27 November 2008

မြစ်တစ်စင်း၏ ဖြစ်တည်ရာ



ကျနော်တွေးနေမိသည်မှာ မြစ်တစ်စင်း အကြောင်းသာဖြစ်ပါသည်။ ထိုမြစ်သည် ပုံမှန်စီးဆင်းနေသည်လား ကျနော်မဝေခွဲတတ်ပါ။ သို့သော်ထိုမြစ်တည်ရှိနေသည်မှာတော့ အသေအချာဖြစ်ပါသည်။

အရေးမကြီးသောအချက်မှာ ထိုမြစ်မည်ကဲ့သို့ပေါ်ပေါက်လာခြင်းပင်။ အဓိကကျသောအရာမှာ မြစ်ဖျားခံရာအရပ်ပင်ဖြစ်ပါသည်။ သူစတင်မွေးဖွားရာ အရပ်ကြောင့်ပင် နက်ရှိုင်းစွာဖြစ်တည်နေဟန်ရှိ၏။ အရေးကြီးသည် ဖြစ်စေ အဓိကမကျသည် ဖြစ်စေ မြစ်တို့၏သဘောနှင့်ကိုက်ညီစွာ ပီဘိမြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသောမြစ်တစ်စင်းမှာ မလွဲဧကန်ပင်။

မြစ်တို့၏သဘောဆိုသည်မှာ ဘယ်သို့နည်း။ တစ်ခြားမြစ်တို့နည်းတူစွာ ထိုမြစ်သည်လည်းကွေ့ကောက်ပါသည်။ တစ်ချို့နေရာများတွင် ရုတ်တရက် အချိုးအကွေ့များရှိတတ်ပြန်ပါသည်။ ကျယ်ပြန့်သောမြစ်ပြင်ကျယ်ရှိသကဲ့သို့ တစ်ဖက်ကမ်းနှင့်တစ်ဖက်ကမ်း လက်လှမ်း၍ရလောက်သော မြစ်ကျဉ်းများလည်း ရှိ၏။ သို့သော်ကမ်းနှစ်ဖက် ထိစပ်သွားသည်ဟုတော့ မရှိတတ်သေး။ ထိစပ်သွားသောနေရာသည် ထိုမြစ်၏ သေဆုံးရာပင်ဖြစ်ပေလိမ့်မည်။

အခြားသောအချက်မှာ စီးဆင်းခြင်းအနုပညာပင်ဖြစ်သည်။ ပုံမှန်အားဖြင့်တော့ သိမ်မွေ့ညင်သာစွာ စီးဆင်းတတ်ပါသည်။ ငြိမ့်ညောင်းစွာစီးဆင်းခြင်း မှထွက်ပေါ်လာသော အမြင် သံစဉ်များသည် အလွန်တရာ နှစ်လိုဖွယ်ကောင်းလှပါသည်။ တစ်ဖွားဖွားဖြစ်ပေါ်လာသော ဆန္ဒမှာ ထာဝရအေးချမ်းစွာ စီးဆင်းစေလိုခြင်းပင်။ သို့ရာတွင် မည်သည့် မြစ်မျှ အစဉ်အမြဲအေးချမ်းစွာ စီးဆင်းနေသည်မဟုတ်ပါ။ အခြားအခြားသော ဖြစ်တည်မှုများကြောင့် စီးဆင်းခြင်းသည်လည်း ပြောင်းလဲတတ်ပါသည်။

ပြောင်းလဲခြင်းတိုင်းသည် အချက်အလက်တော်တော်များများနဲ့ ဆက်စပ်နေသည်။ ပထမဦးစွာ ပတ်ဝန်းကျင်မိုးလေ၀သဖြစ်မည်။ မိုးရွာခြင်း၊ နေပူခြင်း၊ မုန်တိုင်းကျခြင်းတို့သည် များစွာသော သက်ရောက်မှုကိုဖြစ်စေလိမ့်မည်။ မာန်ဟုန်ပြင်းစွာ စီးဆင်းသည့် အခါများတွင် အလွန်တရာကြောက်မက်ဖွယ်ကောင်းလှပါသည်။ ထိုအခါများတွင် တွေ့ကြုံရသောခက်ထန်မှုမှာ သူမတူအောင် ရှိလှသည်။

ပတ်ဝန်းကျင်ဆိုသည့်အတိုင်း သက်ရှိသတ္တ၀ါများ၏ ရိုက်ခတ်မှုကိုလည်း ထိုမြစ်တွင်တွေ့မြင်နိုင်သည်။ သဘာဝလွန် အစမ်းထွင်မှုများကြောင့် မြစ်ရေတိမ်ကောခြင်း မြစ်ရေကြီးခြင်းများ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပါသည်။ ထိုအခါမျိုးတွင် သတ္တ၀ါတို့၏ ဗီဇအတိုင်း အပြစ်ဟူသမျှကို မြစ်ကိုသာ ပုံချတတ်ကြပါသည်။ ဆိုးလိုက်တဲ့မြစ်ဟု ရွတ်ဆိုရင်း အကြောင်းကြောင့်အကျိုးဖြစ်သည်ဟူသော ဘာသာရေးရှုထောင့်ကို မေ့ပစ်လွယ်တတ်ကြသည်။ မိမိတို့ ပစ်ချတတ်သော အမှိုက်များ တစ်ဖြည်းဖြည်းစု၍ ဖြူစင်သော မြစ်ရေပြင်ညစ်နွမ်းလာခြင်းကိုလည်း လျစ်လျူရှုလွယ်လာသည်။ နည်းနည်းပါးပါးပါကွာဟုဆိုကာ မကြာခဏပစ်တတ်ကြသည်။ အရာအားလုံးသည် အမှိုက်ကစ၍ ပြသာဒ်မီးလောင်တတ်သည် မဟုတ်ပါလော။

မည်သို့ဆိုစေ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသည့်အတိုင်း စီးဆင်းမြဲ စီးဆင်းနေသောမြစ် ဖြစ်ပါသည်။ ထိုမြစ်ကိုစောင့်ကြည့်မိသည်။ ထိန်းချုပ်ရန်မဖြစ်နိုင်။ လွှတ်ထားကြည့်မိသည်။ ဘေးပတ်ဝန်းကျင်ကိုထိခိုက်နိုင်သည်။ မာယာများသော မြစ်တစ်စင်း၏ ဖြစ်တည်ရာနောက် ကောက်ကောက်ပါအောင် လိုက်နေမိခြင်းဖြင့် ထိုမြစ် မသေမဆုံးမခြင်း ကျနော်အလုပ်ရှုပ်နေမှာတော့ အမှန်ပင်ဖြစ်ပါသည်….



8 comments:

khin oo may said...

မြစ်တို့၏မာယာ ကို ဖတ်သွားသည်

khin oo may said...

မြစ်ကတော့သေဆုံးမည် မဟုတ်။ အသင့်အတွက်သာ ရင်လေးမိသည်။ :P

မြစ်ပြီးရင် သောင် အကြောင်းရေးမယ်ထင်တယ်။ စောင့်ကြည့်ဝေဖန် လေကန်ဦးမှ

တသက်လုံးဖတ်လာတာတွေ သွန်ချနေပြီနဲ့တူရဲ့။

:P said...

အမှန်အတိုင်းပြောရရင် ညကတည်းက ဖတ်ပြီးပြီ..
ဘယ်လိုမန့်ရမှန်းမသိလို့.....
Basic မရှိဘူးဆိုချင်ဆို..... ရေးတာကိုနားလည်ပါတယ်.. ကောင်းမှန်းသိပါတယ်၊မမန့်တတ်တာပြောတာ.....

ဟန်လင်းထွန်း said...

လိုရာကို ခံစားရမည်ဆိုလျှင်
မာယာများသော မြစ်တစ်စင်း၏ ဖြစ်တည်ရာနောက် ကောက်ကောက်ပါအောင် လိုက်နေမိခြင်းဖြင့် ထိုမြစ် မသေမဆုံးမခြင်း ကျနော်အလုပ်ရှုပ်နေမှာတော့ အမှန်ပင်ဖြစ်ပါသည်….

mirror said...

ဒါလေး...ကြိုက်တယ် အစ်ကို
အားပေးခင်မင်လျက်
မှန်

RePublic said...

ကိုရွာသားလေး အချစ်မြစ်ကြီး စီးစင်းနေပြီလားဗျ ၊၊ ဝေး
...အောင်မြင်ပါစေဗျာ ၊၊ :P

ကိုကြီးဝီ

ဂရေစ့် said...

"မာယာများသော မြစ်တစ်စင်း၏ ဖြစ်တည်ရာနောက် ကောက်ကောက်ပါအောင် လိုက်နေမိခြင်းဖြင့် ထိုမြစ် မသေမဆုံးမခြင်း ကျနော်အလုပ်ရှုပ်နေမှာတော့ အမှန်ပင်ဖြစ်ပါသည်"

မာယာများမှန်းလဲသိတယ်၊ အလုပ်ရှုပ်မယ်မှန်းလဲသိပါရက်နဲ့  ကောက်ကောက်ပါအောင် လိုက်နေမိခြင်းကိုပဲ အပြစ်ဆိုရမလိုဖြစ်နေပြီလေ။

Unknown said...

မြစ်တို့ ၏မာယာ စာအုပ်ကို အရင်ဆုံး သတိယမိတယ်
မာယာများတဲ့ မြစ်နောက် ကောက်၂ပါအောင်လိုက်နေ ရင်တော့ အမောင်ငယ်သာ မောယုံရှိမပေါ့
မြစ်ကတော့ မသေ