25 August 2008

တောင်ကညို ပြိုတော့မယ်..


တကယ်တမ်း အဲဒီစကားကို စကားအဖြစ်လား သီချင်းအဖြစ်လား ကြားဖူးပင်မယ့် သေသေချာချာ သိလားဆိုတော့မသိ။ မိုးတွေအဆက်မပြတ်ရွာနေခြင်းနဲ့ အဲဒီစကားနဲ့က ဟိုးအရင်အတိတ်ကို ပြန်လည်သတိရစေခဲ့တာတော့အမှန်။

စက်ရုံဝန်ထမ်းဖြစ်တဲ့ အဖေ့ဆီကို ပထမဆုံး သားအမိနှစ်ယောက်လှမ်းတဲ့ခရီးစဉ်ပေါ့။ ကျနော်က ရှိလှ ၃/၄ နှစ်သာသာ။ အားကိုးဖို့ဆိုတာဝေလာဝေး။ ငယ်ရွယ်သေးတဲ့ အမေ့အတွက် ဒီခရီးက ကြမ်းတမ်းလွန်းနေသလားပဲ။ ခလေးတစ်ဖက်နဲ့မို့ ပိုပြီး အန္တရာယ်ကြီးစေခဲ့သလားမသိ။

ကျနော်တို့သားအမိခရီးသွားစဉ်တုန်းက စေတနာ ဟီးနိုးကားကြီးတွေနဲ့ပါ။ ခရီးသည်တင်လား ကုန်တင်ယာဉ်လားမသိနိုင်လောက်အောင် တင်ဆောင်သွားလာနေတဲ့ ကားကြီးတွေ။ ထိုင်ခုံတွေကို အမြင့်မှာတင် အောက်မှာ ကုန်တွေ ပြွတ်သိပ်ညပ်နေအောင်ထည့်။ လူတွေက ပြတင်းပေါက်အမြင့်ထက် မြင့်တက်နေတယ်လေ။ ကားခေါင်မိုးပေါ်မှာလည်းကုန်အပြည့်။

အိပက်အိပက်နဲ့ သွားနေတဲ့ကားကြီး ပေါ်မှာ ပျင်းရိစွာလိုက်ပါရင်း ဂျီမျိုးစုံကျနေတော့တာပေါ့။ ဟိုဟာ စားမယ် ဒီဟာစားမယ် ဒီလို မနေချင်ဘူး ဒီလိုမထိုင်ချင်ဘူးပေါ့ဗျာ။ အခုနေ တူလေးတွေရတော့မှ အမေဘယ်လောက်စိတ်ညစ်မလဲဆိုတာ တွေးမိတယ်။ ကိုယ့်အလှည့်ကျ ကလေးတွေကို ရိုက်မယ် နှက်မယ် ကျိန်းမောင်းနေမိလို့ပါ။

နောက်တော့ အညာဒေသရဲ့နာမည်ကျော် ဒေါင်းသေချောင်းနားကိုချဉ်းကပ်လို့လာနေပြီ။ မိုးတွေကလည်းရွာနေတော့ သူများတွေက ပျာယာခပ်နေပေမယ့် ကျနော်တို့သားအမိကတော့အေးဆေး။ ဒီလိုမျိုးဆိုတာ ကြုံဖူးကြားဖူးတာမဟုတ်။ ဟိုး…..တောင်တွေဆီမှာမိုးညိုတာနဲ့ ဒီချောင်းနဲ့ ဘာဆက်စပ်စရာမှမရှိလို့ ယုံကြည်ထားမိတာ။

ချောင်းဘေးကိုရောက်တော့မှ အမှားကြီးမှားတော့တာ။ တဝေါဝေါမြည်ပြီးစီးနေတဲ့ချောင်းက ဒေါသမာန်ဟုန်အပြည့်နဲ့။ လူတွေမပြောနဲ့ အင်မတိအင်မတန်ကြီးပါတယ်ဆိုတဲ့ ကားကြီးတွေတောင် ချောင်းရေထဲမှာ မျောပါသွားနိုင်တယ်။ ထွက်မပြေးနိုင်တဲ့ တိရိ စ္ဆာန်တွေဆိုတာ ချောင်းရေထဲမှာ မျောပါလို့။
အဲဒီတော့မှ သိတော့တယ် သူများတွေသွေးပျက်နေတာ ဒါကြောင့်ပါလားဆိုတာ။

ချောင်းရဲ့ ဟိုဘက်ဒီဘက်မှာ ဘယ်ကားမှမကူးရဲလို့ တန်းစီပြီးရပ်နေကြရတယ်။ မိုးကလည်းတော်တော်နဲ့မစဲ။ စဲပြီးပြန်တော့လည်းတော်တော်ကြာသည်အထိ ရေစီးကမကျ။ ရေနည်းနည်းတန့်သွားတော့လည်း ကားတွေကမသွားနိုင်တော့။ ကားတစ်ဝက်လောက်ထိရေတက်နေပြီး အောက်ကသဲမြေများ၏ အနက်ကိုမည်သူမှ မမှန်းဆနိုင်။

ကြုံဖူးနေကျ ဒေါင်းသေရွာကတော့ လှည်းလေးတွေကိုယ်စီနဲ့ ချောင်းဟိုဘက်ထိပ်ဒီဘက်ထိပ် သယ်ယူပို့ဆောင်ရေးပေါ့။ တရွာလုံးက အဲဒီလုပ်ငန်းမှာ ကျွမ်းကျင်ကြပြီးသား။ ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာ ကလေးကအစ သင်စရာမလို။

သားအမိနှစ်ယောက် ဘုရားစာကို အခေါက်တစ်သောင်းမက ရွတ်ပြီး (အဲဒီအချိန်မှာ အမေသင်ပေးထားလို့ သံဗုဒ္ဓေကို ကျနော်ရွတ်တတ်နေပါပြီ) လှည်းပေါ်ကိုလိုက်ရတယ်။ လှည်းကြမ်းပြင်ကရေပြင်နဲ့တပြေးညီတည်း ဖြစ်နေပြီ။ မိုးဖွဲလေးတွေပြန်ရွာသေးတာမို့ ဟိုတောင်ဆီမှာ ညိုသေးလားစိုးရိမ်မိသေးတယ်။

သက်စွန့်ဆံဖျားလိုက်လာတဲ့ လှည်းခရီးစဉ်အဆုံးမှာတော့ ဟိုဘက်ကားနဲ့ ဒီဘက်ကား ခရီးသည်ချိန်းလိုက်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ရောက်ရမယ့် အချိန်ထက်များစွာနောက်ကျခဲ့တာပေါ့။

အခုလိုမျိုး မိုးတွေအုံ့ဆိုင်းရွာနေရင် တောင်ကညိုပြိုတော့မယ်လားလေ…..

6 comments:

Anonymous said...

ကြောက်စရာကြီးပဲနော့် ကျနော်တို့ ဘက်လည်းလာကြည့်ပါလား ကားစီးနေရတဲ့ ၄ နာရီလောက် ဘုရားစာရွက်နေရတယ် ကျလိုက်လို့ ကတော့ အစတောင်တွေ့ မှာမဟုတ်း) ဒါကြောင့် ခဏခဏ မပြန်တာ ။၃/၄ နှစ်သား ကောင်လေး ကြောက်နေတဲ့ပုံ မြင်ချင်လိုက်တာ :P

ရွှေပြည်သူ (ShwePyiThu) said...

ရေးစရာ အတွေ့အကြုံတွေ များသလို စာရေးလည်းကောင်းတဲ့ ကိုရွာသားလေးကို အားကျမိပါတယ်။

ပန်းချစ်သူ said...

ကိုရွာသားရဲ. အတွေ.အကြုံကိုဖတ်ရင်း ....အရင်တုန်းက အဖြစ်ကို ပြန်ပြောင်းအောင်းမေ့မိပါရဲ. ...။ များများရေး ကိုရွာသားရေ ..။ အားပေးလျက်ပါ..။

RePublic said...

အတွေ့အကြုံလေးတွေကို ဖတ်ရှုသွားပါတယ်ဗျာ ၊၊ မြန်မာပြည်မှာ ခရီးအထွက်နည်းတဲ့ ကျွန်တော့်အတွက် ခုလို စာလေးတွေက တစ်ခုခုရလိုက်ပါတယ် ၊၊

khin oo may said...

သြော်. ဖတ်ဘူးတယ်.။

Unknown said...

ကြည့်ပါဦး ငယ်ငယ်ကအကြောင်းလေးကို မှတ်မိတယ်
တကယ် လန့် စရာပဲ ရေစီးကအဲ့လောက်တောင်
မကြုံဖူးတော့ ဗဟုသုတလေးပါရသွားတယ် (မြင်ယောင်မိပါတယ် ဂျီကျပြီးနေတဲ့ပုံကို ဘုရား ဘုရား သူ့ အလှည့်ကျတော့ ကလေးတွေကို ရိုက်မယ်တဲ့) မတရားတဲ့ လူကြီးပဲ မုန်းစရာ