28 August 2010

သည်ကမ်း သည်သောင်(၁)




အရှေ့တွင် ရေပြင်ကျယ်ရှိသည်။ ရေပြင်ကျယ်ကို ဖြတ်ကျော်ပြီး လျှင် နယ်မြေအသစ်တွေ ရှိနေနှင့်သည်။ ကိုလမ်ဘတ်လို နယ်မြေအသစ်ကို ရှာဖွေတွေ့ရှိသူ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော်……………………………

ရန်ကုန်မြို့တစ်ဖက်ကမ်းတွင် မိမိနွယ်ကို မွေးဖွားခဲ့သည်။ လက်တစ်ကမ်း အကွာတွင် ရှိသောရန်ကုန်နှင့် သူမ၏ဇာတိမှာ အတော်ပင်စိမ်းကားလွန်းသည်။ ပို၍စိမ်းကားစေသော အချက်များလည်း သူမတို့မြို့မှာ ခိုင်ခိုင်လုံလုံ ရှိနေပြန်သေးသည်။ မြို့နှင့်ထပ်တူ ထပ်မျှ ခံစားစိမ့်သောငှာ ရန်ကုန်တွင် အလုပ်သွားလုပ်လေသော သူမဖခင်ကို ရန်ကုန်နှင့် သူမတို့မြို့ကြား မြစ်တစ်စင်းက ခေါ်ငင်သွားစေခဲ့ခြင်းပင်။ ထို့အတွက် ဖခင်ကိုပင် မမြင်ဖူးလိုက်သော သူမအောက် မောင်အငယ်က မည်သို့မျှ မခံစားရ ဟု ဆိုနိုင်သည်။

ကျန်ရစ်သူ အိမ်သားငါးယောက်ဖြင့် ဖွဲ့စည်းထားသော အိမ်ထောင်တစ်ခုကို မီးတွင်းထဲမှာ ရုတ်တရက်သေဆုံးသွားသော ဖခင်အတွက် စိတ်ထိခိုက်ရာမှ စိတ်နှင့်ကိုယ် အစိုးမရတော့သော မိခင်မှ ကိုင်တွယ် အုပ်ချုပ်ရန် မစွမ်းသာပြန်။ အစ်ကိုအကြီးဆုံးနှင့် အမ တို့ ကျောင်းထွက်ပြီး ရရာအလုပ်ကို လုပ်ခဲ့ရသည်။ အဖေထားခဲ့တဲ့ အိမ်တိုင်ယိုင်နဲ့နဲ့ ပြိုပျက်မသွားစေဖို့ပဲလေ။

မိမိနွယ် အဝေးသင်တက်သည်။ ကျောင်းမြန်မြန်ပြီးမှ ဖြစ်မည်။ တွင်းနက်နက်နဲ့ ဆန်အိုးခပ်ရ ခက်သည့်အဖြစ်ကို မိမိနွယ် လွတ်ချင် ကျွတ်ချင်လှပြီ။ ငယ်စဉ်က ပင်ပန်းဆင်းရဲခဲ့သမျှအတွက် အစ်ကိုအကြီးဆုံး ကျန်းမာရေးက သိပ်မကောင်းချင်တော့။ သူ့ကိုလည်းနားစေချင် သို့သော် အငယ်ကောင် ဆယ်တန်း အတွက်လည်း ပူပန်ရပြန်သေးသည်။ မိမိနွယ် မြစ်တစ်စင်းလို အရှိန် အဟုန်အပြည့် စီးဆင်းပြီး အိမ်တစ်ခုလုံးကို မြစ်ဝကျွန်းပေါ်လို အဆီအနှစ်တွေ ပုံပေးချင်လှပါသည်။

စိတ်နာသည် စိမ်းကားရက်စက်သည်ဆိုပေမယ့် ရန်ကုန်ဆိုတဲ့ မြေကို ခြေချ ရပေဦးမည်။ အလုပ်ရှာရမည်။ မိမိနွယ် ဘွဲ့တစ်ခု ကိုင်လိုက်နိုင်ပြီ။ ပညာတတ်တစ်ယောက်အနေနှင့် အလုပ်ဆိုတဲ့ အရာထဲကို ခြေစုံပစ် ဝင်သင့်ဝင်ရမည်။

ကျောင်းနေဖက် သိမ့်ကို သူတို့အိမ်က တက္ကသိုလ် ဆရာမလုပ်ဖို့ တစ်အိမ်လုံး တိုက်တွန်းနေကြသည်။ သိမ့်က မိမိနွယ်ကို တိုင်ပင်တွယ်တာသလို ကြည့်နေခဲ့သည်။ မကြည့်နဲ့ သူငယ်ချင်း ငါ့အတွက် အိနြေ္ဒသိက္ခာ အပြည့်နဲ့ ဆရာမတစ်ယောက်အဖြစ် အိမ်က မလိုအပ်ဘူး။ အိမ်ရဲ့ စီးပွားရေးအတွက် ဆန်အိုးထမ်းလာတဲ့ သမီးတစ်ယောက်ဖြစ်မှ ရမယ်။ ခင်မင်မှုတွေ၊ သံယောဇဉ်တွေ ဆိုတာ ဘဝလမ်းစဉ်ထဲမှာ ခဏတဖြုတ်တက်လာတဲ့ ကြော်ငြာဆိုင်းဘုတ်လေးတွေပါပဲ။

အစမ်းခန့်သုံးသောင်းစပေးမည်။ အမြဲတမ်း ဝန်ထမ်းဖြစ်သွားပါက ခံစားခွင့်များနဲ့ အတူ သက်ဆိုင်ရာ အကျိုးအမြတ်ကို အချိုးကျ ခွဲဝေပေးမည် ဆိုသော အလုပ်ကို သူမ စိတ်ဝင်စားသည်။ သူဌေးဆိုသူရဲ့ အရေးပေးမှု အတွက် ဒီအလုပ်ကို သေချာပေါက်ရမည်ဆိုတာကို တွက်ဆနိုင်သည်။

ထို့ကြောင့်လည်း အလုပ်ဆင်းမည်ဆိုပါက နောက်လဆန်းတွင် လာဆင်းနိုင်ပါကြောင်း ဆက်သွယ်လာသောအခါ သူမ သိပ်မအံ့သြဖြစ်ပါ။ သူမ အလာစရိတ် အပြန်စရိတ်ကအစ အင်တာဗျူးသွားဖြေကတည်းက တွက်ချက်ထားနှင့်ပြီးဖြစ်သည်။ မနက်မိုးလင်းရင် အိမ်ကနေ ထမင်းချိုင့်ယူပြီး အလုပ်တက်မည်။ ခြိုးခြံခြိုးခြံ သုံးနိုင်လျှင် အငယ်ကောင့် ကျောင်းစရိတ်ကို ကာမိတော့မည်။ လုပ်ငန်းခွင် ဆင်တူဝတ်စုံ ဝတ်ရမှာမို့ အဝတ်အစားအတွက် ပူစရာ မရှိသော်လည်း ဝတ်စုံနှင့် လိုက်ဖက်မည့် ဖိနပ် ဝယ်ရဦးမည်။ ဒါ့အပြင် ကျောင်းသက်တမ်းတလျှောက် ဆောင်းလာခဲ့သော Dove ခေါက်ထီးက အတော်လေး ဟောင်းလှပြီ။ ဟောင်းလှပြီဆိုသည်မှာ တချို့အရွက်တွေ ထိပ်ဖျားမှာ သာရေးကွင်းနဲ့ ပတ်ချည်ထားရသည်အထိပင်။ ဟူးးးးးးးးးဆိုသော သက်ပြင်းရှည်ကို ချလိုက်မိသည်။ ပုံပြင်ထဲကလို ရွှေဟင်္သာ အိမ်ရှေ့လာနားလည်း အကောင်းသား၊ ဒါမှ မဟုတ် မိုးပေါ်က ကျောက်သံပတ္တမြားတွေ ရွာကျလာလည်း မဆိုးဘူးလို့ တွေးဖြစ်အောင် တွေးလိုက်သေး။

ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး လုပ်ငန်းခွင်ကို ဝင်ခဲ့သည်။ တရုံးလုံးနဲ့ မိတ်ဆက်ပေးအပြီး သူမ ထိုင်ရမည့် နေရာကို မြင်ရသည်။ ရုံးရဲ့ ပစ္စည်းအဝင်အထွက်တွေကို ထိန်းသိမ်းဖို့ ပြီးတော့ သူဌေးရဲ့ စာရွက်စာတမ်း လိုအပ်ချက်တွေကို ပြင်ဆင်ပေးဖို့ တာဝန်။

ပထမ တစ်လသည် လုံးလည် ချာလည်နဲ့ပင် ကုန်ချသွားသည်။ လခထုတ် အပြီး လစာ စာအိတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာခဲ့သည်။ ရုံးကအဖွဲ့တွေက လစာထုတ်ရက် ဈေးဝယ်ထွက်ရင်း ဒဂုန်စင်တာထဲက ဂျေဒိုးနတ်ဆိုင်ထိုင်ဖို့ အတင်းခေါ်တာကို မရ ရအောင် ငြင်းလာခဲ့တာ။ အိမ်ကိုရောက်တော့ အစ်ကိုကြီးနဲ့ အစ်မကို ကန်တော့ရင်း အဖေ့ကို သတိရမိပြန်သည်။ အဖေ ပထမဆုံး လစာရပြီး ရန်ကုန်က ပြန်လာတာ ဒီလိုပဲလားဆိုတာကို တွေးနေမိပြန်သည်။ နင်က ရန်ကုန်မှာ သွားလုပ်တာ ပြင်ပြင်ဆင်ဆင်လေး သွားဖို့ ဆိုပြီး မုန့်ဖိုး ပြန်ပေးတာကို အလိုက်သင့်လက်ခံလိုက်မိပြန်သည်။ ငြင်းမယ်လို့ စိတ်ကူးပေမယ့် ဘေးတစ်ခုံကျော်က သဇင့် နှုတ်ခမ်းနီရောင်လေးကို မြင်ယောင်ပြီး ခေါင်းယမ်းဖို့ မေ့နေခဲ့ပါသည်။

ဆက်ပါဦးမည်..

No comments: