ရှပ်အင်္ကျီလေးတစ်ထည် ပါ။ ဒါပေမယ့် ကျနော့ရဲ့ သမိုင်းမှာသူလည်း မှတ်တိုင်တစ်ခုလို။ ခုတော့ သူမရှိတော့။ သူမရှိမှတော့ သူနဲ့ပတ်သတ်တဲ့အကြောင်းတွေလည်း မရှိလေတော့။ သြော်မရှိလေတော့……
ဆယ်တန်းအောင်စ။ ငယ်ရွယ်တုန်း အချစ်ဆိုတဲ့ သင်ခန်းစာ စဖို့ရင်ခုန်သံတွေကို လေ့ကျင့်သင်ကြားတုန်း။ အဲဒီအချိန်မှာ မိန်းကလေးတစ်ယောက်နဲ့ဆုံခဲ့တယ် ဆို သမရိုးကျ ဆန်နေမလား။ ကျနော်တို့ ချစ်ခဲ့ကြတယ်။ ချစ်သူတို့ရဲ့ထုံးစံတွေအတိုင်း လက်တွဲပြီးလျှောက်ခဲ့ဖူးတယ်ပေါ့။ နှစ်ယောက်အတူထိုင်ခဲ့ဖူးတယ်။ ခပ်တုံးတုံး ဒီကောင်က မနမ်းတတ်ခဲ့ဘူးလေ။ အနမ်းဆိုတာ ရဲ့နောက်က ရင်ခုန်စရာတွေကို လည်း မသိခဲ့။ ဘယ်တုန်းကမှ မသိခဲ့။
ညနေတိုင်း ကျနော်သူ့ကို ကျူရှင်က ကြိုပြီးပြန်အလာ။ သွားကြိုတိုင်း ကျနော်နင်းတဲ့ စက်ဘီးနောက်က သူ့ကိုတင်နင်းမြဲ။ ကိုထီးရဲ့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးဆိုတဲ့ သီချင်းကို ဆိုရင်း ကုန်းတက်တွေကိုနင်းတိုင်း သူကဟားတိုက်ရယ်မောရင်းက ဆင်းပြီးတွန်းပေးမြဲပေါ့။
နယ်အဝေးကို ကျောင်းသွားတက်ရမယ်ဆိုတော့ ကျနော်တို့တွေ နှုတ်ဆက်စကားတွေကို ပြောဖြစ်ကြတယ်။ သူရောကျနောရော လွမ်းမျက်ရည်တွေကျခဲ့ကြတယ်။ သူက ကျနော့ ကျောကို ဖက်ပြီး ရှိုက်ကြီးတငင်ငိုကျွေးခဲ့တယ်။ သူ့ပါးက သနပ်ခါးတွေရယ် မျက်ရည်တွေရယ် ရွှဲရွှဲစိုခဲ့တဲ့ ကျောပြင်မှာ။ ကိုယ်ကိုတိုင်လည်းတချက်တချက်သိမ့်သိမ့်ခါအောင်ရှိုက်နေမိတယ်။ အဲဒီညက တညလုံးမအိပ်ပဲ ကျနော်ဆိုနေမိတဲ့သီချင်းက ဝေးနေတဲ့အချိန်ဆိုတဲ့သီချင်းလေးပေါ့။
အဲဒီနေ့က ၀တ်ခဲ့တဲ့ ရှပ်အင်္ကျီလေးကို မလျော်ပဲသိမ်းထားခဲ့တယ်။ ကျောင်းတက်တော့ ပါအောင်သယ်ပြီး အလွမ်းပြေထုတ်နမ်းခဲ့ရတယ်။ ပါးကသနပ်ခါးနံ့တွေ စွဲနေတုန်းလေ။ တခြား ရှပ်တွေ ဟောင်းနွမ်းလို့ပေးပစ်ခဲ့ပေမယ့် အဲဒီအင်္ကျီလေးကတော့ ကျနော့ဆီမှာအမြဲရှိခဲ့တယ်။ ဘာကြောင့်လဲလို့မမေးပါနဲ့။
တလောက အိမ်ကိုဖုံးဆက်တော့ အမေက သားရယ်တဲ့ သားသေတ္တာတွေရှင်းလိုက်တယ်တဲ့။ မ၀တ်တာကြာနေတဲ့ အ၀တ်တွေဆွေးမယ့်အတူတူ လှူလိုက်တယ်တဲ့။ တခြားအ၀တ်တွေအတွက် မနှမြောပေမယ့် ကျနော့ရဲ့ သိမ်းထားတဲ့ ရှပ်လေး ပါသွားပြီ။
သနပ်ခါးနံ့ပိုင်ရှင်တောင် ကျနော့အနားမှာ မရှိနေနိုင်တော့တာ။ အဲဒီအင်္ကျီမရှိတော့ကော ဘာဆန်းသလဲ။ ကျနော့အတွက် သမုဒယကြိုးတွေ ပိုပတ်မနေနိုင်တော့။ ကိစ္စပြီးရောပေါ့နော်။
ပြောမယ့်သာပြောနေတာ သနပ်ခါးနံ့တွေ ကခုတောင် ရလာသလိုလိုနဲ့…………………..
Soon to be moving new home
-
အရွယ်ပြောင်းလို့ အတွေးပြောင်းပါပြီ
ဒီစာမျက်နှာကနေ နုတ်ဆက်ပါတော့မယ်
ဘလော့တခုလုံးကို သိမ်းပြီးတဲ့အခါ ဒီစာမျက်နှာလေး သော့ခတ်ပါတော့မယ်နော်/
ကိုယ်စိတ်နှစ်ဖြာ ကျန်...
4 years ago
6 comments:
အဟွတ် အဟွတ် (ဆောရီး သနပ်ခါးနံ့မွှန်ပြီး ချောင်းဆိုးသွားတာပါ...း))) စာအရေးအသားကတော့ ကောင်းပြီးရင် ကောင်းရင်းပါပဲ ကိုရွာသားလေးရေ။ ဟုတ်ပါတယ်... ဘာဆိုဘာမှ မမြဲတဲ့ လောကကြီးမှာ တခါတခါ ဘာမဟုတ်တာလေးတွေကိုလည်း စွဲလမ်းနေတတ်တာကိုက လူ့သဘာဝဆိုတော့...
ဘာကြောင့်လည်းလို့မမေးပါဘူးလေ...
စွဲလန်းတတ်တာကိုကလူ့သဘာဝပဲတဲ့..
မမရွှေပြည်သူပြောသွားတာဟုတ်တယ်..
သံယောဇဉ်မနှောင်ဖွဲ့တော့ဘူးလို့ပဲတွေးပြီးစိတ်ဖြေပေါ့..
ကြိုးတွေ..ကြိုးတွေ..ကြောက်စရာကောင်းတဲ့ ဒီသံယောဇဉ်ကြိုးတွေ... ကိုရွာသားလေးရေ ၊၊
အော်အော်...အခုမှ တကယ့် ရင်တွင်းဖြစ် စစ်စစ်တွေပေါ့လေ ကောင်းပါ့ သနပ်းခါးနံ့ လေးတွေ သင်းနေတဲ့ ပါးကလေးကို မနမ်းခဲ့ဘူးလားဗျ :)
မောင်မျိုးရေ ... အဲဒီလို ဒဲ့ဒိုးကြီးမမေးနဲ့ကွယ်။ ရွာသားကရှက်မှာပေါ့။
ရွာသားက နှုတ်ခမ်းနီနံ့ကို ပိုစွဲလမ်းတာဗျ။ မယုံမေးကြည့်ပါလား။
အစွဲအလန်းကြီးတယ်လို့  ထပ်မပြောတော့ပါဘူးနော် သနပ်ခါးနံ့ လေးတဲ့လား
အင်း တို့ တောင်လွမ်းသွားတယ်
သနပ်ခါးနဲ့ ဝေးနေလို့ 
(၀တ္ထုတိုဆိုပေမယ့် တကယ့်ဖြစ်ခဲ့တာလေးကိုများ အခြေခံလေသလားးးးးးး အတွေးတွေပွားလို့ သွားတယ်)
Post a Comment