ဟောဒီတံတားကြီး မရှိခင်တုန်းက ဟောဒီတံတားကြီး မရှိခင်တုန်းကပါ။ ကျနော်တို့ရဲ့အဓိက သယ်ယူပို့ဆောင်ရေးက စက်လှေကြီးတွေပေါ့။ စက်လှေကြီးတွေစီးရတာ ရေစုန်မှာဆိုတော်သေးတယ် ရေဆန်ဆိုရင်တော့ တမေ့တမော ကြာမှကြာ။ အဲဒီတော့………..
ကမ်းနားကိုရောက်ဖို့ အတော်လျှောက်ရတယ်။ စက်လှေဘယ်တော့ထွက်မလဲဆိုတော့ မကြာခင်ထွက်တော့မယ်တဲ့။ ဒါနဲ့တက်လိုက်တယ်။ ကုန်းဘောင်သေးသေးလေးကိုတော့ လှုပ်လီလှုပ်လဲ့နေအောင် တက်ရင်း ကြိုးတံတားဆိုတာကို စဉ်းစားနေမိသေးတယ်။ အပေါ်ကလည်းနေပူမှာဆိုတော့ အောက်ထပ်ပဲ ၀င်သွားမိတယ်။ စက်လှေထဲဝင်ဝင်ချင်း အမှောင်ကို အလင်းကလာတဲ့သူမို့ လှေကားဆင်းစမှာ ခဏရပ်လိုက်ရသေးတယ်။ နောင်ကြီးရလားဗျတဲ့ ခေါင်းတိုက်မယ်သတိထားတဲ့ အနားကကလေးတစ်ယောက်က မေးတယ်။ အညာသားဆိုတာ အဲလိုမျိုး ကူညီဖို့အဆင့်သင့်။
အေးသွားတဲ့ လှေဝမ်းအောက်မှာ ပြတင်းပေါက်ကိုရွေးမိတယ်။ အရှေ့နားမှာ အဒေါ်ကြီးတွေ။ အနောက်ဖက်နားဆီက ကာလသားသမီးငယ်တွေ ဆိုတော့ အလယ်နားမှာပဲ ရွေးလိုက်တယ်။ ပြတင်းပေါက်ကနေ ကုန်သည်တွေကိုစောင့်နေတဲ့ ကုန်ထမ်းသမား/သမလေးတွေကို ကြည့်နေမိတယ်။ ခေါင်းခုစုတ်လေးကို ယပ်ခပ်သလို ခပ်နေရင်း ပူတယ်လို့မညည်းပေမယ့် အပူကို သိနေတယ်လေ။ ကျနော့ကိုပေး ကျမကိုပေး ဆိုပြီး အော်ဟစ်နေကြတာလည်း သူတို့စီးပွားရေး။ အိတ်ကြီးအိတ်ငယ်တွေကို ၀ုန်းကနဲဒိုင်းကနဲ သယ်လိုက်တာများ တကယ့်ကို စက်ရုပ်တွေအလား။ တစ်ယောက်နဲ့တစ်ယောက် မေးနေကြသေးတယ် နင့်ဒီနေ့ နေ့တွက်ကိုက်ပြီလားတဲ့။ အဖြေတွေကို ကျနော်လျစ်လျူရှုလိုက်မိတယ်။ မကြားရဲလို့ဆိုရင်ပိုမှန်မယ်။ လေးလံတဲ့ အထုတ်တစ်ထုတ်သယ်မှ သုံးလေးကျပ်ရရှာကြတာလေ။ အထုတ်သယ်ရဖို့အရေးကလည်း ဆယ်ယောက်လောက်စုပြုံလုနေတာ အလှူမှာ ပိုက်ဆံလုကောက်သလိုပဲ။
အနားမယ် ကလေးတွေက တ၀ုန်းဝုန်းနဲ့ရေလာချိုးနေတယ်။ အေးချမ်းလိုက်ကြတာ။ အပူရှပ်မယ်တို့ဘာတို့ ဆုံးမမယ့်သူလည်းမတွေ့။ မာမာချာချာရှိကြလေဟန်တူပါရဲ့။
သြော်သေသေချာချာမကြည့်မိလို့ကိုး သူတို့အုပ်ထိန်းသူတွေထင်ပါရဲ့ ရေစပ်မှာ တဗိုင်းဗိုင်းနဲ့ အ၀တ်လျှော်နေကြတာ။ အခုလေ ငါတို့အိမ်က အီလန်ဆိုလားဘာဆိုလား ထက်ထက်ကြော်ငြာတာနဲ့ လျှော်တာ ဆိုတာကြားလိုက်မိတယ်။ အရင်တုန်းကဘာနဲ့များလျှော်ခဲ့ပါလိမ့်။ အိမ်ကအ၀တ်တွေလား သူများအ၀တ်တွေလားဆိုတာလည်း ဘယ်သူသိနိုင်မှာလဲ။
ခဏနေတော့ ကုန်သည်တွေတက်လာကြပြီ။ ဟဲ့ဖြည်းဖြည်းချပါ နင်တို့လုပ်လိုက်ရင်အဲလိုပဲ ကြက်သွန်တွေတော့ နာတော့မှာပဲ။ ရှမ်းပြည်ကကြက်သွန်တွေ ဒီအထိတောင်ခရီးဆန့်ခဲ့တာကိုး။ အင်း ခေတ်ကြီးက လုပ်စားလို့မကောင်းတော့ပါဘူး။ ဟိုတစ်ခေါက်ဝယ်ခဲ့တဲ့ဈေး မရတော့ဘူးလေ။ ခုတော့ကိုယ်ရောင်းနေတဲ့ဈေးနဲ့ ပြန်ဝယ်ခဲ့ရတယ်။ နင်တို့ကလည်း တခေါက်နဲ့တခေါက်စက်လှေစီးခကို နင်းတက်နေတဲ့တော့ပဲ ဆိုတဲ့စကားကို စက်သမားလေးကလည်း အမရာ ကျနော်တို့လည်းဘယ်တက်ချင်ပါ့မလဲ စက်လှေက ရေနဲ့မောင်းလို့ရတာမဟုတ်ဘူးဗျ ဆိုပြီး အပေါ်ပိုင်းဗလာနဲ့တိုနေအောင်ဝတ်ထားတဲ့ ပုဆိုးကို နဲနဲမရင်း ကြက်သွန်အိတ်တွေကို နည်းနည်းချင်းတိုးခိုင်းနေတယ်။ နောက်ထပ်ကုန်တွေလာဦးမယ်မဟုတ်လား။
ဟဲ့………ဟဲ့ ငါ့ကိုခေါ်ကြပါဦးဆိုပြီး မြို့ကြီးသူလား မြို့ကြီးသူယောင်ဆောင်ထားတဲ့ အရွယ်လတ်လတ်မိန်းမနှစ်ယောက်ကိုလည်း တွေ့လိုက်ရသေးတယ်။ ကုန်ထမ်းသမလေးတွေ ကုန်ထုတ်တွေနဲ့ တက်တုန်းက ကျယ်ပါတယ်ဆိုတဲ့ ကုန်းဘောင် သူတို့နဲ့တွေ့မှ တော်တော်လေးကျဉ်းတယ်ထင်ပ။ အလှအပတွေကို ပြင်ဆင်ပြီး ယဉ်စစလျှောက်လာပေမယ့် ကုန်ထုတ်တွေကို ကျော်ရမယ်ဆိုတော့ ထမိန်ကိုမရပြန်တယ်။ ရှက်ကိုးရှက်ကန်းယောင်ဆောင်ကြပြန်သေးတယ်။ အခုဝတ်ထားတာ ရှမွိုင်းလေ ရှမွိုင်း ဂျင်းမှိုတက်ကဘယ်လို မေသဉ္ဇာဦးကလေ ဘယ်ကားထဲမှာ ပါတိတ်ဝမ်းဆက်ကို ဘယ်ပုံချုပ်ဝတ်တာ။ မင်းသားဘယ်သူကို ဘယ်လိုကြိုက်တာ စသည့်စကားတွေပြောရင်း တချက်တချက် လက်ကိုင်ပုဝါလေး နဲ့ပါးစပ်ကိုပိတ်ရင်း ညိုးညိုးညင်းညင်းရီသံတွေ မကြားတကြား။
မျက်စိကိုပတ်တီးနဲ့ပိတ်ထားတဲ့ အဖွားအိုကို လက်တွဲရင်း လူငယ်လေးတစ်ယောက် ရောက်လာပြန်တယ်။ ဆေးရုံပြပြီးပြန်လာဟန်တူပါရဲ့။ လွယ်အိတ်ခပ်နွမ်းနွမ်းလေးထဲမှာ ထမင်းချိုင့်လေးနဲ့။ ဖွားအေကို ထမင်းခွံ့ကျွေးဖို့ပြင်ဆင်နေလေရဲ့။ ဆရာဝန်ကြီးက နောက်တစ်ခေါက် ပတ်တီးဖြည်ပြီးရင်ပျောက်ပါပြီတဲ့။ သူတို့စုဆောင်းထားတဲ့ ပဲနှမ်းလေးတွေ ကုန်လောက်ပြီထင်ပါရဲ့။ ကျန်းမာခြင်းသည် လာဘ်တစ်ပါး စာဆိုရှိတယ်မဟုတ်လား။
နည်းနည်းကြာ တော်တော်လေးကြာပြီဆိုမှ ကမ်းကခွာဖို့ ကုန်းဘောင်ဖြုတ်တယ်။ ၀ါးလုံးကိုထိုးရင်းစက်လှေကိုကမ်းကခွာတယ်။ ဒလက်ဒလက်ဆိုတဲ့အသံနဲ့ ပန်ကာမော်တာကိုစလည်ရင်း မျှော်တော်ဇောနဲ့ မောရတဲ့ ခရီးကိုစတယ်။ မြစ်တစ်ဖက်က မြသလွန်ကို လက်အုပ်ချီတဲ့လူတွေလည်း ချီကြတယ်။ စကားတွေပြောလက်စ လူတွေကလည်း အဆက်မပြတ်ပြောရင်း။ စက်သံဆူညံလာတော့ သူတို့အသံတွေကိုလည်း အလိုက်သင့်မြှင့်တင်ရင်းပေါ့။
မြစ်ရဲ့ တစ်ဖက်တစ်ချက်ကမ်းတွေကိုငေးကြည့်ရင်း မကြာခင်မှာပဲ ရွာတစ်ရွာရောက်ပြန်တယ်။ ဟဲ့သာအေးရေ မယ်တင်တို့ပြောလိုက်ပါ ငါတို့ပြန်လာပြီ ဟေးးးးးးးးးး။ ဆိုတာမျိုး။ မြေပဲလှော် ချိုတယ်မွှေးတယ် ကြက်သွန်ဖြုနဲ့လှော်တဲ့မြေပဲလှော် ဆိုတာက တစ်သံ။ ဒါးလှီးမုန့်ဆိုတာနဲ့ လှေပေါ်က ကလေးတွေ ရဲ့ အပြိုင်တောင်းဆိုသံက တစ်မျိုး။ တခြားအရပ်တွေမှာမမြင်ဘူးတဲ့ လှည်းပေါ်မှာ တိုင်ကီကြီးတင်ပြီး ရေတိုက်ဆင်းလာတဲ့ ရွာအသီးသီးကိုလည်းမြင်တွေ့ရတတ်တယ်။ အလယ်ပိုင်းမိုးနည်းဒေသပေမို့ ဒီမြစ်ကြီးက အားထားစရာ။
ပြန်ထွက်လာရင်း ငါးဖမ်းလှေတစ်စွန်းတစ်စ ကိုမြင်ရပြန်တယ်။ ပိုက်ကွန်ပစ်သူကပစ်ပေါ့။ လှေပေါ်မှာ ငါးစာချိတ်နေတဲ့ ရေတွေခပ်ထုတ်ပေးတဲ့ ကလေးတွေကို ကျောင်းမတက်ဘူးလားလို့မေးစမ်းချင်မိတယ်။ သူတို့တွေပြန်လာရင် ငါးတွေပါမပါစစ်မယ့်အိမ်ရှင်မလည်း မျှော်နေတော့မှာပဲ။ ငါးတွေရပါစေလို့ဆုတောင်းပေးရင် အကုသိုလ်အားပေးဖြစ်နိုင်မလားစဉ်းစားမိပြန်တယ်။ ရွာရောက်မှပဲ ဘုန်းကြီးကို ခေါင်းစားခိုင်းတော့မယ်ဆိုပြီး အတွေးကိုဖြတ်လိုက်တယ်။
ကုန်တင်တဲ့ တခြားစက်လှေတွေကို လည်း ပြောင်းပြန်တစ်ချို့ အတည့်တစ်ချို့ ဆုံရပြန်သေးတယ်။ အင်းအနယ်နယ်အရပ်ရပ်ကို စုန်ဆင်းနေကြပြီပေါ့။ ကုန်စည်တွေစီးဆင်းရင်း ဈေးတွေကလည်း တက်သည်ထက်တက်ရင်း။ ဘာလို့ပါလိမ့်။
တစ်ယောက်ဆင်း တစ်ယောက်တက်ဆက်လက်ထွက်ခွာဆိုတဲ့ ကျနော်တို့စက်လှေကြီး ခရီးစဉ်မဆုံးခင်မှာ ကျနော်ဆင်းရမယ့် ဆိပ်ကို ရောက်ပြီ။ အထုတ်လေးတွေကို ပြင်ရင်း မင်းလှခံတပ်ကြီးကိုငေးမိပြန်ရော။ သမိုင်းဝင်ခံတပ်ကြီး တ၀က်လောက် ရေထဲပြိုကျပျက်စီးခဲ့ပြီ။ လာကြိုမယ့်သူတွေကို ပြတင်းပေါက်က လက်ပြရင်း နောက်ပြန်ကြည့်မိတယ် ကျနော်ရော ဘယ်သူ့မြင်ကွင်းထဲမှာ ပါနေပါလိမ့်…………
ဓါတ်ပုံလေးက www.molon.de ကနေကူးယူဖော်ပြတာပါ။
4 comments:
ဖတ်ပြီးတဲ့အချိန်မှာ စက်လှေပေါ်က ဆင်းလိုက်ရသလိုပါပဲ။ အတွေးတွေလည်း တပွေ့တပိုက်နဲ့။ အကြိုက်ဆုံးနေရာလေးက “နောင်ကြီးရလားဗျတဲ့ ခေါင်းတိုက်မယ် သတိထားတဲ့ အနားက ကလေးတစ်ယောက်က မေးတယ်” ဆိုတာလေးပါ။ စိတ်ထဲမှာ နွေးသွားပါတယ်။ အရေးအသား အရမ်းကို ကောင်းပါတယ် ကိုရွာသားလေး(YTU)ရေ...
သရုပ်ပေါ်ပီပြင်ပါတယ် ကိုရွှာသားလေးရေ ၊၊ ပို့စ်တွေမှန်မှန် ရေးနိုင်တာ ကောင်းတယ်ဗျာ ၊၊အားရတယ် ၊၊
အင်း ... ဒီကောင်လေး ရုပ်ကလေးက သနားကမား၊ အ၀တ်အစားက သပ်သပ်ရပ်ရပ်နဲ့ တောင်ကြည့်မြောက်ကြည့် ဟိုစပ်ဆလူးမလေးတွေ ထမိန်မပြီး လမ်းလျှောက်လည်းကြည့်၊ အဖွားကြီးကိုလည်းကြည့်၊ ငါ့ဘက်လည်း လည့်ကြည့်၊ ဟိုကြည့် ဒီကြည့် ကြည့်ကွက်၊ ကြည့်ကွက်နဲ့ ဧကန ဒီကောင် ...... ????
အင်း ဒီလူကြီး သိပ်စပ်စုတာပဲ ဟိုကြည့်ဒီကြည့်နဲ့ 
ကြည့်ပါဦး နားကလည်းသူများပြောတာကို နားထောင်နေတာများ ယုန်နားရွက်လားပဲ
ကလေးတွေ ရေချိုးနေတာကိုလည်း စိုးရိမ်တဲ့ပုံနဲ့  ကြည့်နေသေးတယ် ကြက်သွန်စော်နံလို့ နှာခေါင်းပိတ် နေတဲ့ မြို့ ကြီးယောင်ဆောင်တဲ့ မဒီတွေကိုလည်း အလွတ်မပေးဘူး ဘယ့်နှယ့်လူကြီးပါလိမ့် သေသေချာချာကိုရှူနေတာပါလား တကယ်ဆို မျက်စိကိုပတ်တီးနဲ့ ပိတ်ထားတဲ့ အဖွားအိုကိုတော့ သွားကူမယ်စိတ်မကူးဘူး ဟင်း မြသလွန်ဘုရားကို လက်အုပ်ချီဖို့ တောင်သတိမရဘူး မြေပဲလှော်သည်ကို သနားသဖြင့်တောင် ၀ယ်မစားဘူး သိပ်စေးနဲတာပဲ သူငယ်ငယ်တုန်းကဖြင့် ဒါးလှီးမုန့် ဆို ပူဆာပြီးသားကို ကလေးတွေကို ပြောပြန်ပြီ ဟော ပြောရင်းနဲ့  ငါးဖမ်းတဲ့လူတွေကြည့်ပြီး အကုသိုလ်ပွားနေပြန်ပြီ ကဲ လာကြိုတဲ့လူတွေဆီ တည့်၂မတ်၂မသွားပဲ စော၂က မဒီ ၂ယောက်ကို ပြန်လှည့်ငေးနေသေးတယ် မတော် ရေထဲ ချော်ကျမှ ဘုရား ဘုရား (ရွာသားလေးရေ ရေးထားတာလေးက ကိုယ်တိုင်အဲ့လို မြင်ပြီး ခံစားမိအောင်ကိုတော်တာပဲ)
Post a Comment