30 November 2008

မရရှိခဲ့လေသော မကြုံဖြစ်ခဲ့လေသော




အချိန်ဆိုတာကို လိုက်ပြီး ဘ၀တစ်ခုလုံးမှာ တစ်ချို့အကြောင်းအရာတွေကို မကြုံဆုံဖြစ်တတ်ပါဘူး။ တစ်ဦးတစ်ယောက်တည်းဆိုရင် သိပ်မသိသာနိုင်ပေမယ့် ရာစုနှစ်ချင်းတူတဲ့လူတွေ အားလုံးလွဲခဲ့ကြတာဆိုတော့ သိပ်သိသာလွန်းနေတယ်။

ငယ်တုန်းက မေနဲ့ဖေပြောပြောနေတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ဆိုတာ ကိုယ့်အတွက် တကယ်နှစ်သက်စရာ ပျော်ရွှင်စရာပေါ့။ ပုဂံဆောင်သူမေ့ရဲ့ အတွေ့အကြုံတွေကို မပျင်းမရိအပြန်ပြန်အလှန်လှန်ပြောခိုင်းမိတဲ့ အထိပါ။ အန်တီခွန်းရီတို့နဲ့ အတူ ဂစ်တာတွေတီး သီချင်းတွေဆို တဲ့အကြောင်းတွေ၊ အခန်းထဲမှာမီးဖိုပြီး ဟင်းချက်စားရင်း အဆောင်မှူးလာစစ်လို့ စောင်နဲ့အုပ်ကြတဲ့အဖြစ်တွေ အိုး………..တကယ့် စိတ်ဝင်စားစရာအဖြစ်တွေပါ။

ဖေ့ဆီကနေတော့ မိန်းကလေးအဆောင်ရှေ့မှာ ဂစ်တာတီးရင်းမိုးလင်းကြတာ။ ကိုယ်စားချင်တဲ့အစားအသောက်ကို စာရွက်နဲ့ရေးပြီး အစောင့်ကိုပေးခိုင်းတာ အဆောင်ပေါ်ကနေ နားထောင်ချင်တဲ့သီချင်းတွေ ပြန်လာတတ်တာ။ အနယ်နယ်အရပ်ရပ်က လူတွေစုပြီး ညီအစ်ကိုလို သူငယ်ချင်းလို နေခဲ့ကြတာတွေတဲ့။ ကိုယ့်အတွက်တော့ အိပ်မက်လားဟင်…

တကယ်တမ်းမြကျွန်းညိုကိုတက်ရတော့ အဆောင်ဆိုတာ မရှိတော့ဘူးလေ။ ပထမနှစ် ဒုတိယနှစ်တွေအတွက် မှော်ဘီခရီးကို မနက်ငါးနာရီထပြီးသွားခဲ့ရတာ။ အပြန်ကျတော့လည်း တစ်လမ်းလုံးမတ်တတ်ရပ်ရတာက များနေတတ်တာဆိုတော့ ပင်ပန်းနေခဲ့ပြီ။ နောက်ထပ်ကျောင်းတစ်ခုကိုဝင်ပြီး အိမ်ကို ပြန်ရောက်တော့ လထွက်တာတောင် ကြာနေခဲ့ပြီ။ လှိုင်သာယာ တတိယနှစ်ကနေ ဖိုင်နယ်ကျပြန်တော့လည်း ခြောက်လတစ်တန်း စာမလျော့စတမ်းဆိုတော့ ဖတ်ပေဦးပေါ့။ သူငယ်ချင်းတွေ ကျောင်းမှာပဲတွေ့ ကျောင်းကနေပဲ လမ်းခွဲကြရတာ။ Project ဆိုတာနဲ့နပမ်းလုံးလိုက် ကျူရှင်ဆိုတာနဲ့ ပတ်ချာလည်လိုက် ဖြစ်နေခဲ့ကြရတာပါ။ သြဘာလမ်းဆိုတာ ဘာမှန်းမသိ။ ဦးလူပေါဂိတ် ဆင်းရဲသားဂိတ်ဆိုတာလည်း မရင်းနှီး။ နွေးအေးတို့ ကန်သာယာတို့ဆိုတာ တစ်ခေါက်တစ်လေမှရောက်ဖြစ်တတ်တာ။ ဆရာမမေငြိမ်းရဲ့ မြသီလာအလွမ်းပြေတွေကို ဖတ်ရရင် တကယ်ကို ပုံပြင်တွေလို ယုံတမ်းစကားတွေလို မင်သက်အံ့သြဖတ်နေမိတတ်တာ။ အားကျနေရတာ။

မနေ့ညက MIT 3rd batchက အစ်ကိုကြီးတွေနဲ့ ဆုံဖြစ်ပါတယ်။ ရင်းနှီးနွေးထွေးနေကြသေးတဲ့ သူတို့ရဲ့ ခင်မင်မှုကို တွေ့ရတော့ အေးခဲနေပြီဖြစ်တဲ့ ကျနော်တို့ သူငယ်ချင်းတွေကြားကခင်မင်မှုကို အားမလိုအားမရဖြစ်စေခဲ့ပါတယ်။ အားလုံးဒီရောက်နေကြပြီလေ နင်ဘာလုပ်နေတာလဲ ဆိုတဲ့စကားလုံးတွေက အခုဆို လေထဲမှာလွယ်လွယ် လွင့်ပျောက်သွားသလိုပါ။ သူတို့လည်း သူတို့ဘာသာနေ ကျနော်လည်းကျနော့ဘာသာနေ ဆိုတော့ ဘာထူးမှာလဲနော်။ နီးရက်နဲ့ မတွေ့ဖြစ် မဆုံဖြစ် မပြောဖြစ် မဆိုဖြစ်။ ဘယ်လောက် တစ်စိမ်းဆန်တဲ့ ခင်မင်မှုတွေလဲ။

အစ်ကိုကြီးတွေဘာကြောင့်ပိုမိုရင်းနှီးနေတာလဲ ဆိုတော့ သူတို့ တစ်ဆောင်တည်း နှစ်အတော်များများမှာ နေခဲ့ကြရတာလေ။ ဆိုးတူကောင်းဘက် လက်တွဲဖော်သူငယ်ချင်းပေါ့ဗျာ။ အဆောင်မနေရတဲ့ ကျနော်တို့အတွက်ကတော့ ကျောင်းမှာခဏတွေ့တဲ့ သူငယ်ချင်းတွေဆိုတော့ ကွာပေမပေါ့။ ကျနော့အစ်ကိုဝမ်းကွဲဆို ဇီဝကဆောင်က သူ့အခန်းဖော်မိုးညှင်းသားကို အခုထိသတိရတုန်း။ ၉၆ စာမေးပွဲအပြီးမှာ အဲဒီအစ်ကိုကြီး ပြန်မလာနိုင်တော့ဘူးလေ။ အိမ်က ပိုက်ဆံမတတ်နိုင်လို့ တစ်ပိုင်းတစနဲ့ ရပ်ခဲ့ရတယ်တဲ့။

ညက ဂစ်တာနှစ်လက်နဲ့ ကျနော်တို့ သီချင်းတွေ အော်ဆိုဖြစ်ကြပါတယ်။ အဆောင်ရှေ့မှာ သွားပြီးဆိုကြတဲ့ အကြောင်းလေးတွေ ပြောရင်း ဆိုကြတာလေ။ ကျနော့မှာတော့ ပြောစရာစကားမရှိဘူးပေါ့။ မျက်စိမှိတ်ပြီး ကိုယ်ရတဲ့သီချင်းကိုအော်ဆိုရင်း ကြေကွဲနေမိရော။

ကျောင်းအပြီးမှာတော့ အဆောင်နေချင်တဲ့ အတွက် အိမ်ကိုဂျီကျပြီး ကျနော် ခပေါင်းဆောင်မှာ သွားနေဖြစ်ပါတယ်။ ကျနော့်အခန်းနံပါတ်ကိုးပါ။ ကျောင်းတက်တုန်းက မရလိုက်တဲ့ အဆောင်ဘ၀ကို အပြည့်အ၀မဟုတ်တောင် အနည်းအကျဉ်းတော့ ရဖြစ်ခဲ့ပါတယ်။ မီးတွေရေတွေ အပြင်မှာလို မပူရဘူးလေ။ အဆောင်နောက်က ရေကန်မှာ စိတ်ကြိုက်ချိုးရတာကိုး။ တစ်ချို့ညတွေမှာလည်း ကိုထွန်းကိုနဲ့ပေါင်းပြီး အဆောင်ရှေ့မှာ သီချင်းဆိုဖြစ်တယ်။ စလယ်ဝင်အိုးလေးကနေ မျှော်လင့်ခြင်းကွင်းပြင်အထိပေါ့။ သိပ်ပျင်းရင်တော့ RC2 ၀င်းထဲက ဆရာမဆောင် (အခုတော့ ဆရာမတွေပဲ ရှိတော့တာပါ) ရှေ့မှာ သွားဆိုဖြစ်ပါတယ်။ ဆရာမတွေဆိုတော့ တုပ်တုပ်တောင်မလှုပ်ပါဘူး။ ခြင်ကိုက်တာနဲ့ မကြာပါဘူး ပြန်လာကြတာပါပဲ။

တကယ်တမ်းကျနော်နားလည် သလောက် တက္ကသိုလ်ဆိုတာ စာကိုပဲသင်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ခြေထောက်ပေါ်မရပ်ခင် လူ့အသိုင်းအ၀ိုင်းတစ်ခုကို ၀င်ဆန့်အောင် လူမှုရေး အတွေးအခေါ် စဉ်းစားဆင်ခြင်ဥာဏ်တွေကို ပါ မသိလိုက်မသိဖာသာ သင်ကြားပေးခဲ့တာ။

အချိန်အခါကိုလိုက်ပြီး တစ်ချို့သောအရာတွေကို လက်လွှတ်ခဲ့ရတယ်ဆိုပေမယ့် ဒီလိုတက္ကသိုလ်ဆိုတာကို လွဲခဲ့ရတာမျိုးတော့ နောင်ဘယ်တော့မှ ကျနော်မလိုချင်တော့။ အင်းဖြစ်နိုင်ရင်ပေါ့လေ…………….

စာကြွင်း။ လွမ်းမောခဲ့ရသောထဲက အင်ဒရူးလို မှတ်တမ်းလေးတွေ ရေးတတ်ချင်ပင်မယ့် ရေးခွင့်ဆိုတာတောင် မရလိုက်တဲ့ လူတစ်ယောက်အဖြစ် နဲ့မချင့်မရဲ ရှိနေဆဲ….



29 November 2008

အမုန်းပေါင်း ရှစ်သောင်းလေးထောင်

အမုန်းက အချစ်ရဲ့ အနောက်မှာ တိတ်တဆိတ်လိုက်ပါမြဲ။ သူတစ်ကာထက်ပိုတဲ့ အချစ်နဲ့ချစ်မိပြီဆိုမှတော့ အမုန်းဆိုတာလည်း ကြီးပြီပေါ့။ တကယ်တမ်းရေကြည့်ရင် အမုန်းပေါင်းက ရှစ်သောင်းလေးထောင်မက။ တစ်ထောင့်တစ်ညရှည်တဲ့ ပုံပြင်တွေမဖြစ်အောင် ဇကာတင်ရွေးထားတဲ့ လက်ရွေးစင်အမုန်းတွေကို ပဲရွေးထုတ်လိုက်ပါတယ်။ တစ်ချက်တော့ မှတ်ထားပေးပါ။ ဒီပို့စ်နဲ့ပတ်သတ်လို့ ထင်ရာမြင်ရာ ရေးချင်ရာကိုရေးခဲ့နိုင်ပါတယ်။ ဖြေရှင်းချက်တစ်စုံတစ်ရာတော့ လုံးဝလုံးဝရှိမည်မဟုတ်ပါခင်ဗျာ။

၁။ Why me?

စိတ်ဓါတ်ကျအားငယ်တိုင်း အကြိမ်ကြိမ် လဲကျမိတိုင်း ဒီမေးခွန်းကိုမေးနေမိတတ်တယ်။ တကယ်တမ်းလူ့ဘ၀ကြီးမှာ လူတိုင်းကြုံတွေ့ရမှာပါပဲ။ အသိတရားဆိုတာကို လက်ကိုင်မထားမိဘဲ ဘာကြောင့် ဒီမေးခွန်းကို အမြဲတစေမေးနေတတ်ပါလိမ့်ဆိုပြီး မုန်းတီးနေမိတာပါ။

၂။ ကျောက်သင်ပုန်း

ကြားဖူးတဲ့ ပုံလေးထဲကလို ဘ၀မှာကြုံရတဲ့ကောင်းပေ့ဆိုတဲ့ အရာတွေကို ကျောက်မှာထွင်းပြီး မကောင်းတဲ့အရာတွေကို ရေပေါ်မှာပဲရေးပါဆိုတာကိုပါ။ မြင်တွေ့သမျှ အမူအရာ အပြောအဆိုတွေကို ကျောက်သင်ပုန်းပေါ်မှာ ရေးသလို လွယ်လွယ်ကူကူ ပြန်ဖျက်ပစ်လို့မရတာကို မုန်းနေမိတာပါ။

၃။ ဘူးဆိုခ၀ဲသီးမသီးခြင်း

ဒါဆိုဒါပဲနော်ဆိုတဲ့ ဖုန်းပြောတဲ့ကလေးလိုပါပဲ။ ဒီခရီးဒီလမ်းကို သွားမယ်ဆုံးဖြတ်ပြီးရင် မဖြစ်ဖြစ်အောင် သွားတတ်လို့ပါ။ ဗီဒီယိုဖိုင်ထဲက ငှက်ကလေးလိုပါ ဘာဖြစ်မယ်ဆိုတာကို သိသိနဲ့ ရှေ့ဆက်တိုးဖို့ အဆင့်သင့်ဖြစ်နေတတ်လို့ မုန်းမိပြန်ရော။
video

၎။ ပြဒါးမဲ့မှန်

်ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှကိုယ်ကြင်မတဲ့။ ကြည့်မှန်တစ်ချပ်ဆို သူပြုံး ရင် ပြန်ပြုံးပြတတ်တယ်။ သူမဲ့ပြရင် ကိုယ်ပြန်မဲ့ပြဖို့ ကိုယ့်စိတ်ကမရဲဘူးလေ။ တစ်ချက်တစ်လေ မဲ့ပြလိုက်မိလို့ မှန်ကြည့်သူနာကျင်သွားမှာကိုလည်း စိုးရိမ်မိတယ်။ ကြည့်မှန်လို နောက်မှာ ပြဒါးမထည့်ထားမိတဲ့ကိုယ့်ကိုကိုယ် အလိုမကျစွာ တိတ်တိတ်လေးမုန်းတီးနေတယ်လေ။

၅။ ပျောက်ဆုံးမျက်နှာဖုံးရှင်

သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာရှိပါတယ်။ ဒီအချိန်မှာ ဒီမျက်နှာဖုံးကို သုံးသင့်တယ်ဆိုပေမယ့် ပိတ်ကားအချမှာမှ ကမန်းကတန်းကောက်တပ်လိုက်ရတယ်။ ကိုယ့်ရဲ့ သရုပ်အမှန်ကို ရှေ့တည့်တည့် ကြည့်သူတိုင်း သိလွယ်မြင်လွယ်ဖြစ်လွန်းလို့အားမလိုအားမရ မုန်းနေမိတာ။ တနေ့ ကအလုပ်ထဲမှာ ထုံးစံအတိုင်း ပြဿနာအသေးတစ်ခုတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကမေးပါတယ် ဘာဖြစ်နေတာလဲတဲ့ ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ် ပျော်အောင်နေပါတဲ့ ကဲ အဲ့လောက်ကို မျက်နှာဖုံးလွတ်ကျတဲ့အထိနော်။

၆။ ကပ်ပါးကောင်

အမှီရှိမှ အသက်ရှင်နေထိုင်တတ်တယ်။ တစ်ကောင်တည်းမို့ အသိုင်းအ၀ိုင်းအရိပ်ဆို အားကြီးခုံမင်တယ်။ ဟိုအပင်ကပ် ဒီအပင်ကပ် ကပ်မြှောင်နေရတဲ့ ကပ်ပါးကောင်ဘ၀ကို မုန်းပါတယ်။

၇။ ပဲခူးဆား

တကယ့်ဆားက တန်ဖိုးပိုကြီးပါလိမ့်မယ်။ ဆိုလိုချင်တာက ဟိုနေရာ စပ်စပ် ဒီနေရာစပ်စပ်ပါ။ အဖြစ်မရှိပေမယ့် ၀မရှိပဲ ၀ိလုပ်ရမယ်ဆိုရင် နှစ်ယောက်မရှိတဲ့ အတွက် မုန်းနေမိတာ။

၈။ စည်းပျက်ကမ်းပျက်

မေရော ဖေရော စည်းကမ်းရှိပါလျက် ဘယ့်နဲ့ကြောင့်စုန်းပြူးရတာပါလိမ့်။ အသုံးစရိတ်တွေကို စနစ်တကျ ပြုစုတတ်တဲ့ မေ ပစ္စည်းပစ္စယတွေကို တရိုတသေကိုယ်တွယ်တတ်တဲ့ ဖေ။ ဆန့်ကျင်ဘက်တစ်ယောက်ဖြစ်နေတဲ့ ကိုယ့်ကို မုန်းတယ်ဆိုပြီး ဒီအတိုင်းလက်လွယ်စပယ်နေခဲ့တာ ကြာပြီလေ။ ဗီရိုထဲက အ၀တ်ပုံကြီးက တရားစွဲမယ်ဆိုရင် အခန်းထဲက ကို ထွက်နိုင်မယ်မထင်။

၉။ လေလွင့်ခြင်း

အကြိုက်ဆုံးဆောင်ပုဒ်က Freedom ဆိုပြီး အလွဲသုံးစား လုပ်နေတာကြာပါပကော။ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ လူငယ်တစ်ယောက်အနေနဲ့ အဖြေမရှိလို့ ရှက်ရွံ့စွာ မုန်းနေမိတယ်ထင်ပါရဲ့။ မနက်ဖြန်ဆိုတာ မတွေးကြေး မမေးကြေးနော်။

၁၀။ Negative

လောကကို အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒနဲ့ ကြည့်ရအောင်။ ချက်ချင်းပြန်မေးမိတာက လောကကြီးကကော ဘယ်လောက်ကောင်းနေလို့လဲတဲ့ ကဲ။ ဘယ်အချိန်ကြည့်ကြည့် မျက်မှန်အမည်းကြီးတပ်ကြည့်နေတတ်တယ်။ မျက်မှန်ပေါ်က အနုတ်လက္ခဏာကို ဖြုတ်ရမယ်ဆိုတာ သိပေမယ့် မသိချင်ယောင်ဆောင်နေတတ်လို့ မုန်းပါတယ်။

ကိုဗီလိန် ရေ တာဝန်ကျေလောက်ပြီထင်တယ်ဗျာ။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ကားစင်တင်ပြီး နေလှန်းမိတော့မယ်။

27 November 2008

မြစ်တစ်စင်း၏ ဖြစ်တည်ရာ



ကျနော်တွေးနေမိသည်မှာ မြစ်တစ်စင်း အကြောင်းသာဖြစ်ပါသည်။ ထိုမြစ်သည် ပုံမှန်စီးဆင်းနေသည်လား ကျနော်မဝေခွဲတတ်ပါ။ သို့သော်ထိုမြစ်တည်ရှိနေသည်မှာတော့ အသေအချာဖြစ်ပါသည်။

အရေးမကြီးသောအချက်မှာ ထိုမြစ်မည်ကဲ့သို့ပေါ်ပေါက်လာခြင်းပင်။ အဓိကကျသောအရာမှာ မြစ်ဖျားခံရာအရပ်ပင်ဖြစ်ပါသည်။ သူစတင်မွေးဖွားရာ အရပ်ကြောင့်ပင် နက်ရှိုင်းစွာဖြစ်တည်နေဟန်ရှိ၏။ အရေးကြီးသည် ဖြစ်စေ အဓိကမကျသည် ဖြစ်စေ မြစ်တို့၏သဘောနှင့်ကိုက်ညီစွာ ပီဘိမြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသောမြစ်တစ်စင်းမှာ မလွဲဧကန်ပင်။

မြစ်တို့၏သဘောဆိုသည်မှာ ဘယ်သို့နည်း။ တစ်ခြားမြစ်တို့နည်းတူစွာ ထိုမြစ်သည်လည်းကွေ့ကောက်ပါသည်။ တစ်ချို့နေရာများတွင် ရုတ်တရက် အချိုးအကွေ့များရှိတတ်ပြန်ပါသည်။ ကျယ်ပြန့်သောမြစ်ပြင်ကျယ်ရှိသကဲ့သို့ တစ်ဖက်ကမ်းနှင့်တစ်ဖက်ကမ်း လက်လှမ်း၍ရလောက်သော မြစ်ကျဉ်းများလည်း ရှိ၏။ သို့သော်ကမ်းနှစ်ဖက် ထိစပ်သွားသည်ဟုတော့ မရှိတတ်သေး။ ထိစပ်သွားသောနေရာသည် ထိုမြစ်၏ သေဆုံးရာပင်ဖြစ်ပေလိမ့်မည်။

အခြားသောအချက်မှာ စီးဆင်းခြင်းအနုပညာပင်ဖြစ်သည်။ ပုံမှန်အားဖြင့်တော့ သိမ်မွေ့ညင်သာစွာ စီးဆင်းတတ်ပါသည်။ ငြိမ့်ညောင်းစွာစီးဆင်းခြင်း မှထွက်ပေါ်လာသော အမြင် သံစဉ်များသည် အလွန်တရာ နှစ်လိုဖွယ်ကောင်းလှပါသည်။ တစ်ဖွားဖွားဖြစ်ပေါ်လာသော ဆန္ဒမှာ ထာဝရအေးချမ်းစွာ စီးဆင်းစေလိုခြင်းပင်။ သို့ရာတွင် မည်သည့် မြစ်မျှ အစဉ်အမြဲအေးချမ်းစွာ စီးဆင်းနေသည်မဟုတ်ပါ။ အခြားအခြားသော ဖြစ်တည်မှုများကြောင့် စီးဆင်းခြင်းသည်လည်း ပြောင်းလဲတတ်ပါသည်။

ပြောင်းလဲခြင်းတိုင်းသည် အချက်အလက်တော်တော်များများနဲ့ ဆက်စပ်နေသည်။ ပထမဦးစွာ ပတ်ဝန်းကျင်မိုးလေ၀သဖြစ်မည်။ မိုးရွာခြင်း၊ နေပူခြင်း၊ မုန်တိုင်းကျခြင်းတို့သည် များစွာသော သက်ရောက်မှုကိုဖြစ်စေလိမ့်မည်။ မာန်ဟုန်ပြင်းစွာ စီးဆင်းသည့် အခါများတွင် အလွန်တရာကြောက်မက်ဖွယ်ကောင်းလှပါသည်။ ထိုအခါများတွင် တွေ့ကြုံရသောခက်ထန်မှုမှာ သူမတူအောင် ရှိလှသည်။

ပတ်ဝန်းကျင်ဆိုသည့်အတိုင်း သက်ရှိသတ္တ၀ါများ၏ ရိုက်ခတ်မှုကိုလည်း ထိုမြစ်တွင်တွေ့မြင်နိုင်သည်။ သဘာဝလွန် အစမ်းထွင်မှုများကြောင့် မြစ်ရေတိမ်ကောခြင်း မြစ်ရေကြီးခြင်းများ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပါသည်။ ထိုအခါမျိုးတွင် သတ္တ၀ါတို့၏ ဗီဇအတိုင်း အပြစ်ဟူသမျှကို မြစ်ကိုသာ ပုံချတတ်ကြပါသည်။ ဆိုးလိုက်တဲ့မြစ်ဟု ရွတ်ဆိုရင်း အကြောင်းကြောင့်အကျိုးဖြစ်သည်ဟူသော ဘာသာရေးရှုထောင့်ကို မေ့ပစ်လွယ်တတ်ကြသည်။ မိမိတို့ ပစ်ချတတ်သော အမှိုက်များ တစ်ဖြည်းဖြည်းစု၍ ဖြူစင်သော မြစ်ရေပြင်ညစ်နွမ်းလာခြင်းကိုလည်း လျစ်လျူရှုလွယ်လာသည်။ နည်းနည်းပါးပါးပါကွာဟုဆိုကာ မကြာခဏပစ်တတ်ကြသည်။ အရာအားလုံးသည် အမှိုက်ကစ၍ ပြသာဒ်မီးလောင်တတ်သည် မဟုတ်ပါလော။

မည်သို့ဆိုစေ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုသည့်အတိုင်း စီးဆင်းမြဲ စီးဆင်းနေသောမြစ် ဖြစ်ပါသည်။ ထိုမြစ်ကိုစောင့်ကြည့်မိသည်။ ထိန်းချုပ်ရန်မဖြစ်နိုင်။ လွှတ်ထားကြည့်မိသည်။ ဘေးပတ်ဝန်းကျင်ကိုထိခိုက်နိုင်သည်။ မာယာများသော မြစ်တစ်စင်း၏ ဖြစ်တည်ရာနောက် ကောက်ကောက်ပါအောင် လိုက်နေမိခြင်းဖြင့် ထိုမြစ် မသေမဆုံးမခြင်း ကျနော်အလုပ်ရှုပ်နေမှာတော့ အမှန်ပင်ဖြစ်ပါသည်….



25 November 2008

ဖါသလ၀ါ




ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ကျနော်ဖွင့်ကြည့်မိတယ်။ မှန်မမှန်တော့ မသိဘူးဗျ။ ဖါသိဖါသာနေတတ်သူ အေးအေးချမ်းချမ်းနေတတ်သူ နေစိမ့်သူ မသိချင်ယောင်ဆောင်တတ်သူ မသိတတ်သူ အိပ်ချင်ယောင်ဆောင်သူ ထို့ထက်ပို၍ တစ်ကိုယ်ကောင်းဆန်သူ……..

ကျနော့စားပွဲပေါ်မှာ တိတ်အကြည်ကပ်တဲ့ ဟာလေးရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူတို့ကပ်စရာရှိတိုင်း ကျနော့စားပွဲနားလာပြီး တစ်ဆိတ်သုံးခွင့်ပြုပါဆိုပြီး သုံးလေ့ရှိပါတယ်။ ရုံးက ပစ္စည်းသုံးတာ ဘာဖြစ်လဲဗျာနော်။ ဘယ်သူသုံးသုံး ဘယ်လောက်သုံးသုံးပေါ့။ ဒါပေမယ့်ဗျာ တိတ်ကပ်တဲ့အရာလေးတွေက အယောက်စီတိုင်းမှာ ရှိပါတယ်။ ဘာဖြစ်လို့ ကျနော့စားပွဲမှာလာသုံး ကြတာလဲဆိုတော့ ကျနော့မှာပဲ တိတ်ခွေလေးထည့်ထားလို့ပါ။ သုံးလို့ကုန်သွားရင် အမြဲမပြတ်ထည့်တတ်လို့ပါ။

စတိုခန်းထဲက ပုံးတွေပိတ်တဲ့ တိတ်အကြီးခွေလည်း ထိုနည်းနှင်နှင်။ သုံးလို့ကုန်သွားရင် စက္ကူဖတ်တန်းလန်းနဲ့ထားတတ်ကြပါတယ်။ ဝေးဝေးလံလံသွားယူရလို့ ဆိုရင်ထားပါတော့။ အခုတိတ်အပိုက စတိုခန်းထဲမှာပဲရှိပါတယ်။ ပြန်မထည့်တတ်လို့လို့ ယူဆပြီး အခါပေါင်းများစွာထည့်ပေးခဲ့ပါတယ်။ နောက်တစ်မျိုးက ပုံးတွေကို ပိတ်ပေးတဲ့ စတာပလာအကြီးစား။ အားရပါးရ ဒူးနှစ်ဖက်နဲ့ညှပ်ပြီး ဖိလိုက်ပြီးမှ ပုံးမှာသာအရာထင်သွားတယ် အထဲက အဆန်ကမပါ။ ကဲထည့်ပေဦးပေါ့။

အမြဲကသိကအောက်ဖြစ်ရတာက ကင်မရာဓါတ်ခဲပါ။ အရေးတကြီးရိုက်တော့မယ်ဆိုရင် ကင်မရာထဲက ဓါတ်ခဲက အားမရှိတော့။ လဲမယ်ဆိုပြီး သွားကြည့်လိုက် လဲစရာဓါတ်ခဲအသစ်လည်းမရှိတော့။ နောက်ဆုံးကုန်ခါနီးပြီဆိုရင် ၀ယ်မယ့်လူကို အကြောင်းကြားသင့်တယ်လေ။ ဒါကလည်း တစ်ခေါက်လည်းမက တစ်ခါလည်းမဟုတ်ဆိုတော့ ကိုယ့်ဘာသာ ဓါတ်ခဲအပိုဝယ်ပြီး အံဆွဲထဲမှာ ထည့်ထားသင့်တယ်လို့ စဉ်းစားမိလာတယ်။

အရင်အလုပ်တုန်းကလည်း အယ်လကိုဟော ပြဿနာ။ အယ်လကိုဟောကို ပိုးသတ်ဖို့ အသုံးပြုရတယ်။ စပရေးဘူးတွေနဲ့ ဖြန်းဖြန်းပေးရတယ်။ တကယ်ဆို အယ်လကိုဟော ပုံးတွေကို ကျနော်အဖြူရောင်အကြည်မှာပေးထားတာ ရည်ရွယ်ချက်ရှိပါတယ်။ ကုန်ခါနီးပြီ ဘယ်လောက်ကျန်သေးတယ်ဆိုတာ လွယ်လွယ်သိအောင်လို့ပါ။ တစ်ခါဝယ်ဆယ်ဂါလံပုန်းနဲ့ ၀ယ်ပေမယ့် ကုန်သွားပြီဆိုမှ သိလိုက်ရတာကြီးပဲ။ ဘာဖြစ်လို့ပါလိမ့်။ တစ်ကယ်တမ်း တစ်ပုံးဝယ်ရဖို့က လက်မှတ်အယောက်တစ်သောင်းလောက် ၀ိုင်းထိုးပြီးမှ ၀ယ်ခွင့်ရတာကို သူတို့မသိတာလည်းမဟုတ်။

လူအမျိုးမျိုးက အကူအညီတွေတောင်းတတ်ကြပါတယ်။ လူဆိုတာ အကူအညီလိုအပ်နေကြလေ။ တစ်ခါတစ်လေလည်း ကူညီမှုပြီးမြောက်သွားတတ်ပြီး တစ်ခါတစ်လေတော့ မပြီးသွားတတ်ပါဘူး။ သို့ပေမယ့် တစ်ခေါက်တစ်လေ ကိုယ့်ဘက်က လိုအပ်လို့ အကူအညီတောင်းမယ်ကြံရင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါရောလား။ ဟုတ်ပါတယ်လေ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတာကိုး။ ကိုယ့်အပူကိုပဲ သတ်နိုင်ကြစေသတည်းပေါ့။

မသိတတ်တဲ့သူတွေ များလွန်းနေတာလား။ ကမ္ဘာမြေကြီးရဲ့ ဆုတ်ကပ်ကို ရောက်ချိန်တန်ပြီလား။ သူမွေးထုတ်ထားတဲ့ လူသားတွေရဲ့ မသိတတ်မှုတွေအတွက် ကမ္ဘာမြေလည်း ပျက်စီးလုနေပြီ။ ဒီလောက်နဲ့ မထိခိုက်လောက်ပါဘူးဆိုပြီး စွန့်ပစ်မှုတွေ သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်မှုတွေကို သူကိုယ်တိုင် မကာကွယ်နိုင်ရှာဘူးလေ။

လူတစ်ယောက်ရဲ့အခက်အခဲ ခံစားချက်တွေကို သိနားလည်လွယ်ပါလျက် မသိချင်ယောင်ဆောင်နိုင်တဲ့ လူတွေရဲ့ မာကျောခက်ထန်မှုကိုလည်း ဒီခေါင်းစဉ်အောက်မှာပဲ ထည့်ရမှာပဲလား။ လူသားချင်းစာနာထောက်ထားဖို့နေနေသာသာ မျက်စိအောက်မှာ ဒုက္ခရောက်နေတာတောင် ငုတ်တုတ်ထိုင်ကြည့်နေတတ်ကြပြီ။ ကိုယ့်အပူမှ ပူတော့မှာကိုး အပူဟပ်တာလောက်တော့ ဟိုဘက်နည်းနည်းတိုးလိုက်ရုံပဲပေါ့။

ဖါသလ၀ါနေတတ်မှုတွေများပြားလာတဲ့နောက်မှာ ကျနော်လည်း ဖါသလ၀ါနေတတ်ချင်မိတယ်။ သက်တောင့်သက်သာဖြစ်မယ်ထင်တယ်။ ဟိုနေရာစပ်စပ် ဒီနေရာ စပ်စပ် မပြောတတ်မဆိုတတ် မနေတတ်မထိုင်တတ် နည်းနည်းလောက်သိရင် ကို ပြောပြချင်စိတ်နဲ့ လူတစ်ကာအပြောအဆိုကိုလည်း ခံရပေါင်းလည်း များလှပါပြီ။ အမှတ်မရှိတယ်ပဲပြောပြော ဒီအကျင့်က အရိုးစွဲနေတော့လည်းခက်ပါတယ်။ အခုနေများ ဆုတစ်ခုတောင်းခိုင်းရင် ဖါသလ၀ါနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ချင်ပါတယ်။ ဆုတောင်းမှားသူတစ်ယောက်ဖြစ်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့…..

ဤခရီး ကြမ်းသတဲ့လား



မခင်ဦးမေက ရေးပေးပါလို့ပြောထားတာကြာခဲ့ပါပြီ။ TAG မဟုတ်ဘူးဆိုတာရယ် သိပ်မလောတာကြောင့်ရယ် ပေါက်တတ်ကရတွေရေးထားသမျှ စာဖတ်တဲ့သူတွေ မျက်စိညောင်းအောင်ဖတ်နေရမှာစိုးတာရယ် အဓိက ကိုယ်တိုင်က အပျင်းထူတာရယ် စသော ရယ်ပေါင်းများစွာနဲ့ ဒီစာကိုမရေးဖြစ်ခဲ့ဘူး။ အခုတော့……..

ကျနော့ရဲ့ မွေးရပ်ဇာတိ မုံရွာမြို့ကနေ ဖေတာဝန်ကျတဲ့ မန်းသံပုရာကန်ရေနံချက်စက်ရုံလေးကို ပထမဆုံးလာတဲ့ ခရီးစဉ်လေးပါ။ သုံးနှစ်သားကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ဝိုးတိုးဝါးတား။ မုံရွာကနေ မန္တလေးကိုတော့ ထုံးစံအတိုင်း ချင်းတွင်းသားကားလေးနဲ့ပါ။ ကျနော်ကတော့ ပေါင်ပေါ်မှာပဲထိုင်ရလို့ ဘဝင်မကျခဲ့ဘူး။ တစ်နေရာစာအတွက် ဘယ်လောက်ကျသင့်တယ်ဆိုတာ သိမှမသိတတ်သေးတာ။ မန္တလေးရောက်တော့ ဦးလေးဝယ်ပေးထားတဲ့ စေတနာရှင်ဟီးနိုးကားကြီးတွေနဲ့။ လမ်းခရီးအကြောင်းကို တောင်ကညိုပြိုတော့မယ်ဆိုတဲ့ ပို့စ်လေးထဲမှာ အနဲအကျဉ်းရေးထားပါတယ်။

မပါသေးတဲ့ တခြားအကြောင်းအရာတွေကတော့ မိန်းမသားတို့ဘဝမလုံခြုံမှုတစ်ခုပါ။ ကလေးလေးတစ်ဖက်မို့လဲဖြစ်နိုင်ပါသေးတယ်။ ခရီးရှည်မို့ ဒီတစ်ခါတော့ ကျနော်ထိုင်ခုံတစ်ခုရလိုက်ပါတယ်။ ဒါပေမယ့် လမ်းမှောင်လာတဲ့အချိန်မှာတော့ အခွင့်အရေးယူတတ်တဲ့ နောက်ခုံကလူတစ်ယောက်ရဲ့ ခြေသရမ်းမှုပါပဲ။ အဲဒီရန်ကို မေက ရေကျက်အေးထည့်လာတဲ့ ပုလင်းနဲ့ အားရပါးရ ထုထည့်လိုက်တာပါပဲ။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ သကောင့်သားခမျာ အော်တောင်မအော််နိုင်ရှာပါဘူး။ ရေနံချောင်းအဆင်းမှာတော့ ကိုယ်တော်ခမျာ ယောင်နေတဲ့ခြေထောက်တစ်ဖက်နဲ့ ထော့နင်းထော့နင်းဖြစ်သွားရှာပါတယ်။ တက္ကသိုလ်လှေလှော်အသင်းဝင်တစ်ယောက်ရဲ့ လက်ဆဆိုတော့ အင်းတော်တော်လေး အီသွားပါလိမ့်မယ်။ နောက်တစ်ခါ မဆော့ဖြစ်အောင် နောင်ကြဉ်သွားရင် သိပ်ကောင်းမှာပါပဲ။

ဒေါင်းသေချောင်းကြောင့် ခရီးစဉ်နောက်ကျခဲ့ရပါတယ်။ မကွေးကိုရောက်တော့ ဆယ်နာရီကောင်ကို မမှီတော့ပါ။ ဆယ်နာရီကောင်ဆိုတာ မကွေးကနေ ဆယ်နာရီဝန်းကျင်မှာ ထွက်တဲ့ နှစ်ထပ်သင်္ဘောကို ခေါ်တာပါ။ ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသမှာ မျက်စိသူငယ်နားသူငယ်နဲ့ မေးရင်းစမ်းရင်း မင်းလှမော်တော်ဆိပ်ကိုရောက်ခဲ့ပါတယ်။ မော်တော်အသေးလေးမှာ လူတင်ကုန်တင်နဲ့ ထွက်ချိန်နောက်ကျသလို မြစ်ရိုးတစ်လျှောက်လည်း ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းလွန်းထိုးတော့တာကိုး။ မင်းလှကိုရောက်တော့ မိုးစုံးစုံးချုပ်ခဲ့ပြီ။ နာမည်ကျော်မင်းလှခံတပ်ကြီးရှိတဲ့မြို့ပေါ့။ ကားဆိုလို့မူးလို့ ရှူစရာတောင်မရှိတော့။ မော်တော်ပေါ်ပါလာတဲ့ ခရီးသွားအချင်းချင်းမိတ်ဖွဲ့ပြီး လမ်းတူတဲ့သူတွေက လမ်းလျှောက်ကြမယ်ဆိုတော့လည်း သားအမိနှစ်ယောက် ချန်မနေခဲ့ရဲ။ ပေတေပြီးလျှောက်နေမိပေမယ့် ခရီးစဉ်တစ်လျောက်လုံး မောပန်းနွမ်းနယ်နေခဲ့ပြီ။ လျှောက်ရမယ့် ခရီးက သုံးမိုင်ကျော်ကျော်။

တက်ဂလောက်ဆိုတဲ့ မြင်းလှည်းသံအကြားမှာ မျက်လုံးတွေလည်း ဝင်းလာခဲ့တယ်။ မြင်းလှည်းက သံပုရာကန်မှာသိမ်းမှာဆိုတော့ တောင်းသလောက်ပေးပြီး စီးခဲ့ကြတာပေါ့။ ဆိုးပေ့ဆိုတဲ့လမ်းမျိုးက ဒါမျိုးလားမသိ။ မြေပဲယိုကိုတုပပြီး ခင်းထားသလား အောက်မေ့ရတယ်။ မရှိမဲ့ ရှိမဲ့ ကတ္တရာ အထက်မှာ ဟိုတစ်ဖက်ထောင် ဒီတစ်ဖက်ထ လမ်းခင်းကျောက်တုံးတွေက ဒုနဲ့ဒေး။ တောင်ကုန်းအမြင့်တစ်ခုအတက်မှာတော့ စီးလာတဲ့မြင်းက ဗွေဖောက်ပါလေရော။ ခိုင်းတဲ့အတိုင်းမသွားတော့ပဲ ကဆုန်ပေါက်လိုက် ဟိုဘက်ယိမ်းလိုက် ဒီဘက်တိုးလိုက်ဖြစ်နေတော့တာ။ တလိုက်ရတဲ့ ဘုရားကလည်း မြန်မာပြည်ရှိသမျှတန်ခိုးကြီးဘုရား ကုန်ပါလေရော။

တစ်နေကုန်ပင်ပန်းရတဲ့ အထဲ ဒီလောက်မြင့်တဲ့ တောင်ကုန်းကို တက်ခိုင်းအုံးဟယ်ဆိုပြီး စိတ်တိုဟန်ရှိပါတယ်။ ခရီးသည်တွေ ခဏဆင်းပြီး မြင်းလှည်းဆရာက သူ့မြင်းကို သူချော့ရှာပါတယ်။တော်ပါသေးတယ် သူအမောပြေသဘောကောင်းပြီဆိုမှ ခရီးသည်တွေ တိတ်တိတ်လေးခိုးတတ်ရပါတယ်။

လမ်းလေးခွဆုံကိုရောက်တော့ ဆယ်နာရီကျော်နေခဲ့ပြီ။ လမ်းဘယ်ညာအစုံမှာ တိုက်ခန်းပုံစံတူတွေ တန်းစီလို့။ ဒါ ၄၀၀စကေးပဲကလေးမဆိုပြီး မြင်းလှည်းဆရာက ထားခဲ့ပါတယ်။ ဘယ်အိမ်မှန်းမသိပေမယ့် အညာအရပ်မို့ တစ်ယောက်တစ်လက်ဆိုတော့ ဖေ့ဆီကိုတော့ ရောက်ဖြစ်သွားတယ်။ နှစ်ခန်းတွဲအိမ်လေးတစ်လုံးမှ စနေရတဲ့ ဘဝလေးပေါ့။ စျေးဆိုတာ မရှိ။ အသားငါးဆိုတာမရှိ။ အသားစားချင်ရင် ဟိုးရွာထဲက ကြက်အရှင်ကိုဝယ်လာ ကိုယ်တိုင်သတ်စားမှသာ စားရမယ့် နေရာမျိုးပါ။ လမ်းပန်းဆက်သွယ်ရေး သွားရေးလာရေး ခက်ခဲမှုကတော့ ပြိုင်စံမမှီ။ ခုချိန်ထိ ဖုန်းလိုင်းကအဆင်မပြေသေး။

ဘာပဲဖြစ်ဖြစ် ခြောက်သယောင်းနေတဲ့ ထနောင်းပင်တွေကြားထဲမှာ အမြဲမပြတ်လည်ပတ်နေတဲ့ စက်ရုံကြီးနဲ့အတူအနှစ်နှစ်ဆယ်ကျော်သည်အထိ မခွဲမခွာနေရဖို့ ဒီခရီးစဉ် အစပြုခဲ့တာဆိုတော့ “ဤခရီး ကြမ်းသတဲ့လား” ပေါ့……

23 November 2008

ပုံကြမ်း




တစ်ချက်
နှစ်ချက်ကယ်နဲ့
တို့ထိလို့ရေးခြယ်
ဆေးရောင်ရယ်
ဘယ်မိမယ်
ကိုယ်မသိလေခဲ့။

တစ်ဝက်
တစ်ပျက်ရယ်မို့
ဆက်ဆွဲမယ်ကြံမိပေမယ့်
လက်ထဲမှာ
ခဲဆန်မရှိတာကြောင့်
သြော်

ပုံရုပ်ကယ်မပီ....


ပုံလေးက တခြားလူတစ်ယောက်ဆွဲထားတဲ့ ပန်းချီလေးပါ

တခါတခါ ပျော်စရာ တခါတခါ အတွေးကမ္ဘာ



ငယ်ငယ်တုန်းက စက်ရုံမိသားစု ရပ်ကွက်ရုပ်မြင်သံကြားရှေ့မှာ အမြဲကြည့်ဖြစ်တာပေါ့။ ပထမဆုံးမှတ်မိတာက မစ်ကီမောက် စူပါမန်းကား။ နောက်ထပ်က တစ်တောက်တောက်နဲ့ဇာတ်ကားဖွင့်တတ်တဲ့ သစ်တောက်ငှက်ကား။ ပြီးတော့ မှတ်မိနေသေးတဲ့ တစ်ခါပဲပြဖူးတဲ့ ကာတွန်းကားရုပ်ရှင်ဇာတ်လမ်း လိပ်ပြာလေးတွေ။ ကြီးလာတော့ တူနှစ်ကောင်ကို ပြရင်း ကိုယ်တိုင်ပါကြိုက်သွားတဲ့ A bug’s life, Toy Story, Finding Nemo ပြီးတော့အများကြီးရှိသေး။ ချစ်စရာအရုပ်တွေ အရောင်အသွေးလှလှတွေနဲ့ ပရိတ်သတ်ကို ဖမ်းစားမြဲ ကာတွန်းကားတွေကို ကျနော်တော့ အခုချိန်ထိကြည့်ဖြစ်တုန်းပါ။ ကလေးဘ၀တုန်းကတော့ အပျော်အဖြစ်ကြည့်ဖြစ်ခဲ့ပေမယ့် အခုကြည့်တဲ့အချိန်မှာတော့ ဇာတ်ကားလေးကပေးလာတဲ့ အတွေးတွေ အသိတွေနဲ့ ရှုပ်ယှက်ခပ်နေခဲ့ပြီလေ။

ရုပ်ရှင်ဇာတ်ကားတွေ ၀တ္တုတွေက ပြင်ပဇာတ်လမ်းမှာ ကိုယ်မရနိုင်တဲ့ အတွေ့အကြုံအသစ်တွေ အမြဲတွေ့ရမြဲ။ ပြီးတော့ လုပ်ငန်းခွင်မွန်းကြပ်မှုတွေနဲ့ စိတ်လက်ပင်ပန်းမှုတွေကို ဟားတိုက် ရယ်မောခြင်းဖြင့် ကုသနိုင်မယ်ထင်ပါတယ်။ အခုလည်း အစ်ကိုတစ်ယောက်က ရီရတယ် ကြည့်ပါဆိုလို့ ကြည့်ဖြစ်လိုက်တဲ့ ကာတွန်းကားလေးက Escape to Africa ပါ။ ဟားတိုက်ရယ်မောချင်တယ်ဆိုရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ။ ပြောနေတဲ့စကားတွေ လုပ်နေတဲ့ အမူအယာတွေက မပြုံးပဲဝါးလုံးကွဲစေပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ဘေးနားကတစ်ဟားဟားရယ်နေတဲ့ လူတွေကိုကြည့်ရင်း ကိုယ်တိုင်လိုက်ရယ်တတ်မယ်ဆိုရင် ပိုပျော်ဖို့ကောင်းပါတယ်။

ကျနော်ကြိုက်တဲ့အကွက်ကတော့ လေယာဉ်က Alarm ပြနေလို့ ခေါင်းဆောင်က manual ပေးပါဆိုပြီး alarm ကိုဖျောက်ပြလိုက်တဲ့ အခန်းရယ် ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျခါနီးပြောတဲ့ စကားတွေကိုရယ်ပါ။ အင်ဂျင်နီယာမို့လားမသိဘူး ကျနော်တို့တွေ Manual ကိုသိပ်အားကိုးပါတယ်။ ဆီပျောက်မီးပျောက်လေးတောင် မလိုက်ပဲ Manual ကြီးတစ်ကိုင်ကိုင်လုပ်နေတဲ့ ကျနော့အရင်အလုပ်က Automation Engineer များကို သတိရလို့ ပိုအားထည့်ရီလိုက်မိပါတယ်ဗျာ။

နောက်တစ်ချက်ကတော့ လူတိုင်းလူတိုင်းမှာ ကိုယ်သန်ရာ သန်ရာရှိတယ်ဆိုတာပါ။ ကိုယ်ညံ့ဖျင်းတယ် အသုံးမကျဖူးလို့ မသတ်မှတ်လိုက်ကျပါနဲ့ဗျာ။ ခင်ဗျားတို့ အသုံးဝင်တဲ့နေရာတစ်နေရာ ဆိုတာ ဒီမြေပေါ်မှာရှိကိုရှိပါတယ်။ လိုအပ်နေတဲ့အသိုင်းအ၀ိုင်းဆိုတာလည်း ရှိပါတယ်။ ကိုယ်မသိနိုင် အမှတ်တမဲ့ ဖြစ်စေနိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းဆိုတာ တစ်နေ့နေ့မှာ ထွက်ပေါ်လာမှာပါ။ ဒီကားထဲက Alex လည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်။ ဘောင်အမြဲခတ်တတ်တဲ့လောကကြီး မှာ ခြင်္သေ့ အင်္ဂါရပ်နဲ့ မညီတဲ့ အကပညာကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုက သူ့ကို အောင်မြင်မှုတွေ အများကြီးပေးခဲ့စေတာပါ။ ဟုတ်တယ်လေ ခြင်္သေ့ဖြစ်တာနဲ့ သူမကရတော့ဘူးတဲ့လား။

သူငယ်ချင်းဆိုတဲ့ ခံစားချက်ကိုလည်း မြင်ရပါသေးတယ်။ ဇီးဘရားလေး Marty နဲ့ Alex တို့ရဲ့ သူငယ်ချင်းမေတ္တာကို တစ်ချို့တစ်ဝှက်လှစ်ဟပေးထားပါတယ်။ တစ်ယောက်တည်းရပ်တည်ဖို့ ဆိုတာ သိပ်ပျင်းရိငြီးငွေ့ဖွယ်ကောင်းပါလား။ ဒုက္ခ သုခကို မျှဝေခံစားဖို့ သူငယ်ချင်းဆိုတာ ရှိသင့်တယ်လေ။ Alex ရဲ့စကားလေးလိုပဲ မင်းငါ့ကို မကြည့်ပင်မယ့် ငါသိနေတယ်ဆိုတာမျိုး ပြောရဖို့ ကျနော်တို့မှာ သူငယ်ချင်းလိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတဲ့ အလှကိုတော့ ရေမြင်းမလေးနဲ့ သစ်ကုလားအုတ်လေးမှာ ဖွဲ့သွားခဲ့ပါတယ်။ တစ်ချိန်လုံးအနားမှာနေပြီး ဂရုတစိုက်ရှိနေတဲ့ သစ်ကုလားအုတ်လေးကို ရေမြင်းမလေး နောက်ဆုံးတော့ အသိအမှတ်ပြုလိုက်ရတာပါပဲ။ အနားမှာရှိနေတဲ့ ကိုယ့်ကိုချစ်တဲ့လူကို အမှုမဲ့အမှတ်မဲ့ထားတတ်ကြပြီး အဝေးကို တမ်းတနေတတ်ကြတဲ့ လူ့သဘာဝကို သရော်တဲ့ အမြင်လေးကို မြင်မိတယ်။ ဟုတ်တယ်ဗျာ များသောအားဖြင့် အနားကို မြင်ဖို့ မျက်စိရှမ်းတတ်ကြတာကိုး။ သူတို့နှစ်ယောက်လို ပျော်ရွှင်စွာ ရွှေလက်တွဲနိုင်တဲ့ အချစ်တွေဖြစ်တည်ကြမယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့ဗျာ။ သစ်ကုလားအုတ်လေးပြောလိုက်သလို ဘယ်နေရာပဲဖြစ်ဖြစ် မင်းရှိနေရင် ပြည့်စုံပြီပေါ့။

ပြင်ပတင်မကဘဲ ကာတွန်းကားထဲမှာ လည်း ဘက်လိုက်မှုကို ထည့်ဖြစ်အောင်ထည့်သွားပါသေးတယ်။ မျောက်အထီးတွေရဲ့ ကိုယ်ဝန်ဆောင်ခွင့် တိုင်တဲ့အခန်းလေးပေါ့။ ခေါင်းဆောင်ပင်ဂွင်းကို သူ့ရဲ့ ပျော့ကွက်နဲ့ ညှိနှိုင်းပြီး အထီးတွေက ကိုယ်ဝန်ဆောင်ခွင့်ရသွားတယ်ဆိုတာကိုပါ။ ရုံးမှာလည်း တစ်လလောက်ခွင့်ရတယ်ဆိုပြီး လက်တွေ့မလုပ်နေကြလောက်ပါဘူးနော့။

ပြီးခဲ့တဲ့ ကျနော်ကြည့်ခဲ့မိတဲ့ ကာတွန်းကားတွေအရဆိုရင်လည်း Wall-E ဆိုတဲ့လူသားဆန်တဲ့ စက်ရုပ်ကလေးရဲ့ မေတ္တာတရား ကမ္ဘာမြေရဲ့ ပျောက်ဆုံးလုဆဲဆဲ သဘာဝစိမ်းလန်းစိုပြေမှုများအတွက် ကာကွယ်ဖို့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ။ ပြီးတော့ Bee ဆိုတဲ့ ကာတွန်းကား လူတိုင်းလူတိုင်းမှာ တာဝန်တွေ အသီးသီးထမ်းဆောင်မှသာ အရာအားလုံး ပုံမှန်လည်ပတ်ပြီး လှပသာယာမယ်ဆိုတဲ့ ဇာတ်ကားလေး။ တကယ်တမ်းနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက် Recipe မှ မရှိပါဘူး ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုသာလိုတယ်ဆိုတဲ့ Kung Fu Panda ကားလေး။ စူးရှတဲ့နှာခေါင်းနဲ့ ဟင်းချက်ခြင်းအတတ်ပညာကို ကျွမ်းကျင်လေတဲ့ ကြွက်ကလေး ဇာတ်ကား Ratatouille လူသားတွေက ကြွက်တွေကို ဘယ်လိုသတ်နေတယ်ဆိုတာ ဒီကားလေးမှာပြသွားပါတယ်။ ကိုယ့်ကို ရန်ရှာမယ့်လူတွေ အတွက် ဘာကိုကောင်းကျိုးပြုသင့်သလဲ။ ပြီးတော့ အောင်မြင်မှုဆိုတာကို မူးယစ်ပြီး အောက်ခြေလွတ်တတ်တဲ့ လူသားစရိုက်။ စသည် စသည် သိပ်ကို များပြားတဲ့ ဇာတ်ကားကောင်းတွေကို အတွေးကောင်းကောင်းနဲ့ ဇာတ်အိမ်ဖွဲ့တည်ထားတာ သိပ်ကြည့်လို့ကောင်းပါတယ်။

ကလေးဆန်တယ်ပဲ ပြောပြော ကလေးစိတ်မကုန်သေးဘူးပဲဆိုဆို လောကရဲ့မွန်းကြပ်မှုတွေထဲက ခဏလောက်ပြေးထွက်ပြီး ပြန်မရနိုင်ပေမယ့် စားမြုံ့ပြန်နေနိုင်သေးတဲ့ ကလေးဘ၀ကို ဒီကာတွန်းကားတွေကို ကြည့်ရင်း ကမ္ဘာတစ်ခု ဖန်ဆင်းနေဖြစ်တာပါ…..

ကိုဗီလိန်နဲ့ ကိုဂျူလိုင်ကျေနပ်နိုင်ကောင်းပါရဲ့ဗျာ.

20 November 2008

အကြမ်းဖက်မှုများနဲ့ ကမ္ဘာမြေ



ဒီနေ့ ကားအသစ်တင်ပါတယ်။ Body of Lies ပါ။ မင်းသားအငယ်က ဒီကာပရီယိုနဲ့ မင်းသားအကြီးအဖြစ် ရပ်ဆယ်ခရိုးတို့ တစ်ဇာတ်လုံးသယ်သွားတဲ့ကားပါ။ တစ်ကားလုံး အကြမ်းဖက်မှုတွေ ဖြစ်တည်ရာကို ဦးတည်ထားတယ်ထင်ပါရဲ့။ ဒီကားရဲ့ ဇာတ်လမ်းကိုတော့ ပိတ်ကားပေါ်မှာပဲ ကြည့်ကြပါခင်ဗျာ။ ဇာတ်ကားတစ်ခုလုံးအပြီးမှာတော့ ယုံကြည်မှုဆိုတဲ့ စကားတစ်လုံးပဲ ကျနော့လက်ထဲမှာ ကျန်ခဲ့ပါတော့တယ်။

မကြာခဏကြားနေ မြင်နေရတဲ့ သတင်းတွေက ကမ္ဘာအရပ်ရပ်က အကြမ်းဖက်မှုတွေပါ။ ဘာအတွက်လဲ ဘာကြောင့်လဲ။ အမုန်းတရားကို အခြေခံခဲ့တယ်ဆိုလည်း တကယ်တမ်း ခံစားရသူတွေက သူတို့လိုချင်တဲ့ ပစ်မှတ်ကောဟုတ်ပါရဲ့လား။ အသေခံစတေးကြတဲ့လူတွေကိုလည်း အံ့သြမိတယ်။ သူတို့ရဲ့ ဘ၀တစ်ခုက ဒီလောက်လွယ်ကူစွာ ပျက်စီးသင့်သလား။ လူ့ဘ၀တစ်ခုကို ဒီလောက်နဲ့အဆုံးသတ်သင့်သလား။ တန်ပါရဲ့လား မမေးချင်တော့ပါဘူး တကယ်က တန်ကိုမတန်လို့ပါ။ သူတို့က လွယ်လွယ်အဆုံးသတ်နိုင်ပေမယ့် သူတို့ဘေးနားကလူတွေ အတွက် ထည့်မစဉ်းစားတော့ဘူးထင်ပါရဲ့။ မိဘတွေ ဆွေမျိုးသားချင်းတွေ မိသားစုတွေ ဘယ်လိုကျန်ရစ်ခဲ့ပါလိမ့်။ ဘာနဲ့ဖြေသိမ့်နိုင်မယ် မသိ။ ဖြစ်နိုင်ရင်တော့ အဲဒီသတင်းမျိုးဆို ဘယ်လိုမှ ထပ်မမြင်စေချင် မကြားစေချင်တော့တာပါ။

ဘာလို့များဒီအမုန်းတွေ ဖြစ်တည်ကြတာပါလိမ့်။ တရုတ်ကားထဲကလို သွေးကြွေးတွေဆပ်နေကြတာ ကုန်ပဲမကုန်နိုင်တော့ဘူး။ Munich ဆိုတဲ့ကားကိုကြည့်တုန်းကလည်း ဒီခံစားမှုမျိုးကို ရလိုက်ပါတယ်။ သွေးအေးအေးနဲ့ လူအချင်းချင်းသတ်ဖြတ်နိုင်လိုက်ကြတာ။ နှလုံးသားတွေ အေးစက်မာကျောလွန်း ကုန်ပြီလေ။ အခုကားမှာလဲ တစ်ဖက်နဲ့တစ်ဖက် ရက်ရက်စက်စက် သတ်နိုင်ကြပြန်တယ်။ လူတွေဖန်တီးတဲ့ အတတ်ပညာတွေနဲ့ လက်တစ်ဖျစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ အသက်ပေါင်းဘယ်လောက်ဆုံးရှုံးနေကြပြီလဲ။ အပြစ်မဲ့သူတွေ ဘယ်လောက်ပါဝင်နေပြီလဲ။

နောက်ထပ်တစ်ခုကတော့ လူတစ်ယောက်ရဲ့ လွတ်လပ်မှုဆုံးရှုံးခြင်း။ တိုးတက်နေတဲ့ ဒီခေတ်မှာ လူတစ်ယောက်ကို ဒီကားထဲကလို အချိန်ပြည့်ကြည့်နေမယ်ဆိုရင် ဘယ်မလဲ အဲဒီလူရဲ့ လွတ်လပ်မှု။ သူဆက်တဲ့ဖုန်းတွေ သူသွားတဲ့နေရာတွေ သူလုပ်သမျှတွေကို မျက်ခြေမပြတ်စောင့်ကြည့်ခံရတယ်လေ။ ကျနော်သာဆိုရင်တော့ ငွေပုံပေးတောင် အဲလိုအလုပ်မျိုးလုပ်ဖြစ်မယ် မထင်ဘူး။ ပြောမယ့်သာပြောတာပါ အခုဆို နေရာတော်တော်များများမှာ CCTV ဆိုတဲ့ အရာနဲ့ တွေ့ဆုံနေရတာပါပဲ။ တစ်ခါတစ်လေလည်း မျက်နှာပြောင်ပြလိုက်တယ်။ ခဏခဏမြင်နေရတာကတော့ ဒီပတ်ဝန်းကျင်ကို စောင့်ကြည့်နေတယ်ဆိုတဲ့ စာတမ်းတွေပါပဲ။

ပြီးတော့ ကျနော်တို့ရဲ့ မလုံခြုံမှုတွေ။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးဝှက်ခံရတာ သိပ်ကိုလွယ်တယ်လေ။ ကျွမ်းကျင်သူတွေရဲ့ လက်ချောင်းတွေအလှုပ်မှာ ကျနော်တို့ရဲ့ ကိုယ်ရေးကိုယ်တာတွေ ဘယ်လောက်ပါသွားနေပြီလဲ။ ဟိုးတစ်လောက သူငယ်ချင်းတစ်ယောက်က ပြောလာတယ်။ သူ့အီးမေးတွေကို ကော်ပီလုပ်သွားလို့တဲ့။ အချင်းချင်းထဲကလုပ်တာလို့ပြောပါတယ်။ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်ပေမယ့် သိပ်တရားလွန်တယ်လို့ထင်မိတယ်။ သူ့အတွက်အကျိုးရှိမယ် ဒါပေမယ့် ကာယကံရှင်အတွက် ပြန်ထည့်မတွက်တော့ဘူးလား။ ကျနော်တို့ဆီမှာ သိပ်အကျိုးများစေမယ့် အချက်အလက်တွေ ဘယ်တော့မှ ရှိမနေနိုင်ပါဘူး။ သို့ပေမယ့် ကိုယ်ရေးကိုယ်တာ ဆိုတဲ့ ကိုယ်ပိုင်ဆိုင်သင့်တဲ့ အရာတွေတော့ ရှိနေတတ်ပါတယ်။ ဖြန့်ဝေဖို့အတွက်မဟုတ်ဘူးလေ။ အများသူငှာကို ပြသင့်မပြသင့်က ကိုယ်တိုင်ပဲဆုံးဖြတ်သင့်တာမဟုတ်လား။

နောက်ထပ်ကြောက်မက်ဖို့သိပ်ကောင်းတာက လူအချင်းချင်းလှည့်ပတ်လိမ်ညာခြင်းတွေ။ အကျိုးတစ်ခုအတွက် လိမ်ညာရင်း နောက်ထပ်လိမ်ညာမှုတွေဆက်တိုက်။ ပြီးတော့ တစ်ဦးတစ်ယောက်ကိုလိမ်ညာဖို့အတွက် နောက်ထပ်သောလူပေါင်းများစွာကို့ ထပ်ခါထပ်ခါ လိမ်ညာမှုတွေ။ မဆုံးနိုင်သော လိမ်ညာမှုတွေကြားမှာ အမှန်တရားကို တစ်ချက်မြင်လိုက်ရရင် တကယ်သွေးပျက်ဖို့ကောင်းပါတယ်။ လိမ်ညာရက်လေခြင်းဆိုတဲ့ အသိနဲ့ တနုံ့နုံ့ဖြစ်နေမှာကို တွေးကြည့်ရင်တောင် တကယ်ခံစားရစေပါတယ်။

ဇာတ်သိမ်းပိုင်းက မင်းသားငယ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျနော်အပြည့်အ၀ထောက်ခံချင်ပါတယ်။ အေးဆေးတည်ငြိမ်တဲ့ ဘ၀တစ်ခုကို စတင်ဖို့ သူရွေးချယ်လိုက်တာပါ။ သူ့အတွက် စွန့်လွှတ်မှုတွေ သိပ်များကောင်းများနိုင်ပါတယ်။ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး သူရွေးချယ်ခဲ့တဲ့လမ်းကို သူရဲရဲလျှောက်ခဲ့တာပါ။ ဒါပေမယ့် ဒီလမ်းမှာ သူပျော်မယ်လို့ ကျနော်ယုံကြည်တယ်။ ယုံကြည်ချက်ဆိုတဲ့ စကားလုံးကို ကျနော်အဲဒီအချိန်မှာ ရလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတစ်ခုကို ကြုံလာခဲ့ရင် ကျနော်လည်း ဒီစကားလုံးကို ကိုင်ပြီး ကျနော်ရွေးချယ်မိတဲ့လမ်းကို သတ္တိရှိရှိဆက်လျှောက် ဖို့ပါပဲ….

18 November 2008

လွန်ဆွဲပွဲ




မိုးခေါင်ရင်လည်း လွန်ဆွဲရတယ်တဲ့။ ဒါပေမယ့် ကျနော်ကြုံရတဲ့ လွန်ဆွဲပွဲကတော့ စက်ရုံမိသားစုပျော်ပွဲရွှင်ပွဲပါ။ သူ့ဘက်ကိုယ့်ဘက် အပြိုင်ဆွဲကြသလို တဖက်နဲ့တဖက် စည်းဝိုင်းအပြင်မှာလဲ ဆွဲနေကြသလို…..

ရပ်ကွက်အလိုက်ဆွဲကြတဲ့ပွဲ။ ကြိုးတန်း အတုတ်ကြီးကို အလယ်မှာ အပြိုင်ဆွဲကြတဲ့ပွဲ။ နေမထွက်သေးပင်မယ့် ချွေးအပြိုင်ကျတဲ့ ပွဲ။ အ၀ဆုံး အားအသန်ဆုံးတွေက ဟိုးနောက်ဆုံးမှာနေ ပြီးတော့ ခါးမှာကြိုးကိုချည်ပြီး ခါးပြတ်မတတ်ဆွဲ နောက်ပြန်ပြေးတော့တာ။ အရှေ့ကလူတွေက ကော စည်းတစ်ဖက်မကျော်အောင် လက်နှစ်ဖက်ပွန်း တရွတ်တိုက်ပါသည်အထိ ခြေကန်ဆွဲကြရတာကိုး။ အသံမျိုးစုံထွက်လျက်က အားမာန်တင်းရင်း အနိုင်အရှုံးဆိုတာအတွက် နင်းကန်ကြိုးစားကြတဲ့ပွဲပါ။

လွန်ဆွဲပွဲက ပွဲအတွင်းမှာတင်မဟုတ်။ ပွဲအပြင်မှာပါ အားလုံးက တပြုံတမ တက်တက်ကြွကြွ။ ဟေးဟစ်သံတွေကလည်း အထက်တက်အောင် ဆူတော့တာ။ အထဲကဆွဲနေတဲ့ သူတွေကို အားမရလို့ ကိုယ်တိုင်တောင်ဝင်ဆွဲမလား ထင်ရအောင် ကြိုးနားကိုကပ်ကပ်သွားကြလို့ ဒိုင်တွေက ထိုင်ခုံရှည်ပေါ်ကနေအော်နေရသည်အထိ။ ဆိုင်ရာဆိုင်ရာ ဇနီးမယား သမီးသားတွေကလည်း ပင်ပန်းနေကြတာကိုတွေ့ပါလျက် ကြိုးစားအားတင်းဖို့ ပြောနေမိကြတယ်။ တကယ်တမ်းတော့ သူတို့အဖေပင်ပန်းနေပြီလေ။

လွန်ဆွဲပွဲမှာ ဒိုင်ပွဲရပ်မရှိသလို တကယ့်အကြိတ်အနယ်ယှဉ်ပြိုင်ကြတဲ့ပွဲ။ နိုင်သူရုံးသူနှစ်ဖက်လုံး ခြေကုန်လက်ပမ်းကြအောင် ကြိုးစားကြရတာလေ။ ကိုယ်ခန္ဓာပင်ပန်းမှု တင်မဟုတ်ပဲ စိတ်တွေပါ ပါဝင်ပင်ပန်းနိုင်တဲ့ပွဲမျိုးပါ။

အနိုင်အရှုံးတစ်ခုကို စက္ကန့်ပိုင်းအတွင်း လူတစ်ယောက်ရဲ့ ချွတ်ချော်မှုတစ်ခု သက်လုံတွေအပေါ်မှာ ဆုံးဖြတ်စေတဲ့ပွဲပါ။ အားလုံးကြိုးစားသမျှတွေဟာ အနိုင်ဖြစ်မလား အရှုံးဖြစ်မလား ဘယ်သူမှမခန့်မှန်းနိုင်။ ဘေးကရပ်ကြည့်သူတစ်ယောက်အနေနဲ့ အားမလိုအားမရမှုတွေဖြစ်နေတတ်တာမျိုးလေ။ ဘောလုံးပွဲကို ပွဲကြည့်သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ဝင်ကန်ရတာမဟုတ်ပဲ လွယ်လွယ်ဝေဖန်ရသလိုမျိုး။

ကျနော်တို့ရဲ့ဘ၀တွေကော။ လွန်ဆွဲပွဲနဲ့တူတယ်လို့မထင်ဘူးလားဗျာ။ ကိုယ်တိုင်တော့အားသွန်ခွန်စိုက်ကြိုးစားနေတာပါပဲ။ ဒါပေမယ့် အနာဂါတ်ဆိုတဲ့ အရှုံးအနိုင်ကို ဘယ်သူမှသိကြတာမှ မဟုတ်တာ။ တစ်ခါတစ်ခါ အလဲလဲအပြိုပြိုဖြစ်တိုင်း ဘေးနားက ချစ်ခင်ရင်းနှီးတဲ့သူတွေက ၀ိုင်းဝန်းအားပေးကြတယ်။ တစ်ခါတစ်လေကဲ့ရဲ့ အပြစ်တင်ကြတယ်။ အားမလိုအားမရတွေလည်း ခဏခဏဖြစ်တတ်ကြတယ်။ ကျနော်လည်း အဲလိုမျိုးဖြစ်ဖူးပါတယ်။ နှစ်နေရာလုံးမှာကို ဖြစ်ခဲ့ဖူးတာပါ။

အခုထိတော့ ကိုယ်ကိုတိုင်လည်း ဘ၀ဆိုတဲ့လွန်ဆွဲပွဲကို စောစောအရှုံးပေးရင်ကောင်းမလား နိုင်အောင်ပဲဆက်ကြိုးစားရမလား ဝေခွဲမရသေးပါဘူးဗျာ။ လက်ကနေကြိုးလွတ်ထွက်မသွားခင်အထိပေါ့…………

လရိပ်ခို




လရိပ်ရယ်
နင့်အလင်းတွေ
နင့်အရောင်တွေ
ငါ့ကို စွဲမက်တိမ်းမူး
ရူးသွပ်စေတယ်

တခဏဖြာကျတဲ့
အလင်းမှာ
သတိလက်လွှတ်
ငှက်တောင်ကျွတ်ဖူးတယ်

အေးမြတဲ့
နင့်အရိပ်မှာ
ငါဟာထာဝရ
အိပ်စက်ချင်သူပါ

ဒါပေမယ့်
နင်ကမှ အစဉ်အမြဲ
သာမပေးနိုင်တာ

တကယ်တော့ငါဟာ
အမှောင်ကြိုက်သူ
တစ်ယောက်မဟုတ်ပေမယ့်
လရောင်ကို မခံစားရဲလို့
ချောင်တစ်ခုမှာ
ခိုနေမိတဲ့
လရိပ်ခိုလှုံသူတစ်ဦးရယ်ပါ



15 November 2008

ရေဆိုးမြောင်း



ရေဆိုးမြောင်းဆိုတာ စွန့်ပစ်တဲ့ရေတွေ မိုးပေါ်ကကျလာတဲ့ ရေတွေကို စုစည်းပြီး သတ်မှတ်ထားတဲ့နေရာကို ပို့ဆောင်ပေးတဲ့အရာပေါ့။ ရေဆိုးမြောင်း မရှိခဲ့ရင်တော့ ပုပ်ဆွေးနေတဲ့ ပတ်ဝန်းကျင်ကြားမှာ ကျန်းမာရေးနဲ့ မညီညွတ်စွာ နေထိုင်ရမှာ။ ရှိတော့ရှိတယ် ရေစီးရေလာမကောင်းခဲ့ရင်ရော ဒါဆိုလည်း ထိုနည်းတူစွာပါပဲ။

ကျနော်နဲ့ ရေဆိုးမြောင်းတွေ ပတ်သတ်ခဲ့ဖူးတာပေါ့။ ငယ်တုန်းက ကျနော်တို့ အိမ်ရှေ့က ရေဆိုးမြောင်း။ ချိုးရေတွေ အကုန်လုံးအဲဒီ ကျင်းနက်နက်တူးထားတဲ့ မြောင်းထဲကိုပဲသွားတာ။ အဲဒီကျင်းနဲ့ စပ်ဆက်ထားတာ ဘာမှမရှိဘူး။ ဆိုတော့ ရေသုံးအရမ်းများရင် မိုးရွာရင် ကျင်းက လျှံနေပြီ။ ကျင်းမလျှံခင်တော့ အံဖုံးကိုလှန် ရေပုန်းနဲ့ လမ်းပေါ်ကို သွန်ရစမြဲ။ မေတို့ကတော့ အမြဲသွန်ခိုင်းတယ်။ အဲဒါလုပ်ရမယ်ဆို ကျနော်က နောက်တွန့်စမြဲ။ လမ်းမပေါ်မှာလုပ်ရလို့ ရှက်တာမဟုတ်ပါဘူး။ သွန်ရမယ့်ရေတွေက မြောင်းပုတ်ရေတွေမို့ လမ်းသွားလမ်းလာ ဘေးပတ်ဝန်းကျင်ကို အားနာလို့ပါ။

နောက်တစ်ခုက စော်ဘွားကြီးကုန်း ကားဝန်းထဲက ရေဆိုးမြောင်း။ အရမ်းစိတ်နာဖို့ကောင်းတယ်ဗျာ။ ကျောင်းနားရက် အိမ်ပြန်ဖို့ ကားလက်မှတ်သွားဖြတ်တဲ့နေ့ ရွာလိုက်တဲ့မိုးရေက ဒူးဆစ်ကိုကျော်နေပြီ။ ပေါက်တဲ့နဖူးမထူးဘူးဆိုပြီး ရောက်လက်စနဲ့ လက်မှတ်ရအောင်ဝယ်မယ်ပေါ့။ လမ်းမပေါ်က ရေစီးကို အံတုပြီး ကားဂိတ်ကိုရောက်အောင်သွားမိတယ်။ ကားဂိတ်ရှေ့ရောက်တော့ ၀မ်းသာအားရ ကားဂိတ်ထဲကို အ၀င် ကားဂိတ်ကိုမရောက်ဘူးဗျာ။ ကားဂိတ်နဲ့ လမ်းမကြားမှာ ရေဆိုးမြောင်းရှိတယ်လေ။ ရေတွေပြည့်နေတာမို့ လမ်းလို့ပဲထင်ပြီး ကူးလိုက်တာ မြောင်းထဲရောက်မှ သိတော့တယ်။

ဒီနိုင်ငံက ကြီးမားကျယ်ပြန့်တဲ့ မြောင်းတွေတွေ့တော့ စိတ်နာစရာတွေကို ပြန်တွေးမိတယ်။ အဲလိုမြောင်းမျိုးတွေဆို ဒီလိုကြုံရမှာမဟုတ်ဘူးပေါ့။ လသာလမ်းတို့ သိမ်ဖြူနား၊ အင်းစိန်တို့လို မိုးရွာရင်ရေ၀ပ်တာမျိုး ရှိမယ်မထင်ဘူးနော်။ တောင်ဥက္ကလာက ဆိုးဆေးတွေ သွန်လေ့ရှိတဲ့ ရေမြောင်းမျိုးလည်း အခုလို အရမ်းနံမယ်မထင်ဘူး။

ပြောမယ့်သာပြောတာပါ။ ရေတွေလမ်းပေါ်တက်ရင် ကျနော်တို့က ပျော်မိပြန်ရော။ ဘာလို့လဲဆိုတော့ အညာကဦးကြီးတွေလုပ်ပေးတဲ့ လှေကလေးတွေကို အိမ်ရှေ့ထွက်ပြီး ကြိုးနဲ့ဆွဲလို့ရတာကိုး။ တစ်ခါတစ်လေ မေလုပ်ပေးတဲ့ စက္ကူလှေတွေကို လည်းလွှတ်တတ်ပြန်သေးတယ်။ ဖယောင်းတိုင်နဲ့ သွားတတ်တဲ့ မီးသင်္ဘောကိုတော့ လမ်းထဲမှာ တလွှားလွှားသွားနေတဲ့ စက်ဘီးတွေကြောင့် မဆော့ရဘူးဗျာ။

ဒီနိုင်ငံက ကလေးတွေတော့ အဲလိုဆော့ရမယ်မထင်ဘူး။ ဒါပေမယ့် ငါးတွေတော့ မျှားကြသား။

ပတ်ဝန်းကျင်က ရေဆိုးမြောင်းလိုပဲ ကျနော့စိတ်ထဲမှာလည်း ရေဆိုးမြောင်းရှိပါတယ်။ တစ်ချို့ ကျနော်မလိုချင်တဲ့အပိုင်းတွေကို ရေဆိုးမြောင်းထဲထည့်ပစ်မိတယ်။ ရေဆိုးမြောင်းတွေကို ဖောက်ထုတ်တဲ့နည်းတွေ ရှိတော့ရှိတယ်။ ရေဆိုးပမာဏပေါ်မူတည်တာပေါ့။ တစ်ခါတစ်လေ သီချင်းအော်ဆိုပြီးဖောက်ထုတ်တတ်တယ်။ ရေဆိုးတဲ့အပေါ်မူတည်ပြီး သီချင်းပုံစံတော့ကွဲမပေါ့။ နောက်တစ်မျိုးက သူငယ်ချင်းတစ်ယောက်ကို နားဒုက္ခပေးတဲ့နည်း။ သူနားလည်မလည် သိ, သိ မသိသိ အဲလိုမျိုးဆိုပြီး ဇာတ်စုံခင်းပြတတ်တဲ့နည်း။ ဒါလည်း ဇာတ်ရည်လည်အောင် တော်တော်ရှင်းရတာပါကလား။ နို့မို့ ရေဆိုးတွေ လျှံတတ်ရင် ပိုဆိုးမယ်လေ။ ဒါပေမယ့် ကျနော့ စိတ်ထဲက ရေဆိုးမြောင်းတွေလည်း အမိမြေက ရေဆိုးမြောင်းပုံစံလား ဒီနိုင်ငံက ကျယ်ပြန့်တဲ့ ရေဆိုးမြောင်းလား အသေအချာတော့မသိသေးဘူး။ ရေစီးရေလာတော့ ကောင်းပုံမရသေးဘူးလေ။

ပတ်ဝန်းကျင်က ရေဆိုးမြောင်းပဲဖြစ်ဖြစ် စိတ်ထဲက ရေဆိုးမြောင်းပဲဖြစ်ဖြစ် ရေဆိုးဆိုတာတွေကို ခပ်လွယ်လွယ် အချိန်တိုတိုနဲ့ ဖျောက်ပျက်ပစ်နိုင်ရင်ကောင်းမှာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ရေဆိုးဆိုတာ ကြာလာတာနဲ့ အပုပ်နံ့ ထွက်လာတတ်လို့ပါ……

14 November 2008

အမှောင်နဲ့အလင်း



အမှောင်ရှိလို့အလင်းရှိတာလား။ အလင်းကြောင့်အမှောင်ဆိုတာ ဖြစ်တည်နေတာလား……

အရင်တုန်းကတော့ အမှောင်အတိတဲ့။ အမှောင်ကို အလင်းဆောင်ပေးခဲ့ကြတာဆိုပဲ။ အမှောင်အတိုင်းနေခဲ့ပြီး လင်းလာရင်တော့ ကြောင်တောင်တောင်တော့နေမှာနော်။ ဘာလို့လဲဆိုတော့ အမှောင်ကနေအလင်းကို ထွက်လာရင်မျက်စိစူးနေတတ်တာ။ ကားအလင်းရောင် ဗြုန်းကနဲတွေ့လိုက်ရင် မျက်စိတမ်းမှိတ်သွားတတ်တာကိုး။

အလင်းထဲက ဆိုရင်ကော အမှောင်ထဲကို ဘယ်လိုလုပ် တန်းသွားနိုင်မှာလဲ။ အမှောင်ထဲကို မြင်နိုင်ဖို့ မျက်စိတော့ပိတ်ကြည့်သင့်တယ်။ နောက်မှဖြည်းဖြည်းခြင်းဖွင့် ကျင့်သားရပြီဆိုရင်တော့ အမှောင်ထဲမှာလည်း မြင်ရနိုင်ပြီပေါ့။

ဒါနဲ့ အလင်းနဲ့အမှောင်ဆိုတာကိုကော ဘယ်ဟာက အလင်းလဲ ဘယ်သူက အမှောင်လဲ။ မည်းနက်နေတာနဲ့ အမှောင်ဖြစ်ကရောလား။ အဖြူရောင်ဆိုတာနဲ့ အလင်းလို့သတ်မှတ်လိုက်ကရောလား။ အကယ်ကြီး အလင်းကိုအမည်းရောင် အဖြူရောင်ကို အမှောင်လို့ သတ်မှတ်လိုက်ရင်ရော။ အခုမှသတ်မှတ်မယ်ဆိုရင်တော့ အားလုံးဇောက်ထီးဖြစ်ကုန်မယ်ထင်တယ်။ လမ်းပေါ်က ကားတွေရပ်သလို လူတွေလည်း မတ်တပ်ကငုတ်တုတ်ဖြစ်ကုန်မယ်။

တစ်ခုတော့သတိထားစေချင်တယ်။ အလင်းနဲ့အမှောင်ကို ခွဲခြားသိဖို့ပါ။ သိတယ်လို့လွယ်လွယ်မပြောနဲ့နော်။ တစ်ခါတစ်လေ ကိုယ်ထင်နေတဲ့ အလင်းဆိုတာ ရောင်ပြန်မျိုး ကိုယ်ထင်နေတဲ့အမှောင်ဟာ အိပ်မက်ဆိုးသက်သက်ဖြစ်နေတတ်တယ်။ လက်တွေ့ကိုသေချာလေ့လာပြီးမှ အလင်းအမှောင်ဆိုတာကို ခွဲခြားစေချင်တာပါ။ သူတစ်ကာပြောတာနဲ့လွယ်လွယ်လက်မခံလိုက်ပါနဲ့။ ပြီးတော့ ငါစွဲတွေကို ချွတ်ကြည့်စေချင်တယ်။ ငါသိ ငါတတ် ငါတော်ဆိုတာတွေနဲ့ တကယ့်အလင်းအမှောင်ကို ခွဲခြားရခက်မှာစိုးလို့ပါ။

ဆိုတော့ကာ ဘယ်ဒင်းကြောင့် ဘယ်ဟာပေါ်လာတယ်ရယ် သေချာတော့ မသိပါဘူး။ အလင်းနဲ့အမှောင်ကတော့ ဒွန်တွဲနေတာပါပဲ။ တစ်ခုပဲ ရှိတယ် အဲဒါ ကိုယ်ကိုတိုင် သိဖို့ပါပဲ။ သိဖို့တော့ အချိန်တစ်ခုတော့ လိုမယ်ဗျ။ ကဲ………….

သောင်ဖွဲ့ရာ




နံနက်ခင်း
လှိုင်းပို့လို့တင်
တဖြည်းဖြည်းရယ်မို့
စုစုရယ်ထင်
သောင်ပြင်ငယ်ဖွေး

လှိုင်းခြေရာဝင်
ညနေအဆင်
လှိုင်းအပုတ်မှာ
ဆွဲကာအချ

သောင်ကမ်းမှာ
ယောင်ယမ်းကာ
သူဆွဲပေမယ့်
ခြေကုပ်ရယ်ဘယ်မမိ လေတော့
သောင်ဖွဲ့ရယ်ဝေး……

ငမိုးသို့



ငမိုး နှစ်ရက်ရှိပြီဟာ ဒီမှာမိုးရွာနေတာ။ နင့်ဆီမှာကော ရွာနေတာပဲလား။ ငါတို့စတွေ့တော့ မိုးတွေ ရွာနေတဲ့ ဂျူလိုင်လနော်။ အဲလက်စ်တို့ရဲ့ မိုးသီချင်းခွေလေးကလည်း အမှတ်တရ ထွက်လိုက်သေးတယ်။ မှတ်မှတ်ရရ ၁၉၉၉ ဂျူလိုင်လနော်။

နင်အရင်လို ဆံပင်နှစ်ဖက်ကို ခွဲပြီး တရမ်းရမ်းနဲ့ လျှောက်သွားနေတုန်းပဲလား။ ကလေးလို လော်လီပေါ့တွေစားနေတုန်းပဲလား။ မကြီးအိမ်ကထည့်ပေးလိုက်တဲ့ Sandwichတွေ ကူစားပေးမယ့် ငါမရှိတော့ဘူးနော်။ ကျောပိုးအိတ်လေးကော ပြောင်းသွားပြီလား။ ငမိုး ငမိုး နင်ဘယ်ကိုရောက်နေတာပါလိမ့်။

တစ်ချက်တစ်ချက် နင့်ဇာတ်လမ်းတွေ ငါကြားပါတယ်။ ထွင်လည်းထွင်နိုင်ပါပေတယ်။ သင်္ချာပုစ္ဆာတွေ တွက်သလို အဖြေမရတာနဲ့ နောက်တစ်ပုဒ်ပြောင်းတွက်ကြည့်တာမျိုးလား။ သီအိုရီတော့ တော်တော်ပိုင်နေပြီဆိုပါတော့။

နင်မှတ်မိသေးလား UFL မှာတွေ့တဲ့ ညနေလေ အဲဒီညနေက နောက်ဆုံးပဲထင်တယ်။ အဲဒီနေ့က ငါ့အစ်မ ဘွဲ့ယူလို့ ဓါတ်ပုံလာရိုက်ပေးတာဟ။ ကြုံလည်းကြုံ ပုဂံလမ်းကိုလည်း လွမ်းတာနဲ့ လမ်းလျှောက်ရင်း နင်ရှိနေမယ့် အတန်းကို ခြေထောက်တွေလှမ်းမိတာ။ သိပ်အံသြဖို့ကောင်းတာပဲ နင့်ရဲ့ ကြိုဆိုမှုအတွက် နောက်ထပ်ဘယ်ခြေလှမ်းမှ မလှမ်းမိတော့လောက်အောင်လေ။

မေ့တော့မလို့ BC က လိုင်ဘရီထဲမှာ အမှတ်မထင်ဆုံဖြစ်သေးတာပဲ။ ပြုံးပြပြီး နှုတ်ဆက်ခဲ့ကြရုံပေါ့။ ဒါပေမယ့် ဒါကိုငါစာရင်းထဲမသွင်းချင်ဘူးလေ။ အရင်လိုပဲနော်ဆိုတဲ့ စကားကို ဟန်ပါပါပြောခဲ့ပေမယ့် အရင်လိုမဟုတ်ဘူးဆိုတာ အသိသာကြီးပါ။

ဖုံးတခါတော့ ဆက်ဖြစ်သေးတယ်။ ဟင်းချက်နေရင်း Handfree နဲ့ခေါ်လိုက်တာ။ စကားမပြောဖြစ်တာကြာပြီလေ။ ဘာတွေဖြစ်နေတယ် ဘယ်လိုဖြစ်နေတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မသိတော့လောက်အောင်ပေါ့။

ခဏဆိုတဲ့ အချိန်လေးအတွင်းမှာ အရာအားလုံးဖြစ်ပျက်ခဲ့ကြတယ်။ လိုင်းကားမစီးဘူးတဲ့ နင်တောင် ငါတို့နဲ့ပေါင်းပြီးလိုင်းကားစီးဖြစ်ခဲ့သေးတယ်။ ငါမှတ်မိသေးတယ် အဲဒီအချိန်တုန်း အနှောင့်အယှက်တစ်ခုအတွက် အိမ်ပြန်ချင်ယောင်ဆောင်ပြီး ကျောင်းအနောက်ပေါက်ကနေ ပြန်ရောက်ရောက်လာတတ်တဲ့ နင့်ကိုပေါ့။

ဆရာ့ကျူရှင်ပြီးလို့ အိမ်ကကားလာမခေါ်ခင် နင်မှီစရာနံရံတစ်ခုကကော ရှိသေးရဲ့လား။ စာတွေစွတ်ကျက် စာမရဘူးလို့ညည်းညူတတ်တဲ့ အကျင့်ကော စွဲနေတုန်းပဲလား။ အရိုးပွရောဂါကော အရှင်းပျောက်ပြီလား။ အင်းလေ အရိုးမကောင်းလို့အမှီရှာနေရတာနေမှာပါ။

ငယ်တုန်းဘ၀က တက်ခဲ့တဲ့ ပြဿနာတွေကို အခုပြန်စဉ်းစားကြည့်ရင် ရီချင်တယ်ဟာ။ ကျောင်းဆက်တိုက်တယ်မယ်ဆိုတဲ့ နင်က ရပ်သွားပြီး။ အိမ်ပြန်မယ်ဆိုတဲ့ ငါက ကျောင်းပြီးအောင်တက်ခဲ့တယ်။ အေးလေ နင်သင်ချင်တဲ့ အာခီပညာကိုတောင် နင်သင်ခွင့်မှမရခဲ့တာ။ ရောက်တဲ့အရပ်မှာပျော်အောင်နေပေါ့ဟာ။

ဒါနဲ့ အခုမိုးတိတ်သွားပြီဟ။ အသံတွေမကြားရတော့ဘူး။ ငါက မိုးရွာနေတာကို မမြင်ရဘူးလေ။ နားစွင့်ပြီး မိုးစက်ကျတာကို ခံစားနေမိတာ။ ကဲ ဘာရယ်ညာရယ်မဟုတ်ဘူး မိုးရွာနေတာနဲ့ ငမိုးကိုသတိရနေမိပြန်ပြီ။ စာဖတ်ဖြစ်တယ်ဆိုလည်း ပြန်တော့ပြောဦးနော်။ ယုတ်စွအဆုံး နင်ဘယ်ရောက်နေတယ်ဆိုတာကိုပေါ့…….

အလွမ်းဝေးချင်တဲ့ ပန်းကလေးနှင်းဆီ






နင်မထိလည်း
ငါအပြစ်မဖွဲ့ပါဘူး
နင်မနမ်းလည်း
ငါမကဲ့ရဲ့ပါဘူး
နင်တို့ဖို့လည်း
ငါမကြိုဆိုပါဘူး
နင်ကြိုက်တဲ့ပန်းကို
နင်လှမ်းခွင့်ရှိတယ်

နင်သနားလို့
အနားမလာပါနဲ့
နင်စာနာလို့
စကားမဖာပါနဲ့
အဲဒီအကြင်နာတွေကို
ငါကြောက်လို့ပါ

ငါ့ဟာငါပဲ ပင်ထက်မှာနေပါရစေ
မြေခလို့ကြွေကျလည်း
ငါ့ဟာငါပဲနေပါရစေ



12 November 2008

အဲဒီည



ညတွေလေ အကြိမ်ကြိမ် ဖြတ်ဖူးပါတယ်။ ဒါပေမယ့် ညတိုင်းလည်း မလွမ်းသလို ညတိုင်းလည်း အမှတ်မရတတ်ပါဘူး။ တစ်ချို့ညတွေကြတော့ ခေါင်းထဲကကို ထုတ်လို့မရပြန်ဘူး။

ငယ်တုန်းက ညလေးတစ်ညပါ။ သိပ်ကိုအမှတ်တရ ရှိစေခဲ့တာ ဘယ်တော့မှ ပြန်မရနိုင်ခဲ့လို့ထင်ပါရဲ့လေ။ ကျနော်တို့မြို့လေးမှာ ထုံးစံရှိပါတယ် ဒီညမျိုးဆို ပိုက်ဆံကြဲခိုင်းတတ်ပါတယ်။ ပိုက်ဆံကြဲပါဗျို့လို့အော် သူဌေးအိမ်တွေက ပစ်ချတဲ့ ပိုက်ဆံအကြွေစေ့တွေကို အားလုံးအလုအယက်ကောက်ကြတာ။ တစ်ခါတစ်လေ လူကြီးတွေတောင်ပါသေးတယ်။ တစ်ခြားမြို့ရွာမှာနေရတော့ အဲဒီအလေ့အထကို မတွေ့ရပြန်ဘူး။ အခုအချိန်မြို့ပြန်ရင်လည်း တွေ့ရတော့မှာမဟုတ်ပါဘူးလေ။

ပြီးရင်တော့ အိမ်က အဖိုးအဖွားတွေရဲ့ ပံ့သကူပစ်ပွဲ။ ပိုက်ဆံလေးတွေကို ကျစ်ကျစ်ပါအောင်ထုတ် ပြီးတော့ လူမမြင်သူမမြင်တဲ့ နေရာတွေမှာ ဖွက်ထားတတ်တယ်။ တခါတလေလည်း လမ်းမထက်က လမ်းသွားလမ်းလာတွေအတွက် ပစ်တတ်ပါသေးတယ်။ အခုတော့ ဒီအလေ့အထတွေ ပျောက်ဆုံးနေခဲ့ပြီလေ။

ဘုရားကိုသွားပြီး မသိုးသင်္ကန်းရက်တာကို အငေးအမောကြည့်ရသေးတာ။ ဘာမှတော့နားလည်တာမဟုတ်ပေမယ့် မလေးလက်ခတ်သံကိုတော့ နားဆင်ချင်သား။ ရက်တဲ့လူတွေကို ကြည့်ရင်းဘေးနားကနေ အားလုံးကိုနိုင်စေချင်ခဲ့တာ။ အားကြိုးမာန်တက်ရက်နေကြတာကိုး။ နိုင်တဲ့အသင်းက စပြီး ဘုရားရှင်ထံမှာ သင်္ကန်းကပ်ချိန်ဆိုရင်တော့ နောက်ကနေ တောက်လျှောက်လိုက်ပြီး အားပေးတော့တာပါပဲ။

ပြန်လာရင်တော့ အိမ်ကလူကြီးတွေ သုတ်ထားတဲ့ ခပ်သက်သက် မယ်ဇလီဖူးသုပ်ကို ၀အောင်စားတော့တာပဲ။ ၁၂နာရီကျော်အောင်စောင့်ရမယ်ဆိုလို့ မစောင့်နိုင်ခင် အကြိုလက်သိပ်ထိုး ခိုးစားရသေးတယ်လေ။

အိပ်မယ်လို့တော့မထင်လိုက်နဲ့ အစ်ကိုလူပျိုပေါက်တွေကြားမှာ ကန့်လန့်ခံနေတော့တာ။ သိတယ်သူတို့ ဒီညဘာအစီအစဉ်ရှိတယ်ဆိုတာကို။ အစ်ကိုအကြီးဆုံးက ဒီည အိမ်က အုန်းသီးခိုးမယ်။ ဟိုဘက်အိမ်က သလဲသီးတွေလည်းခိုးမယ်။ ကြက်သားနဲ့ ဘူးသီးကို တိုးတိုးတိတ်တိတ်ခိုးပြီးရင် ကိုတင်ဝင်းတို့ခြံထဲမှာ ဒီနေ့ညကဲကြမယ်လေ။ အကုန်လုံးရှစ်တန်းကိုးတန်းအရွယ်တွေ။ ကျနော်တစ်ယောက်တည်း ကလေးပီပီ ပုဆိုးစဆွဲပြီး နောက်ကပါမြဲ။

ကျနော်တို့အိမ်က အပေါ်ထပ်ဝရန်တာကနေ ဟိုဘက်ခြံထဲကို ကူး သူတို့ ခူးချပေးတဲ့ သလဲသီးတွေကို ဒီဘက်က လက်ခံကောက်ပေးတဲ့သူကအီဖေကိုယ်ပဲပေါ့။ ခြံစည်းရိုးတွေကြားထဲ လက်နှိုက်လို့ရတဲ့ ကလေးလက်လေ။

ကိုယ့်အိမ်က အုန်းသီးကို ခိုးတဲ့အစ်ကိုကြီးရဲ့ ကျွမ်းကျင်မှုကလည်း ရှိသေး။သူက အုန်းပင်ဆို လက်နှစ်ဖက်နဲ့ပိုက် ခြေထောက်ကို ကန်ပြီးတက်တာလေ။ ရွှတ်ခနဲဆို သူအပေါ်ရောက်နေပြီ။ ပိရိသေသပ်တဲ့ခိုးနည်းနဲ့ခိုးလိုက်တော့ အိမ်ကလူကြီးတွေမသိတော့ဘူးပေါ့။

တာဝန်တွေကိုယ်စီခွဲပြီးသားမို့ အောင်မြင်စွာ ပြန်လည်စုစည်းကြတာက ကိုတင်ဝင်းတို့ခြံထဲမှာ။ အုန်းထမင်းနဲ့ ကြက်သားကာလသားဟင်းကို တဝချက်စားကြတာလေ။ ခိုးစားရတာမို့လားမသိ ဟင်းတွေကော ထမင်းတွေကော အရသာပိုနေလေရဲ့။

စားပြီးသောက်ပြီး ပြောဆိုမည်တမ်းပြီးရင်တော့ လမ်းလျှောက်ပွဲ။ နေရာတွေရွှေ့ထားကြတဲ့ ရီစရာ ဟာသတွေကို မိုးမလင်းခင်ကျနော်တို့ တမေ့တမော လိုက်ပါခံစားကြတယ်။ တော်တော်လေးပျော်ပြီး ကန်သာယာဘက်လောက်ရောက်ပြီဆိုရင် ပြန်လှည့်။ မိုးလည်းလင်းခါနီးပြီလေ။

ပိတ်ထားတဲ့တံခါးကို အသာအယာဖွင့် ညီအစ်ကိုသုံးယောက်တိုးတိုးတိတ်တိတ်မသိမသာဝင် ကုတင်ပေါ်တက်ပြီး အိပ်ဖို့ကြိုးစားကြတယ်။ တခွိခွိရယ်သံကြားရင် မစဉ်းစားနဲ့လမ်းပေါ်က ဟာသတွေကို ပြန်တွေးနေကြပြီ။ အမေတို့ လာမဆူမခြင်း မအိပ်ကြသေးဘူး။ စားခဲ့ရုံတင်မကဘဲ စားမြုံ့က ပြန်နေကြသေးတာလေ။ ဘယ်လိုခိုးလိုက်တာ မိတော့မလို့သီသီလေးဆိုတာမျိုးနဲ့ ဒီညတစ်ညလုံး ကုန်ဆုံးသွားအောင် ပြောကြဆိုကြ။

အခုတော့ အစ်ကိုတွေလည်း အိမ်ထောင်ရက်သားကျ။ ပြီးတော့ တစ်ယောက်တစ်နယ်စီမှာနေ ပိတောက်နဲ့ချယ်ရီပမာလေဆိုတော့ ဒီညက ပြန်မရတာသေချာပြီပေါ့။ အင်း…..လွမ်းတော့လည်းအလွမ်းသား……အဲဒီညကိုလေ…….

10 November 2008






ဟဲ့နင် ဒီနေ့ ဘယ်လောက်ပြီးပြီလဲ ဆိုတဲ့ အသံကြားမှ ဖျတ်ခနဲ ဘေးနားမှာထောင်ထားတဲ့ အစည်းတွေကို ကြည့်လိုက်မိတယ်။ အို….ဘာမှ မရှိသေးပါလား။ သူဇာခုံက ဒီညနေလာသိမ်းမယ်လို့ပြောထားသားနဲ့ ငါ့နှယ်နော် ငေးနေတွေးနေမိလိုက်တာ……..

ဗန်းထဲက ဆေးစပ်တွေကို ကြည့်မိတယ်။ ဖင်ဆီခံတွေလဲ တောင်ပုံယာပုံ။ အသားတုံးပေါ်တင်ထားတဲ့ ကော်တောင် ခြောက်လုလုရှိရော့မယ်။ အင်းတံဆိပ်တွေလည်း ညှပ်ရဦးမှာပါလား။ မြန်မြန်လုပ်မှ သူဇာခုံက ရှင်းရင်နေ့ချင်း ပေးတတ်တာလေ။ အိမ်မှာဆန်က သိပ်ကျန်တော့တာမဟုတ်ဘူး။

ဆန်ဆိုမှ ထမင်းအိုးတည်ရဦးမှာပါလား။ အိုးထဲမှာ ဆန်မှကျန်ပါလေစ။ မလောက်တော့လည်း အရင်လို အနောက်အိမ်က သွားချေးလိုက်တာပေါ့။ နောက်မှ ပြန်ဆပ်မယ်လေ။ တော်ပါသေးရဲ့ တခါချက်စာတော့ ကျန်နေသေးလို့။ ဆန်ဆေးပြီး အပြေးအလွှားတည်အပြီး အိမ်ရှေ့မှာ မခင်မာကြည်။ ဗျိုး…မခင်မာကြည် ဒီနေ့ဘာကောင်းလဲမေးလိုက်မိတာ ဘော်လီထဲက ၅ကျပ်လား ၁၀လား ပါသွားပြန်လေရော။

မဖြစ်သေးပါဘူး ဒီနေ့ပြီးအောင်လိပ်မှပါပဲ။ ဗန်းအောက်ကို ခြေထောက်လျှို ခြေထောက်ပေါ်ပုဆိုးခံပြီး ပြန်ထိုင်ရတယ်။ ဆေးရွက်တွေက ပိုးပေါက်တွေတယ်များပါလား။ ဘယ်လိုဖြစ်တာပါလိမ့်။ နှစ်ရွက်ပေါင်းမှတစ်လိပ်သာ လိပ်နေရင်တော့ ခုံကအော်တော့မှာပဲ။ ဒီတစ်ခေါက်လာမှ ပြောရဦးမယ်။ နှစ်ရွက်ထပ်ပြီး ချိုးထားတဲ့ ဆေးရွက်ထဲကို ဆေးစပ်လေးတွေထည့် နောက်ပိတ်ဖင်ဆီခံပြီး မပွမကျစ်လေးလိပ် ပြီးတော့မှ တံဆိပ်ကို ကော်သုတ်လိပ်ထားတဲ့ အပေါ်မှာ ကပ်။ ဖင်ဆီခံကို ညီအောင် တစ်ချက်နှစ်ချက်ညှိပြီးရင်တော့ ခေါင်းချိုးဖို့သာပြင်။ သုံးထောင့်ပြားချွန်ချွန်ကြေးပြားလေးနဲ့ ဟိုတစ်ဖက်ထိုး ဒီတစ်ဖက်ထိုးလုပ်လိုက်ရင် ညီညာလှပတဲ့ ဆေးလိပ်တစ်လိပ်ဖြစ်ပြီပေါ့။ ခေါင်းမချိုးတတ်လို့ကတော့ ရှေ့ဆက်လိပ်ဖို့မစဉ်းစားနဲ့။

တစ်လိပ်နှစ်လိပ် တော်တော်လေးလိပ်မိလို့ ပုံသွားရင်တော့ ရာစည်း စည်းပေတာ့။ တစ်လိပ်ချင်းဆီကို ရေတာတော့ ဘယ်ဟုတ်မလဲ။ လက်နှစ်ဖက်နဲ့ အားရပါးရစု ရာစည်းပုံထွက်အောင် ဘယ်ညှိညာညှိလုပ်ပြီး သားရေပင်နဲ့ချည်လိုက်ရုံပါပဲ။။ တစ်ခါမှ တစ်လိပ်တစ်လေ လျှော့တယ်ဆိုတာ မရှိသေးပါဘူး။ လုပ်ရင်းကိုင်ရင်း အလုပ်ကသင်သွားတယ်ဆိုပါတော့။

ခပ်သွက်သွက်လိပ်နေပေမယ့် အချိန်ကုန်တာလည်း မြန်လိုက်တာ။ လေးငါးရာပဲရှိသေးတယ်။ နေကလည်းဝင်လုရော့ရော့။ နေ့လည်ထမင်းစားရဦးမှာပါလား။ ကတိုက်ကရိုက် ချဉ်ပေါင်းဟင်းနဲ့ ထမင်းမှာ ငပိရည်ဆမ်းပြီး တဝစားလိုက်ရတယ်။ ထမင်းဆိပ်တက်မယ့် အချိန်ကို ငှားထားတဲ့ စာအုပ်လေးနဲ့ မှိန်းနေဦးမှ။ ပြီးရင်တော့ ဗန်းအောက်ကို ပြန်ဝင်ရမယ်လေ။

လာပါပြီ လာပါပြီ.. မျှော်လေတဲ့ ခုံကဆေးလိပ်စည်းတွေလာသိမ်းပြီလေ။ မနက်ဖြန်ရန်ကုန်ကိုပို့မှာမို့ ဖြန့်ထားတဲ့ ဆေးလိပ်သမတွေဆီမှာ လိုက်သိမ်းနေကြပြီ။ တစ်ထောင်ပဲပြီးတာမို့ ပေးခဲ့တဲ့ ငွေငါးဆယ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ညနေဆန်ဝယ်ဖို့ ကိုတွက်ချက်နေမိတယ်။

မကြာပါဘူး အိမ်ရှေ့ဆူညံဆူညံနဲ့ မချိုတို့ ညီအစ်မတစ်တွေရောက်နေကြပြီ။ ရေမြန်မြန်ချိုး ဒီည ဘူတာနားက ကိုစံသိန်းရုံမှာ ဒွေးနဲ့စိုးမြတ်သူဇာကားအသစ်တဲ့။ တစ်ညတစ်လေပဲလေ ကားကောင်းတယ်ဆိုမှတော့ လိုက်ရဦးမှာပေါ့။ ဆန်ကလေး ၁ပြည် တက်သုတ်ရိုက်ဝယ် ရေချိုးမိုးချိုး။ အင်း….မနက်ဖြန်နေ့ရက်တွေမှာလည်း နောက်ထပ်နောက်ထပ် တစ်ရာနှစ်ရာ အခါခါစည်းပါလို့ရယ်ပေါ့……

ဆေးလိပ်အမြဲလိပ်နေရတတ်တဲ့ ကျနော့်အဒေါ်တွေအတွက်အမှတ်တရပါ။

09 November 2008

သူ, သူမ ပြီးတော့ ၁ ၂ ၃ ၄ ၅



တိတ်ဆိတ်ငြိမ်သက်တဲ့ တောအုပ်တစ်ခုရဲ့အလယ်မှာ သူရယ် သူမရယ် တည်ရှိနေကြသည်။ သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုကို အသေအချာဆွေးနွေး နေကြဟန်တူ၏။ အဲဒါကစားနည်းတစ်ခု အတွက်ဥပဒေသပါပဲ။

အဲဒီကစားနည်းအတွက် သူတို့နှစ်ယောက်အပြင်ဘယ်သူမှ မရှိ။ ထို့အတွက် စည်းမျဉ်းစည်းကမ်းတွေက သူတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေပေါ့။ တရားမျှတသော နည်းလမ်းများဖြစ်ရန် သူတို့နှစ်ယောက်လုံး တိကျသေချာစွာ ရေးဆွဲနေကြပါသည်။ အမှားအယွင်းနည်းနိုင်သမျှနည်းရန် ဖြစ်နိုင်သမျှသော အငြင်းပွားမှုများအတွက် ကြိုတင်ဖြေရှင်းနည်းများကို အပြိုင်အဆိုင် ရေးနေမိကြသည်။ သို့သော် အဓိက ပြဿနာကို သူတို့နှစ်ယောက်လုံး မဖြေရှင်းနိုင်ကြသေးပေ။ ထိုပြဿနာမှာ ထိုကစားပွဲတွင် သူတို့နှစ်ယောက်စလုံး ပြိုင်တူကစားလိုကြခြင်းပင်။ ထိုကစားနည်းကစားရန် နှစ်ဦးစလုံး ပြိုင်တူဆော့၍ မဖြစ်နိုင်ပါ။

အရာအားလုံး အဆင်သင့်ဖြစ်သွားသော်လည်း ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ လေတစ်ချက် တစ်ချက်အတိုက်တွင် လှုပ်ခတ်နေသော သစ်ပင်တို့သည်လည်း ကစားပွဲစတင်ရန် လှုံ့ဆော်နေကြပြီ။ တရွေ့ရွေ့မြင့်တက်လာသော နေလုံးသည်လည်း အချိန်မရှိတော့ ပြီဖြစ်ကြောင်းနိုးဆော်နေသည်။

ဒိုင်လူကြီးမရှိသော ကစားပွဲဖြစ်၍ မြောက်ပန်းလှန်ကာ ဆုံးဖြတ်ရန်လည်း မဖြစ်နိုင်သေး။ နောက်ဆုံး မပြီးဆုံးသော ကစားပွဲမဖြစ်ရန် အဆုံးအဖြတ်တစ်ခုကို ကမန်းကတန်းချလိုက်ကြသည်။ မဖြစ်နိုင်ပါဆိုသော ပြိုင်တူဆော့ရန်ကို နှစ်ဦးစလုံးက သဘောတူလက်ခံလိုက် ကြခြင်းပင်။

ကြီးမားသောအခက်အခဲကို ဖြေရှင်းလိုက်နိုင်သော သူနှင့်သူမသည် တစ်ဦးလက်ကို တစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ဘောလုံးပွဲမစခင် တစ်ဖက်အသင်းနှင့် တစ်ဖက်အသင်း လက်ဆွဲနှုတ်ဆက်ကြသကဲ့သို့သာ။ ပွဲစတင်သည်နှင့် အနိုင်ဂိုးရရန် အခြေအတင် ကစားကြမည်မို့ သက်ညှာမည်မဟုတ်တော့။

ဝီစီမှုတ်မည် မဟုတ်၍ သူနှင့်သူမ အတွက် ပြိုင်ပွဲစခြင်းကို ဂဏန်းများရေတွက်ခြင်းဖြင့် စတင်လိုက်ပါသည်။ ယုံကြည်မှုဟူသော ဖိနပ်ကို ဖိနင်းရင်း တစ်ဦးနှင့်တစ်ဦး မိမိ ဦးတည်ရာဘက်ဆီသို့ အပြိုင် လျှောက်လှမ်းခဲ့ကြသည်။ နှစ်ဦးစလုံးက သူတို့နိုင်မည်ဟုထင်မှတ်ထားကြသည်။ ကစားပွဲတစ်ခုတွင် အနိုင်အရှုံးရှိသော်လည်း ယခုကစားပွဲတွင် သူတို့နှစ်ဦးစလုံးနိုင်မည်ဟု မှတ်ယူနေကြခြင်းသည် ယခုပွဲ၏ ထူးခြားချက်ပင်။











လေသည် တစ်ဖြည်းဖြည်းတိုက်ခတ်နေသည်။ သစ်ပင်တွေလည်း လှုပ်နေတုန်းပင်။ သို့သော် သူနှင့်သူမတို့ ရှိမနေတော့………

ကိုဖားကြီးရေ အက်ဆေးဖြစ်မယ်ထင်တယ်ဗျာနော် မဟုတ်ဘူးဆိုလည်း ပြန်ပြောပါဗျာ…


08 November 2008

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ရာဇ၀င် (၃)


အဲဒီဆေးခန်းမှာပဲ အလုပ်အကိုင်တွေပိုမိုတတ်ကျွမ်းခဲ့ရသလို။ အဲဒီဆေးခန်းမှာပဲ အလုပ်လုပ်ရင်း ငွေတွေစု။ ဆရာမ ဒေါ်စောမြသန်း ချေးတဲ့ ငွေလေးနဲ့ စက်ဘီးလေးတစ်စီးဝယ်နိုင်ခဲ့ပါတယ်။ ကျောင်းတစ်ကျောင်းလုံး ပြောစမှတ်ဖြစ်စေတဲ့ နောက်တစ်ချက်က မပြုံးကြည်ဆီက ငွေရဖို့ခဲယဉ်းပါသတဲ့။ သူဘာအတွက်ငွေစုနေသလဲဆိုတော့ သိပ်ဆင်းရဲတဲ့ သူ့မိသားစုအတွက်တဲ့။ ဘယ်လောက်သိတတ်လေတဲ့ ခရေပန်းငယ်လေးလဲ။

ခရေပန်းလေးငွားငွားစွင့် ပွင့်လာတဲ့နောက်မှာတော့ ပျားပိတုန်းတွေဝဲစမြဲပေါ့။ မပြုံးကြည်က ဘယ်သူ့ကိုမှ ရန်ထောင်မလွှတ်ခဲ့သလို ဘယ်သူ့ကိုမှ ရွှေပြည်အေးတရားမဟောခဲ့ပါဘူး။ ရှင်တို့မေတ္တာရှိရင် ကျမနေတဲ့အိမ်ကို လိုက်ခဲ့ပါဆိုပြီး ကျောင်းအရောက် ခေါ်ခဲ့တာချည်းပါ။ ကျောင်းရှေ့ရောက်လို့ ကျောင်းကိုလက်ညှိုးထိုးလိုက်ရင် အားလုံးနောက်ပြန်လှည့်တာချည်းပါပဲ။ အဲဒီခေတ်က ကျောင်းက နာမည်ဆိုးနဲ့ကျော်ခဲ့တာကိုး။

တစ်နေ့ အဲဒီနေ့ဟာ မပြုံးကြည်အတွက်တစ်ကယ့် အမှတ်တရနေ့ပါ။ တရုတ်မသားအမိနှစ်ယောက် ဆေးခန်းကို ဆေးလာကုပါတယ်။ သူတို့ကို မပြုံးကြည်လုံးဝမသိပါဘူး။ အမေလုပ်တဲ့သူကတော့ မပြုံးကြည်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပါတယ်။ နောက်တော့ မပြုံးကြည်မျက်နှာမှာရှိနေတဲ့ မှဲ့တွေကို လက်ညှိုးထိုးပြီး မပြုံးကြည်ရဲ့တရုတ်နာမည် ကိုခေါ်ပါသတဲ့။ သူမှတ်မိတဲ့ တရုတ်စာဆိုလို့သူ့နာမည်လေးတစ်လုံးထဲကျန်တော့တယ်လေ။

အဲဒီတော့မှ နင်ငါ့ယောင်းမအငယ်လေးပဲဆိုပြီး ဖတ်ငိုပါတော့တယ်။ သူက မပြုံးကြည်ရဲ့ အစ်ကိုကြီးမိန်းမပါ။ တရုတ်လိုမတတ်တော့တဲ့ သူ့ကို မြန်မာလို တစ်လုံးစ နှစ်လုံးစနဲ့ ရှင်းပြခဲ့ရှာပါတယ်။ ဈေးထွက်ရောင်းတဲ့ သူတို့အစ်ကိုတော့ သောင်းကျန်းသူတွေ ပစ်တဲ့ လက်နက်ကြီးမှန်လို့ဆုံးရှာပြီတဲ့။ အခု ဒီယောင်းမက မန္တလေးမှာရှိတဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ နောက်အိမ်ထောင်ပြုတာပါ။ ဒီလောက်ဝေးလံတဲ့အရပ်ကို ဒီယောင်းမရောက်လာလို့သာပေါ့။ မဟုတ်ရင် မပြုံးကြည်ရဲ့ အဖြစ်ကို မိသားစုတွေ မသိခဲ့သလို မိသားစုတွေအဖြစ်ကိုလည်း မပြုံးကြည်မသိခဲ့နိုင်ဘူးလေ။ ရင်နင့်စရာ အဖြစ်တွေအတွက် ငိုခြင်းရှည်တွေ ချခဲ့ကြပါတယ်။

အလုပ်ချိန်အပြီးမှာတော့ စားသောက်ဆိုင်ကိုလိုက်သွားပါတော့တယ်။ အဲဒီနေ့ကစလို့ သူအလုပ်လုပ်တဲ့နေရာနှစ်ခုရှိသွားပါတယ်။ ဆေးခန်းပြီးရင် အဲဒီဆိုင်ပါပဲ။ ဆိုင်ပိုင်ရှင်နဲ့ အမျိုးစာလုံးချင်းတူတာမို့ သူ့ကိုလည်း တကောလို့ပဲခေါ်လိုက်ပါတယ်။

ဆွေမျိုးတွေနဲ့ပြန်တွေ့တာမို့ သူ့ရဲ့အိပ်မက်တွေ နီးကပ်လာပါပြီ။ မပြုံးရီကိုလည်း ပြန်လည်ဆက်သွယ်ပြီး အိမ်ပြန်ခရီးကို ပြောမိတယ်။ ကြောက်တတ်လေတဲ့ မပြုံးရီက နင်ပထမတစ်ခေါက်အရင်သွား။ နင်ဗုံးမထိရင် နောက်တစ်ခေါက်ငါလိုက်ခဲ့မယ်ဆိုတဲ့ စကားကိုပဲရလိုက်ပါတယ်။

တူမတစ်ယောက်ကို လက်ဆွဲပြီး အိမ်ပြန်ခရီးကိုစခဲ့မိတယ်။ ရင်တော့အခုန်သား။ ပြန်ဆုံမယ်ဆိုတာ ယုံကြည်နေပြီးသားဆိုပင်မယ့်လည်း ခွဲခွာခဲ့တဲ့နှစ်တွေများလှပါပကော။
ဒါနဲ့တောင်ပေါ်ကို တစ်ခေါက်ရောက်ပြန်ပါတယ်။

အရင်အတိုင်း အနှစ်နှစ်ဆယ်ဆိုသလို ရွာက အရင်လိုပါပဲ။ ထွက်လာတုန်းက တရှောင်ရှောင်ဖြစ်နေတဲ့ အဖေက ကျန်နေရစ်ပြီး နေကောင်းပါတယ်ဆိုတဲ့ အမေက ဆုံးသွားရှာပြီတဲ့လေ။ အရင်အတိုင်းဆင်းရဲမြဲ။ လာသမျှတွေ့သမျှ အမျိုးအဆွေတွေကတော့ သူ့ကို တွေ့တိုင်းဖက်ဖက်ပြီးငိုကြတော့တာ။ ပြောသမျှစကားတွေကိုလည်း တစ်လုံးမှနားမလည်။ ကိုယ်ပြောပြတာလည်း သူတို့နားမလည်။ တူမလေးက ဘာသာပြန်ပေးခဲ့ရတယ်။ နောက်တော့ အဖေက ဘယ်သူမှဘာသာပြန်စရာမလိုဘူးတဲ့။ သူမတတ်တာမဟုတ်ဘူး အခိုက်အတန့်လေးမေ့နေတာပါဆိုတဲ့စကားကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။

နောက်တော့ သူတစ်လုံးစနှစ်လုံးစကနေ တော်တော်လေး ပြန်ပြောနိုင်လာပါတယ်။ ပါလာသမျှပိုက်ဆံတွေရယ် ရွှေတွေရယ်ကို မိသားစုအတွက် အကုန်ပေးပစ်ခဲ့ပါတယ်။ ပြီးတော့မှ မန္တလေးကို ပြန်တက်ခဲ့တယ်။


လောကကြီးမှာ ဆရာဖေမြင့်ရဲ့ စာအုပ်တစ်အုပ်လို မဖြစ်နိုင်ဘူးဆိုတာသေချာပြီလားဆိုတဲ့ အဖြစ်တွေအများကြီးပါ။ စိတ်ဇွဲနဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာချမှတ်ထားရင် တစ်နေ့တော့ဖြစ်မှာပါ။ ခရေပန်းလေးလို မိန်းကလေးကတောင် ကြမ်းတမ်းတဲ့ ဘ၀ကိုဖြတ် ဆူးတောကိုတိုးရဲရင် ဘာကြောင့်စိတ်ဓါတ်ကျနေသင့်သလဲ။ ကိုယ့်ရည်မှန်းချက်အတွက် မမှိတ်မသုံကြိုးစားသင့်တယ် မဟုတ်ပါလား…..



ဆက်ပါဦးမယ်…

06 November 2008

တိုင်ကပ်နာရီလေးကျနော်


၁တန်း(ပထမနှစ်)တုန်းကလား ၂တန်း(ဒုတိယနှစ်)တုန်းကလား ရေးခဲ့ဖူးတဲ့စာလေးပါ နည်းနည်းပြန်ပြင်ပေးလိုက်တာပါ…….


ကျနော်က တိုင်ကပ်နာရီလေးတစ်လုံးပါ။ သိပ်ကိုလှတဲ့နာရီလေးပေါ့။ ဘယ်လောက်လှတဲ့ နာရီလေးလဲဆိုရင် ကျနော့အိမ်ရှင်တွေက ဧည့်ခန်းမှာ ၀ံ့ကြွားစွာ ချိတ်ထားတာကိုသာ ကြည့်ပါတော့။

ကျနော်ကလည်း သိပ်ချစ်ဖို့ကောင်းတယ်လေ။ တစ်နာရီကြားတစ်ခါ ချိုသာတဲ့အသံလေးတွေနဲ့နှုတ်ဆက်ပေးတတ်ပါတယ်။ သူတို့ကပြောသေးတယ် ကျနော်က တိကျသေချာပြန်သေးသတဲ့။ ကဲဘာလိုသေးလဲ…

ပြီးတော့ သူတို့တွေက တချိန်လုံးတကြည့်ကြည့်နဲ့ဗျ။ ကျန်သေးတယ် ကျနော့နောက်ကျောက သံပတ်ပေးရတဲ့အချိန်ဆိုရင် သူတို့တွေ ကျနော့အရှေ့မှာရပ်ပြီး သူလုပ်မယ် ငါလုပ်မယ်နဲ့ဖြစ်နေကြရင် ပီတိတွေ ဂွမ်းဆီထိပြီး တအိအိကို ပြိုဆင်းရတော့တာ။

ကျနော်ကလည်း ၀တ္တရားမပျက်တချက်ချက်နဲ့ ပုံမှန်ကိုလည်ပတ်ပေးတော့တာ။ တရက်ပြီးတရက် တပတ်ပြီးတပတ် မရပ်မနားလည်ပတ်နေရတာကို ပျော်ဝင်နေမိတာလေ။

ဒါပေမယ့် သူတို့တွေကျောင်းသွား ရုံးသွား အသီးသီးအသက ထွက်သွားကြရင်တော့ တိတ်ဆိတ်တဲ့ ဒီအိမ်ကြီးမှာ ကျနော်တစ်ယောက်တည်းရယ်။ ကျနော့ကိုယ်က ထွက်တဲ့ချောက်ချက်မည်သံရယ်။ ပြီးတော့ ဆိတ်ငြိမ်တဲ့အချိန်မှာ တစ်နာရီပြည့်တိုင်း အလန့်ထညက်ထထ မြည်တဲ့ ချိုပါတယ်ဆိုတဲ့ အသံရယ်ပဲရှိလေရဲ့။

အဲဒီအခါမျိုးဆို ကျနော့ရင်ထဲမှာ ဟာတိဟာတာ နဲ့ကြောက်လန့်နေမိတာ။ ကျနော့ကိုဂရုစိုက်ပါတယ်ဆိုတဲ့ လူတွေက အနားမှာရှိမနေ။ နံရံကပ်နေရတဲ့ ကျနော့ဘ၀က သူတို့နောက်လိုက်လို့မှမဖြစ်နိုင်တဲ့ဟာကို။ သူတို့ သွားချင်ရာသွား ပြန်လာတဲ့အခါတိုင်း သူတို့ ကြည့်လိုက်ရင် အချိန်မှန်ပြဖို့ကြိုးစားနေရတဲ့ဘ၀။ တကယ်က သူတို့နဲ့ မခွဲမခွာနေလိုတယ်ဆိုတာ သူတို့တွေ သိနိုင်မှာမှမဟုတ်တာ။

ကျနော်ကသာ သတိရနေတာပါ။ သူတို့က သူတို့ လတ်ပတ်နာရီဆိုတဲ့ အရာလေးတွေ ကိုယ်စီပတ်ပြီး ကျနော့ကိုမေ့လျော့နေကြတာလေ။ အဲဒီတော့ ကျနော့အတွက်နေရာမရှိတာ သေချာပြီပေါ့။

တကယ်တော့ ကျနော်က ဟိုစာရေးဆရာတစ်ယောက်ရေးသလိုပဲ နံရံမှာပဲကပ်ပြီး နာနာနဲ့ရီနေရတဲ့ နာရီလေးတစ်လုံးရယ်ပါ……….


05 November 2008

နွမ်းကြွေမလွယ်တဲ့ ပန်းခရေငယ်ရဲ့ရာဇ၀င် (2)

တစ်ရာသီကနေ တစ်ရာသီ တစ်နယ်ကနေ တစ်နယ်ပြောင်းရင်း ရွှေ့ရင်းပေါ့။ မပြုံးရီမရှိတော့ ပေမယ့် မပြုံးကြည်တစ်ယောက်တည်း ဘ၀ကိုအရှုံးမပေး မညီးမညူ အလုပ်တွေလုပ်ရင်းပါ။

ဘ၀တစ်ဆစ်ချိုးကို ကြုံစေခဲ့တာ မန္တလေးဆိုတဲ့ ရတနာပုံနေပြည်တော်မှာပါ။ အစ်မငယ်မရှိတော့တဲ့နောက်မှာ ဘေးပတ်ဝန်းကျင်ကိုအဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ စကားကိုဟဟမပြော အလုပ်ကိုသာတွင်တွင်လုပ်ခဲ့တာပါ။ အသက်ငယ်ရွယ်ပင်မယ့် ပင်ပန်းတယ်ဆိုတဲ့ စကားကို တစ်ခွန်းတောင် မပြောခဲ့ဘူးတဲ့ အံသြစရာ ခရေပန်းလေးပါပဲ။

အဲဒီလို အလုပ်နဲ့လက် ဇယ်ဆက်သလို လုပ်နေလို့ထင်ပါရဲ့ ပတ်ဝန်းကျင်က ဂရုစိုက်စပြုလာပါတယ်။ အမှိုက်သွားလွှင့်ပစ်တုန်း ဘေးအိမ်နီးချင်း ဗိုလ်ကြီး ကတော်နှစ်ယောက်က စကားစပြောလာပါတော့တယ်။ မပြုံးကြည်ဘယ်ပြန်ပြောရဲပါ့မလဲ။ ဒီလောက မှာ ဘယ်သူ့ကို ယုံကြည်ရမယ်ဆိုတာ သူဘယ်လိုသိနိုင်မှာတဲ့လဲ။

အဲဒီဗိုလ်ကြီးကတော်တွေကလည်း ကြည့်ရင်းကြည့်ရင်း သနားစိတ်ဝင်လာလို့ထင်ပါရဲ့။ တမေးတည်းကိုမေးနေကြတော့တာ။ ယုံကြည်စိတ်ချရလောက်ပြီဆိုတဲ့ တစ်နေ့မှာတော့ သူတို့သိချင်တဲ့ ခရေပန်းလေးရဲ့ ဘ၀ဇာတ်ကြောင်းကို ခင်းပြလိုက်မိတယ်။ တစ်ခါတည်း ပြောလိုက်မိတာက နောက်တစ်ခေါက် ဘယ်သူ့အိမ်မှာမှ ဒီလိုဘ၀မျိုးဆက်မနေချင်ဘူးဆိုတာကိုပါ။ စိတ်ရင်းစေတနာကောင်းရှိသူတွေမို့ သူတို့ကလည်း ခရေပန်းလေးကို ဘယ်အိမ်မှပို့ဖို့မဟုတ်ပါဘူးတဲ့။ မန္တလေးက မိန်းကလေး ဂေဟာတစ်ခုကိုပို့ပေးဖို့ပါတဲ့။ အဲဒီမှာ ကျွန်မအတွက်လုံခြုံမှာလားဆိုတော့ စိတ်ချပါတဲ့။ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ရမှာပါတဲ့။ အဲလိုနဲ့ ကြမ်းတမ်းတဲ့ ဘ၀တစ်ခုကို အဆုံးသတ်ဖို့ လမ်းစတွေ့လာရပါတယ်။

တစ်နေ့ အဆင်ပြေတဲ့ တစ်နေ့မှာ ထိန်းနေတဲ့ကလေး အိပ်ပျော်ပြီဆိုတော့မှ ခြင်ထောင်ကို အသာချပြီး ဟိုဘက်အိမ်ကို ပြေးလာခဲ့မိတယ်။ ဒီနေ့ ဂေဟာကို လိုက်ပို့ကြတော့မယ်လေ။ အ၀တ်အစားအနည်းငယ်နဲ့ ဆင်ထားတဲ့ ရွှေစအနည်းငယ်ကို ယူဆောင်ခဲ့ပါတယ်။

တထိတ်ထိတ်ခုန်နေတဲ့ ရင်အစုံနဲ့ မိန်းကလေးဂေဟာတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ဘ၀တစ်ဆစ်ချိုးခဲ့ပြီထင်ပါရဲ့။ လွတ်မြောက်စေတဲ့လမ်းတစ်ခုကို ညွှန်ပြပေးတဲ့ ကျေးဇူးရှင် နှစ်ယောက်ကိုတော့ နှလုံးသားထဲသံမှိုစွဲအောင်မှတ်ခဲ့ပါတယ်။ အခုချိန်ထိ ပြန်လည်မတွေ့နိုင်သေးတာမို့ ကျေးဇူးဆပ်ခွင့်ရချင်ပါသေးတယ်။ သူတို့ကတော့ ဗိုလ်ကြီးခင်မောင်ရဲ့ ဇနီး ဒေါ်နုနုနဲ့ ဗိုလ်ကြီးကြည်ရဲ့ ဇနီး ဒေါ်လှလှတို့ပါပဲ။ သူတို့ရဲ့ အဆက်အနွယ်တွေများ အသိမိတ်ဆွေများ ဖတ်မိခဲ့ရင် ခရေပန်းလေးကို ဆက်သွယ်ပေးစေချင်ပါတယ်။

မိန်းကလေးဂေဟာကို မိခင်ကြီးတစ်ယောက်လို အုပ်ချုပ်တဲ့သူကတော့ အမေ ဒေါ်စောမြသန်းပါပဲ။ အမှန်တရားနဲ့ ဘက်မလိုက်ပဲအုပ်ချုပ်ခဲ့တဲ့ ဆရာမကိုတကယ့်ကို လေးစားစွာမှတ်တမ်းတင်အပ်ပါတယ်။ တစ်ချက်မညည်းပဲ ရှိသမျှအလုပ်တွေကို တန်းစီလုပ်တတ်တဲ့ မပြုံးကြည်ကို သတိထားမိကြပါတယ်။

ဂေဟာကို ဗိုလ်မှူးကတော်က လာခေါ်ပါသေးတယ်။ ပထမအကြိမ်လာခေါ်တော့ သူဆင်ထားတဲ့ ရွှေတိုရွှေစလေးတွေအတွက် စကားပြောလာပါတယ်။ ဘ၀ကသင်ပေးတဲ့ အသိနဲ့ မပြုံးကြည်က ခေါင်းမော့ရင်ကော့ပြီး ပြန်ပြောမိတာက အဲဒါကျမလုပ်အားခတွေလေအမေရဲ့ ဆိုတာပါပဲ။ တစ်ခေါက်လက်လျှော့ပြီးပြန်သွားပင်မယ့် ထပ်ကြိုးစားဦးမယ်ထင်ပါတယ်။

ထင်တဲ့အတိုင်းနောက်တစ်ခေါက်မှာတော့ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ပေါ့။ မပြုံးကြည်ထိန်းခဲ့ဘူးတဲ့ ကလေးငယ်ကို ပိုက်ပြီး ကလေးကငိုနေလို့ သမီးမရှိရင်မောင်လေးက မဖြစ်ပါဘူးဆိုတဲ့ အလိမ်အညာအချွဲတွေနဲ့ပါ။ ဘယ်ဖြစ်မလဲနော် အမေက ကလေးကို ဂရုမှမစိုက်တာကိုး။ ဒါလောက်နဲ့ပဲလားဆိုတော့ နောက်တစ်ခေါက်ရှိပါသေးတယ်။

နောက်ဆုံးတစ်ခေါက်ကိုတော့ ဗိုလ်မှူးကြီးကိုပါခေါ်လာခဲ့တာပါ။ သူုတို့လင်မယားနှစ်ယောက် လာခေါ်ကြပေမယ့်။ ခိုင်ကြည်တဲ့စိတ်နဲ့ ဆုံးဖြတ်ထားတဲ့သူကို ဘယ်အရာမှ တုန်လှုပ်မစွမ်းနိုင်တဲ့အဆုံးမှာတော့ အေးငြိမ်းတဲ့ ဘ၀လေးကို ရလိုက်ပါတော့တယ်။

ကျောင်းကသင်ပေးတဲ့ အတတ်ပညာတွေကို အားသွန်ခွန်စိုက်တတ်မြောက်အောင် သင်ယူရင်း ဆရာမဒေါ်စောမြသန်းရဲ့ လက်စွဲတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ထပ်ဘ၀တစ်ဆစ်ချိုးကို ရောက်ရှိနိုင်ခဲ့တာပါ။

ဒေသန္တရဆေးခန်းတစ်ခုက သူနာပြုအကူခေါ်တာပါ။ အစိုးအရအလုပ်ဖြစ်တာမို့ အသက်ဆယ့်ရှစ်နှစ်ပြည့်မှ အလုပ်လုပ်ခွင့်ရှိပါတယ်။ သူ့အသက်က ဆယ့်ရှစ်နှစ်မပြည့်တတ်သေးပါဘူး။ ဒါပေမယ့် ဆရာမကြီးရဲ့ ထောက်ခံချက်နဲ့ အဲဒီအလုပ်ကို ရလိုက်ပါတယ်။ အဲဒီဆေးခန်းမှာပဲ အဲဒီဆေးခန်းမှာပဲ…………

ဆက်ပါဦးမယ်…

02 November 2008

အမှတ်တမဲ့မှ အမှတ်တရသို့

ကျနော်က ဟောဒီဘလော့လောကထဲကို အမှတ်မထင်ရောက်ရှိလာသူတစ်ယောက်ပါ။ ဒါကြောင့် ဘလော့ ထုံးစံတွေဘာတွေကို နားမလည်ခဲ့ပါဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ ဘလော့အကြောင်းတစေ့တစောင်းတွေကို စိတ်ရှည်ရှည်တစ်မျိုး မာန်မဲ၍တစ်ဖုံ မျိုးစုံအောင်ပြောပြတဲ့ ဆရာလည်းမကျ ညီလည်းမဟုတ် အစ်ကိုလည်းမဆန်တဲ့ ဘလော်ဂါတစ်ယောက်နဲ့ရင်းနှီးခဲ့ပါတယ်။

ကျနော်က ကျနော့ထုံးစံအတိုင်း ဘလော့တွေသွားလည်ပြီးရင် ဆီပုံးမှာအော်တတ်ပင်မယ့် ကျနော့လင့်ကို မပေးမိတတ်ပါဘူး။ ပထမက မပေးတတ်တာပါ။ နောက်တော့ ကျနော့ဆီလာလည်စေချင်လို့ ကြော်ငြာတာဖြစ်မှာစိုးလို့ပါ (ကျနော့ဆီမှာ လင့်ပေးခဲ့တဲ့ လူတွေကိုတော့ ကျနော်ကြိုက်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျနော်က ဘလော့လည်တဲ့အပိုင်းအားနည်းတော့ ဘယ်ကနေဘယ်လို ပြန်ရှာရမယ်ဆိုတာ အခုအချိန်ထိ နားမလည် မတတ်ကျွမ်းလို့ပါ)။ တစ်ကယ်က ကျနော်က သူတို့ပရိတ်သတ်အနေနဲ့သူတို့ စာတွေကိုဖတ်ခဲ့တာမျိုးပါ။ မနေနိုင်တဲ့ အဆုံးမှာ ကိုတောင်ငူသားရဲ့ စာမူခလေး ဖတ်အပြီးပေါ့ ကော့မန့်လေးတွေ ချတတ်ပါတယ်။

အဲဒီဘလော်ဂါကနာမည်ကြီးလေ။ ကျနော့သူငယ်ချင်းအဆိုအရဆို သူ့စာမဖတ်ဖူးဘူးဆိုရင် ခေတ်မမှီဘူးဆိုပဲ။ သွားဖတ်ပြီး ဆီပုံးမှာပဲအော်ခဲ့တယ်။ အကျင့်အတိုင်း လင့်ပေးဖို့ပျက်ကွက်ခဲ့တာပါပဲ။ ဘယ်ကနေဘယ်လို ရှာတွေ့လဲတော့ မသိဘူးဗျ နောက်ကနေပြန်လိုက်လာပါတယ်။ ခြေရာလေးတော့ ချန်ခဲ့ဖို့ကောင်းတယ်တဲ့။ အင်းလေ..သူက ဘလော့တစ်ကာကို စုံအောင်ခြေဆန့်နိုင်ပေတာကိုး။ တွေ့တော့မပေါ့။ ဒါပေမယ့် တွေ့အောင်ရှာတယ်ဆိုတဲ့ သူ့စိတ်ဓါတ်က အလေးထားတာကို ပြသနေပါတယ်။ ဒါကြောင့်လည်း လူချစ်လူခင်များပြီး ရေးသမျှ အောင်မြင်နေတော့တာ။ ကော့မန့်သူဌေးပေါ့ဗျာ။ တစ်ကယ် မနာလိုစရာကောင်းပါတယ်။

နောက်တော့ ကျနော်ရေးတဲ့ စာတစ်ပုဒ်ကနေ အပြင်မှာဆွေးနွေးချင်တယ်။ ဂျီတော့ကိုလာပေးပါဆိုလို့ စကားတွေပြောဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ရဲ့ ဘ၀အမောတွေကို နားထောင်ပေးမိခဲ့တယ်။ ငယ်ရွယ်သူတစ်ယောက်ရဲ့ ရပ်တည်မှုအတွက် ချီးကျူးမိပါတယ်။ အသက်အရွယ်အရ ကျနော်က ကြီးတာမို့ အားပေးတန် အားပေး အကြံပေးတန်ပေးလုပ်ခဲ့မိတယ်ထင်ပါရဲ့။

ကျနော်စိတ်ညစ်လို့ဘလော့ ပိတ်မယ်ဆိုတော့လည်း အတန်တန်တားတတ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ ဘလော့ကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်တတ်တဲ့သူပါ။ သူငယ်ချင်းကတော့ ပြောပါတယ် တန်းပလိတ်ပြောင်းတာနေမှာပါတဲ့။ အခုလည်း သူတန်းပလိတ်ပြောင်းဦးမလား မသိ။ ဒါပေမယ့် ဒီတစ်ခါတန်းပလိတ်က ကြာမယ်ထင်တယ်။

သူ့ကိုသတိထားမိစေတာက သူရေးသမျှစာတိုင်းမှာ စာလုံးပေါင်းတွေမှားနေတတ်တာပါ။ တစ်ချိန်လုံးကို မှားနေတော့တာ။ မခင်ဦးမေနဲ့မောင်နှမ တော်တယ်ထင်ပါရဲ့ (နှစ်ယောက်လုံးစိတ်ဆိုးရင် ကျနော့ကို မုန့်ဝယ်ကျွေးပြီးမှ စိတ်ဆိုးကြပါ။ ဒါမှပြန်ဝယ်မကျွေးရမှာ ပိုင်တယ်နော်)။ စာတွေကဗျာ တွေကတော့ ရေးချက် ပြောမနေပါနဲ့။ သူမို့ကြံကြံဖန်ဖန်တွေးတတ် ရေးတတ်ပါပေတယ်။ စာတွေမဖတ်ဖူးဘူးဆိုတော့လည်း အံ့သြမိပြန်ရော။ စာတွေမဖတ်ဖူးဘဲ ဒီလိုမျိုးရေးတတ်တယ်ဆိုတော့ ပါရမီကောင်းလို့ပေါ့ဗျာ။

အခုလည်း အမိမြေကို ပြန်မယ် တကဲကဲလုပ်နေပြန်ပါပြီ။ အမိမြေကို ပြန်သွားရင် သူချစ်တဲ့ ဒီဘလော့လောကကိုစွန့်ခွာရတော့မှာပါ။ အိုးပုတ်ပန်းတွေကြားမှာ ဘလော့သုံးခွင့်က သိပ်မသေချာဘူးလေ။ အိုးပုတ်တွေနဲ့ပဲ့ ဆော့နေပေါ့ဗျာ။

ကျနော့အတွက်တော့ တကယ့်ဆုံးရှုံးမှုကြီးတစ်ခုပေါ့။ ရှားရှားပါးပါး အမာခံပရိတ်သတ်တစ်ယောက် ဆုံးရှုံးပြီလေ။ ခရီးသွားဆောင်းပါးတွေကို မကြိုက်တတ်သော၊ ပို့စ်တွေရှည်ရင် ခိုးဖတ်ရတာ အဆင်မပြေဘူးဆိုပြီး ကွန်ပလိန့်တက်တတ်သော၊ နေ့တိုင်းမပြတ်စာလာဖတ်တတ်သော၊ ဆီပုံးမှာ ထိုင်ခံအော်ပြီး တစ်ယောက်တည်း ရန်လိုနေတတ်သော၊ အချစ်အကြောင်းရေးဖို့အမြဲတိုက်တွန်းတတ်သောသူတစ်ယောက် မကြာခင် ပျောက်ဆုံးတော့မယ်လေ။

တစ်ကယ်ပြန်ဖြစ် မပြန်ဖြစ်ကိုတော့ သူပဲဆုံးဖြတ်ပါလိမ့်မယ်။ ဘ၀တစ်ကွေ့ဆိုတာ လှေကားလေးကွေ့လိုက်သလိုပါပဲ။ နောက်တစ်ကွေ့မှာ ပြန်တွေ့ခွင့်ရှိခဲ့ရင်တော့ ဆုံချင်ပါသေးတယ်ဆိုတာ ပြောလိုက်ပါရစေခင်ဗျာ။ သူဘယ်သူလဲဆိုတာ ကျနော်ပြောဖို့လိုဦးမလား??????