05 August 2008

အင်္ဂါနေ့ ညနေ ၅နာရီတိတိ

တစ်ခါတုန်းကဆိုတော့ ကြာခဲ့ပြီလေ။ သို့ပေမယ့် ပူပူနွေးနွေးလိုပါပဲ………..

ကျနော့အလုပ်က စူပါမားကတ်တစ်ခုက စာရေးလေးပါ။ အလုပ်က မနက်ဆိုင်းနဲ့နေ့လည်ဆိုင်းဆိုပြီး နှစ်ဆိုင်းဆင်းရတယ်။ များသောအားဖြင့်ကျနော်ကျတတ်တာက နေ့လည်ဆိုင်း။

ကျနော့အဓိက အလုပ်က ရှေ့ကအရောင်းကောင်တာတွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေ ဖြေရှင်းဖို့ ပြီးတော့ ဟိုတယ်တွေ စားသောက်ဆိုင်ကြီးတွေက မှာတဲ့ (ကျူနာငါးဘယ်နှစ်ဘူး၊ ဖူဂျီပန်းသီးဘယ်နှစ်လုံး၊ ကျူးလစ်ပန်းက ဘယ်နှစ်ပွင့်) စသည်တို့ကို မှတ်ပြီးစီစဉ်ပေးရတာပါ။ အဲဒီတော့ ရုံးခန်းထဲက ဖုံးကကျနော်မဖြစ်မနေဖြေနေရတာပေါ့။

အဲဒီညနေက ပိုတိတ်ဆိတ်သလိုပါပဲ။ အိပ်မငိုက်အောင်ဂရုစိုက်နေတဲ့အချိန် ဖုံးသံတစ်ခုက လူကိုဇတ်ကနဲ လှုပ်နိုးလိုက်သလိုပါပဲ။ ယောက်ယက်ခတ်သွားတဲ့ စိတ်တွေကို Good afternoon ဆိုတဲ့ကျနော့ အိပ်ချင်မူးတူးသံအဆုံးမှာ ငြိမ်သက်သွားစေခဲ့တယ်။ တိုးဖွတဲ့လေတိုးသံက ကျနော့အတွက်ထူးဆန်းလွန်းတယ်။ ဆောရီးနော် ဖုံးမှားသွားတယ်ဆိုတဲ့အသံကို ကြားတာတောင်ကျနော်ဖုံးမချလိုက်မိဘူး။

နောက်နေ့ညနေတိုင်းမှာဖုံးစောင့်နေမိတယ်ထင်တယ်။ သတိထားမိတာပါ selling floor ပေါ်မှာအရင်လို လတ်လျားလတ်လျားမနေမိတော့တဲ့အပြင် Toilet ထဲဝင်မယ်ဆိုရင်တောင် cordless ကိုသယ်ဖြစ်အောင်သယ်သွားနေမိတာပါ။ အဲဒီတပတ်လုံး ဖုံးမလာခဲ့ဘူးဗျ။

နောက်တပတ်မှာတော့ မျှော်တုန်းမျှော်ဆဲပေါ်ခဲလိုက်တာ ဗျာ။ ဖုံးသံကြားတိုင်းပြေးရလွန်းလို့ခြေတွေတောင်တိုနေပြီ။ ဘယ်သူမှမကိုင်မိအောင် ကြိုးစားနေမိတာ ရုံးကလူတွေတောင်ရိပ်မိကုန်ပြီ။ ရှက်ကန်းကန်းနဲ့ ဆင်ခြေပေးနေမိတာက customer ဖုံးလွဲသွားမှာစိုးလို့ဆိုပြီး။ တကယ်တမ်းမဟုတ်ဘူးဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ နောက်တပတ်လည်း သူဆက်တယ်ဗျ။ သူထပ်ပြောသွားတာက အရင်လိုပဲ ဆောရီးဖုံးမှားသွားတယ်ဆိုတာပါပဲ။
အသံအနိမ့်အမြင့် အို…....အားလုံးဟာ ကျနော့ကို တစိုက်မတ်မတ်ရူးသွပ်စေခဲ့တယ်။ အိမ်ပြန်ညအိပ်နေရင်းတောင် Good afternoon လို့ ယောင်မိလို့ အစ်ကိုက အလုပ်ကို ဒီလောက်ခင်တွယ်ရလားဆိုပြီး ဆူနေသေးတယ်။ တကယ်တမ်း မရိုးသားတဲ့ကျနော်က တိတ်တိတ်လေး ငြိမ်နေလိုက်ရတယ်။

ဘာလို့ ဘာလို့ မြင်တောင်မမြင်ဘူးပဲနဲ့ ဒီလောက်စိုးမိုးနိုင်ရတာလဲ။ ဖုံးလေး ၂ ခါပဲနားထောင်မိပါတယ် အရမ်းကို ရူးသွပ်သွားတယ်ဆိုတာ ကိုယ့်ကိုတောင်မယုံနိုင်ခဲ့။ နောက်ပိုင်း နေ့လည်ပိုင်းဆင်းဖို့ မန်နေဂျာကို သွားပြောတော့ သူကတောင် အံအားသင့်နေသေးတယ်။ UFL တက်ချင်တယ်
ဦးသာနိုးတက်ချင်တယ် ဆိုပြီး အမြဲတမ်းနေ့လည်ပိုင်းဆင်းဖို့ ငြင်းခဲ့တဲ့ လူက မင်းမှဟုတ်ရဲ့လားကွာဆိုပြီး။

နောက်ပိုင်းရက်တွေမှာလည်း သူဆက်ပါတယ်။ ဆက်တိုင်းလည်း သူပြောနေကျစကားကိုပဲပြောသွားတယ်။ ဖုံးနံပတ်ကိုမေးမယ်ဆိုလည်း မေးဖို့ အချိန်မရခဲ့။ ကျနော့နှုတ်ဆက်စကား အပြီးမှာ သူ့ပုံမှန်ပြောနေကျ စကားကို ပြောပြီးရင် လိုင်းက ပြတ်တောက်သွားမြဲ။ အဲဒီအချိန်တုန်းက IDD တွေကြည့်လို့မရတာ ကျနော့အတွက် အကြီးအကျယ်နစ်နာစေခဲ့တာပါပဲ။

တရုံးလုံးက ကျနော့ကို ထူးထူးဆန်းဆန်းသတ္တ၀ါတစ်ကောင်လိုကြည့်ကြတယ်။ ကျနော့သူငယ်ချင်းတွေကလည်း ရူးပါ့ကွာလို့ အားပေးတယ်။ ကျနော့အိမ်ကလည်း နေ့လည်ပိုင်းချည်းဘာလို့ဆင်းနေတာလဲ ဆိုတာသိချင်နေကြလေရဲ့။

နှစ်လအကြာမှာတော့ ကျနော့ အလုပ်က မန္တလေးမှာဆိုင်ခွဲဖွင့်တယ်။ ကျနော့ကိုလည်း ဟိုမှာ ကြီးကြပ်သူအဖြစ် ရာထူးတိုးနယ်ပြောင်းလုပ်လိုက်တယ်။ အားလုံးက ၀ိုင်းဝန်း ချီးကျူးအားကျနေချိန်မှာ ကျနော်က ကိုယ့်အပူနဲ့ကိုယ်။ ဘယ်ကို ဘယ်လိုလုပ်ပြီး ဆက်သွယ်အကြောင်းကြားရမလဲ။ အမည်တစ်ခုတောင်သိခွင့်မရှိတဲ့ လူတစ်ယောက်အဖြစ်။

မဖြစ်မနေ သွားရတဲ့ ဒီခရီးကို နောက်ဆံတင်းစွာပဲ ကျနော်သွားခဲ့ရတယ်။ ကျနော့စိတ်က ဘယ်မှာကျန်ခဲ့လဲဆိုတာ ပြောစရာမလိုလောက်ပါဘူးနော်။

အဲဒီနေ့က စလို့ ကျနော်လေ ကျနော်………………….

အင်္ဂါနေ့ ညနေ ၅ နာရီတိုင်းမှာ Good Afternoon လို့ ရွတ်နေခဲ့မိတာ ဒီနေ့အထိ။

7 comments:

ကိုရုပ်ဆိုး said...

အချစ်မှာ မျက်စိမပါဘူးတဲ့။ ဒီပို့စ်ဖတ်ပြီး အတည်ပြုရမလိုပါပဲ။
Good Afternoon ရွာသားရေ။ ဖုံးထဲက ပြောတာမဟုတ်လို့ ရင်မခုန်လောက်ဘူးထင်ပါတယ်။ :P

ရွှေပြည်သူ (ShwePyiThu) said...

Good Afternoon ပါကိုရွာသားလေးရေး))) အဟွတ် အဟွတ်း)))

Unknown said...

like so much that short story.good writing.

Anonymous said...

အချစ်မှာမျက်စိမရှိ..
တယ်မှန်တဲ့စကားပဲနော်...
အော်...တစ်ခါတစ်ခါတော့လည်းအချစ်က လူကိုရူးသွပ်စေ
တတ်တာပဲ..

Anonymous said...

အချစ်မှာမျက်စိမရှိတဲ့..
တယ်မှန်တဲ့စကားပါပဲနော်
တစ်ခါတစ်လေတော့လည်းအချစ်ကလူကိုရူးသွပ်စေတတ်
တယ်ထင်ပါရဲ့...

ဖိုးဂျယ် said...

အခုရော အင်္ဂါနေ. ၅နာရီတိုင်း good afternoon နေသေးလား ကိုရွာသားရေ။

Unknown said...

အစွဲအလန်းလည်း တယ်ကြီးသကိုး
ဒီနေ့ လည်း ရွတ်ဖို့ မေ့နေမယ်နော် Good Afternoon လို့  (ရေးထားတာ ကိုယ်တိုင်ဖြစ်ခဲ့သလိုပဲ)