16 April 2009

အလွမ်းရာသီ

“၀ုန်း….ဗွမ်း အမလေး အပေါ်က ရေနဲ့ပက်တယ်……”

အသံတွေဆူညံနေပြန်တော့ လူကိုလှုပ်နိုးလိုက်သလိုပဲ ဆတ်ခနဲ သတိပြန်ရလာတယ်။ ဒီိလမ်းကို လျှောက်ရပြန်ပြီတဲ့လေ။ အတွေးထဲက အလွမ်းရထားက ဘယ်အထိတောင် မိုင်ထောင်ချီလွင့်နေခဲ့တယ်မသိ။ တကယ်ကိုမသိခဲ့ပါလေ…..

မပီပြင်မှုန်ဝါးနေပေမယ့် အရိပ်တစ်ချို့ကထင်ဟပ်ဆဲမို့ အဖြူအမည်းအနေနဲ့တော့ ပြန်တွေးလို့ရနေဆဲ။ ဟောဒီစစ်ကိုင်းတောင်ရိုးတစ်လျှောက်ကို သင်္ကြန်တွင်းကာလ တက်ဖူးကြရင်ဖြင့် လမ်းဘေးတစ်ဖက်တစ်ချက် နံရံစည်းရိုးတွေထဲက ရေတွေပက်ကြတာကို သိကြမယ်ထင်ပါတယ်။ ဘုန်းကြီးကျောင်းသား အမောင်ငယ်တစ်ယောက်လည်း စစ်ကိုင်းတောင်ရောက်စ နှစ်ကနေ နေခဲ့တဲ့သက်တမ်းတစ်လျှောက် အဲ့ဒီအပျော်ထဲမှာ အသေအချာကိုနစ်ဝင်ခဲ့တာပေါ့။

“ဟဲ့အမောင်ငယ် ကျောင်းဝန်းထဲ တံမြက်စည်းပြောင်အောင်လှည်း ပြီးရင်ရေတွေဖြည့်နော်” ဆိုတဲ့ ဆရာတော် ပြောနေကျ စကားကို မြေ၀ယ်မကျ ဘုရား တင်ပါ့ဘုရားရယ်ထူးရင်း ဒီမြေမှာပဲ ကြီးပြင်းခဲ့ရတယ်။ တကယ်တမ်းတော့ အမောင်ငယ်ဆိုတာ မိဘတွေမျက်ကွယ်ပြုပြီးတဲ့နောက် ဘကြီးဘုန်းကြီးနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့ရတာမဟုတ်လား။ မိရယ်ဖရယ်မရှိတဲ့နောက်မှာတော့ ဘကြီးဘုန်းဘုရား သည်သာ ကိုးကွယ်အားထားရာ။ ဒီအရပ်သည်လည်း သူ့အတွက် မွေ့လျော်ကြီးပြင်းရာပေါ့။ ဘုရားရိပ်တရားရိပ်အေးရိပ် သည်မြေဇေယျာသာ သူ့အတွက် တွယ်တာစရာဖြစ်ခဲ့သည်ကော။

အမောင်ငယ်အမှတ်မမှားဘူးဆိုရင် အဲဒီနှစ်က မြစ်ပြင်ကျယ်မှာ သောင်တွေထွန်းစ ပြုလာတဲ့နှစ်။ ဧရာဝတီ ဇလာဝိုင်းကို အမောင်ငယ်ငေးမောနေတတ်ပြီလေ။ တွေးတောတတ်စပြုခဲ့ပြီ။ အမောင့်ကို တယောတီးသင်ပေးတဲ့ ဘကြီးတင်မောင်ကြောင့် ရာသီဘွဲ့တွေကြားမှာ လှုပ်ရှားသက်ဝင် ရင်ခုန်နေတတ်ခဲ့ပြီလေ။ နှင်း…ငွေရောင်ဖြူစွ တူစွသံသာလေ..နေခြည်ပုလဲနုတော့ စုကာဖြန်းတော့ လန်းဆန်းစိုပြေ…သြော်..နှင်းပျောက်တဲ့နွေ၊ ၀ဿန်ခါမှီလရာသီ..မှိုင်းတွဲ့သိုင်းဖွဲ့လို့ ဟန်ချီ မင်းလွင်ဆီ မြူခိုးတွေက ဖြိုးဖြိုးပျပျ ရွှေလသည်…ကြိုတင်ကာမာန်တင်းကာပ အသူရာသိကြားမင်းက စစ်ခင်းကာပြိုင်ကြသည်၊ရယ်လို့ ရေရွတ်မြည်တမ်းတတ်နေခဲ့ပြီ။

ဘာရယ်ညာရယ် ရော်ရမ်းလွမ်းတမ်းတရတဲ့ နွေညရဲ့ တစ်ညမှာတော့ ဆွမ်းဦးပုညရှင်စေတီပါးမှာ တစ်ယောက်တည်း ၀တ်ပြုပြီး ညတစ်ညရဲ့ အလှကို ထိုင်ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ “ရွှေမင်းဝံ ထံတော်ပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်း ပြည့်စေသားလို့ မြတ်ဘုရားထံဆုပန် ဆုပန်ချွေ” ဆိုတဲ့ အသံချိုချိုအေးအေး က နားထဲကိုဝင်လာခဲ့မိတော့တယ်။ တောချောက်တောင်ချောက်တယ်ဆိုရအောင်လည်း ဟောဒီမြေက ဘုရားဝတ္တကမြေ။ ဘယ်ချောင် ဘယ်စခန်းဆီက မှန်းဆလို့မရနိုင်လောက်အောင် ပျောက်ဆုံးနေခဲ့သည်လေ။ အဲဒီညက အမောင်ငယ် အိပ်ရာဝင်နောက်ကျခဲ့သည်ပေါ့။

မြတ်လေးပန်းတွေ ငုံဖူးတဲ့ ညအလယ်မှာ မွေးဖွားခဲ့သည်မို့ သူမနာမည်က မြတ်လေးငုံတဲ့။ မြတ်လေးငုံ တို့မိဘတွေက ရှေးရိုးဆန်တဲ့ တောင်သူကြီးမျိုးတွေ။ စည်းကမ်းကြီးသော မိဘများလက်အောက်တွင်ကြီးပြင်းရသည်မို့ မြတ်လေးငုံရဲ့ သင်္ကြန်တွင်းကာလ ဌာနေသည် ဟောဒီစစ်ကိုင်းချောင်က ဖွားလေး ဇရပ်ဖြစ်ခဲ့တာ ရွှေရင်သိမ်းသစ် ၁၆နှစ်မတိုင်ခင်ကတည်းပါ။

အဲသည်ညက ညရဲ့ဖမ်းစားမှုအောက်မှာပဲ မြတ်လေးငုံ အလွမ်းသီချင်းတစ်ပုဒ်ကိုဆိုညည်း မိသည်ကောလေ။ ဒေါ်လေးငယ် သီချင်းတက်လေတိုင်း စီးဝါးလိုက်ပေးရတတ်တဲ့ မြတ်လေးငုံရဲ့ အဆိုကလည်း စီးလွတ်ဝါးလွတ်ပေမယ့် စိတ်ထဲက စီးဝါးကို လိုက်ရင်း ဆိုတတ်ခဲ့လေတယ်။

အကယ်၍မြတ်လေးငုံသာ ဆွမ်းမလောင်းဖြစ်ခဲ့ရင်။ အင်း အဲဒီအတွေးမျိုး တကယ်တော့မတွေးချင်ခဲ့ပါဘူးလေ။ အာရုဏ်တက် တုံးမောင်း ခေါက်သံအပြီးမှာ ဆွမ်းလောင်းဖို့အဆင်သင့်ပြင်ရင်း သံဃာတော်တွေ တန်းစီကြွမယ့်အရပ်ကို မျှော်ကြည့်မိတယ်။

အေးချမ်းတဲ့ မနက်ခင်းအလှကို ဆွမ်းလောင်းလှူတဲ့ကုသိုလ်စိတ်နဲ့ စတင်ခဲ့တဲ့မနက်ပေါ့။
မြန်မာမိန်းကလေးပီပီ ပုဝါကို ကိုယ်မှာပတ်လျှိုရင်း ဆွမ်းဟင်းခွက်တွေ လောင်းဖို့ အားသန်နေတုန်း တောင်ပြန်လေအဝှေ့မှာ မေ့ပုဝါလွင့်ပါလေရော။ လွင့်လေတဲ့ ရင်ခတ်ပုဝါက တိုက်ဆိုင်တယ်ဆိုရလေမလား အမောင်ငယ်ခြေသလုံးကြားကို ပတ်ငြိတွယ်ခဲ့လေတယ်။

အို….ကျွန်မပုဝါလေးလို့ တစ်ချက်လွှတ်ခနဲ ထွက်သွားပြီးတဲ့နောက် မိန်းကလေးငယ်ခမျာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာပါတယ်။ အမောင်ငယ်ခမျာလည်း အားနာနာနဲ့ ခြေထောက်က ပုဝါကို ကမန်းကတန်းငုံ့ဖြေပြီး ရော့ပါခင်ဗျာ လို့ပြန်ပေးဖြစ်ခဲ့တယ်။ မြတ်လေး ကျေးဇူးတင်ပါတယ်လို့ပြောအပြီး ဇရပ်ထဲကိုပဲ ၀င်ခဲ့လိုက်တယ်။ ကြောက်လန့်တာလား ရှက်ရွံ့တာလား မသိတဲ့ စိတ်အစုံနဲ့ပေါ့။ စိတ်လှုပ်ရှားမှုကြောင့်ထင်ပါရဲ့ အမောင်ငယ့်စိတ်မှာ မှတ်ထားလိုက်မိတာက သူမနာမည် မလေးဖြစ်သွားတဲ့အထိလေ။

အချိန်လေးအတော်ကြာတော့မှ ဟိုတစ်ည အသံရှင်ဟာ မလေးပါလားလို့ သိလာရတယ်။ အဆိုအတီးတွေ ၀ါသနာပါကြလေတော့ စည်းနဲ့ဝါးကနေ သစ္စာတိုင်အထိ သီချင်းတွေ တိုင်ပင်ဆွေးနွေးဖြစ်ကြလေတယ်။ အပြင်လောကနဲ့ သိပ်မထိတွေ့ရလေတဲ့ မလေးအတွက် လောကမြေအလှဘွဲ့တွေကို အမောင်ငယ်က ဖွဲ့ဆိုပြခဲ့တာပေါ့။ မလေးသိပ်ရောက်ဖူးချင်တဲ့ မြသိန်းတန်စေတီရဲ့ အလှ။ သီတာခုနှစ်တန်ဆိုတဲ့ လှိုင်းတွေကြားမှာ ကောင်းကင်ပြာနဲ့ ဘုရားဖြူ။ ပြီးတော့ ပန်းချီသိပ်ဆွဲချင်မိတဲ့ ပုထိုးတော်ကြီး။ ပုထိုးတော်ကြီးပေါ်က မျက်စိတဆုံး အံ့သြမကုန်နိုင်တဲ့ သဘာဝရှုခင်းတွေ။ ဟုတ်လေသလားမသိတဲ့ ဘုရားကြီးမပြီးခင် အစောင့်ခြင်္သေ့ရုပ်ကြီးတွေပြီးသွားခဲ့လို့ ပြိုပျက်စီးခဲ့လေတယ်ဆိုတဲ့ စကားတွေကလည်း မလေးအတွက် စိတ်ဝင်စားဖွယ်အတိ။ ကြီးမားလေးလံလှတဲ့ မင်းကွန်းခေါင်းလောင်းကြီးနဲ့ သိပ်ကိုလှပတဲ့ မိုးမိတ်ကုန်းမြေ။ ရွှေကြက်ယက် ရွှေကြက်ကျနဲ့ ဧရာဝတီမြစ်ပြင်ကျယ်ထဲက ငှတ်ခတ်သမားတွေအကြောင်း၊ သစ်သားတိုင်တွေနဲ့ ရှည်လျားခန့်ညားနေတဲ့ ဦးပိန်တံတားနဲ့ မယ်ဇယ်တန်း မရောက်ဖူးလေသမျှ နားသောတနဲ့ ခရီးနှင်ခဲ့ရတာ အမောင်ငယ်ကြောင့်ပါလေ။

နှစ်ဆန်းတစ်ရက်နေ့ ပြီးရင်တော့ မြတ်လေးငုံ မူရင်းအရပ်ကို ပြန်ရတော့မယ်။ ဘယ်တော့မှ မမေ့တော့မယ့် အတက်နေ့ညမှာ ဆိုဖြစ်ခဲ့တဲ့သီချင်းက “နှစ်ကိုယ်တူချစ်သမျှတွေ အလိုတူရှစ်ဆကဲနေ ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ ဒီပါလုံးတစ်မိုးအောက်နှစ်ယောက်အတူနေ “ ဆိုတဲ့သီချင်းဖြစ်နေခဲ့တယ်။ အပေါင်းအဖော်ရယ်လို့ မရှိလေတဲ့ မြတ်လေးငုံဘ၀မှာ အမောင်ငယ်သည် ပိဘီသူငယ်ချင်းတစ်ယောက် မောင်ဘွားတစ်ယောက်နှယ်။

ငယ်ရွယ်သူတွေ မတွေးခဲ့ပေမယ့် တွေးကြောက်လေတဲ့ မြတ်လေးငုံမိဘများကတော့ ကြားရတဲ့ သတင်းအရပ်ရပ်အတွက် မှတ်ချက်တွေ တသီကြီးပေး ဆွေးနွေးချက်တစ်လှေကြီးနဲ့ နောင်နှစ်မှသည် ဘယ်သောခါမှ မြတ်လေးငုံကို ဟောဒီအရပ်ကို ခြေချခွင့်မပေးခဲ့တော့။ အဆိုအတီးဝါသနာပါကြသူခြင်းမို့ အဲဒီအတက်ည ဆိုမိခဲ့တဲ့ နှစ်ကိုယ်တူချစ်သမျှသီချင်းက အသက်ဝင်လှသည်တဲ့လေ။ ပတ်ဝန်းကျင်မြင်ကွင်းကျယ်က ဘောင်ခတ်ခဲ့သည်ကော။

ရုပ်ရှင်ဆန်ဆန် ၀တ္ထုဆန်ဆန် အကြောက်အကန်ငြင်းဆန်ပြီး အိမ်မပြန်ချင်တဲ့ မလေးငုံမဟုတ်ခဲ့သလို။ မလေးကို ဘယ်မှ မခေါ်သွားရဘူးလို့ အပြင်းအထန် တားမြစ်မယ့် အမောင်ငယ်လည်း မဟုတ်ခဲ့။ မလေးကလည်း ဇေယျာမြေကို ပြန်မရောက်ခဲ့သလို အမောင်ငယ်ကလည်း မလေးရှိရာ လိုက်မရှာခဲ့ပါဘူး။

ဒါပေမယ့် နှစ်တိုင်း နှစ်တိုင်း အမောင်ငယ်တစ်ယောက် မလေးငုံလာမယ့် လမ်းကို မှန်းမျှော်ပြီးစောင့်ခဲ့တယ်။ သံယောဇဉ်ဆိုတဲ့ အမှတ်ကလေးနဲ့ စောင့်ခဲ့တာ ခွဲခွာပြီး အနှစ်လေးဆယ်ပြည့်တဲ့ အထိ တစ်နှစ်မှ ဟောဒီဇေယျာမြေကို မရောက်ဖြစ်တာမရှိခဲ့။

အခုလည်းလေးလေးသွဲ့သွဲ့ ခြေလှမ်းတွေနဲ့ ဇေယျာသောင်ကမ်းကို မှန်းကြည့်နေမိပြန်ပြီ။ မန္တလေး City FM က ဂန္တ၀င်အသံလွင့်အစီအစဉ်က လေထဲကနေလွင့်လာပြန်တယ်။ ခေါင်းကိုဆတ်ခနဲ ဖြစ်စေတဲ့ ဒီအသံ ဒီဟန် “ရွှေမင်းဝံ ထံတော်ပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်း ပြည့်စေသားလို့ မြတ်ဘုရားထံဆုပန် ဆုပန်ချွေ” ဆိုတဲ့သီချင်းသံ။

ဒီအသံနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ အလွမ်းရာသီတွေ ကြာခဲ့ပါပြီလေ……………

15 comments:

yehtutnaung said...

ကိုရွာသားတို့  စပြီးဆိုရင် အလွမ်းလေးနဲ့ မှနော်...။ :P
တိုက်တိုက်ဆိုင်ဆိုင် လွမ်းနေတဲ့ အချိန်မှ အလွမ်းရာသီလေး ဖတ်မိသွားတယ်။ လွမ်းတယ်..လွမ်းတယ်..။

Unknown said...

ရွာသားလေး..အရမ်းလွမ်းနေပြီနဲ့ တူတယ်...။ လွမ်းတာတွေပဲ ခံစားနေပါလား..။
လွမ်းတဲ့ ရာသီရောက်တော့ လွမ်းတာ မဆန်းပါဘူး..ကိုရွာသားလွမ်း ရယ်..။ :P

Moe Cho Thinn said...

ဟေးးးးးး
ရွာသား စာပြန်ရေးပြီဟေ့..
ဝတ္ထုတိုသာဆိုတယ်၊ တကယ့် အဖြစ်အပျက်လိုပါပဲလား။ စကတည်းက ယဉ်သကို အလွမ်းတွေနဲ့စို ပေါ့။
စာကိုလဲ စာရေးဆရာတယောက်လို ပိုင်ပိုင်နိုင်နိုင် လှလှပပ ရေးတတ်နေတာ မုဒိတာ ပွားသွားတယ်။

ThuHninSee said...

လွန်ခဲ့တဲ့အနှစ်လေးဆယ်လောက်က အဲဒီသီချင်းမပေါ်သေးဘူးလေ။
(ေ၇ှ့ဖြစ်ကြိုရေးထားတာလား။ စတာနော်။)
ဖတ်လို့..ကောင်းပါတယ်။

Phyo Evergreen said...

ဖတ်လို့ကောင်း.. ၊ သင်္ကြန်မှာ ရှာပုံတော်မင်းသားကြီး မဖြစ်ဘဲ.. အလွမ်းမင်းသားဖြစ်နေပါရော့လား..။
ထပါတော့ဗျို့... ။

WWKM said...

ရွာသားလေးတော်တယ်.း)း)
နှစ်သစ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ.

WWKM said...

ဒါဆို အမွေဖြတ်စွန့်လွတ်ခြင်းမလုပ်တော့ဘူးနော်. :P

ပျော်ရွှင်ပါစေ.

မကြီးဝါ

ရွှေပြည်သူ (ShwePyiThu) said...

ဖွဲ့သွားတာ အရမ်းကောင်းတယ် ငါ့အစ်ကိုရေ... တွေ့ဖို့ကံပါရင် တွေ့ပြီး ခွဲဖို့ကံပါရင် ခွဲကြရတာပါပဲ... စာပြန်ရေးတာလည်း ကျေးဇူးတင်ပါတယ်ရှင့်း)

ဗီလိန် said...

ကျုပ်ရွာသားကြီး သနားပါတယ်ဗျာ။

ဝေလေး said...

ဟေးးးးးးး ကိုရွာသားလေးဝိုင်တီယူ စာပြန်ရေးပြီ.........
:D :D
သင်္ကြန်အငွေ့အသက်လေးနဲ့လွမ်းနေတယ်ပေါ့...... :P

လင်းဒီပ said...

ကြည့်ပါဦး သူတို့နှစ်ယောက်ဇာတ်လမ်းလေးက လွမ်းမောဖွယ်ကောင်းလိုက်တာ...။
ပထမတော့ သီချင်းသံလေးကြားတယ်ဆိုတော့ ဥစ္စာစောင့်ထင်နေသေးတာ ..။နောက်မှ မဟုတ်ဘူး။
ရင်ခတ်ပုဝါလေး ခြေမှာလာပတ်တာက စသတဲ့..။

ဒါဆို အမောင် ကလူပျိုကြီး ပေါ့နော်..။ အနှစ်လေးဆယ်တောင် စောင့်နေတာ...။
(အချစ်ကြီးသူကြီး..အနုပညာမြတ်နိုးသူကြီးပေါ့လေ)

သီချင်းလေးလိုက်ဆိုကြည့်ရင် မရောက်ဖူးတဲ့ စစ်ကိုင်းကို စိတ်ကူးထဲမှာ ခံစားရင်း ကြည်ကြည်နူးနူး ဖတ်သွားပါတယ်..။

အော် ချစ်တိုင်းလည်း မညားတတ်ကြပါလားလို့...။

(ခေါင်းလေး တဆတ်ဆတ် ငြိမ့်ရင်း သတိသံဝေဂရ သလိုပြန်သွားသည် ။ သံသရာသည် ရှည်လျားပေစွ..။)

မီယာ said...

အလွမ်းပြီးရင် ပျော်စရာ ဇာတ်သိမ်းခန်းလေးနဲ့ နောက်တပုဒ်...

Unknown said...

Welcome back :) You start writting with romatic story. Why dont you let them together? Wanna cry the sad ending.

RePublic said...

မင်္ဂလာနှစ်သစ်ပါ ကိုရွှာသားကြီး ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊

ဂရေစ့် said...

စာရေးဆရာက မောင်ငယ်ကိုနှစ် ၄၀ လုံးလွမ်းခိုင်းတာ အတော်ပင်ပန်းမှာပေါ့။
တခါတလေမှာ တမ်းတလွမ်းမောရတာဟာ ပိုင်ဆိုင်ရတာထက်ပိုပြီးအဓိပ္ပါယ်ရှိတယ်တဲ့....

ဇာတ်ကွက်လေးကအတော်လှတယ်။ ဖတ်လို့ လဲကောင်းတယ်....ဇာတ်လမ်းဖန်တီးရှင်ကို
လဲကျေးဇူးတင်ပါတယ်နော်။