08 August 2008

နှစ်ညောင်းကြာရှည် မမေ့ပေ သြဂုတ်လရဲ့အိပ်မက်ရှည်

၉နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ နူးညံ့တဲ့နုလုံးသားထဲ အမြစ်တွယ်စေခဲ့ အစဉ်အမြဲခြောက်လှန့်ခဲ့သော အိပ်မက်ရှည်…….

အဲဒီနှစ်က ဟောဒီလတစ်လလုံးကို ရွက်ဆုတ်ပြက္ခဒိန်လို ဆွဲဆုတ်လို့ရရင်သိပ်ကောင်းမှာ။ ဆုံးရှုံးမှုတွေက ဘယ်လိုမှအစားထိုးမရနိုင်တော့လေ။ တတိယတန်းအောင်ပြီး စတုတ္ထတန်းနှစ်ဝက်လောက်မှာပေါ့။

အန်တီဘေဘီမွေးနေ့ စားပြီးပြန်အလာ။ ချိုင့်ထဲမှာရှိနေတဲ့ ကျနော်တို့အိမ်နံပါတ်က ၈၈။ လမ်းလျှောက်လာတဲ့ အဖေတို့မရောက်ခင် စက်ဘီးကို အပြင်းနင်းလာတော့ ကြိုရောက်နေတာနဲ့ စက်ဘီးကိုထောက်ပြီးရပ်စောင့်နေမိတယ်။ အိမ်သော့က သူတို့လက်ထဲမှာလေ။

အဖေတို့ရောက်လာတော့ အိမ်သော့ကို ဖွင့်ရင်း အဖေကရှေ့က၀င်သွားတယ်။ စက်ဘီးကိုရပ်နေတာနဲ့နောက်ကလိုက်ဝင်လာရတယ်။ ခဏနေတော့ အဖေက အမေ့ကို မီးတွေအားလုံးမှိတ်ထားတဲ့ကြားက မျက်စိကိုပါပိတ်လိုက်တယ်။ ပြီးတော့ မေကြီးစိတ်ကို ခိုင်ခိုင်ထားဆိုပြီး မီးပြန်အဖွင့် မြင်ကွင်း။ အဲဒီမြင်ကွင်းကို နောက်တခေါက်ကြည့်စရာမလိုအောင် အသည်းထဲစွဲသွားတာ။ သေတ္တာတွေ အားလုံးဟောင်းလောင်းဖြစ်နေပြီး ရှုပ်ယှက်ခပ်နေတဲ့ မြင်ကွင်းပေါ့။

သူတို့တွေ ကျနော်တို့ညီအစ်ကို နှစ်ယောက်ရဲ့ အိပ်ခန်း ပြတင်းပေါက်အပေါ် ရှပ်တာကနေ မှန်ကိုခွဲလက်နှိုက်ပြီးဝင်လာခဲ့တာ။ နမိတ်ဦးလားမသိ ကုတင်ပေါ်တင်ထားတဲ့ ကျနော့လွယ်အိတ်လေးထဲက အိမ်ပုံစံ ချွန်စက်လေးကလည်း ကျိုးကျေလို့။ အဲဒီကမှတဆင့် ရေချိုးခန်းတံခါးကိုဖွင့်ပြီး နောက်လူတွေဝင်လာကြပုံစံရှိရဲ့။ ရှိသမျှ အရာအားလုံးကို ယူငြင်သွားကြတယ်လေ။

နှလုံးရောဂါအခံရှိတဲ့ အမေ နေရာမှာ ပုံရက်သားလဲကျသွားတယ်လေ။ ကျနော်တို့ညီအစ်ကိုတတွေကို ရှင်ပြုဖို့ သူတို့ညီအစ်မတွေ ငွေစုနေတာတဲ့။ ကျနော်က ကျနော်တို့မြို့က ၀င်းခင်းတာမြင်တိုင်း ရှင်လောင်းလှည့်ချင်တယ်လို့ ပူဆာနေကြလေ။ မင်းညီမင်းသားဝတ်စုံတွေ ၀တ်ပြီးလှည့်လာတဲ့ ရှင်လောင်းလှည့်ပွဲကို ဘေးကနေ သားရေကျနေတာကြာခဲ့ပြီ။ အဲဒီနေ့ကစလို့ ရှင်လောင်းလှည့်ချင်တယ်ဆိုတဲ့ စကားကျနော့ပါးစပ်က ထွက်မလာတော့ဘူး။

အရပ်ကလူတွေက ၀ိုင်းဝန်းအကူအညီပေးကြပါတယ်။ စားစရာ ၀တ်စရာမှအစပေါ့။ သက်ဆိုင်ရာက လာရောက်စစ်ဆေးပါတယ်။ ပြီးတော့ ပြန်လိုချင်ရင် one table ပေးပါတဲ့။ ကိုယ်ကိုတိုင်တောင်သူများ အထောက်အပံ့နဲ့စားနေရတဲ့ ကျနော်တို့ ပြန်မလိုချင်တော့ပါဘူးဆိုပြီး နိဗ္ဖာန ပစ္စယောဟောတုလိုက်ရတာပါပဲ။

အဖွားကအပြေးလေးလိုက်လာတယ် ငွေထုပ်ကလေးပိုက်လို့ပေါ့။ ပြီးတော့သူ့ရဲ့ အစွဲ အိမ်တွင်းမတင်လို့ဘာမတင်လို့ဆိုပြီး သူ့စိတ်ကြိုက်တွေလုပ်နေတော့တာပါပဲ။

အဆိုးဆုံးကတော့ ကျောင်းဝတ်စုံမရှိတဲ့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်။ ကျောင်းမတက်ချင်လောက်အောင်ပါပဲ။ မေးခွန်းတွေကိုလည်း တရစပ်ဖြေနေရတယ်။ သနားတဲ့အကြည့်နဲ့ကြည့်နေကြတဲ့မျက်ဝန်းတွေကို ရင်ဆိုင်နေရတယ်။ ကျောင်းကနေခွင့်ယူထားလိုက်ကြတယ်။

မကြာပါဘူး အဲဒီည ဆယ်နာရီ ရှစ်ကားတွေသွားချိန် ကားဟွန်းသံမကြားရပဲ မီးရောင်တွေမြင်ရတယ်။ လူတွေလှုပ်လှုပ်နဲ့။ ကျနော်တို့တွေ အိမ်ရဲ့ မီးဖိုချောင်အကူးကနေ ချောင်းကြည့်နေရတယ်။ ဘာဖြစ်မှန်းမသိဘူးလေ။ အော်သံတွေလည်း ကြားနေရပေမယ့် မသဲကွဲဘူးလေ။ တနေရာနဲ့တနေရာ တောင်ကုန်းလေးတွေလို အနိမ့်အမြင့်မတူညီတော့။

အဖေကတော့ပြောတယ် နေ့လည်က ချောက်စက်ရုံက ထမိန်နဲ့ ကျောက်ပြင်ပို့လိုက်တယ်တဲ့။ ဘာမှန်း သေချာနားမလည် ခဲ့ဘူး။ စကားလုံးအသစ် အဆန်းက သပိတ်မှောက်တာဆိုလား ဘာဆိုလား။ ဘာအတွက် ဘာကြောင့်ဆိုတာလဲ မေးလို့မရ။ ခလေးဆိုတာနဲ့ပဲ လုံလောက်တဲ့ ငြင်းချက်နဲ့ မေးခွန်းတိုင်းပယ်ချခံနေရတယ်။

နောက်တော့ သပိတ်မှောက်တာ လူတွေတန်းစီနေတာပဲ။ သူတို့တွေ ဓမ္မာရုံမှာ နေရာယူလိုက်ကြတယ်တဲ့။ ပျော်စရာကောင်းမှာပဲလို့တွေးနေမိတယ်။ ကျောင်းတွေလည်းပိတ်လိုက်ကြပြီလေ။ ခလေးဆိုတော့ ကျောင်းပိတ်လိုက်တာကိုပဲ ပျော်နေမိတာ အဲဒီရဲ့အကျိုးဆက်တွေ ကိုယ့်ဘ၀တွေကို ရိုက်ခတ်မယ်လို့မတွက်တတ်သေး။

ထမင်းထုတ်တွေပေးရမယ်တဲ့။ သေသေချာချာ ကျကျနန ချက်ပေးကြတယ်။ သူတို့ ဘာအတွက်လှုပ်ရှားနေတယ်ဆိုတာ မသိပေမယ့်လေ။ ဟင်းကောင်းကောင်းထုတ်ပေးကြနဲ့ ဟင်းထုတ်ရတဲ့သူတွေကလည်း ဘာဟင်းမှန်းမသိပေမယ့် တက်ကြွလက်ကြွယူကြတယ်တဲ့လေ။ ဈေးနားကသူငယ်ချင်းတွေကတော့ သပိတ်မှောက်တဲ့ အထဲပါသလိုလို ဂျင်ပေါက်တမ်းဆော့သလို ၀င်စို့ထွက်စို့လုပ်နေကြလေရဲ့။ သူတို့တွေ ပြန်ပြန်ပြောပြတာတော့ ပြောစရာအကောင်းသား။

တည အိမ်နားက ကိုသန်းထွေး ဂစ်တာတီးတာကို ကျနော်တို့ညီအစ်ကိုသွား ဟစ်ကြတယ်။ သဘောကောင်းတဲ့ကိုသန်းထွေးက ကျနော်ဆိုလို့ရနိုင်မယ့် သီချင်းတွေ တီးပေးတယ်။ သံစဉ်မသိ စာသားမသိဆိုတော့ ဘုန်းကြီးစာအံသလိုဖြစ်ဖြစ်နေတဲ့ ကိုယ့်အသံကို ပြန်ကြားတော့ အခုချိန်မှာရယ်စရာအကောင်းသား။

နောက်နေ့ညနေ သပိတ်တပ်ကြီးချီတက်သွားကြတယ်ဆိုပဲ။ နောက်တော့ ၀ုန်းဒိုင်း ၀ုန်းဒိုင်းဆိုတဲ့ အသံတွေကြားနေရတယ်။ မလွန်တပ်ကလက်နက်ကြီးစမ်းရင်လည်း အဲဒီအသံတွေပဲဆိုတော့ အမှုမဲ့အမှတ်မဲ့နေမိတယ်။ နောက်တော့ နောက်တော့ နောက်တော့ မနေ့ညကသီချင်းတူတူဆိုခဲ့တဲ့ ကိုသန်းထွေး ဆုံးသွားတယ်တဲ့။ သူတို့တွေပစ်ကြ ခတ်ကြတယ်တဲ့ လက်ဗလာနဲ့ချီတက်တဲ့လူတွေ အတုန်းအရုန်း သေကုန်ကြတယ်တဲ့။

ကိုသန်းထွေးတို့အိမ်မှာ အလောင်းလုပွဲဖြစ်နေကြတယ်။ သပိတ်တပ်ရယ် မိသားစုဝင်တွေရယ်ပေါ့။ အင်အားများတဲ့သပိတ်တပ်က အနိုင်ရသွားခဲ့တယ်။ ကျဆုံးရဲဘော်တွေရဲ့ အလောင်းတွေကို ဘောလုံးကွင်းထဲမှာပဲ အလောင်းစင်ပြင်ထားလေရဲ့။ လေးစားရမယ်ဆိုတာထက် ကြောက်စိတ်ကသာကြီးစိုးနေခဲ့တယ်။

နောက်ရက်တွေကတော့ အိမ်အနီးအနားက လူတွေ ကျနော်တို့အိမ်မှာလာအိပ်ကြတယ်။ ကိုယ့်လုံခြုံရေးကိုယ်ယူရမယ်တဲ့။ မိသားစု ငါးစုလောက်ပေါင်းပြီးနေကြရတော့ ကျနော်တို့ခလေးတွေက စိတ်ညစ်ရမယ်လို့မထင်။ ကျနော့ရဲ့အဖေကတော့ အဲဒီအရေးအခင်းစဖြစ်တဲ့နေ့စလို့ စက်ရုံမရပ်အောင် စက်ရုံထဲမှာ ၂၄နာရီတာဝန်ယူထားတယ်။ ကျနော်တို့မိသားစုကို အဖေ့လုပ်ဖော်ကိုင်ဖက်တွေက စောင့်ရှောက်ခဲ့ကြရတယ်။ ကျေးဇူးပါ ဦးကြီးတို့ရေ။

နည်းနည်းငြိမ်သက်သွားတဲ့တနေ့မှာ ရုပ်မြင်သံကြားကစတင်ထုတ်လွှင့်ပြသတယ်။ ကျနော်တို့မမြင်ခဲ့ရသော မမြင်ခဲ့ဘူးသော အဖြစ်အပျက်တွေကိုပေါ့။ တိုင်းပြည်ရဲ့ပျက်စီးဆုံးရှုံးမှုတွေကို အနှမြောမရှိထိုင်ကြည့်နေခဲ့မိတယ်။ နောက်တစ်ခုကတော့ လှိုင်းကြီးလေထန်ဖြစ်ရပ်မှန် စကြည့်တုန်းကတော့ ကြည့်နေမိတာ နောက်တော့ အပြင်ကိုထွက်ပြီး အန်ရတဲ့အထိ အော့နှလုံးနာခဲ့ရတယ်။ နောက်ထပ်ဆိုတာမရှိချင် နောက်ထပ်ဆိုတာမကြည့်ချင်တော့။

ဝန်ထမ်းတွေ ဆန်နဲ့ဆီလာထုတ်ပါဆိုလို့သွားထုတ်ရတယ်။ ဆန်က မြေကြီးပေါ်ကကျုံးထားတဲ့ ဆန်၊ ဆီက အိုးအောက်မှာကပ်နေလို့ မည်းသည်းပြီးခါးသက်နေခဲ့တာ။ ခွန်နီကျော့ကိုမှ စားခဲ့တယ်ဆိုတဲ့လူတွေ ငိုကြတာပေါ့။ အဲဒီအချိန်မှာ ဘယ်သူတွေ ဘယ်လောက်ငတ်ပြတ်နေခဲ့မလဲနော်။

အေးအေးချမ်းချမ်း ခရီးသွားနိုင်ပြီဆိုတော့ အဖွားဆီကို ပြန်ခဲ့ကြတယ်။ ကျနော်တို့မြို့ကလေးလည်းသွေးစွန်းခဲ့တာပါပဲ။


ဘယ်သူတွေကအုပ်စိုးလို့ ဘယ်လိုအုပ်ချုပ်ခဲ့တယ် ဘာအတွက်ဆိုတာတွေ ဘာကြောင့်ဖြစ်လာရတယ် ဆိုတာတွေသိလာတဲ့ အချိန်မှာတော့ အနှစ်နှစ်ဆယ်ဆိုတဲ့ကာလကို ကျော်ခဲ့ပြီလေ။

သြဂုတ်လဆိုတာ နဲ့ ဘ၀အမှောင်တွေ ဆုံးရှုံးမှုတွေ သေဆုံးမှုတွေ အိပ်မက်ဆိုးတွေ မမေ့မပျောက်မက်နေခဲ့တာ နှစ်နှစ်ဆယ်ရှိပင်မယ့် မမေ့နိုင်သေး။ အလင်းရောင်ရယ်ပေးပါတော့………….

4 comments:

Unknown said...

ဒီလိုနေ့လေးကိုမမေ့နိုင်သေးတာလူအများစုပါပဲ။ဟုတ်တယ်အနှစ်နှစ်ဆယ်ရှိခဲ့ပြီ။မြင်ကွင်းတွေကမနေ့ကအတိုင်းပါပဲ။လူနည်းစုတစ်ခုတည်းကအနိုင်ကျင့်ခြင်းခံနေရတာ။ဒီလူနည်းစုကိုစောင့်ရှောက်နေတဲ့လူတွေကတော့ထမင်းဝနေကြတယ်လေ။ရင်းခဲ့ရတဲ့အသက်တွေကိုအားနာတယ်။နှမြောတယ်။လူသားတွေကိုစာနာပေးနိုင်တဲ့လူသားတွေအတွက်အကျိုးဖြစ်ထွန်းနိုင်မဲ့စနစ်ကလေးတစ်ခုကိုပဲအလိုရှိပါတယ်။ဒီပိုစ့်လေးဖတ်ရတဲ့အတွက်ရွာသားလေးကိုအရမ်းကျေးဇူးတင်မိပါတယ်။နှစ်နှစ်ဆယ်လုံးလုံးချွတ်ချုံကြခဲ့ရတဲ့မြန်မာပြည်သူပြည်သားအားလုံးအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းလျက်ပါ။

Anonymous said...

“သြဂုတ်လဆိုတာ နဲ့ ဘ၀အမှောင်တွေ ဆုံးရှုံးမှုတွေ သေဆုံးမှုတွေ အိပ်မက်ဆိုးတွေ မမေ့မပျောက်မက်နေခဲ့တာ နှစ်နှစ်ဆယ်ရှိပင်မယ့် မမေ့နိုင်သေး။ အလင်းရောင်ရယ်ပေးပါတော့………”

အဆုံးသတ်လေး အရမ်းကောင်းတယ် အစ်ကို ။

kay said...

သမိုင်းအမှန် တွေ ကို .ဆက်သယ် ထား ကြ ဦး ပေါ့ လေ။

Unknown said...

ငယ်ပေမယ့် မှတ်မိနေသေးတုန်းပဲ
ပိတ်လှောင်ထားတဲ့ကြားက ရုန်းထွက်ဖို့  ကြိုးစားခဲ့ပေမယ့် ပိုဆိုးတဲ့အကျဉ်းထဲကျသွားမှာကိုတော့
အဲဒီတုန်းက ဘယ်သူမှမသိနိုင်ခဲ့တာပဲနော်
မနက်ဖြန်ဆိုရင် သမိုင်းဝင်နေ့ ကို တကျော့ပြန်ရောက်ပြီပဲ
(စကားမစပ် ၇၉ ဘွန်းနော့)