12 November 2008

အဲဒီည



ညတွေလေ အကြိမ်ကြိမ် ဖြတ်ဖူးပါတယ်။ ဒါပေမယ့် ညတိုင်းလည်း မလွမ်းသလို ညတိုင်းလည်း အမှတ်မရတတ်ပါဘူး။ တစ်ချို့ညတွေကြတော့ ခေါင်းထဲကကို ထုတ်လို့မရပြန်ဘူး။

ငယ်တုန်းက ညလေးတစ်ညပါ။ သိပ်ကိုအမှတ်တရ ရှိစေခဲ့တာ ဘယ်တော့မှ ပြန်မရနိုင်ခဲ့လို့ထင်ပါရဲ့လေ။ ကျနော်တို့မြို့လေးမှာ ထုံးစံရှိပါတယ် ဒီညမျိုးဆို ပိုက်ဆံကြဲခိုင်းတတ်ပါတယ်။ ပိုက်ဆံကြဲပါဗျို့လို့အော် သူဌေးအိမ်တွေက ပစ်ချတဲ့ ပိုက်ဆံအကြွေစေ့တွေကို အားလုံးအလုအယက်ကောက်ကြတာ။ တစ်ခါတစ်လေ လူကြီးတွေတောင်ပါသေးတယ်။ တစ်ခြားမြို့ရွာမှာနေရတော့ အဲဒီအလေ့အထကို မတွေ့ရပြန်ဘူး။ အခုအချိန်မြို့ပြန်ရင်လည်း တွေ့ရတော့မှာမဟုတ်ပါဘူးလေ။

ပြီးရင်တော့ အိမ်က အဖိုးအဖွားတွေရဲ့ ပံ့သကူပစ်ပွဲ။ ပိုက်ဆံလေးတွေကို ကျစ်ကျစ်ပါအောင်ထုတ် ပြီးတော့ လူမမြင်သူမမြင်တဲ့ နေရာတွေမှာ ဖွက်ထားတတ်တယ်။ တခါတလေလည်း လမ်းမထက်က လမ်းသွားလမ်းလာတွေအတွက် ပစ်တတ်ပါသေးတယ်။ အခုတော့ ဒီအလေ့အထတွေ ပျောက်ဆုံးနေခဲ့ပြီလေ။

ဘုရားကိုသွားပြီး မသိုးသင်္ကန်းရက်တာကို အငေးအမောကြည့်ရသေးတာ။ ဘာမှတော့နားလည်တာမဟုတ်ပေမယ့် မလေးလက်ခတ်သံကိုတော့ နားဆင်ချင်သား။ ရက်တဲ့လူတွေကို ကြည့်ရင်းဘေးနားကနေ အားလုံးကိုနိုင်စေချင်ခဲ့တာ။ အားကြိုးမာန်တက်ရက်နေကြတာကိုး။ နိုင်တဲ့အသင်းက စပြီး ဘုရားရှင်ထံမှာ သင်္ကန်းကပ်ချိန်ဆိုရင်တော့ နောက်ကနေ တောက်လျှောက်လိုက်ပြီး အားပေးတော့တာပါပဲ။

ပြန်လာရင်တော့ အိမ်ကလူကြီးတွေ သုတ်ထားတဲ့ ခပ်သက်သက် မယ်ဇလီဖူးသုပ်ကို ၀အောင်စားတော့တာပဲ။ ၁၂နာရီကျော်အောင်စောင့်ရမယ်ဆိုလို့ မစောင့်နိုင်ခင် အကြိုလက်သိပ်ထိုး ခိုးစားရသေးတယ်လေ။

အိပ်မယ်လို့တော့မထင်လိုက်နဲ့ အစ်ကိုလူပျိုပေါက်တွေကြားမှာ ကန့်လန့်ခံနေတော့တာ။ သိတယ်သူတို့ ဒီညဘာအစီအစဉ်ရှိတယ်ဆိုတာကို။ အစ်ကိုအကြီးဆုံးက ဒီည အိမ်က အုန်းသီးခိုးမယ်။ ဟိုဘက်အိမ်က သလဲသီးတွေလည်းခိုးမယ်။ ကြက်သားနဲ့ ဘူးသီးကို တိုးတိုးတိတ်တိတ်ခိုးပြီးရင် ကိုတင်ဝင်းတို့ခြံထဲမှာ ဒီနေ့ညကဲကြမယ်လေ။ အကုန်လုံးရှစ်တန်းကိုးတန်းအရွယ်တွေ။ ကျနော်တစ်ယောက်တည်း ကလေးပီပီ ပုဆိုးစဆွဲပြီး နောက်ကပါမြဲ။

ကျနော်တို့အိမ်က အပေါ်ထပ်ဝရန်တာကနေ ဟိုဘက်ခြံထဲကို ကူး သူတို့ ခူးချပေးတဲ့ သလဲသီးတွေကို ဒီဘက်က လက်ခံကောက်ပေးတဲ့သူကအီဖေကိုယ်ပဲပေါ့။ ခြံစည်းရိုးတွေကြားထဲ လက်နှိုက်လို့ရတဲ့ ကလေးလက်လေ။

ကိုယ့်အိမ်က အုန်းသီးကို ခိုးတဲ့အစ်ကိုကြီးရဲ့ ကျွမ်းကျင်မှုကလည်း ရှိသေး။သူက အုန်းပင်ဆို လက်နှစ်ဖက်နဲ့ပိုက် ခြေထောက်ကို ကန်ပြီးတက်တာလေ။ ရွှတ်ခနဲဆို သူအပေါ်ရောက်နေပြီ။ ပိရိသေသပ်တဲ့ခိုးနည်းနဲ့ခိုးလိုက်တော့ အိမ်ကလူကြီးတွေမသိတော့ဘူးပေါ့။

တာဝန်တွေကိုယ်စီခွဲပြီးသားမို့ အောင်မြင်စွာ ပြန်လည်စုစည်းကြတာက ကိုတင်ဝင်းတို့ခြံထဲမှာ။ အုန်းထမင်းနဲ့ ကြက်သားကာလသားဟင်းကို တဝချက်စားကြတာလေ။ ခိုးစားရတာမို့လားမသိ ဟင်းတွေကော ထမင်းတွေကော အရသာပိုနေလေရဲ့။

စားပြီးသောက်ပြီး ပြောဆိုမည်တမ်းပြီးရင်တော့ လမ်းလျှောက်ပွဲ။ နေရာတွေရွှေ့ထားကြတဲ့ ရီစရာ ဟာသတွေကို မိုးမလင်းခင်ကျနော်တို့ တမေ့တမော လိုက်ပါခံစားကြတယ်။ တော်တော်လေးပျော်ပြီး ကန်သာယာဘက်လောက်ရောက်ပြီဆိုရင် ပြန်လှည့်။ မိုးလည်းလင်းခါနီးပြီလေ။

ပိတ်ထားတဲ့တံခါးကို အသာအယာဖွင့် ညီအစ်ကိုသုံးယောက်တိုးတိုးတိတ်တိတ်မသိမသာဝင် ကုတင်ပေါ်တက်ပြီး အိပ်ဖို့ကြိုးစားကြတယ်။ တခွိခွိရယ်သံကြားရင် မစဉ်းစားနဲ့လမ်းပေါ်က ဟာသတွေကို ပြန်တွေးနေကြပြီ။ အမေတို့ လာမဆူမခြင်း မအိပ်ကြသေးဘူး။ စားခဲ့ရုံတင်မကဘဲ စားမြုံ့က ပြန်နေကြသေးတာလေ။ ဘယ်လိုခိုးလိုက်တာ မိတော့မလို့သီသီလေးဆိုတာမျိုးနဲ့ ဒီညတစ်ညလုံး ကုန်ဆုံးသွားအောင် ပြောကြဆိုကြ။

အခုတော့ အစ်ကိုတွေလည်း အိမ်ထောင်ရက်သားကျ။ ပြီးတော့ တစ်ယောက်တစ်နယ်စီမှာနေ ပိတောက်နဲ့ချယ်ရီပမာလေဆိုတော့ ဒီညက ပြန်မရတာသေချာပြီပေါ့။ အင်း…..လွမ်းတော့လည်းအလွမ်းသား……အဲဒီညကိုလေ…….

6 comments:

khin oo may said...

ုkom: တို့လဲလွမ်းသွားပါတယ်။

JulyDream said...

ကလေးပီပီဆိုပြီး ပုဆိုးစတွေ လျှောက်မဆွဲနေနဲ့။ မတော်လို့ အပျိုလေးတွေ ရှေ့ရောက်တဲ့အချိန် အကိုတော့်ပုဆိုး အဆွဲလွန်လို့ ကျွတ်ကျကုန်ရင် အမျက်တော် ရှခံရမယ်။ သတိထားအုံး။

RePublic said...

ဝင် လွမ်းသွားတယ်ဗျာ ၊၊ ပိုက်ဆံ ကောက်မရတတ်တာ တော်တော်ကြာပြီ ကိုရွာသားလေးရေ ၊၊

ကိုကြီးဝီ

မောင်ဖားကြီး said...

ကိုရွာသားရေ ဘယ်မြို့လေးလဲဗျ... ကျွန်တော်လည်း
ပိုက်ဆံမလုရတာ ကြာပြီဗျို့... ကျွန်တော်တို့လည်း
ညီအစ်ကိုသုံးယောက်ရှိတယ်ဗျ.. သူငယ်ချင်းပေါင်း ပဲပေါင်းကြတာဆိုတော့
လွမ်းတယ်ဗျာ... တစ်ခါကလွတ်လပ်မူ့တွေကို

Unknown said...

အဲဒီညမှာ မယ်ဇလီဖူးသုတ်လေးတော့ စားချင်သား
ပိုက်ဆံတွေကျဲကြတာလည်း ဒို့နိုင်ငံပဲ ရှိမယ်ထင်တယ် အလေ့အထလေးတွေလွမ်းလာပြီ

Unknown said...

ဒီနေ့ ရက်လေးမှာ အဲဒီ့ညလေးအကြောင်းရေးထားတာ ကို လွမ်းမောစွာနဲ့ ဖတ်သွားတယ်
မှတ်မှတ်ယယ ဖေဖေနဲ့ မေမေကိုလွမ်းတယ်
ငယ်ဘ၀လေးကိုလည်းလွမ်းတယ်
တနေရာစီက မောင်နှမတွေကို လွမ်းတယ်
မယ်ဇလီဖူးသုတ်လေးကိုလည်း လွမ်းတယ်
ကြယ်တွေစုံတဲ့ ကောင်းကင်ယံကို လွမ်းတယ်
ပြီးတော့ -------