08 November 2008

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ရာဇ၀င် (၃)


အဲဒီဆေးခန်းမှာပဲ အလုပ်အကိုင်တွေပိုမိုတတ်ကျွမ်းခဲ့ရသလို။ အဲဒီဆေးခန်းမှာပဲ အလုပ်လုပ်ရင်း ငွေတွေစု။ ဆရာမ ဒေါ်စောမြသန်း ချေးတဲ့ ငွေလေးနဲ့ စက်ဘီးလေးတစ်စီးဝယ်နိုင်ခဲ့ပါတယ်။ ကျောင်းတစ်ကျောင်းလုံး ပြောစမှတ်ဖြစ်စေတဲ့ နောက်တစ်ချက်က မပြုံးကြည်ဆီက ငွေရဖို့ခဲယဉ်းပါသတဲ့။ သူဘာအတွက်ငွေစုနေသလဲဆိုတော့ သိပ်ဆင်းရဲတဲ့ သူ့မိသားစုအတွက်တဲ့။ ဘယ်လောက်သိတတ်လေတဲ့ ခရေပန်းငယ်လေးလဲ။

ခရေပန်းလေးငွားငွားစွင့် ပွင့်လာတဲ့နောက်မှာတော့ ပျားပိတုန်းတွေဝဲစမြဲပေါ့။ မပြုံးကြည်က ဘယ်သူ့ကိုမှ ရန်ထောင်မလွှတ်ခဲ့သလို ဘယ်သူ့ကိုမှ ရွှေပြည်အေးတရားမဟောခဲ့ပါဘူး။ ရှင်တို့မေတ္တာရှိရင် ကျမနေတဲ့အိမ်ကို လိုက်ခဲ့ပါဆိုပြီး ကျောင်းအရောက် ခေါ်ခဲ့တာချည်းပါ။ ကျောင်းရှေ့ရောက်လို့ ကျောင်းကိုလက်ညှိုးထိုးလိုက်ရင် အားလုံးနောက်ပြန်လှည့်တာချည်းပါပဲ။ အဲဒီခေတ်က ကျောင်းက နာမည်ဆိုးနဲ့ကျော်ခဲ့တာကိုး။

တစ်နေ့ အဲဒီနေ့ဟာ မပြုံးကြည်အတွက်တစ်ကယ့် အမှတ်တရနေ့ပါ။ တရုတ်မသားအမိနှစ်ယောက် ဆေးခန်းကို ဆေးလာကုပါတယ်။ သူတို့ကို မပြုံးကြည်လုံးဝမသိပါဘူး။ အမေလုပ်တဲ့သူကတော့ မပြုံးကြည်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပါတယ်။ နောက်တော့ မပြုံးကြည်မျက်နှာမှာရှိနေတဲ့ မှဲ့တွေကို လက်ညှိုးထိုးပြီး မပြုံးကြည်ရဲ့တရုတ်နာမည် ကိုခေါ်ပါသတဲ့။ သူမှတ်မိတဲ့ တရုတ်စာဆိုလို့သူ့နာမည်လေးတစ်လုံးထဲကျန်တော့တယ်လေ။

အဲဒီတော့မှ နင်ငါ့ယောင်းမအငယ်လေးပဲဆိုပြီး ဖတ်ငိုပါတော့တယ်။ သူက မပြုံးကြည်ရဲ့ အစ်ကိုကြီးမိန်းမပါ။ တရုတ်လိုမတတ်တော့တဲ့ သူ့ကို မြန်မာလို တစ်လုံးစ နှစ်လုံးစနဲ့ ရှင်းပြခဲ့ရှာပါတယ်။ ဈေးထွက်ရောင်းတဲ့ သူတို့အစ်ကိုတော့ သောင်းကျန်းသူတွေ ပစ်တဲ့ လက်နက်ကြီးမှန်လို့ဆုံးရှာပြီတဲ့။ အခု ဒီယောင်းမက မန္တလေးမှာရှိတဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ နောက်အိမ်ထောင်ပြုတာပါ။ ဒီလောက်ဝေးလံတဲ့အရပ်ကို ဒီယောင်းမရောက်လာလို့သာပေါ့။ မဟုတ်ရင် မပြုံးကြည်ရဲ့ အဖြစ်ကို မိသားစုတွေ မသိခဲ့သလို မိသားစုတွေအဖြစ်ကိုလည်း မပြုံးကြည်မသိခဲ့နိုင်ဘူးလေ။ ရင်နင့်စရာ အဖြစ်တွေအတွက် ငိုခြင်းရှည်တွေ ချခဲ့ကြပါတယ်။

အလုပ်ချိန်အပြီးမှာတော့ စားသောက်ဆိုင်ကိုလိုက်သွားပါတော့တယ်။ အဲဒီနေ့ကစလို့ သူအလုပ်လုပ်တဲ့နေရာနှစ်ခုရှိသွားပါတယ်။ ဆေးခန်းပြီးရင် အဲဒီဆိုင်ပါပဲ။ ဆိုင်ပိုင်ရှင်နဲ့ အမျိုးစာလုံးချင်းတူတာမို့ သူ့ကိုလည်း တကောလို့ပဲခေါ်လိုက်ပါတယ်။

ဆွေမျိုးတွေနဲ့ပြန်တွေ့တာမို့ သူ့ရဲ့အိပ်မက်တွေ နီးကပ်လာပါပြီ။ မပြုံးရီကိုလည်း ပြန်လည်ဆက်သွယ်ပြီး အိမ်ပြန်ခရီးကို ပြောမိတယ်။ ကြောက်တတ်လေတဲ့ မပြုံးရီက နင်ပထမတစ်ခေါက်အရင်သွား။ နင်ဗုံးမထိရင် နောက်တစ်ခေါက်ငါလိုက်ခဲ့မယ်ဆိုတဲ့ စကားကိုပဲရလိုက်ပါတယ်။

တူမတစ်ယောက်ကို လက်ဆွဲပြီး အိမ်ပြန်ခရီးကိုစခဲ့မိတယ်။ ရင်တော့အခုန်သား။ ပြန်ဆုံမယ်ဆိုတာ ယုံကြည်နေပြီးသားဆိုပင်မယ့်လည်း ခွဲခွာခဲ့တဲ့နှစ်တွေများလှပါပကော။
ဒါနဲ့တောင်ပေါ်ကို တစ်ခေါက်ရောက်ပြန်ပါတယ်။

အရင်အတိုင်း အနှစ်နှစ်ဆယ်ဆိုသလို ရွာက အရင်လိုပါပဲ။ ထွက်လာတုန်းက တရှောင်ရှောင်ဖြစ်နေတဲ့ အဖေက ကျန်နေရစ်ပြီး နေကောင်းပါတယ်ဆိုတဲ့ အမေက ဆုံးသွားရှာပြီတဲ့လေ။ အရင်အတိုင်းဆင်းရဲမြဲ။ လာသမျှတွေ့သမျှ အမျိုးအဆွေတွေကတော့ သူ့ကို တွေ့တိုင်းဖက်ဖက်ပြီးငိုကြတော့တာ။ ပြောသမျှစကားတွေကိုလည်း တစ်လုံးမှနားမလည်။ ကိုယ်ပြောပြတာလည်း သူတို့နားမလည်။ တူမလေးက ဘာသာပြန်ပေးခဲ့ရတယ်။ နောက်တော့ အဖေက ဘယ်သူမှဘာသာပြန်စရာမလိုဘူးတဲ့။ သူမတတ်တာမဟုတ်ဘူး အခိုက်အတန့်လေးမေ့နေတာပါဆိုတဲ့စကားကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။

နောက်တော့ သူတစ်လုံးစနှစ်လုံးစကနေ တော်တော်လေး ပြန်ပြောနိုင်လာပါတယ်။ ပါလာသမျှပိုက်ဆံတွေရယ် ရွှေတွေရယ်ကို မိသားစုအတွက် အကုန်ပေးပစ်ခဲ့ပါတယ်။ ပြီးတော့မှ မန္တလေးကို ပြန်တက်ခဲ့တယ်။


လောကကြီးမှာ ဆရာဖေမြင့်ရဲ့ စာအုပ်တစ်အုပ်လို မဖြစ်နိုင်ဘူးဆိုတာသေချာပြီလားဆိုတဲ့ အဖြစ်တွေအများကြီးပါ။ စိတ်ဇွဲနဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာချမှတ်ထားရင် တစ်နေ့တော့ဖြစ်မှာပါ။ ခရေပန်းလေးလို မိန်းကလေးကတောင် ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ် ဆူးတောကိုတိုးရဲရင် ဘာကြောင့်စိတ်ဓါတ်ကျနေသင့်သလဲ။ ကိုယ့်ရည်မှန်းချက်အတွက် မမှိတ်မသုံကြိုးစားသင့်တယ် မဟုတ်ပါလား…..



ဆက်ပါဦးမယ်…

7 comments:

khin oo may said...

အင်း ..အားပေးတဲ့သူကတော့ အားပေးနေတာဘဲ။ :P

လင်းဒီပ said...

အော် နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်လေးရယ် ကြမ်းတမ်းလိုက်တဲ့ဘဝလေးနော်...

Anonymous said...

Great Girl, she have strong decession and good working and then she can get her wish in her life!!!!!!!!!!!!!!!!!!!

:P said...

စောင့်ဖတ်နေတယ် ကိုရွာသားလေး

Anonymous said...

great girl!strong mind can make everything but someboday think impossible but she can get her wish at last!

Unknown said...

ဘယ်တော့ ဆက်ရေးမှာလဲ ... စောင့်နေတယ် နော်... ။ အမြဲ ၀င်ဖတ်ဖြစ်ပေမယ့်.. ခုတော့ ရေးချင်စိတ်ပေါက်လာလို့ပါ..။

Unknown said...

မသိတော့ဘူး ဖတ်ရင်းနဲ့ ငိုချင်မိတာပဲ
အရေးကလည်းကောင်း ဖတ်တဲ့သူကလည်း အသည်းငယ်တတ်တော့ တကယ်ပဲ ၀မ်းနည်းဝမ်းသာ ခံစားမိတယ်