20 November 2008

အကြမ်းဖက်မှုများနဲ့ ကမ္ဘာမြေ



ဒီနေ့ ကားအသစ်တင်ပါတယ်။ Body of Lies ပါ။ မင်းသားအငယ်က ဒီကာပရီယိုနဲ့ မင်းသားအကြီးအဖြစ် ရပ်ဆယ်ခရိုးတို့ တစ်ဇာတ်လုံးသယ်သွားတဲ့ကားပါ။ တစ်ကားလုံး အကြမ်းဖက်မှုတွေ ဖြစ်တည်ရာကို ဦးတည်ထားတယ်ထင်ပါရဲ့။ ဒီကားရဲ့ ဇာတ်လမ်းကိုတော့ ပိတ်ကားပေါ်မှာပဲ ကြည့်ကြပါခင်ဗျာ။ ဇာတ်ကားတစ်ခုလုံးအပြီးမှာတော့ ယုံကြည်မှုဆိုတဲ့ စကားတစ်လုံးပဲ ကျနော့လက်ထဲမှာ ကျန်ခဲ့ပါတော့တယ်။

မကြာခဏကြားနေ မြင်နေရတဲ့ သတင်းတွေက ကမ္ဘာအရပ်ရပ်က အကြမ်းဖက်မှုတွေပါ။ ဘာအတွက်လဲ ဘာကြောင့်လဲ။ အမုန်းတရားကို အခြေခံခဲ့တယ်ဆိုလည်း တကယ်တမ်း ခံစားရသူတွေက သူတို့လိုချင်တဲ့ ပစ်မှတ်ကောဟုတ်ပါရဲ့လား။ အသေခံစတေးကြတဲ့လူတွေကိုလည်း အံ့သြမိတယ်။ သူတို့ရဲ့ ဘ၀တစ်ခုက ဒီလောက်လွယ်ကူစွာ ပျက်စီးသင့်သလား။ လူ့ဘ၀တစ်ခုကို ဒီလောက်နဲ့အဆုံးသတ်သင့်သလား။ တန်ပါရဲ့လား မမေးချင်တော့ပါဘူး တကယ်က တန်ကိုမတန်လို့ပါ။ သူတို့က လွယ်လွယ်အဆုံးသတ်နိုင်ပေမယ့် သူတို့ဘေးနားကလူတွေ အတွက် ထည့်မစဉ်းစားတော့ဘူးထင်ပါရဲ့။ မိဘတွေ ဆွေမျိုးသားချင်းတွေ မိသားစုတွေ ဘယ်လိုကျန်ရစ်ခဲ့ပါလိမ့်။ ဘာနဲ့ဖြေသိမ့်နိုင်မယ် မသိ။ ဖြစ်နိုင်ရင်တော့ အဲဒီသတင်းမျိုးဆို ဘယ်လိုမှ ထပ်မမြင်စေချင် မကြားစေချင်တော့တာပါ။

ဘာလို့များဒီအမုန်းတွေ ဖြစ်တည်ကြတာပါလိမ့်။ တရုတ်ကားထဲကလို သွေးကြွေးတွေဆပ်နေကြတာ ကုန်ပဲမကုန်နိုင်တော့ဘူး။ Munich ဆိုတဲ့ကားကိုကြည့်တုန်းကလည်း ဒီခံစားမှုမျိုးကို ရလိုက်ပါတယ်။ သွေးအေးအေးနဲ့ လူအချင်းချင်းသတ်ဖြတ်နိုင်လိုက်ကြတာ။ နှလုံးသားတွေ အေးစက်မာကျောလွန်း ကုန်ပြီလေ။ အခုကားမှာလဲ တစ်ဖက်နဲ့တစ်ဖက် ရက်ရက်စက်စက် သတ်နိုင်ကြပြန်တယ်။ လူတွေဖန်တီးတဲ့ အတတ်ပညာတွေနဲ့ လက်တစ်ဖျစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ အသက်ပေါင်းဘယ်လောက်ဆုံးရှုံးနေကြပြီလဲ။ အပြစ်မဲ့သူတွေ ဘယ်လောက်ပါဝင်နေပြီလဲ။

နောက်ထပ်တစ်ခုကတော့ လူတစ်ယောက်ရဲ့ လွတ်လပ်မှုဆုံးရှုံးခြင်း။ တိုးတက်နေတဲ့ ဒီခေတ်မှာ လူတစ်ယောက်ကို ဒီကားထဲကလို အချိန်ပြည့်ကြည့်နေမယ်ဆိုရင် ဘယ်မလဲ အဲဒီလူရဲ့ လွတ်လပ်မှု။ သူဆက်တဲ့ဖုန်းတွေ သူသွားတဲ့နေရာတွေ သူလုပ်သမျှတွေကို မျက်ခြေမပြတ်စောင့်ကြည့်ခံရတယ်လေ။ ကျနော်သာဆိုရင်တော့ ငွေပုံပေးတောင် အဲလိုအလုပ်မျိုးလုပ်ဖြစ်မယ် မထင်ဘူး။ ပြောမယ့်သာပြောတာပါ အခုဆို နေရာတော်တော်များများမှာ CCTV ဆိုတဲ့ အရာနဲ့ တွေ့ဆုံနေရတာပါပဲ။ တစ်ခါတစ်လေလည်း မျက်နှာပြောင်ပြလိုက်တယ်။ ခဏခဏမြင်နေရတာကတော့ ဒီပတ်ဝန်းကျင်ကို စောင့်ကြည့်နေတယ်ဆိုတဲ့ စာတမ်းတွေပါပဲ။

ပြီးတော့ ကျနော်တို့ရဲ့ မလုံခြုံမှုတွေ။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးဝှက်ခံရတာ သိပ်ကိုလွယ်တယ်လေ။ ကျွမ်းကျင်သူတွေရဲ့ လက်ချောင်းတွေအလှုပ်မှာ ကျနော်တို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ ဘယ်လောက်ပါသွားနေပြီလဲ။ ဟိုးတစ်လောက သူငယ်ချင်းတစ်ယောက်က ပြောလာတယ်။ သူ့အီးမေးတွေကို ကော်ပီလုပ်သွားလို့တဲ့။ အချင်းချင်းထဲကလုပ်တာလို့ပြောပါတယ်။ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်ပေမယ့် သိပ်တရားလွန်တယ်လို့ထင်မိတယ်။ သူ့အတွက်အကျိုးရှိမယ် ဒါပေမယ့် ကာယကံရှင်အတွက် ပြန်ထည့်မတွက်တော့ဘူးလား။ ကျနော်တို့ဆီမှာ သိပ်အကျိုးများစေမယ့် အချက်အလက်တွေ ဘယ်တော့မှ ရှိမနေနိုင်ပါဘူး။ သို့ပေမယ့် ကိုယ်ရေးကိုယ်တာ ဆိုတဲ့ ကိုယ်ပိုင်ဆိုင်သင့်တဲ့ အရာတွေတော့ ရှိနေတတ်ပါတယ်။ ဖြန့်ဝေဖို့အတွက်မဟုတ်ဘူးလေ။ အများသူငှာကို ပြသင့်မပြသင့်က ကိုယ်တိုင်ပဲဆုံးဖြတ်သင့်တာမဟုတ်လား။

နောက်ထပ်ကြောက်မက်ဖို့သိပ်ကောင်းတာက လူအချင်းချင်းလှည့်ပတ်လိမ်ညာခြင်းတွေ။ အကျိုးတစ်ခုအတွက် လိမ်ညာရင်း နောက်ထပ်လိမ်ညာမှုတွေဆက်တိုက်။ ပြီးတော့ တစ်ဦးတစ်ယောက်ကိုလိမ်ညာဖို့အတွက် နောက်ထပ်သောလူပေါင်းများစွာကို့ ထပ်ခါထပ်ခါ လိမ်ညာမှုတွေ။ မဆုံးနိုင်သော လိမ်ညာမှုတွေကြားမှာ အမှန်တရားကို တစ်ချက်မြင်လိုက်ရရင် တကယ်သွေးပျက်ဖို့ကောင်းပါတယ်။ လိမ်ညာရက်လေခြင်းဆိုတဲ့ အသိနဲ့ တနုံ့နုံ့ဖြစ်နေမှာကို တွေးကြည့်ရင်တောင် တကယ်ခံစားရစေပါတယ်။

ဇာတ်သိမ်းပိုင်းက မင်းသားငယ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျနော်အပြည့်အ၀ထောက်ခံချင်ပါတယ်။ အေးဆေးတည်ငြိမ်တဲ့ ဘ၀တစ်ခုကို စတင်ဖို့ သူရွေးချယ်လိုက်တာပါ။ သူ့အတွက် စွန့်လွှတ်မှုတွေ သိပ်များကောင်းများနိုင်ပါတယ်။ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး သူရွေးချယ်ခဲ့တဲ့လမ်းကို သူရဲရဲလျှောက်ခဲ့တာပါ။ ဒါပေမယ့် ဒီလမ်းမှာ သူပျော်မယ်လို့ ကျနော်ယုံကြည်တယ်။ ယုံကြည်ချက်ဆိုတဲ့ စကားလုံးကို ကျနော်အဲဒီအချိန်မှာ ရလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတစ်ခုကို ကြုံလာခဲ့ရင် ကျနော်လည်း ဒီစကားလုံးကို ကိုင်ပြီး ကျနော်ရွေးချယ်မိတဲ့လမ်းကို သတ္တိရှိရှိဆက်လျှောက် ဖို့ပါပဲ….

7 comments:

ဇနိ said...

အင်း ကြည့်ဖြစ်အောင် ကြည့်ဦးမယ်

khin oo may said...

ကော်ဇောခင်းပေးချင်လိုက်တာ...............

ဟန်လင်းထွန်း said...

ကျနော်လည်း ဒီကားကိုကြည့်ချင်နေတာ ကြာပြီ။ ရုံမှာ တင်နေတာတော့ကြာပါပြီ။
အခုတော့ ကိုရွာသားရဲ့ ကြော်ငြာချက်ကြောင့် သွားကြည့်ဖြစ်အောင်ကို ကြည့်အုန်းမယ်။

RePublic said...

ကိုရွာသားလေးတို့ များ မြန်ပါ့ဗျာ ၊၊ တင်တာနဲ့ ကြည့်ပြီးသားပဲ ၊၊ ခေါ်တောင် မခေါ်ဘူးဗျာ ၊၊ ပို့စ်ထဲက ပဲ ဖတ်ကြည့် လုပ်သွားတယ်ဗျာ ၊၊

ကိုကြီးဝီ

ThuHninSee said...

အဲဒီကားကြီးကို ကြောက်ပါတယ်ဟယ်။

ဂျူနို said...

ယုံကြည်ရာကို ကိုင်ပြီး သတ္တိရှိရှိ ဆက်လျှောက်မယ်။
ဟိုနေ့ ကတော့ ဘ၀လွန်ဆွဲပွဲကြီးကို အနိုင်အရှုံးတွေနဲ့ ဒူးထောက်လက်မြောက်တော့မလိုလိုနဲ့ ။
ရွာသားကတော့လေ ခုတမျိုး တော်ကြာတမျိုး သုံးလမှာရေတခါချိုး ယောက္ခမညစ်ပတ်အိုးလို ဖြစ်နေပီ။

Unknown said...

အကြမ်းဖက်တဲ့ ကားကြီးတော့ ကြည့်ရဲပေါင်
တို့ လည်းစဉ်းစားမိတယ် စစ်မဖြစ်ရာမြေ နေရာလေးများ ရှိလေမလားလို့ ပေါ့
ဒါပေမယ့် အချစ်ရှိရင် အမုန်းဆိုတာရှိမှာပဲလေ
ဒီတော့ ဒီသံသရာထဲမှာ ကိုယ့်ဘာသာပဲ ငြိမ်းချမ်းမှုလေး ရှာပြီလျှောက်လှမ်းဖို့ ပဲရှိတော့တာပဲ
ဇာတ်ကားထဲက အသိလေးအတိုင်း သတ္တိရှိရှိလျှောက်လှမ်းနိုင်ပါစေ မောင်ရွာသားလေးရေ