29 September 2009

အိပ်မက် မိုးတိမ်




ဒီနေ့ တိမ်တွေအရမ်းလှတာပါပဲ။ ကျမက တိမ်တွေကို ကြည့်ရတာ သဘောကျပါတယ်။ ပြာလွင်နေတဲ့ မိုးသားပြာပြာအထက်မှာ ဖြုစင်လွင့်မျောနေတဲ့ တိမ်တွေက သိပ်မက်မော ကြည်နူးစရာကောင်းတယ်လေ။ ကျမသိပ်သဘောကျတဲ့ တိမ်တွေကြားမှာ လွင့်မျောနေတုန်း ခဏမှာပဲ….

အသံတစ်ခုသဲ့သဲ့ကြားလိုက်မိတယ်။

သြော်….ဧည့်ခန်း စားပွဲပေါ်က မောင့်လက်ကိုင်ဖုန်းလေးဆီကပါလား..သူရေချိုးခန်းထဲ ၀င်နေတုံးလေ။ ရုံးကများလား ဘာရယ်မဟုတ်ပဲ ဖြတ်ခနဲ ကြည့်လိုက်မိတယ်။ အဲ့ဒီနောက်မှာ ကျမရဲ့ မိုးတိမ်ပြာတွေ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ရတယ်။ မျက်ဝန်းအိမ်က စီးလာတဲ့ အပူမြစ်နှစ်ချောင်းနဲ့ ကျမ လောင်ကျွမ်းနေခဲ့ပြီလေ။ မောင်ရေ…. တိုးဖွဖွ ခေါ်ရင်းက ရင်တွင်းမှာ နင့်နင့်သည်းသည်းနိုင်နေခဲ့ပြီ။ နာကျင်မှု အစုံနဲ့ တုန်တုန်ချိချိ လက်လှမ်းရင်း ဆွဲမိဆွဲရာ ဆွဲလိုက်ပြန်တော့ အတိတ်ကန်လန့်ကာ တစ်ခုဖြစ်နေပြန်သည်ပေါ့……..

နင်ဘယ်မှာ…..အဲ့အသံတစ်ခုက လျှပ်စစ်လှိုင်းထဲက စီးမျောခဲ့ပေမယ့် အခုအချိန်အထိ(ဘယ်သောအခါမှ) မေ့မရခဲ့ဘူး။ ကျမ စာသင်ပြတဲ့နေရာတွေကို သူသိထားတတ်တယ်။ ဒီနေ့ သူဖုံးခေါ်တော့ ကျမ နောက်ထပ် စာသင်ပေးရမယ့် အိမ်တစ်ခုကို ရောက်နေခဲ့ပြီ။ ဒီအိမ်နဲ့ဆို ငါနင့်ကို လိုက်ရှာနေတာ သုံးအိမ်မြောက်ပြီတဲ့။ ကဲ…ဆိုပါဦး ဘာကိစ္စလည်းဆိုတော့ ဘာရယ် မဟုတ်ဘူး မေးစရာ တစ်ခုရှိလို့ပါတဲ့။ နောက်တော့ ထုံးစံအတိုင်း ပြောရင်းဆိုရင်း စကားစတွေ များသည်ထက် များခဲ့သည်ပေါ့။

ပြီးတော့ ကျမရဲ့နားရက် အထူးသဖြင့် အပတ်စဉ် တနင်္ဂနွေတွေနေ့တိုင်းမှာ သူရောက်ရောက်လာ တတ်ပါတယ်။ သူ ဘာအတွက်လဲ။ သူဘာကြောင့်များ ချောင်းဖြစ်အောင် အို….ကျမမှ မြောင်းမဖောက်ခဲ့ပဲနော်။ ရက်သတ္တပတ်ရဲ့ ညနေခင်းတစ်ချို့မှာ မောင်လာနေတတ်တာကကော..

သူငယ်ချင်းတွေကပြောတယ် သူ နင့်ကို စိတ်ဝင်စားနေတယ်တဲ့လေ။ ဟုတ်လို့လားဟယ်လို့ မဖြစ်နိုင်ပါဘူးရယ်လို့ ရယ်သွမ်းသွေး ပြောခဲ့မိသေးတယ်။ တကယ်ဆို ဒီလောက် အိမ်ပေါက်စေ့ ရှာနေရလောက်အောင် နင်ပြောတဲ့ အကြောင်းအရာက အရေးမှ မကြီးခဲ့တာ။ ရိပ်မိတာပေါ့။

ဒါပေမယ့်လေ နောက်တော့လည်း ဗဒင်သီချင်းလိုပါပဲ။ ယိုင်ခဲ့ နွဲ့ခဲ့သည်ပေါ့။ အဲ့သည် အချိန် အဲ့သည်အခါတုန်းက နင်က တပြုံးပြုံးရယ်နဲ့ ငါလိုသမျှ ဖေးမခဲ့နိုင်တယ်။ ငါ့ဖက်ကတော့ ကျေးဇူးတွေတင်..မိုးမမြင်လေမမြင်ဖြစ်ရတာပေါ့။ အထင်ကြီးလေးစားခြင်းတွေကနေ အဲ့ဒီ အချစ်ဆိုတဲ့အရာတွေ ဆောက်တည်ခဲ့မိတယ်။ ငါ ဆောက်ခဲ့မိတာ တစ်ဘဝလုံးစာ အတွက်ပါ။

ကျွီခနဲ မြည်သံနဲ့အတူ ရေချိုးခန်းတံခါးပွင့်လာတော့မှ ကန့်လန့်ကာ ကြားက ထွက်ဖို့ သတိရတယ်။ ကျမပါးပြင်က မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ပေမယ့် မမှီနိုင်တော့ပြီ။

ဟင်….မိုးငယ် ဘာတွေဖြစ်လို့လဲ။ မနက်စောစော ငိုနေတယ်။ အိမ်ကိုလွမ်းလို့လား…။ ရုံးပိတ်ရက်မှာ ပျော်ပျော်ရွှင်ရွှင်နေရမှာ ဘာစိတ်ညစ်စရာ ရှိနေလို့လဲ…။

ဒီမေးခွန်းတွေကို ဖြေဖို့ အားယူရင်း သုတ်လက်စ မျက်ရည်ကြားမှာ ထပ်ကာထပ်ကာ ရွာနေမိတဲ့ မိမိုးငယ်ပါလေ။ မောင်…လို့ တစ်ခွန်းပြောလိုက်…ပြောမထွက်တဲ့ စကားသံတွေနဲ့ လက်ထဲက မောင့်ဖုန်းလေးကို ထိုးပြရင်း SMS ဖတ်ကြည့်ပါလို့ တစ်ဖြည်းဖြည်း တိုးသွားတဲ့လေသံ နဲ့ အင့်ခနဲရှိုက်မိပြန်တယ်။

ထူးဆန်းအံ့သြတဲ့အကြည့်နဲ့ သူ့လက်ကိုင်ဖုန်းကိုသူ ပြန်စိုက်ကြည့်နေရင်းက..သြော်လို့ တစ်ခွန်းညည်းတယ်။ ဟုတ်တယ် မိုးငယ်ကို မောင်ပြောမလို့ပဲ ဒါပေမယ့် မိုးငယ်စိတ်ညစ်နေမှာစိုးလို့ မောင်ပြောမထွက်ခဲ့ဘူး။ မောင်တို့ အလုပ်နဲ့ပတ်သတ်ပြီး သဲသဲဆိုတဲ့ မိန်းကလေးက မောင့်ကို အခုလို SMS တွေ ပို့နေတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းကပဲ။ မောင်က မောင်က မောင့်မှာ လက်ရှိရည်းစားနဲ့ လို့ သူ့ကိုအတန်တန်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် သူက သူဖက်က ပို့တာတော့ ပို့ပါရစေ။ ဒီဖက်က တုန့်ပြန်စရာမလိုပါဖူးတဲ့။ သူ…မောင့် ဆီက ဘာမှမမျှော်လင့်ပါဘူး သူ့ရဲ့ တစ်ဖတ်သတ် ခံစားချက်ကလေးကို နားလည်ပေးပါတဲ့။

ကျမ မျက်ဝန်းက မျက်ရည်တွေနဲ့ သူ့ရဲ့ မျက်ဝန်းတစ်စုံတို့ ဆုံဖြစ်ကြတယ်။ ပြီးတော့ မိနစ်ပိုင်းလောက် ကျမတို့ ငြိမ်သက်သွားကြတယ်။ ကျမ ဘာပြောရမလဲ။ ဒီနှစ် အောက်တိုဘာလ အကုန်လောက်မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ ကျမတို့ အတွက် ဘာစကားတွေ ပြောသင့်သလဲ။

မိုးငယ်….မောင် မိုးငယ်ကိုပဲ လက်ထပ်ယူမှာပါ။ ပြီးတော့ မောင် သူ့ကို စိတ်မ၀င်စားပါဘူးကွာ။ ဟင့်….အင်း ကျမတိုးတိုးလေး ငြင်းမိတယ် ထင်တယ်။ မောင်…မိုးငယ် မောင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြပါလို့ တောင်းဆိုမိခဲ့တယ်။ မိုးငယ်ရင်ထဲကိုလည်း ဝင်ကြည့်စေချင်တယ်။ မောင့်ရင်ထဲကိုလည်း မိုးငယ် ဝင်ကြည့်ခဲ့ချင်ပါတယ်။

နောက်တော့ ကျမ မောင့်ဆီက သဲသဲဆိုတဲ့ မိန်းကလေးရဲ့ ဆက်သွယ်မှုတွေကို သိလာရပါတယ်။ အဲ့ဒီအတွက် ကျမကျေနပ်ခဲ့သလို ဝမ်းနည်းနာကျင်ခဲ့ရပါတယ်။

လပိုင်းလောက်မပြည့်ခင်မှာတော့ မောင့်ဆီက သဲသဲဆိုတဲ့ အသံတစ်ခုကို စကြားရတယ်။ မောင့်ရဲ့ အိမ်ပြန်ချိန်တွေ နောက်ကျတတ်လာတယ်။ မောင်…..ဆယ်နေဆူကဲပူ သလိုပါပဲ။ တွေးမိတိုင်း နောက်ကျိကျိ တက်လာတဲ့ ဒီဦးနှောက်နဲ့ ဒီနှလုံးသားကို မိုးငယ် ဘယ်သွားထားရမလဲ။ မောင်ပြောတော့ မိုးငယ်ပဲဆို…(ဆိုဖီယာလောရင့်ကြီးဆို ပြီးပြောရအောင် ကျမတို့က လက်မထပ်ရသေးဘူးလေ)။

အိမ်ပြန်ရောက်ရင်လည်း လက်ကိုင်ဖုန်းထဲက သိုးသိုးသဲ့သဲ့ အသံတွေကို မိုးငယ်ကြားရတယ်။ နှုတ်ခမ်းကို ကိုက်ထားမိပေမယ့် ရင်ထဲက ၀ုန်းဒိုင်းကြဲမှုတွေ စကားလုံးတွေ အဖြစ် ပြိုကျလာခဲ့တယ်။ ဘယ်လိုဖြစ်ရတာလဲ မောင်ရယ်….။ ခဏကွာ မောင် သဲသဲရဲ့ အပြောအဆို ချွဲနွဲ့မှုတွေမှာ သာယာမိသွားတယ်။ ဒါပေမယ့် မောင် မိုးငယ်ဖက်မှာ အမြဲရှိနေမယ်။ စဉ်းစားကြည့်ပါဦးမောင်…. ကျမ ဘယ်နှလုံးသားနဲ့ ပြုံးပြုံးလေး နေပေးရမလဲ။

ညတာများတော့ အိပ်မက်ရှည်သတဲ့မောင်။ ကျမသိတာပေါ့ မောင်ရယ်။ နုတယ် နွဲ့တယ် ငယ်တယ် သွက်တယ်လေ။ ကျမကလေ ချစ်တယ်ဆိုတဲ့ စကားလုံးကို နှလုံးသားမှာထားပါတယ်။ နှုတ်ခမ်းဖျားနဲ့ တစ်အားမကြွားတတ်ပါဘူးမောင်။ မောင် ရဲ့စိတ်တွေ သဲသဲဆိုတဲ့ ကမ်းတစ်ဖက် လှမ်းလို့နေခဲ့ပြီဆိုတာ ကျမသိပါတယ်။ လှေနံနှစ်ဖက်နင်းတယ်လို့ ကျမ မဆိုချင်ဘူးမောင်။ ကျွမ်းလုအောင် နာတဲ့အသည်းနဲ့ ကျမ အဲ့ဒီလှေကို ပဲ့မကိုင်ပါရစေနဲ့။

အချစ်ဆိုတဲ့ စကားလုံးကို ရေလဲသုံးနေမှ တကယ်ချစ်တာတဲ့လား။ အရင်တစ်ခါ မောင်ကိုပြောခဲ့ဖူးတဲ့ ကျမရဲ့ ချစ်ခင်မှုက မောင့်ကိုအထင်ကြီးခဲ့တာက မြစ်ဖျားခံတယ်ဆိုတာနဲ့ အချစ်မဟုတ်တော့ဘူးလို့ ဘာလို့ပြောရက်ခဲ့တာလဲမောင်။

မောင့်တွဲခဲ့ဖူးတဲ့ ရည်စားဟောင်းအကြောင်းကို ကြားရတုန်းက ကျမနားလည်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျမအရင်က လူတစ်ယောက်ကို စိတ်ဝင်စားခဲ့ဖူးတယ်ဆိုတာနဲ့ မောင်က ကျမရဲ့ ချစ်ခြင်းတွေကို မယုံကြည်နိုင်တော့ဘူးတဲ့လား။

တစ်ရက်တော့ သဲသဲရဲ့ ဇွတ်အတင်း တောင်းဆိုမှု (ဒါမှ မဟုတ်ရင် မောင်အမည်တပ်ခဲ့တဲ့ လူမှုရေးအရ) မောင်တို့ တွေ့ဆုံကြမယ်တဲ့။ ကျမကိုနှစ်သိမ့်တဲ့ စကားများလား မသိပေမယ့် အသေအချာ မှတ်မိနေတာက သူတို့နှစ်ယောက်ရဲ့ နောက်ဆုံး ဆုံတွေ့ခြင်းပါတဲ့လေ။ ပြီးတော့ ဒီမိန်းကလေးကို ကျမလည်းတွေ့ချင်မိတယ်။ ကျမတွေ့ချင်မိတဲ့အကြောင်းအရင်းက မကြာခင်မှာ လက်ထပ်ပါတော့မယ်လို့ ၀န်ခံထားတဲ့ ချစ်သူရှိတဲ့ ယောင်္ကျားတစ်ယောက်ကို ချဉ်းကပ်နေတဲ့ မိန်းကလေးတစ်ယောက်မို့ မြင်ဖူးချင်မိတယ်။ သူ့ကိုလည်း လေ့လာချင်မိတာပါ။

ကျမချစ်တဲ့ တိမ်တွေ အရိပ်အယောင်မျှ မရှိအောင် မည်းမှောင်နေတဲ့ ကောင်းကင်ပြင်နဲ့အတူ ကျမနဲ့ သူမဆုံတွေ့ဖြစ်ခဲ့တယ်။ ရထားသံတွေကပဲ ဆူညံစေခဲ့သလား ကျမဘာကိုမှ မကြားနိုင်အောင် ဖြစ်ခဲ့မိတယ်။ ကျမလေ သူတို့နှစ်ယောက်တွေ့ဆုံတာကို နောက်ကွယ်ကနေပဲ ငေးနေမိတာပါ။ ပြီးတော့ တိုးတိုးလေး အောက်ကို ငုံ့ပြီးရွတ်မိတယ် မောင့်ကို စိတ်ချ ယုံကြည်ချင်လိုက်တာ။ ဒါပေမယ့် စောင့်နေတဲ့ Taxi stand မှာ မတ်မတ်ရပ် နေတဲ့ မောင့်ရင်ခွင်ထဲ သူမ ခေါင်းတိုးဝင်လိုက်တဲ့အခါ ကျမ ဆောက်တည်ရာမဲ့လာတယ်။ အိုး ကျမမှာ ခံနိုင်ရည် အားမရှိတော့ဘူးလေ။

စိုနေတဲ့ မျက်ဝန်းတစ်စုံနဲ့ အနားကို ချဉ်းကပ်ရင်း ထိန်းချုပ်ထားပါလျက် ရင်ဘတ်ထဲက ပွင့်ထွက်လာတဲ့ အသံနဲ့အတူ မောင့်ကိုယ်ပေါ်က သူမရဲ့ လက်ကို ဖယ်လိုက်မိတယ်။ ကျမ ဖယ်ခွင့်ရှိတယ်မလားဟင် မောင်။ ပြီးတော့ ကျမမေးမိတယ်။ ညီမလေးရယ် အဲ့လောက်ချစ်သလားကွယ်လို့။ ပြာပြာသလဲ ဖြေလို့ထင်ပါရဲ့ မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာသလိုပါပဲ။ ဒီနေ့ နောက်ဆုံးမို့ပါတဲ့။ ဟုတ်သလားမောင်….

နောက်တော့ စကားအခြေအတင်ဖြစ်နေတဲ့ ကျမတို့ နှစ်ယောက်နဲ့ ဝေးရာကို သူမ ထွက်ပြေးသွားခဲ့တယ်။ အဲ့ဒီဝန်းကျင်မှာ သူမကို ဘယ်လိုမှ ပြန်လည်ရှာမတွေ့ခဲ့တာမို့ပါ။ အဲ့ဒီညနေက ကျမတွေ့လိုက်ရတဲ့မောင်က သူစိမ်းတစ်ယောက်ဖြစ်နေခဲ့ပြီ။ ရက်စက်ပြင်းထန်တဲ့ စကားလုံးတွေနဲ့အတူ မောင့်ရဲ့ အမူအယာတွေတိုင်းက ကျမကို အထပ်ထပ်အခါခါ နာကျင်စေခဲ့တာပါ။

အိမ်ပြန်ရောက်တော့ ပွင့်ပွင့်လင်းလင်းရှိတတ်တဲ့ ကျမက မောင့်ကို မေးမိတယ်။ ဘယ်လိုလဲ မောင်။ အပြင်မှာ ခပ်ချောချော မိန်းကလေးတွေ တွေ့ရင် မောင့်ကို ကျမကိုယ်တိုင် ပြနေကျလေ။ ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းကိုလည်း ကျမမေးနေကျလေ။ ဒါကြောင့်လည်း မောင်က ကျမကိုပြောတတ်တယ် မိုးရယ် မိန်းကလေးမဆန်လိုက်တာကွယ်တဲ့။
ယုံကြည်မှုဆိုတဲ့ စကားလုံးကို ပျောက်ဆုံးစေခဲ့တာ မောင်ကိုယ်တိုင်ပါပဲ။ မောင့်ကို အမှန်အတိုင်းပြောပြဖို့ရယ် ဖြစ်ပျက်ခဲ့သမျှကို လက်ခံပါ့မယ်လို့ကျမပြောခဲ့သလို မောင်ကလည်း တစ်ချို့အကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ရှေ့နောက်မညီညွတ်တာတွေ များသည်ထက်များလာတယ်မောင်။ ကျမယုံကြည်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မောင်ပြောတဲ့ တစ်ချို့အကြောင်းအရာတွေက နားထောင်လို့ သိပ်ကောင်းသည်ပဲလေ။ မယုံရဲတော့ဘူးမောင်ရယ်........

ဒုတိယအကြိမ်မြောက်တွေ့ဆုံခြင်းမှာတော့ ကျမမှာ ဒဏ်ရာတွေ ပိုစေခဲ့တာပါပဲလေ။ ကျမတို့ သုံးယောက်တွေ့ဆုံ ရင်း ဒီအမယ်ဘုတ်ချည်ခင်ထွေးကို ရှင်းမယ် ကြံမိတယ်။ မောင့်ဆီက ခမ်းနားလှပတဲ့ အဖြေတစ်ခုထွက်လာခဲ့တယ်.. အခုအချိန်မှာ မောင်လက်ထပ်ချင်တဲ့သူက သဲသဲ၊ မောင်လက်ထပ်သင့်တဲ့သူက မိုးငယ်။ တဆိတ် လောဘမကြီးလွန်းဘူးလား မောင်ရယ်။

ကျမတို့ လက်ထပ်မယ့်အရေးကို ဆွေးနွေးခဲ့ကြတုန်းက.. မောင်က တစ်ခုခုမေးခဲ့တယ်။ အဲ့ဒီမေးခွန်းအတွက် နောင်တမရဘူးလားဟင်။ ဘာတဲ့ မောင်တို့ လက်ထပ်ပြီးရင် မိုးငယ်ဖက်က မောင့်ကို ဘာတွေလုပ်ပေးနိုင်မလဲ ဟုတ်လားမောင်။ မောင် မမြင်မသိမရှိအောင်နေခဲ့တာလား။ မိုးငယ်တို့ သူငယ်ချင်းတွေ တစ်အိမ်တည်းစုနေကြတာ လွန်ခဲ့တဲ နှစ်နှစ်တာ ကာလကပါမောင်။ မောင့် အတွက် ချက်ပြုတ်ကျွေးမွေးနေတာတွေ။ စားပွဲပေါ်လက်တင် စားခဲ့တဲ့ မောင်က မသိဘူးတဲ့လားဟင်။ အ၀တ်တွေလျှော် မီးပူတိုက်ထားသမျှကို အဆင်သင့်လက်လျှို ၀တ်တတ်တဲ့ မောင်တစ်ယောက် မေ့တတ်လိုက်တာလွန်ပါရောလား။ သူငယ်ချင်းတွေက ပြောကြတယ်မောင် မိမိုး နင်ဟာလေ အိမ်ထောင်သည်တာဝန်ကို သမီးရည်းစားဘ၀ကတည်းက ယူနေခဲ့ရပြီတဲ့။ မောင့်ကို ပေးတဲ့ သူတို့အမြင်ကို မောင်ကြားရဲတယ်ဆိုရင် မိုးငယ်ပြောပြမယ်။ မောင်ကတော့…မောင်ကတော့ အိမ်ထောင့်တာဝန်ကို မယူပဲ လင်ယောင်္ကျားတစ်ယောက်လို စည်းစိမ်ယူနေခဲ့တဲ့ သူတဲ့မောင်ရဲ့။ ထိုက်တန်တယ်မဟုတ်လားဟင်…..အစောက မောင့်မေးခွန်းကို ကျမက ပြန်မေးရမှာလေ မောင်ရဲ့။ အခုတော့….

လမိုက်ညတစ်ညကိုတော့ ဘယ်တော့မှ မေ့ရမှာ မဟုတ်တော့ပါဘူး။ အဲ့ဒီညက လမသာတဲ့အပြင် ကောင်းကင်ပြင်တစ်ခုလုံး အုံ့ဆိုင်း မှုန်မှိုင်းနေခဲ့တယ်။ တတွတ်တွတ်ပြောနေတဲ့ မောင်တို့ရဲ့ ဆက်သွယ်မှုကို ကျမက အမှတ်မထင် ညဥ့်အတော်နက်ပြီ ညီမလေးရေ လို့ လှမ်းဟန့်လိုက်မိခဲ့တယ်။ အဲ့ဒီနောက် ကျမရလိုက်တဲ့ နာကျင်မှုက အသားပြင်နှစ်ခုပေါ်တင် မဟုတ်ခဲ့ဖူးမောင်။ နှလုံးသားထဲမှာ တဆစ်ဆစ်နာကျင်ခဲ့ရတာပါ။ အချစ်ဝင်ခဲ့သူမို့ အပြစ်မတင်ပါဘူးမောင်ရယ်။ ကိုယ့်ထိုက်နဲ့ကိုယ်ကံမို့ ဒဏ်ရာကို မြိုသိပ်ခဲ့ပါတယ်။

နောက်ဆုံးဆိုတဲ့ အကြိမ်ပေါင်းများစွာနောက်မှာ မောင်တို့ရဲ့ တွေ့ဆုံခြင်းက အကြိမ်ပေါင်းများစွာ။ ဘယ်သူကမှ ဘယ်အရာကို ဖန်တီးတာမဟုတ်ပါပဲ။ ကျမလည်း မှန်တစ်ချပ်လို့ နေတိုင်းကျကွဲနေမိတယ်။ အစိပ်စိပ်အမွှာအမွှာကြားမှာ ရှာဖွေ ကြည့်နေရင်း ကျမကိုယ်တိုင်လည်း ပျောက်ဆုံးနေတတ်ပါတယ်။

ချစ်မိတဲ့ ကျမ အပြစ်ရှိသည်တဲ့လား မောင်

မောင် သာယာနေတဲ့ အဲ့ဒီဝန်းကျင်က ကျမ ဖန်တီးပေးလို့ မရဘူးလားမောင်

သဲသဲရယ် ၀ဲဂယက်တွေကိုမှ ဖန်ဆင်းရက်တယ်

မိုးကောင်ကင်ထဲက မိုးတိမ်ဖြူဖြူလေးတွေက ကျမ အိပ်မက်ပါ။ ဒါပေမယ့် မိုးတွေ တစ်အားရွာခါနီးရင်တော့ မိုးတိမ်တွေပျောက်ကွယ်သွားတတ်ပါတယ်။ အခုလည်း မိုးတွေ မရွာခင် တိမ်ဖြူတစ်စကို လွတ်ထွက်မသွားအောင် ကျမ…..ကျမ ဖက်ထားချင်ပါတယ်……… ကျမအရမ်းနှစ်သက်ခဲ့ဖူးတဲ့ သီချင်းခေါင်းစဉ် လေးအတိုင်း ကျမမြတ်နိုးတွယ်ရစ် သိပ်ချစ်ရပါသော ကျမရဲ့ ရင်ခုန်ဘက်လူမောင်နဲ့အတူ ဒီမိုးတိမ်ဖြူ အိပ်မက်တွေဆီက မနိုးထပါရစေနဲ့လား မောင်ရယ်.....................................
ကျနော့ရဲ့ပေါ့ဆမှုကြောင့် မမသီရိရဲ့ ကဗျာလေးတစ်ခုနဲ့ ခေါင်းစဉ်ခြင်းတိုက်ဆိုင်သွားပါတယ်။ အဲ့ဒီအတွက် မမသီရိကို အနူးအညွှတ်တောင်းပန်အပ်ပါသည်ခင်ဗျာ။ မမသီရိရေးထားတဲ့ ကဗျာလေးနဲ့ ဆက်စပ်ခံစားလို့ရအောင် ကဗျာလေးကို ခွင့်တောင်းပြီးဖော်ပြထားပါတယ်။

ဖမ်းဆုပ်ယူချင်မိပေမဲ့..
အဲဒါက အိပ်မက်တိမ်တွေ….….
ယုယဖူးချင်တာပေါ့
ရူးမတတ်အချစ်တွေနဲ့
နှလုံးလှတဲ့ချစ်သူကို…
မျက်ဝန်းညိုတွေထဲမှိုင်းညို့
ဒဏ်ရာတချို့နဲ့ ကြေကွဲနေ၀မ်းမနည်းပါနဲ့ ချစ်သူရေ….လို့….
သူ့လက်ကလေး ကိုဆုပ်
်သူ့ပုခုံးလေးကိုမှီ..
သူ့ကျောလေးသိုင်းဖက်..
ကော်ဖီတစ်ခွက် အတူသောက်
အာရုဏ်အလင်းတွေပဲရောက်တဲ့ မနက်ခင်းတွေသာ
သူ့ဥယျာဉ်ကမ္ဘာလေးထဲ ဖြစ်စေချင်…
ဖန်ဆင်းရှင်ဘ၀ ဖြစ်ပါရလို……….….
ခုများတော့လဲ
ရင်တခွင်လုံး ချုံးချုံးချ အလွမ်းတွေနဲ့
တဆစ်ဆစ် နာကျင်ရုံကလွဲ
.......
အော်……ကွယ်……
ဖမ်းဆုပ်ယူချင်မိပေမဲ့.....
အဲဒါက အိပ်မက်မိုးတိမ်တွေ…………။

44 comments:

ဖြူတုတ်လေး said...

woo hoo...I am here first this time. Let me come back with the comment after finishing this short novel. Guess...your laptop has been fixed. :)

Unknown said...

ဖတ်ရင်းနဲ့ မိုးတိမ်ဖြူတွေဆီ စီးမျောသွားတယ်
သိပ်ကောင်းပြီး မိန်းကလေးတယောက်ရဲ့  ခံစားချက်လေးကို ပိုင်၂နိုင်၂လေး ဖွဲ့ သွားတာများ
ဂျူးနဲ့ တောင် မှားမိတော့မလို့ 
ဒါပေမယ့် တို့ ရွာသားလေးက တို့ ရွာသားလေးပါပဲနော့
သိပ်ကောင်းပြီး ထိမိတဲ့ ၀တ္တုလေးပါပဲ
ပုံလေးနဲ့ သရုပ်ထားပုံလေးကလည်း အတွေးပွားစရာလေးဖြစ်လို့ 
(သိပ်ကောင်းတာပဲလို့ ပဲ ထပ်ပြောပါရစေ)

စကားမစပ် လီဆာနဲ့ မြနှင်းဆီကို သတိယမိတယ်
သဲသဲက သိမ်မွေ့ တဲ့ မြနှင်းဆီလေးလားလို့ 
ထင်ယောင်မှားမိတယ်
ပြီးတော့ ချစ်မိတာ အပြစ်ဖြစ်စေခဲ့တာလားဆိုတာလည်း
တွေးသွားမိတယ်

ရွှေရတုမှတ်တမ်း said...

ပိုင်ဆိုင်ရယူလိုချင်တဲ့..မိန်းမ ရဲ့သဘာဝ နဲ့..
ဝေမျှ ပေးဝေတတ်တဲ့ ..ယောကျာင်္ံး ..ရဲ့..
အလိုဆန္ဒ ..တွေကို ..ဖတ်ရှုနားလည်သွားပါတယ်...
ဒါပေမယ့်..ညီလေးရေ..
အကိုဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့အကြုံအရဆိုရင်
အသဲနှလုံးဆိုတာ...အစာအိမ်တခုလောက်အရေးမကြီးတာအမှန်ပဲ

တန်ခူး said...

ရွာသားရေ… မိုးငယ်အတွက် အငှားခံစားချက်ဆိုရင်တော့ မိုးငယ်ဆိုတဲ့ ညီမကို ပြောပေးပါလား… သဲသဲဆိုတဲ့ တယောက်စောစောစီးစီးပေါ်လာတာ ကျေးဇူးတင်လိုက်ပါလို့ … နို့ မို့  လက်ထပ်ပြီးမှ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့ အိမ်ထောင်ရေးမှာ နောက်သဲသဲတွေကို ဒီမောင်ကို ဘယ်လို တွန်းလှန်မလဲ… အိမ်ထောင်ပြုခြင်းက အချစ်တခုထဲနဲ့  မလုံခြုံတာအမှန်ပဲ… သစ္စာခြုံမှ လုံရမယ့် အဲဒီဘ၀မှာ သစ္စာတရားတွေ ကျကျပျောက်သွားတော့ ဘယ်လို လုပ်မလဲနော်… မိုးငယ်ကံကောင်းတာပါ…

NangNyi said...

Weeeeee !!!
အဲ့လို ဇာတ်တွေ မကြားချင်ဘူးဗျ.. ရင်မောတယ်..

ခရေညို said...

အဓိကကတော့ မောင်ဆိုတဲ့'လူပါပဲ သူ့စိတ်ကိုသူထိမ်းနိုင်ရမှာပေါ့
မိုးငယ်ရဲ့ခံစားချက်ကို နားလည်ပေးပြီး ရွာသားလူလေးရဲ့ လက်ရာကိုချီးကျူး သွားပါတယ်

မမသီရိ said...

ဝတ္တုလေး က ဖတ်လို့ ကောင်းတယ် မောင်လေး

စကားမစပ် ဒီခေါင်းစဉ်နဲ့
အမ ကဗျာ တပုဒ် ရေးခဲ့ဖူးတယ်

အကြောင်းအရာကတော့ မတူပါဘူး ..း)

http://mamathiri.blogspot.com/2009/07/blog-post_11.html

Unknown said...

Limit ဆိုတာ နေရာတိုင်းမှာ ရှိသင့် ရှိထိုက်တဲ့ ထားသင့် ထားထိုက်တဲ့ အရာတခုပါ...။
အချိန်မတန်သေးပဲနဲ့ တကယ်လဲ မလိုအပ်သေးပဲနဲ့ အိမ်ထောင်မကျခင်ထဲက တအိမ်ထဲ အတူနေပြီး တာဝန်တွေ သွားယူပေးနေတဲ့ မိန်းကလေးရဲ့ လုပ်ရပ်က မမှန်ဘူးလို့ ထင်တာပဲ...

လူတွေက မလိုအပ်သေးတဲ့အချိန်မှာ တယောက်အကြောင်း တယောက် လိုတာထက်ပိုပြီး သိသွားကြရင် မကောင်းဘူး၊ အတိုင်းအတာ (Limit) တခုတော့ ရှိသင့်တယ်...

လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်...

ကောင်းကင်ပြာ said...

မောင် တို့ ယောကျာင်္းတွေက အဲ့ဒါပါပဲ၊ မိုးငယ် ကိုလဲ ပြောလိုက်ပါ၊ ကံကောင်းတယ်လို့၊ မချစ်သင်တဲ့ အချစ်တခုနဲ့ ဘ၀ကို မဖြတ်ကျော်ချင်ပါနဲ့လို့၊ ကောင်းကင်ပေါ်မှာ တိမ်တွေ အများကြီးပါ....
ရေးချင်ရာတွေ ရေးသွားတယ်...း)

:P said...

အဟမ်း..အဟမ်း....
ကျောက်ခဲ အစ်ကိုကြီးကလွဲလို့ မိန်းကလေးတွေချည်း လာမန့်သေးတယ်နော်...။

မသက်ဝေပြောသလိုဖြစ်ခဲ့ပြီးမို့ မတန်ခူးပြောသလို နောက်ဆုတ်သင့်တာပါပဲ...။အဖြစ်မှန်ဆိုရင်ပေါ့...။

မိန်းကလေးမို့ တစ်မျက်နှာက နှစ်မျက်နှာမပြောင်းချင်တာတို့၊ လွန်လွန်ကျွံကျွံဖြစ်ပြီးပြီမို့လို့ တို့ဆိုပြီး ဒီအတိုင်း ဆက်စခန်းသွားနေရင်တော့ ဒူးနဲ့တင်မက လက်ဖနောင့်နဲ့ပါ မျက်ရည်သုတ်နေရမယ်..(တံတောင်ဆစ်မမီလို့)

မယ့်ကိုး said...

ဒီလို ဇာတ်ကြောင်းတွေ ဇာတ်ကောင်တွေကို မဝေဖန်ချင်ပေမယ့် အရေးအသားလှလွန်းရဲ့ လို့်ချီးမွမ်းပါရစေ =)

Talkii said...

I think I love my wife ဆိုတဲ့ ကားကို သတိရမိတယ်။ နောက်ဆုံးတော့လည်း တကယ်အိမ်ထောင်ကျသွားရင် မိသားစုဘဝကို ပိုတွယ်တာသွားလိမ့်မယ်လို့ မျှော်လင့်တာပဲ။ 5 stars post again. :)

စကားမစပ် အစ်မသီရိကဗျာထဲမှာ အရုဏ်ဦး ဆိုပြီးဖြစ်ရမယ်။

ရွှန်းမီ said...

ဆယ်နေဆူကဲပူ ဆိုတာ ဘယ်ဘာသာနဲ့ ဘာကိုပြောမှန်း တော်တော်စဉ်းစားလိုက်ရတယ်..
နောက်မှသိတယ် ပြင်သစ်စကားမှန်း =)

Rita said...

ပူတယ်လေ ဆယ်နေကဲ မဟုတ်ဘူးလား

(ပင်လယ်ကြီးနဲ့ အချစ်များ ပေးချင်တယ်
ကိုယ်ပြန်ရဖို့ ဘာမှ ကြိုတင် မရည်ရွယ်ပါ
ရေအိုင်လေူလောက်ပါပဲ မောင်ထင်နေရင်လဲ
ဘာမှ မောင့်ကို ရှင်းပြနေဖို့ မကြိုးစားပါ

ပိုင်ဆိုင်ထားပြီး သွားပြီ ဆိုရင်တော့
တန်ဖိုးလေး လျော့လာမှာ
ကြာရင် ရိုးသွားဦးမှာ
အမျိုးသားတို့ ဉာဉ်ဆိုရမလား)

ကဗျာ မဟုတ်ဘူးနော်။
သီချင်း။
ချောစုခင်ရဲ့ သီချင်း။

Rita said...

* ပင်လယ်ကြီးနဲ့ တူသော အချစ်များ ပေးချင်တယ်

(စာသား ကျန်သွားလို့)

yangonthar said...

မြန်မာတစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် တော့ မိုးငယ်ဟာ အတော်သနားစရာကောင်း တယ် .... တဖက်က မိန်းကလေးက တော့ ဝေဖန်ဖို့  အတော်ခက်ပါတယ် .... မိုးငယ်ရဲ့  ချစ် သူအနေနဲ့ ကတော့ ဆိုးဆိုးဝါးဝါး နာမည် တစ်ခုကို ပဲတပ်လိုက်မိတယ် .... မိန်းကလေး တိုင်း သတိထားသင့်သလို ယောကျာ်းလေး တွေ ကိုလည်းတစ်ဖက်က ပညာပေးသွားတာ လို့ မြင်ပါတယ် .... စကားတစ်ခွန်းကြားဖူးပါ တယ် ... “မင်းက မင်းနဲ့ အတူ နေနိုင်တဲ့ သူနဲ့  လက်ထပ်တာ မဟုတ်ဘူး .... သူမရှိရင် မင်းမနေ နိုင်ပါဘူး ဆိုတဲ့ သူ နဲ့  သာ လက်ထပ်တာ ဖြစ်တယ် ....” ဒီလို ဆိုမယ်ဆိုရင်လည်း ဘယ်သူ့ ကိုမှ မနစ်နာ စေချင်ဘူး .... ခက်တာက မိန်းကလေး တစ်ယောက်အတွက် စဉ်းစားပေးတဲ့ စာနာမှု ဟာ ခေတ်ရေစီးကြောင်းနဲ့ အတူ မျောပါသွား ပြီပြောရမယ် .... မိုးငယ်က လူရွေးမှာ သွား တာဖြစ်မယ် .... တစ်ခါတစ်ရံမှာ သာယာမှုနဲ့ အချစ်ဟာ ပြဒါး တစ်လမ်းသံတစ်လမ်းလို့  ပဲ ပြောရမယ်ထင်ပါတယ်။ ကိုရွာသားရဲ့  အရေးကောင်း ဝတ္တုတိုလေး ဖတ်ရင်း စိတ်ထဲ ရှိတာလေး တွေ ချရေးသွားတယ်ဗျို့ 
လေးစားလျှက်
ရန်ကုန်သား :))

မမသီရိ said...

ရပါတယ် မောင်လေး ရ
အမ က တိုက်ဆိုင် လိုက်တာ လို့ ပြောတာပါ
စိတ်ကူး ဆိုတာ တူတတ်တာပဲ..
ပြသနာ မဟုတ်ပါဘူး

အမ ကဗျာလေး ပြန်ဖော်ပြပေးတာ
ကျေးဇူးကွ နော်

Unknown said...

Nice story.. I feel very angry for Moe.. He is not loyal to his future wife. He fall to that girl in short period. He is not stable . If I am Moe, I will not marry him. Leave him and forget him.

Maung Myo said...

မောင်လို့ ခေါ်သံကြားရင် ညောင်လို့ထူးချင်နေကော ကိုင်း....ဘယ်လိုလုပ်မတုန်း တူမောင် ဘကြီးတော့ ဂွကျနေပြီး :P

Ree Noe Mann said...

ရေးသားသူ တစ်ရွာစား ကိုရွာသားကလည်း ဇာတ်ကောင်း
မိုးငယ်ကို အဓိကထားရေးတော့ ကော့မန့်တွေကလည်း
မိုးငယ်ကိုပဲ ဦးတည်နေတာတွေ့ရတယ်။
ကျနော် စားဖိုးမှူးကြီးကတော့ မြင်လိုက်မိတဲ့ လူကတော့ မောင်ပါပဲ။

ပုထုဇဉ် ယောက်ျား ဖြစ်တဲ့ အတွက် အတွေ့ကော အထိမှာပါ ပျော်ဝင်သွားတာပါ။
ရိုးရိုးသားသားပြောရရင် အချစ်ဆိုတာ ကုန်တဲ့ အရာမဟုတ်တော့ သူ သဲသဲကို ချစ်မိသွားတာ အပြစ်လို့ မမြင်မိပါဘူးဗျာ။

ဇွတ်မှိတ်ပြီး မမိုက်တဲ့ မိုးငယ်ကိုပဲ ကျေးဇူးတင်နေမိပါတယ်။
မိုးငယ်ရေ လွယ်လွယ်ရလို့ လွယ်လွယ်မေ့သွားတာ။
နောက်တစ်ယောက်ဆိုရင် ဘာမှမလုပ်ပေးမိစေနဲ့ဗျာ။
များသောအားဖြင့် ယောက်ျားတွေက လွယ်လွယ်ရရင်
တန်းဖိုးမထားတက်ကျလွန်းလို့ပါ။( ကျနော် အပါအဝင်ပေါ့ဗျာ )

တော်ပြီ ဆက်ရေးရင် ကျနော် စုံထောက်ကြီးက ရာထူးကနေ ဖြုတ်ပစ်လိုက်မှာလဲ ကြောက်ရသေးတယ်။

အကိုရေ တကယ်ဖတ်လိုကကောင်းတယ်။ ကျနော်လည်း အားကျတယ်။ အဲလို ဇာတ်လမ်းကောင်းကောင်းလေးတွေ
ရေးတက်ချင်လိုက်တာဗျာ။

ခင်တဲ့ ညီငယ်ရီနို

စိမ်း... said...

ဖြစ်ရပ်မှန်ထင်ရဲ့... မောင်က မိုးငယ်အတွက်မတန်ဘူးလို့ပဲ ယူဆပါတယ်...
အထင်လည်းသေးပါတယ်... အဲ့လိုယောက်ျားမျိုး... ဖတ်ရင်း နည်းနည်း စိတ်တိုသွားတယ်... :P
အရေးအသားပြေပြစ်တော့ ဖတ်လို့ကောင်းတယ်... ဈာန်ဝင်တာများသွားလို့... :P

မီယာ said...

ဖတ်ရင်းနဲ့ ဖြစ်ရပ်မှန် မဟုတ်ပါစေနဲ့လို... ရွာသားလေးရေ အားပေးနေပါတယ် ဆက်ရေးပါ

ကြည်ဖြူပိုင် said...
This comment has been removed by the author.
မေလေး said...

ဟူးးးးးးး ဒီဇာတ်မျိုး မကြားချင်တာ အမှန်ပါ။
သိနေတဲ့ဖြစ်ရပ်မှန်တခုလိုဘဲ
မိန်းကလေးတွေ(ကိုယ်ကိုကိုယ် တန်ဖိုးထားတတ်တဲ့ မိန်းမကောင်း မိန်းမမြတ်လေးတွေကို ဆိုလိုတာပါ။ သူများရည်းစားကို လုတတ်တဲ့မိန်းမယုတ်များမပါပါ) အချစ်အတွက် သစ္စာမရှိတဲ့ ယောင်္ကျား၊ အိုင်တွေ့တိုင်းခြေဆေးချင်တဲ့ယောင်္ကျားတွေအတွက် အသဲမကွဲစေချင် မခံစားစေချင်ဘူး။
ခြံခုန်စရှိတဲ့ယောင်္ကျားက နောက်ထပ်လုပ်ရမှာ ဝန်လေးမှာမဟုတ်ဘူး။
ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ လူကျင့်ဝတ်နားလည်မယ်၊ လူလူချင်း ကိုယ်ချင်းစာစိတ်ရှိမယ်ဆို လောကကြီး သာယာမှာအမှန်ဘဲနော်။

မှတ်ချက်... ဆိုင်ဆိုင်မဆိုင်ဆိုင် ပေါက်ကွဲချင်တာတွေ ရေးသွားပါတယ်။

မေလေး said...

(ရေးသာရေးရတာ ပြီးကျ ကိုရွာသား စိတ်ဆိုးပြီး ရန်လိုက်တွေ့မှာ မြင်ယောင်သေးး)

ကြည်ဖြူပိုင် said...

နောက်တစ်ခေါက်လာဖတ်တာ။
မိုးငယ်ကိုသနားတယ်။
အနစ်နာခံအလျှော့ပေးပြီးပေးဆပ်လိုက်ရတာ။
နောက်ဆုံးသူမပြန်ရတာကတော့.....
ဟုတ်ပါတယ်လေ။ယောကျာင်္းတစ်ချို့ဟာ
ချစ်လွန်းလို့ အလျှော့ပေး,ပေးဆပ်ပြန်တော့ တန်ဖိုးမထားတတ်ကြဘူး။
ခက်တာလေးကမှတန်ဖိုးရှိတယ်
ထင်တတ်ကြတာကလား။
သဲသဲရယ် ၀ဲဂရက်တွေကိုမှဖန်တီးရက်တယ်။
မှတ်ချက်။ ။ဒါလေးကမှကွန့်မန့်အစစ်။ခုနက အင်ထရို :)

သက်ဝေ said...

ဟေ့.. ကိုရွာသား...
လာခြောက်... အဲလေ... လာလည်တယ်...း))

ရွှေပြည်သူ (ShwePyiThu) said...

အရေးအသား သိပ်ကောင်းတာပါပဲ။ အကြောင်းအရာကတော့ ဖတ်ရတာ ခါးလိုက်တာ ကိုရွာသားရယ်...။ “မောင်လက်ထပ်ချင်တဲ့သူက သဲသဲ။ မောင်လက်ထပ်သင့်တဲ့သူက မိုးငယ်” အရုပ်ဆိုးအကျည်းတန်စွာ ခမ်းနားတဲ့အဖြေပါပဲ။ လောဘတွေရော အတ္တတွေရော မပြတ်သားမှုတွေရော သာယာတတ်မှုတွေရော မဆံ့လောက်အောင် ပြွန်းတီးနေတဲ့ အဖြေ။ မိုးငယ်ရေ... အဲဒီတိမ်မှာ စူးတွေနဲ့။ ဖက်မထားပါနဲ့တော့။ နောက်ဆုတ်လို့မရတဲ့ အချိန်ကျမှ နာကျင်ရတာထက် စောစောနာကျင်ရတာ မိုးငယ် ကံကောင်းပါတယ်လေ...။ ခုချိန်မှာ အောင်နိုင်သူကြီး ဖြစ်နေတဲ့ သဲသဲလည်း ဘယ်လောက်ကြာကြာ ပျော်နိုင်မှာတဲ့လဲ။ လက်တွေကို မိုးငယ်သွားဖယ်ပစ်တဲ့အချိန် အဲဒီနာကျင်မှုကြီးက ဖတ်တဲ့သူဆီပါ ရောက်လာခဲ့ပါတယ်။ ဖတ်ပြီးတော့ မကျေနပ်တဲ့ ခံစားချက်ကြီးနဲ့ ရင်ဘတ်ထဲမှာ လေးကျန်ခဲ့တယ်။ (ပြီးတော့ ဆရာမဂျူးရဲ့ အမှတ်တရကို ပြန်ဖတ်ချင်တဲ့စိတ် ပေါက်လာတယ်...)

Vista said...

စာရေးတယ်ကောင်း
စာရေးဆရာလုပ်စားတော့ဘကြီးရေ ..ဟိဟိ

မျှော်လင့်ခြင်း said...

ဒီလိုဇတ်လမ်းတွေ စလုံးမှာ တွေ့ ရတာမဆန်းပါဘူး
အကိုရေ စိတ်ပျက်စရာပါ။
ဒီထက်ဆိုးတာတွေတောင်ရှိသေး
မိန်းကလေး ဖက်ကရေးပေးလို့ တော်သေးတာပေါ့
အကောင်းဆုံးက အရှုပ်ထဲမှာရှင်းအောင်နေနိုင်မှပါ။

ဂျူနို said...

ချစ်သူတွေလို လည်းဖြစ်ပြန်
တအိမ်တည်း အတူနေပြန်
မိန်းကလေးက လည်း အများရှေ့ မှာ သူဟာ သက်ဆိုင်သူပါလို့ ပြချင်ပြန်
ဇနီးမယားလို လည်း ပြုကျင့်နေပြန်
ယောက်ျားလေးက ဒီဖက်က လုပ်ကိုင်ပေးနေတာကို
ဇိမ်ကျလို့ ပဲ ဖြစ်ဖြစ်
ငြင်းမကောင်းလို့ ဖြစ်ဖြစ်
လောလောဆယ် နေရချောင်တော့
ခပ်တည်တည်နဲ့ ပွဲတော်တည်တာပေါ့

ဒေါ်လေး

Rita said...

အစ်မ ဂျူနို
ပြောင်မြောက်လိုက်တဲ့ မှတ်ချက်။
တခါတခါကျ မိန်းမတွေ ကိုယ်တိုင်ကလည်း ပုံ သိပ်မကျတာ အမှန်ပဲ။

ကြည်ဖြူပိုင် said...

မဂျူနိုပြောတာမှတယ်ထိ
ဟုတ်တယ်
မိန်းကလေးတစ်ယောက်အဲလိုတော့မနေသင့်
လာပြန်ပြီတတိယအခေါက်
ရုပ်လုံးဖော်ချင်တာမဂျူနိုပြောတာမှထိရော

khin oo may said...

shock ရသွားတယ။်

tg.nwai said...

ဇာတ်လမ်းလေးထက် အရေးအသားလေးကို ပိုသဘောကျသွားရပါတယ်....မိန်းကလေးတယောက်ရဲ့ ဘက်ကတွေးပြီးရေးထားတာလေးကို။ လက်မထပ်သေးခင်တော့ မောင် ပြတ်ပြတ်သားသား တခုရွေးချယ်ဆုံးဖြတ်သင့်တာပေါ့လေ.။ မိုးငယ်ကတော့ မေတ္တာအားကြီးနေပြီး သဲသဲကတော့ ချစ်စရာသိပ်ကောင်းနေခဲ့တာပဲလား။ ဖြစ်နိုင်ရင်တော့ နှစ်ယောက်စလုံးကို ရွေးချယ်ချင်ပုံပဲ..မိုးငယ်ကိုလည်း မစွန့်နိုင်..သဲသဲကိုလည်း မထားရက်နိုင်..။ ရည်းစားလူလု အူနုကျွဲခတ်ခံရသလို ချစ်သူရဲ့ စိတ်တွေ တခြားတယောက်စီရောက်နေလို့ ကြေကွဲထိခိုက်နေရှာတဲ့ မိုးငယ်ရယ်၊ မင်းရည်းစားထက်ကို ငါပိုချစ်တာ သီချင်းဆိုရင်း ထားခဲ့မှာကို ကြောက်နေတဲ့သဲသဲရယ်၊ တို့နှစ်ယောက် ခုထက်ပိုစောတွေ့ကြရင် ပျော်ကြရမှာ..လို့ တွေးနေမယ့် မောင်ရယ်..။ အနည်းဆုံး တစ်ယောက်ကတော့ ကြေကွဲရတော့မှာပါပဲ။

ကာရံဆူး said...

ကိုရွာသားရေ..အရေးအသား ကောင်းလို့ ငေးသွားရပါတယ်... မိုးတိမ်တွေကြား စီးမျောသွားမိတယ်... လွယ်လွန်းရင် တန်ဖိုးလျော့တတ်တာ သဘာဝပါ...ချစ်သူချင်းနားလည်ပြီး အပြန်အလှန် တန်ဖိုး ထားတတ်ပါစေလို့ ...

ကာရံဆူး said...

ကိုရွာသားရေ..သီတင်းကျွတ် အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ..

ဂျစ်တူး ( မုံရွာ ) said...

မင်းလုပ်တာနဲ့ငါတောင်ထိုင်ငိုရမည့်ကိမ်းရောက်သွားတယ်-
မြို့မရှေ့ကဆံပြုတ်(ဦးသန်းဆိုင်)ကိုလွမ်းသွားတယ်-
ငရုပ်ကောင်းမွှေးမွှေးကလေးနဲ့ကြက်သားဖတ်မျှင်မျှင်
ကလေးတွေနဲ့-စားပြီးတာနဲ့ဈေးတန်းလျှောက်မယ်ကွာ-
နောက်ပြီးဘုရားဖူးလာတဲ့သူတွေကိုထိုင်ကြည့်ကြတာပေါ့-
ကျောင်းလစ်ပြီးလာတဲ့သူတွေရောတွေ့နိုင်သေးတယ်ကွ-
ဟား----လွမ်းလိုက်တာကွာ

:P said...

ချစ်သူဝေးဝေး~~ မိုးတိမ်လို ~~~~ထွက်ပြေးသွားပြီလား
ကိုယ့်ရဲ့အသည်းထဲ~~ ဝင်လာပါ ~~~~ချစ်သူမိုးတိမ်များ
ချစ်သူလေးရဲ့ ~~မိုးတိမ်လို အရောင်ပြောင်းသွားပြီလား..

မိုးတိမ်တွေ ဓာတ်ပုံကို ကြည့်ပြီး အဲဒီသီချင်း ဆိုချင်စိတ်ပေါက်သွားလို့... လာဆိုပလိုက်တယ်။

purplemay said...

အစ်ကိုရွာသား..ငိုသွားတယ်...။
ဘာမှမပြောနိုင်လောက်အောင်ကို ငိုင်သွားတယ်..။
အစ်ကိုနဲ့ လူချင်းတွေ့မှ မေးဦးမယ်...။

mae said...

လာဖတ်ပါတယ်၊ အရှေ့က ပြောတာတွေ စုံပြီမို့ မပြောတော့ပါဘူး၊

အရေးအသားကောင်းပါတယ်း)

k2tmaung said...

စာအရေးအသားကောင်းတယ်နော်... တကယ် ခံစားရတယ်... ကျမလည်း အဲဒီလို အိပ်မက်မျိုး မက်ဖြစ်မှာ အရမ်းကြောက်မိတယ်...:P

လေးစားလျှက်...

WWKM said...

ဒီပို့စ်လေးဖတ်ပြီးနေပြီ.. ကွန်မန့်မပေးတတ်လို့ ပြန်သွားတာ.. ကွန်မန့်ရေးရင် အကုသိုလ်တွေပါကုန်
မှာစိုးလို့လေ.. အစ်မက သဲသဲလို မိန်းကလေးတွေကို
အရမ်းမုန်းတတ်တယ်.. ( ဆက်မပြောချင်တော့ပါဘူး)း)

သူလည်း သူများလက်ထဲကနေ ပိုင်ရှင်ရှိနေမှန်းသိရက်နဲ့
လုယူခဲ့သူမို့ သူလည်းနောက်တော့ ၀ဋ်ပြန်လည်ဦးမှာပါ။
အဲဒီတော့မှသစ္စာမရှိတဲ့မောင်ကလည်း
“မင်းတုန်းကလည်း ငါ့မှာချစ်သူရှိမှန်းသိနေရက်နဲ့ ရအောင်ယူခဲ့တာပဲလေ”လို့ အကြောင်းပြချက်တွေနဲ့
ခွဲသွားခဲ့ရင်.............

တော်ပါပြီ. ချစ်သောသူတိုင်း အနှောက်အယှက်ကင်း
ဝေးစွာနဲ့ ပေါင်းဆုံနိုင်ကြပါစေ။
စာရေးအရမ်းကောင်းတယ် မောင်ရွာသားရေ.
ရေးပါဦး ဒီလို ဇာတ်လမ်းလေးတွေ.

မကြီးဝါ

ဝေလေး said...

သဲသဲကြောင့်လို့ချည်းတော့ တစ်ဖက်သတ် အပြစ်မဆိုချင်ပါဘူး လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တတ်တာမျိုးမဟုတ်လား။ မုန်းလိုက်တာ အဲလူကြီးကို...