21 August 2008

လာရာလမ်းကို အမောင်ပြန်ခဲ့မယ်


အမောင်ဆိုတာ လူငယ်လေးတစ်ယောက်ပါ။ သူလည်းသူများတွေလို ပုခုံးနှစ်ဖက်ကြားထဲ ခေါင်းပေါက်ပြီး တိုးတက်ချင်သူ အောင်မြင်ချင်သူပေါ့။ ပြောစမ်းပါ ဘယ်လူငယ်တွေက မတိုးတက်ချင်ဘူးလဲဆိုတာ။ အမောင်လျှောက်ဖို့ရွေးချယ်ခဲ့တဲ့ လမ်းတစ်ခုရဲ့ အစ..

သူငယ်ချင်းတွေက ပြောတယ် “ငမောင် အဲဒီမှာဘာလုပ်နေတာလဲတဲ့ သတ္တိမရှိဘူးလားတဲ့ မိန်းကလေးတွေတောင် လှုပ်ရှားအောင်မြင်နေကြပြီတဲ့ နင်မို့လို့ မျက်စိပိတ်နားပိတ်နေနိုင်တယ်တဲ့“ ။ပြောကြပါ သူငယ်ချင်းတို့ရယ် ကိုယ့်ဝမ်းနာကိုယ်သာသိပေတော့မပေါ့။ သူများတွေကိုလည်း ဒုက္ခမပေးချင် သေချင်တဲ့ကျားတောပြောင်းဆိုတာရယ် တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာရယ်က အမောင့်ကို ရွေးချယ်ရခက်စေခဲ့တယ်။

နောက်တော့ မဖြစ်မနေ အကြောင်းတစ်ခုကြောင့် အမောင် လမ်းတစ်ခုကိုရွေးလိုက်ရတယ်။ ရောဂါသည် အမေ့ကို တစ်သက်တာ ပြုစုဖို့အရေးက အမောင်အခု ရှာနိုင်တဲ့ ငွေကြေးထက် များနေခဲ့ပြီလေ။ မွေးကျေးဇူးဆပ်ဖို့အရေး အမောင် ခြေလှမ်းတွေပြင်ရပြန်တယ်။ ဟိုကချေး ဒီကချေးနဲ့ အမောင့်ရဲ့ခြေလှမ်းသစ် စနိုင်ခဲ့တယ်။

အမောင်လေ ရဲရဲကြီးလျှောက်ခဲ့မိတယ် လမ်းကြောင်းတစ်ခုပေါ်ကို။ ဒီရောက်တော့ သူငယ်ချင်းတွေက ဖေးဖေးမမ ကူညီကြပါတယ်။ အလုပ်ရှာဖို့အရေး သွားရေးလာရေးစားရေးသောက်ရေး နေရေးထိုင်ရေးတွေပေါ့။ အမောင်စတွေ့ရတာက မသိနားမလည် အမောင်တို့တွေကို လူမျိုးတူပေမယ့် ဇာတ်တူသားစားဖို့ဝင်မလေးတဲ့သူတွေပေါ့။ အလုပ်ရစေရမယ် ခုဘယ်လောက်ပေးဆိုတာတွေလေ။ မရှိမဲ့ရှိမဲ့ထဲက တချို့တ၀က်လောက် ပါသွားတယ်ဆိုရင် အမောင် နုံအလို့လို့ အပြစ်မတင်ပါနဲ့နော်။ မျက်စိသူငယ်နားသူငယ်နဲ့ ဒီအရပ်မှာ အမောင်တို့ အတွက် အစိမ်းသက်သက်လေ။

ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲပြောရမလား အမောင်အလုပ်တစ်ခုကို ကံကောင်းထောက်မစွာ ဖမ်းဆုပ်လိုက်မိတယ်။ အလုပ်က ကြမ်းကြမ်းတမ်းတမ်းလုပ်ရတဲ့အလုပ်ပေါ့။ ညည်းညူဖို့အချိန်မပေးအား အိပ်ပြန်ရောက်တဲ့အချိန်က သူများတွေ တရေးနိုးရင်ရလောက်တဲ့အချိန်။ စနေ တနင်္ဂနွေ ဆိုတာ မရှိ။ တခါတလေတော့ ရှားရှားပါးပါး တစ်ရက်တစ်လေနားရတတ်ပါတယ်။

တလကနေ နှစ်လပေါ့။ ပင်ပန်းမှုကို အမောင်ချွေးသိပ်ခဲ့တယ်။ အမောင့်ရဲ့ လမ်းစရိတ် ကုန်ကျစရိတ် တွေကို အမောင်ကာမိခါနီးပြီလေ။ မကြာခင်မှာ အမေ့ဆီကို အမောင့်ချွေးနဲစာလေးပို့ရတော့မယ်။ ကြိုးစားထားကွလို့ လက်ရုံးဆန့်ပြီးကြုံးဝါးနေမိတယ်။

အခုတော့ဗျာ။ ကံဆိုးမောင်သွားရာ မိုးလိုက်လို့ရွာဖြစ်လေသလားမသိ။ အမောင်တို့ လုပ်ငန်းက စီးပွားရေးကျလို့ နိုင်ငံခြားသားအလုပ်သမားလျော့တဲ့အထဲမှာ အမြဲတမ်းဝန်ထမ်းမဖြစ်သေးတဲ့ အမောင်တစ်ယောက် မှောက်လျက်လဲမိပါတော့တယ်။

အမောင်ဘာဆက်လုပ်ရမလဲ။ အမောင်ဘာလုပ်သင့်သလဲ။ လောကကြီးကိုပဲ အပြစ်တင်ရမှာလား။ အမောင့်ကံကိုပဲ အပြစ်ပုံချရမှာလား။ သူများတွေရဲ့ ရွှေထီးဆောင်းပုံပြင်တွေဟာ အမောင့်အတွက်တော့ ကျိန်စာအသစ်တွေဖြစ်စေခဲ့ပြီ။ အမောင့်လိုကျိန်စာတွေ ကြုံဖူးကောင်းကြုံဖူးသူတွေ ရှိနိုင်ပါလိမ့်မည်။ သို့သော် ကျဆုံခြင်းမှန်သမျှသည် အများအားကျသော အတုယူဖွယ်ကောင်းသော အောင်မြင်မှုတို့နောက်တွင် မှေးမိန်ပျောက်ပျက်သွားရစမြဲ။

နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပါသည် အမောင်လာရာလမ်းကိုပြန်တော့မည်………………

6 comments:

Taungoo said...

ကိုရွာသား
ဝတ္ထုလို့ တပ်ထားပေလို့သာပေါ့
မကျီစားသင့်ဘူးထင်တယ်

မေတ္တာဖြင့်

Anonymous said...

ဝတ္ထုထဲက အမောင့်ကို အရမ်းသနားမိတယ်ဗျာ သူကံကောင်းမှုတွေနဲ့  ရှေ့လျှောက်ကြုံနိုင်ပါစေ ။

ကိုရုပ်ဆိုး said...

လာရာလမ်းက ဖြောင့်ဖြူးမယ်ထင်လို့ ပြန်လာမှာလား???? စဉ်းစား အမောင် ... စဉ်းစား။
အမောင် တောင်မှန်း မြောက်မှန်းမသိတော့ မလုပ်နဲ့ပေါ့ .....။

ဗီလိန် said...

သြော်....ဘ၀....ဘ၀....

ရွှေပြည်သူ (ShwePyiThu) said...

လာရာလမ်းတော့ မပြန်စေချင်ဘူး... ဒါပေမယ့် အမောင့်လိုလူတွေ ဘယ်လောက်များနေပြီလဲ မသိဘူးနော်...

Unknown said...

ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်
အမောင်တို့ တွေအတွက် ခံစားပြီး ရေးဖွဲ့ ထားတာလေး က တကယ့်ကိုသနားစရာလေးပဲ (ဆက်ရေးပါ ဆရာ)