18 November 2008

လွန်ဆွဲပွဲ




မိုးခေါင်ရင်လည်း လွန်ဆွဲရတယ်တဲ့။ ဒါပေမယ့် ကျနော်ကြုံရတဲ့ လွန်ဆွဲပွဲကတော့ စက်ရုံမိသားစုပျော်ပွဲရွှင်ပွဲပါ။ သူ့ဘက်ကိုယ့်ဘက် အပြိုင်ဆွဲကြသလို တဖက်နဲ့တဖက် စည်းဝိုင်းအပြင်မှာလဲ ဆွဲနေကြသလို…..

ရပ်ကွက်အလိုက်ဆွဲကြတဲ့ပွဲ။ ကြိုးတန်း အတုတ်ကြီးကို အလယ်မှာ အပြိုင်ဆွဲကြတဲ့ပွဲ။ နေမထွက်သေးပင်မယ့် ချွေးအပြိုင်ကျတဲ့ ပွဲ။ အ၀ဆုံး အားအသန်ဆုံးတွေက ဟိုးနောက်ဆုံးမှာနေ ပြီးတော့ ခါးမှာကြိုးကိုချည်ပြီး ခါးပြတ်မတတ်ဆွဲ နောက်ပြန်ပြေးတော့တာ။ အရှေ့ကလူတွေက ကော စည်းတစ်ဖက်မကျော်အောင် လက်နှစ်ဖက်ပွန်း တရွတ်တိုက်ပါသည်အထိ ခြေကန်ဆွဲကြရတာကိုး။ အသံမျိုးစုံထွက်လျက်က အားမာန်တင်းရင်း အနိုင်အရှုံးဆိုတာအတွက် နင်းကန်ကြိုးစားကြတဲ့ပွဲပါ။

လွန်ဆွဲပွဲက ပွဲအတွင်းမှာတင်မဟုတ်။ ပွဲအပြင်မှာပါ အားလုံးက တပြုံတမ တက်တက်ကြွကြွ။ ဟေးဟစ်သံတွေကလည်း အထက်တက်အောင် ဆူတော့တာ။ အထဲကဆွဲနေတဲ့ သူတွေကို အားမရလို့ ကိုယ်တိုင်တောင်ဝင်ဆွဲမလား ထင်ရအောင် ကြိုးနားကိုကပ်ကပ်သွားကြလို့ ဒိုင်တွေက ထိုင်ခုံရှည်ပေါ်ကနေအော်နေရသည်အထိ။ ဆိုင်ရာဆိုင်ရာ ဇနီးမယား သမီးသားတွေကလည်း ပင်ပန်းနေကြတာကိုတွေ့ပါလျက် ကြိုးစားအားတင်းဖို့ ပြောနေမိကြတယ်။ တကယ်တမ်းတော့ သူတို့အဖေပင်ပန်းနေပြီလေ။

လွန်ဆွဲပွဲမှာ ဒိုင်ပွဲရပ်မရှိသလို တကယ့်အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့ပွဲ။ နိုင်သူရုံးသူနှစ်ဖက်လုံး ခြေကုန်လက်ပမ်းကြအောင် ကြိုးစားကြရတာလေ။ ကိုယ်ခန္ဓာပင်ပန်းမှု တင်မဟုတ်ပဲ စိတ်တွေပါ ပါဝင်ပင်ပန်းနိုင်တဲ့ပွဲမျိုးပါ။

အနိုင်အရှုံးတစ်ခုကို စက္ကန့်ပိုင်းအတွင်း လူတစ်ယောက်ရဲ့ ချွတ်ချော်မှုတစ်ခု သက်လုံတွေအပေါ်မှာ ဆုံးဖြတ်စေတဲ့ပွဲပါ။ အားလုံးကြိုးစားသမျှတွေဟာ အနိုင်ဖြစ်မလား အရှုံးဖြစ်မလား ဘယ်သူမှမခန့်မှန်းနိုင်။ ဘေးကရပ်ကြည့်သူတစ်ယောက်အနေနဲ့ အားမလိုအားမရမှုတွေဖြစ်နေတတ်တာမျိုးလေ။ ဘောလုံးပွဲကို ပွဲကြည့်သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်ကန်ရတာမဟုတ်ပဲ လွယ်လွယ်ဝေဖန်ရသလိုမျိုး။

ကျနော်တို့ရဲ့ဘ၀တွေကော။ လွန်ဆွဲပွဲနဲ့တူတယ်လို့မထင်ဘူးလားဗျာ။ ကိုယ်တိုင်တော့အားသွန်ခွန်စိုက်ကြိုးစားနေတာပါပဲ။ ဒါပေမယ့် အနာဂါတ်ဆိုတဲ့ အရှုံးအနိုင်ကို ဘယ်သူမှသိကြတာမှ မဟုတ်တာ။ တစ်ခါတစ်ခါ အလဲလဲအပြိုပြိုဖြစ်တိုင်း ဘေးနားက ချစ်ခင်ရင်းနှီးတဲ့သူတွေက ၀ိုင်းဝန်းအားပေးကြတယ်။ တစ်ခါတစ်လေကဲ့ရဲ့ အပြစ်တင်ကြတယ်။ အားမလိုအားမရတွေလည်း ခဏခဏဖြစ်တတ်ကြတယ်။ ကျနော်လည်း အဲလိုမျိုးဖြစ်ဖူးပါတယ်။ နှစ်နေရာလုံးမှာကို ဖြစ်ခဲ့ဖူးတာပါ။

အခုထိတော့ ကိုယ်ကိုတိုင်လည်း ဘ၀ဆိုတဲ့လွန်ဆွဲပွဲကို စောစောအရှုံးပေးရင်ကောင်းမလား နိုင်အောင်ပဲဆက်ကြိုးစားရမလား ဝေခွဲမရသေးပါဘူးဗျာ။ လက်ကနေကြိုးလွတ်ထွက်မသွားခင်အထိပေါ့…………

4 comments:

ဂျူနို said...

အမလေးအမလေး ငါ့တူမပီသလိုက်ပုံ
ဒီအသက်ဒီအရွယ်နဲ့ အရှုံးပေးဖို့ စဉ်းစားတယ်
ကိုယ့်ဘ၀ကို ဘယ်သူနဲ့ လောင်းကြေးထပ်ပြီး အနိုင်အရှုံး ဆုံးဖြတ်ခိုင်းမလို့ လဲ
ကိုယ်ကနိုင်တယ်ထင်ပေမဲ့ တခြားတစ်ယောက်က ရှုံးတာလို့ ပြောရင်ပြောမှာပဲ။
ကိုယ်က ရှုံးတယ်ထင်နေတာက နိုင်တယ်လို့ ယူဆတဲ့သူကယူဆမှာပဲ။
ကိုယ်ကနိုင်တာလဲ သူများအရှုံးဖြစ်ရင်ဖြစ်နေမှာပဲ။
ဒါတွေက လူ တွေရဲ့ သတ်မှတ်ချက်တွေပါ။
ကိုယ်ကျေနပ်ဖို့ ပဲလိုတယ်။

ဒေါ်လေး

Unknown said...

ဘ၀ဆိုတာ လွန်ဆွဲပွဲတဲ့လား ကံကြမာကတစ်ဘက် ကိုယ်ကတစ်ဘက် ပြသနာက ကံကြမာဆိုတာမမြင်ရတဲ့ ဘက်က အားကြီးနေတတ်တဲ့ အရာလေ
တစ်ခါတစ်လေ လက်တွေပွန်းပဲ့စုတ်ပြက်သက်လို့ တစ်ခါတစ်လေ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြောင့် ရင်ဘတ်ထဲက နာကျင်မှုတွေနဲ့ တစ်စဆီဖြစ်လို့ ဒါပေမယ့် မသေမချင်း ဒီလွန်ဆွဲပွဲကြီးကို မနိုင်နိုင်အောင် ယှဉ်ပြိုင်နေကြရအုံးမှာလေ အားပေးသူရှိရှိ မရှိရှိပေါ့

ဂရေစ့် said...

နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အမောတွေနဲ့ အပြိုင်နွှဲရတဲ့ အညာရပ်ကလွန်ဆွဲပွဲကမှ သက်သာပါအုံးမယ်။ ရလဒ်တစ်ခုနဲ့ အဆုံးသတ်လို့ ရနိုင်သေးတယ်။
နိုင်နိုင်ရှုံးရှုံး ရုန်းကန်နေရတဲ့ လောထဲက ဘ၀လွန်ဆွဲပွဲကတော့ ပြီးတယ်မရှိ ဘယ်နေရာအဆုံးသတ်ရမယ် မသိနဲ့ ။ စခဲ့မိပြီဆိုတော့ ရပ်လို့ ရယ်မရနိုင်ပြီ။
တာဝန်ဆိုတာတွေက တရစပ်လည်ပတ်နေစေတယ်လေ။ ခြေကုန်လက်ပမ်းကျလို့  ဗုန်းဗုန်းလဲမှပဲ ဒီပွဲကပြီးမယ်ထင်ပါရဲ့ ။ ဒီလိုပါပဲ…. ဘ၀သေမှပွဲပြီးရင် ပြီး၊ မဟုတ်ဘဲ ပွဲပြီးလိုက်ရင်လဲ
ဘ၀ကသေသွားနိုင်တယ်လေ။
ဒီတော့လဲ မောပေမဲ့ ဘ၀တစ်ခုရှင်သန်ဖို့ အတွက်…..ဆက်ရပေအုံးမယ်ပေါ့။

Unknown said...

ဘ၀ဆိုတဲ့ လွန်ဆွဲပွဲမှာ တို့ မောင်ငယ်လေး
နိုင်အောင်ကြိုးစားမယ်ဆိုတာတော့ ယုံမိတယ်
အနာဂါတ်ကို ဘယ်သူမှ ကြိုတင်မှန်းဆလို့ မရပေမယ့် ကြိုးစားမှုနဲ့  အောင်မြင်မှု ပန်းတိုင်ကိုတော့ အရောက်လှမ်းပါလို့ 