23 August 2008

လူဖြစ်ကျိုးနပ်တဲ့နေ့တစ်နေ့


ဘယ်လိုပုံစံမျိုးဆိုတာ လူဖြစ်ကျိုးနပ်ခဲ့စေမလဲ။ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ ဒီတစ်သက်အတွက်ကျေနပ်စေခဲ့တဲ့နေ့ဖြစ်ခဲ့ပါတယ်။ ဘ၀မှာ သေမယ်ဆိုသေပျော်ပါပြီလေ….

ကျနော် ဟိုမှာရှိစဉ်တုန်းက ကိစ္စကြီးငယ်မရှိရင် တနင်္ဂနွေနေ့ မှာ ရွှေတိဂုံရဲ့ အထက်ပစ္စယံကို တက်ဖူးနေကြပါ။ ပတ္တမြားမျက်ရှင်ရဲ့ အရှေ့ မှာ ကိုယ့်ရဲ့ သောကတွေကို ခ၀ါချပြီး အေးငြိမ်းတဲ့ ဘုရားရိပ်ကို နာရီဝက်လောက်ဖြစ်ဖြစ် ခိုလှုံမြဲ။ မနက်မတက်ဖြစ်ရင် ညဖက်မှာ ရင်ပြင်တော်ပေါ်မှာပေါ့ ဘုရားရိပ်တရားရိပ်မှာ ကျနော့ရဲ့သောကတွေ ဒေါသတွေ မောဟတွေကို ချွေးသိပ်နေကြ။

တမြန်မနှစ်ကဘုရားအထက်ပစ္စယံကို ပြင်ဆင်နေတာမို့ ပိတ်ထားတဲ့ရက်အရှည်ကြီး။ ဘုရားဖူးတွေစောင့်ရတဲ့ရက်ကရှည်။ ၀ါးငြမ်းတွေဆင်ပြီး ပိတ်ထားလိုက်တာ ကျနော့အထင် ၄, ၅ လလောက်ကြာလောက်တယ်။

နောက်တော့ ဘုရားဆောက်လုပ်ရေးက အသိတစ်ယောက်နဲ့တွေ့တော့ သူအခု ငှက်ပျောဖူးတွေ ပြုပြင်ရေးမှာတာဝန်ကျနေတယ်လို့ပြောတယ်။ ထုံးစံအတိုင်း ဂျီကျတော့တာပေါ့။ ကျနော်လည်း တက်ခွင့်ရရင်တက်ချင်တယ်လို့။ သူကလည်းကြိုးစားကြည့်မယ်တဲ့။

နောက်တပတ်ရောက်တော့ သူက မင်းလာမယ်ဆိုရင်တနင်္ဂနွေနေ့ မနက် ၁၀နာရီမထိုးခင်လာပါတဲ့။ ရှမ်းဘောင်းဘီယူလာပါတဲ့။ ရှမ်းဘောင်းဘီနဲ့ လည်ကတုံးအဖြူကိုသာ ၀တ်ဆင်ခွင့်ပြုပါသတဲ့။ အလုပ်ထဲမှာရှိတဲ့ အားတိဆီကနေရှမ်းဘောင်းဘီ ငှားရပါတယ်။ ၀တ်နည်းကိုပါသင်ရပါသေးတယ်။ မတော်…

အဲဒီညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ စိတ်ဇောကလည်းထက်သန်နေတာမို့ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်ရင်း မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။ မနက်တက်သုတ်ရိုက်ထပြီး သင်ပေးထားတဲ့အတိုင်း ရှမ်းဘောင်းဘီကို အကျအန ကျွတ်မကျအောင်ဝတ်ပြီး ဘုရားကိုဦးတည်ပြီး လျှောက်လာခဲ့တယ်။ လမ်းကလူတွေကတော့ ကွက်ကြည့်ကွက်ကြည့် ဒီရုပ်ဆိုးဆိုးလူကြီး ရှမ်းယောင်ဆောင်လာတယ်ပေါ့။

ပြီးတော့ ကျနော့အသိအစ်ကိုကြီးဆီရောက်တော့ သူတို့တွေမနက်စာစားနေကြပြီ။ သူ့ဝန်ထမ်းတွေက သဲသယ်တဲ့လူ ဘိလပ်မြေသယ်တဲ့လူနဲ့ အားလုံးအစီအစဉ်အတိုင်းလှုပ်ရှားနေကြပြီ။ ကျနော်ကကော ကျနော်ကတော့ ကင်မရာတစ်လုံးကို လည်ပင်းမှာသိုင်းပြီး အဆင်သင့်ပေါ့။ မတက်ခင် ကျန်းမာရေးစစ်ဆေးတဲ့ အဖွဲ့ဆီမှာ ဆေးစစ်ရပါတယ်။ စိတ်လှုပ်ရှားမှုနဲ့ သွေးတွေတက်ပြီး ရင်ခုန်နှုန်းတွေ မြန်နေခဲ့တာမို့။ ကျနော့ကို ဘေးနားမှာ ခဏနားခိုင်းထားပါတယ်။ စိတ်ကသိပ်လှုပ်ရှားနေတာမို့ ပြန်တိုင်းတော့ ပရက်ရှာက မကျသေး။ ဆရာဝန်က သူ့ကို အလုပ်ကြမ်းတွေမခိုင်းပါနဲ့ဆိုတော့ အဖွဲ့သားတွေအားလုံးပြုံးစိစိဖြစ်ကုန်တယ်။

ဝါးငြမ်းတွေပေါ်ကိုနင်းတက်ရတယ် ပထမ သော့ခတ်ထားတဲ့တံခါးကို ကျော်ဖြတ်လာတော့ တော်တော်လေးမြင့်နေပြီ။ ရဲတွေလားစစ်သားတွေလားမသိ တံခါးတွေမှာ စောင့်ကြပ်နေလေရဲ့။

နောက်တော့ တာဝန်ကျ ငှက်ပျောဖူးတွေနားမှာ သယ်လာတဲ့ပစ္စည်းတွေချ အမောအပန်းဖြေကြတယ်။ အပေါ်မှာလေတဟူးဟူးတိုက်နေတာ တောင်ပေါ်ဒေသအတိုင်းပါပဲ။ အပေါ်စီးကနေ ရန်ကုန်မြို့ကို မြင်နေရတယ်။ ဟိုးမှာ…. မြစ်ပြင်ကျယ်။ ဟိုးမှာ……အရင်ကဆို တံခါးနှစ်ဖက်ကိုပဲ မြင်နေရတဲ့လွှတ်တော်။ နောင်တော်ကြီးစေတီကိုလည်း သပ္ပါယ်စွာဖူးတွေ့နေရသည်လေ။ ဒီလိုမြင်ကွင်းမျိုးက ရှားမှရှား။

ထီးတော်ကို တက်ဖူးဖို့ စစ်တပ်ကနယ်မြေခံဗိုလ်ကြီးတွေ တက်ဖူးတာကြုံတာနဲ့ အပေါ်ကိုတက်လိုက်သွားမိတယ်။ သော့ခတ်ထားတဲ့ တံခါးနှစ်ချပ်ကို အကျော်မှာတော့ ဘုရားထီးတော်ပေါ့။ တစ်ခေါက်ပြုပြင်တုန်းကလည်း ဖူးလိုက်ရပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမဟုတ်ခဲ့ဘူး။ အခုက ဘယ်သူမှမရှိဘူးလေ။ ဒါက ကျောက်စိန်း ညောင်ရွက်ပုံ။ ဒါကစိန်တွေ ဒါကရွှေတွေ ဒါကမင်းတုန်းမင်းလှူတဲ့သံသေခေါင်းလောင်း ဒါက ဘိုးဘိုးအောင်လှူတဲ့သံသေခေါင်းလောင်း ဆိုပြီး အကျအန ကိုယ်တွယ်ပူဇော်ခွင့်ရခဲ့တယ်။ သံသေခေါင်းလောင်းဆိုမှ သံသေခေါင်းလောင်းရေ လိုချင်တယ်ဆိုပြီး အောက်ခြေအထိပြန်ဆင်းပြီး ရေဗူးယူရတယ်။ ဘုရားတန်ခိုးတော်ကြောင့် မောလို့မောမှန်းမသိခဲ့ဘူး။ စိန်ဖူးတော်အထက်ဘက်နားကျတော့ ၀ါးလှေကားတွေမရှိတော့။ ၀ါးငြမ်းတွေကိုပဲ ဘေးပတ်ပတ်လည် ရံထားလေရဲ့။ တက်ဖူးတဲ့ဗိုလ်မှူးကလည်း သူ့သူငယ်ချင်းကို အဖော်စပ်တယ်။ အပေါ်ကို စွန့်စွန့်စားစားတက်ဖူးမယ်ပေါ့။ သတ္တိခဲကျနော်ကလည်း ကျနော်လည်းတက်မယ်ပေါ့။ တသက်မှာ တခါကြုံဖူးဖို့ဆိုတာ ခဲယဉ်းလွန်းလို့။ တက်သွားလိုက်တာ မကြောက်မရွံ့။ လက်တစ်ဖက်က ၀ါးငြမ်းကိုကိုင် တစ်ဖက်က ကင်မရာနဲ့ စိန်ဖူးတော်နဲ့ ငှက်မြတ်နားကို ပူဇော်ဖို့ မှတ်တမ်းတင်ရိုက်ဖြစ်အောင်ရိုက်ခဲ့ပါတယ်။ လေကတော့ အတော်ကိုတိုက်ပါတယ်။ ပြန်ဆင်းလာမှ သတိထားမိတာက အတော်ကို မြင့်နေခဲ့ပြီဆိုတာရယ် ကြောက်စိတ်ကြောင့် ဒူးတွေတုန်နေခဲ့ပြီ။

တာဝန်ကျနေရာမှာ ပျက်စီးနေတဲ့ အုတ်တွေကို ဖဲ့ပြီး အင်္ဂတေပြန်လောင်းနေကြတယ်။ ဖဲ့တယ်ဆိုပေမယ့် စိတ်ရှိလက်ရှိ ဖဲ့ရတာမဟုတ်။ အောက်မှာလည်း အလုပ်သမားတွေရှိတာမို့ ဂရုတစိုက်အောက်မကျအောင် ဖဲ့ရပါတယ်။ အင်္ဂတေက နိုင်ငံခြားကနည်းပညာနဲ့လောင်းတယ်လို့ဆိုပါတယ်။ လောင်းပြီးခဏနေတော့ ရေဒါကရိယာနဲ့တိုင်းရပါသေးတယ်။ စိတ်ချနိုင်တဲ့အခြေအနေ ရောက်မရောက်ကိုပါ။ အုတ်တွေဖဲ့ရင်းနဲ့မှ ခေတ်အဆက်ဆက်က မြန်မာတွေရဲ့ အလှူအတန်းရွှေငွေကြေးဆင်းတုတွေ တွေ့ရတတ်ပါသေးတယ်။ အဲလိုတွေ့ခဲ့ရင် တာဝန်ကျ ခေါင်းဆောင်တွေက စနစ်တကျပြန်အပ်ရပါတယ်။

နေ့လည် ထမင်းစားနားခါနီးတော့မှ အောင်မြေဖက်ကနေဖူးရင်တွေ့ရတဲ့ စဓဗ၀ စာလုံးတွေကို သွားကြည့်ရင်းဆင်းလာခဲ့ပါတယ်။ ပြန်အဆင်းမှာတော့ ၀တ်လာတဲ့ရှမ်းဘောင်းဘီကို ဗြန်းဗြန်းကနဲနေအောင် ခါပြရတဲ့အပြင် တစ်ကိုယ်လုံးကိုစစ်တာပေါ့ဗျာ။ သူတို့တွေကတောင်ကင်မရာ ချွတ်ယူလိုက်မယ်လို့စနေသေးတယ်။

ဒါမျိုးအခွင့်အရေးကနောက်မရနိုင်လောက်တော့ဘူးထင်ပါတယ်။ ကျနော့အတွက်ကတော့ တသက်စာဖူလုံသွားခဲ့ပါပြီ။ သေမယ်ဆို သေပျော်ပါပြီလေ…………

ရိုက်လာတဲ့ဓာတ်ပုံတွေက မြန်မာမှာပဲကျန်ခဲ့ပါတယ်။ အခုတော့ ဘုရားပုံကိုပဲပူဇော်လိုက်ပါတယ်။ ဓါတ်ပုံရဲ့ညာဘက်ထောင့်မှာ ပိုင်ရှင်ရဲ့လင့်တွေ(www.images.com.my)ပါပါတယ်ခင်ဗျာ။

6 comments:

Moe Cho Thinn said...

မြန်မာပြည်က ထွက်လာတော့ ရွှေတိဂုံဘုရားကြီး မရှိတဲ့ နေရာမှာ ဘယ်လောက်များ ကြာအောင် နေရအုံးမှာလဲလို့ စိတ် ထိခိုက်ခဲ့ဖူးပါတယ်။
ရွာသားလေး ကံကောင်းတာပေါ့။

RePublic said...

ကုသိုလ်ကံ ကောင်းလိုက်လေခြင်း ၊၊ ကြုံရခဲပါဘိ ကိုရွာသားလေးရေ ၊၊

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရွာသားရေ အားကျတယ်ဗျာ ။ တကယ်ပါ ။ အဲလို ဖူးခွင့် မရခဲ့ဘူးဘူး ။ ဒီဘ၀တော့ မရတော့ဘူး ထင်ပါရဲ့ဗျာ ။

ကိုရုပ်ဆိုး said...

အင်း .... ရွာသားလေးတို့ ကံကောင်းချက်ကတော့ဗျာ။ မနာလိုတောင်ဖြစ်တယ်။ ကျနော့အဖြစ်က ပိုဆိုးတာ။ တနင်္ဂနွေမနက်တိုင်း သုကကာရီ တံပျက်လှည်းအသင်းဝင် တစ်ယောက်အနေနှင့် ဒီအခွင့်အရေးကြုံပါလျက်နှင့် ကိုယ့်အလှည့်ရောက်ခါနီးမှ မိုးသည်းထန်စွာရွာလို့ မတက်လိုက်ရတဲ့အဖြစ်။ ပိုဆိုးတာက တက်ရမယ့်နေ့မနက် ဘုရားရောက်တော့မှ ဒီသတင်းဆိုးကို ကြားလိုက်ရတော့ အောက်ကနေ ဘုရားကို မော့ကြည့်ပြီး စိတ်ပျက်ခဲ့ရပုံများဗျာ ....။ ဒါ အရင်ဘ၀က အတိတ်ကုသိုလ်ကံ အရမ်းကောင်းလို့ဗျ။ ကိုရွာသားလေးကို အတိတ်ကံမမှီနိုင်ခဲ့တာပေါ့ဗျာ....။

ရွှေပြည်သူ (ShwePyiThu) said...

ဒီပို့စ်ဖတ်ပြီးတော့ ယောက်ျားလေး အဖြစ်ကိုရတဲ့အတွက်ရော ဒီလိုကြုံတောင့်ကြုံခဲ အခွင့်အရေးပေးတဲ့ အတိတ်ကံကို ပိုင်ဆိုင်တဲ့အတွက်ပါ ကိုရွာသားလေးကို အရမ်းကိုအားကျမိပါတယ်... အေးချမ်းသန့်စင်တဲ့ ဘုရားရင်ပြင်တော် အကျယ်ကြီးတွေကိုလည်း လွမ်းမိပါတယ်...

Unknown said...

ဝမ်းသာ အားကျမိတယ် ယောက်ျားလေးဖြစ်ရတာ သိပ်ကံကောင်းတာပဲ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ