05 November 2008

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ရာဇ၀င် (2)

တစ်ရာသီကနေ တစ်ရာသီ တစ်နယ်ကနေ တစ်နယ်ပြောင်းရင်း ရွှေ့ရင်းပေါ့။ မပြုံးရီမရှိတော့ ပေမယ့် မပြုံးကြည်တစ်ယောက်တည်း ဘ၀ကိုအရှုံးမပေး မညီးမညူ အလုပ်တွေလုပ်ရင်းပါ။

ဘ၀တစ်ဆစ်ချိုးကို ကြုံစေခဲ့တာ မန္တလေးဆိုတဲ့ ရတနာပုံနေပြည်တော်မှာပါ။ အစ်မငယ်မရှိတော့တဲ့နောက်မှာ ဘေးပတ်ဝန်းကျင်ကိုအဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ စကားကိုဟဟမပြော အလုပ်ကိုသာတွင်တွင်လုပ်ခဲ့တာပါ။ အသက်ငယ်ရွယ်ပင်မယ့် ပင်ပန်းတယ်ဆိုတဲ့ စကားကို တစ်ခွန်းတောင် မပြောခဲ့ဘူးတဲ့ အံသြစရာ ခရေပန်းလေးပါပဲ။

အဲဒီလို အလုပ်နဲ့လက် ဇယ်ဆက်သလို လုပ်နေလို့ထင်ပါရဲ့ ပတ်ဝန်းကျင်က ဂရုစိုက်စပြုလာပါတယ်။ အမှိုက်သွားလွှင့်ပစ်တုန်း ဘေးအိမ်နီးချင်း ဗိုလ်ကြီး ကတော်နှစ်ယောက်က စကားစပြောလာပါတော့တယ်။ မပြုံးကြည်ဘယ်ပြန်ပြောရဲပါ့မလဲ။ ဒီလောက မှာ ဘယ်သူ့ကို ယုံကြည်ရမယ်ဆိုတာ သူဘယ်လိုသိနိုင်မှာတဲ့လဲ။

အဲဒီဗိုလ်ကြီးကတော်တွေကလည်း ကြည့်ရင်းကြည့်ရင်း သနားစိတ်ဝင်လာလို့ထင်ပါရဲ့။ တမေးတည်းကိုမေးနေကြတော့တာ။ ယုံကြည်စိတ်ချရလောက်ပြီဆိုတဲ့ တစ်နေ့မှာတော့ သူတို့သိချင်တဲ့ ခရေပန်းလေးရဲ့ ဘ၀ဇာတ်ကြောင်းကို ခင်းပြလိုက်မိတယ်။ တစ်ခါတည်း ပြောလိုက်မိတာက နောက်တစ်ခေါက် ဘယ်သူ့အိမ်မှာမှ ဒီလိုဘ၀မျိုးဆက်မနေချင်ဘူးဆိုတာကိုပါ။ စိတ်ရင်းစေတနာကောင်းရှိသူတွေမို့ သူတို့ကလည်း ခရေပန်းလေးကို ဘယ်အိမ်မှပို့ဖို့မဟုတ်ပါဘူးတဲ့။ မန္တလေးက မိန်းကလေး ဂေဟာတစ်ခုကိုပို့ပေးဖို့ပါတဲ့။ အဲဒီမှာ ကျွန်မအတွက်လုံခြုံမှာလားဆိုတော့ စိတ်ချပါတဲ့။ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ရမှာပါတဲ့။ အဲလိုနဲ့ ကြမ်းတမ်းတဲ့ ဘ၀တစ်ခုကို အဆုံးသတ်ဖို့ လမ်းစတွေ့လာရပါတယ်။

တစ်နေ့ အဆင်ပြေတဲ့ တစ်နေ့မှာ ထိန်းနေတဲ့ကလေး အိပ်ပျော်ပြီဆိုတော့မှ ခြင်ထောင်ကို အသာချပြီး ဟိုဘက်အိမ်ကို ပြေးလာခဲ့မိတယ်။ ဒီနေ့ ဂေဟာကို လိုက်ပို့ကြတော့မယ်လေ။ အ၀တ်အစားအနည်းငယ်နဲ့ ဆင်ထားတဲ့ ရွှေစအနည်းငယ်ကို ယူဆောင်ခဲ့ပါတယ်။

တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံနဲ့ မိန်းကလေးဂေဟာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ဘ၀တစ်ဆစ်ချိုးခဲ့ပြီထင်ပါရဲ့။ လွတ်မြောက်စေတဲ့လမ်းတစ်ခုကို ညွှန်ပြပေးတဲ့ ကျေးဇူးရှင် နှစ်ယောက်ကိုတော့ နှလုံးသားထဲသံမှိုစွဲအောင်မှတ်ခဲ့ပါတယ်။ အခုချိန်ထိ ပြန်လည်မတွေ့နိုင်သေးတာမို့ ကျေးဇူးဆပ်ခွင့်ရချင်ပါသေးတယ်။ သူတို့ကတော့ ဗိုလ်ကြီးခင်မောင်ရဲ့ ဇနီး ဒေါ်နုနုနဲ့ ဗိုလ်ကြီးကြည်ရဲ့ ဇနီး ဒေါ်လှလှတို့ပါပဲ။ သူတို့ရဲ့ အဆက်အနွယ်တွေများ အသိမိတ်ဆွေများ ဖတ်မိခဲ့ရင် ခရေပန်းလေးကို ဆက်သွယ်ပေးစေချင်ပါတယ်။

မိန်းကလေးဂေဟာကို မိခင်ကြီးတစ်ယောက်လို အုပ်ချုပ်တဲ့သူကတော့ အမေ ဒေါ်စောမြသန်းပါပဲ။ အမှန်တရားနဲ့ ဘက်မလိုက်ပဲအုပ်ချုပ်ခဲ့တဲ့ ဆရာမကိုတကယ့်ကို လေးစားစွာမှတ်တမ်းတင်အပ်ပါတယ်။ တစ်ချက်မညည်းပဲ ရှိသမျှအလုပ်တွေကို တန်းစီလုပ်တတ်တဲ့ မပြုံးကြည်ကို သတိထားမိကြပါတယ်။

ဂေဟာကို ဗိုလ်မှူးကတော်က လာခေါ်ပါသေးတယ်။ ပထမအကြိမ်လာခေါ်တော့ သူဆင်ထားတဲ့ ရွှေတိုရွှေစလေးတွေအတွက် စကားပြောလာပါတယ်။ ဘ၀ကသင်ပေးတဲ့ အသိနဲ့ မပြုံးကြည်က ခေါင်းမော့ရင်ကော့ပြီး ပြန်ပြောမိတာက အဲဒါကျမလုပ်အားခတွေလေအမေရဲ့ ဆိုတာပါပဲ။ တစ်ခေါက်လက်လျှော့ပြီးပြန်သွားပင်မယ့် ထပ်ကြိုးစားဦးမယ်ထင်ပါတယ်။

ထင်တဲ့အတိုင်းနောက်တစ်ခေါက်မှာတော့ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ပေါ့။ မပြုံးကြည်ထိန်းခဲ့ဘူးတဲ့ ကလေးငယ်ကို ပိုက်ပြီး ကလေးကငိုနေလို့ သမီးမရှိရင်မောင်လေးက မဖြစ်ပါဘူးဆိုတဲ့ အလိမ်အညာအချွဲတွေနဲ့ပါ။ ဘယ်ဖြစ်မလဲနော် အမေက ကလေးကို ဂရုမှမစိုက်တာကိုး။ ဒါလောက်နဲ့ပဲလားဆိုတော့ နောက်တစ်ခေါက်ရှိပါသေးတယ်။

နောက်ဆုံးတစ်ခေါက်ကိုတော့ ဗိုလ်မှူးကြီးကိုပါခေါ်လာခဲ့တာပါ။ သူုတို့လင်မယားနှစ်ယောက် လာခေါ်ကြပေမယ့်။ ခိုင်ကြည်တဲ့စိတ်နဲ့ ဆုံးဖြတ်ထားတဲ့သူကို ဘယ်အရာမှ တုန်လှုပ်မစွမ်းနိုင်တဲ့အဆုံးမှာတော့ အေးငြိမ်းတဲ့ ဘ၀လေးကို ရလိုက်ပါတော့တယ်။

ကျောင်းကသင်ပေးတဲ့ အတတ်ပညာတွေကို အားသွန်ခွန်စိုက်တတ်မြောက်အောင် သင်ယူရင်း ဆရာမဒေါ်စောမြသန်းရဲ့ လက်စွဲတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ထပ်ဘ၀တစ်ဆစ်ချိုးကို ရောက်ရှိနိုင်ခဲ့တာပါ။

ဒေသန္တရဆေးခန်းတစ်ခုက သူနာပြုအကူခေါ်တာပါ။ အစိုးအရအလုပ်ဖြစ်တာမို့ အသက်ဆယ့်ရှစ်နှစ်ပြည့်မှ အလုပ်လုပ်ခွင့်ရှိပါတယ်။ သူ့အသက်က ဆယ့်ရှစ်နှစ်မပြည့်တတ်သေးပါဘူး။ ဒါပေမယ့် ဆရာမကြီးရဲ့ ထောက်ခံချက်နဲ့ အဲဒီအလုပ်ကို ရလိုက်ပါတယ်။ အဲဒီဆေးခန်းမှာပဲ အဲဒီဆေးခန်းမှာပဲ…………

ဆက်ပါဦးမယ်…

8 comments:

khin oo may said...

အဲဒီ ဆေးခန်းမှားဘဲ ဆရာဝန်လေးနဲ့ တွေ့ရင်တွေ့ မတွေ့ရင။် အညာသားလေး ဆေးခန်းလြာ့ပ တာနဲ့ တွေ့…….တွေ့ပြီးတော့..........

Anonymous said...

ခရေပန်းလေးက တော်သားပဲ ကြမ်းတမ်းတဲ့ဘ၀မှာ အရှုံးမပေးပဲဖြတ်သန်းနိုင်တာ..။

:P said...

ဖတ်လို့အရမ်းကောင်း....

ဝေလေး said...

အဲဒီဆေးခန်းမှာဘာဖြစ်လဲဟင်..
ဆန့်တငင်ငင်နဲ့...

လင်းဒီပ said...

ပထမပိုင်းမေ့လောက်မှ ဒုတိယပိုင်းကိုတင်တယ်..
ဘာတွေလုပ်နေလဲ မပြုံးကြည်..အဲ ကိုရွှေရွာသား...

စူး said...

ဆက်ပါ မြန်မြန်

Unknown said...

ခရေပန်းလေးဘ၀ က ငယ်ပေမယ့် အသိညဏ် ကြွယ်ဝသား ကြိုးစားချင်စိတ်ရှိသား
ကြိုက်တယ ဆက်ရေး

Unknown said...

အဲဒါသာကြည့်တော့ ကိုရီးယားကားများ၂ကြည့်ထားလို့  ကိုရီးယားမင်းသမီးဖြစ်နေတဲ့သူမလို့ သာပေါ့ (အဲလေ) စိတ်ရှည်တဲ့လူမလို့ သာပေါ့ ကောင်းခန်းဆို ရပ်ပြီ မြ၀တီကလူနဲ့ များ အမျိုးတော်လားမသိ
ခရေပန်းလေးအကြောင်းကို တဖြည်း၂သိလာပြီ လောကမှာ လူဆိုးရှိသလို လူကောင်းတွေလည်း ရှိပါတယ်ကွယ် တသတ်မတ်တည်းတော့ သတ်မှတ်လို့  ဘယ်ရမလဲနော်