27 August 2008

ကြွေလင့်ပြီလား ပါးကွက်ကြားရယ်

ပါးကွက်ကြားလေးနဲ့ ဆံတောက်ငယ်နဲ့ တကယ်ဆို ကျနော့ ညီမအရွယ်။

သူ့ကိုစသိတာက သူ့အဖေကနေစတာ။ ကိုအုန်းလွင်ဆိုတာ သူ့အဖေ။ နေ့စားဝန်ထမ်းတွေရဲ့ ခေါင်းဆောင်။ လိုင်းထဲမှာ ထစ်ကနဲရှိ သူ့ကိုရှာရမြဲ။ ကျေးဇူးရှင်ကလည်း ပျောက်ပျောက်နေတတ်တယ်။ ပြန်လာခဲ့ရင်လည်း အခန်းထဲကိုတော့ မပျက်မကွက်လာတတ်ပါတယ်။ သို့ပေမယ့် သူ့မှာအပြစ်မရှိ ဆင်ခြေတွေက အပြည့်။ နေ့ဆင်းအတွက်အလုပ်သမားတွေမပြည့်လို့ ညဆင်းအတွက်လိုနေလို့ မိန်းမနေမကောင်းလို့ သူတို့ အလုပ်ရှင်လာလို့ စသည်ဖြင့်။ ပြောလိုက်ရင်လည်း ခေါင်းမဖော်တော့ ငြိမ့်နေတာလား တခါတည်း ငုံ့ထားလိုက်တာလားကိုမသိ။ ပြောနေရင်းစိတ်သာတိုလာရော သူကခေါင်းငုံ့ရင်း ဟုတ်ကဲ့လုပ်နေတုန်း။

သူ့အဖေက ကျနော်တို့ကို အကူအညီတောင်းတာနဲ့ အဲဒီကောင်မလေး ကို ဒီတစ်ခေါက် အမြဲတမ်းခန့်ဝန်ထမ်း အဖြစ်ရွေးတော့ ထည့်ရွေးလိုက်ကြတယ်။ ဆယ်တန်းအောင်ပြီးသားလည်းဖြစ်ပြန် သွက်သွက်လက်လက် ချက်ချက်ချာချာလည်းဖြစ်ပြန် စက်ရုံရှေ့ကရွာကလည်းဖြစ်ပြန် မိသားစုဝင်တစ်ပိုင်းလည်းဖြစ်ပြန်ဆိုတော့ ခန့်လိုက်ကြပါတယ်။

စ,စချင်းအလုပ်ဆင်းတဲ့နေ့ရက်များကတော့ ပါးကွက်ကြားနဲ့ရယ်လေ။ ၀ါဝါ ဆိုတာနဲ့ကို ပြာနေတော့တာ။ အလုပ်ကလည်းကြိုးစားတယ်ဆိုတော့ မဆိုးရှာဘူးပေါ့။ ကျနော့အတွက်ကတော့ သူ့အဖေကို စိတ်တိုရတိုင်း ၀ါဝါဆိုတာနဲ့ ဟုတ်ကဲ့ရှင့်တော့တာပါပဲ။ နင့်အဖေသွားခေါ်ဆိုပြေးခေါ်ပေးရှာတယ်။ သူ့အဖေနဲ့ လစာတွေရှင်းရတိုင်း စိတ်တိုရမြဲ။ ရုံးကလစာပေးပြီးတိုင်းသူနဲ့က အမြဲပြဿနာ။ နေ့စားတွေရဲ့စည်းကမ်းပိုင်းနဲ့ပတ်သတ်တိုင်းလည်း ပြဿနာ။ အဲဒီအခါတိုင်း ကျနော်နဲ့သူ့အဖေရဲ့ ကြားခံမီဒီယာကတော့ မ၀ါဝါပဲပေါ့။

သူ့အဖေနဲ့ သူ့အမေရန်ဖြစ်ပြီး သူ့အဖေက နယ်ကိုထွက်သွားလေရဲ့။ ၀ါဝါနင့်အဖေဘယ်သွားလဲဆို အိမ်ကဆင်းသွားတာပဲတဲ့။ နင်တို့မတားဘူးလားဆိုတော့ အမေက ပစ်ထားလိုက်လို့ပြောလို့တဲ့။ အမေနဲ့အဖေကြားဆိုတော့ သားသမီးတွေ နေရခက်နေမှာပါ။ ၁လလား ၂လလားကြာမယ်ထင်တယ်။ အိမ်ရဲ့စီးပွားရေးက သူတို့ကလေးတွေလက်ထဲမှာ မူတည်နေမှာ။ ဟိုစပ်စပ် ဒီစပ်စပ် လျှောက်သွားတတ်တဲ့ ကျနော်က ရွာထဲကိုရောက်တတ်သူမို့ သူတို့အိမ်အခြေအနေက ယိုင်နဲ့နဲ့ရယ်လေ။ အမေကလည်း ကလေးငယ်ထားတာမကြာသေး ကျန်းမာရေးကလည်း မကောင်းဘူးတဲ့။ အငယ် ဘုစုခရုကလည်း ရှိနေပြန်။
ကျနော် အလုပ်ကထွက်တော့ ကိုအုန်းလွင်တော့ ပြန်ရောက်ပါပြီ။ ဘယ်ကိုသွားပုန်းနေလဲဆိုတော့ ပြုံးစိစိနဲ့။ သမီးလုပ်တဲ့လူက အစ်ကိုတဲ့ မေမြို့ကိုသွားခေါ်ရတာတဲ့။ အဲလို..

ဝေးနေပေမယ့် သံယောဇဉ်မပျက်တော့ နာဂစ်တုန်းကလည်း မေးရသေးတယ်။ ဘယ်သူတွေ ဘာတွေဖြစ်ကုန်ပြီလဲပေါ့။ ကျနော့ မန်နေဂျာက ကျနော့ကို စာရင်းနဲ့ကိုပို့ပေးလိုက်တာ။ ကျနော့စိတ်ကိုသိတယ်ထင်ပါရဲ့။ တစ်ဌာနလုံးကုန်အောင်မေးမှာဆိုတော့ မမေးခင် ပို့ပေးလိုက်တာလေ။

နောက်တော့ ကြားရတယ် ပါးကွက်ကြားလေး အိမ်ထောင်ကျသွားပြီဆိုပဲ။ အဲဒီအရပ်က လူငယ်တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ အိမ်ထောင်ကျခြင်းလေ။ ရှေ့ဆက်ဖို့ဘာမှမရှိတော့။ အင်း ကောင်းကောင်းမွန်မွန်ဖြစ်သွားတယ်ဆိုရင် တော်ပါတယ်လို့ သတင်းပေးတဲ့ ညီလေးကို ပြောလိုက်ရတယ်။

ပြီးခဲ့တဲ့အပတ်က ရုံးကိုဖုံးဆက်တော့ လိုင်းထဲကလူတွေ လာကိုင်ရင်း စိတ်မကောင်းစရာ ပြောပြတယ်။ ၀ါဝါ ခလေးပျက်လို့ ဆေးရုံမှာ အခြေအနေမကောင်းဘူးတဲ့။ ဟာ……….ဘာလုပ်ပေးရမလဲ။ ဘာမှမလုပ်ပေးနိုင်တော့ ဘုရားမှာပဲဆုတောင်းရုံပဲပေါ့။

မနေ့ညက အီးမေးလ်တစ်စောင်ရတယ် ၀မ်းနည်းဖွယ်သတင်းတဲ့။ ကျနော်တို့ရဲ့ ပါးကွက်ကြားလေး ၂၄-၈-၂၀၀၈ တနင်္ဂနွေနေ့ မနက်ခင်းမှာ အနားယူကြွေလွင့်သွားရှာပြီတဲ့။ ထိခိုက်တဲ့နှလုံးသားနဲ့ စာပြန်လိုက်ပါတယ် သူ့ရဲ့ နောက်ဆုံးဘ၀ခရီးအတွက် အလှူပါဝင်ချင်တယ်လို့။

ပါးကွက်ကြားရယ် ညီမငယ် ကောင်းရာမွန်ရာရောက်ပါစေ…………………..

5 comments:

Anonymous said...

အစ်ကိုရေ့ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် သာမာန်လူတန်းစား လူငယ်လေးတွေအဖို့  နောက်ဆုံးပန်းတိုင်းက အိမ်ထောင်ကျခြင်းဆိုတာဟုတ်တယ်ဗျာ မသိနားမလည် ငယ်၂ရွယ်၂ နဲ့  ခလေးယူကြ နောက်ောတ့ ဒုက္ခတွေနဲ့ တွေ့ တော့တာပေါ့ သနားစ၇ာအဖြစ်လေးနဲ့  ညီမငယ်ဝါ၀ါအတွက် ထပ်တူဆုတောင်းသွားပါတယ်ခင် နောက်ဘ၀တွေ ဒီလိုအဖြစ်တွေနဲ့  ကင်းဝေးပါစေလို့  ။

ကိုရုပ်ဆိုး said...

ပါးကွက်ကြားလေးအတွက် စိတ်မကောင်းပါဘူး သူငယ်ချင်းရေ ....
အနေဝေးပေမယ့် သံယောဇဉ်လက်ကျန်တွေကို သတိတရ တမ်းတနေတဲ့ ငါ့သူငယ်ချင်းကြီးလည်း စိတ်ထောင်းကိုယ်ကြေ မဖြစ်နေနဲ့အုံး။

ရွှေပြည်သူ (ShwePyiThu) said...

“အဲဒီအရပ်က လူငယ်တွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ အိမ်ထောင်ကျခြင်းလေ။” ဆိုတာလေး ဖတ်ပြီး အများကြီး တွေးနေမိပါတယ်။ ပါးကွက်ကြားလေး ကောင်းရာသုဂတိ လားပါစေ...

Unknown said...

ဟုတ်တယ် သနားစရာ ပါးကွက်ကြားလေး သတင်းကို ကြားလိုက်မိပါရဲ့ ရွာသားလေး ရေးတဲ့ ပါးကွက်ကြားနဲ့ ဆက်စပ်မိတော့ ပိုလို့ ရင်နင့်မိပါတယ်

Unknown said...

ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်
ဟုတ်တယ် အဲလိုဘ၀ကလူတွေရဲ့ နောက်ဆုံးပန်းတိုင် က ရွာသားလေးပြောသလိုပဲ ရှေ့ ဆက်ဖို့ အခွင့်အရေး လည်း မရှိသလောက်ကိုရှားတာကိုး ကိုယ်တိုင် အလုပ်ခွင်မှာ ဒီလိုလူမျိုးတွေနဲ့  ဆုံခဲ့ဖူးတော့ ပိုပြီး သနားမိတယ်