30 August 2008

လောကများ.............


တခါတခါ လောကကြီးကို တစ်ခုတည်းလို့မြင်ပေမယ့် ကိုယ်တိုင်မသိရှိနိုင်တဲ့ တခြားလောကတွေ ရှိနေသေးတယ်။ အဲလိုမျိုးမတွေ့ဖြစ်ခဲ့ဘူးဆိုရင်လည်း ကျနော်ပြောတာ ပုံပြင်လေးတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ရင်လည်း ကျေနပ်ပါတယ်။

ဆယ်တန်းအောင်ကာစ အကြွေးတစ်ခုကိုဆပ်ဖို့ဖြစ်ခဲ့တယ်။ ငါးတန်းကတည်းက ကျနော့ကိုစာအလကားသင်ပေးတဲ့ ကျနော့ဆရာက သူ့ကျူရှင်မှာ Bio ပြပေးပါတဲ့။ အင်း လစာမပေးဖူးဆိုမှလာပြပေးမယ်ဆိုတော့ သူကလည်းလှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်။ ဆရာက ကပ်စေးတော့နဲတယ်လေ။ အဲဒါနဲ့ ကျနော့ရဲ့ ပထမဆုံးအတွေ့အကြုံစခဲ့ပါတယ်။

အတန်းထဲမှာ သုံးဆယ်လောက်တော့ ရှိပါတယ်။ အနီအနား ရွာနီးချုပ်စပ်က ကလေးတွေရယ် ၀န်ထမ်းသားသမီးလေးတွေရယ်ပါ။ စသင်မယ်ဆိုတော့ ကြောက်တော့ အကြောက်သား။ အသက်က သူတို့တွေနဲ့ ကွာလှ တစ်နှစ်လောက်ပဲကွာတာလေ။ လူရှေ့မှာထွက်ရမယ်ဆိုရင် အရင်တည်းက မြန်မာလူမျိုးပီပီ အရှက်အကြောက်ကြီးနေကျ။ အတန်းရှေ့မှာ ကျောက်သင်ပုန်းဖျက်ဆိုရင်တောင် ဆရာကိုကြောက်လို့သာ ကိုယ်ကိုတိုင်ကတော့ ဒူးတွေတုန်လို့။ ဆရာမတစ်ယောက်ပြောတဲ့ ဟာသလေးကိုလည်းပြန်ကြားနေသေးတယ်။ သူဆရာမဖြစ်စကတဲ့ သူငယ်ချင်းတွေက ပြောတယ် သူတို့တွေရဲ့ ပထမဆုံး အတွေအကြုံကို အတန်းထဲ စ၀င်ဝင်ချင်း အရှိန်မရခင် ကျောက်သင်ပုန်းကို အရင်ဖျက်တဲ့ အားမွေးပြီး ရဲဆေးတင်တဲ့ အိုကေပြီဆိုမှ အတန်းထဲကို ပြန်လှည့်လိုက်တဲ့။ဆရာမအလှည့်လည်း ရောက်ရော အတန်းထဲဝင်ဝင်ချင်း ကျောက်သင်ပုန်းကို ဖျက်ဖို့ ကြိုးစားမလို့လှည့်လိုက်တာ ကျောက်သင်ပုန်းက ဖျက်ပြီးသားဖြစ်နေတာမို့ မြေဖြူရှာချင်ယောင်ဆောင်လိုက်ရသတဲ့။ ဆရာတစ်ယောက်ကတော့ ပထမဆုံးနေ့ ပူထူပြီး ကျောက်သင်ပုန်းဖျက်လိုက်တာ အတန်းရှေ့က ဆရာလျှောက်လမ်းခုံကနေ ပြုတ်ကျသွားတယ်လေ။ အရှိန်လွန်သွားတာ။ အိုးတိုးအမ်းတမ်းနဲ့ ကျနော့ရဲ့ ပထမဆုံးစာသင်ရတဲ့နေ့လေး ကို အမှားအယွင်းများစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

နောက်တနေ့ ကျနော်စာမေးပွဲဖြေရမယ်ဆိုရော အားလုံးပြာယာခပ်ကုန်တယ်။ ပုံမဆွဲတတ်ဘူးပေါ့။ စာမကျက်ရသေးဘူးပေါ့။ ကဲရှေ့ကို တစ်ယောက်ဆီထွက်ဆိုတော့မှ အိမ်မှာဆွဲစရာ ခဲတံမရှိတဲ့လူနဲ့ ခဲဖျက်မရှိလို့ ကမောက်ကမပုံထွက်တဲ့လူနဲ့ ကလေးထိန်းနေရလို့ဆိုတာကလည်းပါသေး ဖယောင်းတိုင်ကုန်သွားလို့ တ၀က်ပဲဆွဲနိုင်တဲ့လူနဲ့ ဘယ့်နဲ့။ ဆယ်တန်းကိုများ ပေါ့သေးသေးမှတ်လိုက်တာဆိုပြီး ဒေါသထွက်လိုက်ရတာ။ မနက် ၂နာရီအထိ မအိပ်ပဲ စာတွေကျက်ခဲ့ရတဲ့ အဖြစ်တွေကို ဘယ်လိုပြောရမှန်းကို မသိခဲ့။ ရသလောက်ဖြေဆိုတော့ ခုံချဲဖြေခိုင်းလို့ကလည်း မရပြန်။ ခဲတံမပါ ခဲဖျက်ကလည်းငှားကြနဲ့ အဲဒီဒုတိယနေ့ကို စိတ်ကုန်ခဲ့လိုက်တာ။

ဒုတိယနေ့ကို သင်ခန်းစာယူပြီး တတိယနေ့မှာ အိမ်က ခဲတံတွေ ခဲဖျက်တွေ ယူသွားမိတယ်။ အမေကလည်း ဒါမျိုးဆိုအားပေးတယ်။ ဘယ်သူ့သားသမီးက မရှိရှာဘူး ဘယ်သူတို့က ကျောင်းလခမတတ်နိုင်ဘူးဆိုပြီး အဲဒီကျူရှင်မှာ ကျနော့အိမ်က လခပေးပြီး ကျောင်းထားပေးတာ ၂ယောက်လောက်ပါတယ်ဆိုပဲ။

တတိယနေ့ကစလို့ ကျနော့ရဲ့ အစီအစဉ်အောင်မြင်ခဲ့ပါတယ်။ တဖြည်းဖြည်း သူတို့လည်း ကျနော့ရဲ့ သဘောကို စောကြောမိလောက်ပါပြီ။ အတိုင်အဖောက်ညီနေခဲ့ပြီ။

သင်ခန်းစာ တစ်ခုလုံးအပြီးမှာတော့ အားလုံးကို တနေ့လုံးစာသင်ဖို့ခေါ်လိုက်တယ်။ စာမေးပွဲဖြေရမယ်ဆိုပြီးလည်းပြောလိုက်တယ်။ အရှေ့မှာ သူတို့ကို စာကျက်ဖို့သုံးရက်ပိတ်လိုက်တယ်။

အဲဒီနေ့မှာ ၂ယောက်ပဲပြန်လာခဲ့တယ်။ နောက်တော့မှ သူတို့မိဘတွေကဆီနေပြန်ကြားရတယ်။ တနေ့လုံးစာသင်ရမယ်ဆိုရင် ထမင်းချိုင့်ထည့်မပေးနိုင်လို့တဲ့။ ထမင်းချိုင့်မရှိလို့တဲ့။ တစ်ချို့ရက်တွေမှာ သူတို့တွေ ထမင်းမစားပဲ ကျနော့ဆီလာတက်ကြတာတဲ့။ ကျနော်လေ……………………


ရန်ကုန်ဆိုတဲ့အရပ်မှာ ကျနော်အမှတ်မထင်ကျောင်းတက်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကိုခြေချမိတာလည်း သူများအကူအညီနဲ့ပါ။ သူများအိမ်မှာနေရင်း အလုပ်တွေလည်းလုပ်ကူရင်းပေါ့။ ကျနော့အဖေကမှာလိုက်ပါတယ်။ သူ့တုန်းကလည်း သူများအိမ်မှာနေခဲ့ရတာတဲ့ ဒါမှ လူ့ဘ၀ကြီးကိုသိမယ်ဆိုပဲ။

ကျနော်စာပြတဲ့အလုပ်ကို ဆက်လုပ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ နာမည်ကြီးလေတဲ့ ဂိုက်ပေါ့ဗျာ။ စာစသင်ရတာက အသိတစ်ယောက်ရဲ့ သားလေးပါ ကိုးတန်းပဲရှိသေးတာ။ ဘောလုံးကန်ဖို့ကိုသာအားသန်နေလေရဲ့။ ဒီကလေးက ပြောမနာဆိုမနာမို့ ပြောဟယ်ဆိုဟယ်နဲ့ ကိုးတန်းကို အောင်မြင်ခဲ့တယ်လေ။ နောက်တစ်ယောက် နောက်တစ်ယောက်နဲ့ အယောက်ပေါင်းများစွာပေါ့။

နောက်ဆုံးတစ်ယောက်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကျော်ကျောင်းကြီးတစ်ခုကပေါ့။ အဖေ အမေက လုပ်ငန်းရှင်တွေပါ။ ဆရာမတစ်ယောက်ကနေ အကူအညီတောင်းလို့သင်ပေးရတာပါ။ ဒီလိုလူချမ်းသာရပ်ကွက်မျိုးကို ဘယ်တုန်းကမှ ခြေဦးမလှည့်ခဲ့ဘူး။ လာခေါ်တဲ့ကားကလည်း တစ်နေ့တစ်မျိုး မရိုးရ။ ရပ်ကွက်ထဲကတောင်မေးယူတယ် ဘယ်မှာလုပ်နေတာလဲတဲ့။ သူ့မှာအကြောင်းပြချက်မျိုးစုံရှိတယ်။ ဒီနေ့ဗိုက်နာလို့ ခေါင်းမူးလို့စသည်ဖြင့် စာမေးပွဲတွေကို ရအောင် ရှောင်လွှဲတော့တာပဲ။ ဆရာ၊ ဆရာမတွေကို လည်း တစ်ဘာသာကိုတစ်ယောက် နဲ့အိမ်တိုင်ရာရောက်သင်နေခဲ့တယ်။ ကျနော့ အသုံးစရိတ်တစ်လ တစ်သောင်းဆိုတာကို သူကရီတယ်။ သူတရုတ်တန်းမှာ ဒုတ်ထိုးတစ်ခါသွားစားရင် နှစ်သောင်းဖိုးတဲ့။ စာမေးပွဲနီးလာတော့ သူ့အမေက အိမ်မှာအိပ်ပြီး အနီးကပ်ကြီးကြပ်သင်ပေးပါဆိုလို့ သွားသွားသင်ပေးပေမယ့် ကိုယ်တော်က အိပ်ရေးလုံးဝမပျက်။ စာကျက်ဖို့ထက် စာရွက်တွေကို ဘယ်လိုသယ်သွားရမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေနေလေရဲ့။ ကျနော်လေ………….

လောကဆိုတာ အဲလိုဖြစ်နေတတ်တယ်။ ရောမွှေလို့ရရင် အားလုံးကို တန်းညှိခွင့်ပေးပါလို့….

8 comments:

တန်ခူး said...

ရောမွှေလို့ ရခဲ့ရင်တောင် တချို့ ကရေပေါ်ကဆီ ဖြစ်နေဦးမှာ ရွာသားလေးရေ…

ဗီလိန် said...

ဟီးဟီး... အနော်လည်းပါသလိုပဲ။
(စာကျက်ဖို့ထက် ဘာညာတွေဘယ်လိုယူရမယ်ဆိုတာလေ။) :D

Anonymous said...

ဟုတ်တယ်နော် လောကကြီးက ပြည့်စုံတဲ့သူတွေအတွက် အလျှံပယ် မရှိတဲ့သူတွေများအတွက်တော့ သနားစရာ ဆိုးလှတယ်ဗျို့  ။

Moe Cho Thinn said...

အခြေအနေက ကွာခြားလွန်းတယ်နော်။ အမလဲ တန်ခူး မှတ်ချက်လေး အတိုင်းပါပဲ လို့။

RePublic said...

ကိုရွှာသားလေးရဲ့ လောက အတွေ့အကြုံ တွေကိုဖတ်ရတာ ကောင်းပါတယ်၊၊ ရင်ထဲ ပြောပြချင် ဝေမျှချင်တာ တွေကို အမှတ်တရ ရေးပြရတာ ကြည်နူးစရာပါဗျာ ၊၊

ကိုရုပ်ဆိုး said...

ရွာသားလေးရေ ... လူငယ်ပေမယ့် အတွေ့အကြုံစုံလင်ပြီး၊ တက်လမ်းကို တစိုက်မက်မက် လျှောက်ရဲတဲ့ငါညီကို လေးစားတယ်ကွာ....။

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုရုပ်ဆိုး မှတ်ချက်အတိုင်းပါပဲ (ရေသာခိုတယ် ပြောပြေား)) ထမင်းတောင် မစားဘဲ အတန်းလာတက်တယ် ဆိုတဲ့နေရာလေးမှာ ကလေးတွေအတွက် ရင်နင့်မိပါတယ်။ အတိတ်ကံလို့တောင် ပုံမချရက်တော့ပါဘူး...

Unknown said...

ဆရာ
ဆရာ လို စာသင်ပြပေးခဲ့တယ်ပေါ့ မွန်မြတ်ပါတယ်
မညီမျှတဲ့ ဖြစ်စဉ်လေးတွေကတော့ လောကသဘာဝ ရှိတတ်တာပဲလေ ဖြစ်စေချင်တာတော့ တန်းတူအခွင့် အရေးလေးတွေကို ရစေချင်မိပါတယ်
ဆရာ လို့ ခေါ်တာ မှန်သွားပြီ