
အချိန်ဆိုတာကို လိုက်ပြီး ဘ၀တစ်ခုလုံးမှာ တစ်ချို့အကြောင်းအရာတွေကို မကြုံဆုံဖြစ်တတ်ပါဘူး။ တစ်ဦးတစ်ယောက်တည်းဆိုရင် သိပ်မသိသာနိုင်ပေမယ့် ရာစုနှစ်ချင်းတူတဲ့လူတွေ အားလုံးလွဲခဲ့ကြတာဆိုတော့ သိပ်သိသာလွန်းနေတယ်။
ငယ်တုန်းက မေနဲ့ဖေပြောပြောနေတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ဆိုတာ ကိုယ့်အတွက် တကယ်နှစ်သက်စရာ ပျော်ရွှင်စရာပေါ့။ ပုဂံဆောင်သူမေ့ရဲ့ အတွေ့အကြုံတွေကို မပျင်းမရိအပြန်ပြန်အလှန်လှန်ပြောခိုင်းမိတဲ့ အထိပါ။ အန်တီခွန်းရီတို့နဲ့ အတူ ဂစ်တာတွေတီး သီချင်းတွေဆို တဲ့အကြောင်းတွေ၊ အခန်းထဲမှာမီးဖိုပြီး ဟင်းချက်စားရင်း အဆောင်မှူးလာစစ်လို့ စောင်နဲ့အုပ်ကြတဲ့အဖြစ်တွေ အိုး………..တကယ့် စိတ်ဝင်စားစရာအဖြစ်တွေပါ။
ဖေ့ဆီကနေတော့ မိန်းကလေးအဆောင်ရှေ့မှာ ဂစ်တာတီးရင်းမိုးလင်းကြတာ။ ကိုယ်စားချင်တဲ့အစားအသောက်ကို စာရွက်နဲ့ရေးပြီး အစောင့်ကိုပေးခိုင်းတာ အဆောင်ပေါ်ကနေ နားထောင်ချင်တဲ့သီချင်းတွေ ပြန်လာတတ်တာ။ အနယ်နယ်အရပ်ရပ်က လူတွေစုပြီး ညီအစ်ကိုလို သူငယ်ချင်းလို နေခဲ့ကြတာတွေတဲ့။ ကိုယ့်အတွက်တော့ အိပ်မက်လားဟင်…
တကယ်တမ်းမြကျွန်းညိုကိုတက်ရတော့ အဆောင်ဆိုတာ မရှိတော့ဘူးလေ။ ပထမနှစ် ဒုတိယနှစ်တွေအတွက် မှော်ဘီခရီးကို မနက်ငါးနာရီထပြီးသွားခဲ့ရတာ။ အပြန်ကျတော့လည်း တစ်လမ်းလုံးမတ်တတ်ရပ်ရတာက များနေတတ်တာဆိုတော့ ပင်ပန်းနေခဲ့ပြီ။ နောက်ထပ်ကျောင်းတစ်ခုကိုဝင်ပြီး အိမ်ကို ပြန်ရောက်တော့ လထွက်တာတောင် ကြာနေခဲ့ပြီ။ လှိုင်သာယာ တတိယနှစ်ကနေ ဖိုင်နယ်ကျပြန်တော့လည်း ခြောက်လတစ်တန်း စာမလျော့စတမ်းဆိုတော့ ဖတ်ပေဦးပေါ့။ သူငယ်ချင်းတွေ ကျောင်းမှာပဲတွေ့ ကျောင်းကနေပဲ လမ်းခွဲကြရတာ။ Project ဆိုတာနဲ့နပမ်းလုံးလိုက် ကျူရှင်ဆိုတာနဲ့ ပတ်ချာလည်လိုက် ဖြစ်နေခဲ့ကြရတာပါ။ သြဘာလမ်းဆိုတာ ဘာမှန်းမသိ။ ဦးလူပေါဂိတ် ဆင်းရဲသားဂိတ်ဆိုတာလည်း မရင်းနှီး။ နွေးအေးတို့ ကန်သာယာတို့ဆိုတာ တစ်ခေါက်တစ်လေမှရောက်ဖြစ်တတ်တာ။ ဆရာမမေငြိမ်းရဲ့ မြသီလာအလွမ်းပြေတွေကို ဖတ်ရရင် တကယ်ကို ပုံပြင်တွေလို ယုံတမ်းစကားတွေလို မင်သက်အံ့သြဖတ်နေမိတတ်တာ။ အားကျနေရတာ။
မနေ့ညက MIT 3rd batchက အစ်ကိုကြီးတွေနဲ့ ဆုံဖြစ်ပါတယ်။ ရင်းနှီးနွေးထွေးနေကြသေးတဲ့ သူတို့ရဲ့ ခင်မင်မှုကို တွေ့ရတော့ အေးခဲနေပြီဖြစ်တဲ့ ကျနော်တို့ သူငယ်ချင်းတွေကြားကခင်မင်မှုကို အားမလိုအားမရဖြစ်စေခဲ့ပါတယ်။ အားလုံးဒီရောက်နေကြပြီလေ နင်ဘာလုပ်နေတာလဲ ဆိုတဲ့စကားလုံးတွေက အခုဆို လေထဲမှာလွယ်လွယ် လွင့်ပျောက်သွားသလိုပါ။ သူတို့လည်း သူတို့ဘာသာနေ ကျနော်လည်းကျနော့ဘာသာနေ ဆိုတော့ ဘာထူးမှာလဲနော်။ နီးရက်နဲ့ မတွေ့ဖြစ် မဆုံဖြစ် မပြောဖြစ် မဆိုဖြစ်။ ဘယ်လောက် တစ်စိမ်းဆန်တဲ့ ခင်မင်မှုတွေလဲ။
အစ်ကိုကြီးတွေဘာကြောင့်ပိုမိုရင်းနှီးနေတာလဲ ဆိုတော့ သူတို့ တစ်ဆောင်တည်း နှစ်အတော်များများမှာ နေခဲ့ကြရတာလေ။ ဆိုးတူကောင်းဘက် လက်တွဲဖော်သူငယ်ချင်းပေါ့ဗျာ။ အဆောင်မနေရတဲ့ ကျနော်တို့အတွက်ကတော့ ကျောင်းမှာခဏတွေ့တဲ့ သူငယ်ချင်းတွေဆိုတော့ ကွာပေမပေါ့။ ကျနော့အစ်ကိုဝမ်းကွဲဆို ဇီဝကဆောင်က သူ့အခန်းဖော်မိုးညှင်းသားကို အခုထိသတိရတုန်း။ ၉၆ စာမေးပွဲအပြီးမှာ အဲဒီအစ်ကိုကြီး ပြန်မလာနိုင်တော့ဘူးလေ။ အိမ်က ပိုက်ဆံမတတ်နိုင်လို့ တစ်ပိုင်းတစနဲ့ ရပ်ခဲ့ရတယ်တဲ့။
ညက ဂစ်တာနှစ်လက်နဲ့ ကျနော်တို့ သီချင်းတွေ အော်ဆိုဖြစ်ကြပါတယ်။ အဆောင်ရှေ့မှာ သွားပြီးဆိုကြတဲ့ အကြောင်းလေးတွေ ပြောရင်း ဆိုကြတာလေ။ ကျနော့မှာတော့ ပြောစရာစကားမရှိဘူးပေါ့။ မျက်စိမှိတ်ပြီး ကိုယ်ရတဲ့သီချင်းကိုအော်ဆိုရင်း ကြေကွဲနေမိရော။
ကျောင်းအပြီးမှာတော့ အဆောင်နေချင်တဲ့ အတွက် အိမ်ကိုဂျီကျပြီး ကျနော် ခပေါင်းဆောင်မှာ သွားနေဖြစ်ပါတယ်။ ကျနော့်အခန်းနံပါတ်ကိုးပါ။ ကျောင်းတက်တုန်းက မရလိုက်တဲ့ အဆောင်ဘ၀ကို အပြည့်အ၀မဟုတ်တောင် အနည်းအကျဉ်းတော့ ရဖြစ်ခဲ့ပါတယ်။ မီးတွေရေတွေ အပြင်မှာလို မပူရဘူးလေ။ အဆောင်နောက်က ရေကန်မှာ စိတ်ကြိုက်ချိုးရတာကိုး။ တစ်ချို့ညတွေမှာလည်း ကိုထွန်းကိုနဲ့ပေါင်းပြီး အဆောင်ရှေ့မှာ သီချင်းဆိုဖြစ်တယ်။ စလယ်ဝင်အိုးလေးကနေ မျှော်လင့်ခြင်းကွင်းပြင်အထိပေါ့။ သိပ်ပျင်းရင်တော့ RC2 ၀င်းထဲက ဆရာမဆောင် (အခုတော့ ဆရာမတွေပဲ ရှိတော့တာပါ) ရှေ့မှာ သွားဆိုဖြစ်ပါတယ်။ ဆရာမတွေဆိုတော့ တုပ်တုပ်တောင်မလှုပ်ပါဘူး။ ခြင်ကိုက်တာနဲ့ မကြာပါဘူး ပြန်လာကြတာပါပဲ။
တကယ်တမ်းကျနော်နားလည် သလောက် တက္ကသိုလ်ဆိုတာ စာကိုပဲသင်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်မရပ်ခင် လူ့အသိုင်းအ၀ိုင်းတစ်ခုကို ၀င်ဆန့်အောင် လူမှုရေး အတွေးအခေါ် စဉ်းစားဆင်ခြင်ဥာဏ်တွေကို ပါ မသိလိုက်မသိဖာသာ သင်ကြားပေးခဲ့တာ။
အချိန်အခါကိုလိုက်ပြီး တစ်ချို့သောအရာတွေကို လက်လွှတ်ခဲ့ရတယ်ဆိုပေမယ့် ဒီလိုတက္ကသိုလ်ဆိုတာကို လွဲခဲ့ရတာမျိုးတော့ နောင်ဘယ်တော့မှ ကျနော်မလိုချင်တော့။ အင်းဖြစ်နိုင်ရင်ပေါ့လေ…………….
စာကြွင်း။ လွမ်းမောခဲ့ရသောထဲက အင်ဒရူးလို မှတ်တမ်းလေးတွေ ရေးတတ်ချင်ပင်မယ့် ရေးခွင့်ဆိုတာတောင် မရလိုက်တဲ့ လူတစ်ယောက်အဖြစ် နဲ့မချင့်မရဲ ရှိနေဆဲ….