20 August 2008

ကျနော် ကော်ဖီဘာကြောင့်သောက်ဖြစ်သလဲ


ကော်ဖီ ကော်ဖီ တစ်နေ့ နှစ်ခွက်သောက်ကိုသောက်ရမယ်။ မသောက်ခဲ့ရင်ကော….. အဲဒီနေ့မှာ ရင်ဘတ်ထဲမှာ ဟာတာတာ။ မလေးရေ ကော်ဖီတွေနေ့တိုင်းသောက်ပါတယ်ကွာ။

မလေးနဲ့ဆုံခဲ့တာက ကော်ဖီဆိုင်မှာဆိုရင် ဒီဇာတ်လမ်းက ပုံမှန်။ ကျနော်တို့တွေက သာမန်ဆိုမှတော့ ပုံမှန်ပဲပေါ့။ ကျနော့ရဲ့ထူးဆန်းတဲ့ အကျင့်က ကော်ဖီကို အရသာတွင်မကပဲ ကော်ဖီဆိုင်ရဲ့ အပြင်အဆင် စိတ်ကူး ဆိုင်မှာဖွင့်တတ်တဲ့ သီချင်းစသည်ဖြင့် ခံစားရွေးချယ်တတ်သည်လေ။ အဲဒီတော့ တမြို့လုံးကကော်ဖီဆိုင်တွေမှာ အနည်းဆုံးတစ်ခေါက်လောက်တော့ ရောက်ဖူးတတ်ပါသည်။

ဆုံဖြစ်ခဲ့တဲ့နေ့က တနင်္ဂနွေနေ့။ ဘုရားကျောင်းကအပြန် မိုးကရွာလာတယ်။ တွယ်စီးလာတဲ့ကားကနေ နီးစပ်ရာမှတ်တိုင်တစ်ခုမှာ ခုန်ဆင်းပြီး မိုးခိုဖို့ ဘေးဘီကိုလိုက်ကြည့်နေမိတယ်။ ရုတ်တရက်တွေ့လိုက်မိတာက အမိုးစိမ်းစိမ်းလေးတွေ အောက်မှာ သစ်သားခေါက်ကုလားထိုင်လေးတွေ။ အား…….သိပ်ကို ဆွဲဆောင်မှုရှိပါလား။ အနားကို လျှောက်ကြည့်မိတော့ အိုး……မှန်ချပ်တွေနောက်မှာ မလေးရယ်လို့ မပီပြင်သေးတဲ့ ရုပ်ထုလေးက ငြိမ်သက်နေခဲ့တယ်။ မလေးကို ကိုယ်အစက အ၀တ်ဝတ်ထားတဲ့ ဒမ်မီရုပ်ကလေးမှတ်နေမိတာ။ ဆံပင်ရှည်တွေကို နောက်ကနေ ကြိုးလေးတစ်ခုနဲ့ ချည်ထားပြီး မျက်နှာလေးနောက်မှာ အိုက်အိုက်လေးဖြစ်နေတာလေ။ ဖတ်နေတဲ့စာရွက်လေးကို ဗျတ်ခနဲလှန်လိုက်တော့မှ အရုပ်မဟုတ်ပါလားဆိုပြီး အသက်ကိုပြင်းပြင်းရှူမိတယ်။

အဝေးကကြည့်ရုံနဲ့အားမရတော့ ဆိုင်ထဲကို ခြေလှမ်းပြင်မိတယ်။ ရင်သပ်ရှုမောသွားရတယ် တီးလုံးလေးတွေ ပေါ့။ ကျနော်ရူးသွပ်ပါတဲ့ Instrumental song လေးတွေ အဆိုမပါတီးလုံးသက်သက်တွေ။ တဖြည်းတဖြည်းသဘောကျလာတာက နံရံတွေ ထိုင်ခုံတွေ။ စားပွဲလေးတွေအလည်မှာ မှန်တွေလေ။ မှန်တွေရဲ့အောက်မှာ သဲတွေခင်းထားပြီး ခရုခွံလေးတွေ နဲ့ခင်းကျင်းထားလေရဲ့။ ကဗျာဆန်ဆန်တာကတော့ စိမ်းပြာရောင် မီးအုပ်ဆောင်းလေးတွေ အောက်က အခင်းအကျင်းတွေအားလုံး။ မလေးဆိုတဲ့သက်ရှိရုပ်ထုလေးပါအပါအ၀င်။

အရုပ်ကလေးလှုပ်လာခဲ့တယ်။ Menuစာအုပ်လေးကို ကျနော့ရှေ့မှာ ချပြီး ခဏပြန်ထွက်သွားတယ်။ စာဖတ်ချိန်ပေးလိုက်တာပေါ့။ တခြားဆိုင်တွေလို ဘေးနားမှာ ရပ်နေတာ ဘာမှာမလဲ ဘာမှမလဲ တရပ်စပ်မေးနေတာမျိုးမဟုတ်။ ၅မိနစ်လောက်ကြာတော့ ခပ်ယဉ်ယဉ်လေးလျှောက်လာတယ်။ ကျနော်လည်း ကော်ဖီအပူတစ်ခွက်မှာလိုက်ရင်း မသိမသာလေး လိုက်ကြည့်နေမိတယ်။ အင်း ကော်ဖီဆိုရင် တစိမ့်စိမ့် အရသာခံသောက်တတ်တဲ့ကျနော့အတွက် အရသာက တကယ်ကို ဆွဲမက်ဖွယ်။ တီးလုံးလေးရယ် အပြင်အဆင်ရယ် ပြီးတော့ မလေးရယ်ပေါ့…

နောက်ရက်တွေ အဆင်ပြေတဲ့နေ့တွေမှာ အဲဒီကော်ဖီဆိုင်လေးကို ရောက်မိနေတတ်တာပေါ့။ ကြာကြာထိုင်ဖြစ်တတ်တာမို့ စာဖတ်ဝါသနာပါတဲ့ ကျနော် ဖတ်လက်စ စာအုပ်လေးတွေကို အဲဒီမှာ ကော်ဖီနဲ့ မျှောချတတ်တယ်လေ။ မထင်ပါပဲ ၀ါသနာကြောင့် မလေး ဆီက ပန်းပွင့်လေးတွေကြွေကျလာတယ်။ ယူက မြသန်းတင့်ဖတ်တယ်လားတဲ့။ တို့လည်းကြိုက်တယ်တဲ့။ ဆရာက လေးစားဖို့ကောင်းတယ်နော်တဲ့။ ဂျာနယ်ကျော်မမလေးလဲ တို့ကြိုက်တယ်တဲ့။ နည်းနည်းရင်းနှီးလာတော့ ဖတ်ထားတဲ့စာတွေ ဆွေးနွေးဖြစ်ကြတယ်။ မော်ကလေ အဲဒီဇာတ်ထဲမှာသိပ်သနားဖို့ကောင်းတာပဲနော်၊ ဝေကဘာလို့ ငြိမ်ခံနေတာလဲ မသိဘူး ဒီလူကြီးကလည်း သိပ်ချုပ်ချယ်တာပဲ၊ ဦးချစ်မောင် လိုလူမျိုးရှာလို့တွေ့ပါတော့မလားဆိုတာမျိုးတွေနဲ့။

နောက်တော့ နောက်တော့ စာအုပ်တွေ ငှားဖြစ်ကြတယ်။ ကြိုးတွေ တစ်ပတ်ပြီးတစ်ပတ်ရစ်ခဲ့ကြတယ်။ ကျနော်က မလေးမျက်နှာပေါ်က ဆံခြည်မျှင်သွေးကြောတွေကို ရေတွက်ခဲ့မိသလို ကျနော့ ရဲ့ဆံပင်ဖြူတွေကိုလည်း မလေးက ရေတွက်ခဲ့တယ်လေ။ ကျနော့အတွက် မလေးဟာ ကော်ဖီဖြစ်ခဲ့သလို ကော်ဖီဟာလည်းမလေးဖြစ်ခဲ့တယ်။

ဒါပေမယ့် မလေးရယ် ဇာတ်တစ်ကွက်လို စာရေးဆရာတွေကို ရေးခိုင်းပြီး ကိုယ်သိမ်းချင်သလို ပြီးပါပြီလို့ စာတမ်းထိုးလို့ရတာမဟုတ်ဘူးလေ။ မလေးလည်းသိပါတယ်။လူငယ်တစ်ယောက်ရဲ့ဘ၀အိပ်မက်ဆိုတာကို မမက်ပါနဲ့လို့မလေးက မတားခဲ့သလို မလေးကလည်း အိပ်မက်ထဲကို မ၀င်လာခဲ့။ အင်း မလေးမှာလည်း မလေးအကြောင်းနဲ့ကိုး။ သိပ်ချစ်ဖို့ကောင်းတဲ့မလေးက သူချစ်တဲ့မြေက ကလေးတွေကို ကိုယ်ထူကိုယ်ထ စာသင်ပေးသတဲ့။ နောက်တော့ တခြားအဖွဲ့အစည်းတစ်ခုကနေ မလေးတို့ကို အကူအညီပေးခဲ့တယ်။ ကိုယ်ထူကိုယ်ထဖြစ်တာမို့ မလေးတစ်ယောက် ဂျင်ဂျင်လည်အောင် အလုပ်တွေလုပ်ခဲ့ရတယ်။ မလေးကို ကူညီတတ်တဲ့ ကျနော်ကလည်း မလေးခေါ်ရင် အဆင်သင့်ဖြစ်နေခဲ့တယ်။ ချစ်စရာကောင်းတဲ့ ကလေးတွေရဲ့ အနာဂါတ်အတွက် မလေးတစ်ယောက် ဆေးစပ်လို့ ဆွဲနေတုန်းမှာ…ကျနောစီစဉ်ထားတဲ့ အိပ်မက်က အကောင်အထည်ပေါ်ခဲ့တယ်လေ။ မလေးရယ် အိပ်မက်ရယ် ကော်ဖီရယ်။

မငိုခဲ့မိဘူးထင်တယ်။ မလေးကလည်း အချိန်တန်ရင် ပြန်လာခဲ့တဲ့ မလေးကော်ဖီတစ်ခွက်နဲ့စောင့်နေမယ်တဲ့။

မလေးရယ် ကော်ဖီတွေအေးကုန်ပါ့မယ်……………

7 comments:

Anonymous said...

မြန်မြန်ပြေးလေ ကော်ဖီတွေ အေးကုန်တော့မှာပဲ လဲကျရင်မထနဲ့  ဟီးး စတာ အစ်ကိုရေ့ တကယ်ကောင်းတဲ့ အချစ်ပို့ စ်လေးတစ်ပုဒ်ပဲ ကိုယ်တွေ့ လေးဆိုတော့ဖတ်ရတာ ပိုအရသာရှိတယ် မလေးနဲ့  အမြန်ဆုံနိုင်ပါစေ ။

ဝေလေး said...

အစ်ကိုရေ..
မလေးနဲ့မြန်မြန်ဆုံနိုင်ပါစေနော်..

Anonymous said...

အရမ်းဖတ်လို့ကောင်းပါတယ်။ ဒါကိုယ်တွေ့ပေါ့နော်။ကော်ဖီသရဲချင်း တူလို့ ကောင်းတဲ့ဆိုင် ဆိုလက်တို့အုန်းနော် :)


MayMoe

RePublic said...

ကိုရွှာသားလေး ရေ .. ဒီတစ်ခါ ...
နိုက်ကီ ဗျာ နိုက်ကီ .. တိတယ်ဟုတ် ၊၊ JUST DO IT !

ကိုရုပ်ဆိုး said...

သြော် ... ငါတို့နဲ့ အတူထိုင်တဲ့ “ရွှေ”က လဖေ့ရည်ကို မေ့ပြီပေါ့ ... ကောင်းကွာ။
ဆိုင်နာမည်ပြောပြ၊ ကာဖီ မအေး ခင် ငါ, သွားသောက်ပေးမယ် :D

ရွှေပြည်သူ (ShwePyiThu) said...

ိကိုယ်တွေ့ဆိုရင်လည်း ကိုယ်တွေ့ပေါ့နော်း)) ကိုယ်တွေ့မဟုတ်ရင်လည်း ထင်မိတဲ့လူတွေ အပြစ်မဟုတ်ပါဘူးဗျို့။ ရေးထားတာက အရမ်းကောင်းတာနေကိုး။ “မလေး ဆီက ပန်းပွင့်လေးတွေကြွေကျလာတယ်” ဆိုတာလေး အရမ်းသဘောကျမိပါတယ်။ ဒီတစ်ခါတော့ ဇာတ်လမ်းထဲ မျောသွားတာနဲ့ ချောင်းတောင် မဆိုးနိုင်တော့ပါဘူး (ဆေးကြိုသောက်ထားတာလည်း ပါတာပေါ့း)))

Unknown said...

ကိုယ်တွေ့ လေးကို ရေးထားသလိုပါပဲနော်
ခံစားပြီးရေးထားတာလေးက
မလေးရယ် ကော်ဖီတွေ အေးကုန်ပါ့မယ်---- တဲ့လား
ကော်ဖီတကယ်ကြိုက်ခဲ့ရင် အေးနေတဲ့ကော်ဖီလေးက တကယ့်ကို သောက်လို့ ကောင်းတာပါနော် (စကားမစပ် တို့ လည်း ကော်ဖီမသောက်တော့ဘူး ဘာလို့ လဲလို့ မမေးနဲ့ နော့) ရတနာဦးဆိုထားတဲ့ ကော်ဖီသောက်တိုင်း မင်းကိုလွမ်းတယ်ဆိုတဲ့ သီချင်းလေးကိုတောင် သတိယသွားပြီ