02 November 2008

အမှတ်တမဲ့မှ အမှတ်တရသို့

ကျနော်က ဟောဒီဘလော့လောကထဲကို အမှတ်မထင်ရောက်ရှိလာသူတစ်ယောက်ပါ။ ဒါကြောင့် ဘလော့ ထုံးစံတွေဘာတွေကို နားမလည်ခဲ့ပါဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ ဘလော့အကြောင်းတစေ့တစောင်းတွေကို စိတ်ရှည်ရှည်တစ်မျိုး မာန်မဲ၍တစ်ဖုံ မျိုးစုံအောင်ပြောပြတဲ့ ဆရာလည်းမကျ ညီလည်းမဟုတ် အစ်ကိုလည်းမဆန်တဲ့ ဘလော်ဂါတစ်ယောက်နဲ့ရင်းနှီးခဲ့ပါတယ်။

ကျနော်က ကျနော့ထုံးစံအတိုင်း ဘလော့တွေသွားလည်ပြီးရင် ဆီပုံးမှာအော်တတ်ပင်မယ့် ကျနော့လင့်ကို မပေးမိတတ်ပါဘူး။ ပထမက မပေးတတ်တာပါ။ နောက်တော့ ကျနော့ဆီလာလည်စေချင်လို့ ကြော်ငြာတာဖြစ်မှာစိုးလို့ပါ (ကျနော့ဆီမှာ လင့်ပေးခဲ့တဲ့ လူတွေကိုတော့ ကျနော်ကြိုက်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က ဘလော့လည်တဲ့အပိုင်းအားနည်းတော့ ဘယ်ကနေဘယ်လို ပြန်ရှာရမယ်ဆိုတာ အခုအချိန်ထိ နားမလည် မတတ်ကျွမ်းလို့ပါ)။ တစ်ကယ်က ကျနော်က သူတို့ပရိတ်သတ်အနေနဲ့သူတို့ စာတွေကိုဖတ်ခဲ့တာမျိုးပါ။ မနေနိုင်တဲ့ အဆုံးမှာ ကိုတောင်ငူသားရဲ့ စာမူခလေး ဖတ်အပြီးပေါ့ ကော့မန့်လေးတွေ ချတတ်ပါတယ်။

အဲဒီဘလော်ဂါကနာမည်ကြီးလေ။ ကျနော့သူငယ်ချင်းအဆိုအရဆို သူ့စာမဖတ်ဖူးဘူးဆိုရင် ခေတ်မမှီဘူးဆိုပဲ။ သွားဖတ်ပြီး ဆီပုံးမှာပဲအော်ခဲ့တယ်။ အကျင့်အတိုင်း လင့်ပေးဖို့ပျက်ကွက်ခဲ့တာပါပဲ။ ဘယ်ကနေဘယ်လို ရှာတွေ့လဲတော့ မသိဘူးဗျ နောက်ကနေပြန်လိုက်လာပါတယ်။ ခြေရာလေးတော့ ချန်ခဲ့ဖို့ကောင်းတယ်တဲ့။ အင်းလေ..သူက ဘလော့တစ်ကာကို စုံအောင်ခြေဆန့်နိုင်ပေတာကိုး။ တွေ့တော့မပေါ့။ ဒါပေမယ့် တွေ့အောင်ရှာတယ်ဆိုတဲ့ သူ့စိတ်ဓါတ်က အလေးထားတာကို ပြသနေပါတယ်။ ဒါကြောင့်လည်း လူချစ်လူခင်များပြီး ရေးသမျှ အောင်မြင်နေတော့တာ။ ကော့မန့်သူဌေးပေါ့ဗျာ။ တစ်ကယ် မနာလိုစရာကောင်းပါတယ်။

နောက်တော့ ကျနော်ရေးတဲ့ စာတစ်ပုဒ်ကနေ အပြင်မှာဆွေးနွေးချင်တယ်။ ဂျီတော့ကိုလာပေးပါဆိုလို့ စကားတွေပြောဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ရဲ့ ဘ၀အမောတွေကို နားထောင်ပေးမိခဲ့တယ်။ ငယ်ရွယ်သူတစ်ယောက်ရဲ့ ရပ်တည်မှုအတွက် ချီးကျူးမိပါတယ်။ အသက်အရွယ်အရ ကျနော်က ကြီးတာမို့ အားပေးတန် အားပေး အကြံပေးတန်ပေးလုပ်ခဲ့မိတယ်ထင်ပါရဲ့။

ကျနော်စိတ်ညစ်လို့ဘလော့ ပိတ်မယ်ဆိုတော့လည်း အတန်တန်တားတတ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဘလော့ကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့သူပါ။ သူငယ်ချင်းကတော့ ပြောပါတယ် တန်းပလိတ်ပြောင်းတာနေမှာပါတဲ့။ အခုလည်း သူတန်းပလိတ်ပြောင်းဦးမလား မသိ။ ဒါပေမယ့် ဒီတစ်ခါတန်းပလိတ်က ကြာမယ်ထင်တယ်။

သူ့ကိုသတိထားမိစေတာက သူရေးသမျှစာတိုင်းမှာ စာလုံးပေါင်းတွေမှားနေတတ်တာပါ။ တစ်ချိန်လုံးကို မှားနေတော့တာ။ မခင်ဦးမေနဲ့မောင်နှမ တော်တယ်ထင်ပါရဲ့ (နှစ်ယောက်လုံးစိတ်ဆိုးရင် ကျနော့ကို မုန့်ဝယ်ကျွေးပြီးမှ စိတ်ဆိုးကြပါ။ ဒါမှပြန်ဝယ်မကျွေးရမှာ ပိုင်တယ်နော်)။ စာတွေကဗျာ တွေကတော့ ရေးချက် ပြောမနေပါနဲ့။ သူမို့ကြံကြံဖန်ဖန်တွေးတတ် ရေးတတ်ပါပေတယ်။ စာတွေမဖတ်ဖူးဘူးဆိုတော့လည်း အံ့သြမိပြန်ရော။ စာတွေမဖတ်ဖူးဘဲ ဒီလိုမျိုးရေးတတ်တယ်ဆိုတော့ ပါရမီကောင်းလို့ပေါ့ဗျာ။

အခုလည်း အမိမြေကို ပြန်မယ် တကဲကဲလုပ်နေပြန်ပါပြီ။ အမိမြေကို ပြန်သွားရင် သူချစ်တဲ့ ဒီဘလော့လောကကိုစွန့်ခွာရတော့မှာပါ။ အိုးပုတ်ပန်းတွေကြားမှာ ဘလော့သုံးခွင့်က သိပ်မသေချာဘူးလေ။ အိုးပုတ်တွေနဲ့ပဲ့ ဆော့နေပေါ့ဗျာ။

ကျနော့အတွက်တော့ တကယ့်ဆုံးရှုံးမှုကြီးတစ်ခုပေါ့။ ရှားရှားပါးပါး အမာခံပရိတ်သတ်တစ်ယောက် ဆုံးရှုံးပြီလေ။ ခရီးသွားဆောင်းပါးတွေကို မကြိုက်တတ်သော၊ ပို့စ်တွေရှည်ရင် ခိုးဖတ်ရတာ အဆင်မပြေဘူးဆိုပြီး ကွန်ပလိန့်တက်တတ်သော၊ နေ့တိုင်းမပြတ်စာလာဖတ်တတ်သော၊ ဆီပုံးမှာ ထိုင်ခံအော်ပြီး တစ်ယောက်တည်း ရန်လိုနေတတ်သော၊ အချစ်အကြောင်းရေးဖို့အမြဲတိုက်တွန်းတတ်သောသူတစ်ယောက် မကြာခင် ပျောက်ဆုံးတော့မယ်လေ။

တစ်ကယ်ပြန်ဖြစ် မပြန်ဖြစ်ကိုတော့ သူပဲဆုံးဖြတ်ပါလိမ့်မယ်။ ဘ၀တစ်ကွေ့ဆိုတာ လှေကားလေးကွေ့လိုက်သလိုပါပဲ။ နောက်တစ်ကွေ့မှာ ပြန်တွေ့ခွင့်ရှိခဲ့ရင်တော့ ဆုံချင်ပါသေးတယ်ဆိုတာ ပြောလိုက်ပါရစေခင်ဗျာ။ သူဘယ်သူလဲဆိုတာ ကျနော်ပြောဖို့လိုဦးမလား??????


14 comments:

ATN said...

အဲတာ အကို့ရဲ့တူ ကြောင်မျိုးပေါ့...

ဒီကောင်တော့ လူချင်းတွေ့မှ နာရင်းအုပ်ရဦးမယ်...

khin oo may said...

ပညာတတ်ကလည်း ဖော်ကလည်းဖော်။ ဖွက် ကလည်းဖွက်။ ပညာရှိ အချင်းချင်းဆိုတော့လည်း ဒါ ကြောင် ကလေး ဘဲ လို့စဉ်းစားနေပါတယ်။ အပြုံးကလေး က မပီ့တပီ။ နှူတ်ခမ်းလေး ကစောင်းလို့။ ဘယ် ကအောက် ညာ ကအထက်။ မသိသူများက လေ ဖြတ်ထား သလား ထင် ယောင် မိမှား။ ပြန်ချင်လည်းပြန် နေချင်လည်းနေ။ လော ကကြီး အဆင် ပြေ သလို လှူပ်ရှား။ သို့သော်ငြား ခင် မင် သော သူ များနှင့် မခွဲခွာလိုပါ။

:P said...

အဟွတ်..စကတည်းက ကြောင်မျိုးလို့ထင်သား...
ဓါတ်ပုံတွေ့တော့မှပဲ...
မသွားစေချင်ပါဘူး..ကြောင်ကလေးကို
ဒါပေမယ့် သူ့မှာလည်းဘယ်လိုအကြောင်းတွေရှိမှန်းမသိ..
ဘလော့မပိတ်ဖို့တော့ပြောပေးကြပါလားးးးးးးး

ဝေလေး said...

ဘယ်သူလဲပြောစရာမလိုပါ..
တစ်ကယ်ကို အမှတ်တမဲ့မှ အမှတ်တရသို့ပါပဲ.......
ဘလော့တော့ ပိတ်မသွားလောက်ပါဘူးနော်.....
ကံမကုန်ရင်တော့......

Anonymous said...

ကျေးဇူးတင်လည်းတင် ပျော်လည်းပျော် ၀မ်းလည်းနည်း ခံစားချက်တွေ အများင်္ကြီးတစ်ပြိုင်တည်းဖြစ်သွားတယ် ။ ဘာပြောရမလဲမသိး(
ကျေးဇူးတွေကို နောင်ဘ၀မှဆက်တော့မယ်နော့် ဟိဟိ ချစ်ကိုကြီးး အဘွားးးးးးးးးးးးး :P

ရွှန်းမီ said...

blog အလည်လာရင် link ကိုတော့ ချန်ခဲ့စေချင်ပါတယ်။
အစက သူလည်း အဲ့လိုပဲ ပြောပြီး နောက်ပိုင်း သူကစပြီး link တွေ မချန်ဖြစ်ကြတော့ဘူး။
လူရင်းတွေဆိုတော့ လိပ်စာအလွတ်ရတယ် လို့ ယူဆကြမယ် ထင်တယ်။
သတိရနေပါဦးမယ်။

ရွှေပြည်သူ (ShwePyiThu) said...

ရင်ထဲမှာ မကောင်းဘူး ကိုရွာသားလေး... နောက်ချင်စိတ်လည်း မရှိတော့ဘူး... ဘာမှ မပြောချင်လောက်အောင် ၀မ်းနည်းနေပါတယ်...

Unknown said...

အင်းလေ...အားပေးပြီးနေ..နေရတာပါဘဲ...တို့ထင်ပါတယ်...သူမကြာခင်ပြန်လာမှာပါ..
ခဏလေးဘဲခွဲရမယ်လို့တို့တော့ထင်တာပါဘဲ...
တကယ်ပါ....ခဏလေးပါ...ဝိုင်းပြီးဆုတောင်းကြတာပေါ့..................
အရာရာအဆင်ပြေစေဘို့.........

RePublic said...

အဲဒါ မောင်မျိုး (ရင်တွင်းဖြစ်) ပါခင်ဗျာ ၊၊
မှန်ရင် မုန့်ကြွေးပါ ၊၊ ဒါပါပဲ ၊၊

ကိုကြီးဝီ

ပန်းခရမ်းပြာ said...

ရွာသားလေးက အရေးကောင်းလို့ မျက်ရည်ဝဲနေတုန်း မမခင်ဦးမေ ကွန်မန့်ဖတ်ပြီး ရယ်မိတယ်။

ဇင်ယော် said...

ခင်မင်ရတဲ့ ညီငယ်တစ်ယောက်ပေါ့ဗျာ။ အဆင်ပြေဖို့  ဆုတောင်းပေးရင်း မြန်မြန်ပြန်လာဖို့ လည်း မှာထားကြောင်းပါခင်ဗျ။

ကိုရုပ်ဆိုး said...

အော် .... မောင်မျိုးလေး ... အကုန်လုံး စိတ်ဆင်းရဲရပြီ။ ဒီလကုန် ရန်ကုန်လာမှ ၁၉-လမ်းခေါ်ပြီး ရင်ဖွင့်ခိုင်းလိုက်ဦးမယ်။

တန်ခူး said...

ဘလော့ဂ် အတော်ဝေးသွားမှန်း ရွာသားလေး ပို့ စ်ဖတ်မှ သိတော့တယ်…
မောင်မျိုးတယောက် ဘယ်လိုဖြစ်တာလဲ…
သံယောဇဉ်တွေဖြတ်ပစ်ဖို့ က နဲတဲ့ကြိုးတွေမှ မဟုတ်တာ…
ဒီကဖြတ် ဟိုကရှုပ်နဲ့  ဖြတ်လေရစ်လေ ဖြစ်နေမှာ… မယုံရင်ကြည့်…

Unknown said...

ဖတ်ရင်းနဲ့  သတိယသွားပြီး ဘလော့တွေ ဖတ်စမှာ
ဦးသားလေးကို သိတာပဲ ငယ်မှန်းသိပေမယ့် စိတ်ထဲမှာ အကိုကြီးတယောက်လို ခံစားမိလို့  ဦးသားလေးလို့ ပဲ ခေါ်ခဲ့မိတယ် သူ့ စာလေးတွေက တခါတလေ ရင်မောမိတယ် တခါတလေ ပျော်ရွှင်ဖို့ ကောင်းတယ် ကဗျာလေးတွေလည်း ကောင်းပြီးကောင်းရဲ့ ရေးပြီး နောက်ဆုံးပိုင်းကျမှ ပေါက်ကရလေးတွေရေး တတ်တယ် နောက်ပိုင်း ပြာသိုအဖြစ်ပြောင်းသွားသည် ထိ သူ့ ဘလော့တွေကိုဖတ်ဖြစ်တယ် ခင်မင်စရာ ကောင်းတဲ့ ဦးသားလေးလို့ ခေါ်တဲ့ ကြောင်မျိုးလေး တယောက် ခုဆို ခရမ်းရင့်ရောင်အိုးပုတ်ပန်းတွေကြား မှာ ပျော်မွေ့ နေပြီးလားလို့  သတိယရင်း------- ပြာသိုလ ကိုရောက်ဖို့  မျှော်နေမိပါတယ်