29 November 2008

အမုန်းပေါင်း ရှစ်သောင်းလေးထောင်

အမုန်းက အချစ်ရဲ့ အနောက်မှာ တိတ်တဆိတ်လိုက်ပါမြဲ။ သူတစ်ကာထက်ပိုတဲ့ အချစ်နဲ့ချစ်မိပြီဆိုမှတော့ အမုန်းဆိုတာလည်း ကြီးပြီပေါ့။ တကယ်တမ်းရေကြည့်ရင် အမုန်းပေါင်းက ရှစ်သောင်းလေးထောင်မက။ တစ်ထောင့်တစ်ညရှည်တဲ့ ပုံပြင်တွေမဖြစ်အောင် ဇကာတင်ရွေးထားတဲ့ လက်ရွေးစင်အမုန်းတွေကို ပဲရွေးထုတ်လိုက်ပါတယ်။ တစ်ချက်တော့ မှတ်ထားပေးပါ။ ဒီပို့စ်နဲ့ပတ်သတ်လို့ ထင်ရာမြင်ရာ ရေးချင်ရာကိုရေးခဲ့နိုင်ပါတယ်။ ဖြေရှင်းချက်တစ်စုံတစ်ရာတော့ လုံးဝလုံးဝရှိမည်မဟုတ်ပါခင်ဗျာ။

၁။ Why me?

စိတ်ဓါတ်ကျအားငယ်တိုင်း အကြိမ်ကြိမ် လဲကျမိတိုင်း ဒီမေးခွန်းကိုမေးနေမိတတ်တယ်။ တကယ်တမ်းလူ့ဘ၀ကြီးမှာ လူတိုင်းကြုံတွေ့ရမှာပါပဲ။ အသိတရားဆိုတာကို လက်ကိုင်မထားမိဘဲ ဘာကြောင့် ဒီမေးခွန်းကို အမြဲတစေမေးနေတတ်ပါလိမ့်ဆိုပြီး မုန်းတီးနေမိတာပါ။

၂။ ကျောက်သင်ပုန်း

ကြားဖူးတဲ့ ပုံလေးထဲကလို ဘ၀မှာကြုံရတဲ့ကောင်းပေ့ဆိုတဲ့ အရာတွေကို ကျောက်မှာထွင်းပြီး မကောင်းတဲ့အရာတွေကို ရေပေါ်မှာပဲရေးပါဆိုတာကိုပါ။ မြင်တွေ့သမျှ အမူအရာ အပြောအဆိုတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးသလို လွယ်လွယ်ကူကူ ပြန်ဖျက်ပစ်လို့မရတာကို မုန်းနေမိတာပါ။

၃။ ဘူးဆိုခ၀ဲသီးမသီးခြင်း

ဒါဆိုဒါပဲနော်ဆိုတဲ့ ဖုန်းပြောတဲ့ကလေးလိုပါပဲ။ ဒီခရီးဒီလမ်းကို သွားမယ်ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင် သွားတတ်လို့ပါ။ ဗီဒီယိုဖိုင်ထဲက ငှက်ကလေးလိုပါ ဘာဖြစ်မယ်ဆိုတာကို သိသိနဲ့ ရှေ့ဆက်တိုးဖို့ အဆင့်သင့်ဖြစ်နေတတ်လို့ မုန်းမိပြန်ရော။


၎။ ပြဒါးမဲ့မှန်

်ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှကိုယ်ကြင်မတဲ့။ ကြည့်မှန်တစ်ချပ်ဆို သူပြုံး ရင် ပြန်ပြုံးပြတတ်တယ်။ သူမဲ့ပြရင် ကိုယ်ပြန်မဲ့ပြဖို့ ကိုယ့်စိတ်ကမရဲဘူးလေ။ တစ်ချက်တစ်လေ မဲ့ပြလိုက်မိလို့ မှန်ကြည့်သူနာကျင်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ကြည့်မှန်လို နောက်မှာ ပြဒါးမထည့်ထားမိတဲ့ကိုယ့်ကိုကိုယ် အလိုမကျစွာ တိတ်တိတ်လေးမုန်းတီးနေတယ်လေ။

၅။ ပျောက်ဆုံးမျက်နှာဖုံးရှင်

သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာရှိပါတယ်။ ဒီအချိန်မှာ ဒီမျက်နှာဖုံးကို သုံးသင့်တယ်ဆိုပေမယ့် ပိတ်ကားအချမှာမှ ကမန်းကတန်းကောက်တပ်လိုက်ရတယ်။ ကိုယ့်ရဲ့ သရုပ်အမှန်ကို ရှေ့တည့်တည့် ကြည့်သူတိုင်း သိလွယ်မြင်လွယ်ဖြစ်လွန်းလို့အားမလိုအားမရ မုန်းနေမိတာ။ တနေ့ ကအလုပ်ထဲမှာ ထုံးစံအတိုင်း ပြဿနာအသေးတစ်ခုတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကမေးပါတယ် ဘာဖြစ်နေတာလဲတဲ့ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ် ပျော်အောင်နေပါတဲ့ ကဲ အဲ့လောက်ကို မျက်နှာဖုံးလွတ်ကျတဲ့အထိနော်။

၆။ ကပ်ပါးကောင်

အမှီရှိမှ အသက်ရှင်နေထိုင်တတ်တယ်။ တစ်ကောင်တည်းမို့ အသိုင်းအ၀ိုင်းအရိပ်ဆို အားကြီးခုံမင်တယ်။ ဟိုအပင်ကပ် ဒီအပင်ကပ် ကပ်မြှောင်နေရတဲ့ ကပ်ပါးကောင်ဘ၀ကို မုန်းပါတယ်။

၇။ ပဲခူးဆား

တကယ့်ဆားက တန်ဖိုးပိုကြီးပါလိမ့်မယ်။ ဆိုလိုချင်တာက ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ်ပါ။ အဖြစ်မရှိပေမယ့် ၀မရှိပဲ ၀ိလုပ်ရမယ်ဆိုရင် နှစ်ယောက်မရှိတဲ့ အတွက် မုန်းနေမိတာ။

၈။ စည်းပျက်ကမ်းပျက်

မေရော ဖေရော စည်းကမ်းရှိပါလျက် ဘယ့်နဲ့ကြောင့်စုန်းပြူးရတာပါလိမ့်။ အသုံးစရိတ်တွေကို စနစ်တကျ ပြုစုတတ်တဲ့ မေ ပစ္စည်းပစ္စယတွေကို တရိုတသေကိုယ်တွယ်တတ်တဲ့ ဖေ။ ဆန့်ကျင်ဘက်တစ်ယောက်ဖြစ်နေတဲ့ ကိုယ့်ကို မုန်းတယ်ဆိုပြီး ဒီအတိုင်းလက်လွယ်စပယ်နေခဲ့တာ ကြာပြီလေ။ ဗီရိုထဲက အ၀တ်ပုံကြီးက တရားစွဲမယ်ဆိုရင် အခန်းထဲက ကို ထွက်နိုင်မယ်မထင်။

၉။ လေလွင့်ခြင်း

အကြိုက်ဆုံးဆောင်ပုဒ်က Freedom ဆိုပြီး အလွဲသုံးစား လုပ်နေတာကြာပါပကော။ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ လူငယ်တစ်ယောက်အနေနဲ့ အဖြေမရှိလို့ ရှက်ရွံ့စွာ မုန်းနေမိတယ်ထင်ပါရဲ့။ မနက်ဖြန်ဆိုတာ မတွေးကြေး မမေးကြေးနော်။

၁၀။ Negative

လောကကို အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒနဲ့ ကြည့်ရအောင်။ ချက်ချင်းပြန်မေးမိတာက လောကကြီးကကော ဘယ်လောက်ကောင်းနေလို့လဲတဲ့ ကဲ။ ဘယ်အချိန်ကြည့်ကြည့် မျက်မှန်အမည်းကြီးတပ်ကြည့်နေတတ်တယ်။ မျက်မှန်ပေါ်က အနုတ်လက္ခဏာကို ဖြုတ်ရမယ်ဆိုတာ သိပေမယ့် မသိချင်ယောင်ဆောင်နေတတ်လို့ မုန်းပါတယ်။

ကိုဗီလိန် ရေ တာဝန်ကျေလောက်ပြီထင်တယ်ဗျာ။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ကားစင်တင်ပြီး နေလှန်းမိတော့မယ်။

12 comments:

khin oo may said...

( မီလုပ်ပါနဲ့ ကျေနပ်ပါတယ်။ အများကြီးကျေနပ်ပါတယ်

မောင်ဖားကြီး said...

ဟုတ်တယ်ကိုရွာသားရေ မနက်ဖြန်ဆိုတာ မမေးကြေး

khin oo may said...

ငှက်ကလေးသနားပါတယ်။

capricorn said...

Video လေးကချစ်စရာလေး...ဒါပေမဲ့ မုန်းစရာကြီး

Moe Myint Tane said...

ကိုရွာသားလေးရေ လူဆိုတာဖြစ်နေသမျှတော့ အမှားဆိုတာတော့ ရှိမှာပေါ့ ဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိနေဦးမှာဘဲ..ဒါပေမယ့် ဒါပေမယ့်ပေါ့လေ.....
ပိုစ့်ကောင်းလေးတစ်ပုဒ်ကို လာဖတ်သွားပါတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

RePublic said...

ကိုရွှာသာလေး.. တိုးတိုးလေးပဲလာဖတ်သွားတယ်ဗျာ ၊၊
ကြိုက်တယ်

ဝေလေး said...

အင်း မနက်ဖြန်ဆိုတာ မမေးကြေး..... :)

JulyDream said...

ကားစင်တင်ရင် အ၀တ်တော့ ပါမယ် မဟုတ်လား။ ကိုယ်လုံးတီးနဲ့တော့ မလုပ်ပါနဲ့။ နံငယ်ပိုင်းလောက်တော့ ပါပစေဗျာ။

ဘယ်တော့ ကားစင်တင်မှာလဲ ခင်ဗျာ။ လာကြည့်မလို့ပါ။ ဒါနဲ့ နေလှန်းရုံပဲလား ဟင်။ နတ်သျှင်နောင်လို တံကျင်လျှိုတာတွေ မပါတော့ဘူးလား။ သိချင်လို့ပါဗျ။ အဟဲ...

Anonymous said...

လန်ထွက် ပျံတက်နေတယ် ဒီပို့ စ်မဖတ်ရလည်း မှန်းလို့ ရပါတယ် ကပ်ပါးပဲခူးဆားပြဒါးမှန်ရေ့း)

ဂရေစ့် said...

ကိုယ့်ကိုယ်ကိုစိတ်တိုင်းမကျဖြစ်မိတာတော့အမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုတော့တခါမှစာရင်းမပြုစုဘူးပါ။ သူများစာရင်းကိုဖတ်ရတော့ အားရှိသွားတယ်။ "လောကကြီးမှာ ငါလိုလူရှိပါသေးလား" ဆိုပြီးပေါ့။

Unknown said...

ဖတ်ပြီးသဘောကျလို့  ခပ်ရှည်ရှည်လေးမန့် မယ်
ဖြေရှင်းချက် လုံးဝ လုံးဝ မရှိဘူးဆိုတဲ့အတွက် ကိုယ့်ဘာသာပဲ ဖြေသွားမယ် (ရတယ်ဟုတ်)
ကဲ စပြီ လာထား
(မန့် ) တော်၂ အမှတ်သည်းခြေကြီးတာပဲ အမုန်းကိုတောင် ရေထားတာ ရှစ်သောင်းလေးထောင်မကတဲ့
(ဖြေ) ကြားဖူးတာတော့ ရေတွင်းပေါင်း ရှစ်သောင်း လေး ထောင် ရေကန်းပေါင်း ဘလာဘလာ ဆိုပဲ
(မန့်+ဖြေ) စိတ်ဓါတ်ကျတဲ့အချိန် ဖြစ်တတ်တဲ့ သဘာဝပဲ
(မန့် ) ဖြစ်တတ်တဲ့သဘောလေးပဲ ဥပမာပေး ကောင်းတယ်
(ဖြေ) အဲလို လွယ်၂ကူ၂ ပြန်ဖျက်မရလို့ ကတော့ ရိုက်သာခွဲပလိုက်မယ်
(မန့်) ဘူးဆိုခ၀ဲမသီးတဲ့ စိတ်လေးကို ဗွီဒီယိုလေးနဲ့ တင်ပြပုံလေး စိတ်ကူးလေးကို အရမ်းကြီးကို သဘောကျနှစ်သက်မိတယ် (ခဏ)၂ ပြန်ကြည့်တယ်
(ဖြေ) ခေါင်းမာတာ (ဟုတ်မဟုတ် တူနဲ့ ဖြစ်စေ အုန်းပင်အောင်ဖြစ်စေ သွားစမ်းရမယ်)
(မန့် ) ပြဒါးမဲ့မှန် (တို့ တွေးတာနဲ့ တူတယ်)
(ဖြေ) အားနာတတ်တာ (ဒါလည်း စမ်းသပ်ကြည့်ရမယ် မုန့် ဝယ်ကျွေးခိုင်းပြီး)
(မန့် ) ဟင် အရင်ကတော့ မျက်နှာဖုံးတွေ အများကြီးဆို
(ဖြေ) စိတ်ခံစားမှု သိပ်ပြင်းထန်ရင် ပျောက်သွားတာ
(မန့်) အင်း တယောက်တည်းသမားတွေက ဒီလိုပဲ
(ဖြေ) တကောင်းတည်းပဲ ဒါပေမယ့် ခြင်္သေ့လို့  စိတ်ထဲက တိတ်၂လေးပြောနေတာ
(မန့် ) မနေတတ်တဲ့သူတွေရဲ့ စိတ်ထားလေးပဲ အကောင်းရော အဆိုးပါ ဒွန်တွဲနေတာပဲလေ
(ဖြေ) တကယ့်ဆားကလည်း ဈေးသိပ်မကြီးပါဘူး ၄၅ ဆင့် ပဲရှိတယ် (မယုံရင် သွားဝယ်ကြည့်လို့ ရတယ်)
(မန်.+ဖြေ့ ) အင်း တို့ နဲ့ နည်း၂တူတော့ သိပ်ရေးတော့ဘူး (လူတော်၂ ယောက်ကမွေးရင် အဲ့လိုပဲ လူလျှော်ဖြစ်တတ်တယ်)
(မန့် +ဖြေ) လွတ်လပ်တယ်လို့ ထင်ပေမယ့် စိတ်တကယ်မလွတ်လပ်ဘူး (ကိုယ်တိုင်လည်း ထပ်တူအဲ့လိုခံစားနေရတယ်)
(မန့် +ဖြေ) တကယ့်ကို မုန်းသင့်တဲ့အချက်ပဲ (တို့ လည်း ပေါ်လီယာနာ စာအုပ်ပြန်ဖတ်မှပဲ)
ကားစင်တင်ပြီး နေတော့မလှန်းနဲ့  ငါးရံ့ ခြောက်ဆို ဖုတ်စားလို့ ရတယ် လူက စားလို့ မရဘူး စိတ်ကိုလျှော့ တဖြည်း၂နဲ့  မုန်းတဲ့အချက်လေးတွေကို ပြင်နိုင်ပါစေ

Unknown said...

ဘုရား ဘုရား ကိုယ်ဘာသာမန့် ပြီး ပြန်ကြည့်တာ တော်၂ရှည်သွားတာပဲ တော်ကြာ သူ့ ဘာသာမုန်းပြီး ကားစင်တင်မှာကနေ တို့ ဘက်လှည့်လာပြီး ကားစင်တင်လိုက်ရင်တော့ လန့် တာ
နောက် အဲ့လောက်အရှည်ကြီးမန့် တော့ဘူးနော့