ဝရုန်းသုန်းကား ဖြစ်ခဲ့ရတဲ့ ညလေးအဖြစ် တစ်သက်တာ အမှတ်ရစရာဖြစ်ခဲ့ဖူးတဲ့ညတစ်ည။
ဆယ်တန်းတုန်းကပါ။ အဒေါ်တွေ အမေတွေက ဆရာမတွေဆိုတော့ ကျနော်တို့အိမ်မှာ ကျောင်းသူကျောင်းသားမပျက်ခဲ့။ နယ်က မိဘတွေက ဆရာမတို့ အိမ်မှာ ပဲစိတ်ချလို့ဆိုပြီး တောသူတောင်သား အရိုးခံလေးတွေဆိုပြီး အိမ်မှာလက်ခံရင်း အဆောင်လိုဖြစ်နေတာ။ လခကလည်း ပဲလေးပေါ်ရင်ပေး နှမ်းလေးပေါ်ပေးပေါ့။
အထက်တန်းကနေ တက္ကသိုလ်အထိ ဆိုက်စုံရှိတာ။ ခုတော့သွားမကြည့်နဲ့တော့ စီးပွားရေးမကောင်းလို့ရောင်းလိုက်ပြီ။
တက္ကသိုလ်လာတက်တဲ့ အမကြီးတစ်ယောက်က တော်တော်ဟုတ်ဆိုပဲ။ ကျောင်းမှာလည်း နာမည်ကြီးတဲ့။ သူ့ရွာမှာလည်းနာမည်ကြီးတဲ့။ အသေအချာတော့မသိ။ သူတို့ကြီးတယ်ဆိုတော့ ကြီးလိုက်တာပါပဲ။ သူကစတဲ့ ဇာတ် အဲဒီညကို ရှုပ်ယှက်ခပ်သွားအောင်။
နေ့ခင်းတည်းက သူမတည်ငြိမ်ဘူး။ လှုပ်လှုပ်နဲ့။ တစ်ခုတော့တစ်ခုခု။ ဘာဖြစ်လာမှန်းလည်းမသိဘူး။ ကျနော်နဲ့တခန်းတည်းနေဖြစ်တာက သူ့မောင်ဆိုတော့ မေးကြည့်တော့လည်း မဖြေ။
ညရောက်လာတော့ ထုံးစံအတိုင်းမီးကမလာ။ ကျနော်တို့တွေ စာစုကျက်ကြတာက စားပွဲဝိုင်း၂ခုမှာပေါ့။ အဲဒီအမကြီးက စာလည်းမကျက်ဘူး။ ကျနော်တို့ စာကျက်ဝိုင်းတွေရဲ့ အနားမှာ ခုံလေးချပြီး ခြေထောက်လေးနှစ်ဖက်တင်ပြီး ကျုံ့ကျုံ့လေးထိုင်နေတယ်။ လူကြည့်တော့လည်း အူကြောင်ကြောင်ဖြစ်လို့။
ခဏနေ ဆယ်နာရီလောက်ထိုးရော လေတွေတိုက်လာတယ်။ မိုးတော့မရွာဘူး။ လမိုက်ညမို့ထင်တယ် အပြင်မှာလည်းမှောင်ပိန်းလို့။ သူက အဲဒီအချိန်မှာ စကားလေးတစ်ခွန်းစပြောတယ်။ တစ်နေ့လုံးဘာမှမေးလို့ မရ တဲ့လူက။ “တံခါး တံခါး လေးပိတ်ပေးပါတဲ့” တုန်နေတဲ့ အသံနဲ့ တောင်းဆိုနေတာမို့ အိမ်ရှေ့တံခါးရွက်နှစ်ခုကို ပိတ်ပြီး ဂျက်ပါထိုးလိုက်တယ်။ သူပြန်ငြိမ်သွားတယ်။
နောက်တော့ ကျနော်ကြက်သီးတွေ အလိုလိုထလာမိတယ်။ အင်းအေးလို့နေမှာပါဆိုပြီး ခြုံစောင်ကို လှမ်းဆွဲပြီးခြုံလိုက်တယ်။ ကျနော်တို့အရပ်က ဆောင်းတွင်းဆိုသိပ်အေးတာလေ။
အဲဒီအချိန်မှာပဲ လေပဲတိုက်လိုက်သလား ရုတ်တရက် ဂျက်ထိုးထားတဲ့ တံခါးရွက်နှစ်ဖက်က ပွင့်ထွက်သွားခဲ့တယ်။ ခုနက အမကြီး ငယ်သံပါအောင်အော်တော့တာပဲ။ “ နင်မလာနဲ့တဲ့ ငါကြောက်တယ်” ဆိုပြီး တုန်တုန်ရီရီကို ဖြစ်နေတာ။ ကျနော်တို့တွေလည်း ခေါင်းက ဆံပင်မွှေးတွေထောင်လာသလားတောင်ထင်မိတယ်။ တွန်းဖွင့်ရင်တောင် အားအတော်သုံးရမှာလေ။ ခုတော့….
ဘုရားစင်ပေါ်က ပရိတ်ရေတွေတိုက် ဘာတွေတိုက်ပေါ့။ ငိုနေတဲ့ သူ့ကို ကျနော်တို့လည်းဝိုင်းချော့ရတယ်။ ငြိမ်သက်သွားပြီဆိုတော့မှ နောက်ထပ်ရှိုက်ငိုရင်း သူစပြောတော့တာ။
ဒီနေ့ ရွာမှာရှိတဲ့ သူ့ရည်းစား ဆိုင်ကယ်မှောက်လို့ဆုံးပြီတဲ့။ အဲဒီအမကြီးအိမ်က သူနဲ့သဘောမတူလို့ အိမ်ပြန်မလာခိုင်းဘူးတဲ့။ သူထင်တာ သူ့ဆီလိုက်လာရင်း လမ်းမှာမှောက်တာဖြစ်မယ်။ အိမ်ကတော့ မပြောရဘူးတားထားတာတဲ့။ သူငယ်ချင်းတွေဆီက သိလာတာတဲ့။ အဲဒီတည်းက သူဆောက်တည်ရာမရဖြစ်နေတာ။ သူက သရဲဆိုသိပ်ကြောက်တာလေ။ ညဘက် အပြင်ထွက်ရင်အဖေါ်ပါမှ ထွက်တာ။ သူပြောပြမှ အားလုံးက အလယ်ကိုရွှေ့ရွှေ့လာကြတယ်။ ကြောက်စိတ်ကလည်း ကိုယ်စီနဲ့ပေါ့။
အဲဒါမျိုးတွေ တကယ်ရှိလားမရှိလားမသိပါ။ ယုံလားလို့မေးရင်လည်း မယုံတာက ခပ်များများ။ ကြုံလာရတဲ့ ညကျတော့လည်း ယုံရမလိုပါပဲ။ မယုံတ၀က်ယုံတ၀က်နဲ့ ဟိုလူချော့ရင်း ဒီလူသိပ်ရင်း နောက်ဆုံးတော့ အိပ်ရေးပျက်ခဲ့ရတာကိုယ်ပါ ဆိုတဲ့ညပေါ့။
5 comments:
အတွေ့အကြုံလေး ရေးထားတာက ကြောက်စရာတောင် ကောင်းတယ်။ ဟုတ်တယ်။ ဒီလိုဖြစ်တတ်ပါတယ်။
သြော် ...
သရဲဖြစ်တော့ ငါ့နားမလာနဲ့ ငါကြောက်တယ်တဲ့။
လူတုန်းကတော့ @%$#&*^ :)
ဟုတ်ပါ့ဗျာ ကိုရုပ်ဆိုးပြောသလိုပဲ အခုမှဘာကြောက်ပါပြီလဲး) ရှိတယ်ထင်တယ် ကျနော်တို့ ဘာသာရေးအယူဆနဲ့ ဆိုရင်တော့ ကြောက်စရာကြီးနော့် ။
သရဲဆိုတာ ပြိတ္တာဘုံသားတမျိုးလို့ သိရတော့ ရှိတယ်ဆိုတာ ယုံပါတယ်။ ကျွန်မလည်း သရဲကားဆိုလုံးဝမကြည့်ရဲပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်တဲ့သူရဲ့ ၀ိဥာဉ်ဆိုရင်တော့ ကြောက်မိမယ် မထင်ပါဘူး။ ဟိုအစ်ကိုကြီးအတွက် စိတ်မကောင်းဖြစ်နေမိပါတယ်။ စွဲလမ်းမှုတွေက လွတ်ကင်းပြီး ကောင်းရာမွန်ရာ ရောက်ပါစေ...
အစတုန်းကတော့ ချစ်လှချည်ရဲ့ဆို ဘာခုမှကြောက်ပါပြီလဲ (တကယ်တော့ တို့ ဆို ဘယ်လောက်ထိကြောက်လဲဆို ညအိပ်ခါနီး မှန်တောင် မကြည့်ဖူး)
Post a Comment