15 November 2008

ရေဆိုးမြောင်း



ရေဆိုးမြောင်းဆိုတာ စွန့်ပစ်တဲ့ရေတွေ မိုးပေါ်ကကျလာတဲ့ ရေတွေကို စုစည်းပြီး သတ်မှတ်ထားတဲ့နေရာကို ပို့ဆောင်ပေးတဲ့အရာပေါ့။ ရေဆိုးမြောင်း မရှိခဲ့ရင်တော့ ပုပ်ဆွေးနေတဲ့ ပတ်ဝန်းကျင်ကြားမှာ ကျန်းမာရေးနဲ့ မညီညွတ်စွာ နေထိုင်ရမှာ။ ရှိတော့ရှိတယ် ရေစီးရေလာမကောင်းခဲ့ရင်ရော ဒါဆိုလည်း ထိုနည်းတူစွာပါပဲ။

ကျနော်နဲ့ ရေဆိုးမြောင်းတွေ ပတ်သတ်ခဲ့ဖူးတာပေါ့။ ငယ်တုန်းက ကျနော်တို့ အိမ်ရှေ့က ရေဆိုးမြောင်း။ ချိုးရေတွေ အကုန်လုံးအဲဒီ ကျင်းနက်နက်တူးထားတဲ့ မြောင်းထဲကိုပဲသွားတာ။ အဲဒီကျင်းနဲ့ စပ်ဆက်ထားတာ ဘာမှမရှိဘူး။ ဆိုတော့ ရေသုံးအရမ်းများရင် မိုးရွာရင် ကျင်းက လျှံနေပြီ။ ကျင်းမလျှံခင်တော့ အံဖုံးကိုလှန် ရေပုန်းနဲ့ လမ်းပေါ်ကို သွန်ရစမြဲ။ မေတို့ကတော့ အမြဲသွန်ခိုင်းတယ်။ အဲဒါလုပ်ရမယ်ဆို ကျနော်က နောက်တွန့်စမြဲ။ လမ်းမပေါ်မှာလုပ်ရလို့ ရှက်တာမဟုတ်ပါဘူး။ သွန်ရမယ့်ရေတွေက မြောင်းပုတ်ရေတွေမို့ လမ်းသွားလမ်းလာ ဘေးပတ်ဝန်းကျင်ကို အားနာလို့ပါ။

နောက်တစ်ခုက စော်ဘွားကြီးကုန်း ကားဝန်းထဲက ရေဆိုးမြောင်း။ အရမ်းစိတ်နာဖို့ကောင်းတယ်ဗျာ။ ကျောင်းနားရက် အိမ်ပြန်ဖို့ ကားလက်မှတ်သွားဖြတ်တဲ့နေ့ ရွာလိုက်တဲ့မိုးရေက ဒူးဆစ်ကိုကျော်နေပြီ။ ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး ရောက်လက်စနဲ့ လက်မှတ်ရအောင်ဝယ်မယ်ပေါ့။ လမ်းမပေါ်က ရေစီးကို အံတုပြီး ကားဂိတ်ကိုရောက်အောင်သွားမိတယ်။ ကားဂိတ်ရှေ့ရောက်တော့ ၀မ်းသာအားရ ကားဂိတ်ထဲကို အ၀င် ကားဂိတ်ကိုမရောက်ဘူးဗျာ။ ကားဂိတ်နဲ့ လမ်းမကြားမှာ ရေဆိုးမြောင်းရှိတယ်လေ။ ရေတွေပြည့်နေတာမို့ လမ်းလို့ပဲထင်ပြီး ကူးလိုက်တာ မြောင်းထဲရောက်မှ သိတော့တယ်။

ဒီနိုင်ငံက ကြီးမားကျယ်ပြန့်တဲ့ မြောင်းတွေတွေ့တော့ စိတ်နာစရာတွေကို ပြန်တွေးမိတယ်။ အဲလိုမြောင်းမျိုးတွေဆို ဒီလိုကြုံရမှာမဟုတ်ဘူးပေါ့။ လသာလမ်းတို့ သိမ်ဖြူနား၊ အင်းစိန်တို့လို မိုးရွာရင်ရေ၀ပ်တာမျိုး ရှိမယ်မထင်ဘူးနော်။ တောင်ဥက္ကလာက ဆိုးဆေးတွေ သွန်လေ့ရှိတဲ့ ရေမြောင်းမျိုးလည်း အခုလို အရမ်းနံမယ်မထင်ဘူး။

ပြောမယ့်သာပြောတာပါ။ ရေတွေလမ်းပေါ်တက်ရင် ကျနော်တို့က ပျော်မိပြန်ရော။ ဘာလို့လဲဆိုတော့ အညာကဦးကြီးတွေလုပ်ပေးတဲ့ လှေကလေးတွေကို အိမ်ရှေ့ထွက်ပြီး ကြိုးနဲ့ဆွဲလို့ရတာကိုး။ တစ်ခါတစ်လေ မေလုပ်ပေးတဲ့ စက္ကူလှေတွေကို လည်းလွှတ်တတ်ပြန်သေးတယ်။ ဖယောင်းတိုင်နဲ့ သွားတတ်တဲ့ မီးသင်္ဘောကိုတော့ လမ်းထဲမှာ တလွှားလွှားသွားနေတဲ့ စက်ဘီးတွေကြောင့် မဆော့ရဘူးဗျာ။

ဒီနိုင်ငံက ကလေးတွေတော့ အဲလိုဆော့ရမယ်မထင်ဘူး။ ဒါပေမယ့် ငါးတွေတော့ မျှားကြသား။

ပတ်ဝန်းကျင်က ရေဆိုးမြောင်းလိုပဲ ကျနော့စိတ်ထဲမှာလည်း ရေဆိုးမြောင်းရှိပါတယ်။ တစ်ချို့ ကျနော်မလိုချင်တဲ့အပိုင်းတွေကို ရေဆိုးမြောင်းထဲထည့်ပစ်မိတယ်။ ရေဆိုးမြောင်းတွေကို ဖောက်ထုတ်တဲ့နည်းတွေ ရှိတော့ရှိတယ်။ ရေဆိုးပမာဏပေါ်မူတည်တာပေါ့။ တစ်ခါတစ်လေ သီချင်းအော်ဆိုပြီးဖောက်ထုတ်တတ်တယ်။ ရေဆိုးတဲ့အပေါ်မူတည်ပြီး သီချင်းပုံစံတော့ကွဲမပေါ့။ နောက်တစ်မျိုးက သူငယ်ချင်းတစ်ယောက်ကို နားဒုက္ခပေးတဲ့နည်း။ သူနားလည်မလည် သိ, သိ မသိသိ အဲလိုမျိုးဆိုပြီး ဇာတ်စုံခင်းပြတတ်တဲ့နည်း။ ဒါလည်း ဇာတ်ရည်လည်အောင် တော်တော်ရှင်းရတာပါကလား။ နို့မို့ ရေဆိုးတွေ လျှံတတ်ရင် ပိုဆိုးမယ်လေ။ ဒါပေမယ့် ကျနော့ စိတ်ထဲက ရေဆိုးမြောင်းတွေလည်း အမိမြေက ရေဆိုးမြောင်းပုံစံလား ဒီနိုင်ငံက ကျယ်ပြန့်တဲ့ ရေဆိုးမြောင်းလား အသေအချာတော့မသိသေးဘူး။ ရေစီးရေလာတော့ ကောင်းပုံမရသေးဘူးလေ။

ပတ်ဝန်းကျင်က ရေဆိုးမြောင်းပဲဖြစ်ဖြစ် စိတ်ထဲက ရေဆိုးမြောင်းပဲဖြစ်ဖြစ် ရေဆိုးဆိုတာတွေကို ခပ်လွယ်လွယ် အချိန်တိုတိုနဲ့ ဖျောက်ပျက်ပစ်နိုင်ရင်ကောင်းမှာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ရေဆိုးဆိုတာ ကြာလာတာနဲ့ အပုပ်နံ့ ထွက်လာတတ်လို့ပါ……

11 comments:

:P said...

တတိယနည်း= ဘလော့ပေါ်မှာစာရေးပြီး ရေဆိုးဖောက်ထုတ်သောနည်းးး

khin oo may said...

kom: ဖတ်သွားပါသည်။လက်ရည်တွေ တက်နေသည်။ အတော်ကောင်းသည်။

ဝေလေး said...

ဟုတ်တယ်...
စိတ်ထဲကရေဆိုးမြောင်းလဲ ကြာကြာထားရင်မကောင်းဘူး ဖောက်ထုတ်လိုက်....
သန့်ရှင်းရေးလုပ်လေ.. ရေစီးရေလာကောင်းအောင်.... ဟီးး ....
အစ်ကိုပြောတဲ့နှစ်နည်းရော မမsin dan lar ပြောသွားတဲ့ နည်းပါသုံးတယ်....

ဗီလိန် said...

လွယ်ပါတယ်ဗျာ။ ခပ်မထုတ်ချင်ရင် သောက်ပစ်လိုက်။ အဟီး.....။

ဇင်ယော် said...

ရေဆိုးမြောင်းဖောက်ခါနီးရင် သတိပေးပါ။ အနားမလာဘူး။ နောက်ရှိသေးတယ်ဗျ။ ကောင်မလေးက ရေမြောင်းကြီးတူးပေးတာတောင် မစီးရင်လည်း နောက်ကွယ်မှာ ရေဆိုးမြောင်းကြီးဆိုပြီး အပြောခံရတတ်တယ် ရေဆိုးမြောင်းကြီးရေ အဟေဟေ.။ ကြုံတုန်းလေး ၀င်ဖွခဲ့တာပါ ငှဲငှဲ။

ရွှန်းမီ said...

=) ကိုဇင်ယော် ရေးတာ ကြည့်ပြီး ရယ်ချင်သွားတယ်။
ကိုရွာသားလေးဆီမှာ ရေဆိုးမြောင်း ရှိနေလား.. အက်စစ်လောင်းဖို့ အကြံမပေးတော့ပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ် တဲ့။
ရေဆိုးတွေ ကောင်းကောင်းစီးပြီး ဝေးဝေးကို ရောက်သွားအောင် ဘယ်လိုလုပ်ရမလဲ မသိ။

khin oo may said...

ရေဆိုးမြောင်းကြီးဆိုပြီး အပြောခံရတတ်တယ် ကိုယ်တွေ့လားမသိ သွားမေးဦးမှဘဲ

မေငြိမ်း said...

အင်းးး
ရေဆိုးမြောင်းကတော့ ဖောက်ကို ထုတ်ပစ်ရမှာပါပဲ.
ဖောက်ထုတ်နေရတဲ့အချိန်အတွင်းမှာတော့ ကိုယ်တိုင် နံနံစော်စော် ညစ်ညစ်ပတ်ပတ် မောမောပမ်းပမ်း လုပ်ရမှာပဲ...အခန့်မသင့်ရင် ဒဏ်ရာအနာတရလည်း ရနိုင်သေး။ ဒါပေမဲ့ ဖောက်ထုတ်ပစ်မှပဲ ရေရှည်အတွက် ကောင်းဖို့ စိတ်ချရမှာမဟုတ်လား။

တန်ခူး said...

ရွာသားလေးရေ… အတွေးလေးက ကောင်းလိုက်တာ… ရေဆိုးမြောင်းဆိုတာ ရုပ်ဝတ္ထုတင်မက စိတ်မှာလဲ ရှိသင့်ပါတယ်… ရွာသားလေးပြောသလို ရေစီးရေလာ ကောင်းဖို့ လဲ အရေးကြီးတယ်နော်…

ဂျူနို said...

တချို့ ရေဆိုးမြောင်းတွေကို ဖောက်လို့ မရတော့ဘူး။ သူတို့ ကိုအပြီးမြေဖို့ မြုတ်ပစ်ရတတ်တယ်။ ပုပ်ပွလို့ လောက်တက်နေတဲ့ စိတ်ရေဆိုးမြောင်းကို ဘယ်လိုလုပ်မလဲ။ ဖောက်ထုတ်လို့ ရပါအုန်းမလား။ ဦူနှောက်တွေတောင် ရိပြီး အရေပျော်နေရင်လေ။ လုပ်ပါအုန်း ဆရာ

Unknown said...

တွေးတတ် ရေးတတ် ဥပမာပြတတ်ပါ့ မောင်ရွာသားလေး
စိတ်ထဲက ရေဆိုးမြောင်းတဲ့လား
အမိမြေက ရေဆိုးမြောင်းပုံစံမဖြစ်ရအောင် ကြိုးစားပြုပြင်ယူရမယ် (အတွေးလေးထဲက ပညာလေးကို ယူသွားတယ်) ကျေးဇူးပါ
စိတ်ရေစီးရေလာကောင်းဖို့ အတွက် မလိုအပ်တဲ့ အမှိုက်တွေကို စည်ပင်နဲ့ ရှင်းခိုင်းထားလိုက်ပြီ