်တွေက နေ့တိုင်းရက်ဆက်။

ဟိုဘက်ကလှုပ်လှုပ်ဒီဘက်ကလှုပ်လှုပ်နဲ့ သတင်းစာစက္ကူထုပ်လေးတွေ ကိုယ်စီကိုင်ပြီး ကိုယ်ရောင်းမယ့် ပဲတွေ ဂျုံထုပ်လေးတွေကို နမူနာထုတ် လာတတ်ကြတယ်။ ပြီးရင်လည်း ဟိုနေရာတင် ဒီနေရာတင်နဲ့ မေ့သွားတတ်ကြပါလေရော။ အရောင်းအ၀ယ်တွေ ဈေးတည့်လေလား ဈေးကွက်တွေ အေးစက်နေပြီလား ကျနော်တို့က ကလေးပီပီ စိတ်မ၀င်စား။ ကျန်ခဲ့လေတဲ့ အဲဒီအထုတ်တွေကို လိုက်သိမ်း။ တူရာတူရာလေးတွေ စုပြီး အန်တီဝင်းဆီမှာ ပြန်သွင်းနေကြ။ မုန့်ဖိုးပဲဖိုးလေးတော့ ရတာပေါ့ဗျာ။

ပြီတော့ ကလေးလူကြီးအားလုံးအာရုံစိုက်ရာ လက်တောက်ခုံ။ တခြားအရပ်တွေမှာ လက်တောက်ခုံက သိပ်မထင်ရှားပေမယ့် ကျနော်တို့အရပ်မှတော့ လက်တောက်ခုံကို အမျိုးစုံအောင် ကစားကြတယ်။ မိုးသီးထိုးတယ်ဆိုပြီး ဂဏန်းတွေနှိုက်ပြီးတောက်ခြင်း၊ ချန်ပီယံကွက်တောက်ခြင်း အို မျိုးစုံအောင်ဆော့ကြတယ်။ ပိုက်ဆံကြေးကနေ ရှုံးထွက်အထိပေါ့။ အကွက်တွေကတော့ ယုန်လေးကုန်းကွက်ဆိုပြီး အော်အော်တောက်ကြတာပါပဲ။ ယုန်လေးကုန်းကလူတွေက လက်တောက်ခုံ သိပ်တော်ကြတယ်ဆိုပဲ။ လက်တောက်ခုံကို ရန်ကုန်မှာမြင်ရတတ်တဲ့ ဖြစ်ကတတ်ဆန်း လက်တောက်ခုံမျိုးမဟုတ်ဘူးလေ။ ကျွန်းသားကို ချောနေအောင်တိုက်ထားတာဗျ။ အပေါ်မှာ ဖြူးတတ်တာတော့ ဂျုံမှုန့်အနုစားထင်တာပဲ။ ဇယ်တွေကလည်း သစ်သားဇယ်တွေ ပိုက်တွေကလည်း အပျံစားနဲ့။ လက်တောက်ခုံအောက်က ခုံနဲ့ ထိုင်ခုံတွေကလည်း ဒီလက်တောက်ခုံယဉ်ကျေးမှုကို အထင်းသားပြနေတော့တာ။

လမ်းဒေါင့်မှာ ရှိနေတဲ့ ကုန်စည်ဒိုင်ဝင်းထဲမှာလည်း ဆိုင်ကယ်တွေက ပြည့်လို့။ ပွဲစားမှန်ရင် ကျောက်စိမ်းဆိုင်ကယ်စီးရမတဲ့ ပလေကပ်ပုဆိုးကို အဆင်မျိုးမျိုးဝတ်ရမတဲ့လေ။ ကျောက်စိမ်းဆိုင်ကယ်ဆိုတာ ဆိုင်ကယ်အရောင်ကို ပြောတာပါ။ ဆိုင်ကယ်ဈေးကွက်က အရောင်ကိုလိုက်ပြီး ဈေးစကားပြောတာတော့ အဆန်းသား။ စက်ကောင်းလား ရွှီးဒေါက်လား (သော့ဖွင့်လိုက်တာနဲ့ စက်တခါတည်းနှိုးတာကို ရွှီးဒေါက်လို့ ခေါ်ပြန်ရော) မသိ မကြည့် ကျောက်စိမ်းဖြစ်ရင်ပြီးရော။ ဟိုတစ်လောကလည်း ရွှေအိုရောင်ဆိုပြီး တစ်ခေတ်ဖြစ်လိုက်သေးတာ။

ဒီနှစ်ပဲတွေကောင်းရဲ့ဆို အိမ်ရှေ့မှာလည်း ရွာတွေက တက်လာတဲ့ ကားတွေက အပြိုင်။ ကလေးတွေကလည်း မြို့လေးရယ်မို့ရောက်ဖူးတယ်ရှိအောင်ခေါ်ခဲ့ပြန်သေးတာဗျ။ အပြန်ကြရင် သူတို့အတွက်ကျောင်းတစ်နှစ်စာလိုအပ်တာတွေ ၀ယ်သွားပေးမယ်ထင်တယ်။ ရာသီဖျက်လို့ ပဲပျက်တဲ့နှစ်တွေဆို အားလုံးတိတ်ဆိတ်လို့ ကျနော်တို့ရတတ်တာက မအောင်ပင်မယ့် ပဲရယ်လို့ သိနိုင်တဲ့ အထုတ်လေးတွေ အလေးချိန်တွေက ပေါ့လို့။

လေးနှစ်လောက် အိမ်ရှေ့မှာ ပျော်ရွှင်စည်ကားလေတဲ့ ကုန်စည်ဒိုင်လေး ရွှေ့အပြီးမှာတော့ ကျနော်တို့အိမ်နားတစ်ဝိုက် တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ခဲ့ရော။ ကိုယ့်ဆွေကိုယ်မျိုးတွေနဲ့ပဲမတွေ့ရတော့သလို ရင်ထဲမှာသာ ဟာတိဟာတာ။ သြော် အောင်မြင်စွာရောင်းဝယ်ဖေါက်ကားလို့ နေရာအသစ်မှာ ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးတဲ့ ကုန်စည်ဒိုင်လေးဖြစ်ပါစေလို့သာ လွမ်းရင်းနဲ့ဆုတောင်းနေရတာ…

07 September 2008

ဘိုးလေးခင်မောင်အလှူ သို့မဟုတ် ကံရွာအပြန် (၂)



မနက်မိုးလင်း တောရွာမိုးအလင်းက မြို့လိုမဟုတ်ပြန်။ ဆူညံခြင်းအလျင်းမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ မနက်ခင်း ထမင်းကြော်ပဲရှိတယ်။ ထမင်းကြော်စားပြီးတော့ ဘာမှလုပ်စရာမရှိတော့။ အိမ်ဘေးက မုန့်ဖြူမုန့်နီတွေကြော်နေကြပြီ။ ခေါင်းအုံးပုံ ဖျာပုံတွေကြော်နေကြလို့ ကျနော့်အကြိုက်ဖက်လုံးပုံပါထည့်ကြော်ခိုင်းရတယ်။ ပြီးတော့ အနောက် ဖက်က ဖျာတွေယိုင်ပတ်နေကြတာဘာပါလိမ့်ဆိုပြီး စပ်စုမိတယ်။ နောက်မှသိရတာက ပေါက်ပေါက်ဆုပ်လုပ်ဖို့ဆိုပါလား။ စားနေကြ ပေါက်ပေါက်ဆုပ်က ဘယ်လိုလုပ်တာပါလိမ့်နဲ့ သိချင်စိတ်အပြည့်။ နောက်နေ့များမှာတော့ အဲဒီဖျာတွေနားမယ် တ၀ဲလည်လည်။ ပိုက်ဆံတွေကို အရုပ်တွေ ခေါက်နေကြတာလည်း စိတ်ဝင်စားစရာကောင်းသေးတော့။ ဒေါင်းပုံစံခေါက်နေလိုက်တာ တကယ့်ဒေါင်းရုပ်လေးလို။

အလှူကူလုပ်သူတွေကို ထမင်းကျွေးတာမို့ ထမင်းဟင်းက အလျှံပယ်။ ရေချိုငါးတွေကို စပယ်ရှယ်ချက်ပေမယ့် ငါးမကြိုက်လေတဲ့ကျနော့အတွက် ကဒုက္ခ။ လက်ဖက်သုတ်ပန်းကန်ကို ကိုင်ပြီး အပီတွယ်ရတော့တာပါပဲ။ အမေတို့ကတော့ ငါးဆီဗောင်းလေး လတ်မှလတ်ဆိုပင်မယ့် ကျနော့အတွက်က အလကား ငါးဟင်း။ လက်ဖက်သုတ်လောက်မက်စရာမရှိ။

အလှူနေ့မှာကျွေးတာက ၀န်ကြီးလေးပါး။ ခုခေတ်မင်္ဂလာဆောင်များ အလှူများတွေ့ရင် ကျနော်တို့ရွာက လူတွေနောက်တစ်ခေါက်လာဝံ့စရာမရှိ။ လာလိုက်စားလိုက်ကြတာက ရွာလုံးကျွတ် ရွာနီးချုပ်စပ်က နီးစပ်ရာအမျိုးတွေကလည်းပါတယ်လေ။ ယိုင်ပတ်ထားတဲ့ ထမင်းကျွေးရုံတွေနဲ့ အ၀ါတစ်လှည့် အပြာတစ်လှည့်တုံကင်လေးတွေတန်းစီလို့။ ပဲဟင်းလိုက်လေတဲ့ လူတွေလည်းမနိုင်။ မိုးပြဲဒယ်နဲ့ချက်ထားတဲ့ ထမင်းတွေကို ထမင်းတောင်း (၀ါးနှီးနဲ့ရက်ထားတဲ့ တောင်းတွေမှာ အင်ဖက်လေးတွေခံထားတဲ့) နဲ့ဟောတစ်တောင်း ဟောတစ်တောင်း။ ငြုတ်သီးချက်လေးက ကောင်းချက်တော် မောင်မင်းကြီးတို့ ဒီထက်လှူနိုင်တန်းနိုင်ပါစေဆိုတာတစ်မျိုး၊ နင့်ဘိုးအေခင်မောင်က ဒီတစ်ခေါက်ပဲလှူမှာ စားမှာသာစားစမ်းပါ နင်တို့ကလည်းအားမရသာ ဆိုတာကတစ်ဖုံ၊ ထမင်းကလည်းပေးလိုက်တာ နှာလောက်ရယ် ထည့်ပါဟဲ့ အကြွေးဆပ်သလိုဆိုတာကလည်း ပါ။ ပွက်ပွက်ညံလေတဲ့ ထမင်းရုံကို ရန်ကုန်က Sedona ထက် နှစ်ထောင်းအားရရှိလှပါတယ်။

အလှူလှည့်မယ်ဆိုတော့ ရွာရဲ့အလှအပ ကွမ်းတောင်ကိုင်တွေနဲ့ ရှိုးတွေစမိုးတွေထုတ်ထားပါတဲ့ ရွာရဲ့ အလှူတန်းက အရှည်ကြီး။ ပိုက်ဆံကြဲမယ့်လူမရှိတော့ အမေက အဲဒီတာဝန်ကိုယူလိုက်တယ်။ ဘိုးလေးခင်မောင်ရဲ့ စုဆောင်းထားသမျှအကြွေစေ့အသစ်ကလေးတွေ အဟောင်းလေးတွေထဲမှာ ပေါက်ပေါက်လေးတွေထည့်ပြီး ကီမိုနိုအစိမ်းရောင်လေးနဲ့ ခပ်တည်တည် အရှေ့ဆုံးက ချီတက်လေရဲ့။ ဘေးနားကပ်ရပ်က ဘောင်းဘီတိုလေးနဲ့ကျနော်က လက်ဆွဲပြီးပါသေး။ ဒါတင်မကသေး တစ်ဖက်ကကြဲပြီးတိုင်း ကျနော်က လက်တစ်ဆုပ်ပြန်ပြန်တောင်းပြီး အိတ်ထဲကိုထည့်သေးတာ။ ဘောင်းဘီအိတ်ထဲမှာဖောင်းကားနေတော့အောင်။ ဘုန်းကြီးကျောင်းမရောက်ခင် ဖလားထဲက အကြွေတွေကုန်ခဲ့စေတာပေါ့။

ကျောင်းဝင်းထဲဝင်ပြီဆိုကတည်းက ဆိုကြကကြတာတွေကို ရပ် အားလုံးတိတ်ဆိတ်တဲ့ ကျောင်းဝန်းရဲ့ အရှိန်နဲ့ ရောင်ပြန်ဟပ်ခဲ့တယ်။ ကိုရင်တွေသင်္ကန်းတောင်းချိန်မှာ ကျနော်လည်းတောင်းချင်လိုက်တာ။ တရားနာချိန်မှာတော့ ကျောင်းဝန်းထဲက သစ်ပင်တွေအောက်ဆီခြေလှမ်းမိတယ်။ သရက်ပင်တွေအရိပ်က အအေးသားလား။ တရားရိပ်က ပိုအေးနိုင်ပေမယ့် ခုခဏတော့ ဝေးနေသေးတယ်။

ကိုရင်အကြီးက ကတုံးရိပ်နေချိန်မှာ ငြိမ်နေပေမယ့်။ ကိုရင်ငယ်ကတော့ စတင်အော်ငိုနေခဲ့ပြီ။ ဆံပင်ညှပ်ရင်တောင်ငိုတတ်လေတော့ ကတုံးတုံးမှပိုဆိုးတော့တာပေါ့။ အိမ်ပြန်ကျမယ်ဆိုတော့ အိပ်ရာအသစ်တွေမှာအိပ် အ၀တ်အစားအသစ်တွေနဲ့ ကတုံးအသစ်တွေတင် ရှုံ့ခွက်ရှုံ့ခွက်လုပ်တာမဟုတ်ပဲ မိခင်ကလည်း ထားခဲ့ရာမှာ စိတ်မချသလို သူပါရောငိုချင်နေလေရဲ့။ အားလုံးကြောက်ရတဲ့ ဆရာတော်က ကိုရင်တွေအထဲဝင် ဒကာတွေလည်း မှောင်ပြီပြန်ကြတော့ကွာဆိုမှ အားလုံးဦးချပြီး ပြန်ခဲ့ရတယ်။

အလှူရယ်ပြီးပြန်တော့ ဘိုးလေးတို့နှစ်ယောက်ကမ္ဘာက တိတ်ဆိတ်လို့ကျန်ခဲ့ပြန်ရော။ အလှူပြီးပြီဆိုမှ အနီးအနားက အမျိုးတွေအိမ်ကို လည်ရတယ်။ ၀င်သမျှအိမ်တိုင်းက ကျွေးသမျှ မုန့်ပဲသရေစာတွေက၀မ်းအပြင်အိတ်မပါဘူးဆိုတာနဲ့ စားရတာ မဆန့်တော့ဘူး ရပ်ပါတော့မယ် ဖြစ်ယူရော။

နောက်တနေ့ မြေပဲနှုတ်လိုက်ခဲ့ပါလို့ ကိုရင်သာဂိတို့ခေါ်တာနဲ့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်မိုးမလင်းခင် လှည်းနောက်ကလိုက်ခဲ့ရတယ်။ ကျနော့အတွက် အခက်အခဲက သောက်ရေ။ ယာထဲမှာ ဘယ်သူမှသောက်ရေအေးမသောက်ကြ။ အကြမ်းလေးတွေကိုယ်စီနဲ့ ရေဆိုအေးနေမှကြိုက်လေတော့ ရေနွေးကိုသောက်ပင်မယ့် ရေငတ်ရယ်ဘယ်မပြေ။ ငှက်တွေထောင်လည်းထောင် ပစ်လည်းပစ်တဲ့ ကိုရင်သာဂိက အပြန်မှ ခါတစ်ကောင်စီလက်ဆောင်ပေးလိုက်ပါသေးတယ်။

ဦးကြီးအောင်မြင့်။ အခုကောရှိသေးရဲ့လားမသိ။ ရွာတောင်ပိုင်းမှာနေတဲ့ ကျနော်တို့ရဲ့ဦးကြီး။ ဘိုးလေးခင်မောင်တို့နဲ့ အမျိုးအရင်းပေမယ့် သဘောမတူတဲ့မိန်းမကိုယူတယ်ဆိုပြီး ပစ်ထားတဲ့ဦးကြီး။ တောသူတောင်သားတွေက မကြိုက်ဘူးဆိုရင် တသက်လုံးကိုမကြိုက်တော့တာ။ ငတို့ကသေသည်အထိ အဆက်အဆံမလုပ်ဘူးတဲ့။ အင်းဦးကြီးတို့မှာဆင်းရဲရှာပါတယ်။ မြစ်ဟိုဘက်ကမ်းကို သွားပြီးအလုပ်လုပ်ရပါတယ်။ ငါ့တူကြီးတို့ ငါ့ညီမကြီးတွေဆိုပြီး တခုတ်တရ ကျွေးတာတွေကို မြိုမကျပေမယ့် သူတို့စေတနာကို အသိမှတ်ပြုရာရောက်အောင်အားရပါးရစားပြရပါတယ်။ ကျနော်တို့ရဲ အိမ်အပြန်ခရီးမှာ ဒီဦးကြီးတွေရဲ့ မေတ္တာတွေက တကယ့်ကိုအစစ်အမှန်တွေဆိုတာပြခဲ့ပါတယ်။

အိမ်ပြန်ရမယ်ဆိုတော့ ထမင်းလာမစားလို့ရယ် စိတ်ဆိုးတဲ့လူကစိတ်ဆိုး။ လက်ဆောင်တွေက ကျနော်တို့ရွာအထိမ်းအမှတ်မြေပဲဆီတွေ။ ကျနော့အထင် လေးထောင့်ပုံးနဲ့ လေးပုံးလောက်ကို ပေးလိုက်ကြတာ။ မြေပဲ ထောပတ်ပဲ မောင်မခေါ်ပဲတွေက ၂နှစ်သုံးနှစ်စားလို့မကုန်နိုင်။ မယူလို့ချန်ခဲ့တာတွေသိရင်တော့ စိတ်မကောင်းဖြစ်ကြမှာ။

အပြန်မင်းကင်းမှာ သင်္ဘောစီးရမယ်ဆိုတော့ ညနေဘက်ဖြစ်ပြန် နွားလှည်းနဲ့ပြန်ရင် ညရေးညတာ စိတ်မချစရာ။ ဟိုးဘက်ဆီက နာမည်ကျော်တဲ့ ထမံသီဆိုတော့။ ဦးကြီးအောင်မြင့်တို့သားအဖတွေက လှေကလေးနဲ့လိုက်ပို့ပါတယ်။ နွေအခါမို့ သောင်တွေက ဟိုတစ်စ ဒီတစ်စထွန်းနေပြီ။ သောင်စပ်ရောက်ရင်လှော်တက်ခက်ဖို့တောင် ရေမနက်တော့တာမို့ ဦးကြီးတို့သားအဖတွေ လှေကို အောက်ဆင်းပြီး ကြိုးနဲ့ဆွဲကြရတယ်။ လေးမှာမို့ အောက်ဆင်းပါရစေဆိုတော့ ငါ့တူကြီးတွေ အပေါ်မှာပဲနေပါကွာတဲ့။ ကျွဲပခုန်းထသည်အထိ ရုန်းခဲ့ရတာ ဒါလောက်က အရာမထင်ပါဘူးတဲ့။ တကယ်ကို ပင်ပန်းခံနိုင်ကြပါပေတယ်။ လှေအပေါ်က အမေတို့မှာတော့ မျက်ရည်လေးတွေအလည်သားနဲ့ သူ့တို့မောင်ကြီးတွေပင်ပန်းရှာတယ်ပေါ့။

အပြန်သင်္ဘောက ရေစုန်ရယ်မို့ နောက်တစ်နေ့နေ့လည်မှာ ပြန်ရောက်ကြပြီ။ ပေးလိုက်တဲ့ လက်ဆောင်ထုပ်တွေကို နေရာချရင်း အမေတို့သားအမိတွေ ဘယ်သူကဘယ်လို ဘယ်သို့ကဘယ်ပုံဆိုပြီး အလှူအကြောင်းကိုစလိုက်တာ ည ၁နာရီထိုးတော့မှ အလှူဇာတ်လမ်းပြောခန်းကနေ ရပ်တော့တယ်။ ရပ်မယ့်သာရပ်လိုက်တာပါ လက်ဆောင်ပေးလိုက်တဲ့ ဆီတွေရယ် ပဲတွေရယ် သုံးတိုင်း သုံးတိုင်း ဒီအလှူရယ်က ရင်ထဲပြန်ပြန်ရောက်ရောက်လာရော………..

03 September 2008

ဘိုးလေးခင်မောင်အလှူ သို့မဟုတ် ကံရွာအပြန် (၁)


ကျနော်သိပ်ဖြစ်ချင်ခဲ့တဲ့ မောင်ရင်လောင်းအဖြစ်ကို မရောက်ခဲ့ပေမယ့် အလှူတစ်ပွဲကိုဖြင့် တစ်သက်တာ တစ်ခါပါဖြစ်အောင်ပါခဲ့တယ်ပေါ့…..

ကျောင်းတွေပိတ်လို့ထုံးစံအတိုင်း အဘွားအိမ်ကိုအပြန် ခြောက်တန်းစာမေးပွဲဖြေအပြီးလောက်မှာ။ ပုံမှန်လည်ပတ်မှုတွေရဲ့ အဆုံးသတ် တကယ်တမ်းက ဗိုက်ဆာလို့ပြန်လာတာပါလေ။ အိမ်ရှေ့ကခုံမှာ ဧည့်သည်တွေရောက်နေလေရဲ့။ မသိမသာ မီးဖိုချောင်ကို တိတ်တိတ်လေးသွားပေမယ့် ဒီမှာလေ အငယ်မသားဆိုပြီး အိမ်ရှေ့မှာပွဲထုတ်တော့တာပါပဲ။ ဒါနင်တို့ဘိုးလေးဦးခင်မောင်တဲ့။ တခါမှမမြင်ဘူးပေါင်။ အဘိုးရဲ့ညီတစ်ဝမ်းကွဲတဲ့။ အဘွားကပြောမှတော့ အမှန်နေမှာပဲဆိုပြီး မျက်စိတ်မှိတ်ယုံလိုက်ရတော့တာပဲ။ ဟိုးအထက်ကလာလေတဲ့ တောဂိုက်ကြီးနဲ့ဆိုတော့ အမျိုးတော်သင့်မတော်သင့် စဉ်းစားနေရသေးတယ်။ ဘိုးလေးတို့က အလှူအတွက်ပစ္စည်းလာဝယ်တာဆိုတော့မှ ဟာ ကျနော်လည်းအလှူမှာ ကိုရင်ဝတ်ချင်တယ်လုပ်တော့တာ။ အမျိုးတွေပဲဟာ တူတူလုပ်မယ်လေတွေဘာတွေဖြစ်သွားတာချက်ချင်း။ လူဆိုတော့ လိုချင်တာရှိရင်အဲလို အမျိုးမျိုးပြောင်းလဲမြန်တာနော်။ ကပ်စီးနဲတယ်ရယ်လို့နာမည်ကြီးလေတဲ့ ကျနော့ဘိုးလေးကလည်း ဟကောင်ရ ငတို့က ဖိတ်စာတွေဘာတွေရိုက်ပြီးပြီကွ ရှင်ဘယ်နှစ်ပါးလဲဆိုတာ ရွာမှာကြေငြာပြီးသားတဲ့။ မသိနားမလည်သေးတော့လည်း သြော်အင်းပါလေဆိုပြီး စိတ်လျော့ခဲ့ရတာ။

ကိုရင်မ၀တ်ရပေမယ့် အဲဒီအလှူကို ကျနော်တို့တွေ ပျော်ပျော်ကြီးသွားခဲ့ကြတယ်။ တကယ်ကိုပျော်စရာကောင်းတာ။ တစ်ခါမှမစီးဘူးတဲ့ နှစ်ထပ်သင်္ဘောကြီးနဲ့ဆိုတော့ ပျော်တာပေါ့ဗျာ။ သင်္ဘောက ဆိပ်ကမ်းကို ညဆယ်နာရီမှ ကပ်ပါတယ်။ ကျနော်တို့တက်ပြီးနေရာယူတော့ တော်တော်များကအိပ်နေကြပြီ။ ကမ်းကခွာပြီး မကြာခင်မှာပဲ မီးကို ဖွင့်လိုက်ပိတ်လိုက်သုံးခါလောက်လုပ်တယ်။ မီးတွေပိတ်တော့မှာမို့ အချက်ပြတာတဲ့လေ။ မကြာခင်မှာပဲ အမှောင်ကျသွားပါတော့တယ်။

မနက်မိုးလင်းမြင်ကွင်းတွေက အားလုံး အသစ် ရေအလယ်မှာ ဟိုဘက်ကမ်းဒီဘက်ကမ်း ကြည့်လိုက် သွားလာနေတဲ့မော်တော်တွေ ငေးလိုက်နဲ့ အလုပ်ကိုဖြစ်နေတော့တာ။ အရွယ်ရှိတဲ့ အပျိုတွေကတော့ ပြင်ပြင်ဆင်ဆင်နဲ့ သင်္ဘောဦးမှာသွားလာနေကြလေရဲ့။ ကျနော်စိတ်ဝင်စားနေမိတာက လှေငယ်လေးတွေနဲ့ သင်္ဘောကြီးရဲ့ဘေးဘက်ကို ပြေးပြေးကပ်ပြီး စားစရာတွေ လာလာရောင်းတဲ့ ဈေးသည်တွေလေ။ ဒေသထွက်စားစရာလေးတွေကိုတောင်းလေးတွေ ထဲမှာထည့်ပြီး အလုအယက် ရောင်းကြရှာတယ်လေ။

ကျနော့အထင် ခရီးက နှစ်ညအိပ်လောက်ကြာခဲ့တယ်ထင်တယ်။ ရေကြောင်းကြောင့်လည်းဖြစ်မှာပေါ့။ မင်းကင်းဆိုတဲ့မြို့ငယ်လေးကို ရောက်တော့ နေညိုတော့မယ်။ မင်းကင်းက နောက်ထပ်ဘိုးလေးတစ်ယောက်အိမ်မှာ တည်းခဲ့ရတယ်။ မိုးချုပ်ပြီမို့ ရွာကိုကူးဖို့မဖြစ်နိုင်တော့။ အမေတို့ညီအစ်မတွေကတော့ သူတို့ညီအစ်မ ၀မ်းကွဲတွေ ပြန်ဆုံတာမို့ ဟဲ့ဘယ်သူက ဘယ်မှာတုန်း အိမ်ထောင်ကျပြီဆို ကလေးဘယ်နှစ်ယောက်လဲ ဒါက ကျမကလေးလေ နဲ့ရှုပ်ယှက်ကိုခတ်နေတော့တာ။ စွာစိတို့ စွာဒလက်တို့ကောနဲ့ မေးလိုက်တာမဆုံးတော့။ အဲဒီအိမ်က လက်ဖက်ရည်ဆိုင်လေးပါ။ စည်းကမ်းကြီးတဲ့ ကျနော်တို့ အဘိုးလေးက သူ့သားရဲ့ကျောင်းစရိတ်ထောက်ပံ့ရငွေတွေကို အိမ်ရှေ့မှာ ကျောက်သင်ပုန်းထောင်ပြီး လတိုင်း ဖြည့်စွက်တယ်လေ။ သင်္ဂဟဆို လူတိုင်းသိပါတယ်။

နောက်နေ့ မနက်လင်းမှ ရွာက ဘိုးခင်မောင်တို့လှည်းနဲ့လာခေါ်ကြတယ်။ ကျီးတောင်ဦးကိုဖြတ်အပြီးမှာ ကျနော့အဘိုးရဲ့ကံရွာကိုရောက်ပါတယ်။ လှည်းလမ်းကြောင်းတစ်လျှောက် အားလုံးကိုငေးပြီးလိုက်လာတာ။ ရွာဦးက ဘုန်းကြီးကျောင်း။ လှည်းဆရာကိုရင်သာဂိက ရွာထဲဝင်လာကတည်းက ဘအုန်းကြီး သားသမီးတွေရွာအလည်လာပါတယ်ဆိုတော့ ထွက်နှုတ်ဆက်လိုက်ကြတာ အိမ်တိုင်းနီးနီး။ အားလုံးက မပျက်မကွက်ပြောကြတာက ညနေ အိမ်ဘက်လှည့်ခဲ့ပါဦးတဲ့။

ရောက်ပါပြီ ရွာလယ်က ဈေးဆိုင်ဖွင့်ထားပါတဲ့ ဘိုးခင်မောင်ရဲ့အိမ်။ ဒွေးနှင်းတင်ကတော့အိမ်ရှေ့မှာ ကြိုနေလေရဲ့။ မယ်သန်းရယ်မပါဘူးလားဆိုပြီး အဖွားကိုပါ မျှော်နေတယ်တဲ့။ နှစ်ယောက်ထဲကမ္ဘာဖြစ်နေတဲ့ ဘိုးခင်မောင်နဲ့ ဒွေးနှင်းတင်တို့ အိမ်ကို ကျနော်တို့တွေရောက်သွားတော့တာပါ။ အလှူအိမ်ကြောင့်လား ကျနော်တို့ကြောင့်လား ရှိသမျှလူတွေက အိမ်ရှေ့မှာကွက်ကြည့်ကွက်ကြည့် ကြည့်နေတာမဟုတ်ပဲ တကယ်ကို လက်ပိုက်ပြီးကြည့်နေကြတာဗျာ။ အစ်ကိုကြီးကလည်း လက်ပတ်နဲ့ ဘာနဲ့ပြီးတော့ ဘရိတ်ဒန့်ဆိုတာကိုလည်း သူက ကပြနေသေး။ ဆိုတော့ ဘယ်သူမှ အိမ်ရှေ့ကမပြန်နိုင်တော့။ ခလေးကောလူကြီးတွေကော အားလုံးမတ်တပ် ဇာတ်ပွဲကြည့်နေကြလေရဲ့။

တော်တော်လေးမှောင်မှ လူတွေရှဲသွားကြတယ်။ အကမင်းသားလည်း မောသွားလောက်ပြီပေါ့။ မီးမရှိတော့ အဖွားရွတ်နေကြစကားအတိုင်း အကြောင်းဆိုင် ဖယောင်းတိုင်ကိုင်ရတယ်တဲ့လေ။ အလှူလုပ်ဖို့က ၂ရက်လောက်လိုသေးတယ်တဲ့။

ဆက်ပါဦးမယ်။

ဓါတ်ပုံလေးကို www.allmyanmar.com ကကူးယူဖော်ပြပါတယ်

25 August 2008

တောင်ကညို ပြိုတော့မယ်..


တကယ်တမ်း အဲဒီစကားကို စကားအဖြစ်လား သီချင်းအဖြစ်လား ကြားဖူးပင်မယ့် သေသေချာချာ သိလားဆိုတော့မသိ။ မိုးတွေအဆက်မပြတ်ရွာနေခြင်းနဲ့ အဲဒီစကားနဲ့က ဟိုးအရင်အတိတ်ကို ပြန်လည်သတိရစေခဲ့တာတော့အမှန်။

စက်ရုံဝန်ထမ်းဖြစ်တဲ့ အဖေ့ဆီကို ပထမဆုံး သားအမိနှစ်ယောက်လှမ်းတဲ့ခရီးစဉ်ပေါ့။ ကျနော်က ရှိလှ ၃/၄ နှစ်သာသာ။ အားကိုးဖို့ဆိုတာဝေလာဝေး။ ငယ်ရွယ်သေးတဲ့ အမေ့အတွက် ဒီခရီးက ကြမ်းတမ်းလွန်းနေသလားပဲ။ ခလေးတစ်ဖက်နဲ့မို့ ပိုပြီး အန္တရာယ်ကြီးစေခဲ့သလားမသိ။

ကျနော်တို့သားအမိခရီးသွားစဉ်တုန်းက စေတနာ ဟီးနိုးကားကြီးတွေနဲ့ပါ။ ခရီးသည်တင်လား ကုန်တင်ယာဉ်လားမသိနိုင်လောက်အောင် တင်ဆောင်သွားလာနေတဲ့ ကားကြီးတွေ။ ထိုင်ခုံတွေကို အမြင့်မှာတင် အောက်မှာ ကုန်တွေ ပြွတ်သိပ်ညပ်နေအောင်ထည့်။ လူတွေက ပြတင်းပေါက်အမြင့်ထက် မြင့်တက်နေတယ်လေ။ ကားခေါင်မိုးပေါ်မှာလည်းကုန်အပြည့်။

အိပက်အိပက်နဲ့ သွားနေတဲ့ကားကြီး ပေါ်မှာ ပျင်းရိစွာလိုက်ပါရင်း ဂျီမျိုးစုံကျနေတော့တာပေါ့။ ဟိုဟာ စားမယ် ဒီဟာစားမယ် ဒီလို မနေချင်ဘူး ဒီလိုမထိုင်ချင်ဘူးပေါ့ဗျာ။ အခုနေ တူလေးတွေရတော့မှ အမေဘယ်လောက်စိတ်ညစ်မလဲဆိုတာ တွေးမိတယ်။ ကိုယ့်အလှည့်ကျ ကလေးတွေကို ရိုက်မယ် နှက်မယ် ကျိန်းမောင်းနေမိလို့ပါ။

နောက်တော့ အညာဒေသရဲ့နာမည်ကျော် ဒေါင်းသေချောင်းနားကိုချဉ်းကပ်လို့လာနေပြီ။ မိုးတွေကလည်းရွာနေတော့ သူများတွေက ပျာယာခပ်နေပေမယ့် ကျနော်တို့သားအမိကတော့အေးဆေး။ ဒီလိုမျိုးဆိုတာ ကြုံဖူးကြားဖူးတာမဟုတ်။ ဟိုး…..တောင်တွေဆီမှာမိုးညိုတာနဲ့ ဒီချောင်းနဲ့ ဘာဆက်စပ်စရာမှမရှိလို့ ယုံကြည်ထားမိတာ။

ချောင်းဘေးကိုရောက်တော့မှ အမှားကြီးမှားတော့တာ။ တဝေါဝေါမြည်ပြီးစီးနေတဲ့ချောင်းက ဒေါသမာန်ဟုန်အပြည့်နဲ့။ လူတွေမပြောနဲ့ အင်မတိအင်မတန်ကြီးပါတယ်ဆိုတဲ့ ကားကြီးတွေတောင် ချောင်းရေထဲမှာ မျောပါသွားနိုင်တယ်။ ထွက်မပြေးနိုင်တဲ့ တိရိ စ္ဆာန်တွေဆိုတာ ချောင်းရေထဲမှာ မျောပါလို့။
အဲဒီတော့မှ သိတော့တယ် သူများတွေသွေးပျက်နေတာ ဒါကြောင့်ပါလားဆိုတာ။

ချောင်းရဲ့ ဟိုဘက်ဒီဘက်မှာ ဘယ်ကားမှမကူးရဲလို့ တန်းစီပြီးရပ်နေကြရတယ်။ မိုးကလည်းတော်တော်နဲ့မစဲ။ စဲပြီးပြန်တော့လည်းတော်တော်ကြာသည်အထိ ရေစီးကမကျ။ ရေနည်းနည်းတန့်သွားတော့လည်း ကားတွေကမသွားနိုင်တော့။ ကားတစ်ဝက်လောက်ထိရေတက်နေပြီး အောက်ကသဲမြေများ၏ အနက်ကိုမည်သူမှ မမှန်းဆနိုင်။

ကြုံဖူးနေကျ ဒေါင်းသေရွာကတော့ လှည်းလေးတွေကိုယ်စီနဲ့ ချောင်းဟိုဘက်ထိပ်ဒီဘက်ထိပ် သယ်ယူပို့ဆောင်ရေးပေါ့။ တရွာလုံးက အဲဒီလုပ်ငန်းမှာ ကျွမ်းကျင်ကြပြီးသား။ ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာ ကလေးကအစ သင်စရာမလို။

သားအမိနှစ်ယောက် ဘုရားစာကို အခေါက်တစ်သောင်းမက ရွတ်ပြီး (အဲဒီအချိန်မှာ အမေသင်ပေးထားလို့ သံဗုဒ္ဓေကို ကျနော်ရွတ်တတ်နေပါပြီ) လှည်းပေါ်ကိုလိုက်ရတယ်။ လှည်းကြမ်းပြင်ကရေပြင်နဲ့တပြေးညီတည်း ဖြစ်နေပြီ။ မိုးဖွဲလေးတွေပြန်ရွာသေးတာမို့ ဟိုတောင်ဆီမှာ ညိုသေးလားစိုးရိမ်မိသေးတယ်။

သက်စွန့်ဆံဖျားလိုက်လာတဲ့ လှည်းခရီးစဉ်အဆုံးမှာတော့ ဟိုဘက်ကားနဲ့ ဒီဘက်ကား ခရီးသည်ချိန်းလိုက်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ရောက်ရမယ့် အချိန်ထက်များစွာနောက်ကျခဲ့တာပေါ့။

အခုလိုမျိုး မိုးတွေအုံ့ဆိုင်းရွာနေရင် တောင်ကညိုပြိုတော့မယ်လားလေ…..

23 August 2008

လူဖြစ်ကျိုးနပ်တဲ့နေ့တစ်နေ့


ဘယ်လိုပုံစံမျိုးဆိုတာ လူဖြစ်ကျိုးနပ်ခဲ့စေမလဲ။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဒီတစ်သက်အတွက်ကျေနပ်စေခဲ့တဲ့နေ့ဖြစ်ခဲ့ပါတယ်။ ဘ၀မှာ သေမယ်ဆိုသေပျော်ပါပြီလေ….

ကျနော် ဟိုမှာရှိစဉ်တုန်းက ကိစ္စကြီးငယ်မရှိရင် တနင်္ဂနွေနေ့ မှာ ရွှေတိဂုံရဲ့ အထက်ပစ္စယံကို တက်ဖူးနေကြပါ။ ပတ္တမြားမျက်ရှင်ရဲ့ အရှေ့ မှာ ကိုယ့်ရဲ့ သောကတွေကို ခ၀ါချပြီး အေးငြိမ်းတဲ့ ဘုရားရိပ်ကို နာရီဝက်လောက်ဖြစ်ဖြစ် ခိုလှုံမြဲ။ မနက်မတက်ဖြစ်ရင် ညဖက်မှာ ရင်ပြင်တော်ပေါ်မှာပေါ့ ဘုရားရိပ်တရားရိပ်မှာ ကျနော့ရဲ့သောကတွေ ဒေါသတွေ မောဟတွေကို ချွေးသိပ်နေကြ။

တမြန်မနှစ်ကဘုရားအထက်ပစ္စယံကို ပြင်ဆင်နေတာမို့ ပိတ်ထားတဲ့ရက်အရှည်ကြီး။ ဘုရားဖူးတွေစောင့်ရတဲ့ရက်ကရှည်။ ၀ါးငြမ်းတွေဆင်ပြီး ပိတ်ထားလိုက်တာ ကျနော့အထင် ၄, ၅ လလောက်ကြာလောက်တယ်။

နောက်တော့ ဘုရားဆောက်လုပ်ရေးက အသိတစ်ယောက်နဲ့တွေ့တော့ သူအခု ငှက်ပျောဖူးတွေ ပြုပြင်ရေးမှာတာဝန်ကျနေတယ်လို့ပြောတယ်။ ထုံးစံအတိုင်း ဂျီကျတော့တာပေါ့။ ကျနော်လည်း တက်ခွင့်ရရင်တက်ချင်တယ်လို့။ သူကလည်းကြိုးစားကြည့်မယ်တဲ့။

နောက်တပတ်ရောက်တော့ သူက မင်းလာမယ်ဆိုရင်တနင်္ဂနွေနေ့ မနက် ၁၀နာရီမထိုးခင်လာပါတဲ့။ ရှမ်းဘောင်းဘီယူလာပါတဲ့။ ရှမ်းဘောင်းဘီနဲ့ လည်ကတုံးအဖြူကိုသာ ၀တ်ဆင်ခွင့်ပြုပါသတဲ့။ အလုပ်ထဲမှာရှိတဲ့ အားတိဆီကနေရှမ်းဘောင်းဘီ ငှားရပါတယ်။ ၀တ်နည်းကိုပါသင်ရပါသေးတယ်။ မတော်…

အဲဒီညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ စိတ်ဇောကလည်းထက်သန်နေတာမို့ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်ရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။ မနက်တက်သုတ်ရိုက်ထပြီး သင်ပေးထားတဲ့အတိုင်း ရှမ်းဘောင်းဘီကို အကျအန ကျွတ်မကျအောင်ဝတ်ပြီး ဘုရားကိုဦးတည်ပြီး လျှောက်လာခဲ့တယ်။ လမ်းကလူတွေကတော့ ကွက်ကြည့်ကွက်ကြည့် ဒီရုပ်ဆိုးဆိုးလူကြီး ရှမ်းယောင်ဆောင်လာတယ်ပေါ့။

ပြီးတော့ ကျနော့အသိအစ်ကိုကြီးဆီရောက်တော့ သူတို့တွေမနက်စာစားနေကြပြီ။ သူ့ဝန်ထမ်းတွေက သဲသယ်တဲ့လူ ဘိလပ်မြေသယ်တဲ့လူနဲ့ အားလုံးအစီအစဉ်အတိုင်းလှုပ်ရှားနေကြပြီ။ ကျနော်ကကော ကျနော်ကတော့ ကင်မရာတစ်လုံးကို လည်ပင်းမှာသိုင်းပြီး အဆင်သင့်ပေါ့။ မတက်ခင် ကျန်းမာရေးစစ်ဆေးတဲ့ အဖွဲ့ဆီမှာ ဆေးစစ်ရပါတယ်။ စိတ်လှုပ်ရှားမှုနဲ့ သွေးတွေတက်ပြီး ရင်ခုန်နှုန်းတွေ မြန်နေခဲ့တာမို့။ ကျနော့ကို ဘေးနားမှာ ခဏနားခိုင်းထားပါတယ်။ စိတ်ကသိပ်လှုပ်ရှားနေတာမို့ ပြန်တိုင်းတော့ ပရက်ရှာက မကျသေး။ ဆရာဝန်က သူ့ကို အလုပ်ကြမ်းတွေမခိုင်းပါနဲ့ဆိုတော့ အဖွဲ့သားတွေအားလုံးပြုံးစိစိဖြစ်ကုန်တယ်။

ဝါးငြမ်းတွေပေါ်ကိုနင်းတက်ရတယ် ပထမ သော့ခတ်ထားတဲ့တံခါးကို ကျော်ဖြတ်လာတော့ တော်တော်လေးမြင့်နေပြီ။ ရဲတွေလားစစ်သားတွေလားမသိ တံခါးတွေမှာ စောင့်ကြပ်နေလေရဲ့။

နောက်တော့ တာဝန်ကျ ငှက်ပျောဖူးတွေနားမှာ သယ်လာတဲ့ပစ္စည်းတွေချ အမောအပန်းဖြေကြတယ်။ အပေါ်မှာလေတဟူးဟူးတိုက်နေတာ တောင်ပေါ်ဒေသအတိုင်းပါပဲ။ အပေါ်စီးကနေ ရန်ကုန်မြို့ကို မြင်နေရတယ်။ ဟိုးမှာ…. မြစ်ပြင်ကျယ်။ ဟိုးမှာ……အရင်ကဆို တံခါးနှစ်ဖက်ကိုပဲ မြင်နေရတဲ့လွှတ်တော်။ နောင်တော်ကြီးစေတီကိုလည်း သပ္ပါယ်စွာဖူးတွေ့နေရသည်လေ။ ဒီလိုမြင်ကွင်းမျိုးက ရှားမှရှား။

ထီးတော်ကို တက်ဖူးဖို့ စစ်တပ်ကနယ်မြေခံဗိုလ်ကြီးတွေ တက်ဖူးတာကြုံတာနဲ့ အပေါ်ကိုတက်လိုက်သွားမိတယ်။ သော့ခတ်ထားတဲ့ တံခါးနှစ်ချပ်ကို အကျော်မှာတော့ ဘုရားထီးတော်ပေါ့။ တစ်ခေါက်ပြုပြင်တုန်းကလည်း ဖူးလိုက်ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမဟုတ်ခဲ့ဘူး။ အခုက ဘယ်သူမှမရှိဘူးလေ။ ဒါက ကျောက်စိန်း ညောင်ရွက်ပုံ။ ဒါကစိန်တွေ ဒါကရွှေတွေ ဒါကမင်းတုန်းမင်းလှူတဲ့သံသေခေါင်းလောင်း ဒါက ဘိုးဘိုးအောင်လှူတဲ့သံသေခေါင်းလောင်း ဆိုပြီး အကျအန ကိုယ်တွယ်ပူဇော်ခွင့်ရခဲ့တယ်။ သံသေခေါင်းလောင်းဆိုမှ သံသေခေါင်းလောင်းရေ လိုချင်တယ်ဆိုပြီး အောက်ခြေအထိပြန်ဆင်းပြီး ရေဗူးယူရတယ်။ ဘုရားတန်ခိုးတော်ကြောင့် မောလို့မောမှန်းမသိခဲ့ဘူး။ စိန်ဖူးတော်အထက်ဘက်နားကျတော့ ၀ါးလှေကားတွေမရှိတော့။ ၀ါးငြမ်းတွေကိုပဲ ဘေးပတ်ပတ်လည် ရံထားလေရဲ့။ တက်ဖူးတဲ့ဗိုလ်မှူးကလည်း သူ့သူငယ်ချင်းကို အဖော်စပ်တယ်။ အပေါ်ကို စွန့်စွန့်စားစားတက်ဖူးမယ်ပေါ့။ သတ္တိခဲကျနော်ကလည်း ကျနော်လည်းတက်မယ်ပေါ့။ တသက်မှာ တခါကြုံဖူးဖို့ဆိုတာ ခဲယဉ်းလွန်းလို့။ တက်သွားလိုက်တာ မကြောက်မရွံ့။ လက်တစ်ဖက်က ၀ါးငြမ်းကိုကိုင် တစ်ဖက်က ကင်မရာနဲ့ စိန်ဖူးတော်နဲ့ ငှက်မြတ်နားကို ပူဇော်ဖို့ မှတ်တမ်းတင်ရိုက်ဖြစ်အောင်ရိုက်ခဲ့ပါတယ်။ လေကတော့ အတော်ကိုတိုက်ပါတယ်။ ပြန်ဆင်းလာမှ သတိထားမိတာက အတော်ကို မြင့်နေခဲ့ပြီဆိုတာရယ် ကြောက်စိတ်ကြောင့် ဒူးတွေတုန်နေခဲ့ပြီ။

တာဝန်ကျနေရာမှာ ပျက်စီးနေတဲ့ အုတ်တွေကို ဖဲ့ပြီး အင်္ဂတေပြန်လောင်းနေကြတယ်။ ဖဲ့တယ်ဆိုပေမယ့် စိတ်ရှိလက်ရှိ ဖဲ့ရတာမဟုတ်။ အောက်မှာလည်း အလုပ်သမားတွေရှိတာမို့ ဂရုတစိုက်အောက်မကျအောင် ဖဲ့ရပါတယ်။ အင်္ဂတေက နိုင်ငံခြားကနည်းပညာနဲ့လောင်းတယ်လို့ဆိုပါတယ်။ လောင်းပြီးခဏနေတော့ ရေဒါကရိယာနဲ့တိုင်းရပါသေးတယ်။ စိတ်ချနိုင်တဲ့အခြေအနေ ရောက်မရောက်ကိုပါ။ အုတ်တွေဖဲ့ရင်းနဲ့မှ ခေတ်အဆက်ဆက်က မြန်မာတွေရဲ့ အလှူအတန်းရွှေငွေကြေးဆင်းတုတွေ တွေ့ရတတ်ပါသေးတယ်။ အဲလိုတွေ့ခဲ့ရင် တာဝန်ကျ ခေါင်းဆောင်တွေက စနစ်တကျပြန်အပ်ရပါတယ်။

နေ့လည် ထမင်းစားနားခါနီးတော့မှ အောင်မြေဖက်ကနေဖူးရင်တွေ့ရတဲ့ စဓဗ၀ စာလုံးတွေကို သွားကြည့်ရင်းဆင်းလာခဲ့ပါတယ်။ ပြန်အဆင်းမှာတော့ ၀တ်လာတဲ့ရှမ်းဘောင်းဘီကို ဗြန်းဗြန်းကနဲနေအောင် ခါပြရတဲ့အပြင် တစ်ကိုယ်လုံးကိုစစ်တာပေါ့ဗျာ။ သူတို့တွေကတောင်ကင်မရာ ချွတ်ယူလိုက်မယ်လို့စနေသေးတယ်။

ဒါမျိုးအခွင့်အရေးကနောက်မရနိုင်လောက်တော့ဘူးထင်ပါတယ်။ ကျနော့အတွက်ကတော့ တသက်စာဖူလုံသွားခဲ့ပါပြီ။ သေမယ်ဆို သေပျော်ပါပြီလေ…………

ရိုက်လာတဲ့ဓာတ်ပုံတွေက မြန်မာမှာပဲကျန်ခဲ့ပါတယ်။ အခုတော့ ဘုရားပုံကိုပဲပူဇော်လိုက်ပါတယ်။ ဓါတ်ပုံရဲ့ညာဘက်ထောင့်မှာ ပိုင်ရှင်ရဲ့လင့်တွေ(www.images.com.my)ပါပါတယ်ခင်ဗျာ။

30 June 2008

တို.ဘုရား


အဲဒီစကားကို အဖွားရှိတုန်းက ခဏခဏကြားနေရတယ်။ သူငယ်ပြန် ချိန်ရောက်ပင်မယ့် သူတည်ခဲ့တဲ့ ဘုရားကို အမြဲမပြတ်ပြင်ချင်စိတ်ဖြစ်နေတာကိုက သူ.ရဲ့ကုသိုလ်စိတ်ပေါ့။
အဲဒီမြစ်ကမ်းဘေးကရွာလေးမယ် ဒို့များမွေးခဲ့တာပေါ့။ ဘွားမယ်တူတဲ့ တို.အမေ့နာမယ်က။ တစ်ဦးတည်းသောသမီး။ ကမ်းဘေးက လယ်ကွင်းတောက်လျှောက်ဟာ ဖွားတို.ပိုင်တဲ့လယ်တွေပဲလေ။ ခုတော့လား လယ်လုပ်သူလယ်ပိုင်စေဖြစ်လိုက်ဆိုတော့ သူရင်းငှားတွေလက်ထဲရောက်ရပြီပေါ့။ ဒီလယ်တွေပိုင်ဖို. မျိုးစဉ်ဘောင်ဆက်ကြိုးစားခဲ့တာပေါ့။ ဘာတွေလုပ်ခဲ့ဘူးလို.လဲ စာရင်းနဲ့အင်းနဲ့တော်ရေ မမယ်ရင်တို.က။ စောင်လည်းရက်တက်တာပဲ၊ ရက်ကန်းဆိုတာ မြို.ပေါ်ရောက်တဲ့ထိ ရက်တုန်းတော်။ အမွေသိမ်းထားတဲ့စောင်လေးထုတ်လိုက်ပါအုံး နွေးဆိုမှနွေး။ မြန်မာမုန်.အမျိုး မျိုး လုပ်သမှသိပ်လုပ်တတ်။ အိမ်မှာ ရှိတဲ့မုန့်ဘန်းတွေကိုက မုန်.ဆိုင်ဖွင့်လို့ရရဲ့။ ရွာကိုက မုန့်ရောင်းတဲ့ရွာမဟုတ်လား သုံးထပ်သင်္ဘောတွေများလာရင် အို.....ုကိုယ့်ခတ်တတ်ကိုခတ်ပြီးလှေငယ်လေးကိုလှော်ပြီး မကြောက်မရွံ့ အတင်းကပ်။ အတင်းရောင်း။ မြေပဲပေါ်ချိန် နှုတ်ဖို.မနက်စောစောထ ဒွေးလေးတို.လှည်းပေါ် အခန်.သားပေါ့တော်။ အကြမ်းအိုးလေး ပုဆိုးစုတ်လေး ခေါင်းပေါ်တင်ပြီး ရွက်သွားလိုက်တာများအကျ။ နေကြာပန်းများ ခူးရုံဘယ်ကမလဲ နေကြာစေ့ကို တုတ်နဲ့ ကို ရိုက်ပြီးတပြည်ဘယ်လောက်ပေးမလဲ ပိုပေးတဲ့ဆီ ဖင်မြဲရုံပဲပေါ့။ အမလေး နေကြာတွေကိုင်လို.ယားလားလို့မမေးနဲ့တော်ရေ. ရိုက်ပြီးလို.ကတော့ သောင်ပြင်အပြေးပဲ။ မြစ်ထဲခုန်ဆင်း ထမီကို ဘူဘောင်းလုပ်လှိုင်းစီးပြီးမှ အိမ်ပြန်ရုံပဲ။
ကိုညွန်.နဲ့တွေ.ကြတာလား။ သူကအထက်ကတော်ရေ.အထက်က။ သူကလည်းတစ်ဦးတည်းသောသား။ တွေ့မယ့်တွေ့တော့လဲ အဲလို။ နှစ်ဘက်လုံးက သဘောမတူဘူးလေ။ ခိုးရာလိုက်ပြေးတာတောင် ဟိုး…….ဘက်ရွာကိုလှေနဲ. ကိုညွန်.မြန်မြန်လှော်ပါတော့ဆိုတော့ အေးပါမမယ်ရင်ရ မင်းမလဲ ပူတတ်ရန်ကောနဲ.။မတည့်ပါဘူးအေ ညည်းတို.ဘိုးအေ။ ကလေးသာ ၁၂ ယောက်ရရော ကြည့်လို့ကိုမရဘူး။ ၁၂ယောက်သာမွေးလိုက်ရတာပါ။ အဖတ်တင်တာက ၅ရောက်ထဲရယ်။ ရှားရှားပါးပါး သားကတစ်ယောက်ထဲရယ်။ ထူးချွန်ချက်တော့ ဆရာဝန်လောင်းပ။ သူနဲ့ရတော့ စီးပွားတော့ အဖြစ်သားလား သူက ဆီစက်တစ်စက် ကိုယ်ကဆီစက်တစ်စက် နှစ်စက်ပြိုင်လိုက်တာပ။ ကမ္ဘာ ချစ် ဆီစက်ဆို မသိတဲ့လူမရှိဘူး။ ဆံပင်ကောင်းတိုင်းလည်းကောင်းတာမဟုတ်ဘူးတော်ရေ။ တစ်ရက်သား လည်နေတဲ့တာလပတ်ကြားဆံပင်ပါသွားလို ပေါင်တစ်ခြမ်းနဲ့ ဦးရေပြားပါသွားသေးသဟဲ့။ ကံကောင်းလို.အသက်မပါတယ်။ စီးပွားရေးကောင်းလို. အလှူအတန်းမလုပ်တန်ကောင်းရဲ့လို. မတွေးလိုက်ပါနဲ့အေ။ ကျုပ်တို.က အလှူရေစက်လက်နဲ့မကွာပါ။ မြို.ပေါ်ကစာသင်တိုက်မှာလဲ ရှင်ရဟန်းတွေကို မောင်ပဇင်းတက်ပေးတာ ၅ပါးရှိပါရဲ့။ အိမ်မလည်း ဆွမ်းခံကိုယ်တော်က ၁၀ပါး။ အမြတ်ဆုံးက ကျုပ်တို့ ရွာကဘုရားကိုပြင်လိုက်ရတာပါ။ ရွှေသင်္ကန်းလုံးတော်ပြည့် ကပ် ထီးတော်အလှူလဲပါပေါ့။ ရွာလုံးကျွတ် ၀န်ကြီးလေးပါးနဲ့ ကျွေးတာတော့ ကျုပ်ရွာသားတွေမယ်အားရပါးရ စားပုံများမြင်ရင် ထပ်လှူချင်စိတ်ပေါက်ရဲ့။ အဲဒီဘုရား ကျုပ်တစ်သက်လုံး ရာသက်ပန်လှူမယ် ပြုပြင်မယ်လို.ကို တစ်ထိုင်တည်း ဆုံးဖြတ်ဖြစ်သွားတာ။ ကျုပ်သိပ်ချစ်တဲ့ရွာက ရွေ.ဖြစ်တာလား။ ဓါးပြပေါ့တော်။ ပစ္စည်းယူရုံဘယ်ကမလဲ လူကလည်းအရိုက်ခံရသေး။ နည်းနည်းပါးပါးမဟုတ်ဘူး ဆန်ပြုတ်ကို ၂ ရက် ၃ရက်အသာလေးသောက်ရတာပေါ့။ ကြီးလာတော့ အိမ်မှာရှိရှိသမျှတံခါးတွေကို မှောင်ရင်ပိတ်ရမှဆိုတဲ့ အထိကိုလွှမ်းမိုးခဲ့တာသာကြည့်တော့။ှ ပြီးတော့ ကျုပ်တို.လင်မယားပိုင်ဆီစက်ကလေးတွေ ပြည်သူပိုင်တဲ့တော်။ နီးစပ်ရာမြို.ကိုတက်ရတာပေါ့။ ကလေးတွေလက်ဆွဲပြီး အပြေးအလွှားတက်ခဲ့ရတာပေါ့။
တက်သာလာခဲ့ရတယ်။ တစ်ရက်မှမေ့မရပါဘူးတော်။ ရွာပြန်ချင်တာပါပဲ မတတ်သာလို.သာ။ ရွာဦးကဘုရားကြီးဆိုတာ ပြန်မပြင်ရတာကြာလာပါပကော။ ဒီခေတ်ကြီးမှာ ပြန်ပြင်နိုင်ဖို.ကလည်းခက်သားလား။ အဲဒီတော့ ရွာကဘုရားကြီးပြင်ချင်တယ်ဆိုတာကိုသာ ရွတ်နေရတာပါပဲ။ သို.ပေမယ့်လည်း……


အစိန္တေယျအစချီဘုရားရှိခိုးကို ဌာန်ကရိုဏ်းကျကျရွတ်တတ်သော၊ တပြည်လုံးက ဘုရားတွေကုန်အောင်ရှိခိုးတတ်သော၊ ကော်ဖီသိပ်ကြိုက်သော၊ စည်းကမ်းကြီးသော၊ သင်္ကြန်ဆိုပိတောက်ပန်းတွေတခေါင်းလုံးဝေအောင်ပန်တတ်သော၊ သရက်သီးတွေကို ပေါက်တတ်သော၊ ထညက်ကြိုက်သော သော့တွေမျက်မှန်တွေ ခဏခဏပျောက်တတ်သော ကျနော့ရဲအဖွားကိုအမှတ်တရ

picture is copy from http://www.scottpix.com/gallery/travel/myanmar/4608.html