06 November 2008

တိုင်ကပ်နာရီလေးကျနော်


၁တန်း(ပထမနှစ်)တုန်းကလား ၂တန်း(ဒုတိယနှစ်)တုန်းကလား ရေးခဲ့ဖူးတဲ့စာလေးပါ နည်းနည်းပြန်ပြင်ပေးလိုက်တာပါ…….


ကျနော်က တိုင်ကပ်နာရီလေးတစ်လုံးပါ။ သိပ်ကိုလှတဲ့နာရီလေးပေါ့။ ဘယ်လောက်လှတဲ့ နာရီလေးလဲဆိုရင် ကျနော့အိမ်ရှင်တွေက ဧည့်ခန်းမှာ ၀ံ့ကြွားစွာ ချိတ်ထားတာကိုသာ ကြည့်ပါတော့။

ကျနော်ကလည်း သိပ်ချစ်ဖို့ကောင်းတယ်လေ။ တစ်နာရီကြားတစ်ခါ ချိုသာတဲ့အသံလေးတွေနဲ့နှုတ်ဆက်ပေးတတ်ပါတယ်။ သူတို့ကပြောသေးတယ် ကျနော်က တိကျသေချာပြန်သေးသတဲ့။ ကဲဘာလိုသေးလဲ…

ပြီးတော့ သူတို့တွေက တချိန်လုံးတကြည့်ကြည့်နဲ့ဗျ။ ကျန်သေးတယ် ကျနော့နောက်ကျောက သံပတ်ပေးရတဲ့အချိန်ဆိုရင် သူတို့တွေ ကျနော့အရှေ့မှာရပ်ပြီး သူလုပ်မယ် ငါလုပ်မယ်နဲ့ဖြစ်နေကြရင် ပီတိတွေ ဂွမ်းဆီထိပြီး တအိအိကို ပြိုဆင်းရတော့တာ။

ကျနော်ကလည်း ၀တ္တရားမပျက်တချက်ချက်နဲ့ ပုံမှန်ကိုလည်ပတ်ပေးတော့တာ။ တရက်ပြီးတရက် တပတ်ပြီးတပတ် မရပ်မနားလည်ပတ်နေရတာကို ပျော်ဝင်နေမိတာလေ။

ဒါပေမယ့် သူတို့တွေကျောင်းသွား ရုံးသွား အသီးသီးအသက ထွက်သွားကြရင်တော့ တိတ်ဆိတ်တဲ့ ဒီအိမ်ကြီးမှာ ကျနော်တစ်ယောက်တည်းရယ်။ ကျနော့ကိုယ်က ထွက်တဲ့ချောက်ချက်မည်သံရယ်။ ပြီးတော့ ဆိတ်ငြိမ်တဲ့အချိန်မှာ တစ်နာရီပြည့်တိုင်း အလန့်ထညက်ထထ မြည်တဲ့ ချိုပါတယ်ဆိုတဲ့ အသံရယ်ပဲရှိလေရဲ့။

အဲဒီအခါမျိုးဆို ကျနော့ရင်ထဲမှာ ဟာတိဟာတာ နဲ့ကြောက်လန့်နေမိတာ။ ကျနော့ကိုဂရုစိုက်ပါတယ်ဆိုတဲ့ လူတွေက အနားမှာရှိမနေ။ နံရံကပ်နေရတဲ့ ကျနော့ဘ၀က သူတို့နောက်လိုက်လို့မှမဖြစ်နိုင်တဲ့ဟာကို။ သူတို့ သွားချင်ရာသွား ပြန်လာတဲ့အခါတိုင်း သူတို့ ကြည့်လိုက်ရင် အချိန်မှန်ပြဖို့ကြိုးစားနေရတဲ့ဘ၀။ တကယ်က သူတို့နဲ့ မခွဲမခွာနေလိုတယ်ဆိုတာ သူတို့တွေ သိနိုင်မှာမှမဟုတ်တာ။

ကျနော်ကသာ သတိရနေတာပါ။ သူတို့က သူတို့ လတ်ပတ်နာရီဆိုတဲ့ အရာလေးတွေ ကိုယ်စီပတ်ပြီး ကျနော့ကိုမေ့လျော့နေကြတာလေ။ အဲဒီတော့ ကျနော့အတွက်နေရာမရှိတာ သေချာပြီပေါ့။

တကယ်တော့ ကျနော်က ဟိုစာရေးဆရာတစ်ယောက်ရေးသလိုပဲ နံရံမှာပဲကပ်ပြီး နာနာနဲ့ရီနေရတဲ့ နာရီလေးတစ်လုံးရယ်ပါ……….


12 comments:

khin oo may said...

ုkom: မဖြစ်နိုင်တာအေ။ အဲဒီတုံးက ၂ တန်း ဆိုတော့ တို့ ဆို မနှစ် ကဟာ တောင်မမှတ်မိဘူး။

khin oo may said...

ုkom: အစွဲ အလန်ူးကြီးပုံ ရတယ်။

ဇင်ယော် said...

နာပေမယ့် ရီနိုင်သေးတော့ တော်သေးတာပေါ့။

သူငယ်ချင်း said...

နာနာနဲ့ရီနေတဲ့သူတွေလဲ များလှပါပြီ
အဲ့ဒိအထဲ အစ်ကိုလဲပါသလို ညီမလဲပါတယ်...
အားလုံးက အရယ်တုတွေနဲ့....

ခင်မင်လေးစားလျက်
mirror

ဗီလိန် said...

ငိုချင်ရက်နဲ့လည်းရီနေရတာမျိုးလဲရှိသဗျ။

Anonymous said...

ထိတယ်ဗျာ နဖူးတည့်တည့်ကို နာရီ ဆိုတော့ နာလို့ ရီတယ်နေမယ် နော့်း)

မောင်ဖားကြီး said...

အစ်ကိုက ငယ်ငယ်လေးတည်းက
မော်ဒန်အတ်ဆေး ရေးတတ်တာပဲ
ခုမှ ဂန္တ၀င်ဘက်ကို ဘာလို့ပြောင်းရတာလဲ
အဲ့လို အက်ဆေးလေးတွေ လုပ်ပါဦးဗျ
ကျွန်တော်လည်း အက်ဆေးချစ်သူပါ....

လင်းဒီပ said...

ကျွန်တော်က သူငယ်တန်းတည်းက စရေးနေပြီ..
အမှတ်တရရေးထားခဲ့မယ်

ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လိုချီ..
နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း..

ကောင်းလားဟင်..:P

ှ

ရွှန်းမီ said...

၁တန်း ၂တန်း ဆိုတာ ပ/ဒု နှစ် ကို ပြောတာ မဟုတ်လား။
တကယ်တော့ ဘလော့မှာ စာရေးတယ် ဆိုတာလည်း တိုင်ကပ်နာရီ လည်နေသလိုပဲ နော်။ =)

capricorn said...

တကယ်ကြီး ၂ တန်းလား? အဲလိုတွေးတတ်ပါ့မလားဟင်

JulyDream said...

စက်မှုကျောင်းသားကြီးက အဲဒီအချိန်တုန်းက ဘာတွေကို နာပြီး ဘာတွေကြောင့် ရီနေတာလဲ ဟင်။ ရည်ရွယ်ထားတဲ့ ချောနှမ သူများနောက် ပါသွားလို့ နာနာနဲ့ ရီနေတာလား ဟင်...

Unknown said...

အော် ရင်လှိုက်ပိုးကအဲဒီ့ကတည်းက တွယ်နေတာကိုး
ရင်နာနာနဲ့ တော့ မရီပါနဲ့ အမောင်ရယ် ပင်ပန်းလွန်းလို့  ပါ