မနက်ကို အစောကြီးထကြရတယ်။ ပစ္စည်းထုတ်တွေကို အခန်းရှေ့ထုတ်ထားပေးဖို့ မမိုးကမှာတယ်။ ကျနော်တို့ မနက်စာစားနေတုန်းမှာ ကားပေါ်ကို အထုတ်တွေတင်ထားမယ်။ ဒီနေ့သွားရမယ့် ခရီးကရှည်တာမို့ စောနိုင်သမျှ စောစောထွက်ကြရင် ဟိုဖက်မှာ လည်ပတ်ချိန်ပိုရမယ်လို့မှာပါတယ်။
ဂါယာရဲ့ မနက်ခင်းဟာမြူတွေနဲ့ ဆိုင်းနေတယ်။ ကားက အမြန်မောင်းတာမို့ စိမ့်နေအောင်လည်း အေးတယ်။ ကားသမားက အအေးဓါတ်ကြောင့် မှန်တွေ ဝါးမသွားအောင် ပြတင်းပေါက်ဖွင့်ပြီး မောင်းလာတာမို့ ဖြတ်လာတဲ့လေအေးဟာ အထူးသဖြင့် ခြေထောက်တွေအထိ လေတိုးပြီး အရမ်းအေးတယ်။ လမ်းမှာ ဆီဖြည့်တဲ့နေရာရောက်မှပဲ အပေါ့အပါးသွားဖို့ ရပ်ပေးတယ်။ ကျေးလက်ကို စမြင်ရပြီ။ လမ်းတွေက ကျဉ်းပေမယ့် အတော်လေး ဖြောင့်ဖြူးပါတယ်။
လမ်းက ရပ်နားစခန်းမှာ ခဏနားရင်း ဗယာကြော် ကောင်းတယ်ဆိုပြီး မမိုးကဝယ်ကျွေးပါတယ်။ ကျနော်တို့ ဦးတည်တဲ့အရပ်က တိုင်းမသိတော့ ဗာရာဏသီဆိုပြီး ကောင်းကောင်းကြီး ရင်းနှီးခဲ့တဲ့ အရပ်ပါ။
ခရီးစဉ်မှာတော့ ဘုန်းကြီးကျောင်းမှာ နေ့လည်စာစားမယ်လို့ ရေးထားပေမယ့် တကယ်တမ်း နေ့လည်စာကို ဗာရာဏသီက ဟိုတယ်ရောက်မှ နောက်ကျစားဖြစ်တော့တယ်။ ဟိုတယ်က အသစ်ဖြစ်ပြီး ကြယ်လေးပွင့် အဆင့်သတ်မှတ်ထားတယ်။ အခန်းအနေအထားနဲ့ အစားအသောက်တော့ မဆိုးလှပေမယ့် ဝန်ဆောင်မှုပိုင်းမှာ ကြယ်လေးပွင့်ကို မရောက်ရှိသေးဘူး။ ဂျပန်ကကြယ်လေးပွင့်ဟိုတယ်တွေနဲ့ နှိုင်းယှဉ်ရင် အတော်လေးပြတ်ကျန်ခဲ့တယ်။
နေ့လည်စာစားပြီးတာနဲ့ မိဂဒါဝုန်တောရှိရာ အရပ်ကို သွားကြတယ်။ နိဂြောဓ သမင်မင်းနဲ့ အပေါင်းအပါတွေလည်း လူတွေ ကြောက်လို့ ပြေးနေလောက်ပြီ။ များပြားလိုက်တဲ့လူတွေဆိုတာ။ ဘုရားဖြစ်တော်မူပြီး တရားဦးဟောရာ မိဂဒါဝုန်တောဟာ မြို့ပြကြီးထဲမှာ ကျကျန်နေခဲ့သေးလို့ တော်တော့တယ်။ အုတ်ရိုးအဟောင်းများသာကျန်ရှိတဲ့နေရာမှာ မိဂဒါဝုန်က ဆရာတော်နဲ့ ဓမ္မစင်္ကြာ ရွတ်ဆိုပူဇော်ကြတယ်။ ဓမ္မရာဇိက စေတေီတော်နဲ့ ပန်းတော့လက်ရာများ တချို့တဝှက်ကျန်ရှိနေသေးတဲ့ ဓမ္မေခစေတီတော်ကို ဖူးမျှော်ကြတယ်။ မိဂဒါဝုန်က သာသနာ့အဆောက်အဦးတော်တော်များများဟာ ဖျက်ဆီးခံခဲ့ရ ခိုးခံခဲ့ရတယ်လို့ သိရှိရပါတယ်။ အသောက ကျောက်စာတိုင်၊ ဓမ္မရာဇိကစေတီနဲ့ ပဉ္စယတနေစေတီ တွေဟာ အကြွင်းအကျန်ဖြစ်သာကျန်ရစ်တယ်။ အုတ်တချို့ကိုလည်း ယူဆောင်ပြီး မြို့တည်ထောင်ရာမှာ အသုံးပြုခဲ့တယ်လို့ မှတ်သားရပါတယ်။ ကျနော့စိတ်ထဲမှာတော့ ပြတိုက်ကို ယူဆောင်သွားတဲ့ ဓမ္မစင်္ကြာဟောဟန် ဘုရားရုပ်ထုရဲ့ ဓါတ်ပုံက သပ္ပါယ်စွာ ကပ်ငြိလို့နေပါတယ်။
ဓါတ်ပုံရိုက်နှစ်သက်တဲ့ ကျနော့ကို မမိုးက ဂင်္ဂါမြစ်နတ်သမီးပူဇော်ပွဲသွားဖို့ အကြံပေးတယ်။ လူကြီးတွေကတော့ ဦးလှမြင့်မှာ စျေးဝယ်ဖို့ပဲ။ ဒါပေမယ့် ပါလာတဲ့လူကြီးတွေကလည်း စိတ်ဝင်စားတယ် သူတို့လည်း လိုက်မယ်ဖြစ်ကုန်တယ်။ လူကြီးတွေပါရင်မြစ်ထဲကနေ လှေနဲ့ ကြည့်မှ ရမယ် မဟုတ်ရင်တိုးဝှေ့ရခက်တယ်ဆိုပြီးမမိုးက စီစဉ်ပေးတယ်။ ဦးလှမြင့်လည်း မလွှတ်ချင်ကြတဲ့အဖွဲ့ဆိုတော့ဦးလှမြင့်ဆိုင်ကိုလည်း မပိတ်ဖို့ စောင့်နေပေးဖို့ လှမ်းမှာပေးရသေးတယ်။
ဂင်္ဂါမြစ်မှာ သေဆုံးသူတွေရဲ့ ပြာကိုမျှောရင် သံသရာပြတ်တယ်လို့ ယူဆကြတာမို့ အနီးအနားကနေ အလောင်းကို သယ်ဆောင်လာ မြစ်ကမ်းပါးမှာ မီးရှို့ ပြာကို မြစ်ထဲမျောကြတာ ယနေ့ထက်ထိပါပဲ။ လူကြီးတွေပါတာမို့ ဒီမြင်ကွင်းကို ကျနော်လေ့လာခွင့်မရခဲ့ပါဘူး။ ဂင်္ဂါမြစ်ထဲမှာ လှေစစီးတော့ အတော်လေး အေးစပြုလာပြီ။ မြစ်ကမ်းပါးမှာ အရင်တုန်းကတော့ သူဌေးသူကြွယ်တွေ အရာရှိတွေရဲ့ အိမ်ရာတွေဖြစ်ပြီး အခုတော့ ဟိုတယ်တော်တော်များများ ခမ်းခမ်းနားနားရှိနေတာကို တွေ့ခဲ့ရတယ်။
ပူဇော်ပွဲရှေ့ရောက်တော့ ဧည့်ပရိသတ်တွေအများကြီးရှိပြီး ပွဲမစသေးပါဘူး။ ဂင်္ဂါ မြစ်ထဲကို ဆီမီးမျောကြတယ်။ ပါလာတဲ့ ခရီးသွားတွေက အေးတာတကြောင်း လူတွေများတာတကြောင်းနဲ့ အခုတော့ ပြန်ချင်ပြီလို့ လုပ်လာခဲ့တော့တယ်။ အတော်လေးကို စိတ်ရှည်တဲ့ မမိုးပါ။ ကျနော်နဲ့ သူ့လက်ထောက်ကို ကမ်းနားမှာ ချထားခဲ့ပြီ ကျန်တဲ့ လူကြီးတွေနဲ့ ကိုလှမြင့်ဆီကို လိုက်ပို့ပေးတယ်။
ပူဇော်ပွဲစင်နားမှာ ဓါတ်ပုံစောင့်ရိုက်ဖြစ်ပါတယ်။ သူတော်စင်လေးယောက်က သူတို့ပူဇော်ကန်တော့ပွဲကို ခေါင်းလောင်း၊ ခရာ၊ ဆီမီး၊ ပန်းတွေနဲ့ စည်းချက်ညီညီ ပူဇော်ကြတယ်။ ပရိသတ်ဟာ ကြိတ်ကြိတ်တိုးနေတယ်။ လေးဆယ့်ငါးမိနစ်လောက်ကြာမယ်ထင်တယ်။
ပွဲပြီးတာနဲ့ မပြန်ကြသေးပဲ သူတို့ရိုးရာ လမ်းဘေးအစားအစာတခုကို စားကြသေးတယ်။ စာရွက်ကန်တော့ထဲ ပဲတွေ ငြုတ်သီးတွေ အရွက်တွေနဲ့ ပူပူနွေးနွေး စပ်စပ်လေးဆိုတော့ အေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်ပါတယ်။
လမ်းတွေဆိုတာ လူတွေအရမ်းတိုးလို့ မုံရွာက ဘုရားကြီးပွဲကိုတောင် အောက်မေ့မိတယ်။ မမိုးလက်ထောက်က ကျနော်တို့အတွက် လိုအပ်တဲ့ အရာတွေဝယ်ဖို့ လမ်းတွေကိုဟိုဝင်ဒီထွက်သွားနေတယ်။ ဓါတ်ပုံသမားကလည်း ရိုက်တာပေါ့။
ကျနော်တို့ ဦးလှမြင့်ကို ရောက်သွားတာတောင် သူတို့ စျေးဝယ်လို့ မပြီးကြသေးဘူး။ အထုတ်ကြီးအထုတ်ငယ်နဲ့ ဝယ်နေကြတာ မသိရင် ရန်ကုန်မှာ လက်ကားပြန်ဖြန့်ကြမလားတောင် အောက်မေ့မိတယ်။ စျေးကလည်း ဆစ်ကြရတယ်။ မဆစ်ပဲဝယ်ရင် ဆိုစျေးက အတော်ကွာတယ်။မြန်မာခရီးသည် ဘယ်လောက်များသလဲဆိုရင် စျေးရောင်းသူတွေဟာ မြန်မာလို့ မွှတ်နေအောင်ကို ပြောတတ်ကြပါတယ်။
ဟိုတယ်ပြန်ရောက်မှ ညစာစားကြတယ်။ မဆာဖူးဆိုပေမယ့် အေးတော့ စားလို့ဝင်သွားတာပါပဲ။ အခန်းထဲကို အပူပေးစက်တွေ လာပေးပေမယ့် ဂျာတကာအင်းလောက် မနွေးဘူးလို့ ထင်တယ်။ မနက်ကိုဂင်္ဂါမြစ်ထဲ လှေစီးသွားလေ့လာလို့ ရပေမယ့် အရမ်းအေးတာမို့ မသွားဖြစ်ခဲ့တော့ဘူး။ မြင့်မြတ်တဲ့ ဂင်္ဂါရေနဲ့ ကိုယ်လက်သန့်စင်တဲ့ လူတွေကိုလည်း မတွေ့ခဲ့ရတော့ဘူးပေါ့။ ဟိုတယ်မှာ မနက်စာစားပြီး ချောက်ခန္ဒီစေတီကိုသွားကြတယ်။
စေတီဝင်းထဲမှာ သစ်ပင်တွေ ဂရုတစိုက် စိုက်ပျိုးထားတာ တွေ့ရပါတယ်။ စေတီရဲ့ အပေါ်မှာ သီးသန့် ထိုးထွက်နေတဲ့ မျှော်စင်ပုံ အဆောက်အဦးကတော့ အက္ကဘာဘုရင်ရဲ့ အထိိမ်းအမှတ်အဖြစ် ဆောက်လုပ်ထားခဲ့တာလို့ သိရတယ်။ ဘာသာရေး ရောယှက်မှုတွေ ပြောင်းလဲကူးပြောင်းမှုတွေနဲ့ ဗာရာဏသီဟာ ကျနော်တို့ သိခဲ့ဖူးတဲ့ ဗာရာဏသီ မဟုတ်တော့တာတော့ သိပ်ကို သေချာပါတယ်....
No comments:
Post a Comment