06 August 2008

ခမ်းခြောက်သွားခဲ့သော


ကမ္ဘာကြီးပူနွေးလာတာ ကျမတို့တွေကိုသိသာ စေပါတယ်။ သတင်းဌာန အားလုံးကထုတ်ပြန်နေကြတာကိုး။ ရှင်တို့သတိထားမိမလား မသိဘူး ပူနွေးလာတာနဲ့ အမျှ မြစ်တွေ ကန်တွေပါ ခမ်းခြောက်လာကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းဆိုလားဘာဆိုလား ၀ိုင်းဝန်းထိမ်းသိမ်းကြတယ်တဲ့။ လူသားတွေ မသိသေးတဲ့ အရေးကြီတဲ့ ခမ်းခြောက်မှုက ကျမကို ခြောက်လှန့်နေခဲ့တာ ကြာခဲ့ပေါ့။

အဲဒီနေ့က မကြီးက နေမကောင်းဘူးတဲ့။ ဘာဖြစ်မှန်းမသိဘူး မီးငယ်တဲ့။ ဆေးခန်းသွားချင်တယ် ရုံးဆင်းရင် ငါ့ကိုဝင်ခေါ်ပါတဲ့။ ဆေးခန်းကို ညီအစ်မနှစ်ယောက်ပြေးခဲ့ကြတယ်။ ဆရာဝန်မကပြောတယ် ခွဲရမယ်တဲ့။ ညီအစ်မနှစ်ယောက် လက်ချင်းကိုင်လိုက်မိတယ်။ ဆရာမရှေ့မှာ ဟန်မပျက်နေခဲ့ပေမယ့် ရင်ထဲမှာ တော့ နေဆယ်စင်း ကိုယ်စီ။

အပြန်မှာတော့ အိမ်ကိုတန်းမပြန်နိုင်ကြတော့ဘူး။ ကြုံလာတဲ့လောကဓံရိုက်ချက်ကို ကြံ့ကြံ့ခံဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ဘယ်သူ့ဆီက ဘယ်လိုယူရမလဲ။ အတိုးဘယ်လောက်ပေးရမလဲ တွက်နေတယ်။ ကျေအောင်ဆပ်ဖို့ ကျမတို့ဘယ်လိုနည်းလမ်းရှိမလဲ Brain storming လုပ်ကြရတယ်။ သောင်းဂဏန်းလောက်ပဲ လစဉ်ဝင်ငွေရှိပြီး အပြင်ဝင်ငွေမရှိတဲ့ အိမ်ကိုလည်းထောက်ပံ့နေရတဲ့ ၀န်ထမ်းညီအစ်မနှစ်ယောက်မှာ ဒီနည်းလမ်းကလွဲပြီးထွက်ပေါက်မရှိ။ ဆေးခန်းမှာ ကုန်ကျမယ့်ငွေက ၇ သိန်း ၈သိန်း ပတ်ဝန်းကျင်တော့ အသာလေး။ အို….လူမသေ ငွေမရှားတဲ့။

သူငယ်ချင်းတွေက ပြောကြတယ်။ အပြင်ဆေးခန်းမှာခွဲတာထက် ဗဟိုအမျိုးသမီးဆေးရုံမှာခွဲပါလားတဲ့။ ဟုတ်သားပဲ ဒီဆေးရုံက ပိုသက်သာမယ်ထင်တယ်။ ၀န်ထမ်းအချင်းချင်းဆိုတော့လေ။ တ၀က်လောက်သက်သာလဲ အသက်ရှူချောင်မယ်ဟဲ့ ဆိုပြီး မကြီးက အဲဒီမှာခွဲမယ်လို့ဆုံးဖြတ်လိုက်တယ်။

ဆေးရုံအစ။ ခွဲလူနာအတွက် အရေးပေါ်လိုအပ်ရင်တဲ့ သွေး ၂ ပုလင်းပေးရမယ်တဲ့။ သွေး ၂ ပုလင်း မပေးသေးရင်တော့ waiting list မှာ၂ ပတ်စောင့်ရပါမယ်။ အေးလေ တကယ်လိုအပ်လို့ပေါ့။ သွေး သွေးလို့ရွတ်ရင်းနဲ့လိုက်ရှာလိုက်တာ တခြားနေရက သွေး၂ ပုလင်းရလာခဲ့တယ်။ ခလုတ်တိုက်မိမတတ် ၀မ်းသာအားရ ပြေးအလာ သွေးဌာနက တခြားနေရာက သွေးလက်မခံပါဘူးတဲ့။ အဲဒါနဲ့ အရည်အချင်းပြည့်မှီ စိတ်ချရတဲ့ သူတို့ဌာနက သွေး ၂ ပုလင်းကို ပေါက်ဈေးနဲ့ဝယ်ပေးလိုက်ရပါတော့တယ်။

သွေးရပြီဆိုတော့ ခွဲမယ့်နေ့မှာ အဆင်သင့်ဖြစ်အောင်ပြင်ဆင်ကြရပြန်ရော။ ပြင်ဆင်ကြရတယ်ဆိုတာ လူနာအတွက်တင်မဟုတ်ပါဘူး အရှေ့က ဆေးရုံအတွေ့အကြုံရှိသူများက ဒါလေးတော့လုပ်ဟေ့ ဒါလေးတော့ဆောင်ထား ဆိုတာလေးတွေပေါ့။

မကြီးခွဲခန်းထဲဝင်တဲ့နေ့။ ကတိုက်ကရိုက် ရုံးကလာခဲ့ရတာ uniform တောင်မလဲခဲ့ရဘူးလေ။ လူနာရှင် လူနာရှင်ဆိုလို့ ကျမအပြေးအလွှားသွားမိတယ်။ စိတ်ကလည်းပူတယ်လေ။ တကယ်က ကျမပေးထားတဲ့ သူတို့ ဒီတံဆိပ်ပဲလက်ခံတယ်ဆိုတဲ့ super ကော်ဖီမစ်က အထုတ်သေးဖြစ်နေလို့တဲ့။ စေတနာထားမှာပေါ့ လူတွေက အများကြီး တခြားလူတွေ ဘယ်လိုပေးလဲ ကြည့်ထားမှပေါ့တဲ့။ ကျမလေ လူတွေကြားထဲမှာ ရှက်လည်းရှက်မိပါတယ်။ သူကတော့မရှက်တဲ့အပြင် နို့ဆီတို့ သကြားတို့လည်းပါမှပေါ့တဲ့။ ကဲ…………..ကျမလည်း အထဲမှာ မျက်နှာငယ်နေရမယ့် မကြီးကို ငဲ့ညှာပြီး အထုတ်ကြီးဆိုလည်း အထုတ်ကြီးလိုက်ရပါတော့တယ်။

ခွဲခန်းထဲဝင်တော့မယ်။ ခွဲခန်းပတ်ဝန်းကျင်က ညင်သာစေဖို့ လူနာသက်တောင့်သက်သာရှိစေဖို့ နည်းနည်းပါးပါးမှသည် များများစားစား အပြင်၃ ယောက် အထဲ၃ ယောက်။ ခွဲခန်းထဲမှာသုံးဖို့ လိုအပ်တဲ့ပစ္စည်း တစ်စုံစာ အပြင် လိုအပ်သမျှ ထပ်ဝယ်ရုံပေါ့။ ပြန်ထွက်လာတော့ကော အ၀င်တုန်းကပေးထားတာက အ၀င်အတွက်ပဲတဲ့ အထွက်အတွက်မပါသေးဆိုတော့။ မကြီး သက်သက်သာသာဖြစ်စေဖို့ ပေးဦးဟဲ့နောက်တစ်ခေါက်။

ခွဲပြီးတော့ ကုတင်ပေါ်မှာ စောင့်ရတဲ့ဆရာမ အစောင့်မကျတဲ့ဆရာမတွေကို လည်းအလျဉ်းသင့်သလိုပေးရုံမက ဆရာမတွေ တာဝန်ကျတဲ့ အချိန်မှာ စားဖို့ အချိုအချဉ်မှသည် လိုသည်မရှိစေရ။ ပြီးပြီးချင်းခွဲခန်းထဲကအထွက် အဓိက ဆရာဝန်မကြီး မေ့ဆေးဆရာဝန်မကြီး လက်ထောက်မှသည် အစီအရီ တန်းစီပြီး နေမဆိုင်းညမဆိုင်း ခုချက်ချင်းကန်တော့ရန်တဲ့။ ကျမလေ ဆရာမ ၀င်းဝင်းလတ်စာအုပ်ထဲက ကိုသက်နိုင်တို့ အပြင်မှာရှိမယ်ထင်ခဲ့တာ။ ရှိရင်တော့ရှိမှာပေါ့လေ သူတို့က မြေလတ်မြို့လေးမှာမဟုတ်လား။

အဆုံးသတ်စာရင်းချုပ်တော့ အပြင်ခွဲခန်းမှာခွဲရင်ကုန်ကျမယ့်ငွေထက်မပိုရင်သာ နေမယ် တပြားမှမလျော့။ ပိုက်ဆံမရှိတဲ့လူတွေရော ငုတ်တုတ်ထိုင်ပြီးသေရတော့မလား။ ကြင်နာတဲ့စောင့်ရှောက်မှုဆိုတာ ငွေကြေးနဲ့ပဲချိန်စက်ဝယ်ယူရတော့မလား။ မကြီးတော့ သူ့ဆုံးဖြတ်ချက်အတွက် နောင်တရလို့မဆုံး။ ကျမကတော့ ခေတ်ကိုပဲ အပြစ်တင်ရမလား စနစ်ကိုပဲအပြစ်တင်ရမလား ခြောက်ခမ်းသွားတဲ့ လူလူချင်းထားအပ်တဲ့မေတ္တာတရားတွေကိုပဲ အကြိမ်ကြိမ်နှမြောနေမိတော့တာ။

ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်လေးတစ်ခုကို ရေးဖွဲ့ထားပါသဖြင့် ခံစားနားလည်ပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံပါသည်။

7 comments:

ရွှေပြည်သူ (ShwePyiThu) said...

ကိုရွာသားလေးရေ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ တကယ့်အဖြစ်အပျက်တွေပါ။ အားလုံး ကျန်းမာကြပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်...

Anonymous said...

ခံစားလို့ ရတယ် အစ်ကို ဒါမျိုးတွေက အပြင်မှာ တကယ်ဖြစ်နေတာတွေပဲ ဒီ့ထက်ဆိုးတာတွေတောင် ဖြစ်ချင်ဖြစ်နေသေးတာပဲ ခေတ်ကို အပြစ်တင်ရမလားဆိုတော့ ဟုတ်တယ် ခေတ်နဲ့  သုံးစားမရတဲ့ ခေါင်းဆောင်တွေကြောင့်ပေါ့ ။

Unknown said...

မင်္ဂလာပါရွာသားလေးရေ
ကျေးဇူးအထူးတင်ပါတယ်။အရေးအသားကအရမ်းကိုကောင်းပါတယ်

Anonymous said...

လူလူချင်းစာနာတတ်တဲ့စိတ်ဓာတ်တေ
ွပျောက်သွားအောင်လုပ်တဲ့ခေတ်စနစ်ကြောင့်
လို့ပဲဆိုရတော့မယ်အစ်ကိုရေ...
ဒီလိုအဖြစ်တွေဘယ်တော့များမှဝေးရမလဲနော်.

RePublic said...

လက်တွေ့ဘ၀တွေက မှတ်ချက်ပေးမရအောင်ရှုပ်ထွေးလွန်းလှတယ် ကိုရွာသားလေးရေ ၊၊

ဇင်ယော် said...

ကိုရွာသားလေးရေ ခေတ်စနစ်ကြောင့် ပြောင်းလဲသွားတဲအရာတွေထဲမှာ အဲဒီ လူလူချင်း စာနာထောက်ထားမှုကင်းမဲ့ တဲ့ လုပ်ရပ်တွေက စိတ်ပျက်စရာ အကောင်းဆုံးဖြစ်ရပ်တွေပါဗျာ။

Unknown said...

အင်း ခေတ်ကြောင့်လား
စနစ်ကြောင့်လား
မူကြောင့်လား
လူကြောင့်လား
တကယ့်ကို စိတ်ကုန်စရာ လုပ်ရပ်တွေပဲ