10 November 2008






ဟဲ့နင် ဒီနေ့ ဘယ်လောက်ပြီးပြီလဲ ဆိုတဲ့ အသံကြားမှ ဖျတ်ခနဲ ဘေးနားမှာထောင်ထားတဲ့ အစည်းတွေကို ကြည့်လိုက်မိတယ်။ အို….ဘာမှ မရှိသေးပါလား။ သူဇာခုံက ဒီညနေလာသိမ်းမယ်လို့ပြောထားသားနဲ့ ငါ့နှယ်နော် ငေးနေတွေးနေမိလိုက်တာ……..

ဗန်းထဲက ဆေးစပ်တွေကို ကြည့်မိတယ်။ ဖင်ဆီခံတွေလဲ တောင်ပုံယာပုံ။ အသားတုံးပေါ်တင်ထားတဲ့ ကော်တောင် ခြောက်လုလုရှိရော့မယ်။ အင်းတံဆိပ်တွေလည်း ညှပ်ရဦးမှာပါလား။ မြန်မြန်လုပ်မှ သူဇာခုံက ရှင်းရင်နေ့ချင်း ပေးတတ်တာလေ။ အိမ်မှာဆန်က သိပ်ကျန်တော့တာမဟုတ်ဘူး။

ဆန်ဆိုမှ ထမင်းအိုးတည်ရဦးမှာပါလား။ အိုးထဲမှာ ဆန်မှကျန်ပါလေစ။ မလောက်တော့လည်း အရင်လို အနောက်အိမ်က သွားချေးလိုက်တာပေါ့။ နောက်မှ ပြန်ဆပ်မယ်လေ။ တော်ပါသေးရဲ့ တခါချက်စာတော့ ကျန်နေသေးလို့။ ဆန်ဆေးပြီး အပြေးအလွှားတည်အပြီး အိမ်ရှေ့မှာ မခင်မာကြည်။ ဗျိုး…မခင်မာကြည် ဒီနေ့ဘာကောင်းလဲမေးလိုက်မိတာ ဘော်လီထဲက ၅ကျပ်လား ၁၀လား ပါသွားပြန်လေရော။

မဖြစ်သေးပါဘူး ဒီနေ့ပြီးအောင်လိပ်မှပါပဲ။ ဗန်းအောက်ကို ခြေထောက်လျှို ခြေထောက်ပေါ်ပုဆိုးခံပြီး ပြန်ထိုင်ရတယ်။ ဆေးရွက်တွေက ပိုးပေါက်တွေတယ်များပါလား။ ဘယ်လိုဖြစ်တာပါလိမ့်။ နှစ်ရွက်ပေါင်းမှတစ်လိပ်သာ လိပ်နေရင်တော့ ခုံကအော်တော့မှာပဲ။ ဒီတစ်ခေါက်လာမှ ပြောရဦးမယ်။ နှစ်ရွက်ထပ်ပြီး ချိုးထားတဲ့ ဆေးရွက်ထဲကို ဆေးစပ်လေးတွေထည့် နောက်ပိတ်ဖင်ဆီခံပြီး မပွမကျစ်လေးလိပ် ပြီးတော့မှ တံဆိပ်ကို ကော်သုတ်လိပ်ထားတဲ့ အပေါ်မှာ ကပ်။ ဖင်ဆီခံကို ညီအောင် တစ်ချက်နှစ်ချက်ညှိပြီးရင်တော့ ခေါင်းချိုးဖို့သာပြင်။ သုံးထောင့်ပြားချွန်ချွန်ကြေးပြားလေးနဲ့ ဟိုတစ်ဖက်ထိုး ဒီတစ်ဖက်ထိုးလုပ်လိုက်ရင် ညီညာလှပတဲ့ ဆေးလိပ်တစ်လိပ်ဖြစ်ပြီပေါ့။ ခေါင်းမချိုးတတ်လို့ကတော့ ရှေ့ဆက်လိပ်ဖို့မစဉ်းစားနဲ့။

တစ်လိပ်နှစ်လိပ် တော်တော်လေးလိပ်မိလို့ ပုံသွားရင်တော့ ရာစည်း စည်းပေတာ့။ တစ်လိပ်ချင်းဆီကို ရေတာတော့ ဘယ်ဟုတ်မလဲ။ လက်နှစ်ဖက်နဲ့ အားရပါးရစု ရာစည်းပုံထွက်အောင် ဘယ်ညှိညာညှိလုပ်ပြီး သားရေပင်နဲ့ချည်လိုက်ရုံပါပဲ။။ တစ်ခါမှ တစ်လိပ်တစ်လေ လျှော့တယ်ဆိုတာ မရှိသေးပါဘူး။ လုပ်ရင်းကိုင်ရင်း အလုပ်ကသင်သွားတယ်ဆိုပါတော့။

ခပ်သွက်သွက်လိပ်နေပေမယ့် အချိန်ကုန်တာလည်း မြန်လိုက်တာ။ လေးငါးရာပဲရှိသေးတယ်။ နေကလည်းဝင်လုရော့ရော့။ နေ့လည်ထမင်းစားရဦးမှာပါလား။ ကတိုက်ကရိုက် ချဉ်ပေါင်းဟင်းနဲ့ ထမင်းမှာ ငပိရည်ဆမ်းပြီး တဝစားလိုက်ရတယ်။ ထမင်းဆိပ်တက်မယ့် အချိန်ကို ငှားထားတဲ့ စာအုပ်လေးနဲ့ မှိန်းနေဦးမှ။ ပြီးရင်တော့ ဗန်းအောက်ကို ပြန်ဝင်ရမယ်လေ။

လာပါပြီ လာပါပြီ.. မျှော်လေတဲ့ ခုံကဆေးလိပ်စည်းတွေလာသိမ်းပြီလေ။ မနက်ဖြန်ရန်ကုန်ကိုပို့မှာမို့ ဖြန့်ထားတဲ့ ဆေးလိပ်သမတွေဆီမှာ လိုက်သိမ်းနေကြပြီ။ တစ်ထောင်ပဲပြီးတာမို့ ပေးခဲ့တဲ့ ငွေငါးဆယ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ညနေဆန်ဝယ်ဖို့ ကိုတွက်ချက်နေမိတယ်။

မကြာပါဘူး အိမ်ရှေ့ဆူညံဆူညံနဲ့ မချိုတို့ ညီအစ်မတစ်တွေရောက်နေကြပြီ။ ရေမြန်မြန်ချိုး ဒီည ဘူတာနားက ကိုစံသိန်းရုံမှာ ဒွေးနဲ့စိုးမြတ်သူဇာကားအသစ်တဲ့။ တစ်ညတစ်လေပဲလေ ကားကောင်းတယ်ဆိုမှတော့ လိုက်ရဦးမှာပေါ့။ ဆန်ကလေး ၁ပြည် တက်သုတ်ရိုက်ဝယ် ရေချိုးမိုးချိုး။ အင်း….မနက်ဖြန်နေ့ရက်တွေမှာလည်း နောက်ထပ်နောက်ထပ် တစ်ရာနှစ်ရာ အခါခါစည်းပါလို့ရယ်ပေါ့……

ဆေးလိပ်အမြဲလိပ်နေရတတ်တဲ့ ကျနော့်အဒေါ်တွေအတွက်အမှတ်တရပါ။

11 comments:

:P said...

အရင်တုံးက ငွေထင်တယ်နော်...
၁၀၀၀ လိပ်တာမှ ၅၀ ပဲရတယ်၊
ဆန် တစ်ပြည်ပါဝယ်တယ်ဆိုလို့ စပ်စုကြည့်တာပါ

khin oo may said...

ုkom: ဆေးလိပ်ဝိုင်းလိပ်ပေးသွားတယ် အဒေါ်တွေ ကို ခင်လို့ရွာသားလေး ဝက် နံရိုးကျော် မျက်နှာနဲ့ :P

ဇင်ယော် said...

ကိုရွာသား မျက်လုံးထဲမှာ မြင်ယောင်လာတယ်။ ဘ၀သရုပ်ဖော်လေးပေါ့လေ။ ဒါနဲ့  ဆေးလိပ်ခုံကို သွားလည်ရင် အနော့်ကိုလည်း ခေါ်နော်။ တစ်ရာစီးတစ်စီးလောက်ဆွဲလာပြီး ပေါ့ကျလေးနဲ့  နှပ်လိုက်လို့ ကတော့ ဟေဟေ. ဇိမ်ပဲ။

လင်းဒီပ said...

ဒီစာလေးဖတ်လိုက်တော့ ကိုယ်..ဟိုးအရင်စစ်သူကြီးဘဝတုန်းက ကိုယ်နဲ့ ကိုယ်ချစ်သူလေးအကြောင်းကို စာဆိုတစ်ယောက်က ရေးထားတဲ့ကဗျာလေးပြန်အမှတ်ရတယ်..
ဘဝတွေအရမ်းများခဲ့ပြီဆိုတော့ ကဗျာလေးကို အစအဆုံးတော့ မမှတ်မိတော့ဘူး..မှတ်မိသလောက်ရေးခဲ့လိုက်တယ်..

မဝယ်ဘူး
မယ်ခူးတဲ့ဖက်စို..

မီးမကူ
နေပူမှာမကင်အားလို့
ထားရတယ်အိပ်ရအောက်မှာ မင်းသောက်ဖို့ကို..

ဘယ်လောက်အံသြစရာ ကောင်းလဲ..ဒီဘဝကျတော့ ဒီကဗျာလေး..အထက်တန်းမှာပြန်သင်ရတယ်..ဟီး

RePublic said...

အရေးလေးတွေ ကောင်းတယ်ဗျာ ၊၊ ပုံထဲက ဆေးလိပ်စည်းနေတဲ့ ကိုရွာသားလေး အဒေါ်က ငယ်ငယ်လေးပါလားဗျ ၊၊
အင်း ဟုတ်မှာပါလေ ၊၊ ကိုရွာသားလေးက ငယ်ငယ်ပဲရှိသေးတာပဲ ၊၊

ကိုကြီးဝီ

မောင်ဖားကြီး said...

ကောင်းတယ်အစ်ကိုရေ သူ့တို့ဘာသာ ပျော်မွေ့ရောင့်ရဲနေတဲ့
ဘ၀ လေးကလည်း ကြည်နူးစရာကောင်းတာပဲဗျာ......

Phyo Evergreen said...

ကိုရွာသားရေ အရေးအသားလည်းကောင်းတယ် ဗဟုသုတ လည်းရတယ်ဗျာ..။ အားပေးနေပါတယ်...။ ခင်မင်လျက်..။

တန်ခူး said...

အရေးအသားလေးက ညက်နေတာပဲ… တကယ့်ဆေးလိပ်သမလေး ရေးထားတဲ့အတိုင်း… တို့ တွေအဒေါ်တွေလဲ လိပ်တတ်တယ်… အရင်တုန်းက သင်ဖူးတယ်… ကိုယ်လိပ်တဲ့ဆေးလိပ်လောက် ပုံမကျပန်းမကျတာ မရှိဘူး…

Thargyi(Gyobingauk) said...

အရေးအသားညက်လိုက်တာဗျာ..
ကျွန်တော့်ကိုသင်ပေးပါလား..
:D

Unknown said...

ရေးတတ်ပါပေ့ မောင်ရွာသားရယ်
ဒီပိုစ့်လေးကို သဘောကျမိတယ်
ငယ်ငယ်က ဆေးလိပ်ခုံတွေ လိပ်တဲ့သူတွေနဲ့  တော်၂ နီး၂စပ်၂ တွေ့ ဖူး မြင်ဖူးနေပေမယ့် သတိမထားခဲ့မိဘူး
တော်လိုက်တဲ့ မောင်ရွာသား ထင်းကနဲ ရှင်းကနဲ နဲ့ 
ပြီး သူတို့ ဘ၀ သဘာဝလေးကိုပါ သရုပ်ဖော်သွားလိုက် သေးတယ်

Unknown said...

ထပ်ဖတ်ပြီး ထပ်ပြုံးသွားသည်