ထူးထူးဆန်းဆန်း တခါမှမကြားဖူးတဲ့ အစီအစဉ်။ စက်ရုံမိသားစု ထုပ်ဆီးတိုးပွဲဆိုပါလား။ ရပ်ကွက်အလိုက် ပါဝင်ဆင်နွှဲရန်တဲ့ အမှတ် ၁ နှင့် အမှတ် ၂ ကို ပူးပေါင်းပါဝင်ရန်တဲ့။ စက်ရုံဝန်ထမ်းမိသားစု အားလုံး အုံးအုံးကြွက်ကြွက်။
ကျနော်က အမှတ် ၂ ရပ်ကွက်ကပါ။ နဂိုတည်းက အားကစားနဲ့ပါတ်သတ်ခဲ့ဖူးတဲ့ အမေက အော်တို အမှုဆောင်လူကြီးဖြစ်ခဲ့သလို အမေပါပြီဆိုမှတော့ ကျနော်မပါလို့မရတော့။ လူရွေးခြင်း……..အမေ့ရဲ့ ထည်ဝါတဲ့အသံနဲ့ “ဟေ့ မပါမနေရအမိန့် စုမော်ထွက် မြင့်မြင့်ရီထွက် သိန်းမဖြူထွက်နဲ့” လုပ်လိုက်တာ ရပ်ကွက်ထဲမှာရှိသမျှ သွက်လက်သော ငယ်ရွယ်သော အပျို အရွယ်မှသည် အိမ်ထောင်သည်အဆုံး တစ်သင်းစာမပြည့် , ပြည့်အောင်ဖြည့်လိုက်တယ်။ ဒါပေမယ့် ခေါင်သူကြီးကမရှိ။ ခေါင်သူကြီးက အရေးအကြီးဆုံး အမေကိုယ်တိုင်ဝင်ဖို့ကလည်း သူ့ကျန်းမာရေးအရ ဘယ်လိုမှမဖြစ်နိုင်။ ခေါင်သူကြီးဘယ်သူလုပ်မလဲ?
ဒီအခက်အခဲကို အမှတ်မထင်ပဲ အောင်မြင်ခဲ့ပြန်တယ်။ အမှတ် ၁ ရပ်ကွက်ရဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်အဖြစ် ဒုလက်ထောက်စက်ရုံမှူးကတော် အန်တီစုက ဒီတာဝန်ကို ယူခဲ့တယ်။ အားလုံးမှာ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ အန်တီစုက သက်သေထူခဲ့တယ်လေ။ တော်လိုက်တဲ့ အန်တီ သူ ဒီလောက်ကစားတတ်မယ်ဆိုတာ ဘယ်သူကယုံမှာလဲ။
လူရွေးပြီတော့ Fun ကိစ္စ၊ တစ်အိမ်တက်ဆင်း အလှူခံ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဆိုတာ ထည်လဲသုံးပြီး အေးဓမြတိုက်ခဲ့တာ။ “ဟေ့…..အားလုံးထပ်တူထပ်မျှထည့်ဝင်ရမယ်” ဆိုပြီး အခြေခံ သတ်မှတ်ပြီးအားလုံးကို ထည့်ဝင်စေခဲ့တာ။ မဆိုးတော့မဆိုးပါဘူး ဘယ်အိမ်ကမှ မဆဲမဆို ခွေးနဲ့ ရှူးမတိုက်လွှတ်လိုက်ဘူး။ နောက်ကွယ်မှာမဲ့ပြီး ကျန်ခဲ့ရင်တော့ လွန်တာရှိဝန္တာမိပေါ့။
အားလုံးငြိမ်ပြီ ဆိုတော့ လေ့ကျင့်ရေး။ လူတိုင်းရဲ့ဆုံမှတ် ရပ်ကွက်အလိုက်ပေးထားတဲ့တီဗွီရှိတဲ့ အိမ်ဘေးမှာပေါ့။ ဒါမှပြေးမလွတ်မှာ။ ဒါတောင် အကြောင်းအမျိုးမျိုးပြ ဟိုနားကနာတာတာ ဒီနားက အောင့်တောင့်တောင့်ဆိုပြီး ရှောင်ပြေးတဲ့လူနဲ့ ကလေးအမေတွေလည်းပါတာမို့ ကလေးကငိုသေးကစိုဆိုပြီး ပါမစ်အပြည့်နဲ့ ဘေးထိုင်ပြီး နို့ချိုတိုက်ကျွေး ကျန်းမာရေးဆောင်ပုဒ်ကို အကောင်အထည်ဖော်လိုဖော်။ သပဒပေါင်းစုံကိုဖြစ်နေတော့တာ။ အဲဒီထဲမှာမှ ရလီဗင်ဝင်ပေးရတဲ့ ကျနော်တို့သူငယ်ချင်းတစ်စု။ “နင်တို့တွေ စတန်းဘိုင်စောင့်နေရမယ် “ဆိုလို့ တီဗီလေးပြေးကြည့်လိုက် လာပါတော့လို့အော်ခေါ်ရင်ပြန်ပြေးလိုက်ပေါ့။
သူတို့တွေ လေ့ကျင့်တာက နည်းနည်း ကျနော်တို့တွေ စည်းတားပေးရတာကများများ။ ညနေဆို ရေဖြန်းပေးရတာနဲ့ ကျောက်ခဲတွေ ဖယ်ပေးရတာနဲ့ ထမင်းမြန်မြန်စားပြီး ကွင်းရှိတဲ့အရပ်ကို တန်းစီချီတက်ကြရတာက နေ့တိုင်း။
အော်လိုက် ငေါက်လိုက်နဲ့ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နဲ့ လေ့ကျင့်နေကြတဲ့ အဖွဲ့ကြီး ပြိုင်ပွဲဝင်ရက်က တဖြည်းဖြည်းနီးကပ်လာပြီ။ လှေခွက်ချည်းကျန် အလံမလှဲ အားကြိုးမာန်တက်ကြိုးစားခဲ့တဲ့သူတွေ ရင်ဆိုင်တွေ့မယ်လဲဆိုရော ဖင်ထိုင်မေ့ချင်ချင်ဖြစ်လာကြပြီ။ ထုံးစံအတိုင်း အမျိုးသမီးတွေဆိုတော့ ကြွက်စီကြွက်စီ။ နင်က ဟို နေရာမှာနေ ငါက အရန်နေရာနေမယ် ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။ အားလုံးကလည်း ကိုယ့် အကြောင်းပြချက်ကိုယ်စီကိုင်လို့ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပါပဲ။ တစ်ချိန်လုံး ဘေးကနေ ဘယ်သူဘာကောင်းတယ် ဘယ်သူက ဘယ်နေရာမှာ အံဝင်တယ်ဆိုတာ အကဲဖြတ်နေတဲ့ အမေက နင်ဘယ်နေရာသွား နင်က ဘယ်လိုလုပ်ဆိုပြီး ညွှန်ကြားလေတော့မှ မရွှေချောတွေ အပြောရပ်တော့တယ်။
ပထမဆုံးပြိုင်ပွဲက တာထွက်ကောင်းသွားပါတယ်။ ချွေးထွက်များခဲ့တော့ အားလုံးကလည်း တက်ညီလက်ညီ။ ခေါင်သူကြီးကလည်း ဇတ်ခနဲဆွဲလိုက်တာနဲ့ ဟောတစ်ယောက် ဟောတစ်ယောက်။ စ, စချင်းပွဲက အမှတ် ၄ ရပ်ကွက်နဲ့ပါ။ စည်းတစ်ခုတိုင်းမှာဒိုင်တွေ တစ်ဖက်တစ်ချက်စီရပ်လို့။ တစ်ခုခုဆိုတာနဲ့ ၀ီစီကို ရွှီကနဲမှုတ်တော့တာပါပဲ။ အဲ စည်းတစ်စီတိုင်းမှာလည်း ကျနော်တို့ရပ်ကွက်ကလူတွေက “ ပြေး ပြေး တုပ်တုပ်တုပ် ဟိုဘက်ပြေး ဒီဘက်ပြေး နောက်မှာ နောက်မှာ မ၀င်နဲ့ မ၀င်ပါနဲ့ဆို “ အမျိုးစုံအောင် အော်ကြလေရဲ့။ သူတို့ကိုယ်တိုင် ကွင်းထဲ ၀င်မဆော့ရုံတမယ်။ အောင်မြင်ခဲ့တာပေါ့ အဲဒီပွဲ။
ဒုတိယပွဲက အမှတ်၆ နဲ့ပါ။ အမှတ် ၆က လည်းတော်တော်ပြင်ဆင်လာပုံရပါတယ်။ ဟန်အပြည့်နဲ့။ သူတို့ဘက်က အန်တီရွှေကြီးတို့လို ဈေးသည်တွေပါ ပါတာဆိုတော့ ဟိတ်ဟန်အပြည့်။ အားမာန်အပြည့် အော်လိုက်တာလဲ ဓါတ်စက်တောင် ထိုင်ငိုရမလို။ ငြင်းလိုက်ခုန်လိုက်တာလဲ အခု Green day တို့ ကိုင်ဇာတင်မုံတို့ ခုန်ပေါက်တာထက် အဆတရာ သာတယ်။ ဘာပဲပြောပြော ခေါင်သူကြီးအစွမ်းနဲ့ တုန်တုန်လှုပ်လှုပ်ဖြစ်ပြီး သွေးပျက်နေတဲ့ နောက်လိုက်တွေ အားလုံး အလိုက်သင့်ဆွဲခေါ်ရင်း ပန်းတိုင်ဆီကို ရောက်စေခဲ့တယ်။ သြော်ခေါင်းဆောင်ဆိုတာ ဒီလိုပါလားလို့တွေးခဲ့ရတယ်။
တတိယပွဲ နာမည်ကျော်တဲ့အမှတ် ၅ ရပ်ကွက်။ လူညီတယ်တဲ့။ လစ်ရင်လစ်သလို လုပ်တတ်တဲ့။ ကဲ တစ်ပွဲတစ်လမ်း အကဲစမ်းကြတာပေါ့ ဆိုပြီး ဟိုဘက်ဒီဘက် နှစ်ဘက်ပေါင်း စိန်ခေါ်ပွဲ။ အားလုံးကလည်း စိတ်ဝင်စားကြတယ်။ ဒိုင်တွေကလည်း ကမ္ဘာကျော် ၀င်ဘယ်တန်ကွင်းလိုမျိုး အားလုံး ဂရုတစိုက်လုပ်ကြတဲ့ပွဲ။
စပါပြီ။ ၀ီစီမှုတ်လိုက်တာနဲ့ သူတို့အဖွဲ့က စထိုးရတယ်။ လစ်ခနဲ လစ်ခနဲ ပြေးသွားတဲ့ အပျိုမတစ်ယောက်ကို ခေါင်သူကြီးက မိလိုက်တယ်။ မိမိချင်း ပွဲထုံးစံအရ လက်ကိုမြှောက်ပြီး ရပ်လိုက်တယ်။ ဒါပေမယ့် အဲဒီကောင်မလေးက သူ့ကို မထိပါဘူးဆိုပြီးဇွတ်ငြင်းတော့တာပဲ။ အားလုံးက ဘယ်မြင်နိုင်မှာလဲ။ ခုလိုမျိုး ကင်မရာတွေနဲ့ အနီးကပ်ရိုက်ပြီး ပြန်ကြည့်ရမယ်ဆိုလဲဟုတ်သေး။ နောက်တခေါက်မှာတော့ ကျနော်တို့ခေါင်သူကြီးက မရတော့ ဘူး အဲဒီကောင်မလေးရဲ့ အင်္ကျီကို မိမိရရဆုတ်ကိုင်ထားတော့တာပဲ။ အဲဒါပဲ သူကျွမ်းကျင်ပါတယ်ဆိုနေ။
နောက်တစ်ခေါက် ကျနော်တို့ဘက်ကထိုးအလှည့် အားလုံး ၀ုန်းဒိုင်ကြဲတော့တာပဲ။ ကျားကုန်ဆိုတာဒီပွဲ။ အားလုံးခြေကုန်လက်ပမ်းကျနေပြီ။ အန်တီဖြူက အရမ်းမောလာလို့ လူလဲချင်တယ်ဆိုတော့ စည်းကြပ်ဒိုင်က လဲခွင့်ပြုလိုက်တယ်။ ဒါပေမယ့် ဒိုင်ချုပ်ကမမြင်လိုက်ဘူးတဲ့။ စောနက မကျေပွဲကို အမှတ် ၅ က အပြတ်ချဲတော့တာပဲ။ စည်းကြပ်ဒိုင်ကိုလဲ လာဘ်စားတယ်ပေါ့။ ငြင်းကြ ခုန်ကြ အိုး တကယ့်ကို ၀က်ဝက်ကွဲ။ နောက်တော့ ဘာဆက်ဖြစ်ကြမလဲ။
ဒိုင်တွေအားလုံးခေါင်းချင်းဆိုင်ပြီး အဆုံးသတ်ကို ဆုံးဖြတ်ကြတယ်။ ဒိုင်တွေဆိုတာ စက်ရုံက၀န်ထမ်းတွေပဲလေ။ နောက်ဆုံးမှာ အားလုံးအေးချမ်းစွာပြီးဆုံးကြဖို့ နောက်ထပ်ခိုက်ရန်မဖြစ်ပွားဖို့ ကျနော်တို့ရဲ့ ထူးထူးဆန်းဆန်း တခါမှမကျင်းပ ခဲ့ဖူးတဲ့ ထုပ်ဆီးတိုးပွဲကို ဒိုင်ပွဲရပ်အဆုံးသတ်ခဲ့ပါတယ်။
ပွဲသာပြီးသွားရော ကျနော်တို့က မပြီးကြသေး ကျောင်းက သူငယ်ချင်းတွေနဲ့ ငါတို့ရပ်ကွက်ကဘယ်လို နင်တို့ ရပ်ကွက်က ညစ်ပတ်တာ ဘယ်လိုလုပ်တာ အပြိုင်အဆိုင် ပြောဆို ရန်ဖြစ်ကြ စကားမပြောကြနဲ့။ ကျနော်တို့ တင်ပဲလားဆိုတော့ မဟုတ်သေးဘူး အန်တီဖြူတို့ ညီအစ်မတွေ သူတို့တွေက ရပ်ကွက်မတူကြလေတော့ စကားတောင်မပြောနိုင်မဆိုနိုင်ဖြစ်ခဲ့ကြတယ်ဆိုပဲ။
အဲဒီနှစ်က စလို့ နောက်ထပ်ဘယ်တော့မှ ရောက်မလာတော့တဲ့ ကျနော်တို့ရဲ့ ထုပ်ဆီးတိုးပွဲ သို့မဟုတ်…………………
ဓာတ်ပုံလေးကို ဒီက ယူထားတာပါ www.goldenlandpages.com/hotspots/games/htauk.jpg
4 comments:
အမှတ်ရစေ တဲ့ စာတွေကို ရေးတတ်တဲ့ ကိုရွှာသားလေး ၊၊ အမြဲအမှတ်တရ ရှိပါစေဗျာ ၊၊
read lo kaung tae,ywar thar lay yay....kyar-yo!
ကဲ ... ဒီလိုဆိုတော့ ကျနော်တို့လည်း “ဘလော့ဂ်ဂါ ထုပ်ဆီးတိုးပွဲ”လုပ်မယ်။ တားရမယ့်သူက Myanmar Teleport ကျနော်တို့ မြန်မာပြည်က ဘလော့ဂ်ဂါတွေက တိုးမှာ...။ ဒိုင်သူကြီးတွေက အဝေးရောက် ရွှေမြန်မာများ၊ မြန်မာပြည်က ဘလော့ဂ်ဂါတွေ ပို့စ် အသစ်တခုတင်တိုင်း (၁)မှတ်ရမယ်။ Access Denied လို့ အပေါ်ခံရတိုင်း (၁)မှတ် လျှော့မယ်။ ကဲ ... ဘယ်လိုလဲ ... စလိုက်ကြရအောင်။ ၀ီစီ မမူတ်နဲ့ ... ကွန်ပျူတာဖွင့်ရမှာ။
ဖြစ်တတ်တဲ့သဘောလေးပါပဲ အားကစားစိတ်ဓါတ်မရှိဘူးလို့ လည်း ပြောလို့ မရပြန်
ငယ်ငယ်တုန်းက ဒီလိုလေးတွေကြုံခဲ့တယ် ကလေးဘာသာဘာဝတော့ အကြာကြီးတော့ စိတ်မဆိုးခဲ့ကြဘူး အင်း ကိုရုပ်ဆိုးပြောသလို ဘလော့ဂါ တွေသာ ကျင်းပခဲ့ရင်ရော -------????? (ကလေးတွေပဲနော့ ပြီး ပြန်ခေါ်မှာပေါ့)
Post a Comment