17 January 2009

တောင်ပံနှစ်ဖက်ရဲ့ ပျံသန်းခြင်း

အချစ်ဆိုတာ ဘယ်လိုအရာတဲ့လဲ။ ပေးဆပ်ခြင်း ရယူခြင်း အိုး ပြောမကုန်နိုင်တဲ့ ဖွဲ့ဆိုခြင်းတွေအောက်မှာ အချစ်ဆိုတဲ့အရာကိုယ်တိုင်ကော သူ့ကိုယ်သူ သိရှိနိုင်ရဲ့လား။

ငြိမ်း

ငြိမ်းရဲ့ ဘ၀မှာ အလိုအပ်ဆုံးအရာဟာ ဘ၀အတွက်အောင်မြင်မှုတစ်ခုလို့ ငြိမ်းယူဆခဲ့တယ်။ တစ်ချို့အရာတွေအတွက် ငြိမ်းမှားကောင်းမှားလိမ့်မယ်။ ထိုက်တန်တဲ့အကျိုးအပြစ်တွေ ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ငြိမ်းပျော်ပါတယ်……………

မင်းညို

ကျနော့အတွက်တော့ တစ်ဘ၀လုံးစာ သူ့ကိုချစ်ခဲ့တာ။ သူလိုအပ်မယ်ထင်တဲ့ အရာတွေ အားလုံးအတွက် ကျနော်ကြိုးစားခဲ့တာ။ တကယ်တမ်းကျနော် သတိလွတ်သွားမိတာက သူလိုအပ်နေတဲ့ အချိန်မှာ သူ့ဘေးနား ကျနော်ရှိမနေခဲ့တာပါ………

တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံတွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။ စုံခတ်ပြီဆိုရင်ဖြင့် ဆုံနိုင်ခွင့်တွေနည်းခဲ့ပြီဆိုတာ သိပ်သေချာနေပြီလေ။

ဒီပတ်ဝန်းကျင်မှာ ငြိမ်းနဲ့မင်းညိုဆိုရင် မသိသူမရှိသလောက်ပါပဲ။ သီရေတာတွေ တစ်လျှောက် ပေါက်နေတဲ့ မြက်ပင်လေးတွေကိုတောင် မေးကြည့်လို့ရနိုင်ကောင်းတယ်။ သစ်ပင်တွေအားလုံးက ပြုံးကြည့်နေကြရတဲ့ ဒီနှစ်ယောက်ကို တစ်ကျောင်းလုံးကလည်း သိနိုင်ပါတယ်။ သိပ်ချစ်ကြတယ်လို့ အများကသတ်မှတ်ကြတယ်ဆိုတဲ့ သီချင်းက သူတို့အတွက်များလေလား။

နောက်ဆုံးနှစ်ပြီးပြီဆိုတော့ ဘ၀ဆိုတဲ့ ဇာတ်ခုံမှာ အလျင်းသင့်သလို ၀င်ရပြီပေါ့။ ဇာတ်ဆရာရယ်မင်းအလိုကျ ဖြူဖြူကျော်သိန်းဆိုသလို တောင်ပံနှစ်ဖက်နဲ့ပေါ့။

နှစ်ယောက်တစ်ဘ၀တည်ဆောက်ဖို့အတွက် မင်းညိုဆိုတဲ့ ကောင်လေးတစ်ယောက် ဟိုးအဝေးမှာ စီးပွားရှာထွက်ခဲ့တယ်။ ငြိမ်းဘ၀ကို လှပစွာတည်ဆောက်ပေးချင်တယ်တဲ့လေ။ ဝေးလံတဲ့အရပ်ဒေသမှာ မိဘအတွက် ငြိမ်းအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရာအားလုံးကို မင်းညိုကျော်ဖြတ်ခဲ့တယ်။ ငြိမ်းရယ် ပင်ပန်းတယ်ဆိုပေမယ့် ရှေ့ရေးဆိုတဲ့ အိပ်မက်နဲ့ ကိုယ်အရာရာကို ကျော်ဖြတ်နိုင်ခဲ့တယ်တဲ့လေ။ ရပ်ဝေးဒေသရဲ့ အခက်အခဲကြမ်းတမ်းမှုတွေအားလုံးကို ခါးစည်းကြိတ်မှိတ်လို့လေ။

ငြိမ်းဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးအတွက် နောက်ထပ် ပညာတွေဆက်သင်ကြားခွင့်ရလိုက်တယ်တဲ့လေ။ ဖြစ်နိုင်ရင် မင်းညိုဆိုတဲ့ ကောင်လေးနဲ့ တစ်နေရာထဲမှာ နေချင်လိုက်တာလို့ တဖွဖွပြောနေပင်မယ့် တစ်ချို့အရာတွေက ရွေးချယ်ခွင့်မရှိဘူးလေ။

ဘ၀ဆိုတဲ့အရာကို အလျားလိုက်ဖြတ်သန်းသင့်သလား ဒေါင်လိုက်ဖြတ်သန်းသင့်သလား ဘယ်လိုသိနိုင်မလဲ။ ကြုံရာကျရာ ပေါ့။ ငိုဆိုငို ရယ်ဆိုရယ်….

ကျောင်းတက်ရပြီဆိုတော့ ကျောင်းရဲ့ ဗာဟီရတွေနဲ့ ရှုပ်ယှက်ခက်နေခဲ့ပြီပေါ့။ စာမေးပွဲ အကြီးအငယ်တွေနဲ့ အနားနားမှာ ပတ်ချာလည် လို့။ ရွာစားတစ်ယောက်လို ဗုံတွေပတ်လည်ဝိုင်းနေတဲ့ ပုံစံမျိုးပါ။ ဘယ်အပိုင်းကို စတီးရမှာပါလိမ့်။ နေရာဒေသ အကျွမ်းဝင်ဖို့ ဘာသာစကား အခက်အခဲ ကျောင်းစာတွေရဲ့ နက်နဲမှု။ ငြိမ်းဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် တကယ့်ကို စွန့်စားခန်းကြီးလို။

တကယ်တမ်း ဒီခြေလှမ်းကို လှမ်းတော့ သမရိုးကျခြေလှမ်းလေးလို့ပဲ အများကသတ်မှတ်ကြတာ။ လိုအပ်လို့လဲ လှမ်းခဲ့တာပါလေ။ မလှမ်းလို့မဖြစ်တဲ့ အခြေအနေမို့ပါ။ နောက်တော့ ကိုယ်လှမ်းမိတဲ့ ခြေလှမ်းတွေ နောက်က ခြေရာတွေကို ပြန်မကောက်ခဲ့မိဘူး။ ခြေထောက်မှာ ဗွက်တွေစင်မှ သတိထားမိတယ်။ ရွှံ့ဗွက်ထဲကို လျှောက်နေမိပါပကောလား။ နောက်ပြန်လှည့်မယ်ဆိုတော့ အလယ်တည့်တည့်ရောက် နေမိပြန်တယ်။

မင်းညိုကြားနေရတယ်။ ငြိမ်းရယ် ခြေလှမ်းတွေ ပျက်နေသတဲ့။ ရင်တွေ ဆယ်နေလိုပူပင်မယ့် ငြိမ်းကို ယုံကြည်တယ် စိတ်ချတယ်လို့ ပြောရင်း အားတင်းမိတယ်။ တစ်ယောက်နဲ့တစ်ယောက် တည်ဆောက်လာကြတဲ့ နားလည်မှုဆိုတာ ကာလတိုမျိုးမှမဟုတ်ခဲ့တာ။

ငြိမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်ရမလဲ။ ပတ်ဝန်းကျင်က စကားတင်းဆိုကြတယ်။ ဘေးနားက မေးငေါ့ကြတယ်။ မိန်းမငယ်တစ်ယောက်အတွက် အထူးသဖြင့် သူ့ဘ၀ကို အဝေးကနေကြည့်ပြီး ဝေဖန်မယ့်လူတွေအတွက် ဘယ်လိုဖြေရှင်းရမလဲ။ ကိုယ့်ဝမ်းနာကိုယ်သာသိတယ်မဟုတ်ပါလား။ မင်းညိုရေ ငြိမ်း…စိတ်ညစ်နေပြီ…

ငြိမ်း ဒီစာကိုရေးဖို့ ချီတုံချတုံ ဖြစ်နေရတယ်။ စာရွက်ကို ဖြန့်လိုက် ဖောင်တိန်ကို ရမ်းလိုက်နဲ့ တမနက်ခင်းလုံးကုန်နေခဲ့ပြီ။ စာရွက်ကိုင်လိုက်တိုင်း သိသာစေတဲ့ လက်နှစ်ဖက်ရဲ့ တုန်ခါမှုအောက်မှာ နှလုံးသားလည်း ဆတ်ဆတ်ခါနေခဲ့တာပါ။

သို့/

မင်းညို

ဒီစာကိုလွယ်လင့်တကူရေးထွက်ရက်တယ်လို့ အပြစ်မဆိုပါနဲ့နော်။ ဒီကသတင်းတွေကို နင်လည်းကြားမှာပါ။ ငါမငြင်းရဲသလို ဖြေရှင်းချက်လည်း မပေးပါရစေနဲ့တော့။ ဖြစ်နိုင်ရင် ငါ့ကို နင့်ဘ၀ထဲက ထွက်ခွင့်ပေးလိုက်ပါတော့။

ငြိမ်း


ဒီစာကိုဖတ်ရမယ်လို့ မျှော်လင့်ထားခဲ့ပြီးသားပါ။ တစ်နေ့နေ့တော့ ဒီလိုဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ပေါ့။ ငြိမ်း….ငါနင့်ကို အပြစ်မတင်ရက်ပါဘူး။ အရာအားလုံးကို ငါလက်ခံလိုက်ပါပြီ။ လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာကိုး။



တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံတွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။ စုံခတ်ပြီဆိုရင်ဖြင့် ဆုံနိုင်ခွင့်တွေနည်းခဲ့ပြီဆိုတာ သိပ်သေချာနေပြီလေ။


ဒီဇာတ်လမ်းလေးက ပုံမှန်ဇာတ်လမ်းလေးပါ။ အပြင်မှာတကယ်ဖြစ်ပျက်မှုအများဆုံးပေါ့။ ကာယကံရှင်တွေကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား ဆိုတာ ကန့်လန့်ကာနောက်ကွယ်ကနေမှသာ သိမြင်နိုင်တာပါ။ တစ်ဖက်တည်းကြည့်ပြီး အမှားအမှန်ကို မဆုံးဖြတ်ကြစေချင်ဘူး။ တကယ့်ကို နားလည်မှုကြီးစွာနဲ့ ပွင့်လင်းရိုးသားစွာ ဆွေးနွေးခဲ့ရင်ကော။ ခတ်နေတဲ့ တောင်ပံတွေ ဆုံနိုင်ခွင့် ရှိပါစေလို့သာ ဆန္ဒပြုနေမိတော့တာ…..

8 comments:

Rita said...

:)
ဆက်ရေးပါဦး အဲဒါမျိုး

:P said...

"တောင်ပံနှစ်ဖက်ကို စုံခတ်ပြီးပျံသန်းကြတဲ့အခါ တောင်ပံ တွေ တစ်ဖက်နဲ့ တစ်ဖက် မမြင်ရတတ် မကြင်ရတတ် ပါဘူး။ ရပ်နားပြီဆိုမှသာ ရင်ဘတ်ရှေ့ယှက်ပြီး သူတို့ တစ်ဖက်နဲ့တစ်ဖက်ထိတွေ့ခွင့်ရတတ်ကြတာ။" တဲ့ ..။
တွေးတတ်တယ်တော့.... (အဲ.. တ,တွေချည်းဖြစ်ကုန်ပြီ)

RePublic said...

အဲလိုကြီးလား ၊၊ အင်း ၀င်ပီး ဆန္ဒပြုပါတယ် ၊၊ ညီရွာသား ပြုလို့ လိုက်ပြုတာပါ ၊၊

WWKM said...

ဇာတ်လမ်းလေးက စိတ်မကောင်းစရာ။
မင်းညို နဲ့ ငြိမ်း မှာ ဖူစာမပါလို့လားမသိနော်။

ဝေလေး said...

ဝှူး.. ဘယ်သူ့ဘက်ကမှ ကြည့်ပြီးလည်း မဆုံးဖြတ်ပါဘူး ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး အစ်ကို ဆန္ဒပြုသလိုပဲ ဆန္ဒတစ်ခု ပြုလိုက်ပါရစေတော့....

လင်းဒီပ said...

အင်း...ဒီလိုပါပဲလေ..
ချစ်သူတိုင်းသာ အလွယ်တကူပေါင်းစည်းလို့ရရင်
အလွမ်းအဆွေး အာဃာတတွေ
အမုန်းတွေ ဒဏ်ရာတွေ ဘယ်ရှိတော့မှာလဲ...

မင်းညို said...

သြဘောကျတယ်ဗျို့
ကျွန်တော်နာမည်ပါနေတာလည်းပါတာပေါ့လေ

Unknown said...

အရေးအသားလေးကို သိပ်ကောင်းတာပဲ
တောင်ပံတစုံနဲ့  ဥပမာပေးထားတာလေးကိုလည်း နှစ်သက်မိတယ် တစုံတရာ မှတ်ချက်ပေးဖို့ ဆိုတာကတော့ -------------