25 November 2008

ဤခရီး ၾကမ္းသတဲ့လား



မခင်ဦးမေက ရေးပေးပါလို့ပြောထားတာကြာခဲ့ပါပြီ။ TAG မဟုတ်ဘူးဆိုတာရယ် သိပ်မလောတာကြောင့်ရယ် ပေါက်တတ်ကရတွေရေးထားသမျှ စာဖတ်တဲ့သူတွေ မျက်စိညောင်းအောင်ဖတ်နေရမှာစိုးတာရယ် အဓိက ကိုယ်တိုင်က အပျင်းထူတာရယ် စသော ရယ်ပေါင်းများစွာနဲ့ ဒီစာကိုမရေးဖြစ်ခဲ့ဘူး။ အခုတော့……..

ကျနော့ရဲ့ မွေးရပ်ဇာတိ မုံရွာမြို့ကနေ ဖေတာဝန်ကျတဲ့ မန်းသံပုရာကန်ရေနံချက်စက်ရုံလေးကို ပထမဆုံးလာတဲ့ ခရီးစဉ်လေးပါ။ သုံးနှစ်သားကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ဝိုးတိုးဝါးတား။ မုံရွာကနေ မန္တလေးကိုတော့ ထုံးစံအတိုင်း ချင်းတွင်းသားကားလေးနဲ့ပါ။ ကျနော်ကတော့ ပေါင်ပေါ်မှာပဲထိုင်ရလို့ ဘဝင်မကျခဲ့ဘူး။ တစ်နေရာစာအတွက် ဘယ်လောက်ကျသင့်တယ်ဆိုတာ သိမှမသိတတ်သေးတာ။ မန္တလေးရောက်တော့ ဦးလေးဝယ်ပေးထားတဲ့ စေတနာရှင်ဟီးနိုးကားကြီးတွေနဲ့။ လမ်းခရီးအကြောင်းကို တောင်ကညိုပြိုတော့မယ်ဆိုတဲ့ ပို့စ်လေးထဲမှာ အနဲအကျဉ်းရေးထားပါတယ်။

မပါသေးတဲ့ တခြားအကြောင်းအရာတွေကတော့ မိန်းမသားတို့ဘဝမလုံခြုံမှုတစ်ခုပါ။ ကလေးလေးတစ်ဖက်မို့လဲဖြစ်နိုင်ပါသေးတယ်။ ခရီးရှည်မို့ ဒီတစ်ခါတော့ ကျနော်ထိုင်ခုံတစ်ခုရလိုက်ပါတယ်။ ဒါပေမယ့် လမ်းမှောင်လာတဲ့အချိန်မှာတော့ အခွင့်အရေးယူတတ်တဲ့ နောက်ခုံကလူတစ်ယောက်ရဲ့ ခြေသရမ်းမှုပါပဲ။ အဲဒီရန်ကို မေက ရေကျက်အေးထည့်လာတဲ့ ပုလင်းနဲ့ အားရပါးရ ထုထည့်လိုက်တာပါပဲ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ သကောင့်သားခမျာ အော်တောင်မအော််နိုင်ရှာပါဘူး။ ရေနံချောင်းအဆင်းမှာတော့ ကိုယ်တော်ခမျာ ယောင်နေတဲ့ခြေထောက်တစ်ဖက်နဲ့ ထော့နင်းထော့နင်းဖြစ်သွားရှာပါတယ်။ တက္ကသိုလ်လှေလှော်အသင်းဝင်တစ်ယောက်ရဲ့ လက်ဆဆိုတော့ အင်းတော်တော်လေး အီသွားပါလိမ့်မယ်။ နောက်တစ်ခါ မဆော့ဖြစ်အောင် နောင်ကြဉ်သွားရင် သိပ်ကောင်းမှာပါပဲ။

ဒေါင်းသေချောင်းကြောင့် ခရီးစဉ်နောက်ကျခဲ့ရပါတယ်။ မကွေးကိုရောက်တော့ ဆယ်နာရီကောင်ကို မမှီတော့ပါ။ ဆယ်နာရီကောင်ဆိုတာ မကွေးကနေ ဆယ်နာရီဝန်းကျင်မှာ ထွက်တဲ့ နှစ်ထပ်သင်္ဘောကို ခေါ်တာပါ။ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသမှာ မျက်စိသူငယ်နားသူငယ်နဲ့ မေးရင်းစမ်းရင်း မင်းလှမော်တော်ဆိပ်ကိုရောက်ခဲ့ပါတယ်။ မော်တော်အသေးလေးမှာ လူတင်ကုန်တင်နဲ့ ထွက်ချိန်နောက်ကျသလို မြစ်ရိုးတစ်လျှောက်လည်း ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းလွန်းထိုးတော့တာကိုး။ မင်းလှကိုရောက်တော့ မိုးစုံးစုံးချုပ်ခဲ့ပြီ။ နာမည်ကျော်မင်းလှခံတပ်ကြီးရှိတဲ့မြို့ပေါ့။ ကားဆိုလို့မူးလို့ ရှူစရာတောင်မရှိတော့။ မော်တော်ပေါ်ပါလာတဲ့ ခရီးသွားအချင်းချင်းမိတ်ဖွဲ့ပြီး လမ်းတူတဲ့သူတွေက လမ်းလျှောက်ကြမယ်ဆိုတော့လည်း သားအမိနှစ်ယောက် ချန်မနေခဲ့ရဲ။ ပေတေပြီးလျှောက်နေမိပေမယ့် ခရီးစဉ်တစ်လျောက်လုံး မောပန်းနွမ်းနယ်နေခဲ့ပြီ။ လျှောက်ရမယ့် ခရီးက သုံးမိုင်ကျော်ကျော်။

တက်ဂလောက်ဆိုတဲ့ မြင်းလှည်းသံအကြားမှာ မျက်လုံးတွေလည်း ဝင်းလာခဲ့တယ်။ မြင်းလှည်းက သံပုရာကန်မှာသိမ်းမှာဆိုတော့ တောင်းသလောက်ပေးပြီး စီးခဲ့ကြတာပေါ့။ ဆိုးပေ့ဆိုတဲ့လမ်းမျိုးက ဒါမျိုးလားမသိ။ မြေပဲယိုကိုတုပပြီး ခင်းထားသလား အောက်မေ့ရတယ်။ မရှိမဲ့ ရှိမဲ့ ကတ္တရာ အထက်မှာ ဟိုတစ်ဖက်ထောင် ဒီတစ်ဖက်ထ လမ်းခင်းကျောက်တုံးတွေက ဒုနဲ့ဒေး။ တောင်ကုန်းအမြင့်တစ်ခုအတက်မှာတော့ စီးလာတဲ့မြင်းက ဗွေဖောက်ပါလေရော။ ခိုင်းတဲ့အတိုင်းမသွားတော့ပဲ ကဆုန်ပေါက်လိုက် ဟိုဘက်ယိမ်းလိုက် ဒီဘက်တိုးလိုက်ဖြစ်နေတော့တာ။ တလိုက်ရတဲ့ ဘုရားကလည်း မြန်မာပြည်ရှိသမျှတန်ခိုးကြီးဘုရား ကုန်ပါလေရော။

တစ်နေကုန်ပင်ပန်းရတဲ့ အထဲ ဒီလောက်မြင့်တဲ့ တောင်ကုန်းကို တက်ခိုင်းအုံးဟယ်ဆိုပြီး စိတ်တိုဟန်ရှိပါတယ်။ ခရီးသည်တွေ ခဏဆင်းပြီး မြင်းလှည်းဆရာက သူ့မြင်းကို သူချော့ရှာပါတယ်။တော်ပါသေးတယ် သူအမောပြေသဘောကောင်းပြီဆိုမှ ခရီးသည်တွေ တိတ်တိတ်လေးခိုးတတ်ရပါတယ်။

လမ်းလေးခွဆုံကိုရောက်တော့ ဆယ်နာရီကျော်နေခဲ့ပြီ။ လမ်းဘယ်ညာအစုံမှာ တိုက်ခန်းပုံစံတူတွေ တန်းစီလို့။ ဒါ ၄၀၀စကေးပဲကလေးမဆိုပြီး မြင်းလှည်းဆရာက ထားခဲ့ပါတယ်။ ဘယ်အိမ်မှန်းမသိပေမယ့် အညာအရပ်မို့ တစ်ယောက်တစ်လက်ဆိုတော့ ဖေ့ဆီကိုတော့ ရောက်ဖြစ်သွားတယ်။ နှစ်ခန်းတွဲအိမ်လေးတစ်လုံးမှ စနေရတဲ့ ဘဝလေးပေါ့။ စျေးဆိုတာ မရှိ။ အသားငါးဆိုတာမရှိ။ အသားစားချင်ရင် ဟိုးရွာထဲက ကြက်အရှင်ကိုဝယ်လာ ကိုယ်တိုင်သတ်စားမှသာ စားရမယ့် နေရာမျိုးပါ။ လမ်းပန်းဆက်သွယ်ရေး သွားရေးလာရေး ခက်ခဲမှုကတော့ ပြိုင်စံမမှီ။ ခုချိန်ထိ ဖုန်းလိုင်းကအဆင်မပြေသေး။

ဘာပဲဖြစ်ဖြစ် ခြောက်သယောင်းနေတဲ့ ထနောင်းပင်တွေကြားထဲမှာ အမြဲမပြတ်လည်ပတ်နေတဲ့ စက်ရုံကြီးနဲ့အတူအနှစ်နှစ်ဆယ်ကျော်သည်အထိ မခွဲမခွာနေရဖို့ ဒီခရီးစဉ် အစပြုခဲ့တာဆိုတော့ “ဤခရီး ကြမ်းသတဲ့လား” ပေါ့……

7 comments:

khin oo may said...

ကျေးဇူ:./ ဖတ်သွားသည်/. ပြန်မမေးကြေး.။ :D

မောင်ပိစိ said...

အဲ... ဘယ်လိုမန့်ရမှန်းတောင် မသိတော့ဘူး.. ကိုရွာသားရေ..
ကိုမျိုးနဲ့ နက်ဖန်ခါတွေ့မှာ
အဲကြမှ အတင်းတုတ်ပီး မေးကြည့်တော့မယ်နော့်
:) ကောင်းသောညပါ..

sait phay yar said...

အော်...ကိုရွာသားရေ.. မင်းလှကလား

:P said...

မြေပဲယိုလမ်း လို့ရေးထားတာကို ပြုံးမိပါရဲ့..
အထက်မင်းလှ ကပေါ့....

ပန်းခရမ်းပြာ said...

သုံးနှစ်သား အရွယ်က ဖြစ်တာကို သေသေချာချာ မှတ်မိနေသေးတာပဲ။
လမ်းကြမ်းတာကို မြေပဲယို တဲ့.. ကြံကြံဖန်ဖန် ...

ဂရေစ့် said...

တိုက်တိုက်ဆိုင်ဆိုင် ဒီခရီးစဉ်ကို ကျွန်မလည်းရှားရှားပါးပါးတစ်ခေါက်သွားဖူးပါတယ်။ လမ်းတစ်လျှောက် အတူသွားတဲ့အဒေါ်ကိုမြင်သမျှပူဆာ၊ ဂျီကျပြီး မင်းလှကူးတဲ့သင်္ဘောပေါ်မှာ
အိပ်ပျော်သွားလိုက်တာ ခရီးကြမ်းရဲ့ ပင်ပန်းမှုဆိုတာဘာမှန်းမသိလိုက်ခဲ့ပါဘူး။ သြော် ကလေးဘ၀ရဲ့ အရသာပဲလေ။
ခရီးကကြမ်းရတဲ့ထဲ ဂျီတိုက်ခံရတဲ့အဒေါ်အတော်ပင်ပန်းရှာမှာ…အခုမှပြန်တွေးပြီးသနားမိတယ်။
ကျွန်မအကြောင်းသိတဲ့ အဒေါ်က အိမ်အထွက်ကတည်းက မှာပါသေးတယ်။ ခရီးသွားရင်ဟိုပူဆာ၊ ဒီပူဆာ မပူဆာနဲ့ တဲ့။ လိုချင်တာတွေများလွန်းရင်ဆင်းရဲတတ်တယ်တဲ့။
သူပြောလိုက်တဲ့စကားတကယ်အဓိပ္ပါယ်ရှိတယ်။ ရောင့်ရဲတင်းတိမ်မှု ဆိုတာမပါဘဲ ဘ၀ခရီးကိုလျှောက်ကြတဲ့အခါမှာလဲ…
ဒီခရီးကြမ်းသတဲ့လားဆိုရင် ကြမ်းတာပေါ့။

Unknown said...

မေ တူ သားလေးလားမသိ
ခုထိမှတ်မိနေသေးတယ်
သိပ်အမှတ်သည်းခြေကြီးတာပဲ
မြင်ယောင်မိပါတယ် စူပုတ်ပုတ်နဲ့  လက်ကလေးတွဲထားတဲ့ ရွာသားလေးပုံကို
ဘ၀ခရီးက ပိုကြမ်းတယ်နော့