skip to main |
skip to sidebar
ငမိုး နှစ်ရက်ရှိပြီဟာ ဒီမှာမိုးရွာနေတာ။ နင့်ဆီမှာကော ရွာနေတာပဲလား။ ငါတို့စတွေ့တော့ မိုးတွေ ရွာနေတဲ့ ဂျူလိုင်လနော်။ အဲလက်စ်တို့ရဲ့ မိုးသီချင်းခွေလေးကလည်း အမှတ်တရ ထွက်လိုက်သေးတယ်။ မှတ်မှတ်ရရ ၁၉၉၉ ဂျူလိုင်လနော်။
နင်အရင်လို ဆံပင်နှစ်ဖက်ကို ခွဲပြီး တရမ်းရမ်းနဲ့ လျှောက်သွားနေတုန်းပဲလား။ ကလေးလို လော်လီပေါ့တွေစားနေတုန်းပဲလား။ မကြီးအိမ်ကထည့်ပေးလိုက်တဲ့ Sandwichတွေ ကူစားပေးမယ့် ငါမရှိတော့ဘူးနော်။ ကျောပိုးအိတ်လေးကော ပြောင်းသွားပြီလား။ ငမိုး ငမိုး နင်ဘယ်ကိုရောက်နေတာပါလိမ့်။
တစ်ချက်တစ်ချက် နင့်ဇာတ်လမ်းတွေ ငါကြားပါတယ်။ ထွင်လည်းထွင်နိုင်ပါပေတယ်။ သင်္ချာပုစ္ဆာတွေ တွက်သလို အဖြေမရတာနဲ့ နောက်တစ်ပုဒ်ပြောင်းတွက်ကြည့်တာမျိုးလား။ သီအိုရီတော့ တော်တော်ပိုင်နေပြီဆိုပါတော့။
နင်မှတ်မိသေးလား UFL မှာတွေ့တဲ့ ညနေလေ အဲဒီညနေက နောက်ဆုံးပဲထင်တယ်။ အဲဒီနေ့က ငါ့အစ်မ ဘွဲ့ယူလို့ ဓါတ်ပုံလာရိုက်ပေးတာဟ။ ကြုံလည်းကြုံ ပုဂံလမ်းကိုလည်း လွမ်းတာနဲ့ လမ်းလျှောက်ရင်း နင်ရှိနေမယ့် အတန်းကို ခြေထောက်တွေလှမ်းမိတာ။ သိပ်အံသြဖို့ကောင်းတာပဲ နင့်ရဲ့ ကြိုဆိုမှုအတွက် နောက်ထပ်ဘယ်ခြေလှမ်းမှ မလှမ်းမိတော့လောက်အောင်လေ။
မေ့တော့မလို့ BC က လိုင်ဘရီထဲမှာ အမှတ်မထင်ဆုံဖြစ်သေးတာပဲ။ ပြုံးပြပြီး နှုတ်ဆက်ခဲ့ကြရုံပေါ့။ ဒါပေမယ့် ဒါကိုငါစာရင်းထဲမသွင်းချင်ဘူးလေ။ အရင်လိုပဲနော်ဆိုတဲ့ စကားကို ဟန်ပါပါပြောခဲ့ပေမယ့် အရင်လိုမဟုတ်ဘူးဆိုတာ အသိသာကြီးပါ။
ဖုံးတခါတော့ ဆက်ဖြစ်သေးတယ်။ ဟင်းချက်နေရင်း Handfree နဲ့ခေါ်လိုက်တာ။ စကားမပြောဖြစ်တာကြာပြီလေ။ ဘာတွေဖြစ်နေတယ် ဘယ်လိုဖြစ်နေတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မသိတော့လောက်အောင်ပေါ့။
ခဏဆိုတဲ့ အချိန်လေးအတွင်းမှာ အရာအားလုံးဖြစ်ပျက်ခဲ့ကြတယ်။ လိုင်းကားမစီးဘူးတဲ့ နင်တောင် ငါတို့နဲ့ပေါင်းပြီးလိုင်းကားစီးဖြစ်ခဲ့သေးတယ်။ ငါမှတ်မိသေးတယ် အဲဒီအချိန်တုန်း အနှောင့်အယှက်တစ်ခုအတွက် အိမ်ပြန်ချင်ယောင်ဆောင်ပြီး ကျောင်းအနောက်ပေါက်ကနေ ပြန်ရောက်ရောက်လာတတ်တဲ့ နင့်ကိုပေါ့။
ဆရာ့ကျူရှင်ပြီးလို့ အိမ်ကကားလာမခေါ်ခင် နင်မှီစရာနံရံတစ်ခုကကော ရှိသေးရဲ့လား။ စာတွေစွတ်ကျက် စာမရဘူးလို့ညည်းညူတတ်တဲ့ အကျင့်ကော စွဲနေတုန်းပဲလား။ အရိုးပွရောဂါကော အရှင်းပျောက်ပြီလား။ အင်းလေ အရိုးမကောင်းလို့အမှီရှာနေရတာနေမှာပါ။
ငယ်တုန်းဘ၀က တက်ခဲ့တဲ့ ပြဿနာတွေကို အခုပြန်စဉ်းစားကြည့်ရင် ရီချင်တယ်ဟာ။ ကျောင်းဆက်တိုက်တယ်မယ်ဆိုတဲ့ နင်က ရပ်သွားပြီး။ အိမ်ပြန်မယ်ဆိုတဲ့ ငါက ကျောင်းပြီးအောင်တက်ခဲ့တယ်။ အေးလေ နင်သင်ချင်တဲ့ အာခီပညာကိုတောင် နင်သင်ခွင့်မှမရခဲ့တာ။ ရောက်တဲ့အရပ်မှာပျော်အောင်နေပေါ့ဟာ။
ဒါနဲ့ အခုမိုးတိတ်သွားပြီဟ။ အသံတွေမကြားရတော့ဘူး။ ငါက မိုးရွာနေတာကို မမြင်ရဘူးလေ။ နားစွင့်ပြီး မိုးစက်ကျတာကို ခံစားနေမိတာ။ ကဲ ဘာရယ်ညာရယ်မဟုတ်ဘူး မိုးရွာနေတာနဲ့ ငမိုးကိုသတိရနေမိပြန်ပြီ။ စာဖတ်ဖြစ်တယ်ဆိုလည်း ပြန်တော့ပြောဦးနော်။ ယုတ်စွအဆုံး နင်ဘယ်ရောက်နေတယ်ဆိုတာကိုပေါ့…….
12 comments:
kom: ပုဂံလမ်း ဆိုတော့ ဆေးကျောင်းကများလား။ UFL လည်းပါ။ စာကျက်ပြီး စာ မရတာလဲပါ။ အာခီ ကိုမမှီတာလည်းပါ။ စုံထောက်ကြီး အဖြေရှာမရဘဲပြန်သွားပါသည်။ ဆက်လက် ကြိုးစားပါဦးမည်။
အာခီကိုမမီလို့ UFLတက်တာဖြစ်မှာပေါ့နော်။ ပုဂံလမ်းမှာက မိုးကျလက်ဖက်လိုက်ခူးတာလား။ မှိုလိုက်ရှာတာလားမသိဘူး။
အဲ.သူများခံစားချက်တွေ ပျက်ကုန်တော့မယ်။ စိတ်မဆိုးနဲ့နော် ကိုရွာသား
မိမိုးနဲ့ ငမိုး တစ်ယောက်တည်း မဟုတ်လောက်ဘူး ထင်တာပဲနော်။ လာ မနွယ်နဲ့အုံး။ ကြိုကာထားတာ။ ဟဟ...
လွမ်းလောက်ပါတယ်ဗျာ။
သြော်...ဘာလိုလိုနဲ့ ငါတို့စတွေ့ခဲ့ကြတာတောင်
၁၀ နှစ်ပြည့်တော့မှာပါလား ငမိုးရယ်.. အချိန်တွေကုန်သွားတာ မြန်လိုက်တာနော်.....
ငါ့စိတ်ထဲမှာ ဘာမှ မကြာလိုက်သလိုပါပဲဟာ.....
(ဟီဟီဟိ.....ဘာမှမသိပဲ ၀င်ဖောတာ... :) :P :P :) :D)
သူများက မေမိုးနော် ဟီးဟီးး :P :P
သိပ်မရှင်းဘူး..ဘယ်ခေါ်သွားတာလဲမသိဘူး..မိုးတိတ်တော့ ထားခဲ့တယ်...:P
မိုးတွေရွာနေတဲ့အချိန်..ဖြစ်သွားတဲ့အလွမ်းလို့ပဲ ခံစားမိတယ်..
ကိုယ့်မှာလည်း မိုးရှိသေးတယ်..
သူက ဒေါ်မိုးလေ..ကိုယ်က ဦးရွှေရိုး..ဘုရားပွဲအလှူပွဲဆို တွဲနေကျ..
ကိုယ့်ဒေါ်မိုးတောင် လွမ်းသွားတယ်
အင်း ပေးစာ.....
ဘယ်သူ့ကိုလည်းမသိဘူး.....
ဥာဏ်မမှီပါဘူးလေ.... ဖတ်တော့ဖတ်သွားတယ်...
:D
ဒီပိုစ်လေး ဖတ်မိရင် ဆက်သွယ်မယ်ထင်တယ် ကိုရွားသားရေ ပျော်ရွှင်ပါစေဗျာ
ဒီနေ့လည်း ရုံးက ပြန်ရောက်တာ နောက်ကျတော့ မောနေတာနဲ့ ချောင်းမဆိုးနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် မရရအောင် တချက်တော့ ဆိုးလိုက်ဦးမယ်... အဟွတ်! ရေးထားတာ အရမ်းကောင်းတာပဲ ကိုရွာသားလေးရေး))
ဒိုင်ယာရီဟောင်းရဲ့ စာမျက်နှာ
မင်နီတွေရေးလို့  မှတ်ထားတာ
(အဲ့သီချင်းကိုတောင် သွားသတိယမိသေးတယ်)
ပေးစာကိုဖတ်မိရင်တော့ အပြေးကိုလှမ်းလာမှာ သေချာတယ် ရွာသားလေးရေ
Post a Comment