တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ် အထပ်ထပ်အခါအခါ ကြုံတိုင်းကြုံတိုင်း အသစ်လို ဖြစ်လျက်ပြန်လည် မှားယွင်းနေဆဲ။
စကတည်းကပြောပြီးပါပကော ကျနော်က ရွာသားလေးပါလို့။ ကျနော်တို့ရွာမှာ အဲလိုမျိုးလုံးဝမှမရှိ။ ရွာမှာဆယ်တန်းသာအောင်ခဲ့ရော လူကူးမျဉ်းကျားဆိုတာမရှိ။ နောက်တော့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကိုတဲ့ယောင်လည်လည်ဆိုတဲ့ သီချင်းအတိုင်း သူများအကူအညီနဲ့ ရန်ကုန်မြေကို ခြေချခဲ့ရတယ်။ ရောက်စကတော့ ဒီရွာသားလမ်းမကူးတတ်ဘူးဆိုပြီး နေတဲ့အိမ်က ရီတာပေါ့။ ၀ှီးကနဲဖြတ်ဖြတ်သွားတဲ့ ကားတွေကြားမှာ ဘယ်လိုလုပ်ကူးတတ်ပါ့မလဲ။ နောက်တော့လည်း တဖြည်းဖြည်း အေးဆေးဖြစ်သွားတာပါပဲ။ လမ်းအလည်က ကူးမလား ၊ မျဉ်းကျားက ကူးမလား အိုရတယ် မီးပွိုင့် က အမြဲမီးပျက်နေတော့ အသက်ကို ဖက်နဲ့ထုပ် အရှက်ကို မျက်နှာပေါ်တင် မတော်ရင် ကားသမားတွေက ဆဲသွားတတ်သေးတာလေ။ သတိဆိုတဲ့နေအိမ်ကို လမ်းမမှာတည်ပြီး ကူးသွားတတ်လာပါတယ်။ ဒါပေမယ့် ကျနော်မြင်ဖူးတဲ့လူကူးမျဉ်းကျားတွေက တချို့လည်းပျက်လို့ တချို့လည်းနေရာရွှေ့တယ်ပြောတာပါပဲ။ ကျနော်တို့လူမျိုးတွေ တော်တာကတော့ ပြောမနေနဲ့ မျဉ်းကျားရွှေ့တာပဲလား မျဉ်းတွေပဲပျက်နေတာလား ဘာအမှတ်အသားမှမရှိတဲ့ လမ်းပေါ်ကို မျဉ်းကျားရှိသယောင်ယောင်နဲ့ ကူးတတ်တယ်ဗျ။ အရင်တုန်းက ဒီနားမှာပါဆိုတာက လာသေးသဗျ။ သူများပြောတာမဟုတ်ပါဘူး ကျနော်ကိုယ်တိုင်က အဲလို။
ဒီရောက်တော့ဗျာ မျဉ်းကျားက နှစ်မျိုးဗျာ။ တချို့က အစင်းအစင်း တစ်ချို့ က ဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်စည်းပဲ ပစ်ထားတယ်။ အမ်ဘယ်လိုမျိုးပါလိမ့်ပေါ့။ သူငယ်ချင်းက ရှင်းပြတာက မျဉ်းဖြူကြားဆိုရင် ဘာမှဂရုစိုက်စရာမလို ဘူးတဲ့။ မျက်စိမှိတ်တောင်ကူးလို့ရသတဲ့။ မျဉ်းနှစ်ဘက်ပိတ်ထားတာကတော့ လူကူးမီးစိမ်းမှကူးတဲ့။ ခလုပ်လေးလဲနှိပ်ရတယ်ဆိုပဲ။ ပြီးတော့ မီးစိမ်းရင်လည်း အသံထွက်ပေးသေးတာဗျ။ ကျနော့အသိတစ်ယောက်ကပြောတာကတော့ အဲဒါပြေးပြေးပြေးလို့ အော်တာတဲ့။ ဟုတ်မှာ အားလုံးကလည်း ပြေးနေကြတာကိုး။ အင်းဆင်မယဉ်သာလျှောက်နေလို့ကတော့ လမ်းတ၀က်မှာပဲ ကိစ္စချောမလား အသိဖြူဖြူကြီးတွေနဲ့ပဲ မိတ်ဆက်ရမလား။
ဖြစ်တာကဒီလိုဗျ။ အရမ်းကို သတိကောင်းသလားမသိပါဘူး။ မျဉ်းကျားဆိုတာနဲ့ လူက သတိအနေအထားနဲ့စရပ်မိတယ်။ ပြီးတော့မှ ဘယ်ကြည့်ညာကြည့် နောက်ကြည့်ပေါ့။ ရှင်းပြီဆိုမှကူးတတ်တာ။ ကားလာတာမြင်လို့ကတော့ ကူးလက်စခြေထောက်ကို နောက်ပြန်ရုပ် ပလက်ဖောင်းပေါ်အတင်းပြန်တက်။ အမေပေးထားတဲ့ အသက်လည်း ရှည်ချင်သေးတာကိုး။ အဲလိုမျိုး အလေ့အကျင့်အကောင်းတွေရှိခဲ့တာ။ အသက်ကို ဥာဏ်စောင့်ပေါ့ဗျာ။
ခုတော့ ကျနော်နဲ့နေ့စဉ် ပြဿနာဖြစ်နေတာက အစင်းအစင်းကောင်။ ဒီကောင်နဲ့က ဘယ်လိုမှမအပ်စပ်။ စဉ်းစားကြည့်ဗျာ။ ကားတွေကလည်း သွားချင်ရင်သွားနေနိုင်တယ်။ လူတွေမြင်ရင်တော့ စည်းနားမရောက်ခင် ရပ်တော့ရပ်ရှာကြသား။ ဒီကရွာသားက ခက်တာက အရင်အတိုင်းပဲ ကားမြင်တာနဲ့ ဘရိတ်ကိုပြေးအုပ်တော့တာ။ တုန့်ကနဲ တုန့်ကနဲနေအောင်။ ကားကလည်းရပ်ပေးရဲ့သားနဲ့လေ။ ကားသမားကလည်းသွားမလားဆိုပြီး စောင့်နေ။ ကျနော်ကလည်း ကျနော့အလေ့အကျင့်အတိုင်း စည်းနားမှာကားရပ်နေရင် မသွားတတ်။ သူစောင့်ကိုယ်စောင့်ပေါ့။ နောက်တော့ မှားမှန်းသိတဲ့ ကျနော်က စပ်ဖြဲဖြဲရုပ်နဲ့ ကားသမားကို ရီပြရင်းကူးရတော့တာပါပဲ။
တနေ့လည်းမဟုတ် နေ့စဉ်ဆိုတော့ အံမ၀င်တာများလား လွဲပဲလွဲချော်နေသလားလို့ပေါ့။ အဆုံးသတ်စဉ်းစားမိတာကတော့ တကယ်လို့ အံဝင်သွားခဲ့ပြီးတော့မှ ရန်ကုန်ပြန်ရောက်သွားခဲ့ရင် အဲလိုမျိုးအကျင့်ပါပြီး ကားကစောင့်မှာပါလေဆိုပြီး စိတ်ချလက်ချ ကူးလိုက်မိရင်တော့ အနိစ္စသဘောနဲ့ကိစ္စချောမှာ သေချာပေါက်ဆိုတော့ အံမ၀င်အောင်ပဲ နေလိုက်ပါတော့မယ်လေ ဆိုပြီး။ တခါတလေ အံမ၀င်တာက ခပ်ကောင်းကောင်း။
7 comments:
ဟုတ်တယ်အစ်ကိုရေ..ဟိ ဟိ..
ဘယ်လိုမှ အံမဝင်ဘူး .. :P
ဝေလေးလည်းတူတူပဲ.. ခွိ ခွိ
ဟားဟား အဲဒါ အခုထိ ယောင်ပြီးရပ်ပေးမိနေတုန်း ။ ရန်ကုန်မှာတော့ ကားများကားနိုင် လူများလူနိုင် လုကူးတာပဲ :P
ရပ်သာ ရပ်နေ ရွာသားရေ....
ကားပွတ်တာ လူပွတ်တာလောက် မကောင်းဘူးတဲ့ ဒီက ကားဆရာတွေရဲ့ လက်သုံးစကားလေ :)
ဟီးး..အဲ့တာ အစွဲလို့ ခေါ်တယ် ပယောဂ၀င်နေတာ အပေါ်လမ်းဆရာဆီသွားပြီး ယတြာလေးတောင်းလိုက်း) အစ်ကိုလည်း လွဲတာပဲ သတိလည်းထားအုံးး အမြဲဆိုရင်တော့ ဘယ်ကောင်းမလဲနော် ကိစ္စတော့ မလျှောလိုက်ပါနဲ့ အုံးဗျာ ငိုမယ့်သူတွေအများကြီးး :P
နောက်တစ်မျိုးရှိသေးတယ်ဗျ။
ဘယ်မောင်းလမ်းလေ။
ရန်ကုန်မှာတုန်းကလမ်းကူးရင်ညာဘက်ကကားအရင်လာရင်သေချာတယ် တစ်လမ်းမောင်းလမ်းမကြီးပဲ။(မဟာဗန္ဒုလလမ်း၊အနော်ရထာလမ်း၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ကုန်သည်လမ်း)ပေါ့လေ။
ဒီမှာကဘယ်လမ်းကူးကူးညာကစကြည့်ရတာဆိုတော့ လမ်းလယ်ရောက်မှသတိလစ်ပြီးညာဆက်ကြည့်လို့ တိုက်မိမလိုဖြစ်တာလည်း အံမ၀င်ခြင်းလား၊ မှားယွင်းခြင်းလား ဟင်?
ဟုတ်တယ် တခါတလေ အံမ၀င်တာက ပိုအဆင်ပြေနေသလိုပဲ တို့ တို ခုထိ အဖြူမျဉ်းကို ရပ်ပေးနေတုန်းပဲ ကားဆရာက လက်ပြမှပဲ သွားတော့တာပဲ (စိတ်ကိုက အလိုလို ကားမြင်ရင် လူကလိုက်ပြီး တုန့် ကနဲရပ်သွားရော) တကယ်တမ်းက အံမ၀င်တဲ့နေရာကနေ ရလာတဲ့ အံဝင်သွားတဲ့ အကျင့်စွဲလေးပေါ့
Post a Comment